အခန်း (၁၀၄)
Vol. 11 Ch. 104
ဟောင်းနွမ်းစုတ်ပြတ်နေသော တာအိုဝတ်ရုံ၊ တာအိုခေါင်းဆောင်းနှင့် ကောက်ရိုးညှပ်ဖိနပ်တို့ဆီမှ မှိန်ဖျော့သော အလင်းတန်းလေးများ ထွက်ပေါ်လာပြီး နတ်ဘုရားများကိုပင် ဖျက်ဆီးပစ်နိုင်သော နတ်သက်ကြွေအဆိပ်ငွေ့များကို ကျုံးရှန်ဆီသို့ မရောက်အောင် ကာကွယ်ပေးလိုက်သည်။ကောင်းကင်ယံရှိ ကျိန်စာဝိညာဉ်များမှာ နတ်သက်ကြွေ အဆိပ်ငွေ့ ၏ စွမ်းအားကို အစွမ်းကုန်မြှင့်တင်နေရန် ပေါင်းစပ်နေကြသော်လည်း ကျုံးရှန်ကိုမူ အနည်းငယ်မျှပင် မထိခိုက်နိုင်ချေ။
အဆုံးမဲ့ ဟင်းလင်းပြင်အတွင်း ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်နှင့် အလွန်ဝေးကွာလှသော နေရာတစ်ခု၌ ကျိန်စာနတ်ဘုရားမ၏ ပုံရိပ်မှာ ရုတ်တရက် ရပ်တန့်သွားသည်။
"ဟင်... ဘယ်လိုဖြစ်တာလဲ"
သူမသည် ဝမ်ချွမ်းလှေကို နှမြောတသစွာ တစ်ချက်ကြည့်လိုက်ပြီးနောက် လိုက်လံဖမ်းဆီးခြင်းကို လက်လွှတ်လိုက်ကာ အဆုံးမဲ့ ဟင်းလင်းပြင်ကို ဖြတ်ကျော်ပြီး အဆုံးမဲ့ သဲကန္တာရဆီသို့ ချက်ချင်း ပြန်လှည့်လာ လေသည်။
ဝမ်ချွမ်းလှေပေါ်၌ မိစ္ဆာသားရဲ တစ်သိန်းနှင့် ချင်ထျန်းတောင်ထွတ်မှ သူတော်စင်အဆင့်မိစ္ဆာများမှာ အကြီးအကျယ် ထိတ်လန့်နေကြတုန်းဖြစ်၏။ သူတို့၏ အမြင်တွင် ကျိန်စာနတ်ဘုရားမ၏ ဖိအားမှာ စကြဝဠာတစ်ခုနှင့် ရင်ဆိုင်နေရသကဲ့သို့ ခံစားရသဖြင့် အသက်ပင် မရှူနိုင် ဖြစ်ခဲ့ရသည်။သူမသည် လှေ၏ နောက်မှ ကပ်လိုက်လာခဲ့ရာ လမ်းတစ်လျှောက်ရှိ ဟင်းလင်းပြင်များမှာ ဖရိုဖရဲ ဖြစ်ကုန်ပြီး ကြယ်တာရာအချို့မှာလည်း သူမ၏ အရှိန်အဝါ ထိမှန်ကာ ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားခဲ့ရသည်။
"သူ... သူ ပြန်လှည့်သွားပြီ"
သူတော်စင်တစ်ပိုင်းအဆင့် မိစ္ဆာတစ်ကောင်က ခဲယဉ်းစွာ စကားပြောလိုက်သည်။
"သူ ဆရာ့ကို သွားတိုက်ခိုက်တော့မှာလား"
ရွေ့ဝူတီ၏ မျက်နှာမှာပျက်ယွင်းသွား၏။ တစ်ဖက်လူမှာ နတ်ဘုရားစိတ်ဆန္ဒ၏ အစိတ်အပိုင်းတစ်ခုသာ ဖြစ်သော်လည်း ၎င်း၏ စွမ်းအားမှာ နတ်ဘုရားအဆင့်သို့ ရောက်ရှိနေသည်။ ထို့အပြင် သူမ၏ မူလခန္ဓာကိုယ်မှာလည်း နှစ်ပေါင်းများစွာ ယုံကြည်ခြင်းစွမ်းအားကို ရရှိထားသည့် စစ်မှန်သော နတ်ဘုရားတစ်ပါး ဖြစ်ရာ ထိုဖိအားကို သူတော်စင်ဖြစ်သည့်သူတို့ပင် တောင့်မခံနိုင်ပေ။
"မဖြစ်ဘူး... ငါတို့ ပြန်သွားရမယ်"
ကျွမ်းလီက ပြတ်သားစွာ ပြောလိုက်သည်။ သူမ၏ ရင်ထဲတွင် တုန်လှုပ်နေသော်လည်း သတ္တိ မွေးကာ ပြန်လည် တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်သည်။
"လှေကို ပြန်လှည့်... ပြန်သွားပြီး တိုက်ကြမယ်"
မိစ္ဆာသားရဲများအားလုံး ဒေါသတကြီး ဟိန်းဟောက်လိုက်ကြသည်။ သို့သော်လည်း ဝမ်ချွမ်းလှေမှာမူ သူတို့၏ ဆန္ဒကို ဂရုမစိုက်ချေ။ အရှိန်ကို ထပ်မံ မြှင့်တင်လိုက်ကာ မျက်တောင်တစ်ခတ်အတွင်းမှာပင် မရေမတွက်နိုင်သော အချိန်နှင့်အာကာသကို ဖြတ်ကျော်ပြီးအဆုံးမဲ့ ဟင်းလင်းပြင်၏ နက်ရှိုင်းသော နေရာတွင်ရှိသည့် လျှို့ဝှက်ဆန်းကြယ်သော ပရမ်းပတာနယ်မြေထဲသို့ ဝင်ရောက်သွားသည်။
.....
အဆုံးမဲ့ သဲကန္တာရအတွင်း။
ဆင်းရဲနွမ်းပါးလှသော တာအိုဆရာလေး တစ်ပါးအသွင် ပြောင်းလဲနေသည့် ကျုံးရှန်သည် သူ၏ ဝတ်စုံကို ငုံ့ကြည့်ရင်း မရယ်ဘဲ မနေနိုင် ဖြစ်သွားသည်။
"တကယ်ပဲ ဆင်းရဲသားပုံ ပေါက်နေတာပဲ"
သူက ခေါင်းယမ်းလိုက်၏။ ထို့နောက် လက် ခုပ်တစ်ချက် တီးလိုက်ရာ သူ၏ ခန္ဓာကိုယ်အတွင်းမှ တောက်ပသော ပါကွားရှစ်ကွက်ပုံစံ အမှတ်အသားတစ်ခု ဖြည်းညှင်းစွာ ထွက်ပေါ်လာပြီး သူ၏ ဦးခေါင်းအထက်တွင် ဝဲပျံနေကာ တာအိုကျမ်းစာများကို ရွတ်ဖတ်နေသည့်အလား အသံများ ထွက်ပေါ်လာသည်။ ထိုတရားစာများ၏ အလင်းရောင်အောက်တွင် အပြစ်များနှင့် အမှားများ အားလုံး ဆေးကြောသန့်စင်ပေးခံလိုက်ရကာ ကျုံးရှန်၏ ပတ်ဝန်းကျင်ရှိ အဆိပ်ငွေ့များမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားရသည်။ ကျုံးရှန်ကို ပိတ်လှောင်ထားသည့် နတ်ဘုရားအလင်းတန်းဥခွံ မငြိမ် မသက်ဖြစ်လာကာ ဝိညာဉ်ဆိုးများမှာလည်း သူ့ကို ဆက်လက် မထိန်းချုပ်နိုင်တော့သည့်အလား ဖြစ်လာ၏။
"ဝုန်း..."
ကောင်းကင်ယံမှာ မှောင်မိုက်သွားပြီး ကျိန်စာနတ်ဘုရားမ၏ ပုံရိပ် ပေါ်လာသည်။သူမသည် ဆင်းရဲသား တာအိုဆရာလေး အသွင်ပြောင်းနေသော ကျုံးရှန်ကို မြင်သောအခါ အံ့ဩသင့်သွားသည်။
"ဒါက ဘာမှော်ပညာလဲ"
"ငါ့ကိုတောင် ရွံရှာစက်ဆုပ်ပြီး ဖယ်ကျဉ်ချင်တဲ့ ခံစားမှုမျိုး ပေးနိုင်နေရတာလဲ"
ထို့နောက် ကျုံးရှန်ကို ပိတ်လှောင်ထားသည့်ဥခွံအက်ကွဲတော့မည်ကို မြင်လိုက်ပြီး သူမ၏ ကျယ်ပြောလှသော မှတ်ဉာဏ်များထဲတွင် ရှာဖွေနေရန် အချိန်မရတော့ဘဲ ယဇ်ပူဇော်အစီအရင်ပေါ်သို့ တိုက်ရိုက် ဆင်းသက်လိုက်ကာ သူမကိုယ်တိုင်အစီအရင်၏ ဗဟိုချက်မအဖြစ် ဝင်ရောက် ထိန်းချုပ်လိုက်လေသည်။
သူမ၏လက် ဥခွံနှင့် ထိတွေ့မိသည်နှင့် အတွင်းပိုင်းရှိ နတ်သက်ကြွေ အဆိပ်ငွေ့ များ၏ စွမ်းအားမှာ အဆပေါင်း ထောင်ချီ မြင့်တက်လာကာ အခြေအနေကို ပြန်လည် ထိန်းချုပ်နိုင်လိုက်သည်။ အဆုံးမဲ့ အဆိပ်ငွေ့များသည် အတွင်းပိုင်း တစ်ခုလုံးကို ပြည့်နှက်သွားပြီး ငွေ့ရည်ဖွဲ့သိပ်သည်းလာသည်။ ကျုံးရှန်၏ ကိုယ်ပေါ်မှ ရတနာလေးပါး၏ အလင်းရောင်သည် ငွေ့ရည်ဖွဲ့သိပ်သည်းလာသည့်အရည်စက်များကို တားဆီးထားနိုင်သော်လည်း ဥခွံကိုအက်ကွဲ အောင်လုပ်ရန်မှာမူ ခဲယဉ်းသွားပြန်သည်။
"မင်းရဲ့ မှော်ရတနာတွေက မဆိုးဘူးပဲ... ကျင့်စဉ်ကလည်း ဆန်းကြယ်တယ်... ကြည့်ရတာ မင်းက ကံတရား အကြီးအကျယ် ကောင်းမွန်တဲ့ ပုဂ္ဂိုလ်တစ်ယောက် ဖြစ်ပုံရတယ်... ဒါပေမဲ့ ဝမ်းနည်းစရာပဲ... မကြာခင် အဲ့ဒါတွေအားလုံး ငါ့အပိုင် ဖြစ်လာတော့မယ်"
"ငါ့ကို ဆင့်ခေါ်လိုက်တဲ့ ဟိုအရူးကောင် ၁၀ ယောက်ကြောင့် ဒီလို အခွင့်အရေးမျိုး ရလိမ့်မယ်လို့ ထင်မထားမိဘူး... ဆုလာဘ်အနေနဲ့ အဲ့ဒီလူမျိုးစု ၁၀ ခုလုံးကို ငါ ကျိန်စာတိုက်ပြီး ယဇ်ပူဇော်ခိုင်းလိုက်မယ်... ငါ့အနားမှာ အမြဲ ရှိနေစေရမယ်... ဟားဟားဟား..."
သူမ အားရပါးရ ရယ်မောလိုက်သည်။
သူမ၏ အမြင်တွင် ကျုံးရှန်မှာ အစွမ်းထက်သော်လည်း ကြာရှည် တောင့်ခံနိုင်လိမ့်မည် မဟုတ်ဘဲ သူမ၏ အဆိပ်ငွေ့များကသာ သူ့ကို အရှင်လတ်လတ် အရည်ပျော်သွားအောင် လုပ်နိုင်လိမ့်မည်ဟု ယုံကြည်နေ သည်။
ပိတ်လှောင်ခံထားရသော ကျုံးရှန်သည် ရုတ်တရက် တိုးလာသော ဖိအားကို ဂရုမစိုက်ဘဲ ခေါင်းမော့ကာ သူ့ကို အစီအရင်အတွင်းပိတ်လှောင်ထားသည့် ကျိန်စာနတ်ဘုရားမကို ကြည့်လိုက်သည်။
"လူမျိုးစုငယ်လေးတစ်ခုရဲ့ ကျိန်စာနတ်ဘုရားမ ကိုယ်ပွားကများ ဒီနေရာမှာ လာပြီး ဟောင်နေရတယ်လို့... တကယ်ကို ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေတာပဲ"
"ကောင်းပြီလေ... မင်းပြောသလိုပဲ... ဒီနေ့တော့ မင်းရဲ့ ဒီအသိစိတ်ကိုယ်ပွားကို ငါ ဖမ်းဆီးပြီး ကောင်းကောင်းလေး ဆုံးမပေးရမှာပေါ့"
"နောက်ကျမှ မင်းရဲ့ မူလခန္ဓာကိုယ်ကိုပါ ဖမ်းပြီး ချင်ထျန်းတောင်ထွတ်မှာ တံခါးစောင့်အဖြစ် ခိုင်းပစ်မယ်..."
ကျုံးရှန်၏ စကားအဆုံးတွင် ဦးခေါင်းအရွယ်အစားရှိ ဟောင်းနွမ်းစုတ်ပြတ်နေသည့် ယပ်တောင်စုတ် တစ်လက် သူ၏ လက်ထဲသို့ ရောက်ရှိလာသည်။ ထိုယပ်တောင်မှာ လမ်းဘေးရှိ အဘိုးအိုများ အသုံးပြုသော ယပ်တောင်နှင့် အလွန်တူလှပြီး ကောက်ရိုးဖြင့် ရက်လုပ်ထားခြင်း ဖြစ်သည်။ ယပ်တောင်၏ အနားသတ်များမှ ဝါကျင့်ကျင့် အလင်းတန်းလေးများ ထွက်ပေါ်နေသော်လည်း ပုံစံမှာ အလွန်ပင် စုတ်ပြတ်လှသဖြင့် နိယာမနယ်ပယ်သုံး ရတနာများထက်ပင် ပို၍ အောက်တန်းကျနေပုံ ထင်ရ၏။ သို့သော် ကျုံးရှန် ထိုယပ်တောင်ကို ဆုပ်ကိုင်လိုက်သည်နှင့် သူ၏ တစ်ကိုယ်လုံးရှိ အလင်းတန်းများမှာ တစ်ခုနှင့်တစ်ခု ချိတ်ဆက်သွားပြီး ပိုမို အားကောင်းလာတော့သည်။ ရတနာငါးပါးမှာ တစ်ခုနှင့်တစ်ခု အပြန်အလှန် တုံ့ပြန်လိုက်ခြင်းဖြစ်၏။ ကျုံးရှန်၏ တစ်ကိုယ်လုံးမှ အဆုံးမဲ့ လွတ်မြောက်ခြင်း အရှိန်အဝါတစ်ခု ထွက်ပေါ်လာလေသည်။
လွတ်မြောက်ခြင်းဆိုသည်မှာ အဘယ်နည်း။
စိတ်သောကများမှ လွတ်မြောက်ခြင်း၊ ဆင်းရဲဒုက္ခများမှ လွတ်မြောက်ခြင်း၊ အပြစ်နွံများမှ လွတ်မြောက်ခြင်း၊ ဘေးအန္တရာယ်များမှ လွတ်မြောက်ခြင်းနှင့် အကြောင်းအကျိုး ကံတရားများမှ လွတ်မြောက်ခြင်းတို့ပင် ဖြစ်သည်။
ဤသည်မှာ လွတ်မြောက်ခြင်းပင် ဖြစ်၏။ လွတ်မြောက်ပြီးနောက်တွင် မည်သည့်အရာ၊ မည်သည့် သောကမှ သူ့ကို ထပ်မံ ပိတ်လှောင်ထားနိုင်မည် မဟုတ်ချေ။
ကျုံးရှန်သည် ကောက်ရိုးယပ်တောင်ကို ကိုင်ကာ တစ်ချက် ဝေ့ယမ်းလိုက်သည်။နတ်ဘုရားများကိုပင် သတ်ဖြတ်နိုင်သော ယဇ်ပူဇော်သည့်အစီအရင်မှာ သူ၏ ယပ်တောင် တစ်ချက် ဝေ့ယမ်းလိုက်ရုံဖြင့် လွယ်လွယ်ကူကူ ပြတ်တောက်သွားကာ သူလည်း ဥခွံအတွင်းမှ ထွက်လာလိုက်သည်။ထို့နောက် မျက်စိတစ်မှိတ်အတွင်း ကျိန်စာနတ်ဘုရားမ၏ ရှေ့မှောက်သို့ ရောက်ရှိသွားပြီး ယပ်တောင်ဖြင့် ရိုက်ချလိုက်၏။
ကျိန်စာနတ်ဘုရားမ ဒေါသထွက်သွားသည်။
မရေမတွက်နိုင်သော ဝိညာဉ်ဆိုးများမှာ ချက်ချင်းပင် ခန္ဓာကိုယ်ထဲသို့ ပြန်ဝင်လာပြီး ဒိုင်းကာတစ်ခုအဖြစ် ပြောင်းလဲကာ ရှေ့မှ ကာကွယ်လိုက်ကြသည်။ သို့သော် အချည်းနှီးပင် ဖြစ်၏။ ကျုံးရှန်၏ ယပ်တောင်အစွန်းမှ ဟင်းလင်းပြင်ကို ဖြတ်တောက်လိုက်သကဲ့သို့စွမ်းအင်များထွက်ပေါ်လာပြီး ဝိညာဉ်ဆိုးများဖြင့် ဖွဲ့စည်းထားသော ထိုဒိုင်းကာကိုဖြတ်ချလိုက်သည်။ ထို့နောက် သူမ၏ ခန္ဓာကိုယ်ပေါ်မှ နတ်ဘုရားအရှိန်အဝါကိုဖောက်ထွက်သွားကာ သူမ၏ ကိုယ်ပွားပုံရိပ်ကို နှစ်ပိုင်းဖြတ်လိုက်လေသည်။
"အား..."
ကျိန်စာနတ်ဘုရားမ၏ ခန္ဓာကိုယ်အတွင်းမှ ထိတ်လန့်တုန်လှုပ်နေသော အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။ ထို့နောက် နတ်ဘုရား အလင်းတန်းများ ပျံ့နှံ့သွားကာ သူမ၏ အသိစိတ်မှာ ကျုံးရှန်နှင့် ဝေးရာသို့ ထွက်ပြေးရန် ကြိုးစားလိုက်၏။
"ငါ မှတ်မိပြီ... မင်းရဲ့ ဝတ်စုံက ရှန်လုံတာအိုဆရာသခင် ရဲ့ လွတ်မြောက်ခြင်းနှင့် ကယ်တင်ခြင်း ရတနာငါးပါး ပဲ..."
"မင်းက ရှန်လုံတာအိုဆရာသခင်ရဲ့ ဆက်ခံသူလား..."
သူမ၏အသိစိတ်သည် တုန်လှုပ်စွာဖြင့်ကိုယ်ပွားခန္ဓာကိုယ်ကို ပြန်လည်ဖွဲ့စည်းရင်းမှ ဟင်းလင်းပြင်ထဲသို့ သိစိတ်လွှတ်လိုက်ကာ ကျုံးရှန်၏ အတိတ်နှင့် အနာဂတ်ကို တွက်ချက်ရန် ကြိုးစားလိုက်သည်။ သူမ၏ ခန္ဓာကိုယ် ထိခိုက်သွားသဖြင့် မျက်နှာပေါ်မှ ပုဝါမျက်နှာဖုံးမှာ ကျွတ်ကျသွားပြီး ခဏချင်းအတွင်းပင် ပြန်လည် ဖုံးအုပ်လိုက်သော်လည်း ကျုံးရှန်မှာမူ သူမ၏ မေးစေ့အောက်တွင် လက်သန်းခန့်ရှိသော ဝိုင်းစက်သည့် တက်တူးသင်္ကေတတစ်ခုကို မြင်လိုက်ရလေသည်။
"ဒါက..."
ကျုံးရှန်၏ မျက်လုံးများ တောက်ပသွားကာ တစ်စုံတစ်ခုသော သဲလွန်စကို ရှာတွေ့လိုက်သည့်အလား ဖြစ်သွားသည်။
တစ်ဖက်တွင်မူ ကျိန်စာနတ်ဘုရားမ၏ ကိုယ်ပွားသည် ဆက်လက် တွက်ချက်နေဆဲ ဖြစ်သည်။ သို့သော် သူမ မည်သို့ပင် တွက်ချက်စေကာမူ ကျုံးရှန်ဆိုသည့် လူသားသည် ဤကမ္ဘာပေါ်တွင် မရှိခဲ့ဖူးသကဲ့သို့ ဖြစ်နေ၏။ ကံတရား ရေစီးကြောင်း ထဲတွင် သူ၏ ဇာစ်မြစ်နှင့် အတိတ်ကြောင်း အားလုံးမှာ ဗလာသက်သက်သာ ဖြစ်နေသည်။
အကယ်၍ သူသည် သူမ၏ ရှေ့မှောက်တွင် အမှန်တကယ် ရပ်နေပြီး သူမကို နှစ်ပိုင်းပိုင်းခဲ့သည်သာ မဟုတ်ပါက သူမသည် အိပ်မက်နတ်ဆိုး၏ ပညာရပ် တစ်ခုခုတွင်မိသွားသည်ဟုပင် ထင်မှတ်မိပေလိမ့်မည်။