အခန်း (၉၁၇-၉၁၈)
Vol. 56 Ch. 917-918
စိုက်ပျိုးရေးနေရာလွတ်က ငါ့ကိုချမ်းသာလာစေတယ်
အခန်း ၉၁၇ ။ အိမ်တော်ထိန်းချုပ်ကို မြှူဆွယ်ခြင်း
ဘီးလ်ရဲတိုက်စံအိမ်သို့ရောက်ရှိပြီးနောက် ကလေးနှစ်ယောက် အကြီးအကျယ် ဆော့ကစားကြရုံသာမက ဘရူးစ်နှင့် ကျန့်ယောင်ကျူတို့လည်း အနေအထိုင်မထိန်းသိမ်းနိုင်တော့ဘဲ ရဲတိုက်စံအိမ် အတွင်းအပြင် အနှံ့အပြားလျှောက်လည်ကစားကြတော့သည်။
ကံကောင်းသည်မှာ သူတို့သည် လာရင်းကိစ္စကို မမေ့လျော့ကြဘဲ ကစားရင်း နားချိန်များတွင် အထက်တန်းလွှာစာရင်းကို လေ့လာကာသုတေသနပြုလုပ်ကြသည်။
ဤလူများသည် ဒေသတွင်းတွင် သြဇာအာဏာရှိသူများဖြစ်ကြသဖြင့် သူတို့ကို ထိုးဖောက်နိုင်ပါက အခြားအထက်တန်းလွှာများနှင့် တော်ဝင်မိသားစုများသည်လည်း လိုက်ပါလာကြမည်မှာ သေချာသည်။
အဓိကအချက်မှာ သူတို့သည် မိမိတို့ကုန်ပစ္စည်းအပေါ် ယုံကြည်မှုရှိခြင်းဖြစ်သည်။
မည်သူမဆို ဤကဲ့သို့ အရသာရှိသော အစားအစာများကို ငြင်းဆန်နိုင်မည် မဟုတ်ဟု သူတို့ ယုံကြည်သည်။ ထို့ကြောင့် သူတို့သည် အမှာစာများ ရောက်ရှိလာမည်ကို စောင့်ဆိုင်းနေရုံသာဖြစ်သည်။
ပါတီပွဲပြင်ဆင်မှုအပိုင်းတွင် အိမ်တော်ထိန်း ရောဘတ်က အရာအားလုံး စီစဉ်ထားပြီးဖြစ်ရာ အဆင်ပြေ ချောမွေ့နေသည်။
သူတို့ ရဲတိုက်စံအိမ်သို့ ရောက်ရှိပြီး နောက်တစ်နေ့တွင် ဟွာရှ Green Freshအုပ်စုမှ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံများနှင့် အခြားစားသောက်ကုန်များ ရောက်ရှိလာသည်။
လတ်ဆတ် စိုပြည်နေသော၊ အရောင်အသွေးစုံလင်ပြီး ချစ်စရာကောင်းသော ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများကိုကြည့်ပြီး ဗဟုသုတများသော အိမ်တော်ထိန်းပင် အံ့အားသင့်သွားကာ တံတွေးမြိုချလုနီးပါး ဖြစ်သွားသည်။
ဘရူးစ်သည် ခရမ်းချဉ်သီးတစ်လုံးကို ကောက်ယူပြီး အိမ်တော်ထိန်းကိုပေးကာ ပြုံးလျက်ပြောလိုက်သည်။
"အိမ်တော်ထိန်းချုပ်... ရော့... မြည်းကြည့်ပါဦး။ ဒီအရသာကို ခင်ဗျား ဘယ်တော့မှ မေ့မှာ မဟုတ်ဘူး"
အိမ်တော်ထိန်းသည် နီရဲရွှမ်းစိုပြီး မွှေးပျံ့နေသော ခရမ်းချဉ်သီးကိုကြည့်ကာ လက်လှမ်းယူရန် ပြင်လိုက်သော်လည်း ချက်ချင်းပင် မိမိအထောက်အထားကို သတိရသွားသည်။ တည်ငြိမ်မှုကို ထိန်းသိမ်းရမည်၊ မြှူဆွယ်မှုကို သည်းခံရမည်ဟု တွေးကာ လက်ကို ခက်ခက်ခဲခဲ ပြန်ရုတ်သိမ်းလိုက်ပြီး ငြင်းဆန်လိုက်သည်။
"နေပါစေ... ခဏနေ အားလုံး ထမင်းစားတဲ့အချိန်ကျမှ အတူတူစားကြတာပေါ့"
ဘရူးစ်က ရယ်မောရင်း ပြောလိုက်သည်။
"အိမ်တော်ထိန်းချုပ်... ခင်ဗျား တကယ် မစားဘူးလား" လေသံတွင် မြှူဆွယ်လိုသော အရိပ်အယောင်များ ပါဝင်နေသည်။ သူ ဆက်ပြောသည်။ "ဒါက ခရမ်းချဉ်သီးဆိုပေမဲ့ သာမန်ခရမ်းချဉ်သီးတွေနဲ့ လုံးဝမတူဘူးနော်။ ဒီခရမ်းချဉ်သီးက ချိုမြိန်လတ်ဆတ်တဲ့အပြင် ပါးစပ်ထဲထည့်လိုက်ရင် မွှေးပျံ့တဲ့ရနံ့တစ်ခုထွက်ပေါ်လာတယ်။ အဲဒီရနံ့က ဦးနှောက်ကို ကြည်လင်စေပြီး ငြင်းဆန်ဖို့ ခက်ခဲစေတယ်။ အထူးသဖြင့် စားပြီးသွားရင် တစ်ကိုယ်လုံးလန်းဆန်းတက်ကြွပြီး နေလို့ကောင်းသွားလိမ့်မယ်"
အိမ်တော်ထိန်းသည် သူ့စကားကို ကြားသောအခါ နီရဲနေသော ခရမ်းချဉ်သီးကို စိုက်ကြည့်နေမိပြီး မျက်လုံး မခွာနိုင်တော့ပေ။ စိတ်ထဲတွင်လည်း လှုပ်ရှားနေမိသည်။
သို့သော် အိမ်တော်ထိန်းချုပ်တစ်ဦးအနေဖြင့် မည်သည့် မြှူဆွယ်မှုကိုမဆို ခံနိုင်ရည်ရှိရမည်။ သို့မဟုတ်ပါက အလွယ်တကူ အသုံးချခံရနိုင်သည်။
မိသားစုကြီးတစ်ခု၏ အိမ်တော်ထိန်းသည် မိသားစုလျှို့ဝှက်ချက်များကို သိရှိထားသူဖြစ်ရာ ရန်သူ၏ အသုံးချခြင်းကိုခံရပါက မိသားစုတစ်ခုလုံး ကြီးမားသော ထိုးနှက်ချက်ကိုခံရနိုင်သည်။
ထို့ကြောင့် အိမ်တော်ထိန်းလုပ်ရသည်မှာ လွယ်ကူသောကိစ္စ မဟုတ်ပေ။
ဘရူးစ်သည် အိမ်တော်ထိန်းချုပ် တည်တည်ငြိမ်ငြိမ်ဖြင့် ငြင်းဆန်နေသည်ကို ကြည့်ပြီး သဘောကျသွားသည်။ သူ တမင်သက်သက် ခရမ်းချဉ်သီးကိုကိုင်ကာ သူ့မျက်နှာရှေ့တွင် နှစ်ပတ်လောက် ဝှေ့ယမ်းပြလိုက်သည်။ ထို့နောက် ပါးစပ်ဟပြီး ကိုက်လိုက်ကာ တမင်တကာ အာမေဋိတ်သံ ပြုလိုက်သည်။ "ဝါး... ဒီအရာက တကယ်စားလို့ကောင်းတုန်းပဲ"
သူ ကိုက်လိုက်သောအခါ ခရမ်းချဉ်သီးအတွင်းမှ မွှေးပျံ့သော ရနံ့များ ထွက်ပေါ်လာသဖြင့် ပိုမို ဆွဲဆောင်မှု ရှိလာသည်။
အိမ်တော်ထိန်းသည် ဘေးနားမှ အိမ်ဖော်အချို့ တံတွေးမြိုချသံကို ကြားလိုက်ရသလို သူကိုယ်တိုင်လည်း မနေနိုင်ဘဲ တံတွေးမြိုချမိသည်။ သို့သော် ပြတ်သားစွာ ငြင်းဆန်လိုက်သည်။
"မရဘူး... စားသင့်တဲ့အချိန်ကျမှ စားဖို့ ချန်ထားတာ ပိုကောင်းတယ်"
ဘရူးစ်သည် အိမ်တော်ထိန်းချုပ် တင်းခံနေသည်ကိုတွေ့ရသဖြင့် ဆက်လက် မမြှူဆွယ်တော့ပေ။ လက်သီးဆုပ်ခန့်ရှိသော ခရမ်းချဉ်သီးကို နှစ်ကိုက်၊ သုံးကိုက်ဖြင့် ကုန်အောင် စားလိုက်ပြီး "တကယ် စားလို့ကောင်းတယ်၊ စားတိုင်း ဒီအရသာကို မေ့လို့မရဘူး" ဟု တဖွဖွ ပြောဆိုနေသည်။
ခရမ်းချဉ်သီးသည် ဟင်းသီးဟင်းရွက်အဖြစ် စားနိုင်သလို သစ်သီးအဖြစ်လည်း စားနိုင်သည်။ သူ့အရသာကထူးခြားပြီး ကြိုက်နှစ်သက်သူ အများအပြားရှိသည်။
ရှောင်လင်းယွီသည် ဘရူးစ်၏ တမင်သက်သက် လုပ်ရပ်နှင့် အိမ်တော်ထိန်းချုပ်၏ သည်းခံနေသော အမူအရာကိုကြည့်ပြီး အိမ်တော်ထိန်းချုပ်၏ သည်းခံနိုင်စွမ်းကို လေးစားမိသည်။
ရှောင်လင်းယွီ ပြုံးလိုက်ပြီး၊ "အိမ်တော်ထိန်း... တစ်လုံးလောက် မြည်းကြည့်ပါလား။ ဒီခရမ်းချဉ်သီး အရသာက တခြားခရမ်းချဉ်သီးတွေနဲ့ တကယ် မတူဘူး။ ခရမ်းချဉ်သီးတင် မကဘူး၊ တခြား ဟင်းသီးဟင်းရွက်နဲ့ သစ်သီးတွေလည်း အတူတူပဲ။ ရှင်တို့ အကုန်မြည်းစမ်းကြည့်လို့ ရတယ်၊ လုံးဝ မေ့မရဖြစ်သွားစေရမယ်"
အိမ်တော်ထိန်းသည် ရှောင်လင်းယွီပြောလာသဖြင့် တင်းခံထားသောပုံစံကို လျှော့ချလိုက်ပြီး ပြုံးလျက် ပြောလိုက်သည်။
"သခင်မကြီး ပြောမှတော့ မြည်းကြည့်ရတာပေါ့"
ပြောပြောဆိုဆိုနှင့် သူသည် ခြင်းတောင်းထဲမှ ခရမ်းချဉ်သီး တစ်လုံးကို ယူလိုက်သည်။ ဆေးကြောခြင်း၊ သုတ်သင်ခြင်း မပြုလုပ်ဘဲ ပါးစပ်ထဲထည့်ကာကိုက်လိုက်ရာ မျက်လုံးထဲတွင် မယုံကြည်နိုင်သော အရိပ်အယောင်များ ပေါ်လာသည်။
ဒီခရမ်းချဉ်သီးက အရမ်း စားကောင်းလွန်းတယ်။
ဘရူးစ်က ပြုံး၍ မေးလိုက်သည်။
"အိမ်တော်ထိန်း... ဘယ်လိုလဲ။ ကျွန်တော် ပြောတာ မမှားဘူးမလား၊ ဒီခရမ်းချဉ်သီးကို တစ်ကိုက် ကိုက်လိုက်တာနဲ့ မေ့မရတော့ဘူးမလား"
ပုံမှန်အားဖြင့် တည်ငြိမ်အေးဆေးသော အိမ်တော်ထိန်းသည် စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
"ဒီဟာက အရမ်းစားကောင်းလွန်းတယ်။ ဒီလောက်စားကောင်းတဲ့ ခရမ်းချဉ်သီးမျိုး ကျွန်တော် တစ်ခါမှ မစားဖူးဘူး"
အိမ်တော်ထိန်းချုပ်အနေဖြင့် သင်တန်းတက်စဉ်က မည်သည့် အဆင့်မြင့်ကုန်ပစ္စည်းကိုမဆို ကျွမ်းကျင်စွာ သိရှိထားရမည်ဖြစ်သည်။ သို့မှသာ သခင်ဖြစ်သူ သို့မဟုတ် ဧည့်သည်များ မေးမြန်းလာပါက ဖြေကြားနိုင်မည်ဖြစ်သည်။
ဘရူးစ်က "အိမ်တော်ထိန်း... ဒီနေ့ပြီးရင် ခင်ဗျား တွေ့ရလိမ့်မယ်။ ဒီနေ့ ရောက်လာတဲ့ ပစ္စည်းတွေထဲမှာ ခရမ်းချဉ်သီး အရသာတင် မေ့မရတာ မဟုတ်ဘူး၊ ရိုးရှင်းတဲ့ မုန်ညင်းရွက်လေး တစ်ရွက်ရဲ့အရသာကိုတောင် မေ့နိုင်မှာ မဟုတ်ဘူး။ မယုံရင် ဒီနေ့ နေ့လယ်စာကျရင် မုန်ညင်းရွက်ကြော်တစ်ပွဲ ချက်ခိုင်းကြည့်လိုက်"
တကယ်တမ်းတွင် အနောက်နိုင်ငံများ၌ အသားကို အဓိကထား စားသုံးကြပြီး အာဟာရ မျှတမှုကို အလေးထားကြသည်။ ဥပမာ - အမဲသား။ ဟင်းသီးဟင်းရွက်များသည် ဘေးမှ အနည်းငယ်သာ ပါဝင်ပြီး သူတို့ အရွက်ကြော် သိပ်မစားကြပေ။ အရွက်သည် ပန်းကန်ထဲတွင် အလှဆင်ရုံ သက်သက်သာ ဖြစ်သည်။
သို့သော် ဟွာရှသည် မတူညီပေ။
ဟွာရှ အစားအစာသည် ကြွယ်ဝစုံလင်ပြီး "အရသာ" ကို အလေးထားသည်။ စားသောက်ခြင်းတွင် ထူးခြားမှုကို ရှာဖွေပြီး အသားငါး၊ အသီးအရွက် မျှတအောင် စားသုံးကြသည်။
ရောဘတ်သည် အိမ်တော်ထိန်း သင်တန်းကျောင်းမှ မွေးထုတ်ပေးလိုက်သော အိမ်တော်ထိန်းချုပ် ဖြစ်ပြီး လက်ရှိတွင် ဟွာရှသားသခင်ကို ဝန်ဆောင်မှု ပေးနေရသဖြင့် အရည်အချင်း ပြည့်မီသော အိမ်တော်ထိန်းချုပ်တစ်ဦးအနေဖြင့် ဟွာရှယဉ်ကျေးမှုများကို သေချာပေါက် နားလည်ထားရမည်။
အိမ်တော်ထိန်းသည် ဘရူးစ်၏စကားကိုကြားပြီးနောက် စဉ်းစားကာ ပြုံးလျက် ပြောလိုက်သည်။
"ကောင်းပြီ... ဒီနေ့ စားဖိုမှူးကို မုန်ညင်းရွက်ကြော်တစ်ပွဲ လုပ်ခိုင်းလိုက်မယ်"
ကုန်းထျန်းဟောက်သည် ဟွာရှသားဖြစ်သဖြင့် ဟွာရှအစားအစာများကို ပိုမိုနှစ်သက်သည်။ ထို့ကြောင့် ငှားရမ်းထားသော စားဖိုမှူးသည်လည်း ဟွာရှအစားအစာများကို ကောင်းမွန်စွာ ချက်ပြုတ်နိုင်သူဖြစ်သည်။
မှန်ပါသည်... ယောက္ခမ ချက်ပြုတ်သော အစားအစာများကို စားဖူးပြီးနောက် မည်သည့် စားဖိုမှူး ချက်ပြုတ်သော အစားအစာကိုမဆို သူ အနည်းငယ် အပြစ်ပြောချင်လာသည်။ သို့သော် မတတ်နိုင်ပေ။
သူ စီးပွားရေး ဆွေးနွေးရန် ကမ္ဘာအနှံ့သွားလာနေရရာ ယောက္ခမကို နေ့တိုင်းခေါ်သွားပြီး ချက်ပြုတ်ခိုင်း၍ မရနိုင်ပေ။ ယောက္ခမက လိုက်ချင်လျှင်ပင် သူ့မိန်းမက သဘောတူမည် မဟုတ်ပေ။ ပြီးတော့ ယောက္ခထီးလည်း ရှိသေးသည်။
ဟွာရှမှရောက်ရှိလာသော ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများကို အမျိုးအစားခွဲ၍ အအေးခန်းထဲ ထည့်ပြီးနောက် အိမ်တော်ထိန်းသည် သစ်သီးအချို့ ဆေးကြောကာ ယူဆောင်လာသည်။
နီရဲနေသော ပန်းသီးများ၊ ကျောက်စိမ်းကဲ့သို့ ကြည်လင်တောက်ပနေသော ခရမ်းရောင် စပျစ်သီးများနှင့် နီရဲနေသော ဖရဲသီးများ... ကောင်းပြီ၊ သစ်သီးတိုင်းသည် မွှေးပျံ့သော ရနံ့များကို ထုတ်လွှတ်နေပြီး အိမ်တော်ထိန်း၏ခံတွင်းကို ဆွဲဆောင်နေသည်။
ကံကောင်းသည်မှာ အိမ်တော်ထိန်း၏ ထိန်းချုပ်နိုင်စွမ်း ကောင်းမွန်လွန်းသည်။ သခင်များ မစားရသေး၊ ခွင့်မပြုသေးပါက သူတို့ အစေခံများအနေဖြင့် လုံးဝ မစားရဲပေ။
"သခင်ကြီး၊ သခင်မကြီး... သစ်သီး ရပါပြီ၊ သုံးဆောင်ကြပါ" အိမ်တော်ထိန်းက ရိုသေစွာ ပြောလိုက်သည်။
ကုန်းထျန်းဟောက် ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။
"အိမ်တော်ထိန်း... ရောက်လာတဲ့ သစ်သီးတွေ များပါတယ်၊ ခင်ဗျားတို့လည်း ခွဲစားကြပေါ့"
ထိုအချိန်တွင် ရှောင်လဲ့ထုန်သည် သစ်သီးပန်းကန်ထဲမှ ဖရဲသီးတစ်စိတ်ကိုယူကာ အိမ်တော်ထိန်းရှေ့သို့ပြေးသွားပြီး မြှောက်ပြကာ ပြောလိုက်သည်။
"အိမ်တော်ထိန်း ဘိုးဘိုး... ဖရဲသီး စားပါ"
အိမ်တော်ထိန်းသည် သခင်လေးက သူ့ကို ဖရဲသီး ပေးနေသည်ကို မြင်သောအခါ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ် သခင်လေး၊ သခင်လေးက တကယ် လိမ္မာတာပဲ"
"အိမ်တော်ထိန်း ဘိုးဘိုး... အားမနာပါနဲ့၊ ဒီက သစ်သီးတွေကို ကြိုက်သလောက် စားလို့ရတယ်။ ဒါ သားတို့ အိမ်ကစိုက်တာ၊ စည်းကမ်းတွေ သိပ်မများပါဘူး"
အိမ်တော်ထိန်း ကြားလိုက်ရသောအခါ ပို၍ စိတ်လှုပ်ရှားသွားပြီး ပြောလိုက်သည်။
"ဟုတ်ကဲ့... ကျေးဇူးတင်ပါတယ် သခင်လေး"
ပြောပြောဆိုဆိုနှင့် ဖရဲသီးကိုယူကာ တစ်ကိုက်,ကိုက်လိုက်သည်။ ချိုပြီး မွှေးနေလေသည်။ သူ စိတ်လှုပ်ရှားစွာဖြင့်၊
"ဒီဖရဲသီးက တကယ် ချိုတာပဲ... အဲ... မဟုတ်ဘူး... ချိုလည်း ချို မွှေးလည်း မွှေး၊ တကယ် စားလို့ကောင်းတယ်။ ကျွန်တော် စားဖူးသမျှ အကောင်းဆုံး ဖရဲသီးပဲ"
သူ စားဖူးသမျှ အကောင်းဆုံး မဟုတ်လျှင်တောင် သခင်လေးကိုယ်တိုင်ပေးတာမို့လို့ အကောင်းဆုံး ဖြစ်နေမှာ။ ဒါပေမဲ့ ဒီဖရဲသီးက တကယ်ပဲ စားလို့ကောင်းလွန်းတယ်။
"တကယ် ချိုတယ်" အိမ်တော်ထိန်း နောက်တစ်ကိုက် ကိုက်ရင်း ပြောလိုက်သည်။
ရှောင်လဲ့ထုန် ရယ်မောရင်း "အိမ်တော်ထိန်းဘိုးဘိုး... ဖရဲသီး စားပြီးရင် တခြား သစ်သီးတွေလည်း မြည်းကြည့်ဦး၊ အရသာမတူပေမဲ့ အကုန်လုံးစားလို့ကောင်းတယ်"
"ဟုတ်ကဲ့... ဟုတ်ကဲ့... သေချာပေါက် မြည်းစမ်းကြည့်ပါ့မယ်" အိမ်တော်ထိန်း မစောင့်နိုင်တော့သလို ပြောလိုက်သည်။
သခင်ကြီးက ခွင့်ပြုထားပြီး သစ်သီးတွေကလည်း တကယ်စားလို့ကောင်းနေတော့ သူ တခြား သစ်သီးတွေကိုလည်း မြည်းစမ်းကြည့်ချင်နေပြီ။
"ဒါဆို သခင်ကြီး၊ သခင်မကြီး၊ သခင်လေးတို့... ကျွန်တော် သွားလိုက်ပါဦးမယ်" အိမ်တော်ထိန်းက ပြောလိုက်သည်။
ကုန်းထျန်းဟောက် ခေါင်းညိတ်လိုက်သည်။
အိမ်တော်ထိန်း ထွက်သွားပြီးနောက် ဘရူးစ်သည် ဖရဲသီး ကိုက်စားရင်း ပြောလိုက်သည်။
"ကျွန်တော် ပြောသားပဲ၊ Green Freshအုပ်စုရဲ့ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးတွေကို ဘယ်သူမှ မငြင်းဆန်နိုင်ပါဘူးလို့။ မနက်ဖြန် ပါတီပွဲကျရင် ကျွန်တော်တို့ပစ္စည်းတွေ တရားဝင်ပွဲထွက်လာတဲ့အခါ လူဘယ်နှယောက်လောက် အံ့သြသွားမလဲဆိုတာ ကျွန်တော် အရမ်းသိချင်နေပြီ"
ကြည့်ပါဦး... ဒီအိမ်တော်ထိန်းတောင် အစတုန်းက ထိန်းချုပ်နိုင်စွမ်းနဲ့ ဇွဲဘယ်လောက် ကောင်းလဲ။ သူ ခရမ်းချဉ်သီးစားဖို့ ဘယ်လောက်ပဲ မြှူဆွယ်မြှူဆွယ် သခင်ကြီး ခွင့်မပြုမချင်း ထိန်းချုပ်ထားနိုင်တယ်။
ဒါပေမဲ့ အခု အရသာ မြည်းစမ်းပြီးတဲ့အခါကျတော့ ထိန်းချုပ်နိုင်စွမ်းနဲ့ဇွဲတွေအကုန် ပြိုလဲကုန်ပြီ။
အဲဒီ အထက်တန်းလွှာ သူဌေးကြီးတွေအတွက် သူတို့ရဲ့ လက်ရှိအထောက်အထားနဲ့ အာဏာကြောင့် အမှတ်တံဆိပ်တွေကို အလေးမထားတော့ဘဲ ခံစားမှု၊ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ခံစားမှုကိုသာ အလေးထားကြတယ်။
ဒါကြောင့် မနက်ဖြန် ပါတီပွဲမှာ သူတို့ အစားမစားရင်သာ နေမယ်၊ စားလိုက်တာနဲ့ ဒီအရသာကို ဆက်လက် ခံစားချင်ကြမှာ သေချာတယ်။
ဘရူးစ်၏စကားကိုကြားသောအခါ ကျန့်ယောင်ကျူသည်လည်း မနက်ဖြန် ပါတီပွဲကို ရုတ်တရက် မျှော်လင့်လာသည်။
သူ့အတွက် စိတ်လှုပ်ရှားမှုနှင့် စိုးရိမ်မှု အနည်းငယ်ရှိသော်လည်း မျှော်လင့်ချက်များလည်း ပါဝင်နေသည်။
ရှောင်လဲ့ထုန်သည် ပန်းကန်လုံးလေးကိုင်ကာ ဖရဲသီးတစ်စိတ်ကိုစားနေရင်း ဘရူးစ်ကို ရုတ်တရက် မေးလိုက်သည်။
"ဦးဦး... မနက်ဖြန်ကျရင် စိတ်လှုပ်ရှားနေမှာလား"
ဘရူးစ် ဖရဲသီး စားနေရင်း ရပ်တန့်သွားပြီး ရယ်မောကာ ပြောလိုက်သည်။
"ငါက ပွဲကြီးပွဲကောင်း မမြင်ဖူးတာမှ မဟုတ်တာ၊ ဘာစိတ်လှုပ်ရှားစရာ ရှိလဲ" ဟဟ... နိုင်ငံတကာ ခေါင်းဆောင်တွေကို တွေ့ရမှာဆိုတော့ စိတ်မလှုပ်ရှားဘူး ဆိုတာ မဖြစ်နိုင်ပါဘူး။
ရှောင်လဲ့ထုန် ကြားလိုက်ရသောအခါ "ဪ" ဟုသာပြောပြီး ဖရဲသီး ဆက်စားနေသည်။
ထို့နောက် ရှောင်လဲ့ထုန် နောက်ထပ် စကားတစ်ခွန်း ပြောလိုက်သည်။
"ဒါဆို ဦးဦး... မနက်ဖြန် ဧည့်သည်တွေကို ဧည့်ခံမယ့်ကိစ္စ ဦးဦးကိုပဲ လွှဲလိုက်တော့မယ်နော်"
"ဘာ..." ဘရူးစ် လန့်ပြီး ခုန်မတတ် ဖြစ်သွားသည်။
***
စိုက်ပျိုးရေးနေရာလွတ်က ငါ့ကိုချမ်းသာလာစေတယ်
အခန်း ၉၁၈ ။ တစ်ချက်တည်းနှင့် နာမည်ကြီးသွားမည့် ဧည့်ခံပွဲ (အပိုင်း ၁)
ကုန်းထျန်းဟောက်သည် ကမ္ဘာ့စီးပွားရေးအခြေအနေဆွေးနွေးရန်ဆိုသော ခေါင်းစဉ်ဖြင့် အထက်တန်းလွှာ အားလုံးကို ဖိတ်စာပေးပို့ကာ ဖိတ်ကြားလိုက်ခြင်းဖြစ်သည်။
အင်း... ဒီအစည်းအဝေးက မနက် ၉ နာရီ စတင်မှာဖြစ်ပြီး နေ့လယ်စာကိုတော့ ရဲတိုက်စံအိမ်မှာပဲ စီစဉ်ပေးထားတယ်။
အစည်းအဝေးပြီးသွားရင် ညဘက်မှာ ပါတီပွဲတစ်ခုထပ်လုပ်မယ်။
လူအများစုက ဒီလို အစီအစဉ်ကို နားမလည်ကြပေမဲ့ ကုန်းထျန်းဟောက်နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးကြောင့် ဘာမှမေးမြန်းခြင်းမရှိကြပါဘူး။
ဘီးလ်ရဲတိုက်စံအိမ်နဲ့ ၁၀ မိုင် အကွာကနေစပြီး ရဲတပ်ဖွဲ့က လုံခြုံရေးစည်းဝိုင်းတွေနဲ့ ကင်းစခန်းတွေ ချထားတယ်။
ခြေလှမ်း ၁၀ လှမ်းမှာ ကင်းစောင့်တစ်ယောက်၊ ခြေလှမ်း ၅ လှမ်းမှာ ကင်းစခန်းတစ်ခုရှိပြီး လုံခြုံရေးက အရမ်းတင်းကျပ်တယ်။
ဘီးလ်ရဲတိုက်စံအိမ် လမ်းကြောင်းပေါ် ဖြတ်သန်းသွားလာသူတိုင်း အထောက်အထား စစ်ဆေးခံရပြီး အထောက်အထား မှန်ကန်မှသာ ဖြတ်သန်းခွင့်ပြုတယ်။
ဘီးလ်ရဲတိုက်စံအိမ်တံခါးဝရောက်တဲ့အခါ အထောက်အထား ထပ်မံစစ်ဆေးရုံသာမက ရဲတိုက်ထဲ ဝင်ခွင့်ရှိတဲ့ သက်တော်စောင့်နဲ့ အဖော် အရေအတွက်က ၅ ယောက်ထက် မကျော်ရဘူး။ သေနတ် လုံးဝ ယူဆောင်ခွင့်မရှိဘူး။ ရောင်ခြည်အောက်တွင် စကန်ဖတ်စစ်ဆေးပြီးမှ ရဲတိုက်ထဲ ဝင်ခွင့်ရှိတယ်။
ကျန်နေခဲ့တဲ့ သက်တော်စောင့်တွေနဲ့ အဖော်တွေကိုတော့ သင့်တော်သလို စီစဉ်ပေးထားတယ်။
ဒီလိုအစီအစဉ်တွေ ဘာလို့လုပ်ထားရသလဲဆိုတော့ ရဲတိုက်ထဲ ဝင်လာသူအားလုံးရဲ့ လုံခြုံရေးကို အာမခံနိုင်ဖို့ပါ။
ဘာပဲပြောပြော ဒီကိုလာတဲ့လူတိုင်းရဲ့ အထောက်အထားက သာမန် မဟုတ်ကြဘူး။ အာဏာရှိတဲ့သူတွေ၊ မောက်မာတဲ့သူတွေချည်းပဲ။ အားလုံးက ဖော်ရွေကြတာတော့ မဟုတ်ဘူး။ တကယ်လို့ သူတို့ကြားထဲမှာ ပဋိပက္ခတစ်ခုခုဖြစ်လာရင် သေနတ်တွေနဲ့ ပစ်ခတ်မှုဖြစ်လာနိုင်တယ်။
ကုန်းထျန်းဟောက်က အိမ်ရှင်အနေနဲ့ ဒီလိုကိစ္စမျိုး ဖြစ်မှာမလိုလားဘူး။
ဒါကြောင့် လက်နက်ဖြုတ်သိမ်းတာက အကောင်းဆုံး နည်းလမ်းပဲ။
တကယ်လို့ ပဋိပက္ခ ဖြစ်ခဲ့ရင်တောင် ကိုယ်ထိလက်ရောက် ကျူးလွန်ရုံလောက်ပဲ ရှိမယ်၊ လူအသက် ဆုံးရှုံးတာမျိုး မဖြစ်နိုင်သလို ဝင်ရောက်ဖြန်ဖြေပေးလို့လည်းရတယ်။
ရဲတိုက်စံအိမ်အတွင်း လုံခြုံရေးကိစ္စရပ်များနှင့် ပတ်သက်၍ ကုန်းထျန်းဟောက်နှင့် အိမ်တော်ထိန်းတို့သည် အလေးအနက်ထား ဆောင်ရွက်ခဲ့ကြသည်။ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားပြီး အထူးသဖြင့် လုံခြုံရေးအပိုင်းကို ပိုမိုတင်းကျပ်ထားသည်။
ရဲတိုက်အတွင်းရှိ လုံခြုံရေး ဝန်ထမ်း ၅၀၊ ၆၀ ခန့်အပြင် ကုန်းထျန်းဟောက်သည် သူ့လုံခြုံရေး ကုမ္ပဏီမှ ထူးချွန် ဝန်ထမ်း ၅၀ ကို ထပ်မံ ခေါ်ယူထားသည်။ ဧည့်သည်တစ်ဦးချင်းစီ၏ အသက်အန္တရာယ် ကင်းရှင်းရေးကို အာမခံရန်ဖြစ်သည်။
ထိုအထဲတွင် ယွဲ့ချီလင်၊ လီဝမ်တုန်း၊ ရှဲ့ကျန့်ကျုံး၊ ယွမ်မင်နှင့် ဝမ်ကျစ် တို့လည်း ပါဝင်သည်။ စစ်ထူရှင်းနှင့် ကုန်းယင်ရှုန်းကိုပါ ခေါ်ယူထားသည်။ မမျှော်လင့်သော မတော်တဆမှုများ ဖြစ်ပွားလာပါက အဆင်သင့်ဖြစ်စေရန်ပင်။
ဘာပဲပြောပြော ဒီပါတီပွဲကို လာတဲ့ လူတွေရဲ့အထောက်အထားက သာမန် မဟုတ်ဘူးလေ။ ဘာပြဿနာမှ မဖြစ်စေရဘူး၊ အာမခံချက် များလေ ကောင်းလေပဲ။
စစ်ထူရှင်းကို ခေါ်ထားတာကတော့ မမျှော်လင့်သော မတော်တဆမှုများ ဖြစ်ပွားလာပါက ဆရာဝန် လိုအပ်မည် ဖြစ်သောကြောင့်ဖြစ်သည်။
ကုန်းထျန်းဟောက်သည် ဤအစည်းအဝေးကို အလွန်အလေးထားကြောင်းနှင့် အလွန်လူသိရှင်ကြားလုပ်ဆောင်နေကြောင်း ဝန်ခံရပေမည်။
သူ့အလေးထားမှုနှင့် လူသိရှင်ကြားလုပ်ဆောင်မှုအားလုံးသည် Green Fresh ကုန်ပစ္စည်းများကို ရောင်းချရာတွင် မည်သည့် အမှားအယွင်းမျှ မရှိစေရန်အတွက်ဖြစ်သည်။
ဒါက ဇနီးသည်ရဲ့စီးပွားရေးကို အစွမ်းကုန် ပံ့ပိုးပေးတဲ့ သက်သေပဲ။ တစ်ချိန်တည်းမှာ ဇနီးသည်ကို ချစ်ခင်မြတ်နိုးကြောင်း ပြသတာလည်းဖြစ်တယ်။
အမျိုးသမီး သက်တော်စောင့်နှစ်ဦးသည် ရှောင်လင်းယွီ၏ဘေးတွင် ကာကွယ်ပေးထားပြီး ယွဲ့ချီလင်၊ လီဝမ်တုန်းနှင့် ရှဲ့ကျန့်ကျုံး တို့သည် ရှောင်လဲ့ထုန်နှင့် ရှောင်လင်၏နောက်တွင် လိုက်ပါ ကာကွယ်ပေးထားသည်။ ကုန်းယင်ရှုန်းကမူ လုံခြုံရေးလုပ်ငန်းစဉ်တစ်ခုလုံးကို ကြီးကြပ်ကွပ်ကဲနေသည်။
ကလေးနှစ်ယောက်၏စွမ်းရည်အရ မည်သူ့ကာကွယ်မှုကိုမျှ မလိုအပ်သော်လည်း ပြင်ပလူများ၏ အမြင်တွင် သူတို့သည် ကလေးငယ်များ၊ အားနည်းသူများသာဖြစ်ကြသည်။
ကုန်းထျန်းဟောက်၏အစီအစဉ်သည် ဇနီးနှင့် သားသမီးများကို အလေးထားကြောင်းပြသခြင်း ဖြစ်သည်။
ယခုတစ်ကြိမ်သည် ကမ္ဘာသိအောင် သူ့ဇနီးနှင့် သားသမီးများ၏အထောက်အထားကို ထုတ်ဖော် ကြေညာခြင်းလည်းဖြစ်သည်။ ယခင်က သူတို့ကို ကောင်းစွာ ဖုံးကွယ်ထားခြင်းသည် ကုန်းထျန်းဟောက်၏တာဝန်ယူမှုဖြစ်သည်။
ယခု ထုတ်ဖော်ကြေညာခြင်းမှာ ဇနီးနှင့် သားသမီးများတွင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်း ရှိနေပြီဖြစ်သောကြောင့်ဖြစ်သည်။ နတ်ဘုရားတစ်ပါး ထပ်မံဆင်းသက်လာခြင်းမရှိပါက သူတို့ကို ဘယ်သူမှ ဘာမှလုပ်နိုင်မည် မဟုတ်ပေ။
အစည်းအဝေး တက်ရောက်လာသော အထက်တန်းလွှာများသည် ဖိတ်စာလက်ခံရရှိစဉ်က ကုန်းထျန်းဟောက်သည် သူ့ဇနီးနှင့် သားသမီးများကို မိတ်ဆက်ပေးမည်ဟု မကြားသိခဲ့ရပေ။ ရဲတိုက်သို့ ရောက်ရှိမှသာ ယနေ့ မစ္စတာကုန်းက သူ့ဇနီးနှင့် သားသမီးများကို မိတ်ဆက်ပေးမည်ဖြစ်ကြောင်း သိရသဖြင့် သိချင်စိတ်များဖြစ်ပေါ်နေကြသည်။
အဘယ်ကြောင့်ဆိုသော် မစ္စတာကုန်း၏ ဇနီးသည် အလွန်လှပသော အမျိုးသမီးတစ်ဦးဖြစ်ကြောင်းနှင့် သားဖြစ်သူသည် ကလေးပါရမီရှင်လေးဖြစ်ကြောင်း သဲ့သဲ့ကြားဖူးသောကြောင့်ပင်။
ထို့ကြောင့် ဒဏ္ဍာရီလာပုဂ္ဂိုလ်များကို တွေ့မြင်ရတော့မည်ဖြစ်ရာ သိချင်စိတ်ဖြစ်ပေါ်လာခြင်း ဖြစ်သည်။
ပုံမှန်အားဖြင့် လျှို့ဝှက်စွာ နေထိုင်တတ်သော မစ္စတာကုန်းသည် ဘာကြောင့်ဒီကိစ္စကို ရုတ်တရက်ကြီး လူသိရှင်ကြား လုပ်ဆောင်ရသလဲဆိုသည်ကို သံသယဖြစ်မိပေမယ့်လည်းပေါ့။
နိုင်ငံတကာအစည်းအဝေးတစ်ခုဖြစ်သဖြင့် ရဲတိုက်အတွင်း ပြင်ဆင်ထားပုံမှာ အလွန်ခမ်းနားထည်ဝါသည်။ အိမ်ရှင်က ဟွာရှသားဖြစ်သဖြင့် ဟွာရှရိုးရာအငွေ့အသက်များ ပါဝင်နေသည်။ အနီရောင်ကို အဓိကထားပြီး အနီရောင် မီးပုံးများ၊ အနီရောင်ဖဲကြိုးများဖြင့် တန်ဆာဆင်ထားသည်။
ရဲတိုက်ထဲ ဝင်လိုက်သည်နှင့် အလယ်တွင် စိုက်ထူထားသော နိုင်ငံအလံများကို မြင်တွေ့ရမည် ဖြစ်ပြီး အလယ်တည့်တည့်တွင် ဟွာရှအလံရှိသည်။
ထို့နောက် ဘေးနှစ်ဖက်တွင် ရပ်နေသော အနက်ရောင်ဝတ်စုံ၊ နေကာမျက်မှန် တပ်ဆင်ထားသည့် အရပ်ရှည်ရှည်ထွားထွားနှင့် သက်တော်စောင့်များကို တွေ့မြင်ရမည်ဖြစ်သည်။ သူတို့သည် လေးနက်သောအမူအရာဖြင့် အသင့်အနေအထားရှိနေကြပြီး တာဝန်ကျေပွန်စွာ ထမ်းဆောင်နေကြသည်။
ကုန်းယင်ရှုန်းသည် လုံခြုံရေးလုပ်ငန်းစဉ်တစ်ခုလုံးကို ကြီးကြပ်ကွပ်ကဲနေပြီး အိမ်တော်ထိန်းသည် သက်တော်စောင့် နှစ်ဦးနှင့်အတူ ဧည့်သည်များ၏ အထောက်အထားကို စစ်ဆေးနေသည်။
ကုန်းထျန်းဟောက်ကမူ ဇနီးနှင့် သားသမီးများကို ခေါ်ဆောင်ကာ ဧည့်ခန်းမဆောင်တွင် ဧည့်ခံနေသည်။ အမူအရာက တည်ငြိမ်ပြီး ရင်းနှီးဖော်ရွေသည်။
ကုန်းထျန်းဟောက်သည် မူလကတည်းက ရုပ်ရည်ချောမောသူဖြစ်ပြီး မျက်နှာသွင်ပြင်သည် ပန်းပုဆရာ ထုဆစ်ထားသကဲ့သို့ ပြတ်သားထင်ရှားသည်။ ပေါင်းစပ်လိုက်သောအခါ သပ်ရပ်ပြီး ထက်မြက်သော အသွင်အပြင် ဖြစ်ပေါ်နေသည်။ ယနေ့ သူသည် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသဖြင့် အရပ်ရှည်ပြီး သန်မာထွားကျိုင်းသော ခန္ဓာကိုယ်ကို ပေါ်လွင်စေသည်။ တစ်ချိန်တည်းမှာပင် လူကြီးလူကောင်းဆန်ပြီး အရှိန်အဝါကြီးမားနေသည်။
သူ့ဘေးနားမှ ရှောင်လင်းယွီသည် ယနေ့တွင် အလွန်လှပစွာဝတ်ဆင်ထားသည်။ အနီရောင် အမြီးရှည် ဂါဝန်ကိုဝတ်ဆင်ထားပြီး ခန္ဓာကိုယ်အချိုးအစားပြေပြစ်လှပကာ မြင်သူတိုင်း ငေးမောသွားစေသည်။
သူမ၏မျက်နှာကို ကြည့်လိုက်သောအခါ ပါးပါးလေး မိတ်ကပ်လိမ်းထားသော်လည်း အလွန်လှပပြီး ဆွဲဆောင်မှုရှိနေသည်။ မျက်နှာသွင်ပြင်သပ်ရပ်ပြီး အသားအရေဖြူဝင်းနေသည်။ သို့သော် အမှတ်ရစရာ အကောင်းဆုံးမှာ သူမ၏မျက်လုံးများ ဖြစ်ပေလိမ့်မည်။ ကြီးမားပြီး တောက်ပနေသော၊ ထက်မြက်ပြီး နက်ရှိုင်းသော မျက်လုံးများသည် သံသရာအချိုးအကွေ့တစ်ခုလုံးကို ထိုးဖောက်မြင်နိုင်သကဲ့သို့ ရှိနေသည်။
ယနေ့ ရှောင်လင်းယွီသည် လှပပြီး ဆွဲဆောင်မှုရှိသည်၊ အံ့သြဖွယ်ကောင်းလောက်အောင် လှပသည်၊ ကျက်သရေရှိပြီး မြင့်မြတ်သည်၊ အထက်တန်းလွှာ အမျိုးသမီးတစ်ဦး၏ အရှိန်အဝါကို ထုတ်လွှတ်နေပြီး မည်သူမျှ လျစ်လျူရှု၍ မရနိုင်၊ မေ့ပျောက်၍ မရနိုင်ပေ။
ကုန်းထျန်းဟောက်သည် ဇနီးသည် ပြင်ဆင်ပြီးချိန်တွင် ပထမဆုံးမြင်တွေ့လိုက်ရသောအခါ အံ့အားသင့်သွားခဲ့သည်။ သတိဝင်လာသောအခါ ရှောင်လင်းယွီကို ဖက်ထားပြီး တိုးတိုးလေး ပြောလိုက်သည်။
"ပေါင်ပေ့... မင်း ဒီနေ့ အရမ်း လှနေတယ်။ ဘယ်သူမှ မမြင်ရအောင် ကိုယ် မင်းကို ဝှက်ထားချင်လိုက်တာ"
ဒီလောက်လှပတဲ့ဇနီးကို ပိုင်ဆိုင်ထားရင် ဘယ်ယောက်ျားမဆို တခြားယောက်ျားတွေ မမြင်စေချင်ကြဘူး။
ရှောင်လင်းယွီသည် သူ့ရင်ဘတ်ကို လက်သီးဆုပ်လေးဖြင့် ခပ်ဖွဖွ ထုလိုက်ပြီး ရှားရှားပါးပါး ရှက်ရွံ့စွာ ပြောလိုက်သည်။
"ကဲပါ... ရှင် ကျွန်မကို ဝှက်ထားလိုက်ပါတော့"
ထို့နောက် သူမ ကုန်းထျန်းဟောက်၏မျက်လုံးများကိုကြည့်ပြီး ပြောလိုက်သည်။
"ရှင်လည်း ဒီနေ့ အရမ်း ချောနေတာပဲ။ ကျွန်မလည်း ရှင့်ကို ဘယ်မိန်းမမှ မမြင်ရအောင် ဝှက်ထားချင်တယ်"
"..." ကုန်းထျန်းဟောက် ပြုံးလိုက်ပြီး ပြောသည်။ "ကောင်းပြီလေ... ကိုယ်တို့က လိုက်ဖက်ညီတဲ့ စုံတွဲပဲ။ တစ်ယောက်ကို တစ်ယောက် ဝှက်ထားချင်တာက စိတ်ချင်းဆက်နေလို့ပဲ"
"ဟဟ..." ရှောင်လင်းယွီ ရယ်မောလိုက်သည်။
ဘေးနားမှ အိမ်ဖော်များသည် မကြားချင်ယောင်ဆောင်၊ မမြင်ချင်ယောင်ဆောင် နေလိုက်ကြသည်။
သို့သော် သခင်ကြီး၏စကားကို ကြားသောအခါ သခင်မကြီးကဲ့သို့ပင် မနေနိုင်ဘဲ ပြုံးလိုက်မိကြသည်။
အရင်တုန်းက အေးစက်တည်ငြိမ်တဲ့ သခင်ကြီးက သခင်မကြီးနဲ့တွေ့တော့မှ အရည်ပျော်သွားပြီး တစ်နေ့လုံး နူးညံ့သိမ်မွေ့နေတော့တာပဲ။ လူရှေ့သူရှေ့ အချစ်ပြနေတာများ ဘေးကလူတွေ သွားကျိန်းလောက်အောင်ဖြစ်နေပြီ။ ဒါပေမဲ့ မျက်လုံးထဲမှာတော့ အားကျမှုနဲ့ ဆုတောင်းပေးမှုတွေ ပြည့်နှက်နေကြတယ်။
ပြီးတော့ သခင်ကြီးနဲ့ သခင်မကြီးက ချစ်ပြနေရင် ဘေးနားက ကလေးနှစ်ယောက်ကို လုံးဝ ဂရုမစိုက်ကြဘူး။ ဒါက အိမ်ဖော်တွေကို အံ့သြစေတယ်။
ပိုအံ့သြစရာ ကောင်းတာက ကလေးနှစ်ယောက်က မိဘတွေ ချစ်ပြနေတာကို မြင်နေရပေမဲ့ ဘာမှ မဖြစ်သလိုနေနေကြတာပဲ။ ကိုယ့်အလုပ်ကိုယ်လုပ်နေကြတယ်။ ကြည့်ရတာ မိဘတွေရဲ့ အပြုအမူကို ယဉ်ပါးနေပုံရတယ်။ တစ်ခါတလေ မိဘတွေ ချစ်နေတာကို ဝင်နှောင့်ယှက်လို့ သခင်ကြီးက တုတ်နဲ့ ရိုက်မလိုတောင်ဖြစ်ဖူးတယ်။
အတိုချုပ်ပြောရရင် ဒီမိသားစုက ပျော်ရွှင်ပြီး ကြည်နူးစရာကောင်းတယ်။
ဒီအိမ်ဖော်တွေ၊ သက်တော်စောင့်တွေက အရင်တုန်းက တခြားမိသားစုကြီးတွေမှာ လုပ်ဖူးကြတယ်။ အဲဒီမိသားစုကြီးတွေက အပေါ်ယံပဲ ဟန်ဆောင်ကောင်းကြတာ၊ လူကွယ်ရာမှာတော့ ညစ်ပတ်ရှုပ်ထွေးနေကြတာ သူတို့ သိတယ်။
မှန်ပါတယ်... သခင်တွေ ဘာဖြစ်ဖြစ် သူတို့ အိမ်ဖော်တွေနဲ့ မဆိုင်ပါဘူး။ သူတို့က ကိုယ့်အလုပ်ကိုယ် လုပ်ရုံပါပဲ။
ဒါပေမဲ့ ကြည်နူးစရာကောင်းတဲ့မိသားစုမှာ အလုပ်လုပ်ရတာ သူတို့အတွက်လည်း ပျော်ရွှင်စရာ ကောင်းပါတယ်။ ပြီးတော့ သခင်တွေက သဘောကောင်းတယ်၊ ကိုယ့်အလုပ်ကိုယ်လုပ်ပြီး အမှားမလုပ်မိရင် သခင်တွေက ဘယ်တော့မှ အပြစ်မရှာဘူး။
ရှောင်လင်းယွီ၏ဘေးတွင်ရပ်နေသူများမှာ သေချာပေါက် ကလေးနှစ်ယောက် ဖြစ်သည်။
ယနေ့တွင် ကလေးနှစ်ယောက်သည်လည်း အနက်ရောင် တိုက်ပုံအင်္ကျီ သေးသေးလေးများကို ဝတ်ဆင်ထားသည်။ ရှောင်လဲ့ထုန်၏ရုပ်ရည်သည် ဖခင်ဖြစ်သူနှင့် ၇ ပုံ၊ ၈ ပုံခန့် တူညီသည်။ ယခု တူညီသော အဝတ်အစားဝတ်ဆင်ထားပြီး တူညီသော လေးနက်သည့် မျက်နှာထား လုပ်ထားသောအခါ သားအဖနှစ်ယောက်သည် ပုံစံခွက်တစ်ခုတည်းမှ ထွက်လာသကဲ့သို့ တူညီနေသည်။ တစ်ယောက်က အကြီး၊ တစ်ယောက်က အငယ်သာ ကွာခြားသည်။
ရှောင်လင်ကမူ နေရာလွတ်ဝိညာဉ်ဖြစ်ပြီး ရှောင်လင်းယွီနှင့် စာချုပ်ချုပ်ဆိုထားသဖြင့် လူယောင်ဖန်ဆင်းထားသော ရုပ်ရည်သည် ရှောင်လင်းယွီနှင့် အနည်းငယ်တူညီနေသည်။
သို့သော် ရှောင်လင်းယွီက မွေးစားထားသော သူငယ်ချင်း၏သားဖြစ်ကြောင်း ကြေညာထားသဖြင့် ရင်းနှီးသူများအတွက်မူ ထိုတူညီမှုအနည်းငယ်ကို အလိုအလျောက် လျစ်လျူရှုထားလိုက်ကြသည်။
သို့သော် မရင်းနှီးသူများအတွက်မူ တစ်ချက်ကြည့်ရုံနှင့် သူနှင့် ရှောင်လင်းယွီသည် သားအမိဟု ထင်မှတ်ကြမည်ဖြစ်သည်။ သေချာပေါက် သူတို့သည် မွေးစားထားသော ဆက်ဆံရေးဖြစ်ကြောင်း မသိနိုင်ပေ။
ရှောင်လင်သည် ချစ်စရာကောင်းပြီး ဉာဏ်ကောင်းပုံ ပေါက်သည်။ တိုက်ပုံအင်္ကျီ ဝတ်ဆင်ထားသောပုံစံသည် ချစ်စရာကောင်းပြီး အသည်းယားစရာ ကောင်းနေသည်။
မိသားစု လေးယောက် အတူတူရပ်နေကြသည်မှာ ရုပ်ရည်ချောမောသူများ စုဝေးနေသကဲ့သို့ဖြစ်နေသည်။
"ကြိုဆိုပါတယ် မစ္စတာလွိုက်" ကုန်းထျန်းဟောက်သည် လာရောက်သူကို ယဉ်ကျေးစွာ နှုတ်ဆက်လိုက်သည်။
"ဪ... မစ္စတာကုန်း၊ ဘီးလ်ရဲတိုက်စံအိမ်ကို ဝယ်လိုက်တဲ့ လျှို့ဝှက်ဆန်းကြယ်သူက ခင်ဗျား ဖြစ်နေတာကိုး" လွိုက်က ကုန်းထျန်းဟောက်ကို မြင်လိုက်ရသောအခါ အံ့သြသွားပြီး ပြောလိုက်သည်။ "ခင်ဗျားက တကယ် လျှို့ဝှက်တတ်တာပဲ"
လွန်ခဲ့သော ငါးနှစ်က သူလည်း ဘီးလ်ရဲတိုက်စံအိမ်ကိုဝယ်ယူရန် ရည်ရွယ်ခဲ့သော်လည်း လျှို့ဝှက်ဆန်းကြယ်သူတစ်ဦးက ဦးအောင် ဝယ်ယူသွားခဲ့သည်။ ထိုကိစ္စကြောင့် သူ စိတ်ပျက်ခဲ့ရပြီး လျှို့ဝှက်ဆန်းကြယ်သူ၏ အထောက်အထားကို စုံစမ်းခိုင်းခဲ့သော်လည်း တစ်ဖက်လူက ကောင်းမွန်စွာ ဖုံးကွယ်ထားသဖြင့် စုံစမ်း၍ မရခဲ့ပေ။
ယနေ့မှသာ Imperial Palaceအုပ်စု ဥက္ကဌ မစ္စတာကုန်း ဝယ်ယူခဲ့ကြောင်း သိလိုက်ရသည်။
ကုန်းထျန်းဟောက် ပြုံးသာပြုံးလိုက်သည်။
"ဪ... မစ္စတာကုန်း၊ ခင်ဗျားဘေးနားက လှပပြီး ကျက်သရေရှိတဲ့ အမျိုးသမီးက ဘယ်သူလဲ" လွိုက်သည် ခန်းမဆောင်ထဲ ဝင်လာသည်နှင့် ကုန်းထျန်းဟောက် ဘေးနားမှ အမျိုးသမီးကို ချက်ချင်း သတိထားမိလိုက်သည်။ သို့သော် ယဉ်ကျေးမှုအရ ကုန်းထျန်းဟောက်ကို နှုတ်ဆက်ပြီးမှ ရှောင်လင်းယွီ၏ အထောက်အထားကို မေးမြန်းလိုက်ခြင်းဖြစ်သည်။
ကုန်းထျန်းဟောက်က ပြုံး၍ မိတ်ဆက်ပေးလိုက်သည်။
"ဒါ ကျွန်တော့်ဇနီး ရှောင်လင်းယွီပါ။ ယွီအာ... ဒါက D နိုင်ငံက အထက်တန်းလွှာ မစ္စတာ လွိုက်"
ရှောင်လင်းယွီ လက်ကမ်းပေးပြီး ပြုံးလျက် နှုတ်ဆက်လိုက်သည်။
"မင်္ဂလာပါ မစ္စတာလွိုက်"
"မင်္ဂလာပါ ဇနီးအလှလေး" လွိုက်က ယဉ်ကျေးပြီး လေးစားစွာပြောလိုက်သည်။ "ခင်ဗျားကို တွေ့ရတာ ဝမ်းသာပါတယ်"
ပြောပြောဆိုဆိုနှင့် ရှောင်လင်းယွီ၏လက်ကိုကိုင်ကာ နမ်းရန် ပြင်လိုက်သည်။
ကုန်းထျန်းဟောက် လက်လှမ်းလိုက်ပြီး ပြောလိုက်သည်။
"မစ္စတာလွိုက်... အတွင်းမှာ ခင်ဗျားအတွက် နေရာ စီစဉ်ထားပါတယ်၊ ကျေးဇူးပြုပြီး အထဲဝင် အနားယူပါ"
မစ္စတာလွိုက် "..."
***