← Chapters

အခန်း (၁၀၂)

Vol. 11 Ch. 102

အခန်း (၁၀၂)

Vol. 11 Ch. 102

အထပ်သုံးဆယ်၊ ဝိညာဉ်စမ်းသပ်ခန်းမအတွင်း

စုကျိုသည် သူ့အတွက် သတ်မှတ်ပေးထားသည့် စမ်းသပ်ကိရိယာ ခေါင်းဆောင်ဟူကျဲကျင့်ကို ကြည့်လိုက်သည်။

ရွှေရောင်အမြုတေအဆင့် အလယ်ပိုင်းကျင့်ကြံသူတစ်ယောက်

ရိုးရိုးသားသားပြောရလျှင်၊ သူကား အရပ်ပုပြီး ဘူးသီးပုံစံမျက်နှာက သိပ်မချောသော်လည်း သူမအနေဖြင့် စမ်းသပ်ကြည့်ရန် ငြင်းဆန်စရာ အကြောင်းမရှိပေ။

ခေါင်းဆောင်တစ်ယောက်အနေဖြင့် ဟူကျဲကျင့်သည် လုံလောက်အောင်သန်မာသည်။ သူမ အခုလေးတင် ဖန်တီးထားသည့် ‘ရွှေရောင်ပုံရိပ် ယောင်’ တွင် အစားထိုးရန် အရေးတကြီး လိုအပ်နေသော အားနည်းချက်များစွာရှိနေသည် မဟုတ်ပါလား။

စုကျိုသည် ခေါင်းငုံ့ကာ သူ့ ညာဘက်လက်မှ ပတ်တီးများကို တစ်ပတ်ချင်း ဖြည်းဖြည်းချင်းဖြေလိုက်သည်။

“ရှောင်ကျို၊ နင် တကယ်ပဲ ငါ့ကို လေးဆနဲ့ပြန်ရောင်းမှာလား?” ယင်လီ ဟူကျဲကျင့်၏ ဘူးသီးပုံစံမျက်နှာကို ခိုးကြည့်ရင်းမေးလိုက်သည်။

ကျူးပိုင်ယွီကမူ တိုးတိုးလေး ရွတ်ဆိုနေသည်။

“ခန္ဓာကိုယ်အထက်ပိုင်း ဖြစ်ပါစေ၊ အထက်ပိုင်း ဖြစ်ပါစေ...”

“ဝမ်းဗိုက်... ဝမ်းဗိုက်... ဒန်ထျန်... ဒန်ထျန်...” လဲ့အော်လည်း နောက်က လိုက်ဆိုနေသည်။

ကျင်းကန်းပေါင်နှင့် ရင်းမြောင်တို့ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ပြီးနောက် စုကျို နောက်သို့ တိတ်တဆိတ် လမ်းလျှောက်သွားကြသည်။

သူတို့က သူမ နားနားတွင် ကပ်၍တိုးတိုးလေးပြောလိုက်ကြသည်။

“စုဝူတိ ၊ ဟူကျဲကျင့်မှာ အစွမ်းအထက်ဆုံးက သူဦးနှောက်ပဲ”

စမ်းသပ်သူနေရာတွင် ထိုင်နေသော ဟူကျဲကျင့် : “???”

သူ့ကို သေသွားပြီလို့ ထင်နေကြတာလား? ဒီတပည့်တွေက ဘာလို့ သူ့ရှေ့တင် ဗြောင်ကျကျ ဆွေးနွေးနေကြတာလဲ?

သူ့ကို ပိုပြီးအသက်ရှူကျပ်စေသည့်အချက်မှာ စုကျို မျက်ခုံးတစ်ဖက်ကိုပင့်လိုက်ပြီး သူ့ ဦးခေါင်းကို စိတ်ဝင်တစားကြည့်လာခြင်းပင်။

စုကျိုအနားတွင် ကပ်နေသော ကျင်းကန်းပေါင်နှင့် ရင်းမြောင်တို့ကို ယနေ့ ‘စတုတ္ထမြောက် မျက်နှာဖုံး’ ရထားသော ချန်ယွမ်မှ ဂုတ်ကနေ ဆွဲပြီး နောက်သို့ပြန်ဆွဲထုတ်လိုက်သည်။

စုကျိုကမူ အားလုံးအဆင်ပြေကြောင်း ချန်ယွမ်ကို လက်ပြလိုက်သည်။

ထိုအခါမှသာ သူသည် အခြေခံအဆင့် ‘ကြက်ပေါက်စ’ နှစ်ကောင်ကိုလွှတ်ပေးလိုက်တော့သည်။

ကျင်းကန်းပေါင် ချန်ယွမ်ကို ကြည့်ကာ နှစ်ချက်ခန့် ရယ်လိုက်ရင်း

“ငါ သူ့ကို မထိပါဘူး၊ ဒီတိုင်း နောက်ကနေပဲ စုဝူတိကို စကားပြောမှာပါ”

သူက သူတို့ကိုစိုက်ကြည့်နေသော ဟူကျဲကျင့်ကိုတစ်ချက်လှမ်းကြည့်လိုက်ပြီး စုကျိုကို အမြန်ပြောလိုက်သည်။

“သူ့နာမည်အတိုင်းပဲ စုဝူတိ”

“သူ့နာမည်က ဘာလဲဆိုတာ စဉ်းစားကြည့်လေ”

“!”

စုကျိုသည် ဟူကျဲကျင့် ဦးခေါင်းကိုကြည့်လိုက်ရင်း မျက်လုံးများ ချက်ချင်းတောက်ပသွားသည်။

သူက ဖြတ်လမ်းလိုက်ရတာကြိုက်လို့ သူ့ကို ဟူကျဲကျင့် (Hu Jiejing - ဖြတ်လမ်းဟူ)လို့ခေါ်ခြင်းဟု သူ အမြဲထင်ခဲ့ခြင်းဖြစ်သည်။

“ဟူကျဲကျင့်... သူ့ကို ဟူကျဲကျင့်လို့ခေါ်တာ မမှားဘူး၊ သူက ဝိညာဉ်ပိုးဖလံဂေဟာရဲ့ စာကြည့်တိုက်မှာ နှစ်ပေါင်းသုံးဆယ်ကြာ စောင့်ကြပ်ခဲ့တာ၊ ရွှေရောင်အမြုတေအဆင့်အောက်က ဘယ်ကျင့်စဉ်ကိုမဆို သုံးကြိမ်ဖတ်ရုံနဲ့ ချက်ချင်းဆိုသလို အဓိပ္ပာယ်ဖော်နိုင်တယ်လို့ ပြောကြတယ်”

“သူက တခြားသူတွေထက် ပိုမြန်မြန် သင်ယူနိုင်တယ်၊ သူ့မှာ မြန်မြန်သင်ယူနိုင်တဲ့ ကိုယ်ပိုင်ဖြတ်လမ်းရှိတယ်”

ကျင်းကန်းပေါင်သည် ပိုပိုစူးစူးဝါးဝါးကြည့်လာသော ဟူကျဲကျင့်အကြည့်များကြောင့် အနည်းငယ်ကြောက်လန့်နေမိသည်။

သို့သော် သူသာ အသံကိုလုံလောက်အောင် တိုးတိုးပြောနေသမျှ၊ ခေါင်းဆောင်ဟူကြားသွားလျှင်ပင် အဲ့ဒါက ခေါင်းဆောင်ဟူ၏ပြဿနာသာ ဖြစ်လိမ့်မည်!

ထို့အပြင် ဤနေရာတွင် မဟာကျင့်ကြံသူများနှင့် ကောင်းမှုဆိုးမှုခန်းမမှ အကြီးအကဲများရှိနေသည် မဟုတ်ပါလား ? ခေါင်းဆောင်ဟူက သူ့တပည့်ကို ဒီနေရာမှာတင် ထသတ်ပါ့မလား?

မသတ်လောက်ပါဘူး!

ဒါပေမဲ့ စုကျိုကတော့ သူ့ခေါင်းနောက်စေ့အား ရိုက်လာနိုင်သည်။

ကျင်းကန်းပေါင် စုကျိုအးား သစ္စာရှိလှသည့် အမူအရာဖြင့် ပြတ်ပြတ်သားသားပြောလိုက်သည်။

“စုဝူတီ၊ ငါ ဒါကို ပြောတာက ငါ့ခေါင်းကို အစားထိုးချင်လို့မဟုတ်ဘူးနော်၊ နင့်အတွက် တကယ်စဉ်းစားပေးတာ”

“နင်သာ သန်မာရင် နင့်လက်ထဲမှာရှိတဲ့ ငါတို့ရဲ့အစိတ်အပိုင်းတွေလည်း ပိုပြီး သန်မာလာမှာပဲလေ!”

ကျင်းကန်းပေါင် ထိုသို့ပြောလိုက်သည်နှင့် ကျန်ရှိသောသူများကလည်း ထောက်ခံသော အမူအရာများပြသလာကြသည်။

အကယ်၍ စုကျိုသာ အန္တရာယ်နှင့်ကြုံတွေ့ရပါက ပထမဆုံးပျက်စီးမည့်အရာမှာ သူမလက်ထဲတွင်ရှိနေသော သူတို့၏အစိတ်အပိုင်းများ ဖြစ်ပေလိမ့်မည်! ဒါကောင်းတဲ့အချက်လား၊ ဆိုးတဲ့အချက်လားဆိုတာ ပြောရခက်လှသည်။

အကယ်၍ အဲ့ဒါတွေ ပျက်စီးသွားရင် ကမ္ဘာပျက်သလိုခံစားကြရမည်မှာ အမှန်ပင်။

ဒါပေမဲ့ ယင်လီက အဲ့ဒါတွေကိုပြန်ပြင်ပေးနိုင်တယ်လေ!

ပျက်စီးလိုက်၊ ပြင်လိုက်၊ ပြင်လိုက်၊ ပျက်စီးလိုက်၊ ပြန်ပြင်လိုက်...

အဲ့ဒီလိုသာဆိုရင် သူတို့တွေ နာကျင်လွန်းလို့သေသွားနိုင်ပြီး ဘယ်တော့မှ ကျင့်ကြံနိုင်တော့မည် မဟုတ်ပေ။

ရင်းမြောင်က စုကျိုကို ကြောက်ရွံ့မှုအချို့ဖြင့် ကြည့်လိုက်ပြီးနောက် ချက်ချင်းစိတ်ရင်းမှန်ဖြင့် ဆိုလိုက်သည်။

“ခေါင်းဆောင်ဟူရဲ့ ခေါင်းကို ထိလိုက်!”

“ပြီးတော့ သူ့ရဲ့ ရွှေရောင်အမြုတေကိုလည်း ထိဦး၊ အမြူတေအဆင့်ကျင့်ကြံသူတစ်ယောက်ရဲ့ အသန်မာဆုံးအစိတ်အပိုင်းက အဲ့ဒီ အမြုတေပဲ”

လဲ့အော်က မျက်ခုံးပင့်ကာပြောလိုက်သည်။

“ငါ့အစ်ကိုကြီး ပြောဖူးတာကတော့ ခေါင်းဆောင်ဟူက သူ့ရဲ့ရွှေရောင်အမြုတေကို ဂျိုင်းအောက်မှာ ဝှက်ထားတတ်တယ်တဲ့”

စုကျို : “...”

သူ့ အမူအရာပျက်ယွင်းသွားပြီး ဟူကျဲကျင့် ဂျိုင်းအောက်သို့ မသိမသာ လှမ်းကြည့်လိုက်မိသည်။

ဒီလိုလူမျိုး တကယ်ရှိတာလား?

“မင်းတို့ဆိုတဲ့ တပည့်တွေကတော့ တကယ်အသိဉာဏ် မရှိကြဘူးပဲ!”

ဟူကျဲကျင့်မှာ ဒေါသထွက်လွန်းသဖြင့် မျက်နှာတစ်ခုလုံးနီမြန်းနေပြီဖြစ်သည်။

သူ့ လျှို့ဝှက်ချက် ပေါက်ကြားသွားသောကြောင့်လား သို့မဟုတ် ၎င်းတို့၏အတင်းပြောမှုကို ဒေါသထွက်သော ကြောင့်လား မသိရသော်လည်း သူသည် လက်နှစ်ဖက်ကို ချက်ချင်းနောက်ပစ်လိုက်ကာ သူ့ဂျိုင်းအောက်ကို ဖုံးကွယ်လိုက်သည့် ပုံစံမျိုးလုပ်လိုက်သည်။

စုကျို မျက်နှာအမူအရာမှာ ပိုလို့ပင်ထူးဆန်းသွားတော့ သည်။

လတ်တလော မိတ္တူကူးယူရန် ကြိုးပမ်းမှုများတွင် သူ့၏ တိကျမှုမှာ သိသိသာသာတိုးတက်လာသည်ကို သူ သတိ ပြုမိခဲ့သည်။ ဤသည်မှာ ပထမထပ်တွင် စွမ်းရည်အဆင့်မြှင့်တင်မှုရရှိခဲ့ခြင်းကြောင့် ဖြစ်နိုင်သည်။

လက်ချောင်းတစ်ချောင်းကို ထိရုံဖြင့် ‘လက်ချောင်း + အခြားခန္ဓာကိုယ် အစိတ်အပိုင်းများ’ ကို ရရှိနိုင်ခြေမှာ ယခင်ကထက် များစွာ ပိုမိုမြင့်မားလာပြီဖြစ်သည်။

တကယ်လို့သာ ဒါ အမှန်ဆိုရင်၊ သူမ တကယ် သူ့ဂျိုင်းအောက်ကိုနှိုက်မိတော့မှာလား ?

အို... သူက သန့်ရှင်းမှုကို အလွန်အလေးထားတဲ့ ရိုးသားတဲ့သူတစ်ယောက်ပါနော်

“ခေါင်းဆောင်လဲ့၊ ခင်ဗျား ဝေခွဲမရဖြစ်နေပြီပဲ” လို့ကျားက မျက်လုံးမှိတ်လျက်ပင်။

“တကယ်လို့ သူက သူ့ရဲ့ ရွှေရောင်အမြုတေကို တခြားတစ်နေရာမှာ ခဏဝှက်ထားရင်ရော...”

ပိုင်ယို့လုကတော့ စမ်းသပ်ချင်ဇောဖြင့် “ရှောင်ကျို၊ ငါ နင့်အတွက် နိမိတ်ဖတ်ပေးရမလား? ဒါမှမဟုတ် ခေါင်းဆောင်ဟူအတွက် ဖတ်ပေးရမလား?”

“ကျဲ... ပါရမီကိုပဲ အာရုံစိုက်ရင်ရော...” စုရှင်းချန် အကြံပေးလိုက်သည်။

ကျူးပိုင်ယွီ : “ဂျိုင်းအောက်... ခန္ဓာကိုယ်အထက်ပိုင်း...”

“အို... မင်းတို့အားလုံးက ဘာလို့ ဒီလောက် ခေါင်းမာနေကြတာလဲ! အုပ်ချုပ်ရေးမှုး... အုပ်ချုပ်ရေးမှုးဟူကိုပဲ အာရုံ စိုက်ကြလေ!”

ကျင်းကန်းပေါင်မှာ စိတ်ပူလွန်းလို့ အော်ဟစ်နေတော့ သည်။

“ညီမလေးစု...”

“ရှောင်ကျို...”

“ငါ ပြောတာ နားထောင်ဦး...”

“ငါ ပြောတာ မှန်တယ်...”

“မင်းတို့ ဘာမှ မသိပါဘူး!”

“? လာလေ၊ ချကြမလား!”

စုကျိုသည် သူ့နောက်ကွယ်မှ ရုန်းရင်းဆန်ခတ်အသံများကြားသဖြင့် လှည့်ကြည့်လိုက်ရာ၊ အဖွဲ့နှစ်ဖွဲ့မှာ အကြီးအ ကျယ် ငြင်းခုံနေကြသည်ကို တွေ့လိုက်ရသည်။

“တော်ကြတော့၊ တော်ကြတော့!”

ခေါင်းဆောင်ရူယွီက ရှေ့သို့ တက်လာပြီး အခြေအနေကိုထိန်းသိမ်းလိုက်ရသည်။ သူပင်လျှင် ခေါင်းကိုက်လာရပြီ ဖြစ်သည်။

ဒီတပည့်တွေ ဘာဖြစ်နေကြတာလဲ?

ဒီရက်ပိုင်း တပည့်တွေကို ထိန်းကျောင်းရတာ ပိုပိုပြီး ခက်ခဲလာသလိုပင်။

ဟူကျဲကျင့်မှာ ဒေါသထွက်လွန်းသဖြင့် ကောင်းမှုဆိုးမှုခန်းမမှ အကြီးအကဲနှစ်ဦးနှင့် မဟာကျင့်ကြံသူ လုကျိကျောင်းတို့ထံ တိုင်တန်းလေသည်။

“စိတ်ဝင်စားဖို့ကောင်းတယ်”

“မွှေးပျံ့တယ်”

မဟာကျင့်ကြံသူ လုကျိကျောင်းက လက်တစ်ချက်ဝှေ့ယမ်း လိုက်ရာ၊ ဘေးရှိ ဝိညာဉ်ပိုးနတ်သူငယ်လေးက ပိုးချည်မျှင်များကိုထုတ်လွှတ်ပြီး ရွှေရောင်အမြုတေအဆင့် ပညာရှင်ဟူကျဲကျင့်ကို တုပ်နှောင်လိုက်တော့သည်။

ချက်ချင်းဆိုသလို ဝိညာဉ်စမ်းသပ်ခန်းတစ်ခုလုံး တိတ် ဆိတ်သွားရသည်။

ဝိညာဉ်ပိုးနတ်သူငယ်လေးက စုကျိုဘက်သို့ လှည့်ကာ ပြုံးပြလိုက်သည်။

“အဖိုးကြီးလုက နင်တို့ရဲ့ငယ်ရွယ်နုပျိုတဲ့ တက်ကြွမှုကို သဘောကျနေတာ”

“ဒါပေမဲ့ ဝိညာဉ်စမ်းသပ်မှုက အရေးကြီးတယ်၊ ပြဿနာမရှာကြနဲ့”

“တပည့် စုကျို၊ နင်က ဟူကျဲကျင့်အပေါ် နင့်ရဲ့ မွေးရာပါ ဝိညာဉ်စွမ်းအင်ကို သုံးဖို့ အမွှေးတိုင်တစ်တိုင်စာ အချိန်ရှိတယ်”

လုကျိကျောင်း တည်ကြည်စွာ ခေါင်းညိတ်ပြသည်။

ကောင်းမှုဆိုးမှုခန်းမမှ အကြီးအကဲနှစ်ဦးမှာလည်း မင်စုတ် တံများနှင့် မှတ်တမ်းတင်ကျောက်တုံး ၁၂ တုံးကို ထုတ်ယူကာ ဟူကျဲကျင့်နှင့် စုကျိုတို့၏အချက်အလက်များကို မှတ်တမ်းတင်ရန် အသင့်ပြင်လိုက်ကြသည်။

“လာလေ၊ စုကျို” ခေါင်းဆောင်ရုယွီ ပြုံးလိုက်သည်။

စုကျိုနှင့် သူ့နောက်ရှိ လူများအားလုံး ချက်ချင်းငြိမ်သက်သွားကြသည်။

ပိုးချည်များဖြင့် တုပ်နှောင်ခြင်းခံထားရသော ဟူကျဲကျင့်မှာ ဒေါသကြောင့် တုန်ယင်နေပြီး ဤအကြံကို ပေးခဲ့သည့် ခေါင်းဆောင်ရုယွီကို ကြိမ်းမောင်းတော့သည်။

“ဒါကို ဘယ်လို စမ်းသပ်မှာလဲ!”

“ငါ ဟူကျဲကျင့်မှာ သစ်သားဓာတ် သူတော်စင်အဆင့် ပါရမီရှိတယ်၊ ဆူးပင်တစ်ထောင်နဲ့ ကာကွယ်ထားတဲ့ ဖျက်ဆီးလို့မရတဲ့ ခန္ဓာကိုယ်ရှိတယ်”

“သူက ဝိညာဉ်သန့်စင်ခြင်း အဆင့်ပဲ ရှိသေးတာ၊ သူ့ရဲ့ ကျင့်ကြံခြင်းက ငါ့ထက် အများကြီး အားနည်းတယ်၊ ငါ့ရဲ့ ကာကွယ်ရေးကို ဘယ်လိုမှ မဖောက်နိုင်ဘူး!”

“ငါ့ကို တိုင်မှာတုပ်ထားရင်တောင် သူက ငါ့ရဲ့ ဆံပင်တစ်ချောင်းကိုတောင်မှ ထိနိုင်မှာ မဟုတ်ဘူး!”

သူ့ဒေါသတကြီး စကားများက စုကျိုနောက်ရှိ လူများကို ကြောက်လန့်မသွားစေဘဲ၊ တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ အားရပါးရဆွေးနွေးလာစေသည်။

“ဪ... ခံစစ်ပါရမီပေါ့၊ ခန္ဓာကိုယ်ကို မြှင့်တင်ပေးတာမျိုးလား”

“အို... သူတော်စင်အဆင့်ရှိတဲ့ စုကျိုရှေ့မှာ ဒီပါရမီက ဘာသုံးစားလို့ ရမှာလဲ!”

“အသုံးမကျလိုက်တဲ့ ပါရမီ၊ တကယ့်ကို အသုံးမကျတာပဲ”

ဟူကျဲကျင့် : “...?”

သူသည် ခန်းမအလယ်တည့်တည့်ရှိ ကျောက်တိုင်ကြီးတွင် ဝိညာဉ်ပိုးနတ်သူငယ်လေး၏တုပ်နှောင်ခြင်းကို ခံထားရသည်။

စုကျိုသည် သူ့ ဆန့်ကျင်ဘက်ဘက်သို့ လမ်းလျှောက်သွားသည်။

ဝိညာဉ်စမ်းသပ်မှု ရလဒ်များကို အနီးကပ် စောင့်ကြည့်ရန် လုကျိကျောင်း၊ အကြီးအကဲနှစ်ဦးနှင့် ခေါင်းဆောင်ရုယွီတို့သည်လည်း ကျောက်တိုင်အနားသို့ တိုးလာကြသည်။

သို့သော် စုကျိုစွမ်းဆောင်ရည်ကို မနှောင့်ယှက်မိစေရန်အတွက် လူတစ်ကိုယ်စာ အကွာအဝေးတွင်သာ ရပ်နေကြသည်။

ကျင်းကန်းပေါင်နှင့် အခြားသူများမှာလည်း လူကြီးများ၏ ခန္ဓာကိုယ်ကြားမှနေ၍ စုကျို လှုပ်ရှားမှုကို ခိုးကြည့်နေကြသည်။

စုကျိုသည် ချက်ချင်းမလှုပ်ရှားသေးဘဲ၊ ဟူကျဲကျင့်ကို တုပ်ထားသည့် ကျောက်တိုင်ကို အရင်ပတ်ကြည့်ကာ ဘယ်ကနေ စရမလဲဟု စဉ်းစားနေသည်။

သူမက ရိုးသားပြီး ကြင်နာတတ်သူတစ်ယောက် မဟုတ်ပါလား။

တစ်ပတ်ပတ်ပြီးနောက် သူ မဟာကျင့်ကြံသူ လုကျိကျောင်းကို ရိုသေစွာ လျှောက်တင်လိုက်သည်။

“မဟာကျင့်ကြံသူ၊ ကျွန်မ အထပ်လေးဆယ်နဲ့ ညီမျှတဲ့ ခက်ခဲတဲ့ မိစ္ဆာနှိမ်နင်းရေး မစ်ရှင်ကနေ အခုတင် ပြန်ရောက်တာပါ၊ ကျွန်မရဲ့ ကျင့်ကြံခြင်းက မတည်ငြိမ်သေးသလို ဝိညာဉ်စွမ်းအင်တွေလည်း ကုန်ခမ်းနေပါတယ်၊ ဆရာတစ်ရာခန်းမက ကျွန်မကို အားဖြည့်ဆေးလုံးတွေ ပေးမယ်လို့ ကတိပေးထားပါတယ်...”

ချက်ချင်းဆိုသလိုပင် လုကျိကျောင်း လက်တစ်ချက် ဝှေ့ယမ်းလိုက်သည်။

ဝိညာဉ်ပိုးနတ်သူငယ်လေးသည် သူမထံသို့ တတိယအဆင့် ဆေးပုလင်းတစ်ပုလင်းကို ချက်ချင်းပေးအပ်လိုက်သည်။

“စုကျို၊ ဒါကို တစ်လုံးသောက်လိုက်ရင် နင် ဝိညာဉ်သန့်စင်ခြင်း အထွတ်အထိပ် အခြေအနေကို ပြန်ရောက်သွားလိမ့်မယ်”

“ဘာ ? ကျွန်မက ဝိညာဉ်သန့်စင်ခြင်း အထွတ်အထိပ်ပဲ ရှိသေးတာလား? အခြေခံအဆင့်တောင် မရောက်သေးဘူးလား?”

စုကျို နတ်သူငယ်လေးကို အံ့သြသလို ကြည့်လိုက်သည်။

“နင် မှားနေတာ မဟုတ်လား?”

သူမသည် ဝိညာဉ်သန့်စင်ခြင်းအဆင့်သာ ရှိသေးကြောင်း သိထားကြသူများမှာ နှုတ်ခမ်းများတွန့်သွားကြသည်။

သို့သော် လူမှုရေးရာ ဆက်ဆံရေးများကို နားမလည်သော ဝိညာဉ်ပိုးနတ်သူငယ်လေးမှာမူ သူ့တာဝန်ကို ကောင်းစွာမထမ်းဆောင်မိ၍ စုကျို အပြစ်တင်သည်ဟု ထင်မှတ်သွားသည်။ ထို့နောက် သူမအတွက် စတုတ္ထအဆင့် ဆေးပုလင်းတစ်ပုလင်းကို ထပ်ထုတ်ပေးလိုက်ကာ

“ဒီဆေးတွေကို သောက်လိုက်ပါ၊ တစ်လုံးသောက်ရင် အခြေခံအဆင့် အစောပိုင်းကိုရောက်မယ်၊ နှစ်လုံးသောက်ရင် အခြေခံအဆင့် အလယ်ပိုင်းကို ရောက်မယ်”

“ဒါပေမဲ့ အမွှေးတိုင်တစ်တိုင်စာ အချိန်အတွင်းမှာပဲ ဒါကို ထိန်းထားနိုင်မှာဖြစ်ပြီး၊ အဲ့ဒီနောက်မှာတော့ နင့်ရဲ့သွေး ကြောတွေက အသည်းအသန် နာကျင်လာလိမ့်မယ်၊ ဘေးထွက်ဆိုးကျိုးက အရမ်းပြင်းထန်တယ်”

စုကျို ပြုံးလိုက်သည်၊ ခဏတာ နာကျင်မှုက ဘာမှမဟုတ်ဟု သူ ယူဆကာ ဆေးလုံးများကို အမြန်မျိုချလိုက်သည်။ ထို့နောက် ကျောက်တိုင်တွင် ပိုးချည်များဖြင့် တုပ်နှောင်ခံထားရသော ခေါင်းဆောင်ဟူကို ကြည့်ကာ တစ်မျိုးကြီး ရယ်မောလိုက်သည်။

“စီနီယာအစ်ကိုလိုကျား”

“ကျေးဇူးပြုပြီး... ရမလား ?”

ကောင်းမှုဆိုးမှုခန်းမမှ အကြီးအကဲနှစ်ဦးကြားရှိ အပေါက်လေးမှ ချောင်းကြည့်နေသော လိုကျားသည် စုကျိုခေါ်သံကိုကြားသည်နှင့် လက်နှစ်ဖက်ကို ချက်ချင်းပူးလိုက်သည်။

All Chapters