အခန်း (၁၀၂)
Vol. 11 Ch. 102
"ခန့်မှန်းကြည့်လေ..."
"ဝမ်ရှန့်တိုက်ကြီးတစ်ခုလုံးမကလို့... အချိန်နဲ့ ဟင်းလင်းပြင်ထဲက သက်ရှိအားလုံး ကြောက်ရွံ့ရတဲ့ ကျိန်စာမျိုးဖြစ်နေရင်တောင် ငါကမကြောက်ဖူး..."
ကျုံးရှန်က ပါးစပ်အနားစွန်းကို ကွေးညွှတ်လိုက်ရင်း ပြုံးလိုက်သည်။
ကျိန်စာနတ်ဘုရားမ ဖြစ်နေလျှင်ကော ဘာဖြစ်သနည်း။ ဝမ်ရှန့်တိုက်ကြီး၏ အသိဉာဏ်မဲ့လှတဲ့ ကမ္ဘာ့စိတ်ဆန္ဒကိုယ်တိုင်ပင် သူ့ကဲ့သို့ စနစ်ရှိသူကို မသတ်နိုင်ချေ။ စနစ် ဆိုသည့် အရာသည်လည်း မူလကတည်းက ကောင်းကင်နိယာမတွေကို ဆန့်ကျင်နေသည့် အရာတစ်ခု ဖြစ်လေပြီး မည်သည့်အကြောင်းပြချက်မှမရှိဘဲ ရတနာတွေ၊ အခွင့်အလမ်းကောင်းတွေကို ထုတ်ပေးနိုင်သည့်အတွက်ကြောင့် ကောင်းကင်တာအိုအတွက် မျက်နှာပျက်စရာဖြစ်ခဲ့ရသည်။
ထို့အပြင် ထိုစဉ်က ကျုံးရှန်သည်လည်း မာနအလွန်ကြီးခဲ့သူ ဖြစ်ပြီး ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီး၏ ကမ္ဘာ့ဗဟိုချက်ရှိ မူလဇစ်မြစ် မှတစ်ဆင့် ဤကမ္ဘာကြီး တည်ရှိနေရခြင်း၏ အမှန်တရားကို ရှာဖွေချင်ခဲ့သည်။ စွမ်းအားတွေ ပိုကြီးမားလာလေလေ သိလိုစိတ်က ပိုပြင်းပြလာလေလေဖြစ်ရာ ဤကမ္ဘာသို့ ကူးပြောင်းရောက်ရှိလာခဲ့သလို ပြန်သွားမည့် လမ်းကိုလည်း ရှာတွေ့နိုင်သည်ဟု တွေးခဲ့မိခြင်းဖြစ်၏။ ဤသည်မှာ သူကဲ့သို့ ဝိညာဉ်ကူးပြောင်းလာသူ တစ်ဦး၏ စွဲလမ်းမှုတစ်ခုပင် ဖြစ်သည်။
သို့သော်ဝမ်ရှန့်တိုက်ကြီး၏ ကမ္ဘာ့ဗဟိုချက်ရှိမူလဇစ်မြစ်တွင် ကိုယ်ပိုင်စိတ်ဆန္ဒတစ်ခု မွေးဖွားပြီးသားဖြစ်နေလိမ့်မည်ဟု သူ မထင်မှတ်ခဲ့ချေ။ ကမ္ဘာ့မူလဇစ်မြစ်ကို စုံစမ်းထောက်လှမ်းခြင်းသည် ဝမ်ရှန့်တိုက်ကြီး၏ လျှို့ဝှက်ချက်ကို အတင်းဆွဲလှန်ကြည့်သကဲ့သို့ ဖြစ်သွားသည်။ သို့ဖြစ်ရာ အလွန်ကြီးလေးသော စော်ကားမှုတစ်ခု ဖြစ်သွားခဲ့ပြီး ထို့ကြောင့်ပင် သူသည် နှစ်ပေါင်းတစ်သန်းကြာ ကံဆိုးမည့် ကျိန်စာကို ခံခဲ့ရသည်။ ထိုကျိန်စာကြောင့်ပင် ယခုခေတ်သည် ပို၍ ဆုတ်ယုတ်လာခဲ့ကာ နတ်ဘုရားအဆင့်ရှိသူ သို့မဟုတ် ကောင်းကင်နိယာမ၏ အသိအမှတ်ပြုခြင်းခံရသော သူတော်စင်စစ်စစ် တစ်ဦးတစ်ယောက်မှ ပေါ်ထွက်မလာတော့ပေ။ မရေမတွက်နိုင်သော အကျိုးအကြောင်း ကံတရားများမှာ ကျုံးရှန်၏ ခေါင်းပေါ်သို့ စုပုံရောက်ရှိလာလေသည်။
ထူးဆန်းသည်မှာ စနစ်သည်လည်း ကောင်းကင်နိယာမနှင့် အပြိုင် ကစားနေပုံရသည်။ ကျုံးရှန်အနေဖြင့် စနစ်ကို အသုံးပြုပြီး အေးအေးဆေးဆေး နှစ်ပေါင်းတစ်သိန်းခန့် စွမ်းအားတွေ စုဆောင်းလာခဲ့ပြီး သူ၏ သက်တမ်းကုန်ဆုံးတော့မည့် အချိန်တွင် စနစ်က လုပ်ဆောင်ချက်အသစ်များကို ဖွင့်ပေးလိုက်ခြင်း ဖြစ်သည်။ ဤသည်မှာ ကောင်းကင်နိယာမကို ပြန်လည် တုံ့ပြန်လိုက်ခြင်းပင် ဖြစ်၏။
မင်းက သူ့ကို နှစ်တစ်သန်း ကျိန်စာတိုက်ထားတယ် ဟုတ်လား...ငါကလည်း သူ့ကို နှစ်တစ်သန်း အသက်ရှင်အောင် လုပ်ပေးမယ်ဆိုသည့် သဘောပင်။
ကျင့်ကြံခြင်းအဆင့် ရှိမရှိက အရေးမကြီးပေ။ စနစ်ကို သုံးထားပြီး အချိန်သာ လုံလုံ လောက်လောက်ရနေလျှင် မည်သည့် နတ်ဘုရားကိုမဆို ရိုက်သတ်နိုင်မည် ဖြစ်သည်။ ထို့ကြောင့် ကျုံးရှန်သည် မည်သည့် ကျိန်စာကိုမဆို ဂရုမစိုက်ဘဲ အေးဆေးတည်ငြိမ်နေနိုင်ခြင်း ဖြစ်၏။ သို့ဖြစ်ရာအားအပြင်းဆုံး ကျိန်စာပင် သူ့ကို မသတ်နိုင်ခဲ့ရာ ကျိန်စာနတ်ဘုရားမ တစ်ပါး၏ ကျိန်စာဆိုသည်မှာ ကမ္ဘာ့အလိုတော်ထက် သာလွန်နိုင်ပါဦးမည်လော။
သူ၏ ပေါ့ပေါ့ပါးပါး ရှင်းပြချက်ကိုကြားပြီးနောက်တွင် ကျိန်စာနတ်ဘုရားမက ဒေါသမထွက်တော့ဘဲ လခြမ်းကွေးသဏ္ဌာန် မျက်ခုံးများကို ပင့်လိုက်ကာ ထူးဆန်းသော အပြုံးတစ်ခု ပြုံးပြလိုက်သည်။ သူမ၏ ပုံရိပ်သည် တစ်ချက် တုန်ခါသွားပြီး နောက်သို့ မဆုတ်ဘဲ ရှေ့သို့ ခြေတစ်လှမ်း တိုးဝင်လာ၏။
"မင်းက တကယ် ထူးခြားတာပဲ"
"မင်းဆီမှာ ကြီးမားတဲ့ လျှို့ဝှက်ချက်တစ်ခု ရှိနေတယ်"
"ငါ မင်းကို အရှင်ဖမ်းပြီး မူလခန္ဓာကိုယ်ဆီ ပို့ပေးရမယ်... ပြီးမှ မင်းရဲ့ ဝိညာဉ်ကို ဆွဲထုတ်ပြီး အစအဆုံး ရှာဖွေရမယ်"
ပြောရင်းနှင့် သူမ၏ မျက်ဝန်းမှ အနက်ရောင် အလင်းတန်းများ ပိုမိုတောက်ပလာကာ တွင်းနက်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ထို့နောက်ကြီးမားသော ဆွဲငင်အားတစ်ခု ထွက်ပေါ်လာပြီး ချန်ကျွင်းဆေဘာဓားနှင့် စကြဝဠာအမိုးခုံးမှ အလင်းရောင်များကို မျိုချပစ်လိုက်ကာ အရာအားလုံးကို ဝါးမြိုတော့မည့်အလား ကျုံးရှန်ဆီသို့ ဦးတည်လာတော့သည်။
"ကောင်းကင်ဝါးမြိုခြင်း တွင်းနက်လား... မင်းရဲ့ အစာအိမ်က ခံနိုင်ရည်ရှိပါ့မလားလို့ စိုးရိမ်ရသား..."
ကျုံးရှန်က အေးစက်စွာ ရယ်မောလိုက်ပြီး လက်ချောင်းဖြင့် တစ်ချက် တောက်လိုက်သည်။ ထိုအခါ တွင်းနက်ကြီးမှာ တုန်ခါလာပြီး ဆွဲငင်အားများလည်း မတည်မငြိမ် ဖြစ်လာ၏။ တွင်းနက်ထဲသို့ မျိုချခြင်းခံလိုက်ရသော ချန်ကျွင်းဆေဘာဓားမှာ ပြင်းထန်စွာ တုန်ခါလာပြီး ဝုန်းခနဲ ပေါက်ကွဲသွားကာ တွင်းနက်ကြီးကို ဖွဲ့စည်းထားသော ကျိန်စာစွမ်းအားများလည်း ပျောက်ကွယ်သွား၏။ ကျိန်စာနတ်ဘုရားမလည်း သက်ရောက်မှုခံလိုက်ရကာ သူမ၏ပုံရိပ်သည် အနည်းငယ် မှိန်ဖျော့သွားသည်။
"ရဲတင်းလှချည်လား"
သူမ အလွန်ဒေါသထွက်သွားသည်။ နိယာမနယ်ပယ် အဆင့် ၂၈ သာရှိသည့် သူတော်စင်တစ်ပိုင်းအဆင့် တစ်ဦးမှာ ဤမျှ ထူးဆန်းသော နတ်ဘုရားစွမ်းရည်များကို ပိုင်ဆိုင်ထားလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူမ၏ တွင်းနက်ထဲကို မျိုချခံလိုက်ရတဲ့ ဆေဘာဓားက အဆက်အသွယ် ပြတ်တောက်သွားသော်လည်း ကျုံးရှန်က ဆက်လက် ထိန်းချုပ်နိုင်နေသေးသည်။ သူမရှုံးသွားလေသည်။
ဤတစ်ကြိမ်တွင် သူမ အရှုံးပေးလိုက်ရခြင်း ဖြစ်ပေသည်။ သူမသည် မူလခန္ဓာကိုယ်မှ ဆင်းသက်လာသော အသိစိတ်တစ်စိတ်တစ်ပိုင်းသာ ဖြစ်သော်လည်း ဤအရှုံးကို လက်မခံနိုင်ပေ။
"ဝုန်းးးး"
သူမ၏ တစ်ကိုယ်လုံး တုန်ခါသွားပြီး ခန္ဓာကိုယ်ပေါ်ရှိ သင်္ကေတများမှာ အသက်ဝင်လာသကဲ့သို့ ပျံထွက်လာကြသည်။ ထိုသင်္ကေတများဆီမှ ကြောက်မက်ဖွယ်ကောင်းသော အသံပေါင်းစုံ ထွက်ပေါ်လာကာ ကမ္ဘာမြေကို တုန်လှုပ်စေပြီး ဟင်းလင်းပြင်များ ပျက်စီးသွားစေသည်။ ကောင်းကင်ယံတွင် ကြယ်တာရာများ မိုးရွာသကဲ့သို့ ထိုးကျလာ၏။
ကောင်းကင်တစ်ခုလုံးတွင် ထူးဆန်းသော ပုံရိပ်ပေါင်းများစွာ ပေါ်ထွက်လာပြီး နယ်မြေအနှံ့ကို ဖုံးလွှမ်းသွားသည်။ နတ်ဘုရား အရှိန်အဝါများ လှိုင်းတံပိုးကြီးများကဲ့သို့ တလိမ့်လိမ့် တက်လာပြီး ကောင်းကင်တစ်ခုလုံးကို လွှမ်းခြုံသွားရာ အဆုံးမဲ့ သဲကန္တာရ၏ တစ်ဝက်ခန့်အထိ ဖုံးလွှမ်းသွားသည်။
လူပေါင်းများစွာမှာ ထိတ်လန့်တုန်လှုပ်နေကြ၏။ ဟွမ်ရှားခေါင်းဆောင်များရော မိစ္ဆာသားရဲများပါ ထိုမြင်ကွင်းကြောင့် အလွန်အမင်း တုန်လှုပ်နေကြပြီး စကားပင် မပြောနိုင်တော့ချေ။ ကောင်းကင်ယံရှိ မရေမတွက်နိုင်သော ကျိန်စာသင်္ကေတ ဝိညာဉ်များအားလုံးမှာ ကျုံးရှန်ဆီသို့ ဦးတည်လိုက်ကာ သင်္ကေတ တစ်ခုချင်းစီမှ အနက်ရောင် အလင်းတန်းများဖြင့် တန်းတန်းမတ်မတ် ပစ်လွှတ်လာ၏။ ကောင်းကင်တစ်ခုလုံး အနက်ရောင် အလင်းတန်းများဖြင့် ပြည့်နှက်သွားပြီး ကမ္ဘာမြေကြီးမှာလည်း ချက်ချင်း မှောင်အတိ ကျသွားသည်။
ကျုံးရှန်၏ မိစ္ဆာသားရဲများသာမက ကျန်ရှိနေသေးသော ဟွမ်ရှားစစ်သည်များပါ ထိုအလင်းတန်းများ၏ လွှမ်းခြုံမှုကို ခံလိုက်ရသည်။ ထိုအနက်ရောင် အလင်းတန်းများတွင် အရာအားလုံးကို ဖျက်ဆီးပစ်နိုင်သော ကျိန်စာစွမ်းအားများ ပါဝင်နေသည်။ အကယ်၍ ထိုအလင်းတန်းနှင့် ထိတွေ့မိပါက သူတော်စင်တစ်ပိုင်းအဆင့် မိစ္ဆာသားရဲပင်လျှင် ချက်ချင်း သေဆုံးသွားနိုင်ပြီး ခန္ဓာကိုယ် ပြန်လည် တည်ဆောက်ရန် အခွင့်အရေးပင် ရလိမ့်မည် မဟုတ်ဘဲ ဝိညာဉ်နှင့် အသက်စွမ်းအားပါ တစ်ခဏချင်းအတွင်း ပျောက်ကွယ်သွားရပေလိမ့်မည်။
ကျုံးရှန် မျက်ခုံးတစ်ချက် ပင့်လိုက်လျှင် ကိုးဆင့်ပြောင်းလဲ စစ်သင်္ဘောပေါ်မှ လှေငယ်တစ်စင်း ပျံထွက်လာပြီး စစ်သင်္ဘောနှင့် မိစ္ဆာသားရဲအားလုံး ပျောက်သွား၏။ထို့နောက် ကျုံးရှန်၏ တစ်ကိုယ်လုံးတွင် တောက်ပသော အလင်းရောင်များ ထွက်ပေါ်လာသည်။
အတ္တမဲ့ နှလုံးသားမဲ့ နဂါးမဲ့ ကောင်းကင်အလင်းတန်း နတ်ဘုရားစွမ်းရည်။
ကျုံးရှန်သည် ကောင်းကင်မှ ကျဆင်းလာသော မရေမတွက်နိုင်သည့်အနက်ရောင် အလင်းတန်းများ ကို ကြံ့ကြံ့ခံ ဟန့်တားလိုက်သည်။ ခဏချင်းမှာပင် နှစ်ဖက်စွမ်းအားများမှာ တစ်ဖက်နှင့်တစ်ဖက် အသာမရဘဲ အားပြိုင်နေကြတော့၏။
"ဟမ့်..."
"မင်းက တကယ်ကို မရိုးရှင်းဘူးပဲ"
ကောင်းကင်ယံမှ ကျိန်စာနတ်ဘုရားမ၏ အသံ ထွက်ပေါ်လာသည်။ သူမ၏ အတွေ့အကြုံမှာ အလွန်ပင် ကျယ်ပြောလှပြီး အဆုံးမဲ့ အချိန်နှင့် ဟင်းလင်းပြင်ထဲမှ မရေမတွက်နိုင်သော ပါရမီရှင်များကို ကျိန်စာတိုက်ခဲ့ဖူး၏။ အချို့သော ကမ္ဘာများကိုပင် ဖျက်ဆီးပြီး ကျိန်စာစွမ်းအားအဖြစ် ပြောင်းလဲပစ်ခဲ့ဖူးပေသည်။
သို့ဖြစ်ရာကျုံးရှန်၏ ကျင့်ကြံခြင်းအဆင့်မှာ နိယာမနယ်ပယ် အဆင့်တွင်သာ ရှိနေသည်ကို သူမ အသေအချာ မြင်နိုင်လေသည်။ သို့ဆိုရာတွင် ဤသူသည် အလွန် ထူးဆန်းသော ကျင့်စဉ်အချို့ကို ကျင့်ကြံထားပုံရပြီး သူ၏ စွမ်းအားမှာလည်း နတ်ဘုရားအဆင့်သို့ပင် ရောက်ရှိနေသည်။ ဤသို့သော ကျင့်စဉ်မျိုးမှာ လုံးဝ မဖြစ်နိုင်သည့်အရာဖြစ်ပြီး ကောင်းကင်တာအို၏နိယာမနှင့် သဘာဝတရား၏ အမှန်တရားကို ချိုးဖောက်နေခြင်းပင် ဖြစ်သည်။
သူမ ကိုယ်တိုင် မျက်မြင် တွေ့ရခြင်းမဟုတ်လျှင် ကျင့်ကြံခြင်းအဆင့် ကွာခြားချက်ကြီးမားမှုကို ကျော်လွှားနိုင်သည့် ဤသို့သော ကျင့်စဉ်မျိုး ရှိလိမ့်မည်ဟု ယုံကြည်မည် မဟုတ်ပေ။ နိယာမနယ်ပယ် အဆင့်လောက်နှင့် နတ်ဘုရားတစ်ပါးကို ယှဉ်နိုင်ခြင်းမှာ ပုရွက်ဆိတ်တစ်ကောင်က သစ်ပင်ကြီးကို လှုပ်ခါနေသကဲ့သို့ပင် အံ့ဩတုန်လှုပ်ဖွယ် ကောင်းလှပေသည်။
သို့သော် သူမ အနည်းငယ် အံ့အားသင့်ရုံသာ ဖြစ်ပြီး အနည်းငယ်စိတ်ဝင်စားမှု ရှိရုံသာဖြစ်သည်။ သူမ နတ်ဘုရား ဖြစ်လာခဲ့သည့် အချိန်မှာ အလွန်ပင် ကြာမြင့်လှပြီ ဖြစ်၏။ ခေတ်ကာလများစွာ ပြောင်းလဲခဲ့သော်လည်း သူမသည် ကမ္ဘာကြီးနှင့်အတူ ဆက်လက် တည်ရှိနေဆဲ ဖြစ်သည်။ သို့ဖြစ်ရာသူမ၏ အမြင်တွင် မည်မျှပင် ထူးချွန်သော ပါရမီရှင်ဖြစ်ပါစေ သမိုင်းကြောင်းထဲမှ လှိုင်းလုံးအသေးစားလေး တစ်ခုသာ ဖြစ်ပေသည်။ နတ်ဘုရားတစ်ပါးအနေဖြင့် သူမတွင် ကိုယ်ပိုင်မာနနှင့် ဂုဏ်သိက္ခာ ရှိပြီး အရှုံးပေးမည့်အစား အသေခံမည့်သူမျိုး ဖြစ်၏။ သူမ၏ ဝမ်ယွမ် သေခြင်းကျိန်စာသည် အစွမ်းကုန် အသုံးပြုလိုက်လျှင် ကမ္ဘာငယ်တစ်ခုလုံးရှိ သက်ရှိအားလုံးကို ကျိန်စာတိုက် သတ်ဖြတ်နိုင်စွမ်းရှိသည်။
ယခုအခါ သူမသည် ပုံရိပ်ယောင်အဖြစ် ဆင်းသက်လာခြင်း ဖြစ်သော်လည်း နတ်ဘုရားအဆင့်သို့ စတင်ဝင်ရောက်ခါစသူ တစ်ဦးကို ဖမ်းဆီးရန်မှာ မခဲယဉ်းပေ။ သို့သော် ယခုသူမရှေ့မှလူငယ်သည် သူမ၏ တိုက်ခိုက်မှုကို တောင့်ခံထားနိုင်ကာ သူ၏ ကိုယ်ပေါ်မှ ထူးဆန်းသော အလင်းရောင်မှာ အရာအားလုံးကို ကာကွယ်ထားနိုင်သည့်အလား အစွမ်းထက်လှပေသည်။