← Chapters

အခန်း (၉၁၅-၉၁၆)

Vol. 56 Ch. 915-916

အခန်း (၉၁၅-၉၁၆)

Vol. 56 Ch. 915-916

စိုက်ပျိုးရေးနေရာလွတ်က ငါ့ကိုချမ်းသာလာစေတယ်

အခန်း ၉၁၅ ။ ခွေးစာတွေစားနေရပြန်ပြီ

ကုန်းထျန်းဟောက်၏ ကမ္ဘာ့အထက်တန်းလွှာများကို ဖိတ်ကြားမှုသည် နိုင်ငံတကာ သတင်းခေါင်းစဉ် ဖြစ်လာခဲ့သည်။

မစ္စတာကုန်းသည် ကမ္ဘာ့အဆင့် ဘဏ္ဍာရေးပညာရှင်၊ စီးပွားရေးလုပ်ငန်းရှင်နှင့် စီးပွားရေး အကျော်အမော်တစ်ဦးဖြစ်ပြီး သူ့ကုမ္ပဏီသည် ကမ္ဘာ့ထိပ်တန်း နိုင်ငံတကာ ကုမ္ပဏီကြီး ၅ ခု စာရင်းဝင် ဖြစ်သည်။

ထို့ကြောင့် သူ့ဖိတ်ကြားမှုသည် သဘာဝကျစွာပင် အာရုံစိုက်မှုခံရသည်။

သို့သော် နာမည်ကြီး သတင်းမီဒီယာအများစု နားမလည်နိုင်သည်မှာ မစ္စတာကုန်းသည် ယခင်က အမြဲတမ်း လျှို့ဝှက်စွာနေထိုင်လေ့ရှိပြီး ဧည့်ခံပွဲကျင်းပလျှင်ပင် ပြင်ပက မသိရှိအောင် လျှို့ဝှက်စွာ ကျင်းပလေ့ရှိသည်။

ယခုမူ ယခင်ကနှင့်မတူဘဲ ဘာကြောင့် ဒီလောက်အကြီးအကျယ်စီစဉ်ပြီး ဧည့်ခံပွဲအကြောင်း လူသိအောင် လုပ်ဆောင်ရတာလဲ။

သိချင်စိတ်များနှင့် နားမလည်မှုများဖြင့် လူတိုင်းသည် ထိုနေ့ရက်ရောက်ရှိလာမည်ကို စောင့်မျှော်နေကြသည်။

.....

ထိုအချိန်တွင် ရှောင်လင်းယွီ၊ ကုန်းထျန်းဟောက်နှင့် အခြားသူများသည် ထောင်ယွမ်ရွာ၌ရှိနေပြီး ဧည့်ခံပွဲကိစ္စရပ်များကို ဆွေးနွေးနေကြသည်။

ဘရူးစ် ကြားလိုက်ရသောအခါ ကုန်းထျန်းဟောက်နှင့် ရှောင်လင်းယွီကို လက်မထောင်ပြပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

"ကောင်းတယ်... ဒီနည်းလမ်းက တကယ်ကောင်းတယ်၊ တကယ်ကို လေးစားပါတယ်"

ကမ္ဘာ့အထက်တန်းလွှာ အသိုင်းအဝိုင်းမှ သူဌေးကြီးများကို တစ်နေရာတည်းတွင် စုစည်းပြီး ထောင်ယွမ်ရွာမှ ထူးခြားသော ဟင်းသီးဟင်းရွက်နှင့် သစ်သီးများဖြင့် ဧည့်ခံလိုက်ပါက ဤအစည်းအဝေး၏ အဓိကအကြောင်းအရာသည် စီးပွားရေးဆွေးနွေးခြင်းမှ အစားအသောက်ဆွေးနွေးခြင်းသို့ လျင်မြန်စွာပြောင်းလဲသွားပေလိမ့်မည်။

အဘယ်ကြောင့်ဆိုသော် ထောင်ယွမ်ရွာမှ ဟင်းသီးဟင်းရွက်နှင့် သစ်သီးများကို စားဖူးသူတိုင်း ဤအရသာကို ပါးစပ်ထဲဝင်သွားသည်နှင့် မေ့ပျောက်၍မရနိုင်ကြောင်း၊ လျစ်လျူရှုချင်လျှင်ပင် မရနိုင်ကြောင်း သိထားကြသောကြောင့်ပင်။

ထိုကမ္ဘာ့ထိပ်တန်း အထက်တန်းလွှာ သူဌေးကြီးများသည်လည်း စံစားတတ်သော ပုဂ္ဂိုလ်ကြီးများ ဖြစ်ကြသည်။ ထို့အပြင် ကုန်းထျန်းဟောက်သည် စီးပွားရေးနှင့် ဘဏ္ဍာရေးလောကတွင် နာမည်ကျော်ကြားသူဖြစ်သည်။

သူ၏ ဧည့်ခံပွဲအဆင့်အတန်းသည် သေချာပေါက် ထိပ်တန်းအဆင့်ဖြစ်မည်ဖြစ်ပြီး အစားအသောက်နှင့် ပတ်သက်လျှင်လည်း အကောင်းဆုံးများကိုသာ အသုံးပြုမည်ဖြစ်သည်။

ထိုအစားအသောက်များ၏ဇာစ်မြစ်ကို မေးမြန်းခြင်းသည် မည်သူ့အတွက်မျှ ရှက်စရာ မဟုတ်သကဲ့သို့ ဂုဏ်သိက္ခာကျဆင်းစရာလည်း မဟုတ်ပေ။

ထို့နောက် ထောင်ယွမ်ရွာ Green Freshအမှတ်တံဆိပ်သည် ထိုကမ္ဘာ့အထက်တန်းလွှာများ ကြားတွင် လျင်မြန်စွာပျံ့နှံ့သွားပေလိမ့်မည်။

ဘရူးစ် ခေါင်းကွဲမတတ် စဉ်းစားခဲ့ရသော၊ ထောင်ယွမ်ရွာ လတ်ဆတ်သော ဟင်းသီးဟင်းရွက်နှင့် သစ်သီးများကို ထိုသူဌေးကြီးများ၏ ထမင်းစားပွဲပေါ်သို့ ဘယ်လိုပို့ဆောင်ရမလဲ ဆိုသော ပြဿနာကို ကုန်းထျန်းဟောက်က လွယ်လွယ်ကူကူပင် ဖြေရှင်းပေးလိုက်နိုင်သည်ကို သူ မထင်မှတ်ထားခဲ့ပေ။

တကယ်ကို နောက်ခံတောင့်တင်းတဲ့သူပါပဲ။

ဘရူးစ် အံ့သြမသွားဘဲ မနေနိုင်သလို အားမကျဘဲ မနေနိုင်ပေ။ သို့သော် သူ့စိတ်ထဲတွင် ပိုပြီးစိတ်လှုပ်ရှားတက်ကြွနေမိသည်။

ထိုနေ့ရက် ရောက်လာမှာကို သူ အရမ်းမျှော်လင့်နေမိတယ်။

တစ်ချက်တည်းနှင့် နာမည်ကြီးသွားမည်၊ တစ်ရှိန်ထိုး အောင်မြင်သွားမည်၊ တစ်ကမ္ဘာလုံး ဟုန်းဟုန်းတောက် ကျော်ကြားသွားမည်။

ဒါပေမဲ့ ဝန်ခံရမယ့်အချက်က ကုန်းထျန်းဟောက်က တကယ်ကို မိန်းမချစ်၊ မိန်းမကြောက်တဲ့ ယောက်ျားတစ်ယောက်ပဲ။ မိန်းမအတွက်ဆိုရင် မျက်နှာကို ဘေးဖယ်ထားပြီး မိန်းမရဲ့စီးပွားရေးကို အစွမ်းကုန်ပံ့ပိုးပေးရဲတယ်။

ဂုဏ်သိက္ခာရှိတဲ့ အမျိုးသားတစ်ယောက်အနေနဲ့ မိန်းမရဲ့ကုန်ပစ္စည်းကို ရောင်းချပေးဖို့အတွက် အထက်တန်းလွှာ အားလုံးကို ဖိတ်စာပို့ပြီး ဖိတ်ကြားရတယ်ဆိုတာ သိသာထင်ရှားစွာပဲ မျက်နှာအောက်ချရတဲ့ကိစ္စပဲ။ ဒါပေမဲ့ ကုန်းထျန်းဟောက်က တွန့်ဆုတ်မနေဘဲ လုပ်လိုက်တယ်။

ဘရူးစ်၏ ချီးကျူးမှုကို ကုန်းထျန်းဟောက်က ရှောင်လင်းယွီ၏ပခုံးကို ဖက်ထားရင်း ပြုံးလျက် ပြောလိုက်သည်။

"ဒါက ကိစ္စသေးလေးပါပဲ။ ကိုယ့်ဇနီးရဲ့ စီးပွားရေးကို ခင်ပွန်းဖြစ်သူအနေနဲ့ အစွမ်းကုန် ပံ့ပိုးပေးရမှာပေါ့"

ဘရူးစ် "..." ဒီလို လာကြွားမနေပါနဲ့၊ ခွေးစာတွေ (အချစ်ပြတာတွေ) အများကြီး စားနေရပြီ။

ကိစ္စသေးလေးတဲ့... သူ့အတွက်တော့ အဲဒါက အရမ်းခက်ခဲတဲ့ကိစ္စကြီးလေ။

ဟူး... မပြောတော့ပါဘူး၊ တကယ်ကို လူချင်းယှဉ်ရင် ဒေါသထွက်စရာ ကောင်းလိုက်တာ။

ကျန့်ယောင်ကျူသည် ဇနီးမောင်နှံနှစ်ဦး အချစ်ပြနေကြသည်ကိုကြည့်ပြီး ခဏမျှ တိတ်ဆိတ်နေကာ ယုံကြည်မှုသိပ်မရှိဘဲပြောလိုက်သည်။

"ဒါပေမဲ့ အဲဒီနေ့ ရောက်လာမယ့်လူတွေက ကမ္ဘာ့ထိပ်တန်း အထက်တန်းလွှာတွေလေ။ သူတို့က တကယ်ပဲ မျက်နှာကိုဘေးဖယ်ထားပြီး ဒီအစားအသောက်တွေရဲ့ဇာစ်မြစ်ကို မေးကြပါ့မလား"

ကုန်းထျန်းဟောက် ပြန်မဖြေခင်မှာပင် ဘရူးစ်က သူ့ပခုံးကိုပုတ်ကာ ယုံကြည်မှုရှိရှိ ပြောလိုက်သည်။

"စိတ်မပူပါနဲ့ မစ္စတာကျန့်... အဲဒီလူတွေက မျက်နှာချဖို့ ဝန်လေးနေရင်တောင် သူတို့အိမ်မှာ တခြားလူတွေ မရှိတော့ဘူးလား။ ဒါက ကိုယ်တိုင်မေးစရာတောင် မလိုပါဘူး၊ အိမ်က အိမ်တော်ထိန်း ဒါမှမဟုတ် တခြားတာဝန်ရှိသူတစ်ယောက်ယောက်ကို မေးခိုင်းလိုက်ရင် ရတဲ့ကိစ္စပဲ"

ကျန့်ယောင်ကျူ "..." ငါ အတွေးများလွန်းသွားတာပဲ။

***

စိုက်ပျိုးရေးနေရာလွတ်က ငါ့ကိုချမ်းသာလာစေတယ်

အခန်း ၉၁၆ ။ ဘီးလ်ရဲတိုက်စံအိမ်

F နိုင်ငံရှိ ဘီးလ်ရဲတိုက်စံအိမ်သည် ၁၆ ရာစုခေတ် အထက်တန်းလွှာများနေထိုင်ခဲ့ပြီး တော်ဝင်ဆန်သော ပုဂ္ဂလိကရဲတိုက်တစ်ခုဖြစ်သည်။

စံအိမ်၏ ဗိသုကာလက်ရာနှင့် ပန်းခြံများသည် မျိုးဆက်အလိုက် ဂုဏ်ထူးဆောင်ဘွဲ့ရ မင်းညီမင်းသားများနှင့် ပါးနပ်လိမ္မာသော သူတို့ဇနီးသည်များ၏ စိတ်ကူးစိတ်သန်းများကို အပြည့်အဝ ဖော်ပြနေသည်။

ဘီးလ်ရဲတိုက်စံအိမ်သည် ဈေးတန်းကို မျက်နှာမူထားပြီး အိမ်ရှေ့တွင် ရဲတိုက်လမ်းဟု ခေါ်သော လမ်းတစ်လမ်းရှိသည်။ ထိုလမ်းသည် ရဲတိုက်နှင့် တိုက်ရိုက်ဆက်သွယ်ထားသည်။ ဧည့်ခန်းတွင် GT စတိုင် အမိုးခုံးများရှိပြီး နံရံများတွင် WD စတိုင် နံရံကပ်စက္ကူများ ကပ်ထားသည်။ ထို့အပြင် ယခင်မိသားစု၏ အမှတ်တံဆိပ်များစွာလည်း ရှိသေးသည်။

ဘီးလ်ရဲတိုက်စံအိမ်သည် အတိုင်းအတာအရ ကြီးမားသော်လည်း ရင်းနှီးမှုနှင့် ခမ်းနားထည်ဝါသော အငွေ့အသက်များကို ထုတ်လွှတ်နေသည်။ စံအိမ်တစ်ခုလုံးသည် ဟက်တာ ၁၅၀ ကျယ်ဝန်းပြီး ကန်များ၊ မြစ်များ၊ သစ်တောများနှင့် မြေကွက်လပ်များ ရှိသည်။ ဤမြေကွက်လပ်များတွင် ရှားပါးသစ်ပင်များနှင့် ချုံပင်မျိုးစိတ် ၂၀၀၀ ခန့်ကို စိုက်ပျိုးထားပြီး အများစုမှာ နှစ်ပေါင်း ၂၀၀ ကျော် သက်တမ်းရှိပြီဖြစ်သည်။

နောက်ပိုင်းတွင် ထိုမိသားစုကျဆုံးသွားသဖြင့် ဘီးလ်ရဲတိုက်စံအိမ်သည် တဖြည်းဖြည်း ပိုင်ရှင် ပြောင်းလဲသွားခဲ့သည်။

လွန်ခဲ့သော ငါးနှစ်ခန့်က ဤဘီးလ်ရဲတိုက်စံအိမ်ကို လျှို့ဝှက်ဆန်းကြယ်သူတစ်ဦးက ဝယ်ယူသွားခဲ့သည်။

ထိုလျှို့ဝှက်ဆန်းကြယ်သူ၏ အထောက်အထားကို မည်သူမျှမသိကြသဖြင့် လူအများက စုံစမ်းချင်နေကြသည်။

မူလကတည်းက ဘီးလ်ရဲတိုက်၏ အတိုင်းအတာနှင့် ဂုဏ်သရေတန်ဖိုးကြောင့် ကမ္ဘာ့ထိပ်တန်း အထက်တန်းလွှာ အများအပြားက လိုချင်နေခဲ့ကြသည်။ သို့သော် လျှို့ဝှက်ဆန်းကြယ်သူ တစ်ဦးက ဦးအောင် ဝယ်ယူသွားလိမ့်မည်ဟု ဘယ်သူထင်ထားပါ့မလဲ။

သူတို့ကို ပိုစိတ်ပျက်စေသည်မှာ ထိုလျှို့ဝှက်ဆန်းကြယ်သူ၏အထောက်အထားကို သူတို့ ဘယ်လောက်ပဲစုံစမ်းပါစေ မသိရှိနိုင်ခြင်းပင်။

ယခု မစ္စတာကုန်း၏ ဖိတ်ကြားစာရရှိပြီး F နိုင်ငံရှိ ဘီးလ်ရဲတိုက်စံအိမ်တွင် ဆုံတွေ့ရန် ဖိတ်ခေါ်ခံရမှသာ ဘီးလ်ရဲတိုက်စံအိမ်ကို ဝယ်ယူသွားသော လျှို့ဝှက်ဆန်းကြယ်သူ၏ အထောက်အထား အမှန် ပေါ်ပေါက်လာခြင်းဖြစ်သည်။ ထိုအခါမှသာ သူတို့ အံ့အားသင့်သွားကြသည်။

တကယ်ပါပဲ... လျှို့ဝှက်တတ်တဲ့သူက လျှို့ဝှက်တာပဲ။

ယခုတစ်ကြိမ် မစ္စတာကုန်း၏ဖိတ်ကြားမှုအပေါ် သူတို့ အံ့သြနေကြပြီး သိချင်စိတ်များဖြစ်ပေါ်နေကြသည်။

ပုံမှန်အားဖြင့် လျှို့ဝှက်တတ်သူတစ်ဦးသည် ဘာကြောင့် ရုတ်တရက်ကြီး လူသိရှင်ကြား ဖြစ်ချင်လာရတာလဲ။

ရဟတ်ယာဉ်သည် ရဲတိုက်စံအိမ် အပေါ်တွင်ပျံဝဲနေစဉ် အပေါ်စီးမှကြည့်လိုက်သောအခါ ရှုခင်းများမှာ အလွန်လှပနေသည်။

ကလေးနှစ်ယောက်သည် လေယာဉ်ပြတင်းပေါက်မှ အောက်သို့ငုံ့ကြည့်ကာ အာမေဋိတ်သံ ပြုလိုက်ကြသည်။

"ဒါ ပါပါးရဲ့ F နိုင်ငံက ရဲတိုက်စံအိမ်လား။ တကယ် လှတာပဲ"

ရှောင်လဲ့ထုန် မျက်လုံး ကလည်ကလည်လုပ်ပြီး ပြောလိုက်သည်။

"ဒီရဲတိုက်စံအိမ်က သားတို့ ထောင်ယွမ်ရွာလောက် သဘာဝကျကျ မလှပပေမဲ့ နောက်တစ်မျိုး လှနေတာပဲ"

ထောင်ယွမ်ရွာ၏အလှတရားမှာ အေးချမ်းခြင်းနှင့် သဘာဝကျခြင်းတွင် တည်ရှိပြီး လူကို စိတ်လက်ပေါ့ပါးစေသည်။

ဘီးလ်ရဲတိုက်စံအိမ်၏ အလှတရားမှာမူ တိတ်ဆိတ်ငြိမ်သက်ခြင်းနှင့် ခမ်းနားထည်ဝါခြင်းတွင် တည်ရှိပြီး လူကို လေးနက်မှုနှင့် မြင့်မြတ်မှုကို ခံစားရစေသည်။

ရှောင်လင်က ပြုံး၍ မေးလိုက်သည်။

"ပါပါး... ခဏနေ ရဲတိုက်စံအိမ်ရောက်ရင် သားတို့ လျှောက်ဆော့လို့ ရမလား"

ယခုအခါ ကစားခြင်းသည် သူ့အတွက် သဘာဝလိုဖြစ်နေပြီ။ ဘယ်နေရာရောက်ရောက် ကစားဖို့ပဲ တွေးနေတတ်တယ်။

အထူးသဖြင့် အစ်ကိုကြီး ရှောင်လဲ့ထုန်၏ အထောက်အထားကို မိဘများအား ဖွင့်ပြောပြပြီးနောက် သူ့တွင် စိတ်ပိုင်းဆိုင်ရာဝန်ထုပ်ဝန်ပိုးမရှိတော့သလို နေ့တိုင်း သတိထားနေစရာ၊ လေးနက်နေစရာ မလိုတော့ပေ။

ကုန်းထျန်းဟောက်သည် သူ့ခေါင်းလေးကို ပွတ်သပ်ပေးရင်း ပြုံးလျက် ပြောလိုက်သည်။

"ဒါ ပါပါးပိုင်တဲ့ နေရာပဲလေ။ မြို့တော်က ကုန်းအိမ်တော်ပြန်ရောက်သလိုပဲ၊ ကိုယ့်အိမ်လို သဘောထားပြီး ကြိုက်တဲ့နေရာ သွားဆော့လို့ရတယ်"

ရှောင်လင် ကြားလိုက်ရသောအခါ ဝမ်းသာလွန်း၍ မျက်လုံးများ လခြမ်းကွေးလေးလိုဖြစ်သွားသည်အထိ ပြုံးလိုက်သည်။ ထို့နောက် ရှောင်လဲ့ထုန်ကို ပျော်ရွှင်စွာ ပြောလိုက်သည်။

"အစ်ကိုကြီး... ခဏနေ ကျွန်တော်တို့ ဟိုနားသွားဆော့ကြမယ်နော်"

ရှောင်လင် ညွှန်ပြသောနေရာမှာ စံအိမ်ဝင်းအတွင်းရှိ ရေကန်ငယ်လေးဖြစ်သည်။ ထိုရေကန်ငယ်လေးဘေးတွင် တိရစ္ဆာန်လေးများစွာရှိသည်။

ရှောင်လဲ့ထုန် သက်ပြင်းချလိုက်ပြီး ပြောသည်။

"ကောင်းပါပြီ... ခဏနေ အစ်ကိုကြီး လိုက်ပို့ပေးမယ်"

သူ့စိတ်က ရင့်ကျက်နေပေမဲ့ ခန္ဓာကိုယ်က ၃၊ ၄ နှစ်ပဲ ရှိသေးတော့ အရမ်းရင့်ကျက်သလိုနေပြလို့ မရဘူးလေ။

ရှောင်လင်းယွီက ပြုံးလိုက်ပြီး၊ "ရှောင်ထုန်... ဒါဆို ရှောင်လင်ကို သေချာ ကြည့်ထားနော်"

ရှောင်လင်က အခုတလော အရမ်း ကစားလွန်းလို့ တစ်ခါတလေ အရာအားလုံး မေ့သွားတတ်တယ်။

ဝုန်း... ဝုန်း...

ရဟတ်ယာဉ်သည် ရဲတိုက်စံအိမ်အပေါ်တွင် ခဏကြာပျံဝဲပြီးနောက် ကျယ်ဝန်းသော မြက်ခင်းပြင် တစ်ခုတွင် ဆင်းသက်လိုက်သည်။

လေယာဉ်ပေါ်မှ ဆင်းလိုက်သည်နှင့် အနက်ရောင်ဝတ်စုံဝတ် သက်တော်စောင့်များနှင့် အိမ်ဖော်ဝတ်စုံဝတ် အိမ်ဖော်များ စုစုပေါင်း ၅၀၊ ၆၀ ခန့်သည် ဘေးနှစ်ဖက်တွင် သပ်ရပ်စွာ ရပ်နေကြသည်။ သူတို့ အလယ်တွင် အနက်ရောင်ဝတ်စုံရှည်ဝတ်ဆင်ထားသော အိမ်တော်ထိန်းတစ်ဦး ရပ်နေသည်။

"သခင်ကြီး၊ သခင်မကြီးနဲ့ သခင်လေးတို့ အိမ်ပြန်လာတာကို ကြိုဆိုပါတယ်"

သပ်ရပ်ပြီး ကျယ်လောင်သော အသံများသည် ရဲတိုက်စံအိမ် တစ်ခုလုံး ပဲ့တင်ထပ်သွားသည်။

"ဧည့်သည်တော်များကိုလည်း ကြိုဆိုပါတယ်"

ယခုတစ်ကြိမ် လိုက်ပါလာသူများမှာ ကုန်းထျန်းဟောက်တို့မိသားစု လေးယောက်အပြင် ဘရူးစ်နှင့် ကျန့်ယောင်ကျူတို့လည်း ပါဝင်သည်။

ကုန်းထျန်းဟောက် ပါတီပွဲကျင်းပရခြင်းရည်ရွယ်ချက်မှာ Green Freshအုပ်စု၏ နိုင်ငံခြား စီးပွားရေး လုပ်ငန်းများကို ချဲ့ထွင်ရန် ဖြစ်သဖြင့် ရှောင်လင်းယွီ၏လက်ရုံးများဖြစ်ကြသော သူတို့နှစ်ဦးသည် ဤကဲ့သို့ အခမ်းအနားမျိုးတွင် သေချာပေါက် ပါဝင်တက်ရောက်ရမည်။

"ဝါး... ဒီရဲတိုက်စံအိမ်ကြီးက တော်တော်ကြီးတာပဲ" ကျန့်ယောင်ကျူသည် တောသားမြို့တက်သကဲ့သို့ အာမေဋိတ်သံ ပြုလိုက်သည်။

F နိုင်ငံ ဇာတိဖွားဖြစ်သော ဘရူးစ်သည် ဘီးလ်ရဲတိုက်စံအိမ်နှင့် ပတ်သက်သော ဒဏ္ဍာရီများကို အမြဲ ကြားဖူးခဲ့သည်။ အထူးသဖြင့် လွန်ခဲ့သောနှစ်အနည်းငယ်က လျှို့ဝှက်ဆန်းကြယ်သူ တစ်ဦး ဝယ်ယူသွားပြီးနောက် ထိုသူအကြောင်းကို ဘရူးစ် သိချင်နေခဲ့သည်။

ယနေ့မှသာ ဘီးလ်ရဲတိုက်စံအိမ်ကို ဝယ်ယူသွားသူမှာ သူ့သူဌေး၏ခင်ပွန်းဖြစ်ကြောင်း သိလိုက်ရသည်။ ထို့အပြင် သူပါ လာရောက်လည်ပတ်ခွင့်ရရှိသဖြင့် ပျော်လွန်း၍ ရူးမတတ်ဖြစ်နေသည်။

ဘရူးစ်က တိုက်ရိုက် ပြောလိုက်သည်။

"ငါလည်း ဒီရဲတိုက်မှာ ကောင်းကောင်းလျှောက်ဆော့ဦးမယ်"

ကျန့်ယောင်ကျူက မျက်ဖြူလှန်ပြလိုက်ပြီး အထင်အမြင်သေးသော အမူအရာဖြင့် ပြောလိုက်သည်။

"ဟဟ... မင်းက ကိုယ့်ကိုယ်ကိုယ် ကလေးလို့ ထင်နေတာလား၊ ကောင်းကောင်း လျှောက်ဆော့မယ်တဲ့။ ငါတို့ ဒီကိုလာတာ အလုပ်လာလုပ်တာလေ၊ မမေ့နဲ့ဦး။ ကစားဖို့ပဲ စိတ်ရောက်နေပြီး အလုပ်မေ့သွားရင် ဥက္ကဌက ခွင့်လွှတ်ရင်တောင် ငါက ခွင့်မလွှတ်ဘူးနော်"

ဘရူးစ်က မကျေမနပ် ပြန်ပြောလိုက်သည်။

"မင်း ပြောစရာ မလိုပါဘူး၊ ငါ သိပါတယ်"

လူအားလုံး လေယာဉ်ပေါ်မှ ဆင်းလိုက်သည်နှင့် အိမ်တော်ထိန်းက ရှေ့တိုးလာပြီး ယဉ်ကျေးစွာ နှုတ်ဆက်လိုက်သည်။

"သခင်ကြီး... နေကောင်းပါရဲ့လား"

အိမ်တော်ထိန်းသည် F နိုင်ငံ အိမ်တော်ထိန်း သင်တန်းကျောင်းမှ မွေးထုတ်ပေးလိုက်သော အိမ်တော်ထိန်းချုပ်ဖြစ်ပြီး စစ်မှန်သော F နိုင်ငံသား တစ်ဦးဖြစ်သည်။ ယခု သူ၏အပြုအမူအပြောအဆိုအားလုံးသည် အိမ်တော်ထိန်းချုပ်တစ်ဦး၏ အရည်အချင်းများနှင့် ပြည့်စုံနေသည်။

ကုန်းထျန်းဟောက် ခေါင်းညိတ်လိုက်သည်။

"အင်း... အိမ်တော်ထိန်း၊ ပင်ပန်းရပြီ"

အိမ်တော်ထိန်းက လိုက်ဖက်ညီစွာ ပြုံးပြီး ပြောလိုက်သည်။

"ဒါတွေက ကျွန်တော် လုပ်သင့်တာတွေပါ"

ပြောပြီးနောက် သူသည် ရှောင်လင်းယွီနှင့် ကလေးနှစ်ယောက်ကို ကြည့်လိုက်ပြီးနောက် ပြုံးလိုက်ကာ၊

"ဒီလှပတဲ့ အမျိုးသမီးနဲ့ ချစ်စရာ ကလေးနှစ်ယောက်က သခင်မကြီးနဲ့ သခင်လေးနှစ်ယောက် ထင်တယ်"

ကုန်းထျန်းဟောက် ခေါင်းညိတ်လိုက်သည်။

"ဟုတ်တယ်... သူတို့က သခင်မကြီးနဲ့ သခင်လေးနှစ်ယောက်ပဲ"

အိမ်တော်ထိန်းသည် ယဉ်ကျေးပြီး လူကြီးလူကောင်းဆန်သော အမူအရာဖြင့် လက်တစ်ဖက်ကို ရင်ဘတ်ပေါ်တင်ကာ ခါးကိုင်းပြီး လေးစားစွာပြောလိုက်သည်။

"သခင်မကြီး၊ သခင်လေးနှစ်ယောက်... မင်္ဂလာပါ။ ကျွန်တော်က အိမ်တော်ထိန်း ရောဘတ်ပါ။ နောက်ပိုင်း ဘာကိစ္စပဲရှိရှိပြောနိုင်ပါတယ်"

ရှောင်လင်းယွီ ခေါင်းညိတ်လိုက်သည်။

"ကောင်းပါပြီ အိမ်တော်ထိန်း"

အိမ်တော်ထိန်းက နောက်လှည့်ပြီး သူ့နောက်မှ လူအုပ်ကို ညွှန်ပြကာ မိတ်ဆက်ပေးလိုက်သည်။

"ဘယ်ဘက်က တစ်တန်းလုံးက ဘီးလ်ရဲတိုက်စံအိမ်ရဲ့ လုံခြုံရေးဝန်ထမ်းတွေပါ။ ဒီနေရာမှာ ၃၂ ယောက်ရှိပြီး တာဝန်ထမ်းဆောင်နေတာ ၁၆ ယောက် ရှိပါတယ်။ စုစုပေါင်း ၄၈ ယောက်ပါ။ ညာဘက်က တစ်တန်းလုံးကတော့ ရဲတိုက်စံအိမ်ရဲ့အိမ်ဖော်တွေပါ။ ဥယျာဉ်မှူး၊ သန့်ရှင်းရေး၊ စားဖိုမှူး စတာတွေ အပါအဝင် စုစုပေါင်း ၃၆ ယောက် ရှိပါတယ်။ နောက်ပိုင်း သခင်မကြီးနဲ့ သခင်လေးတို့ ဘာလိုအပ်ချက်ပဲရှိရှိ သူတို့ကို ခိုင်းစေနိုင်ပါတယ်"

ရှောင်လင်းယွီ ခေါင်းညိတ်လိုက်သည်။

"အင်း... ကောင်းပါပြီ"

အိမ်တော်ထိန်းက ထိုလူများကို မိတ်ဆက်ပေးပြီးနောက် လူစုခွဲကာ ကိုယ့်အလုပ်ကိုယ်လုပ်ခိုင်းလိုက်သည်။

"သခင်ကြီး၊ သခင်မကြီး၊ သခင်လေးနှစ်ယောက်... ကျွန်တော့်နောက် လိုက်ခဲ့ပါ"

အိမ်တော်ထိန်းက သူတို့ကို ရဲတိုက်ထဲသို့ ဖိတ်ခေါ်လိုက်သည်။

ကျန့်ယောင်ကျူသည် ရဲတိုက်ရှေ့တွင် ရပ်ကာ ခမ်းနားထည်ဝါသော ရဲတိုက်ကြီးကို မော့ကြည့်ပြီး အာမေဋိတ်သံ မပြုဘဲ မနေနိုင်တော့ပေ။

"ဒီရဲတိုက်ကြီးက တော်တော်ကြီးတာပဲ"

အိမ်တော်ထိန်း ကြားလိုက်ရသောအခါ ပြုံး၍ မိတ်ဆက်ပေးလိုက်သည်။

"ဘီးလ်ရဲတိုက်စံအိမ်က F နိုင်ငံမှာ အတော်အတန် ကြီးမားတဲ့ ရဲတိုက်တစ်ခုပါ။ ၁၆ ရာစု..."

အိမ်တော်ထိန်းသည် ဘီးလ်ရဲတိုက်စံအိမ်အကြောင်း ဖြည်းဖြည်းချင်း ရှင်းပြလိုက်သည်။

ရှင်းပြချက်ကို နားထောင်ပြီးနောက် ကျန့်ယောင်ကျူသည် အံ့သြရုံမက တုန်လှုပ်သွားသည်။ သူ တုန်လှုပ်ရသည်မှာ ကုန်းထျန်းဟောက်သည် အလွန်ချမ်းသာပြီး အာဏာရှိလွန်းသောကြောင့်ဖြစ်သည်။

အိမ်တော်ထိန်း ပြောပုံအရဆိုလျှင် ဤဘီးလ်ရဲတိုက်စံအိမ်သည် ပိုက်ဆံရှိရုံနှင့် ဝယ်၍ရနိုင်သောအရာ မဟုတ်ပေ။

လွန်ခဲ့သော နှစ်အနည်းငယ်က ကမ္ဘာ့အထက်တန်းလွှာများနှင့် ထိပ်တန်းသူဌေးကြီးများစွာ လိုချင်တပ်မက်ခဲ့သော်လည်း နောက်ဆုံးတွင် ကုန်းထျန်းဟောက်၏လက်ထဲ ရောက်ရှိသွားခြင်းကို ကြည့်လျှင် သူ့စွမ်းရည်ကိုသိနိုင်သည်။

ဤဘီးလ်ရဲတိုက်စံအိမ် ပိုင်ရှင်ပြောင်းလဲသွားခြင်းနှင့် ပတ်သက်၍ F နိုင်ငံ ဇာတိဖွားဖြစ်ပြီး စီးပွားရေးလောကတွင် အထိုက်အလျောက် နေရာရထားသော ဘရူးစ် သေချာပေါက် ကြားဖူးထားသည်။

ယခင်က ဤရဲတိုက်စံအိမ်အကြောင်း ဒဏ္ဍာရီများသာကြားဖူးပြီး ဓာတ်ပုံတစ်ပုံတောင် ထွက်ပေါ်လာခြင်း မရှိသဖြင့် လူအများအပြား သိချင်စိတ်ဖြစ်ပေါ်ကာ ဝင်ရောက်ကြည့်ရှုချင်ခဲ့ကြသည်။

ဘီးလ်ရဲတိုက်စံအိမ်သည် အချိန်တိုင်း လုံခြုံရေး တင်းကျပ်သဖြင့် ဝင်ရောက်ရန် မဖြစ်နိုင်ပေ။

ယခု ရုတ်တရက်ရောက်ရှိလာရသဖြင့် ဘရူးစ်သည် အိပ်မက်မက်နေသကဲ့သို့ ခံစားနေရသည်။ နောက်ဆုံးတွင် သူသည် ဤလျှို့ဝှက်ဆန်းကြယ်သော ရဲတိုက်စံအိမ်ကို ကြည့်ရှုခွင့်ရရှိလိုက်ပြီ ဖြစ်သည်။

အိမ်တော်ထိန်းသည် သူတို့ကို ရဲတိုက်ထဲသို့ ဖိတ်ခေါ်ပြီးနောက် အိမ်ဖော်များကို ဧည့်ခံခိုင်းလိုက်သည်။ လာချပေးသော လက်ဖက်ရည်များမှာ ကမ္ဘာပေါ်တွင် အကောင်းဆုံးများ ဖြစ်ကြသည်။

သူတို့ကို နေရာချပေးပြီးနောက် အိမ်တော်ထိန်းသည် ကုန်းထျန်းဟောက်နောက် လိုက်ပါကာ သက်ဆိုင်ရာ ကိစ္စရပ်များကို အစီရင်ခံ တင်ပြလေသည်။

အစီရင်ခံစာကို နားထောင်ပြီးနောက် ကုန်းထျန်းဟောက် ခေါင်းညိတ်လိုက်သည်။

"အင်း... အိမ်တော်ထိန်း၊ အားလုံး လုပ်တာကောင်းပါတယ်"

အိမ်တော်ထိန်းက နှိမ့်ချစွာ ပြောလိုက်သည်။

"သခင်ကြီး... ဒါတွေက ကျွန်တော် လုပ်သင့်တာတွေပါ"

ထို့နောက် သူက မေးလိုက်သည်။

"သခင်ကြီး... သဘက်ခါကျရင် ပါတီပွဲ ကျင်းပတော့မယ်။ ကမ္ဘာ့ထိပ်တန်း အထက်တန်းလွှာတွေ လေယာဉ်နဲ့ ရောက်လာကြတော့မယ်။ ကျွန်တော်တို့ကလည်း ဧည့်သည်တော်တွေကို နွေးထွေးစွာကြိုဆိုဖို့ အဆင်သင့်ပြင်ထားပါတယ်။ ဒါပေမဲ့ ကျွန်တော် သခင်ကြီးကို မေးစရာရှိလို့ပါ။ ကျွန်တော်တို့ ဘာများထပ်ပြင်ဆင်စရာလိုသေးလဲ"

ကုန်းထျန်းဟောက်က "အိမ်တော်ထိန်း... မနက်ဖြန်ကျရင် ဟွာရှကနေ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနဲ့ တခြားစားသောက်ကုန်တွေ ရောက်လာလိမ့်မယ်။ ပါတီပွဲကျရင် အဲဒီပစ္စည်းတွေနဲ့ပဲ ဧည့်သည်တွေကို ဧည့်ခံရမယ်"

အိမ်တော်ထိန်း စိတ်ထဲတွင် သံသယဖြစ်သွားသော်လည်း ရိုသေစွာ ပြန်ဖြေလိုက်သည်။

"ဟုတ်ကဲ့ပါ သခင်ကြီး"

ပုံမှန်အားဖြင့် သူတို့ ဝယ်ယူသော စားသောက်ကုန်များသည် ဟွမ်လင်းအုပ်စုမှ ပို့ဆောင်ပေးခြင်း ဖြစ်သည်။ ဘာကြောင့် ယခုတစ်ကြိမ်တွင် သခင်ကြီးက ဟွာရှမှ တိုက်ရိုက်သယ်ယူခိုင်းရတာလဲ။

ကုန်းထျန်းဟောက် ရှင်းပြမထားသဖြင့် အိမ်တော်ထိန်း သဘာဝကျစွာပင် ပိုမမေးရဲပေ။

ကုန်းထျန်းဟောက်က ဆက်ပြောသည်။

"တကယ်လို့ တစ်ယောက်ယောက်က ဒီစားသောက်ကုန်တွေရဲ့ဇာစ်မြစ်ကို မေးလာရင် ဟွာရှ Green Freshအုပ်စုက လာတာပါလို့ပဲ ပြောလိုက်။ ကျန်တာ ဘာမှပိုမပြောနဲ့"

အိမ်တော်ထိန်း ကြားလိုက်ရသောအခါ ပို၍ သံသယဝင်သွားသော်လည်း မျက်နှာတွင်မူ ရိုသေစွာ ပြန်ဖြေလိုက်သည်။

"ဟုတ်ကဲ့ သခင်ကြီး"

ကုန်းထျန်းဟောက်သည် အိမ်တော်ထိန်း၏မျက်နှာမှ သံသယများကို မြင်တွေ့လိုက်ရသဖြင့် နှုတ်ခမ်းထောင့် စွန်းတက်သွားပြီး အနည်းငယ် ရှင်းပြလိုက်သည်။

"အိမ်တော်ထိန်း... Green Freshအုပ်စုက သခင်မကြီးရဲ့ ကုမ္ပဏီလေ၊ သဘောပေါက်ပြီလား"

အိမ်တော်ထိန်းသည် ဉာဏ်ကောင်းသူ ဖြစ်သဖြင့် ချက်ချင်း သဘောပေါက်သွားပြီး ခေါင်းညိတ်လိုက်သည်။

"သခင်ကြီး... ကျွန်တော် သဘောပေါက်ပါပြီ"

"ဒါဆို သွားတော့၊ ကိုယ့်အလုပ်ကိုယ် သွားလုပ်တော့။ ကိစ္စရှိရင် ငါ ခေါ်လိုက်မယ်" ကုန်းထျန်းဟောက် ပြောလိုက်သည်။

"ဟုတ်ကဲ့ သခင်ကြီး" အိမ်တော်ထိန်း ပြန်ဖြေလိုက်သည်။

***

All Chapters