← Chapters

အခန်း (၁၀၅)

Vol. 11 Ch. 105

အခန်း (၁၀၅)

Vol. 11 Ch. 105

[ဟူကျဲကျင့်၏မရီဒန်သွေးကြောမျှင်မိတ္တူ- ကျင့်ကြံခြင်း၊ အဆင့်တက်ခြင်းနှင့် ပြင်ပမှချိတ်ဆက်ခြင်းတို့အတွက် အသုံးပြုနိုင်သည်။]

[ဤသို့ဖြင့် ကျင့်ကြံသူများသည် အတားအဆီးများကိုကျော်ဖြတ်ရာတွင် သွေးကြောများပေါက်ကွက်ခြင်း သို့မဟုတ် နာကျင်စွာ ပျက်စီးခြင်းတို့ကို ကြောက်ရွံ့နေစရာမလိုတော့ပေ။]

[အဘယ်ကြောင့်ဆိုသော် သင့်တွင် အရံအဖြစ်အသုံးပြုနိုင်သော ‘ပြင်ပသွေးကြောမျှင်’ ဒုတိယအစုံ ရှိနေပြီဖြစ်သောကြောင့်တည်း။]

ဝိညာဉ်စမ်းသပ်ခန်းမအတွင်း၌ စုကျိုမှာနာကျင်လွန်းသဖြင့် ကုန်းကုန်းလေးဖြစ်နေရှာသည်။ ချန်ယွမ်က သူ၏မိစ္ဆာစွမ်းအားဖြင့် သူမ၏နာကျင်မှုကို အသာအယာ ချော့မြှော့ပေးနေရသည်။ စုကျိုသည် ဖြူလျော့နေသော မျက်နှာဖြင့် သိုလှောင်ရုံကတ်တလောက်ထဲရှိ ‘ပြင်ပသွေးကြောမျှင်’ အချက်အလက်များကို အမြန်ဖတ်ရှုလိုက်သည်။

“တကယ်ပဲ... လူဆိုတာ ရိုးသားရမယ်...”

“ဒီလိုမျိုး ခဏတာ အဆင့်ကျော်တက်တဲ့ နည်းလမ်းက ဖြတ်လမ်းနည်းပဲ၊ ခဏခဏ မသုံးသင့်ဘူး”

စုကျိုက နောင်တရဟန်ဖြင့် ဆိုသည်။ သူမသည် တုန်ယင်နေသော လက်များဖြင့် ချန်ယွမ်ကို အကူအညီတောင်းကာ ရှုပ်ထွေးနေသော [ဟူကျဲကျင့်၏ တစ်ကိုယ်လုံး သွေးကြောမျှင် ၁] ကို ဖြည်ခိုင်းလိုက်သည်။

“ဒါကို အလွန်အကျွံ သုံးမိရင် ဘယ်သူမှ မခံစားနိုင်တဲ့ နာကျင်မှု ဘေးထွက်ဆိုးကျိုးတွေ ရလာနိုင်တယ်”

ဟူကျဲကျင့် : “...?”

ဒါဆို အဲ့ဒီဒဏ်ကို ငါ့ကို ခံခိုင်းမလို့လား? အဲ့ဒါ ဘာအဓိပ္ပာယ်လဲ!

ဟူကျဲကျင့်သည် ရုတ်တရက် ပိုးချည်မျှင်များကြားမှ ရုန်းထွက်လိုက်ပြီး သူ့ရွှေရောင်အမြုတေ စွမ်းအားကိုထုတ်ဖော်ကာ စုကျိုကို ဖမ်းချုပ်ရန် ကြိုးစားတော့သည်။

သို့သော် ဝိညာဉ်ပိုးနတ်သူငယ်လေး၏ပိုးချည်ဖြင့် တစ်ခါထပ်၍ အတုပ်ခံလိုက်ရပြန်သည်။

“စမ်းသပ်မှု မပြီးသေးဘူး”

“စမ်းသပ်ကိရိယာတစ်ခုအနေနဲ့ ငြိမ်ငြိမ်နေစမ်းပါ”

“...?”

မဟာကျင့်ကြံသူ၊ အကြီးအကဲများနှင့် အပြင်မှာ ရပ်ကြည့်နေသော တပည့်များအားလုံး စုကျိုထံ စူးစမ်းစွာကြည့်နေကြသည်။

စုကျိုကမူ သိုလှောင်ရုံစွယ်စုံကျမ်းကိုဆက်ဖတ်နေသည်။

[အသုံးပြုပုံ- ပြင်ပသွေးကြောမျှင်ကို လက်တွင်ကိုင်ထားပြီး မိမိ ဝိညာဉ်အာရုံဖြင့် ကိုယ်ပိုင်သွေးကြောများနှင့်လဲလှယ်အသုံးပြုပါ။]

[အကူဂါထာ- လဲလှယ်စမ်း၊ ငါ့ရဲ့ ပြင်ပသွေးကြောမျှင်များ!]

စုကျို နှုတ်ခမ်းများ တွန့်ကွေးသွားရသည်။

ဒါကလေးကလား ဆန်လွန်းနေတယ်...

ဒါပေမဲ့ ဒီအချိန်မှာ ရှက်နေလို့လည်း ထူးမှာမဟုတ်တော့ဘူး!

စုကျိုသည် ချန်ယွမ်ဖြည်ပေးထားသော ရန်နှင့်တု သွေးကြောများနှင့် အခြားသောသွေးကြောငယ်များကို ချက်ချင်းဆုပ်ကိုင်လိုက်ပြီး ခပ်မိုက်မိုက် အော်ဟစ်လိုက်သည်။

“လဲလှယ်စမ်း!”

“ငါ့ရဲ့ ပြင်ပသွေးကြောမျှင်များ!”

“ဟူကျဲကျင့်ရဲ့ရွှေရောင်အမြုတေအဆင့် သွေးကြောတွေ... ငါ့ကိုယ်စား ဒီနာကျင်မှုကို ခံစားလိုက်စမ်း!”

တကယ့်ကို အံ့သြစရာပင်~

ယင်လီမှာ စုကျို၏ ခပ်မိုက်မိုက်အမူအရာကြောင့် အားကျလွန်းသဖြင့် ခြေထောက်များပင်ပျော့ခွေသွားရသည်။ လဲ့အော်နှင့် အခြားသူများလည်း ကြက်သီးတဖြန်းဖြန်းထသွားကြရသည်။

ထို့နောက် စုကျို ကိုင်ထားသည့် ဒုတိယအဆင့် ဝိညာဉ်လက်နက်သွေးကြောမျှင်များမှာ ရုတ်တရက် အလင်းများတောက်ပလာပြီးနောက်၊ ခြောက်သွေ့ရှုံ့တွသွားကာ တွန့်လိမ်ခါယမ်းကုန်သည်ကိုမြင်လိုက်ကြရသည်!

“!”

“ကျင့်ကြံခြင်းကို အတင်းအကျပ်မြှင့်တင်တာက ဒီလောက်တောင် ကြောက်စရာကောင်းတဲ့ အကျိုးဆက်တွေ ရှိတာလား!”

စုကျိုသည် သူ့ အဆင့်ထက်ကျော်လွန်သောနည်းဗျူဟာများကို မိတ္တူကူးယူရန်အတွက် သူ့ ဝိညာဉ်စွမ်းအင်များကို အကြိမ်ကြိမ်ကုန်ခမ်းခဲ့ရပြီး တစ်ကြိမ်စီတိုင်းတွင် သူမသည် ဤကဲ့သို့သော သွေးကြောနာကျင်မှုများကိုကြိတ်မှိတ်ခံစားခဲ့ရမှန်း ‘အောက်ခြေခြံဝင်း အဖွဲ့သားများ’ အခုမှ သဘောပေါက်သွားကြသည်။

“ရှောင်ကျို... နင် တကယ် ပင်ပန်းခဲ့ရတာပဲ” စီနီယာအစ်မပိုင်ယို့လုက သက်ပြင်းချရင်း စုကျိုအား ရှေ့တိုးကာဖက်ထားလိုက်သည်။

“ဒါက ခပ်မိုက်မိုက်နဲ့ တောက်ပနေဖို့အတွက် ပေးဆပ်ရတဲ့ တန်ဖိုးလား? ရှောင်ကျို... နောက်ဆို ငါ နင်နဲ့အတူ ဒါတွေကို ခံစားပေးမယ်” ယင်လီ စုကျိုလက်အား တင်းတင်းဆုပ်ကိုင်ထားသည်။

ကျူးပိုင်ယွီနှင့် လိုကျားတို့လည်း အနားသို့စုရုံးလာကြသည်။ စုကျီကျီနှင့် စုရှင်းချန်တို့မှာလည်း ဘေးကနေ ယပ်ခတ်ပေးနေကြပြီဖြစ်သည်။

ဟူကျဲကျင့်သည် တပည့်တစ်စုနှင့် စုကျိုလက်ထဲတွင် တွန့်လိမ်နေသော သွေးကြောများကို မယုံကြည်နိုင်သော အကြည့်များဖြင့်ကြည့်နေသည်။

စုကျိုလက်ထဲမှာ နာကျင်နေတဲ့ အဲ့ဒီသွေးကြောတွေက ငါ့သွေးကြောတွေလား?! အခု တကယ်နာနေရတာက ငါလေ!

“အားးး!” ဟူကျဲကျင့် နာကျင်လွန်းသဖြင့် အော်ဟစ်လိုက်ရသည်။

စုကျိုသည် လူတိုင်း၏ဂရုစိုက်မှုကို ခံစားလိုက်ရပြီး

“ဟေး... ဒါက တကယ်အလုပ်ဖြစ်သားပဲ”

သူ လုံးဝမနာတော့ပေ။

“စာအုပ်ထဲမှာ ရေးထားတာ မှန်တာပဲ”

စုကျို သူ့အပေါ် ဂရုစိုက်ပေးကြသည့် အဖွဲ့သားများကို ကျေးဇူးတင်စွာကြည့်လိုက်သည်။

“ဘေးမှာ အဖော်ရှိနေသရွေ့ ဘယ်လောက်ကြီးတဲ့နာကျင်မှုမျိုးပဲဖြစ်ဖြစ် မနာတော့သလိုပဲ”

ဟူကျဲကျင့် : “...” ဘာလို့လဲဆိုတော့ ငါ နင့်ကိုယ်စား နာပေးနေရလို့လေ!

စုကျိုမှာ ဘာမှမခံစားရတော့ဘဲ လန်းလန်းဆန်းဆန်းဖြင့်ထရပ်လိုက်သည်။ သူ တကယ်ကို နာကျင်မှုလုံးဝမရှိတော့ပေ။ သူ့ မျက်ဝန်းများမှာ လည်း တောက်ပနေသည်။

ဝိညာဉ်စမ်းသပ်ခန်းမအတွင်းရှိ ယင်ယန်အကြီးအကဲ၊ လုကျိကျောင်၊ ရုယွီနှင့် တောက်ရန်တို့မှာ အလွန် စူးစမ်းချင်နေကြပြီ ဖြစ်သည်။

“စုကျို... နင် ဒါတွေကို နင့်ရဲ့စွမ်းရည်နဲ့ဖန်တီးလိုက်တာလား? အသွင်အပြင်တူရုံတင်မကဘဲ မူလအစိတ်အပိုင်းတွေရဲ့ လုပ်ဆောင်ချက်တွေပါ ပါတာလား?”

“အဲ့ဒါကတော့ ကျွန်မရဲ့စိတ်အခြေအနေပေါ် မူတည်တာပေါ့”

စုကျို မျက်ခုံးပင့်ကာ ပြောလိုက်သည်။

“!”

“ဒါဆို ဟူကျဲကျင့်ရဲ့ ရွှေရောင်အမြုတေကရော ?”

ယင်ယန်အကြီးအကဲ ချက်ချင်းထရပ်လိုက်ပြီး မြေပြင်ပေါ်ရှိ လုံးဝန်းသော အရာဝတ္ထုကိုကြည့်လိုက်သည်။

ဒါကျင့်ကြံသူတစ်ယောက်ဖန်တီးထားတဲ့ စစ်မှန်တဲ့ ရွှေရောင်အမြုတေနဲ့တကယ်ကြီး တူနေတာလား?

စုကျိုသည် သတိပြန်ဝင်လာကာ မြေပြင်ပေါ်တွင် ပြန့်ကျဲနေသော ‘အစိတ်အပိုင်း’ အပုံကြီးကိုလှမ်းကြည့်လိုက်သည်။

ယခုမှပင် ထိုအရာများကို တစ်ခုချင်းစီလိုက်ကောက်ရန် သူမ အချိန်ရတော့သည်။

ထို့နောက် သူမသည် တစ်လုံးကိုကောက်ယူကာ အဘိုးအိုတောက်ရန်ထံသို့ ဝှက်ခနဲလှမ်းပစ်ပေးလိုက်သည်။

“ဒါအမှန်ပဲ”

“ဘာ!”

လူတိုင်း အုတ်အော်သောင်းနင်းဖြစ်ကုန်ကြသည်။

“သွေးကြောမျှင်တွေလိုပဲ ဒါကိုလည်း ပြင်ပကနေ ချိတ်ဆက်အသုံးပြုလို့ရတယ်”

စုကျို သူတို့ကိုတစ်ချက်ဝေ့ကြည့်လိုက်သည်။

“ဘာတွေ စိတ်လှုပ်ရှားနေကြတာလဲ? ဒါပေမဲ့ ကျွန်မ ခုနက ဆေးသောက်ထားလို့ အခြေခံအဆင့် ၅ ထိ ရောက်နေတာတောင်၊ ရလာတဲ့ ဒီ ‘ဆေးလုံး’ တွေက အတုတွေချည်းပဲ”

စုကျို သိုလှောင်ရုံကတ်တလောက်ကို တစ်ချက်ကြည့်လိုက်သည်။

“ဒါတွေက ရွှေရောင်အမြုတေနဲ့ တူပေမယ့်၊ သူတို့ရဲ့ စွမ်းအားက ရွှေရောင်အမြုတေတစ်ဝက်အဆင့်ပဲ ရှိတယ်”

ဒါကတောင် တကယ့်ကိုကောင်းမွန်လှပြီဖြစ်သည်!

ယင်ယန်အကြီးအကဲများဖြစ်စေ၊ ခေါင်းဆောင်ရူယွီဖြစ်စေ အားလုံးတောက်ရန် လက်ထဲရှိ လုံးဝန်းသော ရွှေရောင်အမြုတေအတုကို မနာလိုစရာ အကြည့်များဖြင့် ကြည့်နေကြသည်။

ဆေးလုံးအတုဖြစ်နေလျှင်ပင် ရွှေရောင်အမြုတေအစစ်နှင့် တစ်လှမ်းသာလိုတော့သည့် အဆင့်ဖြစ်ရာ၊ အခြေခံအဆင့် ကျင့်ကြံသူတစ်ယောက် အတွက် ထိုအဆင့်ကိုကျော်ဖြတ်ရန်မှာ မလွယ်ကူလှပေ။

အဆင့်တက်ဖို့ဆိုတာ ဘယ်လောက်တောင် ခက်ခဲလိုက်သလဲ ?

စုကျိုက တောက်ရန်ကို ကြည့်လိုက်သည်။

“ဒါကို ဆောင်ထားရင် အမြုတေဖွဲ့စည်းတဲ့ ဖြစ်စဉ်ကိုကြိုတင်ခံစားကြည့်လို့ရတယ်၊ ဒါဆို အမြုတေ အောင်မြင်စွာဖွဲ့စည်းနိုင်ခြေကို ၅၀ ရာခိုင်နှုန်းအထိ တိုးလာစေတယ်”

“ပြီးတော့ အရေးကြုံလာရင် ဒါကို အသေခံဗုံးအဖြစ်လည်း သုံးလို့ရသေးတယ်”

ဟူကျဲကျင့် : “?”

“ဘာ... ဘာ... ဘာပြောတယ်?”

သူ စုကျိုကို မယုံနိုင်သလိုကြည့်လိုက်မိသည်။ သူ့ ခန္ဓာကိုယ်မှာလည်း ဟိုနားဒီနားမှ နာကျင်မှုများက တမြည့်မြည့်တက်လာနေသည်။

“ရွှေရောင်အမြုတေအဆင့် ကျင့်ကြံသူတစ်ယောက် အသေခံဗုံးခွဲတာက အစွမ်းထက်တယ်၊ အနည်းဆုံးတော့ တခြားရွှေရောင်အမြုတေအဆင့် ပညာရှင်တစ်ယောက်ကိုပါ အတူဆွဲခေါ်သွားနိုင်တယ်” လဲ့အော် မျက်လုံးမှေးကာဆိုသည်။

စုကျို ခေါင်းညိတ်ပြသည်။ သူမမျက်နှာထက် နောင်တရဟန်များဖြင့် “ကျွန်မ အင်အားကုန်ခမ်းမသွားခင် သုံးလုံးပဲ ရလိုက်တာ နှမြောစရာပဲ”

“မဟုတ်ရင် နောက်တစ်ခါပြိုင်ပွဲစင်မြင့်ပေါ်ရောက်ရင် ဒီနည်းလမ်းကို သေချာပေါက်စမ်းကြည့်ဦးမှာ”

“မ... မလုပ်ပါနဲ့... စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့ဦး”

ဤအချိန်တွင်တော့ ဟူကျဲကျင့်သည် ကျင်းကန်းပေါင်တို့အဖွဲ့မှ စုကျိုနှင့်ပြိုင်ရစဉ်မှာ အဘယ့်ကြောင့်အသည်းအသန် ကြောက်လန့်နေခဲ့ကြသလဲ ဆိုသည်ကို နောက်ဆုံးတွင် နားလည်သွားရတော့သည်!

သူလည်း ကြောက်သွားရပြီ။

နောက်တာ မဟုတ်ဘူး၊ သူ့သွေးကြောတွေကို စုကျို ပြင်ပကနေ ချိတ်ဆက်ထားရုံနဲ့တင် သူ့မှာ စူးရှတဲ့နာကျင်မှုကိုခံစားနေရပြီ။ သူ ကျင့်လည်း မကျင့်ကြံနိုင်သလို၊ ပုံမှန်အတိုင်း မတ်တပ်တောင်မရပ်နိုင်တော့ဘူး။

တကယ်လို့ သူ့လက်ထဲက ရွှေရောင်အမြုတေအတုသာ ပေါက်ကွဲသွားရင် ဘယ်လိုလုပ်မလဲ?

ဟူကျဲကျင့်သည် သူ့ ဂျိုင်းအောက်တွင် လျှို့ဝှက်ဝှက်ထားသော သူ့ကိုယ်ပိုင် ရွှေရောင်အမြုတေလေး တုန်ယင်နေသည်ကို ခံစားလိုက်ရသည်။

စုကျိုသည် ‘စစ်တလင်း’ ကိုရှင်းလင်းလိုက်ပြီး ယနေ့ ရရှိခဲ့သော အရာများအတွက်အလွန်ကျေနပ်နေသည်။ ကောင်းမှုဆိုးမှုခန်းမမှ ယင်ယန်အကြီးအကဲများနှင့် မဟာကျင့်ကြံသူလုကျိကျောင်းတို့လည်း တစ်ဦးကိုတစ်ဦး ကြည့်ကာ အလွန်ကျေနပ်နေကြသည်။

ယင်ယန်အကြီးအကဲများသည် စုကျိုကိုကြည့်နေသည့် အကြည့်မှာ ဝိညာဉ်ပိုးဖလံဂေဟာ၏အမည်နာမကို ကမ္ဘာကျော်အောင်လုပ်ပေးမည့် အနာဂတ်ကြယ်ပွင့်ကြီးအား ကြည့်နေသကဲ့သို့ပင်။

“ဒါကို လုံးဝလျှို့ဝှက်ထားရမယ်!”

ချက်ချင်းဆိုသလိုအနက်ရောင်ဝတ်နှင့် အဖြူရောင်ဝတ်အကြီးအကဲနှစ်ဦးမှာ တစ်ဦးနှင့်တစ်ဦး ပူးပေါင်းလိုက်ပြီး ‘ပကွား’ (အဋ္ဌဂံနိမိတ်) ပုံစံ ဖွဲ့စည်းလိုက်ကြသည်။

လေထုထဲတွင် လက်တစ်ဝါးစာခန့်ရှိသော ‘ပိုးစာရွက်’ တစ်ရွက် ချက်ချင်းပေါ်လာတော့သည်!

ထိုပိုးစာရွက်သည် လေထဲတွင် တဖြည်းဖြည်းကြီးထွားလာကာ ကောင်းကင်တစ်ခုလုံးကိုဖုံးလွှမ်းသွားပြီး၊ ဝိညာဉ်စမ်းသပ်ခန်းမအတွင်းအပြင်ရှိ အထပ် ၃၀ မှ တပည့်များနှင့် သခင်တစ်ရာခန်းမ အဖွဲ့ဝင်အားလုံးကို လွှမ်းခြုံထားလိုက်သည်။

“ဝိညာဉ်ပိုးဖလံဂေဟာ၊ ကောင်းမှုဆိုးမှုခန်းမကနေ အရေးပေါ် ‘ပိုးစာရွက် အမိန့်တော်’ ကိုထုတ်ပြန်လိုက်သည်”

“စုကျိုနဲ့ တိုက်ခိုက်ခဲ့ဖူးတဲ့ တပည့်တွေနဲ့ ဂိုဏ်းသားတွေအားလုံးဟာ သူမရဲ့မွေးရာပါဝိညာဉ်ပါရမီအမှန်ကို လုံးဝလျှို့ဝှက်ထားရမယ်!”

“ဘယ်သူ့ကိုမှ ထုတ်မပြောရ!”

ယင်ယန်အကြီးအကဲများသည် ပိုးစာရွက်ကိုညွှန်ပြလိုက်သည်။

ချက်ချင်းဆိုသလို ထိုနေရာရှိ လူအားလုံး၏နဖူး၊ မျက်နှာနှင့် ခါးတို့မှ ဝိညာဉ်ချည်မျှင်တစ်ခုစီထွက်ပေါ်လာပြီး ပိုးစာရွက်ကြီးထဲသို့ စီးဝင်သွား တော့သည်။

“စုကျိုဟာ ဝိညာဉ်ပိုးဖလံဂေဟာအတွက် ‘မဟာဝိညာဉ်လမ်းစဉ် ဆယ်ခု’ ပြိုင်ပွဲမှာအောင်ပွဲရဖို့ သော့ချက်ဖြစ်လာလိမ့်မယ်”

“ဒီနှစ်ပြိုင်ပွဲကိုလွဲချော်ခဲ့ရင်တောင် နောက်ဆယ်နှစ်နေရင် သူ ဝင်ပြိုင်နိုင်မှာပဲ”

“တပည့်တို့နဲ့ အကြီးအကဲတို့... ငါတို့ဂိုဏ်းက ပြိုင်ပွဲမှာ အံ့အားသင့်စရာအောင်ပွဲတွေ ရနိုင်ဖို့အတွက်၊ ကောင်းမှုဆိုးမှုခန်းမကနေ စုကျိုရဲ့ ပါရမီမှတ်တမ်းကို ‘ကြယ်ငါးပွင့် အဆင့်မြင့်လျှို့ဝှက်ချက်’ အဖြစ် ယာယီသတ်မှတ်လိုက်တယ်”

“ဂိုဏ်းပြင်ပက သူငယ်ချင်းတွေ၊ ဆွေမျိုးတွေကိုတောင် ပြောပြခွင့် လုံးဝမရှိဘူး”

“ဒီအမိန့်ကို ချိုးဖောက်တဲ့သူဟာ မိုးကြိုးငါးကြိမ် အပစ်ပေးခြင်းကို ခံရလိမ့်မယ်!”

ချက်ချင်းဆိုသလိုပင် စုကျိုသည် ဤလျှို့ဝှက်ချက်ထိန်းသိမ်းခြင်း သဘောတူညီချက်မှာ သူမ ခါးချိတ်တံဆိပ်အတွင်း၌ ‘ကြယ်ငါးပွင့် အဆင့်မြင့်လျှို့ဝှက်ချက်’ အဖြစ် မှတ်တမ်းဝင်သွားသည်ကိုတွေ့လိုက်ရသည်။

အကြီးအကဲနှစ်ဦးက သူမအား ကြင်နာစွာခေါင်းညိတ်ပြလိုက်ကြသည်။

“စုကျို၊ ဒီနေ့ကစပြီး စိတ်အေးအေးထားလို့ရပြီ၊ ဂိုဏ်းအတွင်းမှာရှိတဲ့ ဘယ်သူမဆို နင့်ကိုတိုက်ခိုက်တာဖြစ်ဖြစ်၊ ဒါမှမဟုတ် နင့်ရဲ့ ပါရမီထုတ် ဖော်မှုကိုမြင်တွေ့တာဖြစ်ဖြစ်...”

“သူတို့အားလုံး ငါတို့ရဲ့ ကောင်းမှုဆိုးမှုခန်းမနဲ့ လျှို့ဝှက်ချက်ထိန်းသိမ်းခြင်း သဘောတူညီချက်ကို ချက်ချင်းလက်မှတ်ထိုးပြီးသားဖြစ်သွား လိမ့်မယ်၊ ဒီစာချုပ်က သူတို့ကို ချည်နှောင်ထားလိမ့်မယ်”

စုကျို သက်ပြင်းတစ်ချက်ကို အသာချလိုက်သည်။

“ဒါဆိုရင်တော့ တော်သေးတာပေါ့! ကျေးဇူးတင်ပါတယ် အကြီးအကဲတို့ရယ်၊ ဒါဆိုရင်တော့ ကျွန်မ အပြင်ထွက်တဲ့အခါ လုယက်ခံရမှာကို မစိုးရိမ်ရတော့ဘူးပေါ့”

သူမ၏ ‘ရွှေလက်ချောင်း’ မှ ရတနာတော်တော်များများကို ဆောင်ကျဉ်းပေးခဲ့သည် မဟုတ်ပါလား။

ဒါလူအများရဲ့ အာရုံစိုက်မှုကို တော်တော်လေး ဆွဲဆောင်နေဆဲပင်။

“ဒါပေမဲ့ ကျွန်မတော့ လုယက်ခံရမှာကို ကြောက်နေမိတုန်းပဲ” ဟု စုကျို ပွင့်ပွင့်လင်းလင်းပြောလိုက်သည်။

All Chapters