အခန်း (၁၀၁)
Vol. 11 Ch. 101
“စုကျို၊ နင့်ကို စောင့်ခိုင်းထားမိပြီ”
“ငါတို့ နင့်အတွက် မျှတတဲ့ ပါရမီစမ်းသပ်မှုတစ်ခု ပြုလုပ်ပေးဖို့ တာဝန်ရှိတယ်”
“ဒီနေ့ ဝိညာဉ်ပိုးဖလံဂေဟာကနေ နင့်ရဲ့ ပါရမီနဲ့ ပတ်သက်တဲ့ အပြစ်ကင်းစင်မှုကို ပြန်လည် ဖော်ထုတ်ပေးမှာပါ”
စုကျိုသည် တစ်မျိုးကြီး ခံစားလိုက်ရသည်၊ ခေါင်းဆောင်ရူယွီ သူ့အား လှောင်ပြောင်နေသလိုပင်။
သူ့ ပါရမီက အထွက်နှုန်း လေးဆရှိနေတာပဲ၊ ဘယ်လိုလုပ်ပြီး အပြစ်မကင်းဘဲ နေမှာလဲ?
“မဟာကျင့်ကြံသူ ‘လုကျိကျောင်း’ ကြွရောက်လာပါပြီ!”
“ကောင်းမှုဆိုးမှုခန်းမမှ ‘ယင်ယန်’ အကြီးအကဲကြွရောက်လာပါပြီ!”
စုကျို : “...”
ဘာ? ယင်ယန်အကြီးအကဲဆိုတာ တကယ် ရှိတာလား?
သူ အံ့အားသင့်စွာဖြင့် လှည့်ကြည့်လိုက်သည်။
ဘူးသီးပုံစံ မျက်နှာရှိသော ခေါင်းဆောင် ‘ဟူကျဲကျင့်’ သည် ဝတ်ရုံနက်ဝတ်ထားသော မဟာကျင့်ကြံသူ (ဖြစ်နိုင်သည်မှာ လုကျိကျောင်း) ကို ဖားယားကာ ခန်းမအတွင်းသို့ လိုက်ပါပို့ဆောင်နေသည်ကိုမြင်လိုက်ရသည်။
ဟူကျဲကျင့်သည် မဟာကျင့်ကြံသူလုကျိကျောင်းကို နေရာထိုင်ခင်းပေးပြီးနောက်၊ ခန်းမအပြင်သို့ အမြန်ထွက်ကာ ကောင်းမှုဆိုးမှုခန်းမမှ အထူးဖိတ်ကြားထားသည့် ‘ယင်’ နှင့် ‘ယန်’ အကြီးအကဲ နှစ်ဦးကို ဖားယားကာကြိုဆိုလေသည်။
ထိုနှစ်ဦးမှာ အတူတူ ရပ်နေကြပြီး သူတို့ဝတ်ရုံဖြူများ ထိတွေ့နေမှုက ‘ယင်ယန် သင်္ကေတ’ ပုံစံကို ဖြစ်ပေါ်စေသည်။
“ယင်ယန် အကြီးအကဲတို့၊ ကြွပါ ခင်ဗျာ”
ဟူကျဲကျင့်သည် ခေါင်းဆောင်ရူယွီဘက်သို့ လှည့်လိုက်သောအခါ သူ့ ဖားယားနေသော အမူအရာမှာ ငေါက်ငမ်းသည့် အမူအရာသို့ ချက်ချင်း ပြောင်းလဲသွားသည်။
“ရူယွီ၊ နင်ကတော့ အလုပ်ကို ရှုပ်အောင်လုပ်နေတာပဲ”
“မဟာကျင့်ကြံသူ လုကျိကျောင်းက ဂိုဏ်းအရေးတွေနဲ့အလုပ်ရှုပ်နေတာ၊ အထပ် ၃၀ က တပည့်လေးတစ်ယောက်ရဲ့ ပါရမီနဲ့ ဝိညာဉ်စွမ်း အင်ကို ပြန်စမ်းသပ်ဖို့ ဘယ်မှာအချိန်ရှိမှာလဲ?”
ဟူကျဲကျင့်သည် ‘မဟာအောင်မြင်ခြင်းအဆင့်’ သို့ ရောက်ရှိနေပြီဖြစ်သော လုကျိကျောင်းအား တစ်ချက် ကြည့်လိုက်ပြီးနောက် ခေါင်းဆောင်ရူယွီကို ဆက်လက် ကြိမ်းမောင်းသည်။
“နင် ကောင်းမှုဆိုးမှုခန်းမက ယင်ယန်အကြီးအကဲတွေကိုတောင် ကြီးကြပ်ဖို့ ခေါ်ထားသေးတယ်၊ ဘာမဟုတ်တဲ့ အကြောင်းပြချက်နဲ့...”
“မဟာကျင့်ကြံသူအကြီးအကဲတွေရဲ့ အချိန်ကို ဖြုန်းတီးပစ်တာပဲ!”
ဟူကျဲကျင့် စကားများကြောင့် လဲ့အော်နှင့် အခြားသူနှစ်ဦးမှာ သူ့အားအလွန်ထူးဆန်းသော အမူအရာဖြင့် ကြည့်လိုက်မိကြသည်။
ခေါင်းဆောင်လုသည် နေ့ခင်းဘက်တာဝန်ကျချိန်တွင် သေချာပေါက်အိပ်ပျော်နေခဲ့ခြင်းဖြစ်မည်ဟု သူတို့ ချက်ချင်းတပ်အပ်သိလိုက်ကြသည်။
အကယ်၍ သူသာ အိပ်မပျော်ခဲ့ဘဲ တပည့်များ၏လှုပ်ရှားမှုကို အာရုံစိုက်ခဲ့ပါက စုကျိုကို ဤမျှ လွယ်လွယ်လျှော့တွက်မည်မဟုတ်ပေ။
ထို့အပြင် မျှော်လင့်ထားသည့်အတိုင်းပင် သူသည် အများပိုင်ရန်ပုံငွေများကို အလွဲသုံးစားလုပ်ကာပြိုင်ပွဲဒိုင်လူကြီးအဖြစ် ဆောင်ရွက်စဉ် ပုံရိပ်ကြည်လင်မှုမရှိသော ဗီဒီယိုများကိုသာကြည့်ခဲ့သည်ဟူသော ကောလာဟလမှာလည်း မှန်ကန်နေပေသည်!
လဲ့အော်နှင့် အခြားနှစ်ယောက်၏မျက်ဝန်းများမှာ လှုပ်ခတ်သွားကြသည်။
လုကျိကျောင်းသည် ‘ဝိညာဉ်စွမ်းအင် လှိုင်းစီးခြင်း’ ပါဝင်သော တတိယအဆင့် ပလ္လင်ငါးခု၏အလယ်ဗဟိုတွင် ထိုင်ချလိုက်သည်။
ခဏချင်းမှာပင် သူ့ လေးထောင့်ကျကျမျက်နှာမှာ ကုလားထိုင်ပေါ်ရှိ ဝိညာဉ်စွမ်းအင်လှိုင်းများနှင့်အတူ လိုက်ပါတုန်ခါသွားတော့သည်။
သို့သော် သူ့မဟာအောင်မြင်ခြင်းအဆင့် ကျင့်ကြံခြင်းစွမ်းအားဖြင့် ထိုတုန်ခါမှုကို ချက်ချင်းပြန်လည်နှိမ်နင်းလိုက်သည်။
ဟူကျဲကျင့် ရူယွီအား ဝေဖန်နေသည်ကို သူ မကြားချင်ယောင်ဆောင်နေပြီး၊ သူ့ တည်ကြည်သော မျက်နှာကို စုကျိုဘက်သို့ လှည့်ကာ နှုတ်ခမ်းထောင့်တွင် နူးညံ့သော အပြုံးတစ်ခုထုတ်ဖော်ပြလိုက်သည်။
“မှတ်မိတယ်”
“ဟင်?”
“ကောင်းတယ်”
“လေးဆယ်”
“နေ့စဉ် တိုးတက်”
စုကျိုမှာ သူ့မျက်နှာကြွက်သားများ မသိမသာ လှုပ်ခတ်သွားသည်ကို မနည်းထိန်းထားလိုက်ရသည်။
ဤမဟာကျင့်ကြံသူ လုကျိကျောင်းမှာ ယခင်က ထိပ်သီးအဖွဲ့၏ပုံရိပ်ယောင်တွင် စကားလုံးအနည်းငယ်ဖြင့် စကားလုံးပေါင်းများစွာကို ဖော်ပြခဲ့သည့် ထူးခြားသောနတ်ဘုရားနှင့် တစ်ဦးတည်းသောသူဖြစ်နေသည်ကိုး။
စုကျို ချက်ချင်းရှေ့တိုးလိုက်ပြီး မဟာကျင့်ကြံသူလုကျိကျောင်းကို ရိုသေစွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။
သူမ ပြန်ပြောလိုက်သည်မှာ—
“မဟုတ်”
“နားလည်”
“ဖူးးး—” လှပနူးညံ့သောမျက်နှာရှိသော ခေါင်းဆောင်ရူယွီမှာ သူ့မိန်းမပျိုလေးပီသသော အမူအရာကိုပင် မထိန်းနိုင်တော့ဘဲ အားရပါးရ ရယ်ချလိုက်ပါတော့သည်။
ခန်းမအတွင်းအပြင်ရှိ တပည့်များအားလုံးလည်း ခေါင်းငုံ့ကာ ရယ်သံကိုအောင့်ထားကြရသည်။
သူတို့အားလုံးက စုကျိုကို တိတ်တဆိတ်လက်မထောင်ပြလိုက်ကြသည်။
အလယ်ဗဟိုတွင် ထိုင်နေသော မဟာကျင့်ကြံသူလုကျိကျောင်းမှာ ခဏမျှ ကြောင်သွားပြီးမှ စုကျိုကိုပြုံးပြကာ ခေါင်းညိတ်လိုက်သည်။
ထို့နောက် သူက သူ့ ဝတ်ရုံနက် ခါးနားကိုအသာပုတ်လိုက်သည်။
ချက်ချင်းဆိုသလိုပင် နှုတ်ခမ်းနီနီသွားဖြူဖြူနှင့် နတ်သူငယ်လေးတစ်ဦးမှာ လုကျိကျောင်းနောက်ကွယ်မှ ပေါ်ထွက်လာသည်။
အပြင်သို့ ရောက်ရောက်ချင်းမှာပင် ထိုကလေးမှာ သူ့ခန္ဓာကိုယ်တွင် ပတ်ထားသော ပဉ္စမအဆင့် ပိုးချည်မျှင်များနှင့် ငြိကာ မှောက်ရက်လဲမလို ဖြစ်သွားသည်။
သို့သော် သူအမြန်ပြန်ထရပ်ပြီး ရှက်ကိုးရှက်ကန်းဖြင့် စုကျိုကိုနူးညံ့သောအသံလေးဖြင့် ပြောလိုက်သည်။
“အဖိုးကြီးလု ပြောတာက သူ နင့်ကို မှတ်မိတယ်တဲ့”
“ဒီလထဲမှာ စုကျို... နင် ပထမထပ်မှာ ‘သူတော်စင်အဆင့် ကျောက်စိမ်းပိုးစာပင်’ ကိုကျင့်ကြံခဲ့တာလေ၊ သူက အဲ့ဒီအချိန်မှာ အပေါ်ထပ်ကနေ ကြီးကြပ်နေတာ၊ အဲ့ဒီနေ့က ဝိညာဉ်ပိုးကောင်တွေ နင့်ရဲ့ အဖိုးတန်အပင်ပေါ် တိုးဝှေ့တက်သွားတာကို သူ မြင်လိုက်ရပြီး နင့်ကို အမှတ်ရသွား တာ”
“အဲ့ဒီတုန်းက နင်က ဝိညာဉ်သန့်စင်ခြင်းအဆင့်မှာပဲ ရှိသေးတာ၊ ဟင်... အခုလည်း ဝိညာဉ်သန့်စင်ခြင်း အဆင့်မှာပဲ ရှိနေသေးတာကို အထပ်သုံးဆယ်အထိ ရောက်နေပြီလား?”
ကလေးလေးက လူကြီးတစ်ယောက်လို ဟန်ဆောင်ပြီးအံ့သြပြနေသည်။
“ဒါကို အဖိုးကြီးလုက အရမ်းအံ့သြနေတာ”
“ပြီးတော့ သူက ဒါကို အရမ်းကောင်းတယ်လို့ခံစားရတယ်၊ စုကျို... နင့်ရဲ့ အနာဂတ်က အကန့်အသတ်မရှိဘူးတဲ့”
စုကျို : “...ဪ”
ဒါဆို သူပြောတဲ့ ‘မှတ်မိတယ်’၊ ‘ဟင်?’ နဲ့ ‘ကောင်းတယ်’ ဆိုတာက ဒါကို ပြောတာပေါ့?
သူမသည် မဟာကျင့်ကြံသူလုကျိကျောင်းကို တစ်ချက်ကြည့်လိုက်၊ ပြီးနောက် ပိုးချည်ငင်ပြီး နေ့တိုင်း ဝိညာဉ်ကျောက်တုံး သန်းချီရှာပေး နေသော သူမွေးထားသည့် ဝိညာဉ်ပိုးကောင်ဟုထင်ရသည့် ဤနတ်သူငယ်လေးကို တစ်ချက်ကြည့်လိုက်နှင့် မကြည့်ဘဲမနေနိုင်တော့ပေ။
ဝိညာဉ်ပိုးနတ်သမီးလေးက ဆက်လက်ဘာသာပြန်ပေးသည်။
“အဖိုးကြီးလုက လွန်ခဲ့တဲ့ဆယ်ရက်ကမှ အဆင့်တက်သွားတာ၊ ဒါကြောင့် ကောင်းမှုဆိုးမှုခန်းမက သူ့ကို အထပ်လေးဆယ်နဲ့ ငါးဆယ်ကြားမှာ မဟာကျင့်ကြံသူတွေရဲ့ ကြီးကြပ်ရေးမှူးအဖြစ်တာဝန်ပေးလိုက်တာ၊ အဲ့ဒါကြောင့် သူက စုကျို နင့်ရဲ့လတ်တလောအခြေအနေတွေကို မသိတာ”
“ဒါပေမဲ့ အဖိုးကြီးလု ကြီးကြပ်ခဲ့စဉ်တုန်းက ပထမထပ် ဝိညာဉ်စမ်းသပ်မှုမှာ နင် အမှားအယွင်းဖြစ်ခဲ့တာဆိုတော့၊ ဒီနေ့မှာတော့ နင့်ရဲ့ စစ်မှန်တဲ့ မွေးရာပါဝိညာဉ်စွမ်းအင်ကို မှတ်တမ်းတင်နိုင်ဖို့ သူက ပြန်လည်ပြင်ဆင်ပေးသင့်တယ်လို့ ယူဆတယ်တဲ့”
စုကျိုနှင့် သူမနောက်ရှိ လူများမှာ ထိုအခါမှသာ သဘောပေါက်သွားသော အမူအရာများပေါ်လာကြသည်။
ဒီတော့ ဒီစကားလုံးလေးတွေက ‘လေးဆယ်’ နှင့် ‘နေ့စဉ်တိုးတက်’ ဟူသော အဓိပ္ပာယ်များပေါ့။
ဒါကအရမ်း လိုရင်း တိုရှင်း လွန်းမနေဘူးလား?!
စုကျိုသည် ဤမဟာကျင့်ကြံသူလုကျိကျောင်းသည် စကားပြောရမှာ အရမ်းပျင်းလွန်းသဖြင့် ဝိညာဉ်ပိုးဖလံဂေဟာအတွင်း ဝင်ကာ သူ၏ ကိုယ်ပိုင်ဘာသာပြန်လုပ်ပေးရန် ဝိညာဉ်ပိုးကောင်ကို သီးသန့်မွေးထားသလားဟုပင် သံသယဝင်မိသည်။ တကယ့် အံ့သြစရာပင်!
စုကျိုသည် သူမအိမ်မှ ခွေးကြီးပိုးကောင်မှာ ခန္ဓာကိုယ်လည်းကြီးမားသလို မိစ္ဆာဒဏ်ကိုလည်း ခံနိုင်ရည်ရှိသည်ဟု ရုတ်တရက် ခံစားလိုက်ရ သည်။
ဒါပေမဲ့ ဉာဏ်ရည်ပိုင်းမှာတော့ ဒီပိုးကောင်လေးကို မမီဘူး ထင်တယ်!
ကလေးမွေးရသလိုမျိုး တာဝန်ယူရမည့် ဖိအားလှိုင်းကြီးက သူမကို ရုတ်တရက် ရိုက်ခတ်သွားသည်။
“စိတ်မလှုပ်ရှားပါနဲ့ စုကျို”
ဂုဏ်ပြုခြင်းနှင့် အပြစ်ပေးခြင်းခန်းမမှ အဖိုးအိုနှစ်ယောက်ကလည်း စုကျိုကို ကြင်နာစွာ ပြုံးပြကြသည်။
သူတို့သည်လည်း သိသာထင်ရှားသော မဟာအောင်မြင်ခြင်းအဆင့် ကျင့်ကြံသူများဖြစ်ပြီး လုကျိကျောင်း၏ ဘေးတစ်ဖက်တစ်ချက်တွင် ထိုင်နေကြကာ ဝိညာဉ်စွမ်းအင် လှိုင်းစီးကုလားထိုင်ပေါ်တွင် ရှေ့တိုးနောက်ဆုတ်ဖြင့် လှုပ်ခါနေကြသည်။
သို့သော် ထိုအဖိုးအိုနှစ်ဦးမှာ အသက်အရွယ်ရလာသလို မျက်နှာအသားလည်း ထူနေပြီဖြစ်ရာ လုကျိကျောင်းကဲ့သို့ ကျင့်ကြံခြင်းစွမ်းအားဖြင့် ကုလားထိုင်၏ လှုပ်ခါမှုကို ထိန်းချုပ်မနေတော့ဘဲ လွတ်လပ်စွာပင် ယိမ်းထိုးနေကြသည်။
သူတို့သည် လုကျိကျောင်း၏စိတ္တဇဆန်လှသော စကားများကိုဆက်နားမထောင်နိုင်တော့သဖြင့် စုကျိုကို ကြည့်ကာ စကားဖြတ်ပြောလိုက် ကြသည်။
“ငါတို့နှစ်ယောက်က ကောင်းမှုဆိုးမှုခန်းမရဲ့ စစ်ဆေးရေးမှူးတွေပါ၊ အထပ် ၃၀ ကနေ ၆၀ အထိကို တာဝန်ယူထားတာ၊ ငါတို့ကို ‘ယင်ယန် အကြီးအကဲ’ လို့ ခေါ်နိုင်တယ်”
“စည်းမျဉ်းတွေအရ သူတော်စင်အဆင့်ရှိတဲ့ ပါရမီဝိညာဉ်စွမ်းအင်ကို မှတ်တမ်းအသစ်တင်ဖို့ဆိုရင် ပြန်လည်စမ်းသပ်မှုတစ်ခုလိုအပ်တယ်”
“ပြီးတော့ နင့်မှာ ထိပ်တန်းအဆင့် သူတော်စင်ပါရမီရှိတယ်လို့ သံသယရှိစရာအကြောင်းပြချက်ရှိနေရင်၊ အဲ့ဒါကို သက်သေအဖြစ် မဟာကျင့်ကြံ သူတစ်ဦး၊ ကောင်းမှုဆိုးမှုခန်းမက အကြီးအကဲနှစ်ဦးနဲ့အနည်းဆုံး ခေါင်းဆောင်သုံးဦးလိုအပ်တယ်!”
“ဒါကြောင့် ဒီနေ့မှာ ငါတို့ငါးယောက်က နင့်ကို ပြန်လည်စမ်းသပ်ပေးမှာပါ”
စုကျိုမှာ အသက်ရှူပင် မှားသွားရသည်။
မဟာအောင်မြင်ခြင်းအဆင့် ကျင့်ကြံသူ သုံးယောက်တောင်မှလား ?
အခြေခံအဆင့် ပြီးလျှင် ရွှေရောင်အမြုတေအဆင့်၊ ထို့နောက်မှ မဟာအောင်မြင်ခြင်းအဆင့်သို့ရောက်ခြင်းဖြစ်သည်။
သူ့ထက် အဆင့်သုံးဆင့်ကြီးတောင်မြင့်လို့နေသည်။
ဤဝတ္ထုထဲတွင် အမြင့်ဆုံးအဆင့် ကျင့်ကြံသူများဟု သတ်မှတ်နိုင်သည်။
ဤမျှအစွမ်းထက်သော ပုဂ္ဂိုလ်ကြီးသုံးဦးက သူ့အား စမ်းသပ်မည်ဆိုသည့်အချက်က ကျောင်းအုပ်ကြီးသုံးယောက်က ကျောင်းဆင်းချိန်မှာ ကျောင်းသားတစ်ယောက်ကို အခန်းထဲခေါ်ပြီး စာပြန်မေးနေသလိုမျိုး ဖိအားကို ခံစားရစေသည်။
အမှတ်ပြည့်မရဘဲ ဒီအခန်းထဲက ထွက်သွားရမှာ မဟုတ်ဘူးဟု သူမ ခံစားနေရသည်။
“ရူယွီ၊ ဝိညာဉ်စမ်းသပ်ပိုးချည်ကို ယူခဲ့ပါ” ဟု ယင်ယန် အကြီးအကဲနှစ်ဦးက ဆိုသည်။
ခေါင်းဆောင်ရူယွီ၏ လှပသောမျက်နှာထက်ဝေခွဲမရသည့် အမူအရာတစ်ခု ဖြတ်ပြေးသွားပြီးနောက် သူမက မတ်တပ်ရပ်ကာ အကြီးအကဲများကို လျှောက်တင်လိုက်သည်။
“မဟာကျင့်ကြံသူလု၊ အကြီးအကဲယင်ယန်... စုကျိုရဲ့ ဝိညာဉ်စွမ်းအင်ဟာ ပိုးချည်နဲ့ စမ်းသပ်ဖို့ လုံးဝမသင့်တော်ပါဘူး!”
“ကျွန်မ အကြံပေးချင်တာကတော့—”
ဤအလှပဂေးမလေးမှာ သေချာပေါက် အငြိုးအတေးထားနေခြင်းဖြစ်သည်။
ရူယွီ လှပသောမျက်ဝန်းများသည် သူမကို အစောပိုင်းကြိမ်းမောင်းခဲ့သည့်အပြင် တာဝန်လစ်ဟင်းမှုကြောင့် အကြည့်မကြည်လင်ဖြစ်နေရသော ဟူကျဲကျင့်ဆီသို့ ဒုန်းခနဲရောက်သွားသည်။
“တပည့် စုကျိုရဲ့ဝိညာဉ်စမ်းသပ်မှုအတွက် ခေါင်းဆောင်ဟူကျဲကျင့်ကို စမ်းသပ်ကိရိယာအဖြစ် အသုံးပြုဖို့ ကျွန်မ အကြံပြုပါတယ်!”
ဟူကျဲကျင့် : “?”
အကြီးအကဲနှစ်ဦး : “?”
လုကျိကျောင်း : “...အာ”
သူ အံ့သြသွားသည့် စကားလုံးတစ်လုံးကို ထုတ်ဖော်လိုက်သည်။
စုကျို၊ သူမ၏ အသင်းဖော်များနှင့် ‘ဒုက္ခသည်’ တစ်စုလုံးသည် ရွှေရောင်အမြုတေအဆင့်ရှိသောဟူကျဲကျင့်ကို ကြည့်ကာ ရှုပ်ထွေးသော အမူအရာများဖြစ်သွားကြသည်။ သူတို့သည် တကယ်အံ့သြဝမ်းသာဖြစ်နေကြသလို သနားသလိုလို၊ ဂရုဏာသက်သလိုလိုလည်း ခံစားနေရသည်။
စုကျိုမှာ ချက်ချင်းခေါင်းငုံ့သွားပြီး ငြိမ်သက်ခြင်းမရှိသော သူ့ ညာဘက်လက်ကို ဘယ်ဘက်လက်ဖြင့် အတင်းဖိထားလိုက်ရသည်။
တောက်!
သူ အမှတ်ပြည့်ရအောင် မလုပ်ချင်ခဲ့ပါဘူး။
ဒါပေမဲ့ သူ တကယ်ကို မအောင့်နိုင်တော့တာပါ!
“အုပ်ချုပ်ရေးမှူးဟူကျဲကျင့်... ရှင်... ကျွန်မရဲ့ ပါရမီကို စမ်းသပ်ဖို့အတွက် ကိုယ်တိုင် စေတနာ့ဝန်ထမ်းလုပ်ပေးမလို့လား?”