အခန်း (၉၂၉-၉၃၀)
Vol. 57 Ch. 929-930
အခန်း ၉၂၉ ။ ရဲ့စ်ဟမ်း အမောင်းထုတ်ခံရခြင်း
ကုန်းထျန်းဟောက် ထွက်သွားပြီး မကြာမီမှာပင် ရဲ့စ်ဟမ်း ဗိုက်သက်သာသွားသည်ဟု ခံစားလိုက်ရသည်။
သူသည် စစ်ထူရှင်း မှာကြားသည့်အတိုင်း ဆေးအရင်သောက်ပြီး အစားအနည်းငယ် စားလိုက်သည်။
မူလက တစ်နေကုန် ဝမ်းလျောထားသဖြင့် လူက စိတ်ဓာတ်ကျပြီး ပင်ပန်းနွမ်းနယ်နေသည်။
ရေအနည်းငယ်သောက်ပြီး ဟင်းရွက်ပြုတ်ရည် သောက်လိုက်သောအခါ ချက်ချင်း နေလို့ကောင်းသွားသည်ဟု ခံစားလိုက်ရသည်။
အဖော်ဖြစ်သူသည် ပြန်လည်တက်ကြွလာပြီး မျက်နှာသွေးရောင် လွှမ်းလာသော သူ့ကို ကြည့်ကာ မယုံကြည်နိုင်စွာ ပြောလိုက်သည်။
"သခင်ကြီး... သခင်ကြီး ကြည့်ရတာ တော်တော် နေကောင်းသွားပုံရတယ်။ စောစောကဆို မျက်နှာက ဖြူဖပ်ဖြူရော်နဲ့ အားမရှိသလို ဖြစ်နေတာ"
ရဲ့စ်ဟမ်း ကြားလိုက်ရသောအခါ မျက်နှာကို စမ်းကြည့်ပြီး မယုံကြည်နိုင်စွာ ပြောလိုက်သည်။
"တကယ်လား။ ငါ့မျက်နှာ တကယ် သွေးရောင်လွှမ်းလာပြီလား။ ဒါ မြန်လွန်းမနေဘူးလား"
သူ့လို ဝမ်းလျှောတာ ပြင်းထန်တဲ့လူက မျက်နှာသွေးရောင် ပြန်လွှမ်းဖို့ဆိုတာ အနည်းဆုံး ရက်အနည်းငယ်လောက် ကြာတာ။
ဒါပေမဲ့ ဆေးသောက်၊ ထမင်းစားပြီးတာ ဘယ်လောက်မှ မကြာသေးဘူး၊ နာရီဝက်တောင် ရှိရဲ့လား။ အဲဒီလောက် မြန်မြန် မျက်နှာသွေးရောင် လွှမ်းလာတာ သူ့အတွက် တကယ် အံ့သြစရာ ကောင်းနေတယ်။
အဖော်ဖြစ်သူက အခန်းထဲရှိ မှန်တစ်ချပ်ကို ညွှန်ပြပြီး ပြောလိုက်သည်။
"သခင်ကြီး... ကိုယ့်ဘာသာ ကြည့်ကြည့်ပါ၊ ကျွန်တော် မလိမ်ပါဘူး"
ရဲ့စ်ဟမ်း မှန်ရှေ့သို့ လျှောက်သွားပြီး သွေးရောင်လွှမ်းကာ စိတ်ဓာတ်တက်ကြွနေသော မျက်နှာကို မြင်လိုက်ရသောအခါ လက်မောင်း ဆန့်တန်းပြီး ပျော်ရွှင်စွာ အော်ဟစ်လိုက်သည်။
"ငါ အခု နေလို့ အရမ်းကောင်းနေပြီ" သူ့လက်ရှိ အခြေအနေကို ကြည့်ရင် တစ်နေ့လုံး ဝမ်းလျောထားတဲ့သူလို့ ဘယ်သူမှ ယုံမှာ မဟုတ်ဘူး။
အဖော်ဖြစ်သူကမူ သံသယဖြင့် ပြောလိုက်သည်။
"ထူးဆန်းတယ်... သခင်ကြီး ဒီလောက် မြန်မြန် ပြန်ကောင်းလာတာ ဆေးသောက်လိုက်လို့များလား"
ပြောပြီးသည်နှင့် ခေါင်းခါလိုက်သည်။
"မဟုတ်သေးပါဘူး။ မနက်တုန်းကလည်း ဆေးသောက်တာပဲ၊ ဒါပေမဲ့ ဒီလောက် မြန်မြန် မသက်သာပါဘူး။ ဪ... စောစောက မစ္စတာကုန်း ဘာပြောသွားလဲ။ သူ ပြောတာ သူတို့အိမ်က ပစ္စည်းတွေက ဆေးဘက်ဝင် အာနိသင်ရှိတယ်တဲ့။ သူက သခင်ကြီးကို ဆေးသောက်ပြီးရင် အစား နည်းနည်း စားခိုင်းတယ်။ တကယ်ပဲ... သခင်ကြီး ပြုတ်ရည်သောက်ပြီး မကြာခင်မှာပဲ စိတ်ဓာတ်တွေ ပြန်လည် တက်ကြွလာတာ"
ရဲ့စ်ဟမ်းလည်း ပြန်လည် သတိရသွားသည်။ "ငါ မှတ်မိပြီ။ စောစောက ရေသောက်တုန်းက ရေက အရမ်းချိုနေတာ သတိထားမိတယ်။ ပြီးတော့ ဟင်းရွက်ပြုတ်ရည်ကလည်း အရမ်းမွှေးပြီး စားချင်စရာ ကောင်းနေတာ၊ အရမ်းစားလို့ကောင်းတယ်။" စောစောက သူ စိတ်ဓာတ်ကျနေတော့ အဲဒါတွေကို သတိမထားမိဘူး။ အခုမှ ပြန်သတိရတယ်။
အဖော်ဖြစ်သူ မျက်လုံးများ အရောင်တောက်လာပြီး အသံကျယ်ကြီးဖြင့် ပြောလိုက်သည်။
"ဟုတ်တယ်... စောစောက ပြုတ်ရည် အနံ့ရတုန်းက တကယ် မွှေးတာပဲ။ ပြီးတော့ ကျွန်တော် ခံစားမိတယ်... အဲဒီ အနံ့လေး ရှူလိုက်တာနဲ့တင် စိတ်ဓာတ်တွေ တက်ကြွလာပြီး ဦးနှောက်တွေ ကြည်လင်လာသလိုပဲ" ပြောရင်းနှင့် အနံ့ကို ပြန်တွေးမိပြီး တံတွေးမြိုချလိုက်မိသည်။
ရဲ့စ်ဟမ်းက အဖော်ကို ပြောလိုက်သည်။
"ငါ့အတွက် အဝတ်အစား ပြင်ပေး၊ ငါ ပါတီပွဲ သွားတက်မယ်" သူ အခု စိတ်ဓာတ်တွေ တက်ကြွနေပြီ ဆိုတော့ သေချာပေါက်သွားပြီး အပျော်ရှာရမှာပေါ့။
ပြီးတော့ ပါတီပွဲမှာ မစ္စစ်ကုန်းကိုလည်း တွေ့ရဦးမယ်။
စဉ်းစားမိတာနဲ့တင် သူ ပြုံးလိုက်မိတယ်။
ရဲ့စ်ဟမ်း ပါတီပွဲသို့ ထပ်မံ ရောက်ရှိလာသောအခါ လူအများအပြားက ရဲ့စ်ဟမ်း ဝမ်းလျောပြီး ဘောင်းဘီထဲ ထွက်ကျသွားကြောင်း၊ အဝတ်အစား အပိုမပါသဖြင့် အောက်လူ ဘောင်းဘီကို လုဝတ်လိုက်ကြောင်း သိရှိနေကြပြီ ဖြစ်သည်။
ထို့ကြောင့် ရဲ့စ်ဟမ်း ပေါ်လာသည်ကို တွေ့သည်နှင့် တစ်ယောက်က လျှောက်လာပြီး ပြုံးလျက် ပြောလိုက်သည်။
"ရဲ့စ်... မင်း ရေမြေမတည့်လို့ ဒီရောက်တာနဲ့ ဝမ်းလျောနေတယ် ကြားတယ်၊ အခု အဆင်ပြေသွားပြီလား"
ဒီလူ မေးတဲ့အခါ မျက်လုံးက သူ့ဖင်ကို တမင်သက်သက် ဝေ့ကြည့်လိုက်တယ်။ အဓိပ္ပာယ်က ရှင်းနေတာပဲ။ နောက်ကလူတွေလည်း လိုက်ရယ်ကြတယ်။
ရဲ့စ်ဟမ်း မျက်နှာ မည်းမှောင်သွားသော်လည်း ပြုံးနေသူကို ပါးမရိုက်ရဘူး ဆိုသကဲ့သို့ အံကြိတ်ကာ ပြောလိုက်သည်။
"ကျေးဇူးပါပဲ ဘစ်... ငါ အခု အများကြီး သက်သာသွားပါပြီ"
ဘစ်က ပြုံး၍ ခေါင်းညိတ်လိုက်သည်။
"သက်သာသွားရင် ပြီးတာပါပဲ။ အခု မင်းမျက်နှာကြည့်ရတာ သွေးရောင်လွှမ်းနေတာပဲ၊ တစ်နေ့လုံး ဝမ်းလျောထားတဲ့ပုံ လုံးဝ မပေါက်ဘူး" တမင် စနောက်နေတာပါ။
ရဲ့စ်ဟမ်းနှင့် မတည့်သော လိုက်ကလည်း ရောက်လာပြန်သည်။ သူက ပြုံး၍ ပြောလိုက်သည်။
"ရဲ့စ်... မင်း အခန်းထဲမှာ တစ်နေ့ကုန် ပုန်းနေပြီး အခုမှ ထွက်လာတာလား" သူ ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး ပြုံးလျက် ဆက်ပြောသည်။ "မင်း လာတာ နည်းနည်းနောက်ကျသွားပြီ၊ ပါတီပွဲက မကြာခင် ပြီးတော့မှာ။ တကယ် ဝမ်းနည်းစရာပဲ"
ရဲ့စ်ဟမ်းက မကျေမနပ် ပြောလိုက်သည်။
"ငါ ဗိုက်မကောင်းလို့ အခန်းထဲမှာ ခဏ နားနေတာပါ၊ ဘာဝမ်းနည်းစရာရှိလဲ"
လိုက်က ပြုံးလိုက်ပြီး
"ဝမ်းနည်းစရာဆိုတာ တကယ် ဝမ်းနည်းစရာ ဖြစ်ကောင်း ဖြစ်နိုင်တယ်။ မင်း မသိပါဘူး... ဒီနေ့ ငါတို့ ပါတီပွဲမှာ စားစရာကောင်းတာတွေ ဘယ်လောက်တောင် စားခဲ့ရလဲဆိုတာ"
"စားစရာကောင်းတာတွေလောက်ပဲလေ။ ဘယ်သူ့မှာ မရှိလို့လဲ၊ ဘယ်သူက မစားဖူးလို့လဲ" ရဲ့စ်ဟမ်းက အားမခံဘဲ ပြောလိုက်သည်။
လိုက် ပခုံးတွန့်လိုက်ပြီး ရဲ့စ်ဟမ်းကို ကြည့်နေသော မျက်လုံးများက အရူးတစ်ယောက်ကို ကြည့်သကဲ့သို့ ဖြစ်နေသည်။
ရဲ့စ်ဟမ်း ဒေါသတကြီး ပြောလိုက်သည်။
"လိုက်... အဲဒါ ဘာအကြည့်လဲ"
"ဘာအကြည့်မှ မဟုတ်ပါဘူး။ လူတစ်ယောက်က အရမ်း မသိနားမလည် ဖြစ်နေလို့ပါ"
ဘေးနားမှ လူများ "..."
တချို့က ခိုးရယ်နေကြတယ်။
လိုက်နဲ့ ရဲ့စ်ဟမ်း မတည့်တာ သူတို့ သိကြတယ်။ အခု သူတို့နှစ်ယောက် အပြန်အလှန် ပြောဆိုနေကြတာကို ဘေးကနေ ကြည့်ပြီး ပျော်နေကြတယ်။ ဝင်မတားကြဘူး၊ မဟုတ်ရင် စိတ်ဆိုးခံရမှာ စိုးလို့။
ရဲ့စ်ဟမ်း ဒေါသကြောင့် မျက်နှာနီရဲလာပြီး အော်ဟစ်လိုက်သည်။
"ဘယ်သူက မသိနားမလည်တာလဲ။ ပြီးတော့ ဒီလောကမှာရှိတဲ့ စားစရာကောင်းတာတွေ ဘာကျန်သေးလို့ ငါ မသုံးဖူး၊ မစားဖူးရမှာလဲ၊ မင်း ပြောပြစမ်း"
သူက သူ့နိုင်ငံမှာ မားကွစ် တစ်ယောက်ပဲ၊ အာဏာရှိတယ်၊ လိုချင်တာ တစ်ခွန်းပြောလိုက်ရင် လာဆက်သမယ့်လူတွေ အများကြီးပဲ။
ဘေးနားမှ တစ်ယောက်က ပြုံး၍ ဝင်ပြောလိုက်သည်။
"ရဲ့စ်... ဒီကိစ္စကို ငါတို့ သက်သေပြလို့ရတယ်။ မင်း အခန်းထဲမှာ နားနေတုန်း တကယ်ပဲ အများကြီး လွဲချော်ခဲ့တယ်။ ဥပမာ - နေ့လယ်စာ၊ ငါတို့ မစားဖူးတဲ့ အရသာတွေ၊ ပြီးတော့ ကျန်းမာရေး သစ်သီးအရက် စတာတွေပေါ့"
ရဲ့စ်ဟမ်းက မထီမဲ့မြင် ပြောလိုက်သည်။
"ဟွန့်... ဒါတွေက ဘာထူးဆန်းလို့လဲ၊ ကြွားစရာ ကောင်းလို့လား"
ထိုအချိန်တွင် လိုက်က အရက်တစ်ခွက် ကိုင်လာသည်။ ထိုအရက်ခွက်ကို ရဲ့စ်ဟမ်း နှာခေါင်းနား တေ့ပေးလိုက်ရာ အရက်နံ့ မွှေးမွှေးလေးက နှာခေါင်းထဲ တိုးဝင်လာပြီး သူ့ကို ယစ်မူးသွားစေသည်။ ပါးစပ်က မနေနိုင်ဘဲ မေးလိုက်သည်။
"ဒါ ဘာပစ္စည်းလဲ"
လိုက်က ချက်ချင်း အထင်အမြင်သေးစွာ ပြောလိုက်သည်။
"မသိနားမလည်ဘူး ပြောတော့ ငြင်းသေးတယ်။ ဒါ အရက်လေ၊ မသိဘူးလား"
ရဲ့စ်ဟမ်း လိုက်ရဲ့ စကားကို ကြားပြီး ဒေါသထွက်လွန်းလို့ သေချင်သွားတယ်။
သောက်ကျိုးနည်း... ဒီလိုက်က တမင်သက်သက် သူ့ကို လိုက်နှောင့်ယှက်နေတာ။
ရဲ့စ်ဟမ်း ပြန်ပြောရန် ပြင်လိုက်စဉ် လိုက်က ဆက်ပြောသည်။
"ဟဟ... ဒါက ကုန်းမိသားစုက အထူးချက်လုပ်ထားတဲ့ မက်မွန်ပွင့်အရက်လေ၊ အရသာက မေ့မရနိုင်လောက်အောင် ကောင်းတာ။ မင်း မသောက်ဖူးဘူးမလား"
ရဲ့စ်ဟမ်း ပြန်ပြောချင်နေသည်။ ငါ သောက်ဖူး မသောက်ဖူး မင်းအပူ ပါလို့လား။ ဒီမှာ လာကြွားနေစရာ လိုလို့လား၊ ပစ္စည်း ဘယ်လောက်ကောင်းကောင်း မင်းပစ္စည်းမှ မဟုတ်တာ။
သို့သော် သူ ပြန်မပြောခင်မှာပင် လိုက်က ဆက်ပြောသည်။
"ဒါပေမဲ့ ဝမ်းနည်းစရာ ကောင်းတာက ဒီနေ့ ပါတီပွဲမှာ ချထားတဲ့ မက်မွန်ပွင့်အရက် ၈ အိုးလုံး ငါတို့ သောက်လို့ ကုန်သွားပြီ၊ ကျန်တာကလည်း ငါတို့ ခွက်ထဲမှာပဲ ရှိတော့တယ်" ပြောပြောဆိုဆိုနှင့် သူ တစ်ငုံ သောက်လိုက်သည်။ မျက်လုံးမှိတ်ပြီး အလွန် အရသာရှိပုံ ပေါက်နေသည်။ "ကျွတ် ကျွတ်... ဒီအရက်က တကယ် အရသာရှိတာပဲ။ နောက်ပိုင်း နေ့တိုင်း ဒီလိုအရက်သောက်ရရင် ငါ သေပျော်ပြီ"
ဘေးနားမှ တစ်ယောက်က "လိုက်... ဒါက မစ္စတာကုန်းရဲ့ ပါတီပွဲလေ၊ သေတာ ကြေတာတွေ မပြောနဲ့၊ နိမိတ်မရှိဘူး"
လိုက် ခေါင်းညိတ်လိုက်သည်။
"အင်း... ဟုတ်တယ်၊ ငါ့အပြစ်ပါပဲ။ ဒီလို နိမိတ်မရှိတဲ့ စကားတွေ မပြောသင့်ပါဘူး"
ရဲ့စ်ဟမ်း ဒေါသထွက်လွန်း၍ မျက်နှာများ ပြာနှမ်းသွားသည်။ သူ လိုက်ကို မပြောနိုင်သဖြင့် ဆက်မပြောတော့ဘဲ နောက်လှည့်ကာ တိုက်ရိုက် ထွက်ခွာသွားပြီး ကုန်းထျန်းဟောက်ကို သွားရှာသည်။
ဒီမက်မွန်ပွင့်အရက်က ဘာမို့လို့ လိုက်ဒီကောင်စုတ် သူ့ရှေ့မှာ လာကြွားနေရတာလဲ ဆိုတာ သူ သိချင်တယ်။
ကုန်းထျန်းဟောက်က ခန်းမထဲမှာရှိနေတော့ ရှာရလွယ်ပါတယ်။
သို့သော် ကုန်းထျန်းဟောက် ဘေးနားမှ ရှောင်လင်းယွီကို မြင်လိုက်ရသောအခါ ခြေလှမ်းများ ရပ်တန့်သွားပြီး မျက်လုံးများက ရှောင်လင်းယွီကို မျက်တောင်မခတ် စိုက်ကြည့်နေသည်။
ဒီမစ္စစ်ကုန်းက တကယ်လှလွန်းတယ်၊ ပြီးတော့ ဒီအလှတရားက လုံးဝ သဘာဝအတိုင်းပဲ။ သူမရဲ့ အလှတရားက ဆွဲဆောင်မှုရှိပြီး ယောက်ျားတိုင်းကို ဆွဲဆောင်နေတယ်၊ သူမအတွက် စိတ်လှုပ်ရှားစေတယ်။
ကုန်းထျန်းဟောက်သည် ရဲ့စ်ဟမ်း၏အကြည့်ကို မြင်လိုက်ရသောအခါ ချက်ချင်း မကျေမနပ် ဖြစ်သွားသည်။ သူ့ဇနီးကို အနောက်သို့ ဆွဲပို့လိုက်ပြီး လေသံအေးစက်စက်ဖြင့် မေးလိုက်သည်။
"မားကွစ် ရဲ့စ်ဟမ်း... ခင်ဗျား နေကောင်းသွားပြီလား။ ဒါမှမဟုတ် မျက်လုံး မကောင်းလို့ ဒေါက်တာစစ်ထူကို ထပ်ခေါပြပေးရမလား" နောက်ဆုံးစကားတွင် သရော်သံ ပါဝင်နေသည်။
လူတစ်ချို့က ရဲ့စ်ဟမ်း မစ္စစ်ကုန်းကို မရိုးသားသော မျက်လုံးများဖြင့် ကြည့်နေသည်ကို သတိထားမိကြသည်။ ချက်ချင်းပင် အထင်အမြင်သေးစွာ ပြောလိုက်ကြသည်။
"ရဲ့စ်... သူများ ဇနီးချောလေးနဲ့ ပါတီပွဲလာတက်တာမြင်တော့ မင်း စိတ်မကောင်း ဖြစ်နေတာလား။ ငါ့အမြင်တော့ နောက်ဆိုရင် မင်းလည်း မင်းဇနီးသည်ကို ခေါ်လာခဲ့ပါလား" သူများဇနီးကို မကောင်းကြံချင်နေတာ ဘာသဘောလဲလို့ တိုက်ရိုက် မပြောရုံတမယ်ပဲ ရှိတော့တယ်။
သူတို့ ဒီလိုပြောတာက ရဲ့စ်ဟမ်းကို မျက်နှာသာပေးရာ ရောက်ပါတယ်။ မဟုတ်ရင် တိုက်ရိုက် ပြောလိုက်ရင် သူ့ရည်ရွယ်ချက် လူသိကုန်ပြီး မျက်နှာပျက်စရာဖြစ်သွားမှာ။
ဒီရဲ့စ်ဟမ်းက သူများဇနီးကို မကောင်းကြံချင်ရင်တောင် အတိုင်းအတာ ရှိသင့်တယ်လေ။ မစ္စစ်ကုန်းက ဘယ်လို အထောက်အထားရှိလဲ၊ လူတိုင်း ကြံစည်လို့ ရတဲ့သူလို့ သူ ထင်နေတာလား။
ရဲ့စ်ဟမ်းက လှပတဲ့ အမျိုးသမီး တွေ့တော့ မျက်နှာပြောင်တိုက်ချင်လာပုံရတယ်။
သူက ရယ်မောရင်း ပြောလိုက်သည်။
"ဟဟ... ကျွန်တော် အရင်တုန်းက မစ္စစ်ကုန်းလို လှပတဲ့ အမျိုးသမီးမျိုး မတွေ့ဖူးလို့ပါ။ ဒါကြောင့် သူမရဲ့ အလှတရားနဲ့ ကျက်သရေကြောင့် ဖမ်းစားခံလိုက်ရတာပါ။ ကုန်း... ခင်ဗျား စိတ်မရှိပါဘူးနော်"
ဒီစကားက ရိုးသားတဲ့ အမျိုးသားတစ်ယောက် ပါးစပ်ကထွက်လာရင် သဘောကျစရာ ကောင်းပါတယ်။ ဒါပေမဲ့ မရိုးသားတဲ့၊ သူများ ဇနီးကို မကောင်းကြံချင်တဲ့ အမျိုးသား တစ်ယောက် ပါးစပ်က ထွက်လာတော့ စော်ကားမှုနဲ့ ရန်စမှု ဖြစ်သွားတာပေါ့။
ကုန်းထျန်းဟောက် မျက်နှာ ချက်ချင်း မည်းမှောင်သွားသည်။ သူ ရဲ့စ်ဟမ်းကို အားမနာတော့ဘဲ ပြတ်သားစွာ ပြောလိုက်သည်။
"ကြည့်ရတာ မားကွစ် ရဲ့စ်ဟမ်းက ဗိုက်မကောင်းတာတင် မကဘူး၊ နှလုံးနဲ့ မျက်လုံးပါ မကောင်းတော့ဘူး ထင်တယ်။ ဒါဆို ဆရာဝန်ကို ကောင်းကောင်း ပြသသင့်တယ်။ လာကြ... မားကွစ် ရဲ့စ်ဟမ်းကို အခန်းပြန်ပြီး ကောင်းကောင်းအနားယူဖို့ လိုက်ပို့လိုက်၊ ပြီးတော့ ဒေါက်တာစစ်ထူကို သူ့နှလုံးနဲ့ မျက်လုံးကြည့်ပေးဖို့ ခေါ်လိုက်"
ကုန်းထျန်းဟောက်၏ စကားဆုံးသည်နှင့် သက်တော်စောင့် ၃၊ ၄ ယောက် လျှောက်လာကြသည်။
ရဲ့စ်ဟမ်း၏ လက်အောက်ငယ်သားနှင့် သက်တော်စောင့် နှစ်ဦးကလည်း သူ့ဘေးနားတွင် ကာကွယ်သော ပုံစံဖြင့် ဝိုင်းရံလိုက်ကြသည်။
ရဲ့စ်ဟမ်း မျက်နှာ လျင်မြန်စွာ မည်းမှောင်သွားပြီး လေးနက်စွာ မေးလိုက်သည်။
"မစ္စတာကုန်း... ခင်ဗျား ဘာသဘောလဲ" စကားနည်းနည်း ပြောမိရုံနဲ့ သူ့ကို ဒီလောက် မလေးမစား လုပ်ရသလား။
ကုန်းထျန်းဟောက်က မျက်လုံးအေးစက်စက်ဖြင့် ပြောလိုက်သည်။
"မားကွစ် ရဲ့စ်ဟမ်း... ခင်ဗျား နေမကောင်းလို့ ဆရာဝန် ပြခိုင်းတာပါ" လူအများကြီး ရှေ့မှာ ငါ့မိန်းမကို မကောင်းကြံချင်နေတာ၊ ငါက သူ့ကို ယဉ်ကျေးနေရဦးမှာလား။ "ဒါမှမဟုတ် ခင်ဗျားမှာ မိသားစုဆရာဝန်ပါလာရင် ဟိုတယ်ပြန်ပြီး ခင်ဗျား ဆရာဝန်နဲ့ ပြသလို့ ရပါတယ်"
ဒီနောက်ဆုံး စကားက ရဲ့စ်ဟမ်းကို ဘီးလ်ရဲတိုက်စံအိမ်ကနေ တိုက်ရိုက် မောင်းထုတ်လိုက်တာပဲ။
ရဲ့စ်ဟမ်း ကြားလိုက်ရသောအခါ ဒေါသထွက်လွန်း၍ မျက်နှာများ ပြာနှမ်းသွားသည်။ သူ ကုန်းထျန်းဟောက်ကို ဒေါသတကြီး လက်ညှိုးထိုးပြပြီး ပြောလိုက်သည်။
"ခင်ဗျား... ကောင်းပြီ၊ ခင်ဗျား စောင့်နေလိုက်"
အိမ်ရှင်က သူ့ကို မောင်းထုတ်နေမှတော့ သူ ဆက်နေလို့ မဖြစ်တော့ဘူးလေ။
"ငါတို့ ပြန်မယ်" ရဲ့စ်ဟမ်းက လက်အောက်ငယ်သားများကို ခေါ်ဆောင်ပြီး ဒေါသတကြီး ထွက်ခွာသွားသည်။
***
စိုက်ပျိုးရေးနေရာလွတ်က ငါ့ကိုချမ်းသာလာစေတယ်
အခန်း ၉၃၀ ။ နိုင်ငံခြား ဈေးကွက် ပြဿနာ မရှိတော့ခြင်း
ရဲ့စ်ဟမ်းသည် ဒေါသတကြီးဖြင့် သူ့လူများကို ခေါ်ကာ ထွက်ခွာသွားသည်။ စမှဆုံး အစားအသောက်များကို တစ်လုပ်မျှ မစားလိုက်ရပေ။ မဟုတ်လျှင် သူကဲ့သို့ မျက်နှာပြောင်တိုက်တတ်သော လူတစ်ယောက်က ထွက်ခွာသွားရန် ဝန်လေးနေပေလိမ့်မည်။
ရှောင်လင်းယွီသည် ကုန်းထျန်းဟောက်၏ လက်မောင်းကို ဆွဲကာ တိုးတိုးလေး မေးလိုက်သည်။
"လောင်ကုန်း ကျွန်မတို့ သူ့ကို ဒီလိုမျိုး ပြစ်မှားလိုက်တာ ကောင်းပါ့မလား"
ဘာပဲပြောပြော ကုန်းထျန်းဟောက်က သူ့ကို ဖိတ်ကြားခဲ့တာ သူ့နိုင်ငံမှာ ရှိတဲ့ သူ့ရဲ့ သြဇာအာဏာနဲ့ နောက်ခံကြောင့်လေ။
ကုန်းထျန်းဟောက်က ပြုံးလိုက်ပြီး
"ကိစ္စ မရှိပါဘူး"
ဤနေရာသို့ ရောက်သောအခါ သူ ဆက်ပြောသည်။ "ဒါပေမဲ့ သူ့နိုင်ငံမှာတော့ ကိုယ်တို့ရဲ့ ဈေးကွက်နဲ့ စူပါမားကတ် ဖွင့်ဖို့ အချိန်နည်းနည်း စောင့်ရဦးမယ်"
ရှောင်လင်းယွီ ခေါင်းခါလိုက်ပြီး ပြောသည်။ "ဟဟ... နိုင်ငံတစ်နိုင်ငံ ဈေးကွက် မရတာလောက်ကတော့ ထားလိုက်ပါတော့၊ မလိုချင်နေပါစေ"
သူမရဲ့ ဆိုင်ခန်းတွေ သူ့နိုင်ငံမှာ မဖွင့်သရွေ့ သူ နှောင့်ယှက်ချင်ရင်တောင် မရနိုင်ဘူးလေ။
ကုန်းထျန်းဟောက်သည် ရှောင်လင်းယွီ၏စကားကို ကြားပြီးနောက် ဘာမှ ဆက်မပြောတော့ပေ။
ဘာပဲပြောပြော အဲဒီနိုင်ငံမှာ ရဲ့စ်ဟမ်း တစ်ယောက်တည်း အာဏာရှိတာမှ မဟုတ်တာ။ အချိန်တန်ရင် ရဲ့စ်ဟမ်းရဲ့ ပြိုင်ဘက်ကို သီးသန့် ဖိတ်ခေါ်လိုက်လို့ ရတာပဲ။
ရှောင်လင်းယွီကို အဲဒီ ဈေးကွက် လက်လွှတ်လိုက်ခိုင်းရရင် ကုန်းထျန်းဟောက်က သူ့မိန်းမကို သနားနေမှာ။
လူအများစုက ရဲ့စ်ဟမ်း ထွက်ခွာသွားသည်ကို တွေ့သော်လည်း မည်သူကမျှ ဝင်ရောက် တားဆီးခြင်း မပြုကြပေ။
သူတို့က ရဲ့စ်ဟမ်းနဲ့ ရင်းနှီးတာလည်း မဟုတ်ဘူး။ ပြီးတော့ စောစောက မစ္စစ်ကုန်းကို မကောင်းကြံချင်တဲ့ ရည်ရွယ်ချက်က သိသာလွန်းနေတာ၊ ဘယ်သူက အလိုက်ကမ်းဆိုး မသိဘဲ သူ့ကို သွားတားမှာလဲ။
လိုက်ဘရက်သည် ဒေါသတကြီး ထွက်ခွာသွားသော ရဲ့စ်ဟမ်းကိုကြည့်ကာ ရယ်မောရင်း ပခုံးတွန့်လိုက်သည်။ ထို့နောက် ဘေးနားမှ လူကို ပြောလိုက်သည်။ "ဟဟ... ဒီရဲ့စ်ဟမ်း ဒီအတိုင်း ထွက်သွားတာ သူ့အတွက် နစ်နာမှု အကြီးကြီးပဲ"
ဘေးနားမှ လူက ခေါင်းညိတ် ထောက်ခံလိုက်သည်။ "ဟုတ်တာပေါ့"
စောစောက မစ္စတာကုန်းက ပြောထားတယ်လေ၊ လူတိုင်းကို ကျန်းမာရေး သစ်သီးအရက် နှစ်အိုးနဲ့ မက်မွန်ပွင့်အရက် တစ်အိုးစီ လက်ဆောင်ပေးမယ်လို့။
ဒီအရက်နှစ်မျိုးက ရှာရခက်တဲ့ ပစ္စည်းကောင်းတွေလေ။
ပြီးတော့ မစ္စတာကုန်း ဇနီးမောင်နှံက ပြောထားသေးတယ်၊ ဒီအရက်တွေကို ရေရှည်သောက်ရင် ခန္ဓာကိုယ် ကျန်းမာစေမယ်၊ အသက်ရှည်စေမယ်၊ ပြီးတော့ နာတာရှည် ရောဂါတွေ၊ တခြား နာကျင်မှုတွေ ရှိရင်တောင် ကုသပေးနိုင်တဲ့ အာနိသင် ရှိတယ်တဲ့။ ဒါက ဒဏ္ဍာရီလာ နတ်ဆေးနဲ့ ဘာမှ မခြားနားတော့ဘူး။
ဘယ်သူက ငြင်းဆန်ရက်မှာလဲ။
ဟဟ... ရဲ့စ်ဟမ်း ဆိုတဲ့အကောင်က တစ်နေ့လုံး ဝမ်းလျောနေလို့ ဦးနှောက်ပါ ပါသွားပြီ ထင်တယ်။ ဘယ်မိန်းမကို မကောင်းကြံကြံ မစ္စစ်ကုန်းကို သွားကြံရသလား။ အဲဒါ သူ ကြံစည်လို့ရတဲ့ မိန်းမ မဟုတ်ဘူးလေ။ အခုတော့ မစ္စတာကုန်း ဇနီးမောင်နှံကို ပြစ်မှားမိလိုက်ပြီဆိုတော့ နောက်ပိုင်း ဒီလို ပစ္စည်းကောင်းမျိုး ရဖို့ဆိုတာ မိုးပေါ်တက်ရတာထက် ခက်သွားပြီ။
မစ္စတာကုန်းနဲ့ ရဲ့စ်ဟမ်းတို့ တရားဝင် ရန်သူအဖြစ် မကြေညာသေးပေမဲ့ နှစ်ဖက်စလုံးက ဂုဏ်သိက္ခာရှိတဲ့လူတွေဖြစ်နေတော့ ကမ္ဘာ့အထက်တန်းလွှာတွေ ရှေ့မှာ ဒီလောက် အရှက်ခွဲခံလိုက်ရတာ ရန်သူဖြစ်သွားတာနဲ့ ဘာမှ မခြားနားတော့ဘူး ဆိုတာ လူတိုင်း နားလည်လိုက်ကြတယ်။
ရဲ့စ်ဟမ်း ထွက်ခွာသွားခြင်းသည် လူအများ၏ စိတ်ခံစားချက်ကို မထိခိုက်စေပေ။ ပါတီပွဲမှ အစားအသောက်များ အလွန်ကောင်းမွန်နေသည့်အပြင် ကုန်းထျန်းဟောက် ဇနီးမောင်နှံကလည်း များများစားပါ၊ မဝပါဘူး ဟု တိုက်တွန်းနေသဖြင့် နောက်ဆုံးတွင် အစားအသောက် ထိန်းချုပ်မှု ပြင်းထန်သော အထက်တန်းလွှာ အမျိုးသမီးများပင် ဗိုက်ကားသည်အထိ စားသောက်လိုက်ကြသည်။ အထူးသဖြင့် ယခင်က မစားရဲခဲ့သော မုန့်မျိုးစုံ၊ သစ်သီးများနှင့် အရက်များကို စားသောက်လိုက်ကြပြီးမှ ကျေနပ်စွာနှင့် နှမြောတသစွာဖြင့် ဓား၊ ခက်ရင်းနှင့် ဖန်ခွက်များကို ချလိုက်ကြသည်။
ဒီနေ့ည ပါတီပွဲက တကယ်တော့ စားသောက်ပွဲကြီးပါပဲ။
လူတိုင်းက စားဖို့ပဲ အာရုံစိုက်နေကြပြီး ဘာမှ သိပ်မဆွေးနွေးဖြစ်ကြဘူး။
ဒီလို အခြေအနေမျိုးက အထက်တန်းလွှာ အသိုင်းအဝိုင်းမှာ ရှားပါးတဲ့အခြေအနေပဲ။
လူတိုင်း သိကြတဲ့အတိုင်း အထက်တန်းလွှာ ပါတီပွဲတွေ၊ ဧည့်ခံပွဲတွေ တက်ရောက်ရတာက ကိုယ့်ရဲ့ အဆက်အသွယ်တွေကို ချဲ့ထွင်ဖို့နဲ့ ခိုင်မာအောင် လုပ်ဖို့ပါပဲ။ ဒါက အထက်တန်းလွှာ အသိုင်းအဝိုင်းမှာ ပါတီပွဲတွေ ကျင်းပရတဲ့ ရည်ရွယ်ချက် အစစ်အမှန်ပဲ။
"အိုး... ဒီနေ့ည တော်တော် စားလိုက်မိတယ်" မစ္စစ်စမစ်သည် မုန့်များနှင့် အခြား အစားအစာ အများအပြား စားသောက်ပြီးနောက် စားချင်စိတ် ပြည့်ဝသွားသဖြင့် ဓား၊ ခက်ရင်းနှင့် ပန်းကန်ကို ချလိုက်သည်။
သူမသည် လုံးဝန်းနေသော ဗိုက်ကို ငုံ့ကြည့်လိုက်ပြီး ရှောင်လင်းယွီကို စိုးရိမ်တကြီး မေးလိုက်သည်။ "မစ္စစ်ကုန်း... ကျွန်မ ဒီလောက် အများကြီး စားလိုက်တာ တကယ် မဝဘူးလားဟင်။ နည်းနည်းလေး ဝလာရင်တောင် ဝတာပဲလေ"
အခြား အမျိုးသမီးများလည်း တူညီသော မျက်လုံးများဖြင့် မေးမြန်းနေကြသည်။
ရှောင်လင်းယွီ ရယ်မောရင်း နှစ်သိမ့်လိုက်သည်။ "မစ္စစ်စမစ်... စိတ်အေးအေးထားပါ၊ ကျွန်မ အာမခံပါတယ်၊ တကယ်... တကယ်ကို မဝပါဘူး"
ဒါပေမဲ့ သူတို့က လုံးဝန်းနေတဲ့ ဗိုက်ကို ကြည့်ပြီး စိတ်ပူနေကြတုန်းပဲ။ သိထားရမှာက အရင်တုန်းက သူတို့ ဗိုက်ပူလာအောင် တစ်ခါမှ မစားဖူးဘူးလေ၊ ကလေးမွေးတုန်းကလွဲရင်ပေါ့။ ဒါပေမဲ့ ဒီနေ့ည မသိမသာနဲ့ ဒီလောက် ဗိုက်ကားအောင် စားမိလိုက်တယ်။
ရှောင်လင်းယွီက သူတို့ မယုံကြည်သော မျက်လုံးများကို ကြည့်ပြီး မတတ်သာဘဲ ပြောလိုက်သည်။ "ဒီလိုလုပ်ကြမလား။ တကယ်လို့ မနက်ဖြန်ကျရင် ရှင်တို့ ကိုယ်အလေးချိန် တစ်အောင်စ၊ တစ်အောင်စလေး တက်လာရင်တောင် ကျွန်မ တာဝန်ယူပေးမယ်၊ ဘယ်လိုလဲ။ ရှင်တို့ အဲဒီ တစ်အောင်စ ပြန်ကျသွားအောင် ကျွန်မ တာဝန်ယူပေးမယ်၊ ကောင်းလား"
မစ္စစ်စမစ် မျက်လုံးများ ကွေးသွားသည်အထိ ပြုံးလိုက်ပြီး ပြောလိုက်သည်။ "မစ္စစ်ကုန်း... တကယ်တော့ ကျွန်မတို့က ရှင် တာဝန်ယူပေးဖို့ မလိုပါဘူး။ ဒါပေမဲ့ ကျွန်မ သစ်သီးတချို့ ယူသွားလို့ ရမလား။ ရှင်တို့အိမ်က သစ်သီးတွေက တကယ် စားလို့ကောင်းလွန်းတယ်။ နောက်ပိုင်း ကျွန်မက ရှင်တို့အိမ်က သစ်သီးကိုပဲ အသိအမှတ်ပြုတော့မယ်၊ ရှင်တို့အိမ်က သစ်သီးပဲ စားဝင်တော့မယ် ထင်တယ်"
ဘယ်သူမဆို ဒီလောက် စားလို့ကောင်းတဲ့ သစ်သီးတွေ စားပြီးရင် တခြားသစ်သီးတွေ စားတဲ့အခါ ဖယောင်းဝါးနေရသလို အရသာမရှိ ဖြစ်နေမှာပဲ။
မစ္စစ်စမစ်ဆိုတဲ့ အစာပုပ်မလေးက မနက်ဖြန်ကျရင် မစ္စစ်ကုန်းရဲ့ သစ်သီးတွေ မစားရတော့မှာကို တွေးပြီး စိတ်မကောင်းဖြစ်နေလို့ မနေနိုင်ဘဲ ဒီကိစ္စကို ပြောလိုက်တာ။
"ပြဿနာ မရှိပါဘူး" ရှောင်လင်းယွီက သဘောထားကြီးစွာ ရယ်မောရင်း ပြောလိုက်သည်။ "ဒီနေ့ည အမျိုးသမီးတိုင်း သစ်သီးတချို့ ယူသွားလို့ ရပါတယ်။ နောက်ပိုင်း လိုအပ်ရင် ကျွန်မဆီ တိုက်ရိုက် ဖုန်းဆက်လိုက်ပါ၊ ကျွန်မ လူလွှတ်ပြီး လာပို့ခိုင်းလိုက်မယ်"
အခြား အမျိုးသမီးများ ကြားလိုက်ရသောအခါ မျက်လုံးများ အရောင်တောက်လာပြီး ပျော်ရွှင်စွာ ပြောလိုက်ကြသည်။ "မစ္စစ်ကုန်း... ဒါဆိုရင်တော့ ကျွန်မတို့ အားမနာတော့ဘူးနော်"
တကယ်တော့ သူတို့လည်း သစ်သီးတချို့ ယူသွားချင်ကြတာ။ ဒါပေမဲ့ သူတို့က မစ္စစ်စမစ်လောက် မျက်နှာမပြောင်တော့ ဘယ်လို ပြောရမလဲမသိဘူး ဖြစ်နေတာ။
အခု မစ္စစ်စမစ်က လူတိုင်းကိုယ်စား ပြောပေးလိုက်ပြီ၊ မစ္စစ်ကုန်းကလည်း သဘောထားကြီးတော့ ဘယ်သူမှ ငြင်းစရာ အကြောင်း မရှိတော့ဘူး။
ဟိုဘက်က သူတို့ စကားပြောနေတာကို နားထောင်နေတဲ့ သူဌေးကြီးတွေ၊ အထူးသဖြင့် ဇနီး မပါလာတဲ့ သူဌေးကြီးတွေက မကျေမနပ် ဖြစ်ကုန်ကြတယ်။
"ကုန်း... ခင်ဗျားက ဇနီး မပါလာတဲ့ ကျွန်တော်တို့ကို အနိုင်ကျင့်နေတာလား" လိုက်ဘရက်က ကုန်းထျန်းဟောက်နဲ့ ရင်းနှီးတော့ သဘာဝကျကျပဲ ကုန်းထျန်းဟောက်ကို နောက်သလိုလို အတည်လိုလို ပြောလိုက်တယ်။ "မဟုတ်ရင် ဘာလို့ ဒီအမျိုးသမီးတွေက သစ်သီးယူသွားလို့ ရပြီး ကျွန်တော်တို့ လူပျိုကြီးတွေက သစ်သီး ယူသွားလို့ မရတာလဲ"
သူတို့လည်း သစ်သီးတွေကို မက်မောတာပဲ။ တကယ်တော့ သူတို့က သစ်သီးတင် ယူသွားချင်တာ မဟုတ်ဘူး၊ တခြား ပစ္စည်းတွေလည်း ယူသွားချင်ကြတာ။ ဟင်းသီးဟင်းရွက်တွေ၊ ပဲတွေ၊ ဂျုံမှုန့်တွေ... စားလို့ရတာ မှန်သမျှ ယူသွားချင်ကြတာ။
"..." ကုန်းထျန်းဟောက် ပြုံး၍ ခေါင်းညိတ်လိုက်သည်။ "ကောင်းပြီလေ... အကုန်လုံး ယူသွားကြပါ"
ဘာပဲပြောပြော ဒီတစ်ခေါက် သယ်လာတာတွေက များတော့ တစ်ယောက်ကို ၁၀ ပေါင်၊ ပေါင် ၂၀ လောက် ယူသွားပြီး မိသားစုကို ကျွေးလည်း ကိစ္စမရှိပါဘူး။
လိုက်ဘရက်က ထပ်မေးလိုက်သည်။ "ကုန်း... ခင်ဗျားဇနီးရဲ့ ဆိုင်ခွဲတွေက ကျွန်တော်တို့ L နိုင်ငံမှာ ဘယ်တော့ ဖွင့်မှာလဲ"
"အချိန်နည်းနည်း စောင့်ရဦးမယ် ထင်တယ်" ကုန်းထျန်းဟောက်က ပြောသည်။ "ဒါပေမဲ့ ဆိုင်ခွဲ မဖွင့်ရသေးပေမဲ့ ခင်ဗျားတို့ လိုအပ်ရင် ကျွန်တော်တို့က အိမ်အရောက် ပို့ဆောင်ပေးဖို့ ဆန္ဒရှိပါတယ်" စရိတ် နည်းနည်း ပိုကြီးမှာပေါ့။ ဒါပေမဲ့ ဒီလူတွေက မတတ်နိုင်တဲ့သူတွေမှ မဟုတ်တာ၊ ဘယ်လောက် ဈေးကြီးကြီး သူတို့က စံစားချင်ကြတာပဲ။
လိုက်ဘရက်နဲ့ တခြား သူဌေးကြီးတွေ ကြားလိုက်ရတော့ ချက်ချင်း ပြုံးပြီး ပြောလိုက်ကြသည်။ "ကောင်းပြီ ကုန်း... ကျွန်တော်တို့က ဒီစကားကိုပဲ စောင့်နေတာ"
လိုက်ဘရက်က ကုန်းထျန်းဟောက် ရှေ့သို့ လျှောက်သွားပြီး ပခုံးကို ပုတ်ကာ ရင်းရင်းနှီးနှီး ပြောလိုက်သည်။ "စိတ်ချပါ... ခင်ဗျားဇနီးရဲ့ စီးပွားရေးကို နောက်ပိုင်း ကျွန်တော် သေချာပေါက် အားပေးပါ့မယ်။ ဘယ်သူကများ ပြဿနာလာရှာရဲလဲ ကြည့်ရသေးတာပေါ့၊ ကျွန်တော် အရင်ဆုံး သူတို့ကို ပြဿနာ သွားရှာလိုက်မယ်"
အခုချိန်မှာတော့ ဒီသူဌေးကြီးတွေက ကုန်းထျန်းဟောက် ဖိတ်ကြားပြီး ပါတီပွဲလုပ်ရတဲ့ ရည်ရွယ်ချက် အစစ်အမှန်ကို နားလည်သွားကြပြီ။
ဒါပေမဲ့ သိလိုက်ရတော့လည်း သူတို့ စိတ်မဆိုးကြပါဘူး။
ဘာပဲပြောပြော ကုန်းထျန်းဟောက်ရဲ့ဇနီး စိုက်ပျိုးတဲ့ ပစ္စည်းတွေက တကယ် ကောင်းမွန်တဲ့ ပစ္စည်းတွေလေ။ သူတို့ မလာရင် သူတို့အတွက် ဆုံးရှုံးမှုကြီးမှာ။
သူတို့ ကုန်းထျန်းဟောက်ကို မလေးစားဘဲ မနေနိုင်ကြဘူး။ တကယ်ကို မိန်းမချစ်တဲ့ ယောက်ျားကောင်း တစ်ယောက်ပဲ။ မိန်းမရဲ့ စီးပွားရေးအတွက်နဲ့ မျက်နှာအောက်ချပြီး သူတို့ကို ဖိတ်ခေါ်ကာ နိုင်ငံခြား ဈေးကွက်မှာ သူမရဲ့ စီးပွားရေးကို ပံ့ပိုးပေးဖို့၊ အားပေးဖို့ ပြောရဲတယ်။
ဟဟ... တကယ်လို့ သူတို့သာဆိုရင် ကိုယ့်မိန်းမကို လူလုံးထွက်ပြခိုင်းမှာ မဟုတ်ဘူး။
ဒါပေမဲ့ သူတို့မိန်းမတွေကလည်း လူလုံးထွက်ပြတာ မဟုတ်ပါဘူး၊ မိသားစုထဲမှာပဲနေပြီး အထက်တန်းလွှာ ဘဝကို စံစားနေကြတာပါ။ လှောင်အိမ်ထဲက ရွှေချည်ငှက်လေးတွေ လိုပေါ့။
ဒီယောက်ျားတွေက ယောက်ျားကြီးဝါဒ ရှိသူတွေမို့လို့ ကိုယ့်မိန်းမ လူလုံးထွက်ပြပြီး မိသားစု ဂုဏ်သိက္ခာ ကျဆင်းစေမယ့်ကိစ္စမျိုး လုပ်ခွင့်ပေးမှာ မဟုတ်ဘူး။
သေချာပေါက် ကုန်းထျန်းဟောက်က ဇနီးသည်ရဲ့ စီးပွားရေးကို ဒီလောက် ပံ့ပိုးပေးတာ၊ လူလုံးထွက်ပြခွင့်ပေးတာကို သူတို့ နားမလည်နိုင်ကြဘူး။
ကုန်းထျန်းဟောက်ကတော့ ဇနီးသည်ရဲ့ စီးပွားရေးကို ပံ့ပိုးပေးတာနဲ့ ပတ်သက်ပြီး သူများ ဘယ်လိုမြင်မြင် ဂရုမစိုက်ပါဘူး။ သူ အခု ဝမ်းသာနေတာက ပါတီပွဲကျင်းပရတဲ့ ရည်ရွယ်ချက် ပြည့်မြောက်သွားလို့ပါ။
ဇနီးလေး ပြောသလိုပဲ၊ သူတို့က တစ်ချက်တည်းနဲ့ နာမည်ကြီးသွားမယ့် အခွင့်အရေး တစ်ခု လိုအပ်တယ်။
ဒါ မဟုတ်ဘူးလား။
အားလုံး စကားစမြည် ပြောဆိုကြပြီးနောက် အချိန်နည်းနည်း နောက်ကျသွားပြီ။ တချို့က အရက် အများကြီး သောက်ထားကြတယ်။ မက်မွန်ပွင့်အရက် ဆိုပေမဲ့ လူကို မူးစေနိုင်တယ်လေ။
မကြာမီ ညစာစားပွဲ ပြီးဆုံးသွားသည်။
ကုန်းထျန်းဟောက်နှင့် ရှောင်လင်းယွီတို့ အတွက်မူ ဤပါတီပွဲသည် ပြီးပြည့်စုံစွာ ပြီးဆုံးသွားခဲ့သည်။
သူတို့၏ ကုန်ပစ္စည်းများသည် ဤလူများရှေ့တွင် တရားဝင် ပွဲထွက်နိုင်ခဲ့ပြီ ဖြစ်သကဲ့သို့ သူတို့၏ နှုတ်ကတိ၊ ပံ့ပိုးမှုနှင့် အားပေးမှုများကိုလည်း ရရှိခဲ့ပြီဖြစ်ရာ နိုင်ငံခြားဈေးကွက်အတွက် ပြဿနာ မရှိတော့ပေ။
ရဲ့စ်ဟမ်းရဲ့ A နိုင်ငံ တစ်ခုပဲ ကျန်တော့တယ်၊ ယာယီ ဘေးဖယ်ထားလိုက်မယ်၊ တခြားနေရာတွေ အရင် လုပ်ပြီးမှ ဖြေရှင်းမယ်။
…..
ကုန်းထျန်းဟောက်သည် ဧည့်သည်များကို တစ်ယောက်ပြီး တစ်ယောက် လိုက်ပို့ပေးပြီးနောက် ရဲတိုက်စံအိမ်အတွင်း ပြန်လည်တိတ်ဆိတ်သွားသည်။
သို့သော် ရဲတိုက်စံအိမ် အတွင်း ကျန်ရစ်ခဲ့သော ခြေရာလက်ရာများသည် ယခင်က စည်ကားခဲ့မှုကို ပြသနေသည်။
စာကြည့်ခန်းထဲတွင် ကုန်းထျန်းဟောက်၊ ရှောင်လင်းယွီ ဇနီးမောင်နှံနှင့် ဘရူးစ်၊ ကျန့်ယောင်ကျူတို့သည် အစည်းအဝေး အတိုလေးတစ်ခု ထပ်မံပြုလုပ်ကြသည်။
မူလက သူတို့ ထင်မှတ်ထားသည်မှာ ထောင်ယွမ်ရွာ ဟင်းသီးဟင်းရွက်နှင့် သစ်သီးများသည် တစ်ချက်တည်းနှင့် နာမည်ကြီးသွားလိမ့်မည် ဟူ၍ ဖြစ်သည်။ သို့သော် ရလဒ်က ဤမျှ ကောင်းမွန်လိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။ နေရာမှာတင် သူဌေးကြီးများကို ထိန်းချုပ်မှု လွတ်ကင်းစေပြီး ပစ္စည်း ဇာစ်မြစ်ကို မေးမြန်းစေခဲ့သည်။
ဒီလိုဆိုတော့ မူလက ဘရူးစ်နဲ့ ကျန့်ယောင်ကျူကို သူဌေးကြီးတွေရဲ့ လက်အောက်ငယ်သားတွေနဲ့ ဆက်သွယ်ခိုင်းမယ့် အစီအစဉ်ကနေ သူဌေးကြီးတွေနဲ့ တိုက်ရိုက် ဆက်သွယ်ရတဲ့ အခြေအနေ ဖြစ်သွားတယ်။
ကုန်းထျန်းဟောက်က ပြောသည်။ "ဒီည ပြီးတာနဲ့ ငါတို့ နေရာအသီးသီးမှာ ဆိုင်ခွဲဖွင့်ဖို့အတွက် ဘာမှ စိုးရိမ်ပူပန်စရာ မလိုတော့ဘူး။ ငါတို့ကိုယ်တိုင် ပြဿနာမရှာသရွေ့ ငါတို့ကို ဘယ်သူမှ ပြဿနာ လာရှာရဲမှာ မဟုတ်ဘူး၊ ဟွမ်လင်းအုပ်စု အပါအဝင်ပေါ့"
ကျန့်ယောင်ကျူက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ "ဟွန့်... အရင်တုန်းက ဟွမ်လင်းအုပ်စုက ငါတို့ ဟွာရှမှာ ပြဿနာ ရှာခဲ့တာ။ အခုတော့ ကံကြမ္မာ အလှည့်အပြောင်း ဖြစ်သွားပြီ၊ ငါတို့က သူတို့ နိုင်ငံခြား ဈေးကွက်ကို လိုက်လုရတော့မယ်။ သူတို့ကို ပြဿနာ ရှာခိုင်းလိုက်၊ ရှာခိုင်းလိုက်"
"အဟမ်း..." ရှောင်လင်းယွီ ချောင်းဟန့်လိုက်ပြီး ပြောလိုက်သည်။ "ယောင်ကျူ... အသံတိုးတိုး လုပ်ပါ၊ အရမ်း စိတ်မလှုပ်ရှားပါနဲ့"
တကယ်တော့ ရှောင်လင်းယွီလည်း အငြိုးအတေး ထားတတ်သူပါ။
အရင်တုန်းက ဟွမ်လင်းအုပ်စုက ဟွာရှမှာ ပြဿနာရှာတာ အရမ်း မောက်မာလွန်းခဲ့တယ်၊ ပြီးတော့ အပြစ်မဲ့တဲ့ လူ ၁၂ ယောက်ကို သေစေခဲ့တယ်။ ဒီအငြိုးကို သူမ အမြဲ မှတ်ထားတယ်။
ဒါကြောင့် ဒီတစ်ခေါက် နိုင်ငံခြား ဈေးကွက် ချဲ့ထွင်ရာမှာ သူတို့ကို လုံးဝ အသက်ရှူပေါက် မပေးဖို့ ဆုံးဖြတ်ထားတယ်။
ဟဟ...
***