← Chapters

အခန်း (၁၀၄)

Vol. 11 Ch. 104

အခန်း (၁၀၄)

Vol. 11 Ch. 104

စုကျို ခေါင်းညိတ်ကာ ချစ်စရာကောင်းသည့် အဘိုးအိုတောက်ရန်ကို ပြုံးပြလိုက်သည်။

“ဟုတ်ပါတယ်”

“ကျွန်မရဲ့ မွေးရာပါ ဝိညာဉ်စွမ်းအင်က ကြီးထွားလာခဲ့တာပါ”

အဘိုးကြီးတောက်ကတော့ ဘယ်တော့မှ မမှားနိုင်ဘူး။

ဝိညာဉ်စမ်းသပ်စဉ်က သူမ ချန်ထားခဲ့သည့် ‘လက်ငါးချောင်း’ မှာ အမှားအယွင်းမဟုတ်ဘဲ ကြီးထွားမှုသာ။

“ကျွန်မ အခု အထွက်နှုန်း ၄ ဆ မဟုတ်တော့ဘူး”

စုကျိုသည် နောက်ပစ်ထားသော သူ့လက်များကို ရှေ့သို့ထုတ်ကာ အဘိုးအိုတောက်ရန်ကို ဦးညွှတ်ဂါရဝပြုလိုက်သည်။

“ကျွန်မ အိပ်မက်ထဲမှာ အဘိုးပေးထားတဲ့ ‘ကျင့်ကြံခြင်းအထွက်နှုန်းတိုး ကျင့်စဉ်လျှို့ဝှက်ချက်’ ကို တွေ့လိုက်ရတယ်၊ အခုတော့ ကျွန်မ အထွက်နှုန်းက ၉ ဆဖြစ်သွားပြီ”

သူ စကားပြောနေစဉ်တွင် မျက်ဝန်းများကခိုင်မာပြတ်သားနေသည်။

အဘိုးအိုအား ရိုသေစွာဦးညွှတ်နေသော သူ့လက်ထဲတွင်မူ ခုနကတည်းက ချမထားသေးသည့်၊ ဝိညာဉ်လက်နက် အလင်းရောင်များ ထွက်နေသော အရွယ်အစားမျိုးစုံပြွန်သဏ္ဌာန် အရာဝတ္ထုများကို ကိုင်ထားဆဲပင်။

“ဒီအဘိုးကြီးကြောင့်တဲ့လား...”

တောက်ရန်မှာ ရယ်ရခက် ငိုရခက် ဖြစ်သွားသည်။

သူပေးထားတဲ့ လျှို့ဝှက်ကျင့်စဉ်ကြောင့် မဟုတ်တာသေချာပါသည်။

သူက သူမကို ပေးဖို့တောင် အချိန်မရသေးဘူးလေ!

ဒီကလေးမလေးက သူ့ကိုမျက်နှာသာပေးပြီး ချော့ပြောနေတာပဲ။

“ကိုးဆဆိုတော့ ကောင်းတာပေါ့၊ ကိုးကိုးလီ ရှစ်ဆယ့်တစ်၊ မဟာ ‘ယန်’ ကိန်းဂဏန်းပဲ”

“ကိုးဆသော ပိုးချည်တွေထွက်လာမယ်ဆိုရင်လည်း...”

တောက်ရန်သည် ကြက်သွန်မြိတ် နောက်ဆုံးတစ်လုပ်ကိုမျိုချလိုက်စဉ်၊ သူ့ စိတ်ကူးထဲတွင် ‘ရွှေရောင်တင်ပါး ကိုးခု’ နှင့် ‘မိစ္ဆာကျင့်ကြံသူ ကိုးဦး’ ပုံရိပ်များဖြင့် ပြည့်နှက်သွားပြီးတုန်လှုပ်သွားရသည်။

သူ စိုက်ကြည့်နေရင်း နောက်ဆုံး စုကျိုလက်ထဲရှိ ပြွန်သဏ္ဌာန် အရာကို မြင်သွားသည်။

ဪ~

စုကျိုသည် သူ့အကြည့်နှင့် အခြားသူများ၏စူးစမ်းမှုကို သတိပြုမိသွားတော့သည်။

နောက်ဆုံးမှ သတိရသွားဟန်ဖြင့် သူမ လက်ထဲကိုင်ထားသော ကြိုးမျှင်ရှည်များထဲမှ တစ်စိတ်တစ်ပိုင်းကို တောက်ရန်လက်ထဲသို့ ထည့်ပေးလိုက်သည်။

“ရော့၊ အဘိုးကြီးတောက်၊ အရင် ကျွန်မအပေါ် ဂရုစိုက်ပေးခဲ့တာတွေကို ပြန်ပေးဆပ်ဖို့ နည်းလမ်းမရှိလို့ပါ”

“ယူထားပါ၊ အားမနာပါနဲ့”

စုကျို တောက်ရန် ငြင်းဆန်ခွင့်မရှိအောင် သူ့လက်ထဲသို့ အတင်းအကျပ်ထည့်ပေးလိုက်သည်။

“ဒါက ခေါင်းဆောင်ဟူကျဲကျင့်ရဲ့ခန္ဓာကိုယ်ထဲက ‘မရီဒန်သွေးကြော’ တွေလေ၊ သူ့ရဲ့မွေးရာပါ ခံစစ်စွမ်းရည်ကြောင့် ဒါတွေက အရမ်းမာကျောပြီးဖျက်ဆီးလို့မရဘူး”

“!”

“???”

မြင်ကွင်းတစ်ခုလုံးမှာ ရှုပ်ထွေးဆူညံနေပြီး အသက်ရှူရပင်ကျပ်တည်းလာစေသည်။

စနစ်တကျကျင်းပရမည့် ‘ဝိညာဉ်စမ်းသပ်ပွဲ’ တစ်ခုမှာ ယခုတော့ နှစ်သစ်ကူးပွဲတော်ကျင်းပသလို သို့မဟုတ် နတ်ကနားပွဲတစ်ခုလိုမျိုး ရယ်စရာကောင်းသော အခြေအနေသို့ရောက်ရှိသွားတော့သည်။

ခေါင်းဆောင်ရူယွီသည် စုကျို ပါရမီမှာ ရိုးရှင်းမည်မဟုတ်ကြောင်း ကြိုသိထားခဲ့သော်လည်း ဤမျှအထိဖြစ်လာလိမ့်မည်ဟုတော့ မမျှော်လင့်ထားခဲ့ပေ။

“အကြီးအကဲယင်ယန်... ရှင်တို့ ဘယ်လိုထင်လဲ? တပည့်စုကျိုရဲ့မွေးရာပါ ဝိညာဉ်စွမ်းအင်ကို ဘယ်လိုအဆင့်သတ်မှတ်သင့်လဲ?”

“ပြီးတော့ နာမည်ကရော...”

ကောင်းမှုဆိုးမှုခန်းမမှ အကြီးအကဲနှစ်ဦးမှာ နေရာမှာတင် ကျောက်ရုပ်ဖြစ်သွားကြသည်။

ခုနကစားခဲ့တဲ့ ငရုတ်ပွကင်ထဲမှာ ဒီအကြောင်းတွေမပါခဲ့ဘူးလေ! ဒါ ကြက်သွန်မြိတ်ကင်ကရတဲ့ သတင်းအချက်အလက်တွေလား?

အကြီးအကဲနှစ်ဦးမှာ နေ့စဉ်နှင့်အမျှ အထပ်တိုင်းတွင်ဖြစ်ပျက်နေသော ကိစ္စရပ်များကိုစစ်ဆေးရသဖြင့် အလွန်အလုပ်ရှုပ်ကြသည်။ သူတို့မှာ လွန်ခဲ့သော ဆယ်ရက်အတွင်း အထပ် ၃၀ ရှိ တပည့်များ၏ကျင့်ကြံမှုအခြေအနေကို စစ်ဆေးရန်အချိန်မရှိခဲ့ပေ။

ယနေ့တွင်တော့ သူတို့ တကယ့်အံ့အားသင့်စရာကြီးနှင့် ပက်ပင်းတိုးတော့သည်။

“ဟို... မဟာကျင့်ကြံသူလု၊ ခင်ဗျား ဘယ်လိုထင်လဲ? ခင်ဗျားပဲ နာမည်ပေးပြီး အဆင့်သတ်မှတ်ပေးလိုက်ပါဦး” ဟု ဆိုကာ အကြီးအကဲယင်ယန်က နောက်တစ်ယောက်ကို လက်လွှဲပေးလိုက်သည်။

လုကျိကျောင်း၏လေးထောင့်ကျကျ မျက်နှာကြီးမှာ စုကျိုကိုတစ်ချက်ကြည့်ပြီးနောက် မဟာကျင့်ကြံသူတစ်ဦး၏တည်ငြိမ်မှုကို ပြသလိုက်သည်။

“စမ်းကြည့်”

ဝိညာဉ်ပိုးနတ်သူငယ်လေးက ချက်ချင်းဘာသာပြန်ပေးသည်။

“သေချာပေါက် စမ်းသပ်ကြည့်ရမှာပေါ့၊ စုကျိုရဲ့ ပါရမီကနေ ရရှိလာတဲ့ ဒီသွေးကြောမျှင်တွေရဲ့ ကြံ့ခိုင်မှုအပေါ်မူတည်ပြီး အဆင့်သတ်မှတ် ပေးမယ်”

အခြားနည်းဖြင့် ဘယ်လိုစမ်းသပ်နိုင်ဦးမှာလဲ?

ဤသွေးကြောမျှင်များမှာ သေချာပေါက် ဒုတိယအဆင့် ထိပ်တန်းဝိညာဉ်လက်နက် အဆင့်တွင်ရှိနေသည်။ အခြေခံအဆင့် အထွတ်အထိပ် ကျင့်ကြံသူတစ်ဦး၏ခန္ဓာကိုယ်တွင်းရှိ သွေးကြောများထက်ပင် ပိုမိုခိုင်မာနေသည်။

ပြီးတော့ ဒီပမာဏ တောက်ရန်လက်ထဲမှာရှိနေသည့် အစုအပုံကြီးမှာ လူတစ်ယောက်စာတည်း မဟုတ်တာ သိသာလှသည်။

“တစ်ခုမှ ကိုးခု”ဆိုတော့ ဒါက သေချာပေါက် လူကိုးယောက်စာသွေးကြောမျှင်တွေပဲ!

စုကျို မျက်ခုံးပင့်လိုက်ပြီး “...ကျွန်မတို့ အဲ့ဒါကို ‘ကိုးဆသော ထွက်နှုန်း’ လို့ ခေါ်ရင်ရော?”

“တိကျတယ်” လုကျိကျောင်းက သဘောတူသည့်အနေဖြင့် ခေါင်းညိတ်ပြသည်။

ဘာက တိကျတာလဲ ?

အကြီးအကဲနှစ်ဦးမှာ နှုတ်ခမ်းများတွန့်သွားကြသည်။ အခြားသူတွေက မြေကြီးထဲကပိုးစာပင်တွေ ဒါမှမဟုတ် ပိုးကောင်တွေရဲ့ ပိုးချည်တွေကို ကိုးဆ ပိုထုတ်ပေးကြတာ။

သူမကတော့ ရွှေရောင်အမြုတေအဆင့်ကျင့်ကြံသူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲကသွေးကြောတွေ ထုတ်ပေးနေတာကို ‘ကိုးဆသော အထွက်နှုန်း’ တဲ့လား?!

ဒါပေမဲ့ ဘာပဲဖြစ်ဖြစ်~

ပါရမီကိုနာမည်ပေးခြင်းမှာ စမ်းသပ်သူများ၏ဆုံးဖြတ်ချက်သာဖြစ်သည်။ သူတို့ ပြောသမျှက အတည်ပင်။ တခြားသူတွေက ဘယ်လိုအဓိပ္ပာယ် ပြန်ပြန် သူတို့နှင့်မဆိုင်ပေ။

အကြီးအကဲနှစ်ဦးမှာ တစ်ဦးကိုတစ်ဦးကြည့်လိုက်ပြီးနောက် စုကျိုအား ကြင်နာစွာကြည့်လိုက်ကြသည်။

“မဆိုးဘူး၊ ငါတို့ နင့်ကို အမြင့်ဆုံးဖြစ်တဲ့ ‘သူတော်စင်အဆင့်’ သတ်မှတ်ပေးမယ်”

သူတို့ ငြင်းဆန်၍မရနိုင်ပေ။ အကြောင်းမှာ ဤအထပ် ၃၀ အကျော်တွင် ဤထက်မြင့်သောအဆင့် မရှိတော့သောကြောင့်ဖြစ်သည်။

မြေပြင်ပေါ်တွင် ပြန့်ကျဲနေသော ‘ရွှေရောင်အမြုတေများ’၊ ‘သွေးကြောမျှင်များ’ ကို ကြည့်ရင်း သူတို့မှာ အံ့သြမဆုံးဖြစ်နေရသည်။ တကယ့်ကို အံ့မခန်းပါပဲ။

“စုကျို၊ နင် ဒီစွမ်းရည်ကို ထပ်သုံးနိုင်ဖို့ ဘယ်လောက်ကြာဦးမလဲ...”

“ခုနစ်ရက်ပါ”

“!”

ကောင်းမှုဆိုးမှုခန်းမမှ ယင်ယန်အကြီးအကဲမှာ တုန်လှုပ်သွားရသည်။ ဤမျှကောင်းကင်ကို ဖီဆန်သော ဝိညာဉ်စွမ်းအင်ကို ခုနစ်ရက်တစ်ကြိမ် သုံးနိုင်သည်ဆိုပါလား?

“စုကျိုက ဝိညာဉ်သန့်စင်ခြင်းအဆင့်မှာပဲ ရှိသေးလို့ ‘မဟာဝိညာဉ်လမ်းစဉ် ဆယ်ခု’ ပြိုင်ပွဲမှာ ငါတို့ရဲ့ ဝိညာဉ်ပိုးဖလံဂေဟာကို ကိုယ်စားပြုပြီး မဝင်ပြိုင်နိုင်သေးတာ နှမြောစရာပဲ...”

အကြီးအကဲယင်ယန်သည် အမှန်ပင်ကောက်ကျစ်သော နည်းဗျူဟာများတွင် ကျွမ်းကျင်သူဖြစ်သည်။ ဤကဲ့သို့ ‘ကိုးဆ အထွက်နှုန်း’ ပါရမီရှိသည့် ထူးဆန်းသော တပည့်မျိုးကို အခြားဂိုဏ်းကြီးများကို တုန်လှုပ်သွားအောင် လွှတ်ပေးသင့်သည်ဟု သူ တွေးနေမိသည်။

အရာရာကိုကိုယ်တစ်ယောက်တည်း သိမ်းထားတာထက် ဝေမျှလိုက်တာက ပိုကောင်းသည် မဟုတ်ပါလား ?

အကြီးအကဲယင်ယန်က နှမြောတသဟန်ဖြင့် သူ့မုတ်ဆိတ်ကို အသာအယာ သပ်လိုက်တော့သည်။

မဟာကျင့်ကြံသူလုကျိကျောင်းသည် ခဏမျှစဉ်းစားပြီးနောက် ခေါင်းညိတ်ပြလိုက်သည်။

“ခက်ခဲမှု”

“စိန်ခေါ်မှု”

ဤတစ်ကြိမ်တွင်တော့ စုကျိုသည် ဝိညာဉ်ပိုးနတ်သူငယ်လေး၏ဘာသာပြန်ပေးမှုကို မစောင့်တော့ဘဲ အလိုလို နားလည်သွားတော့သည်။

ခက်ခဲသောလေ့ကျင့်မှုများကိုအရှိန်မြှင့်ပြီး အခြေခံအဆင့်သို့ အမြန်ဆုံးရောက်အောင်လုပ်စမ်း!

ကျင်းချန်းရဲ့ ငါးယောက်တွဲအဖွဲ့ကိုစိန်ခေါ်နိုင်တဲ့အဖွဲ့ဟာ သူတို့ကိုယ်စား ‘မဟာဝိညာဉ်လမ်းစဉ် ဆယ်ခု’ ပြိုင်ပွဲကို ဝင်ပြိုင်ခွင့်ရလိမ့်မယ်!

မျှော်လင့်ထားသည့်အတိုင်းပင် မဟာကျင့်ကြံသူလုကျိကျောင်းက လက်ချောင်းကို တောက်တစ်ချက် ခေါက်လိုက်ရာ၊ အထပ် ၃၀ မှ ၄၀ အထိ ကောင်းကင်ယံတွင် ခန့်ညားထည်ဝါလှသော စာသားများပေါ်ထွက်လာတော့သည်။

【ယနေ့မှစ၍ အထပ် ၃၀ မှ ၄၀ အတွင်း ‘ရောနှောစိန်ခေါ်ပွဲ’ ကို ဖွင့်လှစ်လိုက်ပြီ ဖြစ်သည်။】

【အထပ် ၃၀ မှ ၄၀ အတွင်းရှိ တပည့်များနှင့်အဖွဲ့များအားလုံးသည် နေ့စဉ် အထပ်အမျိုးမျိုးမှ ပြိုင်ဘက်များနှင့်ရင်ဆိုင်ရမည် ဖြစ်သည်။】

【အားလုံး မိမိကိုယ်ကိုယ် ထက်မြက်အောင်လေ့ကျင့်ပြီး ထိပ်သီးနေရာသို့တက်လှမ်းကြလော့!】

ဝိညာဉ်စမ်းသပ်ခန်းမအတွင်းအပြင်ရှိ အထပ် ၃၀ မှ တပည့်များအားလုံးမှင်သက်သွားကြသည်။ ထို့နောက် သူတို့သည် စုကျိုကို ဂုဏ်ယူစွာ ကြည့်လိုက်ကြပြီး ကောင်းကင်ယံသို့သစ်ကိုင်းများကို ဝှေ့ယမ်းကာ အားရပါးရဟစ်ကြွေးကြတော့သည်!

“စည်းမျဉ်းတွေ ပြောင်းလဲသွားပြီ!”

“ငါတို့ အထပ် ၃၀ ကြောင့် ဝိညာဉ်ပိုးဖလံဂေဟာက စည်းမျဉ်းတွေကိုပြောင်းလိုက်တာဟေ့!”

“ဟားဟားဟား! အပေါ်ထပ်က စီနီယာတွေရေ... ငါတို့ အထပ် ၃၀ အတွက် ‘ကျောက်သွေး ကျောက်’ တွေ ဖြစ်ပေးဖို့ ပြင်ထားကြတော့!”

“တက်လှမ်းလိုက်စမ်းပါ ညီမလေး စုကျို! ငါတို့ နင့်ကို ထောက်ခံတယ်!”

တပည့်များ၏စိတ်အားထက်သန်သော အော်ဟစ်သံများကြားတွင် ခေါင်းဆောင်ဟူကျဲကျင့်သည် ဝိညာဉ်ပိုးနတ်သူငယ်လေး၏ အဆိပ်ပိုးချည် ဒဏ်မှ နိုးထလာပြီးညည်းတွားလိုက်သည်။ သူသည် ဖြည်းဖြည်းချင်းထရပ်လိုက်စဉ်မှာပင် တစ်စုံတစ်ခု မှားယွင်းနေပြီဖြစ်ကြောင်း ချက်ချင်း ခံစားလိုက်ရသည်။

မြေပြင်ပေါ်က ဒီအရာတွေက... ရင်းနှီးနေသလိုပဲ၊ ဒါတွေက ဘာတွေလဲ...!

ထိုစဉ်မှာပင် စုကျိုသည် ချန်ယွမ်၏စိုးရိမ်တကြီးကြည့်နေမှုအောက်၌ နာကျင်လွန်းသဖြင့် အော်ဟစ်လိုက်ပြီး ခံစားရခက်သော မျက်နှာအမူအရာ ပေါ်လာတော့သည်။ သို့သော် သူ ချန်ယွမ်ကို မစိုးရိမ်ရန်အမြန်ပြောလိုက်သည်။

“ဒါက... အခြေခံအဆင့် အားဖြည့်ဆေးကြောင့် ခဏတာကျင့်ကြံခြင်းမြင့်တက်သွားတဲ့ ဘေးထွက်ဆိုးကျိုး သွေးကြောနာကျင်မှုပါပဲ”

စုကျို မျက်နှာထက်ချွေးစက်များ စို့နေသော်လည်း သူ ချန်ယွမ်ကိုကြည့်ကာ ပြုံးပြလိုက်သည်။

“စိတ်မပူပါနဲ့၊ ငါ အခု ဟူကျဲကျင့်ရဲ့သွေးကြောတွေကို အစားထိုးလိုက်မယ်”

ဟူကျဲကျင့် : “???”

ကောင်းမှုဆိုးမှုခန်းမရှိ အကြီးအကဲ၊ ဝိညာဉ်ပိုးနတ်သူငယ် : “?”

လဲ့အော်နှင့် အခြားသူများမှာလည်း ထိတ်လန့်သွားကြသည်။ တော်သေးသည်မှာ သူတို့၏သွေးကြောများ သူမ လက်ထဲရှိမနေခြင်းပင်!

All Chapters