အခန်း (၁၀၇)
Vol. 11 Ch. 107
အချိန်များစွာကြာပြီးနောက်။
ထူးဆန်းသော အဝတ်အစားများကို ဝတ်ဆင်ထားသည့် ဟွမ်ရှားလူမျိုးစု အမျိုးသမီးတစ်ဦးသည် ဟင်းလင်းပြင်ကို ဆွဲဖြဲကာ မြင့်မြတ်သောတံတားများ၏ အထက်တွင် ပေါ်လာသည်။ သူမသည် မျက်စိကို မှိတ်ထားပြီး ဤကမ္ဘာလောကအတွင်း ကျန်ရစ်နေသော အငွေ့အသက်များကို ခံစားကြည့်လိုက်၏။
သူမ၏ ညိုမဲသော လက်မောင်းကို လေထဲတွင် ဝှေ့ယမ်းကာ တစ်ခုခုကိုဆုပ်ကိုင်လိုက်သည်။
"အငွေ့အသက်တွေကို ရှင်းလင်းသွားပုံက သိပ်သေသပ်တာပဲ..."
"ထူးဆန်းတယ်... ငါ့ရဲ့ စိတ်ဆန္ဒကိုယ်ပွားတစ်ခုကို ဘယ်သူကများ သတ်လိုက်တာပါလိမ့်..."
"အလယ်ပိုင်း သူတော်စင်ကုန်းမြေတိုက်က အဘိုးကြီးတွေများလား..."
သူမ၏ မျက်နှာတွင် သံသယများ ပြည့်နှက်နေ၏။
ဤဟွမ်ရှားအမျိုးသမီးတွင် ထူးခြားသော ငွေရောင်ဆံပင်များ ရှိပြီး ခန္ဓာကိုယ်ပေါ်တွင် အက္ခရာသင်္ကေတများဖြင့် ဖွဲ့စည်းထားသော တက်တူးများကို ထိုးနှံထားသည်။ သူမသည် ကျိန်စာနတ်ဘုရားမ ကိုယ်တိုင် သွန်းလုပ်ထားသော ကိုယ်ပွားတစ်ခု ဖြစ်ပြီး ကိုယ်ပိုင် အသိစိတ်နှင့် စရိုက်လက္ခဏာ ရှိလေသည်။ ပုံမှန်အချိန်များတွင် သူမသည် နတ်ဘုရားတစ်သောင်း ကုန်းမြေတိုက်အနှံ့ လှည့်လည်သွားလာနေလေ့ ရှိပြီး အစောပိုင်းက မူလခန္ဓာကိုယ်၏ စိတ်ဆန္ဒတစ်ခု ဖျက်ဆီးခံလိုက်ရသည်ကို အာရုံခံမိသဖြင့် ဟင်းလင်းပြင်ကို ဖြတ်ကျော်ကာ အဆုံးမဲ့သဲကန္တာရသို့ ချက်ချင်း ရောက်လာခြင်း ဖြစ်သည်။ သို့သော် သူမ ခြေတစ်လှမ်း နောက်ကျသွားခဲ့ပြီဖြစ်၏။
"တစ်ဖက်လူရဲ့ နည်းလမ်းတွေက တကယ်ကို မရိုးရှင်းဘူး... နတ်ဘုရားအဆင့် စိတ်ဆန္ဒကိုယ်ပွားကို အချိန်တိုအတွင်း သတ်နိုင်တာကြည့်ရင် သူကလည်း နတ်ဘုရားအဆင့် အဘိုးကြီးတစ်ယောက် ဖြစ်ဖို့များတယ်... ပြန့်ကျဲနေတဲ့ နတ်ဘုရားအလင်းတန်းတွေကိုတောင် သိမ်းသွားသေးတယ်"
သူမ မျက်မှောင်ကြုတ်လိုက်မိသည်။
ထို့နောက် အဝေးတစ်နေရာသို့ လှမ်းကြည့်လိုက်ရာ အစိမ်းရောင် နက်သက်ကြွေကျိန်စာအဆိပ်ငွေ့များသည် မိုင်ပေါင်း သန်းချီအောင် ပျံ့နှံ့နေပြီ ဖြစ်ကြောင်း တွေ့လိုက်ရသည်။ လူမျိုးစုငယ် ရာပေါင်းများစွာမှာ လုံးဝ ပျော်ကျပျက်စီးသွားခဲ့ပြီး သေဆုံးသွားသော ဟွမ်ရှားလူမျိုး အရေအတွက်မှာ သန်းပေါင်း ထောင်ချီ ရှိနေသည်။
"မူလခန္ဓာကိုယ်ရဲ့ စိတ်ဆန္ဒက ဒေါသအရမ်းကြီးလွန်းတယ်... ဒီကိစ္စကို အဘိုးကြီးတူတန်ခါမွန် သိသွားရင်တော့.... နှစ်ပေါင်း သောင်းချီကြာအောင် ပွစိပွစိ ပြောနေတော့မှာပဲ"
ဤကိုယ်ပွား၏ စိတ်နေသဘောထားမှာ နတ်ဘုရားမ၏မူလခန္ဓာကိုယ်မှဆင်းသက်လာသော စိတ်ဆန္ဒကိုယ်ပွားထက် ပိုမို ကောင်းမွန်တည်ငြိမ်လေသည်။ သူမသည် ခေါင်းကို ခါယမ်းကာ တိုးတိုးလေး ရေရွတ်သည်။ ထို့နောက် ပါးစပ်ကို ဟကာ ပြင်းထန်စွာ စုပ်ယူလိုက်လျှင် မိုင်ပေါင်း သန်းချီ ပျံ့နှံ့နေသော ကျိန်စာအဆိပ်ငွေ့များမှာ ချက်ချင်းပင် မြစ်တစ်စင်းအလား စုစည်းသွားပြီး သူမ၏ ခန္ဓာကိုယ်အတွင်း စုပ်ယူခြင်း ခံလိုက်ရသည်။
ကျိန်စာအဆိပ်ငွေ့များကို ရှင်းလင်းပြီးနောက် ပျက်စီးသွားသော သူတော်စင်တံတား နှစ်စင်းကို သူမ ကြည့်လိုက်၏။ ထိုကိစ္စကို ဖြေရှင်းရန်မှာ မခက်ခဲဘဲ မူလခန္ဓာကိုယ် အခြားကမ္ဘာများကို တိုက်ခိုက်သိမ်းပိုက်ပြီး ပြန်လာပါက လက်တစ်ချက် ဝှေ့ယမ်းရုံဖြင့် ဤကျိုးနေသော တံတားများကို ပြန်လည် တည်ဆောက်နိုင်မည် ဖြစ်သည်။
"အခြေအနေကို သိရအောင် ဖာရိုဘုရင် နတ်ဘုရားနယ်မြေ ကို တစ်ခေါက်လောက် သွားမှ ဖြစ်မယ်နဲ့တူတယ်..."
"စားဖိုမှူးသူတော်စင်ရဲ့ နယ်မြေလည်း မကြာခင် ပေါ်ထွက်လာတော့မှာဆိုတော့... စိတ်ဝင်စားတဲ့ကောင်တွေ အများကြီး ရောက်လာနိုင်တယ်..."
....
ချင်ထျန်းတောင်ထွတ်။
ကျုံးရှန်သည် တောင်ခါးပန်းရှိ ခြံဝင်းအတွင်း၌ တင်ပလ္လင်ခွေ ထိုင်နေသည်။ သူသည် စိတ်အာရုံကို အသုံးပြုကာ ဝမ်ချွမ်းလှေ၏ တည်နေရာကို ရှာဖွေနေခြင်း ဖြစ်သည်။
"ကြည့်ရတာ ဝမ်ချွမ်းလှေက တစ်ခုခုရဲ့ဆင့် ခေါ်ခြင်းကို ခံလိုက်ရတာပဲ... လူမသိတဲ့ နယ်မြေတစ်ခုဆီကို သူ့အလိုလို ပျံသန်းသွားတာဆိုတော့..."
ကျုံးရှန် မျက်စိပြန်ဖွင့်လိုက်ပြီး စိတ်ဝိညာဉ်ဖြင့် ခြေရာခံခြင်းကို ရပ်လိုက်ကာ သူ၏ ရှေ့တွင် စိုးရိမ်တကြီး ဖြစ်နေသော ဝက်မည်းကြီးတို့ကို ကြည့်လိုက်၏။
ရွေ့ဝူတီ အပါအဝင် ချင်ထျန်းတောင်ထွတ်မှ သက်ရှိများနှင့် အင်မော်တယ်တောင်တန်းမှ ကျုံးရှန်နောက်သို့ လိုက်ပါရန် ဆုံးဖြတ်ခဲ့ကြသော မိစ္ဆာသားရဲစစ်တပ်ကြီးမှာ ဝမ်ချွမ်းလှေပေါ်တွင် ပါသွားကြပြီ ဖြစ်သည်။
"စိတ်မပူကြနဲ့... ဝမ်ချွမ်းလှေ ဦးတည်သွားနေတဲ့နေရာက ကံကောင်းခြင်းနယ်မြေတစ်ခု ဖြစ်မယ်လို့ ငါ အာရုံခံမိတယ်..."
"အဲဒီမှာ သူတို့အားလုံး ကံကောင်းခြင်းတွေ ရကြလိမ့်မယ်..."
"ဝမ်ချွမ်းလှေ ပြန်ရောက်လာတဲ့အချိန်ကျရင် သူတို့ရဲ့ စွမ်းအားတွေ အများကြီး တိုးတက်လာမှာ သေချာတယ်..."
"ဒါနဲ့ မင်းတို့..."
ကျုံးရှန် ခဏ နားလိုက်ပြီးမှဆက်ပြောသည်။
"စားဖိုမှူးသူတော်စင်ရဲ့ နယ်မြေက မကြာခင် ပေါ်လာတော့မယ်... အဲ့ဒီနယ်မြေက ကမ္ဘာငယ်လေး တစ်ခုနဲ့ ဆက်သွယ်ထားပြီး နန်ယန်စီရင်စု လေးခုစာလောက် ကျယ်ဝန်းတယ်..."
"နယ်မြေထဲ ဝင်သွားပြီးတာနဲ့ လူတိုင်းက နေရာအနှံ့ ကွဲသွားကြလိမ့်မယ်..."
"အဲဒီအချိန်ကျရင် ငါ မင်းတို့ကို ဂရုစိုက်ပေးနိုင်မှာ မဟုတ်တော့ဘူး...ဒါကြောင့်..စားဖိုမှူးသူတော်စင်နယ်မြေထဲမှာ အခွင့်အရေး ဘယ်လောက်ရနိုင်မလဲ ဆိုတာက မင်းတို့ရဲ့ ကံတရားအပေါ် မူတည်သွားပြီ..."
အလေးအနက် ပြောပြီးနောက် ကျုံးရှန်က လက်ကို ဝှေ့ယမ်းလိုက်လျှင် လေထဲ၌ နတ်ဘုရားအလင်းတန်းများ ဖြာထွက်နေသည့် လက်နက်၃ခု ပေါ်လာသည်။
ချင်ထျန်းတောင်ထွတ်မှ သက်ရှိများဖြစ်ကြသော ဝက်မည်းကြီး၊ ရှုရင်နှင့် ပန်းဆွဲယုန်ငယ်တို့မှာ ရင်ခုန်စိတ်လှုပ်ရှား သွားကြသည်။ သူတို့မှာ ကျုံးရှန်၏ ပြုစုပျိုးထောင်ပေးမှုကြောင့် ငယ်စဉ်ကတည်းက ကျင့်ကြံလာခဲ့ကြပြီး ယခုအခါ သူတော်စင်အဆင့် ကျွမ်းကျင်သူများ ဖြစ်နေကြပြီ ဖြစ်သည်။ ချင်ထျန်းတောင်ထွတ်တွင် ဝိညာဉ်စွမ်းအားများ ပြည့်ဝပြီး ဆေးမြစ်များ၊ အဖိုးတန်အသီးများ ပေါများသော်လည်း နတ်ဘုရားလက်နက်များမှာမူ မြေပြင်ပေါ်တွင် ကောက်ရနိုင်သည်အထိ ပေါများခြင်း မရှိချေ။ ပုံမှန်အားဖြင့် ချင်ထျန်းတောင်ထွတ်မှ သက်ရှိများ သူတော်စင်အဆင့်သို့ ရောက်ရှိပါက ကျုံးရှန်က ဖန်ဆင်းခြင်းအဆင့် ရတနာ တစ်ခုကို ဆုလာဘ်အဖြစ် ပေးလေ့ရှိသည်။ ထိုထက်ပို၍ လက်နက်များ ပေးလေ့မရှိသလို သူတို့ကိုယ်တိုင်ကလည်း ချင်ထျန်းတောင်ထွတ်မှ ထွက်ခွာရန် မတွေးခဲ့ကြချေ။ဤနေရာတွင် လောကကြီးနှင့် အဆက်ဖြတ်ကာ အေးချမ်းစွာ နေထိုင်ပြီး ကောင်းကင်နှင့်မြေကြီး ရတနာများကို မကုန်နိုင်မခန်းနိုင် စားသောက်နေရသဖြင့် တိုက်ခိုက်ရေးလက်နက်များကို မလိုအပ်ခဲ့ကြပေ။
သို့သော် ယခုအခါ အခြေအနေမှာ ကွဲပြားသွားပြီ ဖြစ်သည်။ ကောင်းကင်တာအို ကံတရားများ ပြောင်းလဲသွားပြီ ဖြစ်ကာ ကျုံးရှန်သည်လည်း တောင်ပေါ်မှ ဆင်းရန် ဆုံးဖြတ်လိုက်ပြီ ဖြစ်သည်။ ကောင်းကင်တာအို ပြောင်းလဲမှုအောက်တွင် သက်ရှိအားလုံး၌ မိမိတို့၏ ကံတရားကို ရှာဖွေပိုင်ခွင့် ရှိကြသည်။ အကယ်၍ အခွင့်အရေးကို တက်ကြွစွာ မလုယူဘဲ ကိုယ့်ကိုယ်ကိုယ် အားမဖြည့်ပါက မူလကံတရား မည်မျှပင် ကောင်းမွန်ပါစေ ကြီးမားသော အပြောင်းအလဲအောက်တွင် စတေးခံလိုက်ရမည့် သားကောင်များ ဖြစ်သွားပေလိမ့်မည်။
"ဝက်မည်းကြီး... မင်းရှေ့က ဒီ ရွှေရောင်လက်ကောက်ကို ချန်ကွန်းဝရဇိန်လက်ကောက် လို့ ခေါ်တယ်... ဒါက ရှေးဟောင်းခေတ်က လူသားမျိုးနွယ်ရဲ့ ထိပ်တန်း ဖန်ဆင်းခြင်းအဆင့် ရတနာတစ်ခုပဲ"
"ဒါကို အသုံးပြုလိုက်ရင် တစ်ခုကနေ နှစ်ခု၊ နှစ်ခုကနေ သုံးခု... အများဆုံး ကိုးခုအထိ ကွဲထွက်နိုင်ပြီး ကိုးသွယ်ချန် နတ်ဆိုးချုပ်အစီအရင်ကို ဖန်တီးနိုင်တယ်"
"ဒီအစီအရင်ထဲပိတ်မိသွားရင် ခန္ဓာကိုယ်ရော စိတ်ဝိညာဉ်ပါ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး... ဒါ့အပြင် ချုပ်နှောင်ခြင်း၊ သတ်ဖြတ်ခြင်း၊ ကာကွယ်ခြင်း ဆိုပြီး ပုံစံမျိုးစုံ ပြောင်းလဲနိုင်တယ်... မင်း သေချာ လေ့လာဖို့ လိုလိမ့်မယ်"
"မင်းရဲ့ လက်ရှိ ကျင့်ကြံခြင်းအဆင့်နဲ့ ဒါကို အသုံးပြုမယ်ဆိုရင် သူတော်စင်အဆင့် ၆ ကျွမ်းကျင်သူကိုတောင် ခဏတာ ချုပ်နှောင်ထားနိုင်တယ်... အဲ့ဒီအချိန်မှာ သတ်မလား၊ ထွက်ပြေးမလားဆိုတာ မင်းသဘောပဲ"
ဝက်မည်းကြီးမှာ စိတ်လှုပ်ရှားမှုအပြည့်ဖြင့် လက်ကောက်ကို လှမ်းယူလိုက်သည်။ သူ၏ ခေါင်းထဲတွင် ချန်ကွန်းပါကွား ပေါင်းစပ်အစီအရင် ပုံရိပ်တစ်ခု ပေါ်လာလေသည်။ချန်ကွန်းဝရဇိန်လက်ကောက်သည် ကိုးကွင်း ကွဲထွက်သွားပြီး တစ်ကွင်းက အစီအရင်ဗဟိုချက် ဖြစ်ကာ ကျန်ရှစ်ကွင်းက ချန်၊ ကွန်း ၊ ရွှန်း ၊ ကျိန်း ၊ ခန် ၊ လီ ၊ ကိန်း ၊ တွေဟူသော ပါကွားရှစ်ကွက်အဖြစ် ပြောင်းလဲသွားသည်။ ကွင်းများ လည်ပတ်ကာ ပုံစံမျိုးစုံ ပြောင်းလဲနိုင်ပြီး များပြလှ သောအသုံးပြုပုံများပါဝင်ကာ အစွမ်းကုန် အသုံးပြုနိုင်ပါက အမှန်တကယ်ပင် အဆုံးမဲ့ အစွမ်းထက်ပေလိမ့်မည်။ ဝက်မည်းကြီးသည် ခေတ္တမျှ မိန်းမောသွားပြီးမှ သတိပြန်ဝင်လာသည်။
"သိပ်စွမ်းတာပဲ... ဒီလောက်များပြားတဲ့ ပေါင်းစပ်မှုတွေနဲ့တင် ကျွန်တော်မျိုး နှစ်ပေါင်းများစွာကြာအောင် လေ့လာလို့ရပြီ..."
"ဒီလိုဖန်ဆင်းခြင်းအဆင့်ရတနာ ပေးသနားတဲ့အတွက် သခင်ကို ကျေးဇူးတင်ပါတယ်..."
ဝက်မည်းကြီးသည် ကျေးဇူးတင်စွာဖြင့် ဒူးထောက် ဦးခိုက်လိုက်သည်။
ဘေးတွင် ရပ်နေသော ရှုရင်သည်လည်း ကျုံးရှန်ကို မျှော်လင့်တကြီး ကြည့်နေသည်။ ရှုရင်၏ ရှေ့တွင် သန်းပေါင်းများစွာသော ဝိညာဉ်မြက်ပင်၊ သစ်ပင်၊ ပန်းပင် ပုံရိပ်များ ရေးဆွဲထားသည့် ပန်းချီကားချပ်တစ်ခု တောက်ပစွာ ပျံဝဲနေ၏။
"ရှုရင်... ဒါက သောင်းပြောင်းထွေလာ ဝိညာဉ်ပင်များပန်းချီကားလို့... ခေါ်တယ်... ဒါက ရှေးဟောင်း ဝိညာဉ်အပင်တာအိုဂိုဏ်းရဲ့ ဂိုဏ်းစောင့်ရတနာပဲ..."
"စွမ်းအင်ထည့်လိုက်ရင် ပတ်ဝန်းကျင်က ဝိညာဉ်အပင် စွမ်းအားတွေနဲ့ ချိတ်ဆက်ပြီး အဆုံးမဲ့ သက်စောင့်သတ်ဖြတ်ခြင်း အစီအရင်တွေကို ဖန်တီးနိုင်တယ်..."
"ပြီးတော့ သစ်သားသက်စောင့်စွမ်းအား အဖြစ် ပြောင်းလဲပြီး ကိုယ့်ကိုယ်ကိုယ်လည်း ကာကွယ်နိုင်သလို...သူတော်စင်အဆင့် ၆ ကိုလည်း ယှဉ်ပြိုင်တိုက်ခိုက်နိုင်တယ်..."
ရှုရင် မျက်လုံးများ အရောင်တောက်သွားပြီး ပန်းချီကားချပ်ကို လက်နှစ်ဖက်ဖြင့် လှမ်းယူလိုက်ကာ မြှောက်ပင့်စကားပြောရန် ပါးစပ်ပြင်လိုက်သည်။
"ငြိမ်..."
သူ ပါးစပ်မဟရသေးခင်မှာပင် ကျုံးရှန်က စကားလုံးတစ်ထောင်မန္တန်မှ ငြိမ် ဟူသော စကားလုံးကို ရွတ်ဆိုလိုက်ရာ ချက်ချင်းပင် ရှုရင်တစ်ယောက် ငြိမ်ကျသွားတော့သည်။ ရှုရင်ရဲ့မြှောက်ပင့်ပြောဆိုတာတွေက တကယ်ကို အီလည်လည် နိုင်လွန်းသောကြောင့်ဖြစ်သည်။
နောက်ဆုံးတွင် ကျန်ရစ်သော ပန်းဆွဲယုန်ငယ်မှာ စိုးရိမ်စိတ်ဖြင့် ရင်တုန်နေပြီ ဖြစ်သည်။
"သခင်က သမီးကို နောက်ဆုံးမှ ထားတာဆိုတော့... သမီးကို မချစ်တော့ဘူးလားဟင်..." ဟု သူမက မျက်ရည်ဝဲလျက် ပြောလိုက်သည်။ သူမလက်ထဲမှ ပန်းခြင်းလေး လှုပ်ယမ်းသွားကာ နှင်းရည်စက်များ ကျဆင်းလာပြီး မြေပြင်ပေါ်တွင် ပန်းပေါင်းများစွာ ပွင့်လန်းသွား၏။
ကျုံးရှန် နှုတ်ခမ်းထောင့်များ ကွေးတက်သွားပြီး ပြုံးလိုက်ကာ သူမရှေ့ရှိ နတ်ဘုရားအလင်းတန်းများ ထွက်ပေါ်နေသော သစ်သားငရုတ်ကျည်ပွေ့လေးကိုညွှန်ပြလိုက်လေသည်။