← Chapters

အခန်း (၁၀၃)

Vol. 11 Ch. 103

အခန်း (၁၀၃)

Vol. 11 Ch. 103

“ငါတို့က တစ်ဖွဲ့တည်းသားတွေပဲ၊ ပူးပေါင်းဆောင်ရွက်ရမှာပေါ့”

“ငါ့ညီမလေးရဲ့ တောင်းဆိုမှုကို ငါဘယ်လို ငြင်းနိုင်မှာလဲ?”

လိုကျားသည် မျက်လုံးများကို မှိတ်ထားလျက်ပင် သူ့ ဝိညာဉ်အိတ်အတွင်းမှ တတိယအဆင့် ‘ရဟန်းပစ္စည်း’ တစ်ခုကို ထုတ်ယူလိုက်သည်!

ကျောက်တိုင်ပေါ်ရှိ ဟူကျဲကျင့်ကိုချိန်ရွယ်ကာ လိုကျား ပြောလာသည်။

“ညီမလေးစုရဲ့ပါရမီကို အဟန့်အတားဖြစ်စေမယ့် ကာကွယ်ရေးပစ္စည်းတွေကို ငါ ဖယ်ရှားပေးမယ်”

“လက်နက်ဖြုတ်သိမ်း”

“လက်နက်ဖြုတ်သိမ်း”

...

“လက်နက်... ဖြုတ်သိမ်း”

ခဏချင်းမှာပင် အခြေခံအဆင့်နောက်ဆုံးပိုင်းသို့ရောက်နေသော လိုကျားသည် ရွှေရောင်အမြုတေအဆင့်သို့ရောက်ရှိနေသည့် ဟူကျဲကျင့်အပေါ် ဂါထာကိုးခု ရွတ်ဖတ်လိုက်သည်။

ဂါထာတစ်ပုဒ်စီအတွက် လိုကျားခန္ဓာကိုယ်မှာ အနည်းငယ်တုန်ယင်သွားပြီး မျက်နှာမှာမူ ဖြူလျော့သွားသည်။

ကိုးခုမြောက်ဂါထာတွင် လိုကျားမှိတ်ထားသော မျက်လုံးများမှ သွေးများစီးကျလာသည်။ သို့သော်လည်း ရွှေရောင်အမြုတေအဆင့်သို့ ရောက်နေသော ဟူကျဲကျင့်မှာမူ သူ့ ဝတ်ရုံများမှာ တစ်ဝက်ခန့်သာပြေလျော့သွားပြီး သန်မာနေဆဲဖြစ်သော ညာဘက်ပုခုံးနှင့် ကျောပြင် အနည်းငယ်သာပေါ်ထွက်လာခဲ့သည်!

ဟူကျဲကျင့် မျက်လုံးပြူးကာ ကြည့်သည်။

“မင်း စုကျိုရဲ့ ကာကွယ်ရေး ပစ္စည်းတွေကိုဖြုတ်ပေးမယ်ဆိုပြီး ဘာလို့ ငါ့အပေါ် လာသုံးနေတာလဲ!?”

သူ့စကားအဆုံးတွင် စုကျို၏ မပြောင်းလဲသော တည်ငြိမ်သည့်မျက်နှာထားကို မြင်လိုက်ရသောအခါ သူ နားလည်သွားရသည်။

သူတို့ ဒါကို ကြိုတင်စီစဉ်ထားကြတာပဲ၊ သူတို့က သူ့ရဲ့ ကာကွယ်ရေး ပစ္စည်းတွေကို ဖြုတ်ချနေတာ!

“နုပါသေးတယ်၊ မင်းတို့အားလုံး အခြေခံအဆင့်အထွတ်အထိပ်ကို ရောက်နေရင်တောင် ဘာဖြစ်လဲ ? ငါက ရွှေရောင်အမြုတေအဆင့် အလယ်ပိုင်းကျင့်ကြံသူလေ၊ မင်းတို့ထက် အဆင့်ကြီးတစ်ခုလုံးမြင့်တယ်၊ မင်းတို့ရဲ့ တိုက်ခိုက်မှုတွေက ငါ့အပေါ် ဘာသက်ရောက်မှုမှ ရှိမှာမဟုတ်ဘူး”

သူ့စကားမဆုံးသေးမီ ဟူကျဲကျင့်၏တစ်ဝက်ခန့်ပြုတ်ကျနေသော တတိယအဆင့်ဝတ်ရုံနှင့် စုကျို ညာလက်သည် ထိုးနှက်မရနိုင်လောက်အောင် ခိုင်မာလှသောကာကွယ်ရေး အရှိန်အဝါများမှာ မူလအတိုင်း ပြန်လည်ဖြစ်ပေါ်လာတော့မည့် အခြေအနေသို့ရောက်လာသည်!

“စာမေးပွဲမစခင်မှာ သေခြင်းရှင်ခြင်းအတွက် နိမိတ်ဖတ်မယ်”

ခေါင်းဆောင်ရူယွီ၏နောက်ကွယ်မှ ပိုင်ယို့လု၏အသံချိုချိုလေး ရုတ်တရက်ထွက်ပေါ်လာသည်။

ချက်ချင်းဆိုသလို ဝါဂွမ်းရောင်နိမိတ်တံတစ်ခုမှာ ဟူကျဲကျင့်ထံသို့ ပျံသန်းသွားသည်!

‘ဝှူး’ ခနဲ အသံနှင့်အတူ အမည်းရောင် စွမ်းအင်များက သူ့ကိုလွှမ်းခြုံသွားတော့သည်။

“မကောင်းသော နိမိတ်!”

“ကံဆိုးမှုတွေက တစ်ခုပြီးတစ်ခုလာနေပြီ!”

ပိုင်ယို့လု တိုးတိုးလေး ဆိုသည်။

‘ဒုန်း’ ခနဲ မြည်သံနှင့်အတူ ဝိညာဉ်စမ်းသပ်ခန်းမ၏အမိုးပေါ်တွင် အပေါက်ကြီးတစ်ခုပေါ်လာသည်။

ဟူကျဲကျင့်အား တုပ်နှောင်ထားသည့် ကျောက်တိုင်ကြီးမှာ လုံးဝပြိုကျကာ မြေပြင်ပေါ်သို့လဲကျသွားသည်။

သူ့မှာလည်း ‘ဘုန်း’ ခနဲ အသံနှင့်အတူ သတိလစ်မတတ်ဖြစ်သွားရသည်။

“လက်နက်... လွှတ်” လိုကျား မျက်လုံးများကိုမှိတ်ထားကာ စုကျို ပစ်ပေးလိုက်သည့် ဝိညာဉ်ပိုးနတ်သူငယ်ပေးထားသော အခြေခံအဆင့် အားဖြည့်ဆေးလုံး တစ်ပုလင်းကိုအမြန်မျိုချလိုက်သည်။

သူ အခြေခံအဆင့် အထွတ်အထိပ်သို့ လျင်မြန်စွာရောက်ရှိသွားသည်။

“လက်နက်ကို အရည်ဖျော်”

...

“လက်နက်ကို အရည်ဖျော်!”

ဟူကျဲကျင့် မျက်လုံးများပြူးကျယ်သွားသည်။ နောက်ဆုံးတွင် အလွန်ကံဆိုးသော အမည်းရောင်မြူခိုးများအောက်တွင် စုကျို ညာလက် ချောင်းများကိုတားဆီးထားသော တတိယအဆင့်မော်ကွန်းဝတ်ရုံနှင့် ကာကွယ်ရေးအရှိန်အဝါများသည် အလွှာလိုက် အလွှာလိုက် အရည်ပျော်ကျသွားတော့သည်!

“ဒါ... ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ? ငါက ရွှေရောင်အမြုတေအဆင့် ကျင့်ကြံသူလေ!”

“အို... ဒုက္ခပါပဲ”

ဝိညာဉ်ပိုးနတ်သူငယ်လေးက ရုတ်တရက်အော်ဟစ်လိုက်သည်။

“ကျွန်တော် ပိုးချည်မျှင် မှားဖျန်းမိသွားတယ်၊ အဲ့ဒါပြင်းထန်တဲ့ အဆိပ်တွေနဲ့ ပိုးချည်ကိုအရည်ဖျော်ပစ်နိုင်တဲ့ ‘မှော်လက်နက်’ ဖြစ်နေတယ်!”

ဟူကျဲကျင့် : “!”

လုကျိကျောင်း : “!”

ဒါအဆိုးဆုံးနိမိတ်ရဲ့အလွန်အမင်းကံဆိုးစေတဲ့ စွမ်းအားများလား ?

စုကျို ခေါင်းလှည့်ကာ စီနီယာအစ်ကိုလိုကျားနှင့် စီနီယာအစ်မပိုင်ယို့လုကို ခေါင်းညိတ်ပြလိုက်သည်။

“ကျေးဇူးတင်ပါတယ်နော်”

“အားမနာပါနဲ့ ရှောင်ကျို၊ နင်က ငါ့အတွက် ‘ကံကောင်းစေတဲ့ကြယ်ပွင့်’ လေးပဲလေ” ပိုင်ယို့လုက ဖြူလျော့နေသော မျက်နှာဖြင့် ပြုံးပြသည်။

စီနီယာအစ်ကိုလိုကျားမှာမူ မျက်လုံးများကိုမှိတ်ထားဆဲဖြစ်ပြီး စုရှင်းချန်နှင့် စုကျီကျီတို့က သူ့ကို ဘေးမှတွဲထားပေးရသည်။

ထိုအချိန်တွင် ကျူးပိုင်ယွီသည်လည်း အဆိုးဆုံးနိမိတ်ကြောင့် ရုန်းရင်းဆတ်ဆတ်ဖြစ်နေစဉ်အတွင်း ကျောက်တိုင်ကြီးကို ပြိုကျအောင် လုပ်ဆောင်ခဲ့သည့် သူ့ ‘သစ်သားဓာတ်ထိန်းချုပ်ခြင်း’ ပါရမီကို ပြန်လည်ရုပ်သိမ်းလိုက်သည်။

ယင်လီကမူ ထိုရှုပ်ထွေးနေသောအခြေအနေကို အခွင့်ကောင်းယူကာ ငုံ့လိုက်ပြီး ခေါင်းဆောင်ရူယွီခါးရှိ ‘မက်မွန်သားဓား’ ကို အသာအယာ ထိတွေ့လိုက်သည်။

“စုကျို၊ ငါ ရှာတွေ့ပြီ”

“ဟူကျဲကျင့် မကြာခင်ကမှ ရွှေရောင်အမြုတေအဆင့် အလယ်ပိုင်းကိုအောင်မြင်ခဲ့တာ၊ အဲ့ဒါကြောင့် သူက သူ့ရဲ့ အမြုတေကို ညာဘက်ပုခုံး အပ်စိုက်မှတ် ရှေ့ဘက်က ချိုင့်ခွက်လေးထဲမှာ ဝှက်ထားတာ!”

ဟူကျဲကျင့် မျက်နှာအမူအရာ ချက်ချင်းပျက်ယွင်းသွားတော့သည်။

လဲ့အော်ကမူ အံ့သြသွားသည်— “တကယ်ကြီး တခြားတစ်နေရာမှာ ဝှက်ထားတာကိုး”

စုကျို ပြုံးလိုက်သည်။

“ကောင်းပြီ”

“ငါ လက်ဆေးဖို့အတွက် ဝိညာဉ်ရေ အဆင်သင့်ပြင်ပေးထားကြပါ!”

သူမသည် သူ့ ညာဘက်လကအင်္ကျီကို မတင်လိုက်သည်။ ကောင်းမှုဆိုးမှုခန်းမမှ အကြီးအကဲများ၏စူးစိုက်ကြည့်နေမှုအောက်တွင် သူ သွားကိုတင်းတင်းစေ့၊ မျက်လုံးကိုမှိတ်ကာ ရွံရှာဖွယ်အမူအရာဖြင့် ရှေ့သို့ လှမ်းနှိုက်လိုက်တော့သည်...

ဟူကျဲကျင့် အသည်းအသန် ရုန်းကန်နေသည်။

“ရပ်လိုက်စမ်း! ငါက လူတစ်ထောင်ခေါင်းဆောင်ပဲ! မဟာကျင့်ကြံသူလု... ကယ်ပါဦး!!!”

(ဒီနေရာမှာ ရှင်းပြပါမယ်နော် အုပ်ချုပ်ရေးမှုးတွေမှာ လူ ဘယ်နှယောက်ကို အုပ်ချုပ်ရတဲ့ အုပ်ချုပ်ရေးမှုးဆိုပြီးခွဲထားတယ်၊ ဟူကျဲကျင့်က လူတစ်ထောင်ကို အုပ်ချုပ်ရတဲ့အတွက် ရူယွီက လူတစ်ရာအုပ်ချုပ်ရေးမှုးမို့ ဟူကျဲကျင့်ထက်နိမ့်ပါတယ်)

ကျင်းကန်းပေါင်နှင့် ရင်းမြောင်တို့ အခြေအနေမဟန်သည်ကိုမြင်သောအခါ ရှေ့သို့အမြန်တိုးကာ သူ့ကိုဝိုင်းဖိထားလိုက်ကြသည်။ လဲ့အော် သည်လည်း ဝိုင်းကူရန်အသင့်ပြင်နေသည်။

ထိုရုန်းရင်းဆတ်ဆတ် အခြေအနေကြားမှ စုကျိုသည် နောက်ဆုံးတွင် လူအုပ်ကြားထဲမှပြန်လည်ထွက်ပေါ်လာသည်။ သူ ကောင်းကင်ကို မော့ကြည့်ကာ သက်ပြင်းချလိုက်သည်။

“အခြေအနေက အရမ်းရှုပ်ထွေးသွားတော့ ကျွန်မ ဘယ်သူ့ကို တိုက်မိလိုက်မှန်းတောင် မသိတော့ဘူး”

“!!!”

စုကျိုသည် မဟာကျင့်ကြံသူလုကျိကျောင်းကိုမော့ကြည့်လိုက်သော်လည်း စကားမပြောရသေးမီမှာပင် သူမ အခုလေးတင် လဲလှယ်ဝတ် ဆင်ထားသည့် ‘နှင်းလိပ်ပြာပန်းထိုး’ အင်္ကျီလက်ဝကြီးမှာ တစ်စုံတစ်ခုနှင့် ပြည့်နှက်နေသကဲ့သို့ဖောင်းကြွလာပြီး ‘ဂလောက် ဂလောက်’ အသံများနှင့်အတူ မြေပြင်ပေါ်သို့ အရာဝတ္ထုများစွာပြုတ်ကျလာတော့သည်။

သူ့ ပါရမီကို ယနေ့တွင် မဟာကျင့်ကြံခြင်းအဆင့် ကျင့်ကြံသူရှေ့မှောက်၌ ဖုံးကွယ်ထား၍မရနိုင်တော့မှန်း စုကျို သိလိုက်သည်။

သူမသည် ရွှေရောင်အမြုတေအဆင့်ကျင့်ကြံသူ၏ ခန္ဓာကိုယ်အစိတ်အပိုင်းအချို့ကို တကယ်လိုချင်ခဲ့ခြင်းဖြစ်သည်။ သို့သော်... ယနေ့တွင် ဤမျှအထိ ဗြောင်ကျကျပေါ်သွားလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

စုကျို ငုံ့ကြည့်လိုက်သောအခါ သူ့ အင်္ကျီလက်အတွင်းမှ ပြုတ်ကျလာသော အရာများကိုမြင်လိုက်ရသည်။

မြေပြင်ပေါ်တွင် လက်မောင်းများနှင့် ခြေထောက်များ၊ နံရိုးပေါင်း ဒါဇင်နှင့်ချီကာပြန့်ကျဲနေပြီး၊ သစ်သားအရေးအကြောင်းများပါရှိသော ‘ရွှေရောင်အမြုတေ’ ပုတီးစေ့ သုံးစပ်မှာလည်း ဟိုဒီလိမ့်နေကြသည်။

ဒါတွေအပြင် လျှပ်စစ်ကြိုးများလို ထူထဲလှသည့် အကွေ့အကောက်ပစ္စည်းအချို့လည်း ပါနေသေးသည်...

ပစ္စည်းအမျိုးအမည် များလွန်းသဖြင့် စုကျိုမှာ စာရင်းပင် မစစ်နိုင်တော့ပေ။

ဒါက ကံဆိုးနေတဲ့ ရွှေရောင်အမြုတေအဆင့် ပညာရှင်တစ်ယောက်ဆီကနေ မိတ္တူကူးယူလို့ ရလာတဲ့ ရလဒ်တွေလား? ဒါက အရမ်းများလွန်းနေပြီ။

စုကျို သက်ပြင်းချလိုက်သည်။

“ဟူး... ကျွန်မ အမှားပါ၊ ကောင်းကင်ဘုံကပေးတဲ့လက်ဆောင်ကို ကျွန်မ လျှော့တွက်မိသွားတယ်၊ တောင်းပန်ပါတယ်၊ ကျွန်မ အဲ့ဒါတွေကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်မထားနိုင်ခဲ့ဘူး”

ဟူကျဲကျင့် : “!”

“အသက်ချမ်းသာပေးပါ! ခေါင်းဆောင်ရူယွီ... အသက်ချမ်းသာပေးပါဦး!”

ဝိညာဉ်စမ်းသပ်ခန်းမ အပြင်ဘက်မှနေ၍ခေါင်းဆောင် ‘တောက်ရန်’ ၏အပြေးအလွှားလာနေသော အသံကို အဝေးမှကြားလိုက်ရသည်။

“ဘာလို့ ကလေးမလေးစုကျိုရဲ့ ဝိညာဉ်စွမ်းအင်ကို ပြန်စမ်းသပ်နေကြတာလဲ?”

တောက်ရန်သည် မောဟိုက်စွာဖြင့် အထပ်သုံးဆယ်ရှိ ဝိညာဉ်စမ်းသပ်ခန်းမ ဝင်ပေါက်သို့ပျံသန်းရောက်ရှိလာသည်။

သို့သော် ဝင်ပေါက်တွင်တော့ ယနေ့အားနေကြသော အထပ်သုံးဆယ်မှ တပည့်များက အုတ်အော်သောင်းနင်းကြည့်ရှုနေကြသဖြင့် လူများ ပြည့်နှက်နေသည်။

“ခေါင်းဆောင်ရူယွီ၊ မင်း ပထမထပ်ကို မသွားတာကြာပြီပဲ... ဘာလို့ ပထမထပ်က ကလေးတစ်ယောက်ကို အနိုင်ကျင့်နေရတာလဲ!”

လူတိုင်း ခေါင်းဆောင်တောက်ရန်ကို ရှုပ်ထွေးသောမျက်နှာထားများဖြင့် ကြည့်လိုက်ကြသည်။

စုကျိုသည် ရင်းနှီးနေသော ထိုအဘိုးကြီး၏ကြင်နာတတ်သည့် အသံကိုကြားလိုက်ရသောအခါ မျက်နှာလေးနီမြန်းသွားရသည်။ သူ အနည်းငယ် လည်းအားနာမိသွားသည်။

အကယ်၍ သူ တစ်စုံတစ်ဦးအပေါ်အကြွေးတင်ရှိနေသည်ဆိုပါက၊ ထိုသူမှာ သူ့မွေးရာပါ ဝိညာဉ်ပါရမီအမှန်ကို ကူညီဖုံးကွယ်ပေးခဲ့သည့် ဤအဘိုးကြီး တောက်ရန်သာဖြစ်ပေလိမ့်မည်။

ထိုစဉ် သူမသည် သူ့လျှို့ဝှက်ချက်ကို အစွမ်းကုန်ထိန်းသိမ်းခဲ့သည်...

ယခုမူ အထပ်သုံးဆယ်ရောက်သည့်တိုင်အောင် ညဘက်တာဝန်ကျလေ့ရှိတဲ့ ခေါင်းဆောင်တောက်ရန်ဆီကို တစ်ခါမှသွားမတွေ့ဖြစ်ပေ။

ဟူး...

စုကျို ရှက်ကိုးရှက်ကန်းဖြင့် မြေပြင်ကိုသာစိုက်ကြည့်နေပြီး ခြေချောင်းလေးများကို တစ်ခုနှင့်တစ်ခုပွတ်တိုက်နေမိတော့သည်။

သူမသည် လူများနှင့် နီးနီးကပ်ကပ်ရှိရသည့် အခြေအနေကို မကြာသေးမီကမှ စတင်ကျင့်သားရလာခြင်းဖြစ်သည်။

အကြောင်းမှာ ကမ္ဘာပျက်ကပ်အတွင်း၌ သက်ကြီးရွယ်အိုများနှင့် ကလေးသူငယ်များသည် သားကောင်ဖြစ်ရဆုံးသူများ ဖြစ်သောကြောင့်ပင်။ ထိုစဉ်က သူမသည် ဤလူတန်းစားနှစ်ရပ်အပေါ်သံယောဇဉ်တွယ်မိမည်ကို အကြောက်ဆုံးဖြစ်ခဲ့ပြီး သိစိတ်လွတ်ကာအမြဲရှောင်ရှားခဲ့သည်။

မသိကျွမ်းလျှင်၊ မပတ်သက်လျှင်... ခွဲခွာခြင်းနှင့် သေခြင်းတရားက ထိုမျှနာကျင်မည်မဟုတ်။

စုကျိုသည် တောက်ရန်ကဲ့သို့ သူ့ အပေါ် ပထမအမြင်နှင့်တင် ကြင်နာတတ်သည့် အဘိုးအိုမျိုးကိုအကြောက်ဆုံးဖြစ်သည်။ သူမသည် အမဲသား အရွတ်နှစ်တုံးကိုကိုင်ဆောင်လျက် တောက်ရန် အတင်းတိုးဝင်နေသည့် ဝိညာဉ်စမ်းသပ်ခန်းမ အဝင်ဝဆီသို့ ဦးတည်လိုက်သည်။

“စုကျို—!”

တောက်ရန်သည် အခြေခံအဆင့် အထွတ်အထိပ်ကျင့်ကြံခြင်းစွမ်းအားဖြင့် အဝင်ဝရှိတပည့်များကြားမှ မနည်းတိုးဝှေ့ထွက်လာနိုင်သည်။

သို့သော် သူ့ ဆံပင်ဖြူများမှာ ဖရိုဖရဲဖြစ်နေပြီး သူ့အဝတ်ဖိနပ်တစ်ဖက်မှာလည်း အနင်းခံထားရသည်။

“သူတို့ နင့်ကို တကယ်ပြန်စမ်းသပ်တော့မလို့လား? ဘာတွေဖြစ်ကုန်တာလဲ?”

“နင့်ရဲ့ ပါရမီက ကျဆင်းသွားတာလား? သူတော်စင်အဆင့် မဟုတ်တော့ဘူးလား?”

တောက်ရန်က စိုးရိမ်တကြီးညည်းတွားနေတော့သည်။ သူသည် လစဉ် ပထမဆုံးနေ့နံနက်ပိုင်းတွင်သာ ပထမထပ်တွင် အလုပ်လုပ်နိုင်သည်။ ပထမထပ်က ကလေးများအားသင်ကြားပေးဖို့ သူ့မှာ အချိန်မရှိသလောက်ပင်။ ပထမထပ်မှာ ဆက်နေခွင့်ပြုဖို့ သူ အကြိမ်ကြိမ်စာတင်ခဲ့သော် လည်း ယနေ့ထက်ထိ ခွင့်ပြုချက်မရသေးပေ။

မတတ်နိုင်ပါ၊ ဒုတိယထပ်... ဆယ်ထပ်... အခုဆို အထပ်သုံးဆယ်အထိ လူအင်အားမလုံလောက်ဖြစ်နေသည်။ ယနေ့ သူသည် တပည့်များ၏ မိစ္ဆာနှိမ်နင်းရေးမစ်ရှင်တွင် လိုက်ပါကူညီရာမှ အနိုင်နိုင်လွတ်မြောက်လာပြီး ဒဏ်ရာရသူနှစ်ဦးကို ကုသမှုခံယူရန်ပို့ဆောင်ပေးခဲ့ရခြင်းဖြစ်သည်။ ထိုအလုပ်ပြီးမှသာ ဝိညာဉ်စမ်းသပ်ခန်းမသို့ အပြေးအလွှားလာနိုင်ခဲ့ခြင်းဖြစ်သည်။

“မဟာကျင့်ကြံသူလု၊ အကြီးအကဲယင်ယန်... စုကျိုက ပထမထပ်မှာ ကျင့်ကြံခြင်းအရင်းအမြစ်တွေ မလုံလောက်ခဲ့လို့ အရင်က ကောင်းကောင်း မကျင့်ကြံနိုင်ခဲ့ပါဘူး”

“ကျေးဇူးပြုပြီး သူ့ကို အချိန်နည်းနည်းလောက်ပေးပါဦး!”

“သူမက သူတော်စင်အဆင့် ပါရမီကိုနိုးထလာခဲ့တာ မကြာသေးပါဘူး၊ အဲ့ဒါကို တည်ငြိမ်အောင်လုပ်ဖို့ အချိန်လိုအပ်ပါတယ်!”

တောက်ရန် ပြောပြောဆိုဆိုနှင့် သူ့အင်္ကျီလက်အတွင်းမှ တစ်စုံတစ်ခုကိုထုတ်ယူကာ စုကျို လက်ထဲသို့ အတင်းထည့်ပေးလိုက်သည်။

“မြန်မြန်ကြည့်လိုက်” ဟု သူ တိုးတိုးလေးကပ်ပြောလိုက်သည်။

“ဒါငါ နင့်အတွက်ယူလာပေးတဲ့ ‘ကျင့်ကြံခြင်းအထွက်နှုန်းတိုး ကျင့်စဉ်လျှို့ဝှက်ချက်’ ပဲ၊ ပြီးတော့ အထပ် ၃၀ က အထွက်နှုန်း ၈ ဆရှိတဲ့ စီနီယာတစ်ယောက်ရဲ့တိုက်ခိုက်မှုပုံရိပ်ယောင်ကိုလည်း ငါ ပြင်ဆင်ပေးထားတယ်”

“ဒါကို သေသေချာချာလေ့လာ”

တောက်ရန်က စုကျို ခေါင်းကို အသာဖိထားပြီး လုကျိကျောင်း ဘက်သို့လှည့်ကာ ပျာပျာသလဲပြောလိုက်သည်။

“သူ့ကို အချိန်နည်းနည်းလောက်ထပ်ပေးပါဦး၊ နောက်လ... မဟုတ်ဘူး၊ နောက်နှစ်လလောက်နေမှ ပြန်စမ်းသပ်လည်း မနောက်ကျပါဘူး”

“အရင်းအမြစ်မရှိရှာတဲ့ ပထမထပ်က ကလေးတစ်ယောက်အပေါ် ဘာလို့ ဒီလောက်ရက်စက်နေရတာလဲ?”

စုကျိုသည် နားရွက်များပူထူးသွားပြီး ရင်ထဲတွင် တစ်မျိုးကြီးခံစားလိုက်ရသည်။ သူမ မျက်နှာလေးနီမြန်းလျက် တောက်ရန်အင်္ကျီလက်ကို အသာဆွဲလိုက်သည်။

“ဟို... အဘိုးကြီးထောင်... ကျွန်မ အထပ် ၃၀ ကို ရောက်နေပြီလေ”

“ဪ...”

တောက်ရန်က ခေါင်းညိတ်သည်။

“ဒါကြောင့်လည်း နင့်ကို အထပ် ၃၀ မှာ တွေ့တာကိုး... ဟင်?”

တောက်ရန် ရုတ်တရက် သတိဝင်လာပြီး စုကျိုကိုကြည့်လိုက်သည်။

“ဘာလို့ ခေါင်းဆောင်တွေက နင့်ကို စမ်းသပ်ဖို့ အထပ်မြင့်တွေဆီ ခေါ်လာရတာလဲ?”

“ဒါ စည်းမျဉ်းနဲ့ မညီဘူးလေ... ပြန်စမ်းသပ်မယ်ဆိုရင်တောင် မဟာကျင့်ကြံသူတစ်ယောက်ရှိဖို့ လိုတယ်... ဟင်?”

တောက်ရန် လှည့်ကြည့်လိုက်သောအခါ စုကျိုကမူ သူ့ ဂုတ်ပိုးကို ရှက်ကိုးရှက်ကန်းပွတ်နေသည်ကို တွေ့ရပြီးနောက်၊ သူမသည် အခြေခံအဆင့် သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ချက်ချင်းသတိပြုမိသွားတော့သည်! တောက်ရန်မှာ မျက်လုံးပြူးသွားရသည်။

“မဟုတ်ပါဘူး၊ ဝိညာဉ်ပိုးနတ်သူငယ်ပေးတဲ့ ဆေးကိုသောက်ထားလို့ပါ၊ အဲ့ဒါက အမွှေးတိုင် တစ်တိုင်စာပဲ ခံတာ၊ တကယ်တော့ ကျွန်မက ဝိညာဉ်သန့်စင်ခြင်းအထွတ်အထိပ်ကိုပဲ အခုလေးတင် ရောက်တာပါ” ဟု စုကျိုက အဘိုးအိုအား အလေးအနက်ရှင်းပြလိုက်သည်။

တောက်ရန်က “ဪ” ဟု ဆိုကာ “ခဏတာ စွမ်းအားတိုးဆေးကိုး၊ ငါ သိသားပဲ၊ နင်က ဝိညာဉ်သန့်စင်ခြင်း အထွတ်အထိပ်မှာပဲ ရှိဦးမှာပါ။ ဟင်...?”

သူသည် စုကျိုကို စိုက်ကြည့်လိုက်ရာ သူမ ခန္ဓာကိုယ်ပေါ်ရှိ အခြေခံအဆင့်အရှိန်အဝါများမှာ မှေးမှိန်သွားသော်လည်း၊ ဝိညာဉ်သန့်စင်ခြင်း အထွတ်အထိပ် အရှိန်အဝါမှာမူ ယနေ့မှ လတ်လတ်ဆတ်ဆတ် အဆင့်တက်ထားသကဲ့သို့ ခိုင်မာနေသည်ကိုတွေ့လိုက်ရသည်။

လဆန်းပိုင်းတုန်း သူ့ကျင့်ကြံခြင်းက ဘယ်လောက်ပဲ ရှိသေးတာပါလိမ့်?

တောက်ရန်မှာ မှင်သက်သွားရသည်။

စုကျို သက်ပြင်းချလိုက်သည်။

“ဒါက ပြောရရင် ရှည်တယ် အဘိုးကြီးထောင်၊ ကျွန်မရဲ့ ပါရမီနဲ့သက်ဆိုင်နေလို့ပါ”

သူမ ရှက်ကိုးရှက်ကန်းဖြင့်ခေါင်းလွှဲလိုက်သော်လည်း သူ့လက်ထဲတွင်မူ အမှိုက်ပုံးထဲပစ်ထည့်ရန် အချိန်မရသေးသော လိပ်ပတ်နေသည့် ပြွန်သဏ္ဌာန် အရာဝတ္ထုအချို့ရှိနေဆဲဖြစ်သည်။ ထိုအရာများမှာ ဒုတိယအဆင့် ထိပ်တန်းဝိညာဉ်လက်နက်များကဲ့သို့ နှစ်ရောင်ခြည် အလင်းတန်းများ ထွက်ပေါ်နေသည်။

တောက်ရန်က ထပ်မံမေးမြန်းချင်သော်လည်း လဲ့အော် အမြန်လက်ကာပြလိုက်သည်။ သူသည် အပြင်ဘက်မှ ‘သစ်သားဓာတ် ပေါင်းစပ်ခြင်း’ ပါရမီရှိသည့် သူ့အဖွဲ့ဝင်တစ်ဦးကို အမြန်ခေါ်လိုက်သည်။ ခဏချင်းမှာပင် ထိုအဖွဲ့ဝင်က မြေဆီလွှာကိုဆွကာ ကြက်သွန်မြိတ်တစ်ပင် စိုက်ပျိုး လိုက်သည်။ ထို့နောက် လဲ့အော်က လျှပ်စီးကိုအသုံးပြု၍ ထိုကြက်သွန်မြိတ်ကို ကျွမ်းအောင်ကင်လိုက်ပြီးနောက် ခေါင်းဆောင်တောက်ရန်ကို စားရန် အချက်ပြလိုက်သည်။

“ခဏလေး၊ ကျွန်မ သတင်းအချက်အလက် အသစ်ထပ်ဖြည့်ပေးမယ်” ယင်လီက လက်ထောင်လိုက်သည်။

လဲ့အော် ခေါင်းညိတ်ပြသည်၊ အရာအားလုံးကိုသိသော ယင်လီ၏ သတင်းအချက်အလက်ဖြည့်စွက်မှုကို သူ ယုံကြည်သည်။

မကြာမီ ‘သစ်သားဓာတ် ပေါင်းစပ်ခြင်း’ အဖွဲ့ဝင်သည် အထဲတွင် အခေါင်းပေါက်ပါသော ငရုတ်ပွစိမ်းတစ်လုံးကို ထပ်မံစိုက်ပျိုးသည်။ ယင်လီက ထိုငရုတ်ပွကို ခဏမျှကိုင်ထားပြီးနောက် လဲ့အော်က လျှပ်စီးဖြင့် ထပ်မံကျွမ်းအောင် ကင်လိုက်ပြန်သည်။

ထို့နောက် စုကျိုနှင့်အခြားသူများ၏ စူးစမ်းသော အကြည့်များအောက်တွင် ခေါင်းဆောင်တောက်ရန်သည် ဇီရာမှုန့်ပင်မဖြူးထားသော လျှပ်စီးကင် ကြက်သွန်မြိတ်နှင့် ငရုတ်ပွစိမ်းကို မြိန်ယှက်စွာစားလိုက်တော့သည်။

စုကျို မျက်ခုံးပင့်လိုက်သည်။

ခေါင်းဆောင်တောက်ရန် မျက်လုံးမှိတ်ကာ ဝါးနေပြီး ခဏအကြာတွင် မျက်လုံးများတောက်ပလာသည်။

“ငရုတ်ပွက အရသာရှိသားပဲ”

“?”

“ဟား... ဘာလဲ? စုကျို... နင်တို့ကလေးတွေက ‘ထွက်နှုန်း ကိုးဆ’ စွမ်းရည်နဲ့ ကောင်းကင်လှေကားကို တက်လာကြတာလား?”

တောက်ရန်မှာ မှင်သက်သွားရသည်။

ဝိညာဉ်စမ်းသပ်ခန်းမအတွင်းအပြင်ရှိ တပည့်များ၊ မဟာကျင့်ကြံသူများ၊ ခေါင်းဆောင်များနှင့် အကြီးအကဲများအားလုံး အံ့အားသင့်သွား ကြသည်။

“အာ?”

ဒါကို သူတို့လည်း မသိခဲ့ကြဘူး!

ဝိညာဉ်သန့်စင်ခြင်းအဆင့်နဲ့ အထပ်သုံးဆယ်မှာ ပေါ်လာတာ မဆန်းတော့ပါဘူး!

“ဘာ? ခေါင်းဆောင်ဟူကျဲကျင့်က နင်တို့ရဲ့ မှတ်တမ်းကိုတာဝန်ယူခဲ့တာလား? သူက သူ့ရဲ့ပေါ့ဆမှုကို ဖုံးကွယ်ချင်လို့ ငါ့ရဲ့ ညတာဝန်ကျချိန်မှာ အမှားလုပ်ခဲ့သလိုမျိုး ငါ့အပေါ်လွှဲချဖို့ ကြိုးစားခဲ့တာလား ?”

တောက်ရန် မျက်လုံးမှိတ်ကာ အကင်စားရင်း ဒေါသတကြီးမေးမြန်းနေသည်။

အကြီးအကဲများနှင့် တပည့်များမှာ နားစွင့်နေကြသည်။

ဒါကိုလည်း သူတို့ မသိခဲ့ကြပေ၊ ခေါင်းဆောင်ဟူကျဲကျင့်က ဒီလောက်အထိ ကောက်ကျစ်လိမ့်မည်ဟု မထင်ထားခဲ့ကြချေ။

ယင်လီကမူ တဟီးဟီးရယ်ကာ စုကျိုကို မျက်စိတစ်မှိတ်ပြလိုက်သည်။

“ဒါကြောင့်ကိုး၊ စုကျို... နင် ဒီလောက် မြန်မြန် တိုးတက်လာတာက ကျင်းကန်းပေါင်တို့အဖွဲ့ကို အနိုင်ယူပြီး ပြိုင်ပွဲဆုကြေး ဝိညာဉ်ကျောက်တုံး သောင်းချီရလို့၊ ပြီးတော့ ဝိညာဉ်စုဆောင်းခြင်း အစီရင်ဝယ်ပြီး ဝင်းထဲမှာ ကျင့်ကြံခဲ့လို့ပေါ့”

“ဘာ? ဒါကိုတောင် သူက ဒီလောက် အသေးစိတ်သိနေတာလား!”

ခေါင်းဆောင်ရူယွီက အမြန်လက်ကမ်းလိုက်သည်။

“ငါ့ကိုလည်း အကင်ငရုတ်ပွတစ်လုံးပေးဦး”

“ဒီမှာလည်း တစ်ခုလား ?”

“ဟုတ်တယ်”

ကောင်းမှုဆိုးမှုခန်းမမှ အကြီးအကဲများနှင့် မဟာကျင့်ကြံသူလုကျိကျောင်းတို့ပါ လက်လှမ်းလာကြသည်။

စုကျို : “...”

ဗိုက်ဝသွားသော တောက်ရန်သည် အဖြစ်အပျက်အစအဆုံးကို အတော်အတန်နားလည်သွားပြီဖြစ်သည်။

အသေးစိတ်အချို့အတွက်မူ ကာယကံရှင်ဖြစ်သူ စုကျိုကသာ ကိုယ်တိုင်ဖြည့်စွက်ရပေလိမ့်မည်။

All Chapters