← Chapters

အခန်း (၁၀၁)

Vol. 11 Ch. 101

အခန်း (၁၀၁)

Vol. 11 Ch. 101

မိစ္ဆာသားရဲများဘက်မှမူ အကောင်ရေ နှစ်ထောင် သုံးထောင်ခန့်သာ သေဆုံးထိခိုက်မှု ရှိခဲ့သည်။ သတ်ခံရသူအများစုမှာလည်း သူတို့ထက် အဆင့်များစွာကျော်သောဟွမ်ရှားစစ်ဗိုလ်ချုပ်များ၏ တိုက်ခိုက်မှုကြောင့်သာ ဖြစ်သည်။ သို့ဖြစ်ရာ လိပ်နက်သံချပ်ကာ ဝတ်ဆင်ထားခြင်းကပင် အသုံးမဝင်ခဲ့ချေ။

အသက်ရှင်ကျန်ရစ်နေသေးသော မိစ္ဆာဘုရင်များမှာ မျက်လုံးများ ရဲရဲနီနေပြီး သွေးဆာနေကြကာ နွားသိုးကြီးများကဲ့သို့ အသက်ပြင်းပြင်း ရှူရှိုက်နေကြ၏။ ကျုံးရှန်၏ ဘေးနားတွင် ရှိနေစဉ်က လိမ္မာယဉ်ကျေးနေသည့် ပုံစံနှင့် လုံးဝ ကွဲပြားခြားနားနေသည်။ မြေပြင်ပေါ်တွင် မိစ္ဆာသားရဲများ၏ အလောင်းများသာရှိနေခဲ့ပြီး ဟွမ်ရှားစစ်သည်များ၏ရုပ်အလောင်းများမှာ မိစ္ဆာသားရဲများ၏ စားသောက်ခြင်းခံလိုက်ရပြီဖြစ်သည်။ ထို့ကြောင့် သွေးအိုင်များမှလွဲ၍ မြေပြင်မှာ ထင်မှတ်ထားသည်ထက် ပင်ပို၍ သန့်ရှင်းနေသည်။

မိစ္ဆာသားရဲများက ကျန်ရှိနေသေးသော ဟွမ်ရှားစစ်သည်များကို တစ်ရှိန်ထိုး ချေမှုန်းရန် ပြင်ဆင်လိုက်ကြချိန်တွင် အဆုံးမဲ့ သမုဒ္ဒရာကြီးကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော ရှေးဟောင်းအရှိန်အဝါတစ်ခု ကောင်းကင်မှ ဆင်းသက်လာရာ ကိုးဆင့်ပြောင်းလဲ စစ်သင်္ဘောများမှာ စွမ်းအင်ကုန်ဆုံးသွားသကဲ့သို့ မြေပြင်ပေါ်သို့ ထိုးကျလာသည်။

ထိုကြောက်မက်ဖွယ်ရာအရှိန်အဝါကြောင့်မြေပြင်ပေါ်ရှိ မိုင်ပေါင်း သန်းချီသော နယ်မြေအတွင်းမှ သက်ရှိအားလုံးမှာ တစ်ဆတ်ဆတ် တုန်လှုပ်သွားကြတော့သည်။ ချောက်နက်ကြီး၏ အထက်တွင် မာန်ပါပါ ရပ်နေခဲ့သော ကျုံးရှန်တစ်ဦးတည်းသာ မျက်နှာပျက်ယွင်းခြင်း မရှိဘဲ တည်ငြိမ်နေ၏။ ကောင်းကင်ယံတွင် ဟွမ်ရှားလက်ရွေးစင်ခေါင်းဆောင် ၁၀ ဦး ယဇ်ပူဇော်ခဲ့သော နေရာ၌ ဧရာမ တွင်းနက်ကြီးတစ်ခု ပေါ်လာကာ အောက်ဘက်ရှိ ချောက်နက်ကြီးမှာလည်း ပြင်းထန်စွာ တုန်ခါလာပြီး အရာအားလုံးကို မျိုချတော့မည့် အနက်ရောင် တွင်းနက်ကြီးတစ်ခုကဲ့သို့ ဖြစ်လာသည်။

ထိုတွင်းနက်ကြီးထဲတွင် စကြဝဠာတစ်ခုမျှ ကြီးမားသည့် အမျိုးသမီးပုံရိပ်တစ်ခုက မတ်မတ်ရပ်နေ၏။ သူမသည် ပါးလွှာသော ပိုးသားဝတ်စုံကို ဝတ်ဆင်ထားပြီး ခန္ဓာကိုယ်အနှံ့တွင် ခန့်မှန်းရခက်သော လျှို့ဝှက်ဆန်းကြယ်သည့် သင်္ကေတများ ရေးထိုးထားသည်။ ထိုသင်္ကေတတစ်ခုချင်းစီသည်အဆုံးမရှိ အော်ဟစ်ငိုကြွေးနေသော ဝိညာဉ်များနှင့်ပင်တူနေခဲ့သည်။

စကြဝဠာတစ်ခုမျှ ကြီးမားသော ထိုပုံရိပ်သည် အဆုံးမဲ့ ဟင်းလင်းပြင်ကို ဖြတ်ကျော်ပြီး ဤနေရာသို့ ဆင်းသက်လာတော့မည့်ဟန်ပင်။ စောစောက ခံစားလိုက်ရသော ကြောက်မက်ဖွယ် အရှိန်အဝါမှာ ထိုပုံရိပ်ယောင်မှ ထုတ်လွှတ်လိုက်သော ဖိအားအနည်းငယ်မျှသာ ဖြစ်၏။ သို့သော် သူမသည် အဆုံးမဲ့ တားဆီးမှုများနှင့် ကြုံတွေ့နေရပုံရပြီး သူမ၏ မူလခန္ဓာကိုယ်မှာ ထိုတွင်းနက်ထဲမှ ထွက်ခွာလို့ မရဖြစ်နေသည်။ ထို့နောက်တွင်တော့ အဆုံးမဲ့ အနက်ရောင် အလင်းတန်းများကို ထုတ်လွှတ်လိုက်ပြီး တွင်းနက်ထဲမှ ကျော့ရှင်းလှပသော ပုံရိပ်ယောင်တစ်ခုသည် အာမန်ရာ ချောက်နက်ကြီးနှင့် ချိတ်ဆက်ပြီး ဝမ်ရှန်တိုက်ကြီးသို့ ဆင်းသက်လာတော့သည်။

"ဝှစ်..."

နတ်ဘုရား အရှိန်အဝါတစ်ခု ပျံ့နှံ့သွားသည်။

"ဘယ်သူက ငါ့ရဲ့ ယုံကြည်ကိုးကွယ်သူတွေကို ထိခိုက်ရဲတာလဲ"

မြင်ကွင်းမှာ အလွန်ပင် ထူးဆန်းနေ၏။ မျက်နှာကို ပုဝါအနက်ဖြင့် အုပ်ထားသော အမျိုးသမီးတစ်ဦး လေပေါ်တွင် ပေါ်လာကာ သူမ၏ ခန္ဓာကိုယ်တွင် ပရမ်းပတာ စွမ်းအင်များ ရစ်ပတ်ဝဲနေသည်။ သူမ၏ ထိုပရမ်းပတာစွမ်းအင်အနည်းငယ်သည်ပင်လျှင် စကြဝဠာတစ်ခုလုံးကို ဖိချနိုင်လောက်အောင် လေးလံလှသည်။ ထို့အပြင် သူမ၏ ခန္ဓာကိုယ်အတွင်း၌ ကံတရားစွမ်းအားများလည်း လည်ပတ်နေပြီး ကြောက်မက်ဖွယ် စွမ်းအင်လှိုင်းများ ထွက်ပေါ်နေ၏။

ရှေးခေတ်ကာလများစွာမှ လူသားများ၏ ဆုတောင်းရွတ်ဖတ်သံများ ကောင်းကင်ယံတွင် ပဲ့တင်ထပ်နေသည်။ ကျိန်စာနတ်ဘုရားမသည် ဟွမ်ရှားလူမျိုးစုတွင် ဖာရိုဘုရင်နှင့် တန်းတူ ယုံကြည်ကိုးကွယ်ခြင်းခံရသောနတ်ဘုရားမဖြစ်သည်။ ဖာရိုဘုရင် မွေးဖွားလာစဉ်ကတည်းက ကျိန်စာနတ်ဘုရားမ၏ ဒဏ္ဍာရီများ ရှိနေခဲ့သည်ဟု ဆိုကြသည်။

ဟွမ်ရှားလူမျိုးစု ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ လူတိုင်းသည် ဖာရိုဘုရင်ကို ကြောက်ရွံ့ရိုသေကြသကဲ့သို့ ကျိန်စာနတ်ဘုရားမကိုလည်း အထူး ကြောက်ရွံ့ကြကာ သေသည်ထက်ပို၍စိုးသော ကျိန်စာမိသွားမည်ကိုအလွန် စိုးရိမ်ကြ၏။ သို့ဖြစ်၍ နှစ်ပေါင်းများစွာ ကြာမြင့်လာသည်နှင့်အမျှ ကျိန်စာနတ်ဘုရားမသည် ယုံကြည်ခြင်း စွမ်းအားများကို ရရှိခဲ့ပြီး အစွမ်းထက်သော နတ်ဘုရားစွမ်းအားကို ပိုင်ဆိုင်လာခဲ့ကာ ယခုအခါ ဖာရိုဘုရင်ကဲ့သို့ပင် ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုတစ်ခု ဖြစ်လာပြီဖြစ်သည်။ သူမ၏ အရှိန်အဝါ ပျံ့နှံ့သွားသောအခါ ဝမ်ရှန်တိုက်ကြီးရှိ ရှေးအကျဆုံး ပုဂ္ဂိုလ်ကြီးများအားလုံး ထိုစွမ်းအင်လှိုင်းကို အာရုံခံမိလိုက်ကြသည်။

အလယ်ပိုင်း သူတော်စင်ကုန်းမြေတိုက်။

မြို့တစ်မြို့၏ ဆင်ခြေဖုံးရှိ ပျက်စီးနေသော တာအိုဘုရားကျောင်းတစ်ခုတွင် ဖြစ်၏။ နှစ်ကာလကြာရှည်စွာ ဖုန်မှုန့်များ ဖုံးလွှမ်းနေသဖြင့် ကျောက်ရုပ်တုတစ်ခုသဖွယ်ဖြစ်နေသော တာအိုဘုန်ကြီးတစ်ဦး၏ မျက်လုံးပွင့်လာသည်။ သူ၏ ကိုယ်ပေါ်တွင် အခွံကဲ့သို့ ဖြစ်နေသော ဖုန်မှုန့်လွှာများ တဖြည်းဖြည်း ကွာကျသွား၏။

"အာမန်ရာလား..."

"သူ့ရဲ့ နတ်ဘုရားစိတ်ဆန္ဒ တစ်စိတ်တစ်ပိုင်း ဆင်းသက်လာတာပေါ့..."

"ဟွမ်ရှားလူမျိုးစုက သူ့ကို တကယ် ဆင့်ခေါ်လိုက်တာပဲ"

သူက ခေါင်းယမ်းလိုက်သည်။ ထို့နောက် သူ၏ ရှေ့ရှိ ဟင်းလင်းပြင်သို့ လေတစ်ချက် မှုတ်ထုတ်လိုက်၏။ ချက်ချင်းပင် ထိုပျံ့နှံ့လာသော ကြောက်မက်ဖွယ် စွမ်းအင်လှိုင်းများ ငြိမ်သက်သွားပြီး အလယ်ပိုင်းဒေသတစ်ခုလုံး ပုံမှန်အတိုင်း ပြန်ဖြစ်သွားလေသည်။

"ဟင်... ဒီလေက..."

"ရွှမ်ချင်းတာအိုသခင်လား..."

အဆုံးမဲ့ သဲကန္တာရထဲမှ ကျိန်စာနတ်ဘုရားမ၏ အကြည့်များသည် အလယ်ပိုင်း သူတော်စင်ကုန်းမြေတိုက်ရှိရာအရပ်သို့ ရောက်ရှိသွားသည်။ တစ်ခဏမျှ စိုက်ကြည့်ပြီးနောက် အကြည့်လွဲလိုက်ကာ သူမ ဆင်းသက်လာသည့် အချိန်အတွင်းရရှိလိုက်သည့် ဤလောကထဲရှိ သတင်းအချက်အလက်များကိုအာရုံစိုက်လိုက်သည်။

"မိစ္ဆာသားရဲ တစ်သိန်း..."

"စွမ်းအားကြီးတဲ့ လူသားလူငယ်တစ်ယောက်..."

"မြင့်မြတ်သောတံတား နှစ်စင်းကို ဖျက်ဆီးလိုက်တယ် ဟုတ်လား..."

"သတ္တိကောင်းလှချည်လား"

ကျိန်စာနတ်ဘုရားမ၏ တစ်ကိုယ်လုံးတွင် ပရမ်းပတာ အငွေ့အသက်များ ဖုံးလွှမ်းသွားပြီး ထူးဆန်းသော နတ်ဘုရားအလင်းရောင်များ တောက်ပလာရာ လူတိုင်း ကျောချမ်းသွားကြသည်။

အဆုံးမဲ့ ကျိန်စာအလင်းတန်းများ ကျဆင်းလာ၏။ ရှေ့ဆုံးမှ မိစ္ဆာသားရဲအချို့ ထိတွေ့မိသည်နှင့် တစ်ကိုယ်လုံး တောင့်တင်းသွားကြပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင် ကိုယ်တွင်းကလီစာများ အရည်ပျော်ကျကာ အပုပ်နံ့လှိုင်သော အဆိပ်ငွေ့များအဖြစ် ပြောင်းလဲသွားသည်။ ဝိညာဉ်များ ပျက်စီးသွားရုံသာမက ခန္ဓာကိုယ်ပါ အဆိပ်ငွေ့အဖြစ် ပြောင်းလဲကာ ပျံ့နှံ့သွားခြင်း ဖြစ်သည်။

နတ်ဘုရားတစ်ပါး အမျက်ဒေါသထွက်ခြင်း။ ဤသည်ကား ကမ္ဘာပျက်မည့် ကပ်ဘေးတစ်ခုပင် ဖြစ်၏။ နတ်ဘုရားအလင်းတန်း ဖြတ်သန်းသွားရာ မိုင်သန်းပေါင်းများစွာ အတွင်း၌ မည်သည့် သက်ရှိမျှ အသက်ရှင်ကျန်ရစ်နိုင်လိမ့်မည် မဟုတ်ချေ။

သူတို့ရှေ့မှမြင်းကွင်းကြောင့်မိစ္ဆာသားရဲများ ထိတ်လန့်တုန်လှုပ်နေကြပြီး သေဆုံးတော့မည်ဟု ထင်မှတ်လိုက်ချိန်တွင် ကျုံးရှန် လှုပ်ရှားလိုက်သည်။

"ရွှပ်..."

သူသည် နတ်ဘုရားအလင်းတန်းများ၏ ရှေ့သို့ ဝင်ရောက် ပိတ်ဆို့လိုက်၏။

သူ၏ ခန္ဓာကိုယ်ပေါ်တွင် အတ္တမဲ့ နှလုံးသားမဲ့ နဂါးမဲ့သံချပ်ကာ ပေါ်ထွက်လာပြီး အလင်းရောင်များ တောက်ပနေကာ သူ၏ ခန္ဓာကိုယ်တွင်းရှိ ဟင်းလင်းပြင် နတ်ဘုရား တံဆိပ် မှ ဖြစ်ပေါ်လာသော တရားထိုင်နေသည့်ရွှေရောင်လူသားလေးသည်လည်း ပြင်ပမှ အရှိန်အဝါကို ခံစားမိလိုက်သည့်အလား ရွှေရောင်လက်ချောင်းလေးများဖြင့် ရှေ့သို့ လှုပ်ရှားလိုက်သည်။

ကျုံးရှန်၏ လက်ထဲတွင် တံခါးရွက်မျှ ကြီးမားသော ဆေဘာဓားတစ်လက် ပေါ်လာသည်။ ဆေဘာဓားကြီး တစ်ခုလုံး ကြည်လင်တောက်ပနေပြီး ဓားသွား၏ တစ်ဖက်ခြမ်းမှာ ထိုင်းမှိုင်းလေးလံနေကာ ကမ္ဘာတစ်ခုလုံး၏ အလေးချိန်ကို စုစည်းထားသကဲ့သို့ ရှိနေ၏။ အခြားတစ်ဖက်မှာမူ ကြောက်မက်ဖွယ်ကောင်းလောက်အောင် ထက်ရှနေပြီး ကျုံးရှန် မလှုပ်ရှားသေးသည်တောင်မှ ဟင်းလင်းပြင်ကို ဖြတ်ပိုင်းနေ၏။

မည်သူမဆို ထိုဓားကို ကြည့်လိုက်မိသည်နှင့် ဓားသွားမှ ထွက်ပေါ်နေသော ဖြတ်တောက်ခြင်း နိယာမများကြောင့် မျက်လုံးကန်းသွားနိုင်ပေသည်။ နဂါးမဲ့ ကျင့်စဉ် ဖန်ဆင်းခြင်း အဆုံးမဲ့ တိုက်ခိုက်ရေး နည်းစနစ် ချန်ကျွင်းဆေဘာဓား။

ဤဓားကို ကိုင်ဆောင်လိုက်သည်နှင့် စကြဝဠာတစ်ခုလုံးကို ဓားတစ်ချက်တည်းဖြင့် ချေမှုန်းဖျက်ဆီးပစ်နိုင်သည့် ခံစားမှုမျိုး ရရှိလိုက်ကာ ကျုံးရှန်သည် ကျိန်စာနတ်ဘုရားမ ထုတ်လွှတ်လိုက်သော အဆုံးမဲ့ နတ်ဘုရားအလင်းတန်းများကို ရင်ဆိုင်ရန် ပြင်ဆင်လိုက်သည်။

ထို့နောက်လက်နှစ်ဖက်ဖြင့် ချန်ကျွင်းဆေဘာဓါးကြီးကို ဆုပ်ကိုင်လိုက်ပြီး ကမ္ဘာမြေပေါ်တွင် အားအကောင်းဆုံး လေးကြိုးကို ဆွဲတင်လိုက်သကဲ့သို့ အဆုံးစွန်လွှဲရမ်းလိုက်၏။

"ဝုန်း..."

ချန်ကျွင်းဆေဘာဓားကြီးသည် စကြဝဠာ၏ အမိုးခုံးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ကမ္ဘာမြေကို ဖိချလိုက်သကဲ့သို့ ပြင်းထန်စွာ ခုတ်ပိုင်းချလာသည်။ ကောင်းကင်တစ်ခုလုံး စကြဝဠာအမိုးခုံး၏ ဖိနှိပ်မှုကို ခံလိုက်ရပြီး မိစ္ဆာသားရဲများထံ တိုးဝင်လာသော နတ်ဘုရားအလင်းတန်းများ အားလုံး ချေမှုန်းခံလိုက်ရသည်။

ထို့နောက် ကျုံးရှန်သည် ဟင်းလင်းပြင်ကို ဖြတ်ကျော်သွားကာ ကျိန်စာနတ်ဘုရားမ၏ ရှေ့သို့ ရောက်ရှိသွားပြီး အေးစက်စွာ ပြုံးလိုက်ရင်း သူမ၏ ပုဝါကို လှမ်းဆွဲလိုက်၏။

"ဟမ်... ဒါ ဘာသိုင်းကွက်လဲ"

"ငါ ကမ္ဘာပေါင်းများစွာကို တိုက်ခိုက်သိမ်းပိုက်ခဲ့ဖူးတယ်... အပြင်ဘက်ကမ္ဘာ က ဟင်းလင်းပြင် နတ်ဘုရားတွေကိုတောင် မြင်တွေ့ဖူးပေမယ့်... ဒီလို ကျင့်စဉ်မျိုး တစ်ခါမှ မမြင်ဖူးဘူး"

"ငါ့ ပုဝါကိုဆွဲဖြုတ်ချင်တာလား... သေချင်နေတာပဲ"

ကျိန်စာနတ်ဘုရားမကပြောလိုက်ပြီး ကျုံးရှန်၏ လက်ကို မျက်လုံးမှ အနက်ရောင်ကျိန်စာအလင်းတန်းများဖြင့် ပစ်လွှတ်လိုက်သည်။

သို့သော် နောက်ဆက်တွဲ ဖြစ်ပေါ်လာသည့် အခြေအနေကြောင့် သူမ၏ မျက်နှာထား ချက်ချင်းပြောင်းလဲသွားလေသည်။ သူမ၏ အစွမ်းထက်သော ကျိန်စာနတ်ဘုရား အမိန့်တော်ကို အဆပေါင်းများစွာ ပိုမိုကြီးမားသော ကျိန်စာစွမ်းအားတစ်ခုက ပြန်လည် တွန်းကန်ထုတ်လိုက်သည်ကို တွေ့လိုက်ရသောကြောင့် ဖြစ်၏။

"ဒါက ဘယ်လို ကျိန်စာမျိုးလဲ..."

"ကောင်းကင်နိယာမထက်တောင် ကျော်လွန်နေပါလား..."

" ကမ္ဘာ့စိတ်ဆန္ဒရဲ့ အငွေ့အသက်တွေရော... ရေတွက်လို့ မရနိုင်တဲ့ ကံတရား အကြောင်းအကျိုးတွေရော ရောထွေးပါဝင်နေတာပဲ..."

"ဒီလောက် အားကောင်းတဲ့ ကျိန်စာကို ထမ်းပိုးထားရတာတောင် မင်းက ဘယ်လိုလုပ် အသက်ရှင်နေနိုင်သေးတာလဲ"

All Chapters