အခန်း (၉၂၁-၉၂၂)
Vol. 57 Ch. 921-922
အခန်း ၉၂၁ ။ တစ်ချက်တည်းနှင့် နာမည်ကြီးသွားမည့် ဧည့်ခံပွဲ (အပိုင်း ၃)
လူပေါင်း တစ်ရာကျော်ရှိသော ကြီးမားသည့် အစည်းအဝေး ခန်းမကြီးတွင် အစည်းအဝေးသည် ၃ နာရီ ကြာမြင့်ခဲ့သည်။ ဤ ၃ နာရီ အတွင်း ရေ သေချာပေါက်သောက်ရမည်။
သူတို့ အားအင်ကုန်ခမ်းစပြုလာချိန်တွင် စားပွဲပေါ်ရှိရေကိုယူသောက်လိုက်ရာ မျက်လုံးများ မယုံကြည်နိုင် ဖြစ်သွားကြသည်။
ထို့နောက် ရေဘူးကိုထုတ်ယူကာ အကြိမ်ကြိမ် ကြည့်ရှုလိုက်ကြသည်။ ထပ်မံသောက်ကြည့်ရာ မယုံကြည်နိုင်ဖြစ်နေဆဲပင်။
ဒီရေက... သူတို့ ပုံမှန် သောက်နေကျ ရေနဲ့ မတူပါလား။
ပိုချိုတာအပြင် မွှေးတဲ့ ရနံ့သင်းသင်းလေး ပါနေတယ်။ ဒါပေမဲ့ ဒီရေက သာမန် သောက်ရေသန့်ဆိုတာ သူတို့ သေချာတယ်။
သူတို့ကို ပိုပြီးမယုံကြည်နိုင်ဖြစ်စေသည်မှာ ရေကို သောက်လိုက်သည်နှင့် စိတ်ရှုပ်ထွေးမှုများ ပျောက်ကင်းသွားပြီး အေးမြမှုကို ခံစားလိုက်ရခြင်း ဖြစ်သည်။ စိတ်ဓာတ်များလည်း လျင်မြန်စွာ တက်ကြွလာပြီး ထိုင်းမှိုင်းနေသော ဦးနှောက်သည် ချက်ချင်း ကြည်လင်လာသည်။
ဒါ ဘာရေလဲ။
ထိုင်နေသော သူဌေးကြီးအချို့သည် ရှေ့တွင် အစည်းအဝေး ကျင်းပနေသော ကုန်းထျန်းဟောက်ကို ကြည့်လိုက်ပြီး ချက်ချင်း မေးမြန်းချင်စိတ်ကို ထိန်းချုပ်ထားလိုက်ရသည်။ ပြန်တဲ့အခါကျရင် ယူသွားလို့ရမလားဆိုတာ မေးချင်နေကြတယ်။
မှန်ပါသည်... ရေယူသွားလို့ရမလားဆိုတာ သူတို့ ပါးစပ်က ထုတ်မေးဖို့ ခက်ခဲတယ်။
ဒါပေမဲ့ သူတို့နဲ့အတူပါလာတဲ့ အဖော်တွေ၊ အိမ်တော်ထိန်းတွေက မေးလို့ရတာပဲ။
အိမ်တော်ထိန်း သို့မဟုတ် တာဝန်ရှိသူ တစ်ဦးဦးကို မေးလိုက်ရင် ရတဲ့ကိစ္စပဲ။
ရေတစ်ဘူးတည်းနှင့်ပင် ဤမျှ ဆွဲဆောင်မှုရှိနေသဖြင့် သူဌေးကြီး အများအပြားသည် "ဂလု ဂလု" နှင့် နှစ်ငုံလောက် သောက်ရုံဖြင့် ရေတစ်ဘူး ကုန်သွားကြသည်။
ရေဘူးအလွတ်များကို ကြည့်ပြီး သူဌေးကြီးများသည် ရှက်ရွံ့သွားကြသည်။
သူတို့လို အထောက်အထားရှိတဲ့လူတွေက ဘယ်တုန်းက ရေတစ်ဘူးတည်းနဲ့ မထိန်းချုပ်နိုင် ဖြစ်ပြီး စံစားမှုထဲ ကျရောက်သွားခဲ့ဖူးလို့လဲ။
ထို့ကြောင့် သူတို့သည် ရေထဲတွင် မထည့်သင့်သော အရာများ ထည့်ထားသလားဟု သံသယ ဝင်လာကြသည်။
အစည်းအဝေးသည် ၃ နာရီ ကြာမြင့်ရာ အိမ်ဖော်များသည် ဧည့်သည်များ၏ စားပွဲပေါ်တွင် ရေမရှိတော့သည်ကို မြင်သောအခါ ချက်ချင်း လဲလှယ်ပေးကြသည်။
သူဌေးကြီးအများစု၏ရှေ့မှ ရေဘူးများ ပြောင်သလင်းခါနေသည်ကို မြင်သော်လည်း အိမ်ဖော်များသည် အနည်းငယ်မျှ ထူးဆန်းသည်ဟု မထင်ကြပေ။ သူတို့သည် မျက်နှာသေဖြင့် ရေလဲလှယ်ပေးပြီးနောက် လျင်မြန်စွာ ထွက်ခွာသွားကြသည်။
သူဌေးကြီးများသည် ရှေ့မှရေဘူးကို မြင်သောအခါ မျက်လုံးများ အရောင်လက်သွားပြီး ထပ်သောက်လိုက်ကြသည်။
ကုန်းထျန်းဟောက်သည် မျက်လုံးထောင့်မှနေ၍ သူဌေးကြီးများ၏ အပြုအမူကို မြင်တွေ့နေရသဖြင့် နှုတ်ခမ်းထောင့်များ အပေါ်သို့ ကွေးတက်သွားသည်။
ထို့နောက် အစည်းအဝေးကို အလေးအနက် ဆက်လက်ကျင်းပနေသည်။
သူဌေးကြီးများ ရေများများသောက်ခြင်း၏အကျိုးဆက်မှာ သေချာပေါက် အိမ်သာတက်ရခြင်းဖြစ်သည်။
ထို့နောက် သူဌေးကြီးများ တဖြည်းဖြည်း အိမ်သာထသွားကြသည်။
အိမ်သာမှ ပြန်လာသောအခါ တစ်ကိုယ်လုံးပေါ့ပါးနေပြီး ပင်ပန်းနွမ်းနယ်မှု လုံးဝမရှိတော့ဘဲ စိတ်ဓာတ်များ တက်ကြွနေကြောင်း ခံစားလိုက်ရသည်။
ဘာလို့ ဒီလိုစိတ်အခြေအနေဖြစ်နေရတာလဲ။ ရေ သောက်လိုက်လို့လား။
အဲဒီရေက ဘာရေလဲ။ သူတို့ စိတ်ထဲမှာ ယားယံနေကြသည်။
ယခင် အစည်းအဝေးများနှင့် မတူဘဲ အစည်းအဝေးတစ်ခုပြီးသွားလျှင် ခန္ဓာကိုယ် ပင်ပန်းနွမ်းနယ်လေ့ရှိသော်လည်း ယခုတစ်ကြိမ် ၃ နာရီကြာ အစည်းအဝေးပြီးသွားသည့်တိုင်အောင် အားလုံးသည် စိတ်တက်ကြွနေဆဲဖြစ်သည်။ ငယ်ရွယ်နုပျိုသောအချိန်ကို ပြန်ရောက်သွားသကဲ့သို့ ခံစားနေရသည်။ ဒီခံစားချက်က တကယ် ကောင်းလွန်းတယ်။
အစည်းအဝေးပြီးသွားသောအခါ ကုန်းထျန်းဟောက်က ဤလူများသည် အနည်းဆုံး ကိုယ့်ဂုဏ်သိက္ခာကို ထိန်းသိမ်းသောအားဖြင့် ကိုယ့်အောက်လူများကို အိမ်တော်ထိန်း သို့မဟုတ် အခြား တာဝန်ရှိသူများထံ မေးမြန်းခိုင်းလိမ့်မည်ဟု ထင်မှတ်ထားခဲ့သည်။
မထင်မှတ်ထားသည်မှာ သူဌေးကြီးအချို့က ကုန်းထျန်းဟောက်ကို တိုက်ရိုက် မေးမြန်းလာကြသည်။ "ကုန်း... ခင်ဗျားတို့ ရေက ဘာရေလဲ။ ကျွန်တော် သောက်ပြီးတော့ စိတ်ဓာတ် အားအင်တွေ ပြည့်ဝလာသလို ခံစားရတယ်။ နတ်ရေများ ဖြစ်နေမလား"
"ဟုတ်တယ်... ကျွန်တော်လည်း အဲဒီလို ခံစားရတယ်။ ပြီးတော့ ဒီရေကချိုပြီးမွှေးပျံ့တဲ့ ရနံ့သင်းသင်းလေးရှိတယ်။ ကျွန်တော်က သောက်လေ သောက်ချင်လေ ဖြစ်နေတယ်။ သောက်ပြီးတော့ ခန္ဓာကိုယ် တုန်ခါသွားပြီး ဦးနှောက်တွေ ကြည်လင်လာတယ်၊ ထိုင်းမှိုင်းတာ၊ ပင်ပန်းတာတွေ မရှိတော့ဘူး"
ကုန်းထျန်းဟောက်က ရယ်မောရင်း ပြောလိုက်သည်။ "ဒီရေက ကျွန်တော့်ဇနီးရဲ့ ဇာတိကနေ သယ်လာတာပါ။ နတ်ဘုရားတွေ ချန်ထားခဲ့တဲ့ နတ်ရေလေ" ကုန်းထျန်းဟောက်က တစ်ဝက်မှန် တစ်ဝက်မှား ပြောလိုက်သည်။
"အို... ဘုရားရေ၊ ကုန်း... ခင်ဗျားပြောတာ တကယ်လား။ ဒါ တကယ် နတ်ရေလား" သူဌေးကြီး အချို့ မယုံကြည်နိုင် ဖြစ်နေကြသည်။ မစ္စတာကုန်းက သူတို့ကို နောက်ပြောင်နေလိမ့်မည်ဟု သူတို့ လုံးဝ ထင်မှတ်မထားခဲ့ကြပေ။
သူတို့ ပါးစပ်ကနေ နတ်ရေဆိုတဲ့စကားကြားရတော့ ကုန်းထျန်းဟောက် ရယ်ချင်သွားတယ်။ ဒီသူဌေးကြီးတွေကလည်း စိတ်ကူးယဉ် ကောင်းသားပဲ။
သို့သော် ကုန်းထျန်းဟောက်က တည်ကြည်လေးနက်စွာဖြင့် လိမ်ညာပြောဆိုလိုက်သည်။ "မဟုတ်ပါဘူး... ကျွန်တော် ခင်ဗျားတို့ကို နောက်နေတာ မဟုတ်ပါဘူး။ ကျွန်တော် ပြောပြမယ်၊ ကျွန်တော့်ဇနီးရဲ့ ဇာတိမှာ နတ်ဘုရားတွေ ပေါ်ထွန်းခဲ့ဖူးတယ်။ ဒါကြောင့် အဲဒီက ရေက သောက်လို့ အရမ်းကောင်းတယ်၊ မြေဆီလွှာက စိုက်ပျိုးလိုက်တဲ့ အသီးအနှံတွေကလည်း အရသာက မေ့မရနိုင်လောက်အောင် ကောင်းတယ်။ အခု ကျွန်တော်တို့အိမ်မှာ စားတာသောက်တာတွေအကုန်လုံးက အဲဒီမြေကနေ စိုက်ပျိုးထားတာတွေချည်းပဲ"
သူဌေးကြီးများသည် ကုန်းထျန်းဟောက်၏စကားကို ကြားသောအခါ တစ်ဝက်ယုံ တစ်ဝက်မယုံဖြင့် သံသယ ဝင်စွာ မေးလိုက်ကြသည်။ "ကုန်း... ခင်ဗျား ပြောတာ တကယ်လား"
သူတို့ ဒီရောက်ပြီး မကြာခင် အစည်းအဝေး စလုပ်ကြတာ၊ ရေတစ်ဘူးကလွဲရင် ဘာမှ မစားရသေးဘူး။
သာမန်ရေတောင် ဒီလောက်သောက်လို့ကောင်းနေရင် တခြား အစားအစာတွေကရော ဒီလောက် စားလို့ကောင်းမလားဆိုတာ မျှော်လင့်မိတာ အမှန်ပဲ။
ကုန်းထျန်းဟောက်က ရယ်မောရင်း ပြောလိုက်သည်။ "ကျွန်တော်ပြောတာ ဟုတ်မဟုတ် ဆိုတာ ကျွန်တော်နဲ့အတူ လိုက်ခဲ့ပြီး စားကြည့်ရင် သိမှာပေါ့။ ကဲ... ကြွကြပါ"
အစည်းအဝေးပြီးသည်နှင့် နေ့လယ်စာ စားချိန် ရောက်လာသည်။
ကုန်းထျန်းဟောက်နှင့် ရှောင်လင်းယွီတို့ ဆွေးနွေးပြီးနောက် ဟွာရှအစားအစာကို အဓိကထားရန် ဆုံးဖြတ်လိုက်ကြသည်။ ပထမအချက် - ဟွာရှ အစားအသောက် ယဉ်ကျေးမှုကို ဖြန့်ဝေနိုင်သည်။ ဒုတိယအချက် - ယခု အဓိက ရည်ရွယ်ချက်မှာ ကိုယ့်ဟင်းသီးဟင်းရွက်နှင့် သစ်သီးများကို ရောင်းချရန် ဖြစ်သည်။ ဟွာရှအစားအစာသည် ဤဟင်းသီးဟင်းရွက်များ၏ ထူးခြားချက်ကို ပိုမို ပေါ်လွင်စေပြီး အရောင်၊ အနံ့၊ အရသာ ပြည့်စုံသော အစားအစာများကို ဖန်တီးနိုင်သည်။
ညစာကျမှ အနောက်တိုင်းစတိုင်နှင့် သစ်သီး မုန့်ပဲသရေစာများပါဝင်သော ဘူဖေးပုံစံ ပြုလုပ်မည် ဖြစ်သည်။
ဘာပဲပြောပြော ညစာစားပွဲမှာ အားလုံးက ဆွေးနွေးပြောဆိုတာကို အဓိကထားကြတာလေ။
အားလုံးက ကုန်းထျန်းဟောက် နောက်လိုက်ပြီး ထမင်းစားခန်းသို့ သွားကြသည်။
ထမင်းစားခန်းသို့ ရောက်သောအခါ ရှောင်လင်းယွီကလည်း အထက်တန်းလွှာ အမျိုးသမီးများကို ခေါ်ဆောင်ပြီး ရောက်ရှိနေပြီဖြစ်သည်။
သူတို့၏ ဇနီးသည်များ ပြုံးရွှင်နေသည်ကို မြင်ရသောအခါ အားလုံးနှင့် အဆင်ပြေပြေ ပေါင်းသင်းနေကြောင်း၊ မစ္စစ်ကုန်းနှင့်လည်း အဆင်ပြေကြောင်း သိသာနေသည်။
ဤအမျိုးသမီးများသည် ထမင်းစားခန်းထဲဝင်ပြီး ခင်ပွန်းသည်များကို မြင်သောအခါ ပျော်ရွှင်စွာ လျှောက်သွားပြီး ပြောလိုက်ကြသည်။ "အို... ဒါလင်ရေ၊ ဒီနေ့က တကယ် ပျော်စရာကောင်းတဲ့ နေ့တစ်နေ့ပဲဆိုတာ သိလား"
ခင်ပွန်းသည်က မေးလိုက်သည်။ "ဪ... ဟုတ်လား၊ ဒါလင်။ ဘယ်လိုမျိုးလဲ"
အမျိုးသမီးက "ဒါလင် မသိပါဘူး။ မနက်တုန်းက ဒါလင်တို့ ရဲတိုက်စံအိမ်ထဲ လျှောက်လည်တုန်းက မစ္စစ်ကုန်းက သစ်သီးတွေ ကျွေးတယ်။ အို... ဘုရားရေ... အဲဒီ လက်ဖက်ရည်တွေ၊ အဲဒီ သစ်သီးတွေက ကျွန်မ တစ်သက်တာစားဖူးသမျှ အကောင်းဆုံးအရာတွေပဲ"
ခင်ပွန်းသည်များက အံ့သြသလိုလို သံသယ ဝင်သလိုလို မေးလိုက်ကြသည်။ "ဪ... ဟုတ်လား"
"အင်း... အဲဒီ သစ်သီးတွေက တကယ်စားလို့ကောင်းတယ်၊ ပြီးတော့ အဲဒီ ဟွာရှလက်ဖက်ရည်တွေရောပဲ။ ပြီးတော့ ကျွန်မ အဲဒါတွေ စားပြီးတဲ့အခါ စိတ်တွေတက်ကြွလာပြီး စံအိမ်ထဲ တစ်မနက်လုံး လျှောက်လည်တာတောင် မောတယ်လို့ မခံစားရဘူး"
သူတို့လို အထက်တန်းလွှာ အမျိုးသမီးတွေက ပုံမှန်ဆို ကားအကြိုအပို့နဲ့ပဲ သွားလာကြတာ၊ လမ်းလျှောက်တာ ရှားတယ်။ လေ့ကျင့်ခန်း နည်းပါးတဲ့ သူတို့က လမ်းနည်းနည်း လျှောက်ရင်တောင် မောပန်းလွယ်တယ်။ ဒါပေမဲ့ ဒီနေ့မနက် တစ်မနက်လုံး လမ်းလျှောက်တာတောင် မမောဘဲ စိတ်ဓာတ်တွေ တက်ကြွနေတယ်။
ခင်ပွန်းသည်က အံ့သြစွာ မေးလိုက်သည်။ "အဲဒီ သစ်သီးတွေက တကယ်ပဲ အဲဒီလောက် စားလို့ကောင်းလို့လား။ မင်းက ကိုယ့်ရှေ့မှာ တကူးတက လာပြောနေရလောက်အောင်ကိုလေ"
သူတို့လို လူတွေအတွက်က ကိစ္စကြီးတွေ လုပ်တဲ့သူတွေလေ။ ဒီလို ကြက်မွှေးကြက်တောင်ကိစ္စလေးတွေကို ပါးစပ်က ထုတ်ပြောစရာ မလိုဘူး။ ကောင်းရင် ဆက်ပြီး စံစားလိုက်ရုံပဲ။
"အင်း... တကယ် စားလို့ကောင်းတယ်။ ပြီးတော့ မစ္စစ်ကုန်းပြောတာက ဒီသစ်သီးတွေ များများစားရင် အလှအပ ထိန်းသိမ်းပေးနိုင်တယ်တဲ့၊ အသားအရေပိုကောင်းလာပြီး ပိုနုပျိုလာမယ်တဲ့၊ သူမလိုမျိုးပေါ့။ ပြီးတော့ စိတ်ဓာတ်လည်း ပိုတက်ကြွလာမယ်၊ ကျန်းမာရေးလည်း ပိုကောင်းလာမယ်တဲ့"
"..." ခင်ပွန်းသည်က ပြောစရာမရှိဖြစ်သွားသည်။ "ဪ... ဒါလင်ရယ်၊ ကိုယ်တို့က ကမ္ဘာပေါ်က စားစရာကောင်းတာတွေအကုန် စားဖူးနေတာပဲ မဟုတ်ဘူးလား။ ဒီသစ်သီးတွေ အပါအဝင်ပေါ့" ဒါပေမဲ့ မင်း ပိုနုပျိုလာတာ မတွေ့ရပါလား။
မျက်စိလျင်သော ခင်ပွန်းသည်သည် နောက်ဆုံး စကားကို ထုတ်မပြောဘဲ နေလိုက်သည်။ သို့သော် အဓိပ္ပာယ်ကတော့ ထိုအတိုင်းပင်။
ခင်ပွန်းသည်၏ မယုံကြည်သော အမူအရာကို ရင်ဆိုင်ရင်း အမျိုးသမီးက ပြောလိုက်သည်။ "ဟွန့်... ရှင် မယုံရင် နေပါစေတော့။ ဘာပဲဖြစ်ဖြစ် ကျွန်မကတော့ မစ္စစ်ကုန်းကို ယုံတယ်။ မစ္စစ်ကုန်း ပြောတာက သူ့အိမ်က သစ်သီးစားရင် အလှအပထိန်းသိမ်းတာ မြန်မြန် ထိရောက်တယ်တဲ့။ ၂ ရက်၊ ၃ ရက်လောက်နဲ့ ရလဒ် တွေ့ရလိမ့်မယ်တဲ့။ မစ္စစ်ကုန်းက ဒီလိုကိစ္စတွေမှာ ကျွန်မတို့ကို လိမ်စရာအကြောင်းမရှိဘူးလို့ ယုံတယ်"
ခင်ပွန်းသည်များ "..."
သူတို့ အခု ဘာပြောနိုင်တော့မလဲ။ ဘာမှပြောလို့မရတော့ဘူး။ ကြည့်ရတာ ဒီမစ္စစ်ကုန်းက တော်တော်စွမ်းဆောင်ရည်ရှိတဲ့ အမျိုးသမီးပဲ၊ ဦးနှောက်ဆေးတတ်တယ်။ မဟုတ်ရင် တွေ့တာ မကြာသေးတဲ့ သူစိမ်းတစ်ယောက်ကို သူတို့ဇနီးသည်တွေက တစ်မနက်တည်းနဲ့ ဒီလောက် ယုံကြည်လာမှာ မဟုတ်ဘူး။
"ဪ... မစ္စစ်ကုန်း ပြောသေးတယ်၊ နေ့လယ်စာကိုလည်း သူ့စိုက်ခင်းက သယ်လာတဲ့ ပစ္စည်းတွေနဲ့ ချက်မှာတဲ့၊ အရသာကလည်း အတူတူပဲ အရမ်းကောင်းတယ်တဲ့၊ ကျွန်မတော့ အရမ်းမျှော်လင့်နေပြီ" အမျိုးသမီးများက ပျော်ရွှင်စွာ ပြောလိုက်ကြသည်။
ခင်ပွန်းသည်များ "..."
ကောင်းပါပြီလေ။ ဒီနေ့ နေ့လယ်စာမှာ မစ္စတာကုန်းတို့ဇနီးမောင်နှံက သူတို့ကို ဘယ်လို အံ့သြစရာတွေပေးမလဲဆိုတာ ကြည့်ကြတာပေါ့။
မဟုတ်ရင် ဇနီးမောင်နှံနှစ်ဦးက ဒီနေ့ နေ့လယ်စာအကြောင်း သေသေချာချာမိတ်ဆက်ပေးမှာ မဟုတ်ဘူး။
အားလုံး ထိုင်လိုက်ကြပြီးနောက် ဟွာရှအစားအစာစည်းကမ်းများအတိုင်း ဟင်းပွဲများ တစ်ပွဲပြီး တစ်ပွဲ လာချပေးသည်။
အရင်ဆုံး အရက်လာချပေးသည်။ ဒီအရက်ကလည်း ထောင်ယွမ်ရွာက သယ်လာတဲ့ ကျန်းမာရေး သစ်သီးအရက်ပဲ။ ဒါပေမဲ့ ဒီသစ်သီးအရက်က ပုံမှန်သောက်နေကျ အရက်တွေထက် နည်းနည်း ပိုပြင်းတယ်။
ပုလင်း မဖွင့်ရသေးတော့ သဘာဝကျကျ အရက်နံ့ မရသေးဘူးပေါ့။
ဒါပေမဲ့ ဒီသူဌေးကြီးတွေကို အံ့သြစေတာကတော့...
"အို... ကုန်း၊ ဒါ ဘာပစ္စည်းလဲ"
သူတို့က အနက်ရောင် အရက်အိုးကို ညွှန်ပြပြီး မေးလိုက်ကြသည်။
ကုန်းထျန်းဟောက်က ပြုံးပြီး မိတ်ဆက်ပေးလိုက်သည်။ "ဒါ ကျွန်တော်တို့ ဟွာရှမှာ အရက်ထည့်တဲ့ အရက်အိုးပါ"
ချက်ချင်းပင် လူအများအပြား အံ့သြသွားကြသည်။ "ဒါဆို ဒါက အရက်ပေါ့"
"မှန်ပါတယ်... ဒါ အရက်ပါ" ကုန်းထျန်းဟောက် ခေါင်းညိတ်ပြီး ပြန်ဖြေလိုက်သည်။ ထို့နောက် ဆက်ပြောသည်။ "ဒီအရက်က ကျန်းမာရေးသစ်သီးအရက်လို့ ခေါ်ပါတယ်၊ ခဏနေရင် အားလုံး ကောင်းကောင်း မြည်းစမ်းကြည့်လို့ရပါတယ်"
သစ်သီးအရက်လို့ ကြားလိုက်တာနဲ့ သူဌေးကြီး အများစုက ဂရုမစိုက်ကြတော့ဘူး။ ဘာပဲပြောပြော ဒီသစ်သီးအရက်တွေက မိန်းမတွေ သောက်တာလေ၊ အရသာက အရက်အရသာ နည်းနည်းနဲ့ သစ်သီးဖျော်ရည်အရသာပဲကျန်တာ။
ဒါပေမဲ့ လူကြိုက်အများဆုံး သစ်သီးအရက်က ဝိုင်နဲ့ ရှန်ပိန်ပဲ။
ဒါပေမဲ့ ဒီနေ့မှာ ဝိုင်နဲ့ ရှန်ပိန် မပါဘူး၊ ဝီစကီ၊ ဟန်နက်ဆီ စတဲ့ နိုင်ငံတကာ နာမည်ကြီး အရက်တွေလည်း မပါဘူး၊ ဒါက သူဌေးကြီးတချို့ကို မကျေမနပ် ဖြစ်စေတယ်။
ဘာပဲပြောပြော သူတို့ သောက်ချင်တာက အဲဒီနိုင်ငံတကာ နာမည်ကြီးအရက်တွေလေ။
ဒါပေမဲ့ ပထမဆုံး ဟင်းပွဲရောက်လာတဲ့အခါ လူအများအပြား ထိုင်မနေနိုင်တော့ဘူး။
အဓိကက ဒီဟင်းပွဲက ထွက်လာတဲ့ အနံ့က အရမ်းမွှေးလွန်းတယ်၊ နှာခေါင်းထဲ တိုးဝင်လာပြီး ရလိုက်တာနဲ့ စိတ်ဓာတ် တက်ကြွလာတယ်၊ မျက်လုံးတွေ အရောင်တောက်လာပြီး ဒီဆီကြော် မြေပဲပန်းကန်ကို စိုက်ကြည့်နေကြတယ်။
မြေပဲကို မပြောနဲ့ဦး၊ မြေပဲကြော်ထားတဲ့ဆီကထွက်လာတဲ့ ဆီမွှေးနံ့ကတင် လူကို မခံမရပ်နိုင်ဖြစ်စေတာ။
အိမ်ဖော်များသည် အိမ်တော်ထိန်း၏အချက်ပြမှုကိုရရှိပြီးနောက် စားပွဲတိုင်းရှိ အရက်အိုးများကို ဖွင့်လိုက်ကြသည်။
ဒီအရက်တွေ ဖွင့်လိုက်တာနဲ့ အရက်နံ့တွေ ပျံ့လွင့်လာပြီး လူတိုင်းရဲ့ အာရုံကို ဆွဲဆောင်သွားတယ်။
တစ်ချိန်တည်းမှာပဲ ခန်းမတစ်ခုလုံး တုန်လှုပ်ချောက်ချားပြီး ဆူညံသွားစေတယ်။
***
စိုက်ပျိုးရေးနေရာလွတ်က ငါ့ကိုချမ်းသာလာစေတယ်
အခန်း ၉၂၂ ။ တစ်ချက်တည်းနှင့် နာမည်ကြီးသွားမည့် ဧည့်ခံပွဲ (အပိုင်း ၄)
"အိုး... ဘုရားရေ၊ ဒါ အရက်နံ့လား"
အရက်အိုးကို ဖွင့်လိုက်သောအခါ မွှေးပျံ့သော အရက်နံ့များ ထွက်ပေါ်လာသည်။ ထိုအနံ့သည် လူတိုင်း၏နှာခေါင်းဝသို့ရောက်ရှိသွားပြီး ထိုမှတဆင့် နှလုံးသားထဲထိ ရောက်ရှိသွားသည်။
သူတို့သည် ဤမျှမွှေးကြိုင်သောအရက်ကို ပထမဆုံးအကြိမ် အနံ့ရဖူးခြင်းဖြစ်သည်။ အထူးသဖြင့် သစ်သီးအရက်ဆိုလျှင် ပိုဆိုးသေးသည်။
"ကုန်း... ဒါ တကယ်ပဲ သစ်သီးအရက်လား" တစ်ယောက်က မယုံကြည်နိုင်စွာ မေးလိုက်သည်။
ကုန်းထျန်းဟောက်က ပြုံး၍ မိတ်ဆက်ပေးလိုက်သည်။ "ဟုတ်ပါတယ်။ ဒါက သစ်သီးအရက်ပါ၊ စပျစ်သီးနဲ့ ချက်ထားတာပါ" ထို့နောက် သူက ဆက်ပြောသည်။ "ဒါ ကျွန်တော့်ဇနီးကိုယ်တိုင် ချက်ထားတာပါ"
ဒီစကားပြောနေတုန်းမှာ သူ ဘယ်လောက် ဂုဏ်ယူနေတယ်ဆိုတာ လူတိုင်း ခံစားမိနေတယ်။
မစ္စတာကုန်းက သူ့ဇနီးသည်ကိုကြွားချင်လွန်းလို့သာ သူတို့ကို ဒီခေါ်လာမှန်း ဒီသူဌေးကြီးတွေ သိသွားကြသည်။
ဒီလောက်လှပပြီး ဉာဏ်ကောင်းတဲ့ မိန်းမ၊ လူတွေကို ဆွဲဆောင်သိမ်းသွင်းနိုင်တဲ့ မိန်းမ။ မဟုတ်ရင် သူတို့ရဲ့ ဇနီးသည်တွေက မစ္စစ်ကုန်းနဲ့ ခဏလေးတွေ့ရုံနဲ့ "မစ္စစ်ကုန်း... မစ္စစ်ကုန်း" ဆိုပြီး တဖွဖွပြောနေကြမှာ မဟုတ်ဘူး။
ဒီလို အမျိုးသမီးမျိုးက ခင်ပွန်းသည်ရဲ့ စီးပွားရေးလုပ်ငန်းတွေမှာ အထောက်အကူပြုမယ့် လက်ရုံးတစ်ဆူ ဖြစ်လာနိုင်တယ်။
ကုန်းထျန်းဟောက်၏အချက်ပြမှုကြောင့် အိမ်ဖော်သည် အရက်အိုးကိုမပြီး ဧည့်သည်တစ်ဦးစီကို ခွက်တစ်ဝက်စီ လိုက်ငှဲ့ပေးလိုက်သည်။
ဧည့်သည်များ သောက်သည့်ခွက်သည် ဝိုင်သောက်ရာတွင် အသုံးပြုသော ဖန်ခွက်ရှည်များဖြစ်သည်။
သစ်သီးအရက် ငှဲ့လိုက်သည်နှင့် အရက်နံ့သည် ခန်းမဆောင် တစ်ခုလုံး ပျံ့နှံ့သွားသည်။ ထမင်းစားခန်း အပြင်ဘက်အထိရောက်ရှိသွားသဖြင့် အပြင်ဘက်တွင် ရပ်နေသော သက်တော်စောင့်များပင် နှာခေါင်းရှုံ့ကာ ဘေးနားမှ လူကို မေးလိုက်ကြသည်။ "ဒါ ဘာအနံ့လဲ၊ ဘာလို့ ဒီလောက် မွှေးနေရတာလဲ"
ဘေးနားမှ လူက နှာခေါင်းရှုံ့ပြီး မရေမရာ ပြန်ဖြေလိုက်သည်။ "အရက်နံ့လို့ ထင်တယ်"
"အရက်နံ့ ဟုတ်လား" သူ့သူငယ်ချင်း အံ့သြသွားသည်။ "ဒါ ဘာအရက်လဲ။ အနံ့က အပြင်ထိတောင် ရောက်လာတယ်"
သူတို့သည် ဤမျှဝေးကွာသောနေရာအထိ ပျံ့လွင့်လာသော အရက်နံ့ကို ပထမဆုံးအကြိမ် ရဖူးခြင်းဖြစ်သည်။
သူတို့တင် မဟုတ်ဘူး၊ အပြင်ဘက်တွင် အလုပ်လုပ်နေသော အိမ်ဖော်များလည်း အံ့သြနေကြသည်။
တစ်ယောက်က မေးလိုက်သည်။ "နင်တို့ အနံ့ရလား၊ အရက်နံ့လိုပဲ"
"အင်း... ရတယ်" နောက်တစ်ယောက်က ခေါင်းညိတ်လိုက်သည်။ "ဒါ ဘာအရက်လဲ၊ အနံ့က ဒီလောက်ပြင်းပြီး အပြင်ထိရောက်လာတာ"
သိသော လူတစ်ယောက်က ပြောလိုက်သည်။ "ဒီအရက်တွေက မနေ့က ဟွာရှကရောက်လာတာလေ။ ကြားတာတော့ ကျန်းမာရေးသစ်သီးအရက်တဲ့၊ သခင်မကြီးကိုယ်တိုင်ချက်ထားတာတဲ့။ သခင်မကြီး ချက်ထားတဲ့အရက်က ဒီလောက်မွှေးလိမ့်မယ်လို့ မထင်ထားဘူး"
သူတို့လည်း သောက်ချင်လိုက်တာ။
"ဟွာရှက ရောက်လာတဲ့ ပစ္စည်းတွေက အကုန်စားလို့ကောင်းတယ်။ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေ... ဝါး... အဲဒီ အရသာကို ဘယ်တော့မှ မေ့နိုင်မှာမဟုတ်ဘူး"
"ဟုတ်တယ်။ နင်တို့ သတိထားမိလား။ မနေ့က အဲဒီပစ္စည်းတွေ စားပြီးကတည်းက ငါ စိတ်တွေတက်ကြွနေပြီး နေလို့ကောင်းနေသလို ခံစားရတယ်။ ကျားတစ်ကောင်ကိုတောင် သတ်နိုင်မလိုပဲ"
"ဟားဟား... ငါလည်း အဲဒီလို ခံစားရတယ်။ ကိုယ်ခန္ဓာ ပေါ့ပါးနေပြီး ပျံသန်းနိုင်မလို ဖြစ်နေတယ်"
"ပြီးတော့လေ... ငါ နင်တို့ကို ပြောပြဦးမယ်။ အရင်တုန်းက ငါ ဓမ္မတာလာရင် ဗိုက်နာလွန်းလို့ မခံနိုင်ဘူး။ ဆရာဝန်ပြလည်း မသက်သာဘူး။ ဒါပေမဲ့ မနေ့က ဟွာရှက ရောက်လာတဲ့ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးတွေ စားပြီးကတည်းက ဗိုက်မနာတော့ဘူး၊ တစ်ကိုယ်လုံး ပေါ့ပါးနေတယ်"
"ဟာ... နင် ပြောတာ တကယ်လား" နောက်တစ်ယောက်က အံ့သြတကြီး မေးလိုက်သည်။ "တကယ် အဲဒီလို အာနိသင် ရှိတာလား"
"အင်း... ငါ ထင်တာတော့ ဟုတ်တယ်။ မဟုတ်ရင် ဒီလောက် တိုက်ဆိုင်စရာအကြောင်း မရှိဘူး" ထိုအိမ်ဖော်မလေးက တိုးတိုးလေး ပြောလိုက်သည်။ "ငါ မနေ့တစ်နေ့ကထိ နာနေသေးတာ။ အဲဒီ ပစ္စည်းတွေ စားပြီး မကြာခင်မှာပဲ မနာတော့ဘူး။ ငါကိုယ်တိုင်တောင် မယုံနိုင်ဘူး"
"ဟဟ... ဒါ ဟင်းသီးဟင်းရွက်နဲ့ သစ်သီး မဟုတ်တော့ဘူး၊ နတ်ဆေးဖြစ်နေပြီ" နောက်တစ်ယောက်က အာမေဋိတ်သံ ပြုလိုက်သည်။
"ဟုတ်တယ်" နောက်တစ်ယောက်က ထောက်ခံလိုက်သည်။ "အရင်တုန်းက ငါ အိပ်မပျော်တဲ့ရောဂါရှိတယ်။ ည ၁ နာရီ၊ ၂ နာရီ မထိုးမချင်း အိပ်မပျော်ဘူး။ ဒါပေမဲ့ မနေ့ညက ၉ နာရီခွဲလောက်မှာ ခေါင်းချလိုက်တာနဲ့ အိပ်ပျော်သွားတယ်။ ဒီမနက် ၆ နာရီခွဲမှ နိုးတယ်။ အလုပ်စလုပ်ကတည်းက ဒီလိုအခြေအနေမျိုး တစ်ခါမှ မကြုံဖူးဘူး။ နင် ပြောသလိုပဲ၊ ငါလည်း ဟွာရှက ရောက်လာတဲ့ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးတွေ စားလို့ဖြစ်မယ်။ မဟုတ်ရင် ဒီလောက်တိုက်ဆိုင်စရာအကြောင်း မရှိဘူး၊ ဟုတ်တယ်မလား"
"ဟုတ်တယ်... သေချာတယ်"
...
အပြင်ဘက်မှ အိမ်ဖော်နှင့် သက်တော်စောင့်များ ဆွေးနွေးနေကြသလို အတွင်းဘက်မှ သူဌေးကြီးများသည်လည်း ဤသစ်သီးအရက်ကို လုံးဝ လက်မြှောက်အရှုံးပေးလိုက်ရပြီဖြစ်သည်။
စောစောက သူတို့သည် ဤသစ်သီးအရက်ကို အထင်သေးခဲ့ကြသည်။ ကုန်းထျန်းဟောက်က ကပ်စေးနည်းပြီး အဆင့်နိမ့် သစ်သီးအရက်တွေနဲ့ ဧည့်ခံတယ်လို့ ထင်ခဲ့ကြတယ်။
ဒါပေမဲ့ အရက်အိုးဖွင့်လိုက်ပြီး ခွက်ထဲငှဲ့ထည့်လိုက်တာနဲ့ မွှေးပျံ့တဲ့အရက်နံ့က လူတိုင်းကို သိမ်းသွင်းသွားခဲ့တယ်။ ဒီအရက် ကောင်းမကောင်းဆိုတာ အနံ့ခံကြည့်ရုံနဲ့ သိသာတယ်။
စပျစ်သီးနဲ့ ချက်ထားတဲ့ သစ်သီးအရက်မို့လို့ အရောင်က ဝိုင်နီနဲ့ ဆင်တူတယ်။ အနီရောင်မှာ ခရမ်းရောင် သမ်းနေတယ်။ ဖန်ခွက်ထဲ ငှဲ့ထည့်လိုက်တဲ့အခါ ကြည်လင်တောက်ပနေပြီး ကြည့်ရတာ အရမ်း လှပတယ်။
ရှောင်လင်းယွီသည် အထက်တန်းလွှာ အမျိုးသမီးများလည်း အရက်ခွက်ကို ကြည့်နေကြသည်ကို တွေ့ရသဖြင့် ပြုံး၍ ပြောလိုက်သည်။
"အမျိုးသမီးတို့၊ ဒါက ကျန်းမာရေး သစ်သီးအရက်ပါ။ နာမည်နဲ့လိုက်အောင်ပဲ ခန္ဓာကိုယ်အတွက် ကောင်းမွန်ပြီး ကျန်းမာရေးအတွက် အကျိုးရှိစေပါတယ်။ ကျားမမရွေး၊ အသက်အရွယ်မရွေး သောက်သုံးနိုင်ပါတယ်။ အရက်နဲ့ သစ်သီးဖျော်ရည် ပေါင်းစပ်ထားတဲ့ မွှေးပျံ့မှု ရှိပြီး ပါးစပ်ထဲ ဝင်လိုက်တာနဲ့ ရင်ထဲအေးမြသွားစေတယ်၊ နှလုံးနဲ့ သရက်ရွက်ကို ညီမျှစေပြီး အိပ်ပျော်စေတဲ့ အာနိသင် ရှိပါတယ်။ အရေးအကြီးဆုံးက မနက် အိပ်ရာထရင် စိတ်အခြေအနေတက်ကြွလန်းဆန်းနေပြီး စိတ်ကြည်လင်နေစေပါတယ်။ ဒါကြောင့် မြည်းစမ်းကြည့်ကြပါဦး"
ရှောင်လင်းယွီ၏စကားကိုကြားသောအခါ အမျိုးသမီးများ၏မျက်လုံးများ အရောင်တောက်လာပြီး သောက်ချင်စိတ်များ ဖြစ်ပေါ်လာကြသည်။
မစ္စစ်စမစ်က အံ့သြစွာ မေးလိုက်သည်။
"မစ္စစ်ကုန်း၊ ရှင် ပြောတဲ့ ဒီကျန်းမာရေး သစ်သီးအရက်က တကယ်ပဲ ဒီလောက် ကောင်းတာလား" သူမ ခင်ပွန်းသည်က ပုံမှန်အိပ်မပျော်တတ်ဘူး။ တကယ်လို့ ဒီသစ်သီးအရက်က အိပ်ပျော်စေတယ်ဆိုရင် မစ္စစ်ကုန်းဆီက အရက်အိုးနည်းနည်းလောက် တောင်းချင်တယ်။
သူမအတွက် ပစ္စည်းတောင်းရတာ မျက်နှာပူစရာ မဟုတ်ဘူး။ ခင်ပွန်းသည် ကျန်းမာရေးက အရေးကြီးဆုံးပဲ။
ရှောင်လင်းယွီက ပြုံး၍ ဖြေလိုက်သည်။
"သေချာပေါက်တကယ်ပါပဲ၊ မစ္စစ်စမစ်"
ရှောင်လင်းယွီ သတိထားမိသည်မှာ မစ္စစ်စမစ်သည် အထက်တန်းလွှာ အမျိုးသမီးပုံစံရှိသော်လည်း တကယ်တမ်းတွင် စားသောက်ရသည်ကို နှစ်သက်သူဖြစ်သည်။ ပြီးတော့ ဗိုက်မဝနိုင်သူ ဖြစ်သည်။
စောစောက သူတို့ လက်ဖက်ရည်သောက်၊ သစ်သီးစားကြတုန်းက သူမက လက်ဖက်ရည် အများဆုံးသောက်သလို သစ်သီးလည်း အများဆုံး စားခဲ့တယ်။ သူမ စားသောက်ပုံကို ကြည့်ပြီး အားလုံးက ရယ်မောခဲ့ကြတယ်။ မကောင်းတဲ့သဘော မဟုတ်ပါဘူး၊ သူမကို ချစ်စရာကောင်းတယ်လို့ ထင်ကြလို့ပါ။
မစ္စစ်စမစ်၏မျက်လုံးများ အရောင်တောက်လာပြီး ဘေးနားမှ ခင်ပွန်းသည်ကိုကြည့်ကာ တွန့်ဆုတ်စွာ ပြောလိုက်သည်။
"ဒါဆို..."
ရှောင်လင်းယွီက သူမ ဘာပြောချင်သည်ကို သိနေပုံရသည်။ သူမ ပြုံး၍ ပြောလိုက်သည်။
"အားလုံးက ဒီကျန်းမာရေး သစ်သီးအရက်ကို ကြိုက်နှစ်သက်ကြတာ ကျွန်မအတွက် ဂုဏ်ယူစရာပါ။ အားလုံး ပြန်တဲ့အခါကျရင် မငြင်းဘူးဆိုရင် လူတစ်ယောက်ကို နှစ်အိုးစီ လက်ဆောင် ပေးလိုက်ပါ့မယ်"
အမျိုးသမီးများ ရှောင်လင်းယွီနှင့် စကားပြောနေစဉ် သူဌေးကြီး အများစုသည် မွှေးပျံ့သော အရက်နံ့ကြောင့် သောက်ချင်စိတ်ကို မထိန်းနိုင်တော့ဘဲ ခွက်ကိုကိုင်ကာ တစ်ငုံသောက်လိုက်ကြသည်။ ထို့နောက် ယနေ့အတွက် မရေမတွက်နိုင်သော အာမေဋိတ်သံများ ထွက်ပေါ်လာပြန်သည်။
"အို... ဘုရားရေ၊ ဒီအရက်က တကယ် မွှေးပြီး သောက်လို့ကောင်းတာပဲ"
"ပါးစပ်ထဲ ဝင်လိုက်တာနဲ့ မွှေးပျံ့မှုက ကိုယ်တွင်းကလီစာတွေထဲ စိမ့်ဝင်သွားသလိုပဲ၊ ကြည်လင်ပြီး နေလို့ကောင်းလိုက်တာ"
"ဒါ တကယ်ပဲ သစ်သီးအရက်လား။ ဘာလို့ ငါတို့ ပုံမှန်သောက်နေကျ သစ်သီးအရက်တွေနဲ့ မတူရတာလဲ"
...
အားလုံးသည် ကျန်းမာရေးသစ်သီးအရက်၏ အရသာတွင် နစ်မြောနေကြသဖြင့် ရှောင်လင်းယွီ၏ နှစ်အိုးစီ လက်ဆောင်ပေးမည့် ကမ်းလှမ်းချက်ကို မည်သူမျှ ငြင်းဆန်ခြင်း မရှိကြပေ။
ကုန်းထျန်းဟောက်နှင့် ရှောင်လင်းယွီ ဇနီးမောင်နှံသည် တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ပြုံးလိုက်ကြသည်။
ဒီလိုရလဒ်မျိုး ထွက်လာမယ်ဆိုတာ သူတို့ မျှော်လင့်ထားပြီးသားပါ။
ကျန်းမာရေး သစ်သီးအရက်ကို မြည်းစမ်းပြီးနောက် အအေးစာနှင့် အပူစာဟင်းပွဲများ တဖြည်းဖြည်း ရောက်ရှိလာသည်။
စားပွဲပေါ်မှ ဟင်းပွဲ အနံ့များသည် တစ်လှိုင်းပြီး တစ်လှိုင်း ပျံ့လွင့်လာကာ လူတိုင်း၏ နှာခေါင်းထဲ တိုးဝင်သွားသည်။ အသက်ရှူလိုက်တိုင်း စိတ်လန်းဆန်းပြီး နေလို့ကောင်းသွားသည်။
သူတို့ တွေ့ရှိလိုက်ရသည်မှာ ဒီဟင်းပွဲတိုင်းက အရမ်း ကောင်းမွန်နေတယ်။ ရိုးရှင်းတဲ့ ရေတစ်ဘူးတောင် ချိုမြိန်နေတာ။ ပြီးတော့ ဒီသစ်သီးအရက်တွေ၊ ဟင်းပွဲတွေ... အားလုံးက အရမ်းဆွဲဆောင်မှုရှိနေတယ်။
အခု စားနေရတာတွေကမှ အစားအစာလို့ ခေါ်ထိုက်တယ်။ အရင်တုန်းက စားခဲ့တာတွေက ဝက်စာတွေလား မသိဘူး။
မစ္စတာကုန်းက ဒီအစားအစာတွေကို ဘယ်ကရလာလဲမသိဘူး။ သူတို့ အစာအိမ်ကို ဆွဲဆောင်ဖို့ သီးသန့်လုပ်ထားတာများလား။
မူလက သူတို့လို အထောက်အထားရှိတဲ့လူတွေက ဒီလိုပွဲလမ်းသဘင်တွေမှာ နိုင်ငံရေး၊ စီးပွားရေး ဆွေးနွေးတာ၊ ဒါမှမဟုတ် စားသောက်တဲ့အခါ စကားမပြောဘဲနေတာကလွဲရင် အစားအသောက်အကြောင်း ဆွေးနွေးပြီး အချိန်ဖြုန်းနေမှာ မဟုတ်ဘူး။
ဒါပေမဲ့ အခုတော့ သူတို့က အထောက်အထားနဲ့ မလိုက်ဖက်တဲ့ အပြုအမူတွေ လုပ်မိနေပြီ။ ဒီလို နေရာမျိုးမှာ အစားအသောက် အကြောင်း ဆွေးနွေးနေကြတယ်။
ကုန်းထျန်းဟောက်နှင့် ရှောင်လင်းယွီတို့ မျှော်လင့်ထားသော်လည်း ကျန့်ယောင်ကျူနှင့် ဘရူးစ်တို့ကမူ လုံးဝ မျှော်လင့်မထားခဲ့ပေ။
သူတို့ အမြင်တွင် ဒီအထက်တန်းလွှာ သူဌေးကြီးတွေ ဒီလို ပွဲလမ်းသဘင်ကြီးမှာ အစားအသောက်အကြောင်း ဆွေးနွေးကြလိမ့်မယ်လို့ မထင်ထားဘူး။
သူတို့ မျှော်လင့်ထားခဲ့သည်မှာ ဧည့်သည်များ စားသောက်ပြီးနောက် ကိုယ့်အောက်လူများကို စေလွှတ်ကာ အိမ်တော်ထိန်း သို့မဟုတ် တာဝန်ရှိသူများကို မေးမြန်းခိုင်းလိမ့်မည် ဟူ၍ ဖြစ်သည်။
အခုတော့...
ထောင့်တစ်နေရာတွင် တိတ်တဆိတ် ထိုင်နေသော ကျန့်ယောင်ကျူနှင့် ဘရူးစ်တို့သည် သူဌေးကြီးများ ပန်းကန်ထဲမှ ဟင်းတစ်ဖတ်စားရဖို့အတွက် တူတွေနဲ့ လုနေကြတာကိုကြည့်ပြီး အံ့သြနေကြတယ်။
အင်း... ဒီမှာရှိတဲ့ သူဌေးကြီး အများစုက တူ သုံးတတ်ကြတယ်။ ဒါပေမဲ့ ကုန်းထျန်းဟောက်က သူတို့ရဲ့ စားသောက်မှု အလေ့အထကို ထည့်သွင်းစဉ်းစားပြီး ဧည့်သည်တစ်ယောက်ချင်းစီအတွက် ဓားနဲ့ခက်ရင်း ပြင်ဆင်ပေးထားတယ်။ သူတို့ စားနေတာက ဟွာရှအစားအစာဖြစ်ပေမဲ့ပေါ့။
ဒါကြောင့် တူသုံးတတ်သူနဲ့ မသုံးတတ်သူကြား အားသာချက် အားနည်းချက်တွေ ပေါ်လာတော့တာပေါ့။
သိသာထင်ရှားစွာပင် တူသုံးတတ်သူက ပိုအားသာတယ်။
ဥပမာ - ဆီကြော်မြေပဲလို အစေ့အဆန် အစားအစာတွေကို ခက်ရင်းနဲ့၊ ဓားနဲ့ ဘယ်လိုစားမလဲ။ တူနဲ့ဆို တစ်စေ့ညှပ်ပြီး ပါးစပ်ထဲ ထည့်လိုက်ရုံပဲ။ ဝါး... စားလို့ကောင်းလိုက်တာ။
ဒါပေမဲ့ ဓားနဲ့ခက်ရင်း သုံးတဲ့ သူဌေးကြီးတွေကလည်း အားမကျခံဘူး။ ဓားနဲ့ခက်ရင်း မသုံးဘဲ ဟင်းရည်သောက်တဲ့ ဇွန်းတွေနဲ့ မြေပဲတွေကို ခပ်စားလိုက်တယ်။ ဇွန်းတစ်ချက် ခပ်လိုက်တာနဲ့ မြေပဲ အများကြီး ပါလာတယ်။
ဒါကို မြင်တော့ တူသုံးတဲ့လူတွေကလည်း အားကျမခံ ဇွန်းနဲ့ လိုက်ခပ်ကြပြီး ကိုယ့်ပန်းကန်ထဲ ထည့်ကြတယ်။
စားပွဲပေါ်က မြေပဲ ကုန်သွားရင်တောင် ကိုယ့်ပန်းကန်ထဲမှာ ကျန်နေသေးတယ်လေ။
ခဏနေကျရင် အရက်တစ်ငုံ၊ မြေပဲတစ်စေ့စားလိုက်ရင် အရသာရှိလိုက်မယ့်ဖြစ်ခြင်း။
ကျန့်ယောင်ကျူ မပြောနဲ့၊ ဘရူးစ်တောင် ဒီသူဌေးကြီးတွေ စားစရာတစ်လုပ်အတွက် ကိုယ့်ဂုဏ်သိက္ခာကို ဘေးချိတ်ထားတာမြင်ပြီး မျက်လုံးပြူးသွားတယ်။
မြေပဲက ဇွန်းနဲ့ခပ်ဖို့လွယ်ပေမဲ့ ဟင်းရွက်ကြော် ရောက်လာတဲ့အခါကျတော့... ဟဟ... တူသုံးတဲ့သူတွေရဲ့ အားသာချက်ကြောင့် ပန်းကန်ထဲက ဟင်းရွက်တွေ ခဏလေးနဲ့ ကုန်သွားတယ်။
"ဟာ... ဟင်းရွက်ကြော်က ဒီလောက် စားလို့ကောင်းမှန်း အရင်က မသိခဲ့ဘူး"
သူဌေးကြီးတစ်ဦးက ကိုက်လန်ရွက်တစ်ရွက်ကို ညှပ်စားရင်း အာမေဋိတ်သံ ပြုလိုက်သည်။
သူဌေးကြီးတွေက အထောက်အထားနဲ့ မလိုက်ဖက်တဲ့ အပြုအမူတွေ လုပ်နေကြပေမဲ့ အထက်တန်းလွှာ အမျိုးသမီးတွေကတော့ နည်းနည်း အားနည်းနေတယ်။
ခင်ပွန်းသည်က သတိရပြီး ထည့်ပေးရင် တော်သေးတယ်၊ မေ့သွားရင်တော့ သူများစားတာ ထိုင်ကြည့်နေရုံပဲ ရှိတော့တယ်။
***