အခန်း (၁၀၈)
Vol. 11 Ch. 108
"ဒါက ရှေးဟောင်းခေတ်က ထိုက်ယင်ကြယ်နတ်မင်း ရဲ့ ရတနာ... လနတ်ဘုရားကျည်ပွေ့ပဲ...... ကြယ်တာရာတွေကိုတောင် ချေမှုန်းနိုင်စွမ်းရှိပြီး အစွမ်းကတော့ အဆုံးမဲ့ပဲ"
"အဲ့ဒီတုန်းက ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ရဲ့ စကြဝဠာကောင်ကင်ယံမှာ အညတရ ကြယ်တွေ အများကြီး ရှိနေခဲ့ပြီး ကြယ်တာရာတွေနဲ့ ဥက္ကာခဲတွေက ခဏခဏ ပြုတ်ကျလေ့ရှိတဲ့အတွက်.... သက်ရှိအားလုံးအတွက်တော့ ကြီးမားတဲ့ ဘေးဒုက္ခကြီးတစ်ခုဖြစ်ခဲ့တာပေါ့"
"အဲဒီအချိန်မှာ ထိုက်ယင်ကြယ်နတ်မင်းက လနတ်ဘုရားကျည်ပွေ့ကို ကိုင်ပြီး ကောင်းကင်ယံက ကြယ်တွေကို တစ်လုံးချင်းစီ ရိုက်ခွဲပစ်ခဲ့လို့သာ သက်ရှိပေါင်းများစွာကို ကယ်တင်နိုင်ခဲ့တာ... အဲ့ဒါကြောင့် ဒီရတနာမှာ ကြီးမားတဲ့ ကုသိုလ်ကံနဲ့ ဖန်ဆင်းခြင်းအဆင့်စွမ်းအားတွေ ကိန်းအောင်းနေတယ်"
ပန်းဆွဲယုန်ငယ်သည် ထိုစကားကို ကြားလိုက်ရသည်နှင့် သူမ၏မျက်လုံးလေးများမှာ အရောင်တောက်သွားတော့သည်။
ရှေးဟောင်းကြယ်နတ်ဘုရား ဆိုသည်မှာ နတ်ဘုရားဘွဲ့ တရားဝင် အပ်နှင်းခံထားရသော နတ်မင်းကြီး ဖြစ်၏။ ထို့အပြင် ဤ လနတ်ဘုရားကျည်ပွေ့မှာ ကြီးမားသော ကုသိုလ်ကံများကို ရရှိထားသည့် ရတနာလည်း ဖြစ်ပြီး နတ်ဘုရားတစ်ပါးကသာ အသုံးပြုမည်ဆိုပါက နတ်ဘုရားခန္ဓာကိုယ်ကိုပင် ရိုက်ခွဲပစ်နိုင်စွမ်း ရှိပေသည်။ သို့ဖြစ်ရာ ဤကျည်ပွေ့သည် ထိပ်တန်း ဖန်ဆင်းခြင်းအဆင့် ရတနာ တစ်ခုပင် ဖြစ်၏။
ပန်းဆွဲယုန်ငယ်သည် လနတ်ဘုရားကျည်ပွေ့ကို ပွေ့ဖက်ကာ ကျုံးရှန်ကို အရိုအသေပေးလိုက်ပြီး ချက်ချင်းပင်တင်ပျဉ်ခွေထိုင်ကာ ဖန်ဆင်းခြင်းအဆင့်လက်နက်ကို စတင်သန့်စင်လေသည်။
သူတို့အားလုံး စိတ်အာရုံ နှစ်မြှုပ်ကာ ဖန်ဆင်းခြင်းအဆင့်လက်နက်များ သန့်စင်နေသည်ကို မြင်လျှင် ကျုံးရှန်လည်း မနှောင့်ယှက်တော့ဘဲ အပြင်သို့ လျှောက်လာလိုက်ကာ ဖန်ဆင်းခြင်းသန္ဓေသားလောင်းကျောက်ဖျာအပေါ်တွင် တင်ပျဉ်ခွေ ထိုင်လိုက်သည်။ ကျုံးရှန် လက်တစ်ချက် ဝှေ့ယမ်းလိုက်လျှင် ယင်နှင့်ယန် အရောင်စပ်ထားသော မှန်ငယ်လေးနှစ်ချပ် သူ့ရှေ့တွင် ပေါ်လာသည်။ ထို့နောက် လက်ဝါးနှစ်ဖက်ကို ဖြည်းညှင်းစွာ ရိုက်လိုက်ရာ မှန်ချပ်နှစ်ချပ်မှာ ထပ်တူကျသွားပြီး မည်သည့် အဟန့်အတားမျှ မရှိဘဲ တစ်သားတည်း ပေါင်းစပ်သွားကြသည်။
မှန်ချပ်၏ ပုံသဏ္ဌာန်မှာ စတင် ပြောင်းလဲလာပြီး ဆယ်မျက်နှာ ပရစ်ဇမ်ပုံစံ မှန်ရိပ်တစ်ခု ပေါ်လာသည်။ ထိုအထဲမှ မျက်နှာပြင် နှစ်ဖက်မှာ ပြည့်စုံသွားပြီး ထင်ရှားသော ရုပ်လုံး ပေါ်လာ၏။ ဤ မှန်ရိပ်သည်ကား တာအိုအဆင့် ထိပ်တန်းရတနာ ယင်ယန်လောကမှန် ၏ ပြီးပြည့်စုံသော ပုံစံပင် ဖြစ်သည်။
"ယင်ယန်ဆယ်မျက်နှာလောကမှန်က အခုတော့ နှစ်မျက်နှာပြည့်စုံသွားပြီ"
"နောက်ထပ် တစ်ဖက် ထပ်ဖြည့်ပြီးတာနဲ့ ကမ္ဘာငယ်လေးတစ်ခုစာ ရှိတဲ့ မှန်ကမ္ဘာကို ဖန်တီးနိုင်တော့မယ်..."
"အကယ်၍ ဆယ်မျက်နှာလုံးသာ ပြည့်စုံသွားရင်တော့ အသစ်စက်စက် ကမ္ဘာကြီး တစ်ခုကိုတောင် တည်ဆောက်နိုင်မှာ...အဲ့ဒါဆိုရင် အတိုင်းအဆမရှိအကျိုးကျေးဇူး တွေရမှာပဲ"
ကျုံးရှန်က ယင်ယန်ဆယ်မျက်နှာလောကမှန်ကို စိတ်ကျေနပ်စွာ ကြည့်ပြီး ပြန်သိမ်းလိုက်သည်။
ထို့နောက် အစောပိုင်းက လင်ချန်၏ ခန္ဓာကိုယ်ထဲမှ ဖမ်းဆီးခဲ့သော အနူးဘစ်၏ ဝိညာဉ်အပိုင်းအစကို ထုတ်လိုက်၏။ ဤဝိညာဉ်မှာ စစ်မှန်သော နတ်ဘုရား ဝိညာဉ်တစ်ခု ဖြစ်သည်။ အနူးဘစ်သည် သူ၏ ဝိညာဉ်ကို အစိတ်စိတ်အမြွှာမြွှာ ခွဲပြီး နတ်ဘုရားအဆင့်အတန်းကို ဖျောက်ပစ်ကာ တာအိုအမွေဆက်ခံသူများကို ဖန်တီးခဲ့သော်လည်း ဤဝိညာဉ်အပိုင်းအစမှာ နတ်ဘုရားအငွေ့အသက်များ ပြည့်နှက်နေဆဲဖြစ်သည်။ ထိုနတ်ဘုရားဝိညာဉ်လေးကို ထုတ်ယူလိုက်သည်နှင့် အနူးဘစ်၏ ပုံရိပ်ယောင်အဖြစ် ပြောင်းလဲသွားပြီး ကျုံးရှန်၏ လက်ဝါးပေါ်တွင် ဒေါသတကြီး အော်ဟစ်တော့သည်။
"သေစမ်း... ငါ့ရဲ့ ဆက်ခံသူသားတော်ကို သတ်ပြီး ငါ့ရဲ့ စစ်မှန်တဲ့ နတ်ဘုရားဝိညာဉ်ကို ဖမ်းချုပ်ရဲတယ်ပေါ့... မင်း ဘယ်သူပဲဖြစ်ဖြစ် ငါတို့ သဲကန္တာရ နတ်ဘုရားမျိုးနွယ်က မင်းကို လုံးဝ ခွင့်လွှတ်မှာ မဟုတ်ဘူး"
ပုံရိပ်ယောင်လေးမှာ ဒေါသတကြီးဖြင့် မရပ်မနား ခြိမ်းခြောက်နေ၏။
ကျုံးရှန်က ဂရုမစိုက်စွာ ပြုံးလိုက်သည်။ ထို့နောက် စကားတစ်ခွန်းမျှ မပြောတော့ဘဲ အခြားလက်တစ်ဖက်မှ လက်ညှိုးဖြင့် အနူးဘစ်ပုံရိပ်ယောင်ကို ထောက်လိုက်ကာ နဂါးမဲ့ ဝိညာဉ်သန့်စင်ခြင်း မဟာနည်းစနစ်ကို တိုက်ရိုက် အသုံးပြုလိုက်လေသည်။
"သေစမ်း... မင်း ဘယ်လိုလုပ်ပြီး..."
"အား..."
ဤနတ်ဘုရားဝိညာဥ်အစိတ်အပိုင်းမှာ အနူးဘစ်၏ မူလခန္ဓာကိုယ်နှင့် ဆက်စပ်နေပြီး ကြီးမားသော ဝိညာဉ်စွမ်းအင်ကိုပိုင်ဆိုင်ထာသည်။ စစ်မှန်သော နတ်ဘုရားဝိညာဉ်ဖြစ်သဖြင့် ကျုံးရှန်က အပိုင်းအစအနည်းငယ်သာသန့်စင်လိုက်သော်လည်း မူလပိုင်ရှင်ဖြစ်သည့်အနူးဘစ်ပါ ထိုအစိတ်အပိုင်းကိုလုံးဝဆုံးရှုံးရမည်ဖြစ်သည်။ ကောင်းကင်တာအို၏ အပြစ်ပေးမှုကို ခံယူကာ အနူးဘစ် ကိုယ်တိုင် ကိုယ်ခန္ဓာပြန်လည်ဖွဲ့စည်းပြီး နတ်ဘုရားရာထူးကို ပြန်လည်ပေါင်းစည်းခြင်းမပြုလျှင် ဤပျက်စီးမှုမှာ ပြန်မပြုပြင်နိုင်သော ဆုံးရှုံးမှု ဖြစ်လာပေမည်။
ဝိညာဉ်အတွင်း၌ များပြားလှသော မှတ်ဉာဏ်များနှင့် သတင်းအချက်အလက်များ ကိန်းအောင်းနေပြီး ၎င်းတို့ကို ကျုံးရှန်က အတင်းအကြပ် ထုတ်ယူနေခြင်းဖြစ်ရာ အနူးဘစ်၏ ဝိညာဉ်မှာ တုန်ခါလာပြီး ချက်ချင်းပင် ကွဲအက်ပျက်စီးတော့မည့်ပုံစံ ဖြစ်လာ၏။ ဝိညာဉ်အပိုင်းအစကို ဆုံးရှုံးလိုက်ရသည်ထက် သူ၏ မှတ်ဉာဏ်များထုတ်ယူခံရခြင်းကို အနူးဘစ်က ပို၍လက်မခံနိုင်ပေ။ ထိုသို့ဆိုလျှင် သဲကန္တာရ နတ်ဘုရားမျိုးနွယ်၏ လျှို့ဝှက်ချက်များစွာကို ဤလူသားက သိရှိသွားပေလိမ့်မည်။
"မင်းတို့ ဒီအကွက်ကို သုံးမယ်ဆိုတာ ငါ ကြိုသိပြီးသား..."
ကျုံးရှန်၏ နှုတ်ခမ်းထောင့်များ ကွေးတက်သွားပြီး နတ်ဘုရားဝိညာဉ်အစိတ်အပိုင်းကို ဖမ်းဆီးထားသော သူ၏ လက်ဝါးမှ စွမ်းအားများ ရုတ်တရက် အဆပေါင်း ရာချီ တိုးလာကာ ဝေဝါးနေသော ဝိညာဉ်ကို ပြန်လည် တည်ငြိမ်သွားစေလိုက်သည်။ ကျိန်စာနတ်ဘုရားမ၏ စိတ်ဆန္ဒကိုယ်ပွား ပျက်စီးသွားစဉ်က သင်ခန်းစာရခဲ့သဖြင့် ကျုံးရှန်သည် ယခုတစ်ကြိမ်တွင် အဆင်သင့် ပြင်ဆင်ထားခြင်း ဖြစ်သည်။
"မင်း..."
"အား..."
ကျုံးရှန်သည် ဝိညာဉ်ကို တလွှာချင်းစီ စတင် သန့်စင်တော့သည်။ရှေးဟောင်း လျှို့ဝှက်ချက်များနှင့် ထူးဆန်းသော ကိစ္စရပ်များ တစ်ခုပြီးတစ်ခု သူ၏ ရှေ့တွင် ပေါ်လာပြီး ကျုံးရှန်မှာ စိတ်ဝင်တစားဖြင့် ကြည့်နေမိသည်။ ရှေးခေတ်ကတည်းက ယနေ့အထိ နတ်ဘုရားတစ်ပါး၏ ဝိညာဉ်ကို ဤကဲ့သို့သန့်စင်နိုင်သူမှာ လက်ချိုးရေ၍ပင် ရနိုင်ပေလိမ့်မည်။ သို့ဖြစ်ရာကျုံးရှန်၏ ဝိညာဉ်စွမ်းအား အဆင့်အတန်းမှာ မြင့်မားလှသော်လည်း များပြားလှသော သတင်းအချက်အလက်များကို ချေဖျက်ရန် နာရီပေါင်းများစွာ အချိန်ယူလိုက်ရသည်။
.....
နောက်ဆုံး၌အနူးဘစ်၏ ဝိညာဉ်အပိုင်းအစမှာ သူ၏ တာဝန် ပြီးဆုံးသွားသကဲ့သို့ လုံးဝ ကွယ်ပျောက်သွားလေ၏။
"ဒါကြောင့်ကိုး... ဒီ မျိုးနွယ်ခြား နတ်ဘုရားတွေက ကောင်းကင်တာအိုရဲ့ အပြောင်းအလဲကို ကြိုသိနေကြတာပဲ..."
"အဲ့ကြောင့်လည်း အခုတစ်ခေါက်မှာ မျိုးနွယ်ခြား နယ်မြေအသီးသီးက သူတို့ရဲ့ လူတွေကို လူသားမျိုးနွယ်တွေ ရှိတဲ့ ပြည်နယ်တွေဆီ စေလွှတ်ပြီး တိုက်ခိုက်ခိုင်းတာကိုး"
"ဒီအခွင့်အရေးကို အသုံးချပြီး သူတို့လူမျိုးစု ကံတရားကိုတိုးမြှင့်ဖို့ ကြိုးစားနေကြတာပဲ..."
"ကြည့်ရတာ... မကြာခင်မှာ မျိုးနွယ်စုတစ်သောင်း စစ်ပွဲခေတ်ကာလ...ရောက်လာတော့မှာပဲ..."
ကျုံးရှန် ဖြည်းညှင်းစွာ ထရပ်လိုက်သည်။မျိုးနွယ်ခြားတွေ ဘာကြောင့် ရုတ်ရုတ်သဲသဲ ဖြစ်နေရသလဲဆိုသည့် အဖြေကို သူ သိသွားပြီ ဖြစ်သည်။ အရာအားလုံး၏ နောက်ကွယ်တွင် ကောင်းကင်တာအိုက တွန်းအားပေးနေခြင်းဖြစ်သည်။ ထို့အပြင်အနူးဘစ်၏ မှတ်ဉာဏ်ထဲမှ ကျိန်စာနတ်ဘုရားမနှင့် ပတ်သက်သည့် အချက်အလက်အချို့ကိုလည်း ရရှိလိုက်သေးသည်။
ကျိန်စာနတ်ဘုရားမ အာမန်ရာ။
သူမကို ကောင်းကင်သမီးတော် ဟုလည်း ခေါ်ကြသည်။
ထိုအချိန်တုန်းက လောကကြီးမှာ ပရမ်းပတာ ဖြစ်နေပြီး အရာအားလုံးမှာ အစပြုရုံသာ ရှိသေးသည့်လောကဦးကာလဖြစ်၏။ နတ်ဘုရားဟူသည်လည်း မရှိသေးသလို ယခုကဲ့သို့ ရှုပ်ထွေးလှသော ကျင့်ကြံခြင်း စနစ်များလည်း မရှိသေးချေ။ ထိုစဉ်တစ်နေ့တွင် အာမန်ရာသည် ဟွမ်ရှားလူမျိုးစုထဲသို့ ရုတ်တရက် ရောက်ရှိလာခဲ့လေသည်။ သူမသည်မိဘမဲ့ဖြစ်ပြီး ထူးဆန်းသော အဝတ်အစားများကို ဝတ်ဆင်ထားကာ ထူးဆန်းသော လက်နက်တစ်ခုကို ကိုင်ဆောင်ထားတတ်သည်။ ထိုလက်နက်သည် ကျယ်လောင်သော အသံကို ထွက်စေပြီး မီးပွင့်များကို ပစ်လွှတ်နိုင်ကာ မီတာတစ်ရာအကွာအဝေးမှနေ၍ ဝံပုလွေတစ်ကောင်ကို တစ်ချက်တည်းဖြင့် အသေပစ်သတ်နိုင်စွမ်း ရှိသည်။ ထိုခေတ်က ထူးခြားသော ပါရမီရှင်များသာ ဝံပုလွေကို သတ်နိုင်စွမ်း ရှိသဖြင့် သူမကို လူမျိုးစုက ကိုးကွယ်ခဲ့ကြပြီး ဖာရိုဘုရင်ကပင် သမီးအဖြစ် မွေးစားခဲ့သည်။
နောက်ပိုင်းတွင် လောကကြီး ပြောင်းလဲလာပြီး ရှေ့ဆောင်လမ်းပြသူများက ကောင်းကင်နှင့် မြေကြီး၏ ဝိညာဉ်စွမ်းအားကို အာရုံခံနိုင်လာကာ ကျင့်ကြံခြင်း နည်းလမ်းများကို စတင် ဖန်တီးလာကြသည်။ ဤသို့ဖြင့် ရှေးဟောင်းခေတ် တရားဝင် စတင်ခဲ့လေသည်။ အာမန်ရာ၏ ပါရမီမှာလည်း အံ့မခန်းလှသဖြင့် သူမသည် လူမျိုးစုအတွင်း ထိပ်တန်း ကျွမ်းကျင်သူ ဖြစ်လာခဲ့သည်။ ထို့နောက် သူမ ဘယ်လိုကြောင့် ကျိန်စာနတ်ဘုရားမ ဖြစ်လာသလဲ ဆိုသည်ကိုမူ အနူးဘစ်လည်း မသိတော့ချေ။ ကျိန်စာနတ်ဘုရားမနှင့် ပတ်သက်သော မှတ်တမ်းအချို့မှာ ဖျက်ဆီးခံထားရပုံ ပေါ်သည်။ ခေတ်ကာလအရ ပြောရလျှင် အနူးဘစ်သည် အာမန်ရာထက် နှစ်ပေါင်းသောင်းချီ၍ နောက်ကျလေသည်။
"ထူးဆန်းတဲ့ အဝတ်အစား... ထူးဆန်းတဲ့ လက်နက်..."
"လောကဦးကာလမှာ ရုတ်တရက်ကြီး ပေါ်လာတယ်..."
"ဒီ အာမန်ရာကလည်း ငါ့လို ကူးပြောင်းလာသူတစ်ယောက်ပဲ"
"အာမန်ရာ ချောက်နက်ကြီးကိုတော့ တစ်ခေါက် သွားကြည့်မှ ဖြစ်မယ်"
"အဲ့ဒီ မိန်းမမှာ ငါ့လို စနစ်မျိုး ရှိမရှိတော့ မသိဘူး... ရှိမယ်တော့ မထင်ဘူး..မဟုတ်ရင် ဒီလောက် နှစ်ပေါင်းများစွာ အချိန်အတွင်းမှာ ဒီကမ္ဘာတင် မကဘဲ ကမ္ဘာ့သစ်ပင် ရဲ့ အပြင်ဘက်က အခြေခံ ကမ္ဘာတွေဆီအထိပါ လွှမ်းမိုးထားနိုင်လောက်ပြီ"
ကျုံးရှန် တိုးတိုးလေး ရေရွတ်လိုက်သည်။
သူသည် လေထဲတွင် စိတ်အာရုံ သတင်းစကားတစ်ခုကို ချန်ထားခဲ့ပြီးနောက် ဟင်းလင်းပြင်ကို ခွဲကာ အာမန်ရာ ချောက်နက်ကြီးဆီသို့ နောက်တစ်ကြိမ် ထွက်ခွာသွားတော့သည်။ ထိုအချိန်၌ အာမန်ရာ၏ ကိုယ်ပွားသည် အဆုံးမဲ့သဲကန္တာရ၏ ဗဟိုရှိ ရွှေမျှော်စင်ဘုရားကျောင်းမှတဆင့် ဖာရိုဘုရင် နတ်ဘုရားနယ်မြေထဲသို့ ရောက်ရှိနေပြီ ဖြစ်သည်။
ဖာရိုဘုရင် နတ်ဘုရားနယ်မြေ ဆိုသည်မှာ သဲကန္တာရနတ်ဘုရားများ စုပေါင်းဖန်တီးထားသော ကမ္ဘာငယ်လေး တစ်ခု ဖြစ်သည်။ သေချင်ယောင်ဆောင်နေကြသော သဲကန္တာရ နတ်ဘုရားအချို့၏ နတ်ဘုရားအဆင့်အတန်းများမှာ ထိုနေရာတွင် ပုန်းကွယ်နေကြသည်ဟု အချို့ကဆိုသည်။ ဤနေရာတွင် နေထိုင်ကြသော ဟွမ်ရှားလူမျိုးများမှာ အပြင်လောကမှ လူများနှင့် မတူဘဲ သန့်စင်သော သွေးမျိုးဆက်ရှိသည့် စွမ်းအားကြီးပါရမီရှင် မူလမျိုးနွယ်ဝင်များဖြစ်ကြသည်။