အခန်း (၁၁၀)
Vol. 11 Ch. 110
"စုကျို၊ နင့်ရဲ့ ရုပ်သေးရုပ်ကို ဆင့်ခေါ်လိုက်စမ်း!"
"ဒါက သေချာပေါက် ဂျူနီယာတောင်လေးကျင်းချန် မဟုတ်ဘူးမလား!"
စုကျို ခဏတန့်သွားပြီး "အော်... ရှင်တို့က ကျွန်မရဲ့ တိုက်ပွဲပုံရိပ်ယောင်ကိုကြည့်ထားတဲ့ ပရိသတ်တွေပေါ့”
ညီအစ်မနှစ်ယောက် : "?"
"ဒါက ကျင်းချန် မဟုတ်တာတော့ သေချာတာပေါ့”
စုကျို ခေါင်းညိတ်ပြရင်း "ဒါ ‘ကျင်းချန် ပထမမျိုးဆက်’ လေ”
"ဘာ?"
ညီအစ်မနှစ်ယောက်မှာ အံ့အားသင့်သွားကြရသည်။
စုကျိုသည် ဘယ်တော့မှ လိမ်ညာပြောဆိုလေ့မရှိပေ။
"ပိုးမွေးမြူသူအချင်းချင်း မလိမ်ညာကြေးလေ၊ ရှင်တို့က ကျွန်မရဲ့ တိုက်ပွဲပုံရိပ်ယောင်ကိုကြည့်ပြီး ‘ကျင်းချန် ပထမမျိုးဆက်’ ကို မြင်ချင်နေမှတော့၊ ဈေးနှုန်းအနည်းငယ်မြှင့်ပြီးငှားရမ်းဖို့ ကျွန်မ စဉ်းစားပေးနိုင်ပါတယ်”
စင်မြင့်ထက်ရှိ ထိုညီအစ်မနှစ်ယောက်၏တိုက်စစ်မှာ ရုတ်တရက် ရပ်တန့်သွားတော့သည်။
"ငှားရမ်းမယ် ဟုတ်လား?"
"မှန်တယ်” စုကျို ဖော်ရွေစွာ ခေါင်းညိတ်ပြလိုက်သည်။
"ကိစ္စက ဒီလိုရှိတယ်..."
စုကျိုသည် သူ့နောက်မှ စိတ်ပျက်လက်ပျက်ဖြစ်နေသော အနီရောင်ဝတ်စုံနှင့် မိစ္ဆာချန်ယွမ်ကို တစ်ချက်ကြည့်လိုက်ပြီး
"ကျွန်မရဲ့ တွက်ချက်မှု မှားသွားလို့ စိန်ခေါ်ပွဲအမျိုးအစားကို မှားဝင်မိသွားတာ၊ သုံးဦးတွဲပြိုင်ပွဲမှာ ရှိနေရမယ့်အစား နှစ်ဦးတွဲပြိုင်ပွဲကို ရောက်လာခဲ့တယ်”
"ဒါကြောင့် ဒီတစ်ပွဲမှာ ကျွန်မရယ်၊ ကျွန်မရဲ့ မိစ္ဆာရယ်၊ ပြီးတော့ ‘ကျင်းချန် ပထမမျိုးဆက်’ ရယ် သုံးယောက်လုံး တစ်ပြိုင်တည်းတိုက်ခိုက်လို့ မရဘူး”
"ဒါပေမဲ့ ကျွန်မရဲ့ မိစ္ဆာလေးက နည်းနည်းစိတ်မကောင်းဖြစ်နေတယ်လေ”
စုကျို မျက်နှာချင်းဆိုင်ရှိ ညီအစ်မနှစ်ယောက်ကိုကြည့်ကာ
"တကယ်လို့ ရှင်တို့ဘက်က ဒီတစ်ပွဲမှာ ‘ကျင်းချန် ပထမမျိုးဆက်’ ကို အစားထိုးအသုံးပြုမယ်ဆိုရင်တော့ သိပ်ကောင်းမှာပဲ”
သူမနှင့် ချန်ယွမ်တို့မှာ တိုက်ပွဲများမှတစ်ဆင့် အတွေ့အကြုံများရနိုင်သလို တိုက်ပွဲဝင် ဝိညာဉ်ကျောက်တုံးများလည်းရရှိနိုင်သည်။
ထို့အပြင် ‘ကျင်းချန် ပထမမျိုးဆက်’ ကိုလည်း ငှားရမ်းခရအောင် အလုပ်ပေးထားနိုင်မည်ဖြစ်သည်။
တိုက်ပွဲအတွင်းမှာပင် ‘ကျင်းချန် ပထမမျိုးဆက်’ ၏အားနည်းချက်များကိုစမ်းသပ်နိုင်ပြီး နည်းဗျူဟာများကိုလည်းမြှင့်တင်နိုင်ဦးမည်။
လူတိုင်း၏တန်ဖိုးကို အမြင့်ဆုံးအထိ အသုံးချနိုင်မည်ပင်!
စုကျိုသည် သူ့လက်ချောင်းလေးများကို ချိုးကာအမြန်တွက်ချက်လိုက်ပြီး
"တစ်ခုလောက် ယူမလား? အမွှေးတိုင်တစ်တိုင်စာ အချိန်အတွက် ငှားရမ်းခက ဝိညာဉ်ကျောက်တုံးငါးထောင်ပါ၊ ‘ကျင်းချန် ပထမမျိုးဆက်’ က အသက်ဝင်တယ်၊ လှုပ်ရှားနိုင်တိုက်ခိုက်နိုင်တယ်၊ ကြွက်သားတွေကလည်း အစစ်အတိုင်းပဲ၊ ပြီးတော့ မီးဓာတ်ကျင့်စဉ်တွေကိုလည်း တတ်ကျွမ်းတယ်”
"ဒါကို ငှားပြီး ကျွန်မတို့နဲ့ မိစ္ဆာကြီးကိုပြန်တိုက်ခိုက်ဖို့ သုံးမယ်ဆိုရင် အကောင်းဆုံးပဲပေါ့”
စုကျိုသည် ညီအစ်မနှစ်ယောက်အား စိတ်ရင်းမှန်ဖြင့် အရောင်းမြှင့်တင်လိုက်သည်။
"ဒါ ‘ကျင်းယွီထန်’ က အသုံးမကျတဲ့ ကျင်းချန်ရုပ်တုထက် အများကြီးပိုအသုံးဝင်ပါတယ်”
ညီအစ်မနှစ်ယောက်မှာ မှင်သက်သွားကြသည်။ ပုံရိပ်ယောင်ထဲတွင် ‘ညီလေးကျင်းချန်’ ၏ ဝေဝါးသောပုံရိပ်ကို မြင်တွေ့ခဲ့ရသဖြင့် စုကျိုထံတွင် ရှင်းရှင်းလင်းလင်း လာရောက်မေးမြန်းရန်ဆုံးဖြတ်ခဲ့သော သူတို့၏ဒေါသများမှာ တစ်ခဏချင်းမှာပင် ပျောက်ကွယ်သွားရတော့သည်။
သူတို့သည် စင်အလယ်သို့သွားနေရင်းမှ ရပ်တန့်သွားကြသည်။
"ငါးထောင်တည်းလား ?"
"အသက်ဝင်တယ် ဟုတ်လား?"
"လှုပ်ရှားနိုင်တယ်လား?"
"တကယ်ကြီးလား...?"
【၄၀ : ?】
【၃၉ : ...!】
လက်ဖက်ရည်အိုးကိုကိုင်ကာ အနည်းငယ်နောက်ကျပြီးမှ ရောက်လာသော ပရိသတ်အကြီးစားကွမ်းကျုံးသည် စင်အနီးသို့ ရောက်ရှိလာသည်။
ပရိသတ်ခုံတွင် ထိုင်လိုက်သည်နှင့် ကွမ်းကျုံးနှင့်အခြားသော ပရိသတ်များမှာ မှင်သက်သွားကြသည်။ သူတို့က စီးပွားရေးတောင် စလုပ်နေ ကြပြီပဲ။
ဒါက တကယ့်တိုက်ပွဲစင်မြင့်လား၊ ဒါမှမဟုတ် ‘ကျင်းယွီထန်’ ရဲ့ ဆိုင်ခွဲတစ်ခုများလား?
ဒါပေမဲ့ အခုတော့ ရယ်စရာကောင်းတာက၊ အမြွှာညီအစ်မတွေ စိတ်လှုပ်ရှားသွားကြတာပင်!
"အရင်ဆုံး စပေါ်ငွေဝိညာဉ်ကျောက်တုံး တစ်ထောင်လား? တကယ်လို့ အဆင်ပြေရင် နောက်ထပ် ငါးထောင် ထပ်ပေးရမယ် ဟုတ်လား?" စုကျိုသည် သူ့ အထပ် ၃၈ မှ စီနီယာအစ်မနှစ်ယောက်က ဤမျှအထိသံသယများပြီး စေ့စပ်တွက်ချက်တတ်လိမ့်မည်ဟု မထင်ထားခဲ့ပေ။
ဟူး...
ဝိညာဉ်ပိုးဖလံဂေဟာက လူတိုင်းဟာ ဂိုဏ်းရဲ့ငွေရှာတဲ့ နည်းလမ်းမျိုးစုံကြောင့် ကြောက်လန့်နေကြတာပဲ ဖြစ်ရမယ်။
အထူးသဖြင့် ကျင်းချန်ရဲ့နောက်လိုက်တွေပေါ့။
သူတို့မှာ ပိုးမွေးရရုံတင်မကဘဲ သူ့ကိုပါ ထောက်ပံ့ပေးနေကြရတာလေ!
စုကျိုသည် သူ့ အိတ်ထဲသို့ ငုံ့ကြည့်လိုက်သည်။ ပြီးခဲ့သော နှစ်ကြိမ်က ကျင်းချန်အားထိတွေ့မိရာမှ မမျှော်လင့်ဘဲ ရရှိခဲ့သော ဓားတစ်ဒါဇင် ကျော်နှင့် အခြားပစ္စည်းများမှာ အမျိုးသမီးသုံးဓားများသာများပြားလှသည်။ ထိုအထဲတွင် သူမရှေ့က အမြွှာညီအစ်မနှစ်ယောက်၏ ဓားများလည်းပါဝင်နေသည်။
[လျောင်အိုက်ချန်း ပေးအပ်သော ကျင်းချန် မက်မွန်ပွင့်ဓား အတု ၉ လက်]
[လျောင်ကျင့်ချန်း ပေးအပ်သော ကျင်းချန် မက်မွန်ခက်ဓား အတု ၉ လက်...]
စုကျို စာနာစိတ်ဖြင့် စီနီယာအစ်မနှစ်ယောက်ကိုကြည့်ကာ ခေါင်းညိတ်ပြလိုက်သည်။
"ကောင်းပြီ၊ ယုံယုံကြည်ကြည်နဲ့သာ သုံးကြည့်လိုက်ပါ၊ တကယ်လို့ အဆင်မပြေဘူးဆိုရင် ကျွန်မ ပိုက်ဆံပြန်အမ်းပေးပါ့မယ်”
စုကျိုသည် သူတို့ပေးသော စပေါ်ငွေ ဝိညာဉ်ကျောက်တုံးတစ်ထောင်ကို အလိုက်သင့်ပင် လက်ခံလိုက်သည်။
ထို့နောက် သူမသည် အနက်ရောင်ဝတ်ရုံခြုံထားပြီး ခြေဆုံးခေါင်းဆုံး အဝတ်စများဖြင့် သေသေချာချာဖုံးအုပ်ထားသည့် [ကျင်းချန် ပထမမျိုးဆက်] ကို သူ့အိတ်ထဲမှ ထုတ်ယူလိုက်သည်။
၎င်းကို ထုတ်လိုက်သည်နှင့် ညီအစ်မနှစ်ယောက်၏ မျက်လုံးများမှာ တောက်ပသွားတော့သည်။
"လူတစ်ရပ်စာလောက် မြင့်တာလား!?"
ကောင်းကင်ဖန်သားပြင် ပုံရိပ်ယောင်မှာ သူတို့က ဝိညာဉ်ကျောက်တုံးတစ်သိန်းအကုန်ခံပြီး ကြည်လင်ပြတ်သားတဲ့အဆင့် (High-definition) ကို မြှင့်မကြည့်ခဲ့ကြဘဲ ဝေဝါးတဲ့ဗားရှင်းကိုကြည့်ခဲ့ကြခြင်းဖြစ်သည်။
စင်မြင့်ပေါ်က ‘ကျင်းချန်’ ၏ပုံရိပ်နှင့် သူသုံးသည့် မီးတံတိုင်းပညာရပ်ကို ဝေဝါးရုံသာမြင်ခဲ့ရခြင်းဖြစ်သည်။
ဂျူနီယာမောင်လေးကျင်းချန်ကို အားပေးသူများပီပီ၊ ထိုညီအစ်မနှစ်ယောက်သည် ဝေဝါးရုံကြည့်လိုက်ရုံနှင့်ပင် ၎င်းမှာ ကျင်းချန်မျက်နှာ ဖြစ်နေမှန်းသိလိုက်သော်လည်း ၎င်းကိုယ်တိုင်မဟုတ်မှန်းလည်း ရိပ်မိကြသည်။
သူတို့သည် ကျင်းချန်အစစ်က ဤမီးတံတိုင်းပညာရပ်ထက် သုံးဆမက ပိုအစွမ်းထက်သည်ဟု အခိုင်အမာယုံကြည်ထားကြသည်။
ပုံရိပ်ယောင်ကို ကြည့်စဉ်က သူတို့ အလွန်ဒေါသထွက်ခဲ့ကြသည်။ အထပ် ၃၀ က ဒီဂျူနီယာညီမလေးက ကျင်းချန်နဲ့တူတဲ့ ရုပ်သေးရုပ်ကိုသုံးပြီး တိုက်ခိုက်ဝံ့ရလေခြင်း ဆိုပြီးတော့ပေါ့!
ဒါပေမဲ့ ယခုမူ…
ညီအစ်မနှစ်ယောက်သည် [ကျင်းချန် ပထမမျိုးဆက်] ကို ငှားရမ်းခွင့်ရလိုက်ပြီဖြစ်ရာ စုကျိုသည် အလွန်ပင် စိတ်သဘောထားကောင်းသူ ဖြစ်သည်ဟု ခံစားလိုက်ရတော့သည်!
၎င်းတို့သည် စိတ်လှုပ်ရှားစွာဖြင့် စင်အလယ်သို့လျှောက်သွားကြပြီး စုကျိုထုတ်ပေးလိုက်သည့် အရပ်ရှည်ရှည် [ကျင်းချန် ပထမမျိုးဆက်] ကို လှမ်းယူလိုက်ကြသည်။
စုကျိုမှာလည်း အလွန်စိတ်လှုပ်ရှားနေသည်၊ တိုက်ပွဲမစရသေးခင်မှာတင် သူ ပိုက်ဆံရနေပြီဖြစ်သည်။
စိန်ခေါ်ပွဲကရတဲ့ ဆုလာဘ်ထက်တောင်များနေသေးသည်!
ဒါ တကယ့်အရည်အချင်းပဲ!
"သတိထားကြဦး"
စင်မြင့်ပေါ်ရှိ မျက်နှာသေနှင့် အုပ်ချုပ်ရေးမှုးမှ မနေနိုင်ဘဲ ဝင်ပြောလိုက်သည်။
"ပြိုင်ပွဲစနေပြီ၊ အားနည်းနည်းသုံးပြီး မတိုက်ကြနဲ့၊ မဟုတ်ရင် အကုန်လုံးရှုံးနိမ့်ကြောင်း သတ်မှတ်ခံရလိမ့်မယ်”
စုကျိုကမူ "ဆောရီး၊ ဆောရီး” ဟု အော်ပြောလိုက်သည်။
"ဟေး... စီနီယာအစ်မတို့၊ စကြစို့! ကျွန်မကို အခုပဲ တိုက်ခိုက်လိုက်တော့!"
သူ စကားပြောပြီးသည်နှင့် ချန်ယွမ် သူမကအား ‘မင်းသမီးလေးပွေ့’ ဟန်ဖြင့် လျင်မြန်စွာပွေ့ချီလိုက်သည်။
စုကျိုမှာ မှင်သက်သွားသော်လည်း သူ့အခြေခံအဆင့် အထွတ်အထိပ်ခန္ဓာကိုယ်ကို လှည့်ကြည့်လိုက်မိရာ၊ ဤမိစ္ဆာကြီးမှာ သတိဝီရိယရှိပြီး ပါးနပ်သည်ဟုလည်းခံစားလိုက်ရသည်။
"ကောင်းပြီ” သူမသည် သူ့ ညာဘက်လက်မှ ပတ်တီးကိုဖြည်လိုက်ပြီး ညီအစ်မနှစ်ယောက်ဘက်သို့ညွှန်လိုက်သည်။
"တိုက်စစ်ဖွင့်မယ်! ချန်ယွမ်၊ အတူတူသွားရအောင်!"
တစ်ခဏအတွင်းမှာပင် အနီရောင်ဝတ်စုံနှင့်မိစ္ဆာကြီးသည် ခြေနှစ်ဖက်ဖြင့် ကန်ထွက်လိုက်ပြီး သူမကို ပွေ့ချီထားလျက် ညီအစ်မနှစ်ယောက် ထံသို့ ပစ်ဝင်သွားတော့သည်!
သို့သော် စုကျို ညာဘက်လက်ချောင်းမှာ ညီအစ်မနှစ်ယောက်ကို ထိခါနီးအချိန်မှာပင်၊ အထပ် ၃၈ မှ ထိုညီအစ်မနှစ်ယောက်မှာ ဆန့်ကျင်ဘက်အရပ်သို့ အတင်းထွက်ပြေးသွားကြလေတော့သည်!
"ဟင့်အင်း၊ မလုပ်နဲ့!"
"ဂျူနီယာညီမလေး စုကျို၊ ကောင်းကောင်းပြောကြရအောင်လေ! မတိုက်ပါနဲ့!"
"ဂျူနီယာမောင်လေး ကျင်းချန်ကို မနာကျင်စေပါနဲ့!"
【၄၀ : ???】
【၃၈ : ......】
"ကျွန်မတို့ အရှုံးပေးပါတယ်!"
"ညီမလေး၊ အစ်မတို့ အရှုံးပေးပါတယ်!"
ညီအစ်မနှစ်ယောက်သည် အနက်ရောင်အဝတ်စကို မလိုက်သည့်အခိုက်အတန့်တွင် မှင်သက်သွားကြသည်။
သူတို့သည် [ကျင်းချန် ပထမမျိုးဆက်] ၏အသက်ဝင်ပြီး လက်တွေ့ကျလှသော ရွှေရောင်မျက်နှာကိုမြင်လိုက်ရသည်။
၎င်း၏မျက်လုံးများပိတ်ထားပြီး ပါးစပ်မှာ စကားပြောတော့မည့်ဟန် အနည်းငယ်ဟနေသော်လည်း၊ ၎င်းမှာ အစစ်အတိုင်းပင်၊ အံ့သြစရာ ကောင်းလောက်အောင် အစစ်အတိုင်းဖြစ်နေသည်!
မျက်နှာပေါ်ရှိ အမွေးအမျှင်လေးများအထိပင် ရှင်းလင်းပြတ်သားစွာမြင်နေရသည်။
ထိတွေ့ရသည့် ခံစားချက်မှာလည်း အစစ်အတိုင်းပင်!
သူတို့သည် [ကျင်းချန် ပထမမျိုးဆက်] ၏ပါးကို ဆွဲညှစ်ကြည့်ကာ အချင်းချင်းကြည့်လိုက်ကြသည်။ သူတို့နှစ်ယောက်လုံး အလွန်အမင်း စိတ်လှုပ်ရှားပြီးရင်ခုန်နေကြသည်။
သူတို့ အချင်းချင်း၏မျက်ဝန်းထဲတွင် ထူးဆန်းသောအပြုံးတစ်ခုကိုမြင်လိုက်ကြရသည်!
ဒီလောက် အရပ်အမောင်းမျိုးနဲ့ဆိုရင် ဆော့လို့ သိပ်ကောင်းမှာပဲ။
သူတို့အကြာကြီး ဆော့ကစားလို့ရနိုင်သည်ပင်။
တကယ်လို့ တစ်ခုခုပျက်စီးသွားရင် သူတို့ ဆော့လို့ရမည် မဟုတ်တော့ပေ။
သူတို့သည် [ကျင်းချန် ပထမမျိုးဆက်] အား ချက်ချင်းပွေ့ချီကာ စင်မြင့်ပေါ်မှာတင် ဆန့်ကျင်ဘက်အရပ်သို့ထွက်ပြေးကြတော့သည်!
ချန်ယွမ်သည် စုကျိုအားပွေ့ချီထားရင်း နောက်မှလိုက်လံဖမ်းဆီးနေပြီး၊ သူတို့ကမူ [ကျင်းချန် ပထမမျိုးဆက်] ကို သယ်ကာထွက်ပြေးနေ ကြသည်။
ခဏတာအတွင်းမှာပင် ဘယ်သူက အထပ် ၃၀ ကလဲ၊ ဘယ်သူက အထပ် ၃၈ ကလဲဆိုတာ ခွဲခြားလို့မရတော့ပေ။
ဘယ်သူက စီနီယာအစ်မလဲ၊ ဘယ်သူက ဂျူနီယာညီမလဲ ဆိုတာလည်း ဝေခွဲမရဖြစ်နေကြသည်။
"ဂျူနီယာညီမလေး စုကျို၊ နင် နိုင်ပါတယ်!"
"ငါတို့ အရှုံးပေးလိုက်ရင် မရဘူးလား?"
ညီအစ်မနှစ်ယောက်သည် ချန်ယွမ်ကို ကြောက်ရွံ့စွာကြည့်ကာ အမောတကောဖြင့် [ကျင်းချန် ပထမမျိုးဆက်] ကို သူတို့နောက်ကျောတွင် ဝှက်ထားလိုက်သည်။
"ငါတို့ အရှုံးပေးဖို့အတွက် စင်ပေါ်ကနေ ကိုယ့်ဘာသာ ကိုယ်ခုန်ချပါ့မယ်!"
"အမွှေးတိုင်တစ်တိုင်စာ အချိန်ကုန်သွားရင် စင်အောက်မှာ သူနဲ့ ခဏလောက် ဆက်ဆော့လို့ရသေးလား?"
စုကျို : "?? "
【၄၀ : ?】
【၃၉ : ...】
စင်ပေါ်ရှိ ကွမ်းကျုံးကမူ "...သောက်ကျိုးနဲ”