အခန်း (၁၀၆)
Vol. 11 Ch. 106
ကျုံးရှန်သည် ကျိန်စာနတ်ဘုရားမ၏ကိုယ်ပွားမှ အသိစိတ်ကိုစွဲထုတ်ကာ ဝိညာဉ်သန့်စင်ရန် ကြိုးစားလိုက်ခြင်းသည် ကျိန်စာနတ်ဘုရားမအတွက် စော်ကားမှုတစ်ခု ဖြစ်ပေသည်။
"မင်း သေပြီသာမှတ်တော့... မင်းဆီမှာရှိတဲ့ ရတနာတွေနဲ့ အခွင့်အရေးတွေအားလုံး ငါ့အပိုင်ဖြစ်လာစေရမယ်"
"ငါ့ရဲ့ စိတ်ဆန္ဒအပိုင်းအစကို ဝိညာဉ်သန့်စင်ဖို့ ကြံစည်နေတာကို ငါ့ရဲ့ မူလခန္ဓာကိုယ်က သိမှာမဟုတ်ဘူးလို့ ထင်နေတာလား"
"မင်းမှာရှိတဲ့ ရတနာငါးပါးက ကံတရားကြိုးမျှင်ကို ဖြတ်တောက်နိုင်တယ် ဆိုပေမဲ့... နတ်ဘုရားတစ်ပါးရဲ့ နည်းလမ်းတွေက မင်းလို နိယာမနယ်ပယ်အဆင့်ကောင်လေး တွေးလို့ရနိုင်တာ မဟုတ်ဘူး"
"စောင့်ကြည့်နေလိုက်စမ်းပါ... မင်း... စောင့်ကြည့်နေလိုက်စမ်း..."
သူမ၏ စကားသံများမှာ တဖြည်းဖြည်း တိုးညှင်းသွားလာပြီး နောက်ဆုံးတွင် လုံးဝ ပျောက်ကွယ်သွားလေသည်။ ကျိန်စာနတ်ဘုရားမ၏ သိစိတ်ဆန္ဒ လုံးဝ ချုပ်ငြိမ်းသွားပြီ ဖြစ်၏။
"ဟင်း..."
ကျုံးရှန် သက်ပြင်းတစ်ချက်ကို ချလိုက်မိပြီး ရင်ထဲတွင် အတော်လေး နှမြောတသ ဖြစ်သွားရ၏။ကျိန်စာနတ်ဘုရားမ၏ မှတ်ဉာဏ်များမှာ သမုဒ္ဒရာပမာ များပြားလှပေသည်။ သူမသည် ရှည်လျားလှသော ခေတ်ကာလများစွာကို ဖြတ်သန်းခဲ့ပြီး ကိုယ်ပွားပေါင်းများစွာဖြင့် နေရာအနှံ့သို့ ရောက်ရှိခဲ့ဖူးသူ ဖြစ်သည်။ ထို့ပြင် များပြားလှသော ယုံကြည်ကိုးကွယ်သူများ၏ ဆုတောင်းသံများနှင့် ဝိညာဉ်ဆိုးများ၏ ငိုကြွေးသံများ စုစည်းနေရာ သတင်းအချက်အလက်များမှာ အလွန်ပင် ရှုပ်ထွေးလွန်းလှပြီး ဤမျှ တိုတောင်းလှသော အချိန်အတွင်း ဝိညာဉ်ကို စစ်ဆေးရုံဖြင့် အသုံးဝင်သော သတင်းအချက်အလက်များကို မရရှိခဲ့ချေ။
"နှမြောစရာပဲ... အဲ့ဒီတက်တူးက...ကမ္ဘာမြေနဲ့ ပတ်သက်နေတာ သေချာတယ်"
ကျုံးရှန် ကျိန်စာနတ်ဘုရားမ၏ ပုဝါကျွတ်သွားစဉ်က မြင်လိုက်ရသည့် လက်မအရွယ် ဝိုင်းစက်စက် တက်တူးသင်္ကေတမှာ ကမ္ဘာမြေပုံစံပင် ဖြစ်သည်။ တက်တူးသင်္ကေတအပေါ်ရှိ တိုက်ကြီးများ၏ ပုံသဏ္ဌာန်မှာ ရှင်းလင်းလှသည့်အပြင် လောင်ဂျီကျုနှင့် လတ္တီကျု မျဉ်းများပင် ပါဝင်နေသေး၏။ ခဏတာ မြင်လိုက်ရခြင်း ဖြစ်သော်လည်း ကျုံးရှန်အနေဖြင့် လုံးဝ ယုံကြည်ချက် ရှိနေသည်။
ကျိန်စာနတ်ဘုရားမသည် သူမ တိုက်ခိုက်သိမ်းပိုက်ပြီး ယဇ်ပူဇော်ခဲ့သော ကမ္ဘာများကို သူမ၏ ခန္ဓာကိုယ်ပေါ်တွင် တက်တူးများအဖြစ် ရေးထိုးလေ့ရှိသည်။ ဥပမာအားဖြင့် ခုနက နတ်သက်ကြွေ အဆိပ်ငွေ့ အဖြစ် ပြောင်းလဲသွားသော ဝိညာဉ်ဆိုးများမှာ သူမ၏ ခန္ဓာကိုယ်ပေါ်တွင် ရေးထိုးထားသော တက်တူးများမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။ ထိုတက်တူးများမှာ ကျိန်စာသင့်၍ သေဆုံးသွားသော သို့မဟုတ် ယဇ်ပူဇော်ခံလိုက်ရသော အစွမ်းထက် သက်ရှိများ ဖြစ်ကြသည်။
"ကမ္ဘာမြေကလည်း သူမရဲ့ တိုက်ခိုက်သိမ်းပိုက်ခြင်း ခံလိုက်ရပြီး ယဇ်ပူဇော်ခံလိုက်ရတဲ့ ဟင်းလင်းပြင်ကမ္ဘာတစ်ခု ဖြစ်သွားပြီလား..."
"ဒါပေမဲ့ ငါသိသလောက်တော့...ကမ္ဘာမြေက.. ဒီ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက် တည်ရှိတဲ့ အခြေခံ အဓိကကမ္ဘာ ထဲမှာ မရှိဘူး ... ကမ္ဘာ့သစ်ပင်အပြင်ဘက်က ဂြိုလ်တစ်ခု ဖြစ်ဖို့ များတယ်"
"ဒါပေမဲ့...ကျိန်စာနတ်ဘုရားမမျက်နှာပေါ်ကကမ္ဘာမြေပုံ တက်တူးက တိုက်ဆိုင်မှုတော့ မဖြစ်နိုင်ဘူး... သူမနဲ့ ပတ်သက်ဆက်နွယ်မှု တစ်ခုခုတော့ ရှိမှာပဲ"
"မဟုတ်ရင် သူမရဲ့ မျက်နှာပေါ်မှာ တက်တူးထိုးပြီး ပုဝါနဲ့ ဖုံးကွယ်ထားစရာ အကြောင်းမရှိဘူး"
"ဒါကြောင့်လည်း သူမက ဒါကို မျက်နှာပေါ်မှာ တက်တူးထိုးပြီး မျက်နှာဖုံးနဲ့ အမြဲအုပ်ထားတာပေါ့"
"ဒါမှမဟုတ် သူမကလည်း ငါ့လိုပဲ ကူးပြောင်းလာသူ တစ်ယောက်လား"
"ကြည့်ရတာ ကျိန်စာနတ်ဘုရားမရဲ့ မူလခန္ဓာကိုယ်ကို ရှာတွေ့မှပဲ ဒီအမှန်တရားအားလုံးကို သိနိုင်တော့မယ်ထင်တယ်"
ကျုံးရှန်၏ စိတ်ထဲတွင် ရဲတင်းလှသော အတွေးတစ်ခု ပေါ်လာသည်။ ဤ အာမန်ရာ ချောက်နက်ကြီးကိုလည်း နောက်ပိုင်းတွင် အသေးစိတ် စူးစမ်းရန် လိုပေလိမ့်မည်။
"ဟူး..."
သူသည် လေပူတစ်လုပ် မှုတ်ထုတ်လိုက်၏။ အဆင့်ကြီး နှစ်ဆင့်ကျော်လွန်ပြီး နတ်ဘုရားအဆင့် ကျွမ်းကျင်သူတစ်ဦးကို သတ်ဖြတ်နိုင်ခဲ့ခြင်းမှာ လက်ရှိ သူ့အတွက် ကြီးမားသော စိန်ခေါ်မှုကြီးတစ်ခု ဖြစ်ခဲ့သည်။ သူက လက်ဝါးကို ဖြန့်လိုက်ရာ ကောင်းကင်ပေါ်ရှိ ကျောက်စိမ်းအရက်အိုးလေး ပြန်လည် ဆင်းသက်လာသည်။အတွင်းပိုင်း၌ သန့်ရှင်းသော နတ်ဘုရားအလင်းရောင် အစုအဝေးလေး တစ်ခု ရှိနေ၏။ သန့်စင်သော နတ်ဘုရားအလင်းတန်း ဆိုသည်မှာ အလွန် ထူးခြားသော တည်ရှိမှု ဖြစ်ပြီး မည်သည့် ဟင်းလင်းပြင် ရတနာနှင့် သိမ်းဆည်းသည်ဖြစ်စေ တစ်ပြိုင်နက် အစုအဝေးလေးအဖြစ် ပြောင်းလဲသွားလေ့ရှိသည်။ အတွင်းပိုင်း ဟင်းလင်းပြင် မည်မျှ ကျယ်ဝန်းပါစေပျံ့နှံ့သွားခြင်း မရှိချေ။
ကျုံးရှန်အတွက် အသုံးမဝင်သော်လည်း ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေမှ ထူးချွန်သော ဂိုဏ်းသားများအတွက်မူ ခန္ဓာကိုယ်နှင့် ပါရမီကို မြှင့်တင်ရာတွင် မည်သည့် ဆေးဝါးထက်မဆို ပိုမို ကောင်းမွန်ပေသည်။အကယ်၍ ဤ သန့်ရှင်းသော နတ်ဘုရားအလင်းရောင်ကို ကျုံးချီမင်နှင့်ကျုံးချီထျန်းတို့ကိုသာ တိုက်ကျွေးလိုက်ပါက နှစ်နှစ်၊သုံးနှစ် အတွင်းမှာပင် နိယာမနယ်ပယ် အဆင့် ၂၈ ရှိ သူတော်စင်တစ်ပိုင်းအဆင့် ကျွမ်းကျင်သူများ ဖြစ်လာပေမည်။
"ဝှစ်..."
ကျုံးရှန်၏ ကိုယ်ပေါ်မှ ရတနာငါးပါး ပျောက်ကွယ်သွားကာ နဂိုပုံစံအတိုင်း ပြန်ဖြစ်သွားပြီး ကောင်းကင်ယံသို့ မော့ကြည့်လိုက်၏။
"ဝက်မည်းကြီး၊ ရှုရင် နဲ့ ပန်းဆွဲယုန်ငယ် တို့ထွက်လာ တော့မှာပဲ"
သူ၏ စကားအဆုံးတွင် ဟင်းလင်းပြင်၌ မည်းမှောင်သော အက်ကြောင်းတစ်ခု ပေါ်လာပြီး ဒိုင်းနှင့် လှံကို ကိုင်ဆောင်ထားသော ဝက်မည်းကြီး ထွက်ပေါ်လာသည်။ သူ၏ အနောက်တွင် ကြီးမားသော သူတော်စင်ဘုံ တံခါးမှာ ဝေဝါးစွာ ပေါ်ထွက်နေကာ ဟွမ်ရှား သူတော်စင်အဆင့် ခေါင်းဆောင် သုံးဦးကို သတ်ဖြတ်လိုက်ပြီး သူတို့၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်များကို သူတော်စင်ဘုံ တံခါး၏ အောက်ခြေတွင် အုတ်မြစ်အဖြစ် မြှုပ်နှံကာအားဖြည့်ပေးမည့် မြေဆီမြေသြဇာအဖြစ် ပြောင်းလဲပစ်လိုက်ပြီ ဖြစ်သည်။
"ဝှစ်..."
ဝက်မည်းကြီး၏ စိတ်အာရုံသည် မိုင်ပေါင်း သန်းချီသော နယ်မြေကို ဖြန့်ကျက် ရှာဖွေလိုက်ရာအသက်ရှင်ကျန်ရစ်သော သက်ရှိ တစ်ကောင်တစ်မြီးမျှ မတွေ့ရပေ။ အထူးဆန်းဆုံးမှာ အလောင်းများပင် မကျန်ရစ်တော့ဘဲ အဝေးတစ်နေရာမှ အဆုံးမဲ့သဲကန္တာရ အတွင်းပိုင်းသို့ ဦးတည် ရွေ့လျားနေသော မိုင်ပေါင်း သန်းချီ ရှည်လျားသည့် အစိမ်းရောင် အဆိပ်ငွေ့တိမ်တိုက်ကြီး တစ်ခုသာ တွေ့လိုက်ရခြင်းပင် ဖြစ်သည်။ သူသည် ခန္ဓာကိုယ်ကို လှုပ်ခါလိုက်ရာ သုံးပေခန့်သာ ရှိသော ဝက်မည်းလေး အဖြစ် ပြောင်းလဲသွားပြီး ကျုံးရှန်၏ အနောက်သို့ ရောက်ရှိလာသည်။
"သခင်... ခုနက ဘာတွေ ဖြစ်သွားတာလဲ"
"ကိုးဆင့်ပြောင်းလဲ စစ်သင်္ဘောနဲ့ မိစ္ဆာသားရဲတပ်ကော... "
"ဘယ်ရောက်သွားကြတာလဲ..."
ဝက်မည်းကြီးသည် အလွန်ပင် ဇဝေဇဝါ ဖြစ်နေလေသည်။
ကျုံးရှန်က ခဏစောင့်ရန် ဝက်မည်းကြီးကို အချက်ပြလိုက်၏။ မကြာခင်မှာပင် ရှူရင် နှင့် ပန်းဆွဲယုန်ငယ် တို့လည်း ဟင်းလင်းပြင်ထဲမှ ထွက်လာကြ၏။
"သခင်ကြီး... ဒီ ဟွမ်ရှားလူမျိုးစု ခေါင်းဆောင်တွေက သိပ်အားနည်းတာပဲ... သူတော်စင်စွမ်းအားတွေက မသန့်စင်သလို ကျင့်စဉ်တွေကလည်း သိပ်ညံ့ဖျင်းလွန်းတယ်..."
ရှုရင်က ကျုံးရှန်၏ ဘေးနားသို့ လာပြီး ပြုံးစစဖြင့် ပြောလိုက်သည်။ ပန်းဆွဲယုန်ငယ် ကမူ မြေပြင်ကို ကြည့်ရင်း စိုးရိမ်စိတ်အချို့ ဖြစ်ပေါ်နေ၏။
"စိတ်မပူနဲ့... စောစောက မမျှော်လင့်ထားတဲ့ ကိစ္စလေးတစ်ခု ဖြစ်သွားလို့ပါ..."
"သွားကြစို့... မင်းတို့ကို ချင်ထျန်းတောင်ထွတ်ကို အရင် ပြန်ပို့ပေးမယ်..."
"ဟွမ်ရှားလူမျိုးစုကို လောလောဆယ် ဂရုစိုက်စရာ မလိုတော့ဘူး... ဒီ မိုင်သန်းချီတဲ့ အဆိပ်ငွေ့တိမ်တိုက်ကြီး တစ်ခုတည်းနဲ့တင် သူတို့ ခေါင်းကိုက်နေလောက်ပြီ..."
ကျုံးရှန်က ဟင်းလင်းပြင်ကို ခွဲလိုက်ပြီး အတွင်းသို့ ဝင်ရန် ပြင်လိုက်သည်။
"ဟမ်..."
သူ၏ စိတ်ထဲတွင် ရင်းနှီးသော အငွေ့အသက်တစ်ခုကို ရုတ်တရက် အာရုံခံမိလိုက်သည်။
"သူပဲကိုး... ကိုယ့်ဖာသာကိုယ် အသေခံဖို့ ရောက်လာတာပဲ"
ကျုံးရှန်က ဟင်းလင်းပြင် အက်ကြောင်းရှေ့တွင် ရပ်တန့်လိုက်ပြီး အေးစက်စွာ ပြုံးလိုက်၏။ ထို့နောက်လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ မြင်ကွင်းတစ်ခု ပေါ်လာသည်။ ကရိန်းဝတ်ရုံကို ဝတ်ဆင်ထားသော အဘိုးအို တစ်ဦးသည် အဝေးမှ တောင်ကုန်းတစ်ခုပေါ်တွင် ရပ်ကာ ကျုံရှန်တို့ရှိရာအရပ်သို့ ချောင်းကြည့်နေခြင်း ဖြစ်၏။
ရုတ်တရက် ထိုအဘိုးအိုမှာ ကျုံးရှန်ကို မြင်သွားသည့်အလား ထိတ်လန့်သွားတော့သည်။
"ဒါ... ဒါ မင်း..."
သူသည် ချက်ချင်းပင် လျှို့ဝှက်ကျင့်စဉ်ကို အသုံးပြုကာ ထွက်ပြေးရန် ပြင်လိုက်သည်။ ကျုံးရှန် ရယ်ချင်သွားကာ လက်ကို ဆန့်ထုတ်ပြီး မြင်ကွင်းထဲမှ အဘိုးအိုကို လှမ်းဖမ်းလိုက်၏။ ထိုအဘိုးအိုမှာ ထွက်ပြေးရန် ပြင်ဆင်နေတုန်းပင် ဖမ်းဆီးခံလိုက်ရပြီး မြင်ကွင်းထဲမှ ဆွဲထုတ်ခံလိုက်ရကာ ကျုံးရှန်၏ ခြေရင်းသို့ ပြုတ်ကျလာသည်။
"အမတ်ချုပ်ကြီးချန်... အခုနကဖြစ်ပျက်သွားတဲ့ဇာတ်လမ်းလေးကဘယ်လိုလဲ... ကြည့်ကောင်းရဲ့လား..."
ကျုံးရှန်က ပြုံးပြီး မေးလိုက်သည်။ အလွန်ပင် အန္တရာယ်များသည့်အပြုံးမျိုးဖြစ်၏။ နန်တျန်အင်မော်တယ်မင်းဆက်၏ ဘိုးဘေးဧကရာဇ် ပြန်ထွက်လာပြီး နန်းတွင်းကို ပြန်လည် စုစည်းနေချိန်တွင် ဤလူသည် ဘေး၌ ရှိမနေချေ။ သူသည် အဆုံးမဲ့ သဲကန္တာရထဲတွင် ပုန်းနေခြင်း ဖြစ်သည်။
"ကျွန်တော်မျိုးကို အသက်ချမ်းသာပေးပါ... ကျွန်တော်မျိုး အညံ့ခံပါမယ်..."
အမတ်ချုပ်ကြီးချန်သည် ထွက်ပြေး၍ မလွတ်နိုင်တော့မှန်း သိသဖြင့် မြေပြင်ပေါ်တွင် ချက်ချင်း ဒူးထောက် အညံ့ခံလိုက်သည်။
ကျုံးရှန်က ပြုံးလျက် သူ၏ အနောက်သို့ လျှောက်သွားသည်။ ထို့နောက်သူ့ကို တွဲထူလိုက်ပြီး ကိုယ်ပေါ်မှ ဖုန်မှုန့်များကို ခါပေးလိုက်၏။
"မင်းကလေ... နောက်ဆိုရင် သခင်ကောင်းကောင်း ရွေးပြီး ကပ်ပါကွာ... ဟွမ်ရှားလူမျိုးစုလို အသုံးမကျတဲ့ကောင်တွေမှာ ဘာအနာဂတ်မှ မရှိဘူး..."
ပြောပြီးသည်နှင့် ကျုံးရှန်က အေးစက်စွာ ရယ်မောလိုက်ကာ ပန်းဆွဲယုန်ငယ်တို့ကိုခေါ်ဆောင်လျက် ဟင်းလင်းပြင် အက်ကြောင်းအတွင်းသို့ ဝင်ရောက်သွားတော့သည်။ အမတ်ချုပ်ကြီးချန်၏ မျက်နှာမှာ ပြာနေရာမှ နီရဲလာပြီး မုတ်ဆိတ်မွေးများ တုန်ခါလာသည်။ ဤကဲ့သို့ စော်ကားမှုမျိုးက သူ၏ မာနကို အကြီးအကျယ် ထိခိုက်သွားစေသည်။
ဟင်းလင်းပြင်အက်ကြောင်း တည်ငြိမ်သွားသည်ကို ကြည့်ပြီးနောက်
"ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေ..."
"ငါ မင်းတို့ဂိုဏ်းကို ဖျက်ဆီးပစ်မယ်..."
သူက ဒေါသတကြီး လှည့်ထွက်လိုက်ပြီး အဆုံးမဲ့သဲကန္တာရ အတွင်းပိုင်းသို့ သွားရန် ပြင်လိုက်သည်။ သို့သော် သူ၏ စွမ်းအားကို မထုတ်ဖော်ရသေးမီမှာပင် သူ၏ ခန္ဓာကိုယ်အတွင်းရှိ ရွှေရောင်အမြုတေမှာ မထိန်းချုပ်နိုင်ဘဲ ဖောင်းကြွလာပြီး ပြင်းထန်သော စွမ်းအားများ တစ်ဟုန်ထိုး တိုးပွားလာကာ အတင်းအကြပ် ပြန်လည် ဖိသိပ်ခံလိုက်ရ၏။
"အမြှုတေဖောက်ခွဲခြင်း..."
"မလုပ်နဲ့... ငါ မကျေနပ်..."
"ဘုန်း..."
မိုင်ပေါင်း သန်းချီ တုန်ဟီးသွားစေသော ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီးကောင်းကင်နှင့် မြေပြင်မှာတိတ်ဆိတ်သွားလေသည်။