← Chapters

အခန်း (၉၃၅-၉၃၆)

Vol. 57 Ch. 935-936

အခန်း (၉၃၅-၉၃၆)

Vol. 57 Ch. 935-936

အခန်း ၉၃၅ ။ တောင်းပန်ပါတယ် လွှတ်ပေးပါ

Green Freshအုပ်စု ဥက္ကဌ ရုံးခန်း...

လူ့စွမ်းအား အရင်းအမြစ် ဌာနမှူး အန်းရှောင်ဟွေသည် ဖိုင်တစ်ထပ်ကို ကိုင်ကာ ရှောင်လင်းယွီကို ပြောလိုက်သည်။ "ဥက္ကဌရှောင်... ဒါတွေက ရွေးချယ်ထားတဲ့ လျှောက်လွှာတွေနဲ့ အချက်အလက်တွေပါ"

ရှောင်လင်းယွီ ယူကြည့်လိုက်ပြီး အံ့သြစွာ ပြောလိုက်သည်။ "ဒီလောက်တောင် များတာလား"

အန်းရှောင်ဟွေ ပြောလိုက်သည်။ "အစောင် နှစ်ထောင်ပါ။ ဒါ များတယ်လား၊ ဒီအစောင် နှစ်ထောင်က သုံးသောင်းထဲကနေ သုံးဆင့် စိစစ်ပြီးမှ ဥက္ကဌရှေ့ ရောက်လာတာပါ"

"သုံးသောင်း..." ရှောင်လင်းယွီ ဒီကိန်းဂဏန်းကို ကြားပြီး အံ့သြသွားသည်။ "ဘာလို့ ဒီလောက် များရတာလဲ"

အန်းရှောင်ဟွေ ပခုံးတွန့်လိုက်ပြီး ပြုံးလျက် ပြောလိုက်သည်။ "ကျွန်မတို့ Green Freshအုပ်စုရဲ့ ဝန်ထမ်းခေါ်ယူမှု သတင်း အွန်လိုင်းပေါ် တင်လိုက်ကတည်းက နိုင်ငံအနှံ့ကနေ ကျွန်မတို့ အီးမေးလ်ထဲကို ကိုယ်ရေးရာဇဝင်တွေ ပို့လာကြတာ၊ ပြီးတော့ အများစုက ကုမ္ပဏီအများအပြားက လုပ်ငန်းထူးချွန်သူတွေနဲ့ စီးပွားရေး လူတော်တွေချည်းပဲ"

ဤနေရာသို့ ရောက်သောအခါ အန်းရှောင်ဟွေ ခေါင်းကိုက်သလို ပြောလိုက်သည်။ "ဥက္ကဌရှောင်... ဥက္ကဌ မသိပါဘူး၊ ကျွန်မ အခု နေ့တိုင်း ဖုန်းတွေ မနားတမ်း ကိုင်နေရတယ်။ အလုပ်လျှောက်တဲ့ ဖုန်းတွေအပြင် ကုမ္ပဏီတချို့က သီးသန့်ဖုန်းဆက်လာပြီး ကျွန်မတို့ Green Freshအုပ်စု အနေနဲ့ လက်မြှောက် အရှုံးပေးဖို့၊ သူတို့ ကုမ္ပဏီအတွက် လူတော် တစ်ယောက်၊ နှစ်ယောက်လောက် ချန်ထားပေးဖို့ တောင်းပန်နေကြတယ်။ မဟုတ်ရင် သူတို့ ကုမ္ပဏီ ဆုံးရှုံးမှုက တကယ် ကြီးမားလွန်းလို့ပါတဲ့"

အရင်တုန်းက ဝန်ထမ်းခေါ်ယူမှု သတင်း အွန်လိုင်းပေါ် တင်တုန်းက သူတို့ ဒီပြဿနာကို လုံးဝ ထည့်မစဉ်းစားခဲ့ဘူး။

သူတို့ Green Freshအုပ်စုက ဒီလောက် ဆွဲဆောင်မှု ရှိလိမ့်မယ်၊ လုပ်ငန်းခွင် ထူးချွန်သူတွေနဲ့ စီးပွားရေး လူတော်တွေ အများကြီး စိတ်ဝင်စားလာလိမ့်မယ်လို့ ဘယ်ထင်ထားမလဲ။

ရှောင်လင်းယွီ ကြားလိုက်ရသောအခါ မျက်ခုံးပင့်လိုက်ပြီး အလွန်အံ့သြသွားသည်။

ယခုတစ်ကြိမ် Green Freshအုပ်စု ဝန်ထမ်းခေါ်ယူမှု ကိစ္စက လုပ်ငန်းခွင်နဲ့ စီးပွားရေးလောကမှာ ဒီလောက် ဂယက်ရိုက်သွားလိမ့်မယ်လို့ သူတို့ လုံးဝ မမျှော်လင့်ထားခဲ့ဘူး။

အရင်တုန်းက သူတို့ စဉ်းစားခဲ့တာက လူတော်တွေများများ ခေါ်နိုင်မလား ဆိုတာပဲ၊ တခြား ကုမ္ပဏီက လူတော်တွေကို တူးမိမယ်လို့ ဘယ်ထင်ထားမလဲ။

လူတော်ကို မြတ်နိုးတဲ့စိတ်က ကုမ္ပဏီတိုင်းမှာ ရှိကြတာပဲ။

ဒီလူတော်တွေကိုယ်တိုင် လာလျှောက်မှတော့ သူတို့က ငြင်းပယ်စရာ အကြောင်း မရှိဘူးလေ။

အဲဒီ ကုမ္ပဏီတွေက ကိုယ့်လူကိုယ် မထိန်းနိုင်တာ သူတို့ Green Freshအုပ်စုနဲ့ မဆိုင်ဘူး။

အန်းရှောင်ဟွေ "အခု လျှောက်လွှာတွေ ဆက်တိုက်ရောက်လာနေတုန်းပဲ၊ လူ့စွမ်းအား အရင်းအမြစ် ဌာနက လူသုံးယောက် စီစဉ်ပြီး စိစစ်ခိုင်းထားတယ်"

ရှောင်လင်းယွီ ခေါင်းညိတ်လိုက်သည်။ "အင်း... မှာလိုက်ပါ၊ ရွေးချယ်တဲ့ နေရာမှာ သေချာ စိစစ်ဖို့၊ အရေအတွက် မများရင်နေပါစေ အရည်အချင်းမမီတာ မပါစေနဲ့"

"ဟုတ်ကဲ့... ကျွန်မ စောစောစီးစီး မှာထားပြီးပါပြီ" အန်းရှောင်ဟွေ ခေါင်းညိတ်လိုက်သည်။

ရှောင်လင်းယွီသည် လျှောက်လွှာ အချက်အလက်များကို လှန်လှောကြည့်ရှုလိုက်သည်။ ထို့နောက် သူမ ရွေးချယ်ထားသူများကို ထုတ်ယူလိုက်ရာ လူ ၆၀၀ ခန့် ရှိသည်။ "ဒီလူတွေကို အရင် အင်တာဗျူး စီစဉ်လိုက်ပါ"

"ဟုတ်ကဲ့" အန်းရှောင်ဟွေ ပြန်ဖြေလိုက်သည်။

ပယ်ချခံလိုက်ရသူများကို အန်းရှောင်ဟွေ မမေးမြန်းတော့ပေ။

ရှောင်လင်းယွီ ပယ်ချလိုက်သည်ဆိုကတည်းက ပယ်ချရမည့် အကြောင်းရင်း ရှိမည်ဟု သူမ ယုံကြည်သည်။

အန်းရှောင်ဟွေသည် ထုတ်ယူထားသော လျှောက်လွှာများကို ကြည့်ပြီး ပြောလိုက်သည်။ "ကျွန်မတို့ ကုမ္ပဏီ လူခေါ်တာ တကယ်တင်းကျပ်တာပဲ၊ လူတစ်သိန်းထဲကမှ ခြောက်ရာပဲ ရွေးလိုက်တယ်။ ကျွတ် ကျွတ်... ဒီအခွင့်အရေးက တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေတာလောက် နီးပါး ခက်ခဲနေပြီ။ ဪ... မဟုတ်ဘူး၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲထက်တောင် ပိုခက်သေးတယ်"

အနည်းဆုံးတော့ စာမေးပွဲဖြေသူ တစ်သိန်းထဲမှာ ထိပ်တန်း တက္ကသိုလ်ဝင်ခွင့်ရသူက ငါးရာ၊ ခြောက်ရာထက် မကဘူး ဆိုတာ သူမ သိတယ်။

ရှောင်လင်းယွီ ရယ်မောရင်း ပြောလိုက်သည်။ "ဘာလဲ... ပယ်ချခံရသူတွေအတွက် မကျေမနပ် ဖြစ်နေတာလား"

အန်းရှောင်ဟွေ ချက်ချင်း ခေါင်းခါလိုက်သည်။ "မဖြစ်ပါဘူး"

ဤနေရာသို့ ရောက်သောအခါ သူမ ခနရပ်လိုက်ပြီး ပြောလိုက်သည်။ "ကျွန်မက ကံကောင်းတယ်လို့ပဲ ခံစားရတယ်"

ထိုစဉ်က သူမ ထောင်ယွမ်ရွာကို အလည်လာရင်း ရှောင်လင်းယွီ သဘောကျပြီး ဒီမှာ အလုပ်ဝင်လုပ်ခဲ့ရတာ။

ကံကောင်းလို့ ထိုစဉ်က ကုမ္ပဏီ စတင်ထူထောင်ခါစမို့လို့ အတိုင်းအတာ မကြီးမားသေးတာ။ မဟုတ်ရင် ကုမ္ပဏီရဲ့ လက်ရှိ အတိုင်းအတာနဲ့ ဆိုရင် သူမရဲ့ ပညာအရည်အချင်းနဲ့ လုပ်သက်အရ Green Freshအုပ်စု လူ့စွမ်းအား အရင်းအမြစ် ဌာနမှူး ရာထူးကို လွယ်လွယ်ကူကူ ရနိုင်မှာ မဟုတ်ဘူး၊ Green Freshအုပ်စု တံခါးပေါက်တောင် ဝင်လို့ရမှာ မဟုတ်ဘူး။

အခုဆို သူမရဲ့ အတန်းဖော်တွေနဲ့ ဆွေမျိုးသူငယ်ချင်းတွေက သူမကို ဘယ်လောက် မနာလို၊ အားကျ၊ မုန်းတီးနေကြမလဲ မသိဘူး။

ရှောင်လင်းယွီ ဘေးနား ရောက်လာကတည်းက သူမ အရင်တုန်းက စိတ်နုတဲ့ အားနည်းချက်ကို ဖြည်းဖြည်းချင်းပြုပြင်ပြီး လွတ်လပ်တဲ့၊ ကိုယ့်အားကိုယ်ကိုးတဲ့ အမျိုးသမီး တစ်ယောက် ဖြစ်လာခဲ့တယ်။

သူမက ကိုယ့်ကိုယ်ကိုယ် အရင်တင်းကျပ်တယ်၊ ကိုယ်ကျိုးအတွက် အာဏာမသုံးဘူး။ အရင်တုန်းက အတန်းဖော်တွေ၊ ဆွေမျိုးသူငယ်ချင်းတွေက သူမ Green Freshအုပ်စုမှာ အလုပ်လုပ်တာ သိကြတယ်၊ ပြီးတော့ အရေးကြီးတဲ့ ရာထူးရထားတာသိကြတော့ သူမ အရှိန်အဝါကို သုံးပြီး Green Freshအုပ်စုထဲ ဝင်လုပ်ချင်ကြတယ်။

အန်းရှောင်ဟွေက ပြတ်သားစွာငြင်းပယ်ပြီး ပုံမှန် လုပ်ထုံးလုပ်နည်းအတိုင်း လျှောက်ခိုင်းတယ်။ အရည်အချင်း ရှိရင် ဝင်၊ မရှိရင် သူမလည်း မတတ်နိုင်ဘူး၊ မျက်နှာလိုက်မှာ မဟုတ်ဘူး။

ဒီလိုလုပ်လိုက်လို့ အန်းရှောင်ဟွေက အတန်းဖော်တွေနဲ့ ဆွေမျိုးသူငယ်ချင်းတွေရဲ့ ဝေဖန်ပြစ်တင်မှုကို ခံခဲ့ရတယ်။ သူမ Green Freshအုပ်စု ရောက်သွားတာနဲ့ မောက်မာသွားပြီ၊ သူတို့ကို အထင်သေးနေပြီ၊ မဟုတ်ရင် အကူအညီ နည်းနည်းလေးတောင် မပေးဘဲနေရလား စသဖြင့် ပြောဆိုကြတယ်။ ပြီးတော့ သူမလို ဆွေမျိုး မရှိတော့ဘူး၊ အတန်းဖော် မရှိတော့ဘူး ဆိုပြီး ပြောဆိုကြတယ်။

အတိုချုပ်ပြောရရင် ရန်သူတွေဖြစ်ကုန်ကြပြီး အဆက်အသွယ် ဖြတ်လိုက်ကြတယ်။

အန်းရှောင်ဟွေက ကိုယ့်ကိုယ်ကိုယ် တင်းကျပ်သလို လက်အောက်ငယ်သားတွေကိုလည်း တင်းကျပ်တယ်။

သူမ စီမံခန့်ခွဲမှုအောက်မှာ ကောက်ကျစ်စဉ်းလဲသူ၊ ပျင်းရိသူတွေ ပေါ်လာမှာကို လုံးဝ ခွင့်မပြုသလို လက်အောက်ငယ်သားတွေက အာဏာသုံးပြီး ကိုယ်ကျိုးရှာတာ၊ လာဘ်စားတာမျိုးတွေကိုလည်း လုံးဝ ခွင့်မပြုဘူး။

ဒါကြောင့် သူမရဲ့ လက်အောက်ငယ်သားတွေက သူမကို နာမည်ပြောင် ပေးထားကြတယ်။ 'သီလရှင်မယ်တော်ကြီး' တဲ့။

အေးစက်ပြီး ရက်စက်လွန်းလို့လေ။

အန်းရှောင်ဟွေက အရင်တုန်းက စိတ်နုတဲ့ အားနည်းချက်ကြောင့် ကိုယ့်ကိုယ်ကိုယ် နာကျင်စေခဲ့ဖူးတယ်၊ ဥပမာ - ယဲ့ဖေးအာ ကိစ္စ။ တစ်ချိန်တည်းမှာ ကုမ္ပဏီကိုလည်း ဆုံးရှုံးမှု ကြီးမားစေခဲ့ဖူးတယ်၊ ဥပမာ - ပိုင်ရှန်းရှန်းကို ခေါ်ခဲ့တဲ့ကိစ္စ။

ဒီသင်ခန်းစာနှစ်ခုကြောင့် သူမ နောက်ပိုင်း လုံးဝအမှားမခံတော့ဘူးလို့ ကိုယ့်ကိုယ်ကိုယ် ကတိပေးခဲ့တယ်၊ မဟုတ်ရင် သူမကို အမြဲ ပြုစုပျိုးထောင်ပေးပြီး ယုံကြည်ပေးခဲ့တဲ့ ရှောင်လင်းယွီကို မျက်နှာပျက်စေလိမ့်မယ်။

အန်းရှောင်ဟွေသည် ဥက္ကဌ ရုံးခန်းမှ ထွက်လာပြီးနောက် တင်းကျပ်ပြီး ထက်မြက်သော လူ့စွမ်းအား အရင်းအမြစ် ဌာနမှူး ပြန်ဖြစ်သွားသည်။ သူမ လျှောက်လွှာများကို လက်ထောက်ကို ပေးလိုက်ပြီး မှာကြားလိုက်သည်။ "ဒီလူတွေကို မနက်ဖြန် မနက် ၉ နာရီ အင်တာဗျူးလာဖို့ အကြောင်းကြားလိုက်"

လက်ထောက်က အချက်အလက်များကို ပိုက်ထားရင်း ချက်ချင်း ပြန်ဖြေလိုက်သည်။ "ဟုတ်ကဲ့"

အန်းရှောင်ဟွေ ထပ်မှာလိုက်သည်။ "ရှောင်ကျန်းတို့ သုံးယောက်ကို မှာလိုက်၊ လျှောက်လွှာတင်တဲ့သူတွေကို စိစစ်တဲ့နေရာမှာ အရေအတွက် မများရင်နေပါစေ အရည်အချင်း မမီတာ မပါစေနဲ့လို့"

လက်ထောက်က မျက်မှန်ကို ပင့်တင်လိုက်ပြီး ထပ်ဖြေလိုက်သည်။ "ဟုတ်ကဲ့"

ထို့နောက် အန်းရှောင်ဟွေ ကိစ္စအချို့ ထပ်မှာလိုက်ပြီး လက်ထောက်ကို စီစဉ်ခိုင်းလိုက်သည်။

ထို့နောက် အန်းရှောင်ဟွေ သူမရုံးခန်းထဲ ဝင်သွားပြီး သူမလက်ထောက်က တာဝန်တွေ သွားစီစဉ်လိုက်သည်။

အန်းရှောင်ဟွေ ရုံးခန်းထဲ ဝင်လိုက်သည်နှင့် သူမဖုန်း မြည်လာသည်။

ဖုန်းကို ထုတ်ကြည့်လိုက်သောအခါ ခေါင်းကိုက်သွားပြီး နဖူးကို နှိပ်နယ်ကာ ခေါ်လိုက်သည်။ "အဖေ..."

ထို့နောက် အဖေအန်း၏ဒေါသသံ ဖုန်းထဲမှ ထွက်ပေါ်လာသည်။ "အန်းရှောင်ဟွေ... နင် တကယ်ပဲ ဆွေမျိုးမတော်တော့ဘူးလား။ နင်က အန်းယန်ကို နင်တို့ ကုမ္ပဏီ ဝင်လို့ရတယ်လို့ ပြောခဲ့တယ် မဟုတ်လား။ ဘာလို့ စောစောက အန်းယန် ဖုန်းဆက်ပြီး သူ အပယ်ခံလိုက်ရပြီလို့ ပြောတာလဲ"

အန်းယန်က အန်းရှောင်ဟွေရဲ့ ဝမ်းကွဲမောင်၊ သူမ ဦးလေးရဲ့ သား၊ တက္ကသိုလ် ဘွဲ့ရတာ ၂ နှစ်၊ ၃ နှစ် ရှိပြီ၊ အလုပ် အတည်တကျ မရှိဘဲ အိမ်မှာ ဂိမ်းထိုင်ဆော့နေတာ။

ဒီတစ်ခေါက် အန်းရှောင်ဟွေတို့ ကုမ္ပဏီက ဝန်ထမ်း အများအပြား ခေါ်ယူတယ် ကြားတော့ အိမ်ကလူတွေက စိတ်ဝင်စားသွားပြီး Green Freshအုပ်စု ဝင်ချင်ကြတယ်၊ ပြီးတော့ အန်းရှောင်ဟွေကို နေရာတစ်ခု စီစဉ်ခိုင်းချင်ကြတယ်။

အဖေအန်းက ဒီကိစ္စကို တာဝန်ယူလိုက်ပြီး အန်းယန်ကို Green Freshအုပ်စု သေချာပေါက် ဝင်ခိုင်းမယ်၊ ပြီးတော့ စီမံခန့်ခွဲမှု ရာထူး ရစေရမယ်လို့ ပြောခဲ့တယ်။

ဒါပေမဲ့ သူ့သမီးက သူ့ကို ဒီလောက်မျက်နှာပျက်အောင် လုပ်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ ပထမအဆင့်မှာတင် လူကို ပယ်ချလိုက်တော့ အစ်ကိုဖြစ်သူက သူ့အိမ်လာပြီး ဆဲဆိုတော့တာပေါ့။

ဒါကြောင့် ဒေါသထွက်နေတဲ့ အဖေအန်းက သမီးဖြစ်သူကို တိုက်ရိုက် မေးခွန်းထုတ်တော့တာပေါ့။

***

စိုက်ပျိုးရေးနေရာလွတ်က ငါ့ကိုချမ်းသာလာစေတယ်

အခန်း ၉၃၆ ။ အန်းရှောင်ဟွေ၏ မိသားစု ကိစ္စရပ်များ

အန်းရှောင်ဟွေသည် ဖုန်းကိုင်ထားပြီး အဖေအန်း၏ ကျယ်လောင်သော အော်ဟစ်သံများကို နားထောင်ရင်း ခေါင်းကိုက်သလို ဝမ်းနည်းစိတ်လည်း ဖြစ်ပေါ်လာသည်။

သူမ နဖူးကို နှိပ်နယ်ရင်း အဖေအန်းကို ရှင်းပြလိုက်သည်။ "အဖေ... သမီးက အန်းယန်ကို ကုမ္ပဏီထဲ ဝင်ခွင့်မပေးတာ မဟုတ်ပါဘူး။ ကုမ္ပဏီက သူ့ကို လက်မခံတာပါ။ အန်းယန်က ဘယ်လိုလူလဲဆိုတာ အဖေ သမီးထက် ပိုသိပါတယ်။

သူ ပထမအဆင့်မှာတင် ဘာလို့ အပယ်ခံရလဲ သိလား။ ပထမဆုံး အချက်က သူ့ရဲ့ ကိုယ်ကျင့်တရား မကောင်းလို့၊ အစားသောက်မက်ပြီး အလုပ်မလုပ်ချင်လို့၊ ပြီးတော့ လက်တွေ့မကျဘဲ စိတ်ကူးယဉ်တတ်လွန်းလို့။ ရောက်လာတာနဲ့ မန်နေဂျာနေရာကို တောင်းဆိုနေတယ်။ အဖေ... အန်းယန်လိုလူမျိုးက မန်နေဂျာ လုပ်နိုင်မယ် ထင်နေလား"

အဖေအန်းက သူမ ရှင်းပြတာကို နားမထောင်ဘဲ ပြောလိုက်သည်။ "ငါ ဂရုမစိုက်ဘူး။ နင် အန်းယန်ကို နင်တို့ ကုမ္ပဏီထဲ ဝင်ခွင့်မပေးတာ နင့်အပြစ်ပဲ။ အခု နင့်ဦးလေးက အိမ်အထိ လာပြီး ရန်ရှာနေပြီ။ အိမ်နီးချင်းတွေရော၊ ဆွေမျိုးမိတ်ဆွေတွေပါ ငါက ဆွေမျိုးဖြတ်ချင်နေတဲ့ သမီးတစ်ယောက် မွေးထားတယ်ဆိုတာ သိကုန်ကြပြီ။ ကိုယ်တိုင်က အလုပ်ကောင်းကောင်းရပြီး လစာကောင်းကောင်း ရ၊ ကောင်းကောင်းနေနေရပေမဲ့ ဆွေမျိုးတွေကို လှည့်မကြည့်တော့ဘူးဆိုပြီး ပြောနေကြပြီ"

ဤနေရာသို့ ရောက်သောအခါ အဖေအန်းက အမိန့်ပေးသလို ပြောလိုက်သည်။ "အန်းရှောင်ဟွေ... ငါ နင့်ကို ပြောလိုက်မယ်။ နင်တို့ ကုမ္ပဏီမှာ အန်းယန်အတွက် အလုပ်နေရာတစ်ခု ချက်ချင်း စီစဉ်ပေးလိုက်၊ အကောင်းဆုံးကတော့ ဌာနတစ်ခုခုရဲ့ မန်နေဂျာ ရာထူးပေါ့။ မဟုတ်ရင် ငါ့ကို အဖေလို့ မခေါ်နဲ့တော့။ ငါ့မှာ နင်လို သွေးအေးရက်စက်ပြီး ဆွေမျိုးမတော်တော့တဲ့ သမီးမျိုး မရှိဘူး"

အန်းရှောင်ဟွေက မတတ်သာဘဲ ပြောလိုက်သည်။ "အဖေ... အဖေ အဓိပ္ပာယ်မရှိတာတွေ မပြောပါနဲ့လား။ ဒီကုမ္ပဏီက သမီး ပိုင်တာမှ မဟုတ်တာ၊ စီစဉ်ချင်တိုင်း စီစဉ်လို့ ရမလား။ ပြီးတော့ မန်နေဂျာ ရာထူးတဲ့။

အဖေ... သမီး အဖေ့ကို ပြောပြမယ်၊ သမီးမှာ အဲဒီလောက် လုပ်ပိုင်ခွင့်အာဏာ မရှိပါဘူး။ သမီးတို့ ကုမ္ပဏီမှာ ဌာနဆိုင်ရာမန်နေဂျာတစ်ယောက်ဖြစ်ဖို့ ဘယ်လို အရည်အချင်းနဲ့ ပညာအရည်အချင်း လိုအပ်လဲဆိုတာ အဖေ သိလား။ နိုင်ငံခြားကပြန်လာတဲ့ ပါရဂူတွေ၊ မဟာတန်းတွေတောင် တန်းစီပြီး အလုပ်လာလျှောက်နေကြတာ။

အန်းယန်ရဲ့ ပညာအရည်အချင်းက ဘာလဲ၊ တတိယတန်းစား တက္ကသိုလ်က ဘွဲ့ရတစ်ယောက်ပဲ။ ပညာအရည်အချင်းကို ထားလိုက်ပါတော့၊ သမီးတို့ ကုမ္ပဏီက ပညာအရည်အချင်းကို သိပ်အလေးမထားပါဘူး၊ အရည်အချင်းကိုပဲ ကြည့်တာပါ။ အရည်အချင်းရှိရင် လုပ်လို့ ရပါတယ်။

ဒါပေမဲ့ အဖေ... အန်းယန်မှာ အရည်အချင်း ရှိလို့လား။

တက္ကသိုလ် ဘွဲ့ရပြီးကတည်းက သူ ဘယ်အလုပ်မှ ကြာကြာမလုပ်ဘူး။ အလုပ်ပင်ပန်းတယ် ပြောလိုက်၊ လစာနည်းတယ် ပြောလိုက်၊ ကုမ္ပဏီက သူ့ကို မန်နေဂျာ တန်းမခန့်လို့ ဆိုပြီး အပြစ်တင်လိုက်နဲ့။ နောက်ပိုင်း အလုပ်လုံးဝ မဆင်းတော့ဘဲ အိမ်မှာ ဂိမ်းထိုင်ဆော့နေတာ၊ ထမင်းစားဖို့ ပါးစပ်ဟရုံ၊ အဝတ်ဝတ်ဖို့ လက်ဆန့်ရုံပဲ လုပ်နေတာ၊ အိမ်မှာ အားယားနေတာ နှစ်နှစ်ရှိပြီ။

အန်းယန်လို လူမျိုးကို သမီးတို့ ကုမ္ပဏီ မပြောနဲ့၊ ကုမ္ပဏီ သေးသေးလေးတွေတောင် လက်ခံမှာ မဟုတ်ဘူး။

အဖေ... သမီးကို အခက်တွေ့အောင် မလုပ်ပါနဲ့တော့။ သမီးက ကိုယ်ကျိုးအတွက် အာဏာသုံးပြီး အန်းယန်ကို ကုမ္ပဏီထဲ သွင်းပေးမှာ မဟုတ်ဘူး။ သူ သမီးတို့ ကုမ္ပဏီရဲ့ အပန်းဖြေစခန်းမှာ ဟင်းသီးဟင်းရွက်စိုက်တဲ့ အလုပ်သမား လာလုပ်မယ်ဆိုရင်တော့ စဉ်းစားပေးလို့ ရတယ်"

"ဟင်းသီးဟင်းရွက် စိုက်တဲ့ အလုပ်သမား..." အဖေအန်း သံသယ ဖြစ်သွားသည်။

ထိုအချိန်တွင် ဘေးနားမှ အသံတစ်ခု ဖုန်းထဲသို့ ဝင်လာသည်။

"ဟင်းသီးဟင်းရွက် စိုက်တဲ့ အလုပ်သမား ဟုတ်လား။ အဲဒါ လယ်သမားလုပ်ခိုင်းတာ မဟုတ်ဘူးလား" အမျိုးသမီး အသံက သဘောပေါက်သွားပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။ "ကောင်းပြီလေ... အန်းရှောင်ဟွေ၊ နင်က ငါတို့လို ဆင်းရဲသားတွေကို အထင်သေးတာ ထားလိုက်ပါတော့၊ အန်းယန်က နင့်ရဲ့ ဝမ်းကွဲမောင်လေးလေ၊ တက္ကသိုလ်ဘွဲ့ရချင်းအတူတူ နင်က သူ့ကို နှိမ်ချဆက်ဆံတယ်၊ အထင်သေးတယ်၊ စကားတိုင်းမှာ ငါ့သား အန်းယန်က နင့်လောက် မတော်ဘူးဆိုတဲ့ အဓိပ္ပာယ်တွေ ပါနေတယ်။ ငါ့သား အန်းယန်ကို လယ်သမား သွားလုပ်ခိုင်းတယ် ဟုတ်လား။ ဟွန့်... ငါ နားလည်လိုက်ပါပြီ၊ နင်က ငါတို့ကို အထင်သေးနေတာပဲ၊ ငါ့သား အန်းယန်ကို အလုပ်မစီစဉ်ပေးချင်တာပဲ"

"ဟွန့်... အန်းရှောင်ဟွေ၊ ငါ နားလည်လိုက်ပါပြီ၊ နင်က သွေးအေးရက်စက်တဲ့ တိရစ္ဆာန်ပဲ" ဖုန်းထဲတွင် အဒေါ်အန်းက သူမကို ဆဲဆိုကြိမ်းမောင်းနေသည်။ ထို့နောက် အန်းရှောင်ဟွေက အဒေါ်အန်း သူမ၏ မိဘများကို ပြောနေသည်ကို ကြားလိုက်ရသည်။ "အစ်ကိုကြီး၊ ယောင်းမ... နောက်ဆိုရင် ငါတို့အိမ်နှစ်အိမ် အဆက်အသွယ် ဖြတ်လိုက်ကြရအောင်။ ငါတို့က နင်တို့ကို မမှီပါဘူး"

"ဟာ... ညီမလေး၊ စိတ်မဆိုးပါနဲ့၊ အေးဆေး ပြောကြတာပေါ့" အမေအန်းက အလျင်အမြန် ဝင်ရောက် ဖျောင်းဖျလိုက်သည်။

"ဟွန့်... ဘာပြောစရာ ရှိလို့လဲ" အဒေါ်အန်းက ဒေါသတကြီး ပြောလိုက်သည်။ "နောက်ဆိုရင် ငါတို့အိမ်နှစ်အိမ် လာမပတ်သက်ကြနဲ့တော့။ ကောင်းကောင်းမွန်မွန် နေနေရတဲ့ နင်တို့သမီးကို ငါတို့က မမှီပါဘူး"

နောက်ဆုံး စကားလုံးသည် အဖေအန်းနှင့် အမေအန်းတို့အတွက် ရင်နာစရာကောင်းလှသည်။ အထူးသဖြင့် အန်းရှောင်ဟွေအတွက် ပိုမို ဝမ်းနည်းစရာ ကောင်းပြီး မတတ်သာဖြစ်နေရသည်။

ထို့နောက် အန်းရှောင်ဟွေသည် ဟိုဘက်မှ တဒုန်းဒုန်း တဒိုင်းဒိုင်း အသံများကို ကြားလိုက်ရသည်။ သူမ၏ ဦးလေးနှင့် အဒေါ်တို့ အန်းအိမ်မှ ထွက်ခွာသွားပြီး တံခါးဆောင့်ပိတ်လိုက်သော အသံများ ဖြစ်ပေလိမ့်မည်။

ထို့နောက် ဒေါသတကြီး အော်ဟစ်သံ တစ်ခု အန်းရှောင်ဟွေ နားထဲသို့ ရောက်လာသည်။ "အန်းရှောင်ဟွေ... နောက်ဆိုရင် ငါ နင့်အဖေ မဟုတ်တော့ဘူး။ ဒီအိမ်ကလည်း နင့်အိမ် မဟုတ်တော့ဘူး၊ ငါတို့မှာ နင်လို သွေးအေးရက်စက်တဲ့ သမီးမျိုး မရှိဘူး"

ပြောပြီးသည်နှင့် တစ်ဖက်မှ ဖုန်းချသွားသည်။

အန်းရှောင်ဟွေသည် ဖုန်းကိုင်ထားရင်း မျက်ရည်မထွက်နိုင်အောင် ဝမ်းနည်းကြေကွဲနေသည်။

သူမကို မထောက်ခံသော မိဘနှစ်ပါးရှိနေခြင်းအတွက် ဘာလုပ်ရမှန်း မသိ ဖြစ်နေသည်။

မိဘနှစ်ပါးသည် သူမ တစ်ယောက်တည်းကိုသာ မွေးဖွားခဲ့သည်။ မိသားစုတွင် ယောက်ျားလေး ဦးစားပေးသော အယူအဆရှိသဖြင့် မိဘများက သားယောကျ်ားလေးတစ်ယောက် အမြဲ လိုချင်ခဲ့ကြသည်။

သို့သော် ထိုဆန္ဒ မပြည့်ဝခဲ့ပေ။

တဖြည်းဖြည်းနှင့် အသက်ကြီးလာသောအခါ လက်လျော့လိုက်ကြသည်။

သို့သော် သားယောကျ်ားလေး မမွေးဖွားနိုင်သောကြောင့် သူတို့ အသက်ကြီးလာလျှင် ပြုစုစောင့်ရှောက်မည့် မျှော်လင့်ချက်ကို တူဖြစ်သူအပေါ် ပုံချထားကြသည်။ တူဖြစ်သူက သူတို့ ကွယ်လွန်လျှင် အိုးခွဲပေးမည့်သူ (ဈာပန အခမ်းအနား ဦးဆောင်ပေးမည့်သူ) ဖြစ်စေချင်ကြသည်။

ထို့အပြင် သူတို့၏ အိမ်ခြံမြေ ပိုင်ဆိုင်မှုများကို အနာဂတ်တွင် အန်းယန်ကို ပေးမည်ဟု ကတိပေးထားကြသည်။

ဟဟ... ရယ်စရာ ကောင်းလိုက်တာ။

မိမိတို့၏ အိမ်ခြံမြေ ပိုင်ဆိုင်မှုများကို တူဖြစ်သူအား ပေးအပ်မည် ဖြစ်သော်လည်း သမီးဖြစ်သူကို အသက်ကြီးလာလျှင် ပြုစုစောင့်ရှောက်ခိုင်းမည်၊ အန်းယန်ကမူ သူတို့ ကွယ်လွန်မှ အိုးခွဲပေးရုံသာ ရှိသည်။

အန်းရှောင်ဟွေသည် ဝမ်းနည်းစရာ ကောင်းသည်ဟု ခံစားရသလို မတတ်သာဖြစ်နေရသည်။

မိဘများ၏ အတွေးအခေါ်က ရှေးရိုးစွဲလွန်းသည်။ သမီးဖြစ်သူ အနေဖြင့် သူတို့ကို လစ်လျူရှုထား၍ မရနိုင်ပေ။

ယခုတစ်ကြိမ်တွင် သူမ အန်းယန်အတွက် အလုပ်မစီစဉ်ပေးသောကြောင့် မိဘနှစ်ပါး ဒေါသအကြီးအကျယ် ထွက်နေကြသည်။ အချိန်အတော်ကြာအောင် သူမကို ဂရုစိုက်ကြတော့မည် မဟုတ်ပေ။

ဒါလည်း ကောင်းပါတယ်။ သူမ အချိန်အတိုင်းအတာ တစ်ခုထိ အေးဆေး နေလို့ ရတာပေါ့။ မိဘတွေ ကျန်းမာရေးကောင်းနေသေးတော့ သူမ ယာယီ စိတ်ပူစရာ မလိုသေးဘူး။

စဉ်းစားမိသည်နှင့် အန်းရှောင်ဟွေသည် နီရဲနေသော မျက်လုံးများကို ပွတ်သပ်လိုက်သည်။ ရုတ်တရက် သူမ လှုပ်ရှားမှု ရပ်တန့်သွားသည်။

"ဘာဖြစ်တာလဲ"

ရှောင်လင်းယွီသည် အန်းရှောင်ဟွေ၏ ရုံးခန်းထဲ ဝင်လာသောအခါ မျက်လုံးများ နီရဲနေသော အန်းရှောင်ဟွေကို တွေ့လိုက်ရသဖြင့် မေးလိုက်သည်။ "ငိုထားတာလား။ အခုတလော အလုပ်ဖိအား များလို့လား"

အန်းရှောင်ဟွေ ခေါင်းခါလိုက်သည်။ "အလုပ်ကိစ္စ မဟုတ်ပါဘူး။ ကျွန်မရဲ့ မိသားစု ကိစ္စပါ"

ရှောင်လင်းယွီသည် အန်းရှောင်ဟွေ၏ မိသားစုကိစ္စကို ကြားဖူးထားသည်။ သူမ ကုလားထိုင် တစ်လုံးဆွဲကာ အန်းရှောင်ဟွေ၏ မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်ပြီး မေးလိုက်သည်။

"မိသားစု ကိစ္စလား။ မင်း မိဘတွေက ဖုန်းဆက်ပြီး ဆွေမျိုးတစ်ယောက်ယောက်ကို အလုပ်စီစဉ်ပေးခိုင်းပြန်ပြီလား"

အန်းရှောင်ဟွေ မျက်နှာတွင် အံ့သြသည့် အရိပ်အယောင်များ ပေါ်လာသည်။ "ဥက္ကဌရှောင်... ဘယ်လို သိတာလဲ"

ရှောင်လင်းယွီက ပြောလိုက်သည်။ "မင်းမိသားစုကိစ္စကို ကုမ္ပဏီတစ်ခုလုံး နီးပါး သိနေကြတာပဲ" သူမ လက်ဖြန့်ပြလိုက်ပြီး ပြောလိုက်သည်။ "ဒီတော့ ငါလည်း ကြားမိတာပေါ့"

"ဟင်..." အန်းရှောင်ဟွေ ကြောင်အသွားသည်။ သူမ၏ မိသားစုကိစ္စကို ကုမ္ပဏီ တစ်ခုလုံး သိနေကြလိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့ပေ။ တကယ်... တကယ် ရှက်စရာ ကောင်းလိုက်တာ။

"ခစ်..." သူမ၏ မျက်နှာထားကို ကြည့်ပြီး ရှောင်လင်းယွီ ရယ်မောလိုက်သည်။ သူမ ပြောလိုက်သည်။ "ကဲပါ... မစတော့ပါဘူး။ မင်းကိစ္စကို ငါ တစ်ယောက်တည်း သိတာပါ"

အန်းရှောင်ဟွေ ကြားလိုက်ရသောအခါ စိတ်အေးသွားသည်။ ထို့နောက် ချက်ချင်း ပြန်မေးလိုက်သည်။ "ဥက္ကဌရှောင်... ဘယ်လို သိတာလဲ"

"ရှောင်ဝမ် ပြောပြတာလေ" ရှောင်လင်းယွီက ပြောလိုက်သည်။

အန်းရှောင်ဟွေ "..."

ရှောင်လင်းယွီ သက်ပြင်းချလိုက်ပြီး ပြောလိုက်သည်။

"ရှောင်ဝမ်ကို အပြစ်မတင်ပါနဲ့။ သူက မင်းကို အရမ်း စိတ်ပူလို့ ငါ့ကို ပြောပြတာပါ။ ငါ့ကို ဖျောင်းဖျပေးစေချင်လို့လေ။ မင်း စိတ်မရှိဘူး ဆိုရင် မင်းရဲ့မိသားစု အကြောင်း အသေးစိတ် ပြောပြပါလား၊ ငါ ကူညီဖြေရှင်းပေးလို့ ရမလား ကြည့်ကြတာပေါ့"

***

All Chapters