အခန်း (၁၀၃)
Vol. 11 Ch. 103
ကောင်းကင်ယံထက်တွင် ကျိန်စာသင်္ကေတ ဝိညာဉ်ဆိုးများ ဒေါသတကြီး ဟိန်းဟောက် အော်မြည်နေ၏။ ဝိညာဉ်တစ်ခုချင်းစီက မတူညီသော နိယာမတရားများကို ထုတ်လွှတ်လိုက်ရာ ကမ္ဘာကြီးတစ်ခုလုံးကို သုတ်သင်ပစ်တော့မည့်အလား ကြောက်မက်ဖွယ်ရာစွမ်းအားများကျဆင်းလာသည်။
သို့သော် ကျုံးရှန်မှာမူ အနည်းငယ်မျှ ကြောက်ရွံ့ခြင်း မရှိပေ။ သူ၏တစ်ကိုယ်လုံးမှ တောက်ပသော အလင်းတန်းများ ဆက်လက်ထုတ်လွှတ်နေပြီး ဝမ်ယွမ်သေခြင်းကျိန်စာ၏ဝိညာဉ်ဆိုးများတိုက်ခိုက်ခြင်းမှ ကာကွယ်ထားလေသည်။ သို့သော်လည်း ဤ ဝမ်ယွမ် သေခြင်းကျိန်စာမှာ အမှန်တကယ်ပင် အစွမ်းထက်လှ၏။ ကျုံးရှန်အနေဖြင့် ခုခံထားနိုင်သော်လည်း ကျိန်စာ၏ အရင်းအမြစ်ဖြစ်သည့် ကျိန်စာနတ်ဘုရားမ၏ မူလခန္ဓာကိုယ်ကို သတ်ဖြတ်ရန်မှာမူ မလွယ်ကူလှချေ။
"ဟမ့်... မင်းရဲ့ အလင်းတန်းက ဘယ်လောက်အထိ တောင့်ခံနိုင်မှာမို့လို့လဲ.. နတ်ဘုရားတစ်ပါးကို.. စိန်ခေါ်ဖို့အထိ သတ္တိဘယ်လောက်တောင်ရှိလဲဆိုတာကြည့်ရသေးတာပေါ့..."
ကျိန်စာနတ်ဘုရားမထံမှ အနက်ရောင်အလင်းတန်းများ ဖြာထွက်လာပြီး ကျုံးရှန်ကို လွှမ်းခြုံသွားသည်။ ထိုနတ်ဘုရားအလင်းတန်းများသည် ကျုံးရှန်အား ကြက်ဥခွံတစ်ခုသဖွယ် ပိတ်လှောင်လိုက်၏။ မရေမတွက်နိုင်သော ဝိညာဉ်ဆိုးများထံမှ ထွက်ပေါ်လာသော အလင်းတန်းများမှာ ထိုကြက်ဥခွံကို အားဖြည့်ပေးနေသော အာဟာရများဖြစ်လာကာ ကြက်ဥခွံအတွင်းပိုင်းတွင်လည်း အနီရောင်ရင့်ရင့် တိမ်တိုက်မြူခိုးများ မြင့်တက်လာပြီး ကျုံးရှန်၏ အတ္တမဲ့ နှလုံးသားမဲ့ နဂါးမဲ့ ကောင်းကင်အလင်းတန်း ကို စတင် တိုက်စားလာလေသည်။
"ငါ့ရဲ့ ဒီ နတ်သက်ကြွေ အဆိပ်ငွေ့နဲ့တွေ့ရင် နတ်ဘုရားတစ်ပါးတောင် ထိခိုက်မှုခံစားရလိမ့်မယ်..."
"ဟင်... ဒီလှေငယ်က..."
သူမ၏ စကားသံ ရပ်တန့်သွားပြီး အသိစိတ်ဖြင့် ကောင်းကင်နှင့် မြေပြင်အကြားကို ဖြတ်ကျော်ကြည့်ရှုလိုက်ရာ
ရိုးရှင်းလှသည့်ထိုလှေငယ်လေးသည် အဆုံးမဲ့ ကျိန်စာအလင်းတန်းများကြားတွင် အနည်းငယ်မျှ ထိခိုက်မှုမရှိဘဲ ရှိနေသည်ကို တွေ့လိုက်၏။ လှေငယ်လေး၏ကိုယ်ထည်မှ ထူးဆန်းပြီး မှိန်ဖျော့သော အရှိန်အဝါတစ်ခု ထွက်ပေါ်နေကာ ထိုအရှိန်အဝါသည် လှေငယ်ပေါ်သို့ တက်လိုက်ရုံဖြင့် အရာအားလုံးမှ လွတ်မြောက်ကာ အဆုံးမဲ့ အေးချမ်းမှုကို ရရှိနိုင်မည်ဟု ခံစားရစေသည်။
"ဒါ... ဒါက..."
သူမ ဇဝေဇဝါ ဖြစ်ကာ မယုံနိုင် ဖြစ်သွား၏။ ထို့နောက် တစ်ကိုယ်လုံး ငှက်ဖျားတက်သကဲ့သို့ ပြင်းထန်စွာ တုန်ခါလာပြီးကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရားအရှိန်အဝါများ အရပ်မျက်နှာအနှံ့သို့ ရိုက်ခတ်သွားလေသည်။
သူမ ကာကွယ်ပေးထားသဖြင့် ကျိန်စာဘေးမှ လွတ်ကင်းနေသော ဟွမ်ရှားစစ်သည်များမှာ ထိုနတ်ဘုရားအရှိန်အဝါ၏ ရိုက်ခတ်မှုကို ခံလိုက်ရပြီး အဆိပ်ငွေ့များအဖြစ် အရည်ပျော်ကျသွား၏။ သက်ကြီးရွယ်အိုများနှင့် ပုတ်သင်ညိုကြီးများ စီးနင်းထားသော စစ်သည်များပင် ကံဆိုးမိုးမှောင်ကျခြင်းမှ မလွတ်နိုင်ခဲ့ချေ။ ဟွမ်ရှားစစ်သည် သန်းပေါင်းများစွာမှာ မိုင်ပေါင်း သန်းချီရှည်လျားသော အဆိပ်ငွေ့တိမ်တိုက်ကြီးအဖြစ် ပြောင်းလဲသွားလေသည်။ အနောက်ဘက် မိုင်သန်းပေါင်းများစွာ အကွာအဝေးအတွင်းရှိ လူမျိုးစုငယ် ရာပေါင်းများစွာမှာလည်း အဆိပ်ငွေ့များ ဖုံးလွှမ်းခြင်း ခံလိုက်ရပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် အရည်ပျော်ကျကာ အစအနပင် မကျန်တော့ချေ။ သို့ဖြင့် အဆိပ်ငွေ့ထုကြီးသည် ပိုမို ကြီးမားလာ၏။
ကျိန်စာနတ်ဘုရားမမှာ ရူးသွပ်သွားသည့်အလား သူမ၏ တစ်ကိုယ်လုံးတွင် ဖုံးလွှမ်းနေသော နတ်ဘုရား အရှိန်အဝါများပင်…
"ဝမ်ချွမ်းလှေ"
"ဒါ ဝမ်ချွမ်းလှေပဲ"
သူမသည် ရင်ထဲမှ စိတ်လှုပ်ရှားမှုကို မထိန်းချုပ်နိုင်ဘဲ အော်ဟစ်လိုက်မိသည်။
ဝမ်ချွမ်း ဆိုသည်မှာ အဘယ်နည်း။ အစွမ်းထက်သော ပုဂ္ဂိုလ်ကြီးများက အဆုံးမဲ့ ဟင်းလင်းပြင်နှင့် အဆုံးမဲ့ အချိန်ကာလတို့၏ အဆုံးသတ်သည် ဝမ်ချွမ်း သို့ မေ့လျော့ခြင်းမြစ် ဖြစ်သည်ဟု ဆိုခဲ့ကြဖူးသည်။
မည်သူသည် ဝမ်ချွမ်းသို့ ရောက်ရှိနိုင်သနည်း။
ရှေးယခင်မှ ယခုတိုင်အောင် မည်သူမျှ ရှင်းရှင်းလင်းလင်း မဖော်ပြနိုင်ခဲ့ချေ။ အမြင့်မြတ်ဆုံးသော နတ်ဘုရားများပင်လျှင် ဝမ်ချွမ်းသို့ အမှန်တကယ် မရောက်ရှိဖူးကြပေ။
ကမ္ဘာ့သစ်ပင်အပြင်ဘက် နှင့် မတူဘဲ ဝမ်ချွမ်းဆိုသည်မှာ လွတ်မြောက်ရာ နယ်မြေတစ်ခုနှင့် ပို၍ တူလှသည်။
အမြင့်မြတ်ဆုံး နတ်ဘုရားများ ဆိုသည်မှာလည်း ထိုလွတ်မြောက်ရာနယ်မြေရှိရာသို့ အနည်းငယ် ပို၍ လျှောက်လှမ်းနိုင်သူများသာ ဖြစ်သည်။
တစ်ခါက အမြင့်မြတ်ဆုံး နတ်ဘုရားတစ်ပါးသည် ကောင်းကင်နိယာမ၏ အဆုံးသတ်သို့ ရောက်ရှိခဲ့ပြီး ကောင်းကင်ဘုံကပင် သူ့ကို မချုပ်တည်းနိုင်တော့ချေ။ သူသည် ဝမ်ရှန်တိုက်ကြီးတစ်ခုလုံးကို ရှာဖွေခဲ့ပြီး မရေမတွက်နိုင်သော ကမ္ဘာများကို တိုက်ခိုက်သိမ်းပိုက်ခဲ့ကာ
ကမ္ဘာ့သစ်ပင်အပြင်ဘက် ရှိ ဟင်းလင်းပြင် နတ်ဘုရားများ၏ နယ်မြေသို့ပင် သွားရောက်ပြီး ပစ္စည်းများကို စုဆောင်းခဲ့သည်။ နောက်ဆုံးတွင် သူသည် ဝမ်ချွမ်းလှေတစ်စင်းကို တည်ဆောက်နိုင်ခဲ့၏။ ထို့နောက် သူသည် ထိုလှေကို စီးနင်းပြီး အဆုံးမဲ့ ဟင်းလင်းပြင်ထဲသို့ တစ်ဦးတည်း ထွက်ခွာသွားလေသည်။ ခေတ်ကာလပေါင်းများစွာ ကုန်လွန်သွားခဲ့သော်လည်း သူ ပြန်ရောက်မလာခဲ့တော့ပေ။
သူ၏ နာမည်သည်ပင်လျှင် အချိန်ကာလမြစ်ကြောင်းထဲ၌ ပျောက်ကွယ်သွားခဲ့၏။ ရှေးဟောင်းကျမ်းစာများ ဆွေးမြည့်သွားပြီး ဖြစ်ရပ်မှန်များ ပျောက်ကွယ်သွားသော်လည်း ဝမ်ချွမ်းလှေ၏ အကြောင်းမှာမူ ဒဏ္ဍာရီအဖြစ် ကျန်ရစ်ခဲ့သည်။ အချို့က ထိုလှေအတွင်း၌ ဝမ်ချွမ်းသို့ ရောက်ရှိနိုင်မည့် လွတ်မြောက်ခြင်း အခွင့်အရေးများ ကိန်းအောင်းနေသည်ဟု ဆိုကြသည်။ အချို့ကလည်း ထိုလှေသည် အဆုံးမဲ့ ဟင်းလင်းပြင်ထဲတွင် ရုတ်တရက် ပေါ်လာတတ်ပြီး ကံပါသူကို တင်ဆောင်ကာ ဝမ်ချွမ်းသို့ ပို့ဆောင်ပေးတတ်သည်ဟု ဆိုကြသည်။
ဒဏ္ဍာရီထဲက ထိုဝမ်ချွမ်းလှေကို ဤနေရာတွင် တွေ့ရလိမ့်မည်ဟု သူမ မထင်ထားခဲ့မိပေ။
"ဒါ ကောင်းကင်က ပေးတဲ့ အခွင့်အရေးပဲ... ဒီလှေရှိရင် ငါ လုံးဝ မလွတ်မြောက်နိုင်ရင်တောင် ပိုပြီး အဆင့်မြင့်တဲ့ အမြင့်မြတ်ဆုံး နတ်ဘုရားနေရာကို တက်လှမ်းနိုင်ပြီး နတ်ဘုရားတွေအားလုံးကို အထက်စီးကနေ ငုံ့ကြည့်နိုင်မှာပဲ"
သူမ အော်ဟစ်လိုက်ကာ ရုတ်တရက် လှုပ်ရှားလိုက်ပြီး ကျုံးရှန်ကိုပင် ဂရုမစိုက်တော့ဘဲ ဝမ်ချွမ်းလှေကို လုယူရန် တစ်ရှိန်ထိုး ပြေးထွက်သွား၏။ သူမ၏ အတွေးထဲတွင် ကျုံးရှန်မှာ ဥခွံအတွင်း ပိတ်မိနေသဖြင့် မည်မျှပင် ထူးခြားပါစေ အဆုံးတွင်ပျောက်ကွယ်ပျက်စီးသွားလိမ့်မည်ဖြစ်သည်။။ စစ်မှန်သော နတ်ဘုရားအဆင့် ကျွမ်းကျင်သူများပင် တောင့်ခံနိုင်ခြင်း မရှိရာ ဖြတ်လမ်းဖြင့် နတ်ဘုရားစွမ်းအားကို ရယူထားသည့် ကောင်လေးတစ်ယောက်အနေဖြင့် မည်သို့ တောင့်ခံနိုင်ပါမည်နည်း။
သူမ၏ အရှိန်မှာ ဖော်ပြ၍မရနိုင်လောက်အောင် မြန်ဆန်လှပြီး အတွေးတစ်ချက်နှင့်ပင် ဝမ်ချွမ်းလှေအရှေ့ကို ရောက်ရှိသွားကာ အနက်ရောင် ပိုက်ကွန်ကြီးတစ်ခုအဖြစ် ပြောင်းလဲလိုက်ပြီး ဝမ်ချွမ်းလှေကို ဖမ်းအုပ်လိုက်၏။
"ဝုန်း..."
ဝမ်ချွမ်းလှေမှာ တစ်စုံတစ်ခုကို အာရုံခံမိသည့်အလား တစ်ကိုယ်လုံးမှ ခရမ်းရောင် အလင်းတန်းများ ထွက်ပေါ်လာသည်။ ထိုအလင်းတန်းများသည် စကြဝဠာဦးအစကို ခွဲခြမ်းလိုက်သည့် ခရမ်းရောင်အငွေ့အသက်များကဲ့သို့ပင် သက်ရှိများကို ဝမ်ချွမ်းကမ်းပါးသို့ ခေါ်ဆောင်သွားတော့မည့်အလား။ အနက်ရောင် ကွန်ရက်ကြီး အပိုင်းပိုင်းအစစ ပြတ်တောက်သွားပြီး ဝမ်ချွမ်းလှေသည် ဝိုင်းရံပိတ်ဆို့ထားမှုများကို ဖောက်ထွက်ကာ ကောင်းကင်ယံထက်သို့ ပျံတက်သွားတော့သည်။
ကျိန်စာနတ်ဘုရားမက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီးနောက်မှထပ်ကြပ်မကွာ လိုက်ပါသွားပြန်သည်။ နှစ်ဦးစလုံး၏ အရှိန်မှာ မယုံနိုင်လောက်အောင် မြန်ဆန်လှပြီး ဟင်းလင်းပြင်နှင့် အစစ်အမှန် ကမ္ဘာကြားတွင် အပြန်အလှန် ဖြတ်ကျော်နေကြ၏။ မျက်တောင်တစ်ခတ်အတွင်းမှာပင် မိုင်ပေါင်း သန်းချီ၍ ဝေးကွာသွားကြပြီ ဖြစ်သည်။ ကျုံးရှန်၏ လက်ရှိစွမ်းအားမှာ လှေ၏ အစွမ်းကို အပြည့်အဝ မထုတ်ဖော်နိုင်သေးသောကြောင့်သာ မဟုတ်ပါက ပို၍ပင် မြန်ဆန်ဦးမည်ဖြစ်သည်။
ထိုစဉ်က အမြင့်မြတ်ဆုံး ပုဂ္ဂိုလ်ကြီးသည် ဝမ်ချွမ်းလှေကို အသုံးပြုကာ အသက်ရှူတစ်ချက်အတွင်း စကြဝဠာပေါင်းများစွာကို ဖြတ်ကျော်နိုင်ခဲ့သည်။ ဤမျှ အမြန်နှုန်း မရှိလျှင် ဝမ်ချွမ်းကမ်းပါးသို့ ရောက်နိုင်သည်ဟု မည်သို့ ကြွေးကြော်ရဲပါ့မည်နည်း။
...
ကျုံးရှန်သည် ဝမ်ချွမ်းလှေကို ဂရုမစိုက်အားပေ။ သူ၏ ခန္ဓာကိုယ်ပတ်လည်ရှိ အလင်းရောင်တစ်ဝက်ခန့်မှာ တိုက်စားခံလိုက်ရပြီ ဖြစ်သည်။ နိယာမနယ်ပယ် အဆင့်မျှဖြင့် အဆုံးမဲ့ ကျိန်စာစွမ်းအားများ ပါဝင်နေသော ယဇ်ပူဇော်အစီအရင်ထဲတွင် ဤမျှ ကြာရှည်စွာ တောင့်ခံနိုင်ခြင်းသည် ရှေးယခင်မှ ယခုတိုင် အကောင်းဆုံးသော စံချိန်တင်မှု ဖြစ်ပေသည်။ရေမတွက်နိုင်သော နတ်ဘုရားများနှင့် ဂိုဏ်းကြီးများ၏ အာရုံစိုက်မှုကို ခံရမည်မှာ သေချာလှကာ ကျုံးရှန်သည်လည်း သုတေသန ပြုလုပ်ရန်အတွက် အဖမ်းဆီးခံရပေလိမ့်မည်။
"ငါသာ သူတော်စင်အဆင့်ကို ရောက်နေရင်... ဒီလို သောက်သုံးမကျတဲ့ အစီအရင်မျိုး လက်တစ်ဖက် လှုပ်ရုံနဲ့တင် ဖျက်ဆီးပစ်လို့ ရတယ်..."
ကျုံးရှန် တိုးတိုးလေး ရေရွတ်လိုက်သည်။ပတ်ဝန်းကျင်မှ အလင်းရောင်များကို အဆက်မပြတ် တိုက်စားနေသော နတ်သက်ကြွေအဆိပ်ငွေ့ကို ရင်ဆိုင်ရင်း ရုတ်တရက် နတ်ဘုရားစွမ်းရည်များ အားလုံးကို ရုပ်သိမ်းလိုက်ကာ ခန္ဓာကိုယ်ပေါ်မှ သုံးမျိုးမဲ့ နတ်ဘုရားသံချပ်ကာကိုလည်း ဖျောက်ဖျက်လိုက်သည်။ သူသည် နတ်သက်ကြွေအဆိပ် ငွေ့ကို ခန္ဓာကိုယ်သက်သက်ဖြင့် ရင်ဆိုင်လိုက်ခြင်း ဖြစ်၏။
"ဝုန်း..."
နတ်သက်ကြွေအဆိပ်ငွေ့အားလုံးမှာ ချက်ချင်းပင် ကျုံးရှန်ဆီသို့ တိုးဝင်လာပြီး သူ၏ အရေပြားမှတစ်ဆင့် ခန္ဓာကိုယ်ထဲသို့ ထိုးဖောက်ဝင်ရောက်ကာ သူ၏ ရုပ်ခန္ဓာနှင့် ဝိညာဉ်ကို ဖျက်ဆီးရန် ကြိုးစားတော့သည်။ ထိုအချိန်တွင် ကျုံးရှန်၏ ခန္ဓာကိုယ်ပေါ်မှ အဝတ်အစားများ ပျောက်ကွယ်သွားကာ အပေါက်အပြဲများနှင့် ဖာထေးမှုများဖြင့် ပြည့်နှက်နေသော တာအိုဝတ်ရုံစုတ်တစ်ခုဖြင့် အစားထိုးသွားသည်။ ထိုဝတ်ရုံမှာ အလွန်ဟောင်းနွမ်းနေပြီး အဝတ်စွန်းများပင် လိပ်တက်နေကာ အချို့နေရာများတွင် ချည်မျှင်စများပင် ထွက်နေသည်။ သို့သော်ဤမျှ စုတ်ပြတ်နေသော တာအိုဝတ်ရုံကြီးကို ဝတ်ဆင်လိုက်သည့်အခါ မြင်ရသူတိုင်းသည် ဆင်းရဲဒုက္ခများနှင့် ဘေးအန္တရာယ်များကို ရင်ဆိုင်ကျော်ဖြတ်နိုင်ခဲ့သကဲ့သို့ ခံစားရစေ၏။
သူ၏ ခြေထောက်တွင်စီးထားသော တောက်ပြောင်သည့်ဖိနပ်များ ပျောက်ကွယ်သွားပြီး ညစ်ပတ်ဟောင်းနွမ်းနေသော ကောက်ရိုးဖိနပ်တစ်ရံ အစားထိုး ဝင်ရောက်လာသည်။ အဝါရောင် ကောက်ရိုးမျှင်များပင် ထွက်နေပြီး အလွန် ကြည့်ရဆိုးလှသည်။ သို့သော် ထိုဖိနပ်ကို ဝတ်ဆင်ပြီး လောကအနှံ့ လျှောက်လှမ်းပါက မည်သည့် အကြောင်းအကျိုး ကံတရားနှင့်မျှ ငြိတွယ်ခြင်း ရှိလိမ့်မည် မဟုတ်ပေ။
သူ၏ ဦးခေါင်းတွင်စီးနှောင်ထားသည့် ခရမ်းရွှေရောင် စည်းနှောင်ကြိုး ပျောက်ကွယ်သွားပြီး မီးခိုးရောင် တာအိုခေါင်းဆောင်း ပေါ်လာသည်။ ထိုခေါင်းဆောင်းသည် ဆင်းရဲဒုက္ခအားလုံးကို ခေါင်းပေါ်သို့ မရောက်အောင် တားဆီးပေးထားသကဲ့သို့ ဆန့်ကျင်ဘက် ခံစားချက်မျိုး ပေးစွမ်းနေ၏။
ဤဝတ်စုံကို လဲလှယ်လိုက်သည်နှင့် ကျုံးရှန်၏ အရှိန်အဝါမှာလုံးဝ ပြောင်းလဲသွားပြီး မြင့်မြတ်နယ်မြေတစ်ခု၏ အရှင်သခင်အသွင်မှ ဆင်းရဲမွဲတေပြီး စုတ်ပြတ်နေသော တာအိုဆရာလေး တစ်ပါးအသွင်သို့ ပြောင်းလဲသွားလေသည်။