← Chapters

အခန်း (၉၃၉-၉၄၀)

Vol. 58 Ch. 939-940

အခန်း (၉၃၉-၉၄၀)

Vol. 58 Ch. 939-940

အခန်း ၉၃၉ ။ ဖြေရှင်းနည်း

"ကျွန်မတို့လို ဒေသမှာ သားမက် အိမ်ခေါ်တင်တယ်ဆိုတာ တော်တော် အထင်သေးခံရတဲ့ ကိစ္စပဲ" အန်းရှောင်ဟွေက တွန့်ဆုတ်စွာ ပြောလိုက်သည်။

သားမက်ကို အထင်သေးရုံသာမက မိန်းကလေးဘက်က မိသားစုကိုလည်း ရွာသားတွေက အထင်သေးတတ်ကြသည်။

အဲဒီအကြောင်းကြောင့် အဖေအန်းနဲ့ အမေအန်းက မျက်နှာပျက်မှာစိုးရိမ်ပြီး ဒီကိစ္စကို ဘယ်တော့မှ ထုတ်မပြောကြတာ ဖြစ်မယ်။

အန်းရှောင်ဟွေက ရှောင်ဝမ်နဲ့ ချစ်သူတွေ ဖြစ်နေတာလေ။ ရှောင်ဝမ်ရဲ့ အိမ်မှာ သူတစ်ယောက်တည်း သားယောကျ်ားလေး မဟုတ်ဘူး၊ အစ်ကိုနဲ့ ညီလေးလည်း ရှိသေးတယ် ဆိုတာ သူမ သိတယ်။ တကယ်လို့ သူမက ရှောင်ဝမ်ကို အိမ်ခေါ်တင်ဖို့ ပြောမယ်ဆိုရင် ရှောင်ဝမ်လို ရိုးသားဖြောင့်မတ်ပြီး ကြင်နာတတ်တဲ့သူ၊ သူမကို အရမ်းချစ်တဲ့သူက သေချာပေါက် သဘောတူမှာပဲ။

ဒါပေမဲ့ အန်းရှောင်ဟွေ သူ့ကို သနားတယ်။ သူမလည်း သူ့ကို ချစ်တာပဲလေ။ ဒါကြောင့် သူမအတွက်နဲ့ ရှောင်ဝမ်ကို စိတ်ဆင်းရဲ မခံစေချင်ဘူး။ ဒါကြောင့် သူမလည်း ဒီကိစ္စကို ထုတ်မပြောခဲ့ဘူး။

ရှောင်လင်းယွီ ရယ်မောရင်း ခေါင်းခါလိုက်သည်။ "မဟုတ်ပါဘူး... ငါ ဆိုလိုတာက သားမက် အိမ်ခေါ်တင်ခိုင်းတာ မဟုတ်ဘူး၊ ကလေးတစ်ယောက်ကို အန်းမျိုးရိုး ပေးခိုင်းတာပါ"

ဤနေရာသို့ ရောက်သောအခါ သူမ ခနရပ်လိုက်ပြီး ဆက်ပြောသည်။ "ဒါပေမဲ့ ငါ့မှာ အကြံတစ်ခု ရှိတယ်၊ မင်းမိဘတွေကို နားချနိုင်မလား မသိဘူး"

အန်းရှောင်ဟွေ မျက်လုံးများ အရောင်တောက်လာပြီး သိချင်စိတ်ဖြင့် မေးလိုက်သည်။ "ဘာအကြံလဲ"

"အရင်တုန်းက ငါ့သူငယ်ချင်းရဲ့ သူငယ်ချင်း တစ်ယောက် ရှိဖူးတယ်။ သူ့အိမ်မှာလည်း သားယောကျ်ားလေး မရှိဘူး။ ဒါပေမဲ့ သူ့ယောက်ျားကို အိမ်ခေါ်တင် သားမက် မလုပ်ခိုင်းချင်ဘူး။ ဆွေးနွေးပြီးတော့ သူတို့ ဆုံးဖြတ်လိုက်တဲ့ နည်းလမ်းက ဒီလိုပါ။ သူက ဆွေမျိုးသူငယ်ချင်း အားလုံးရှေ့မှာ ဂုဏ်ရှိရှိနဲ့ လက်ထပ်လိုက်တယ်။ လက်ထပ်ပြီး နှစ်လကြာတော့ မိဘတွေအတွက် အိမ်တစ်လုံး ဝယ်ပေးလိုက်တယ်။ သူနဲ့ သူ့ယောက်ျားက အဲဒီရပ်ကွက်ထဲမှာပဲ တခြားအိမ်တစ်လုံး ဝယ်လိုက်ကြတယ်။ လက်မထပ်ခင်ကတည်းက သူတို့ ဆွေးနွေးထားတာက မွေးလာတဲ့ ကလေးတစ်ယောက်ကို မိန်းကလေးဘက်က မျိုးရိုးပေးမယ်လို့ပေါ့။

ဒီလိုဆိုရင် သူလည်း အိမ်ထောင်ပြုပြီးသား ဖြစ်မယ်၊ မျက်နှာလည်း မပျက်တော့ဘူး၊ မိဘတွေကိုလည်း ပြုစုစောင့်ရှောက်လို့ ရတယ်။ ဘယ်သူမှ အတင်းအဖျင်း မပြောကြတော့ဘူး"

ဒါပေမဲ့ ဒီလို ဖြစ်ဖို့အတွက် မိန်းကလေးဘက်က ယောက်ျားကောင်း တစ်ယောက်၊ သူမကို အရမ်းချစ်တဲ့ ယောက်ျားတစ်ယောက်၊ ကိုယ်ပိုင် ဆုံးဖြတ်ချက်ရှိတဲ့ ယောက်ျားတစ်ယောက်ကို ရှာတွေ့ဖို့လိုတယ်။ ဒါမှမဟုတ် သဘောထားကြီးတဲ့ ယောက္ခမ မိသားစုကို တွေ့မှဖြစ်မယ်။

ဘာပဲပြောပြော အခုခေတ် လူအများစုရဲ့ အတွေးအခေါ်အရ မိန်းမတွေ အိမ်ထောင်ပြုပြီးရင် ယောက်ျားဘက်က လူတွေက မိန်းမဘက်က မိဘတွေကို ပြုစုစောင့်ရှောက်ဖို့ မလိုဘူးလို့ ထင်ကြတာလေ။

ဒါပေမဲ့ အခုခေတ်မှာ တစ်ဦးတည်းသော သားသမီးတွေ များလာတယ်။ ပြီးတော့ မိန်းမတွေက ကောင်းကင်တစ်ဝက်ကို ပိုင်ဆိုင်လာကြတယ်။ မိန်းမအများစုက ကိုယ့်အားကိုယ်ကိုးပြီး လွတ်လပ်လာကြတယ်။ အိမ်ထောင်ပြုပြီးရင်တောင် သူများမျက်နှာ ကြည့်နေစရာ မလိုဘဲ ပြုစုစောင့်ရှောက်သင့်တာ ပြုစုစောင့်ရှောက်လို့ ရတယ်။

ဒါပေမဲ့ ဒါက လူနည်းစုပဲ ရှိသေးတယ်။ ပြီးတော့ မြို့ကြီးပြကြီးတွေက မိန်းမတွေပဲ များတယ်။ ကျေးလက်ဒေသလို အတွေးအခေါ် နောက်ကျတဲ့ နေရာတွေမှာတော့ မျှတမှုရဖို့ ခက်ခဲပြီး ပဋိပက္ခတွေ များနေတတ်တယ်။

မှန်ပါတယ်... ဒီပြဿနာတွေက အန်းရှောင်ဟွေအတွက် သိပ်ကြီးမားတဲ့ ပြဿနာတွေ မဟုတ်ပါဘူး။

သူမ အခုကြုံတွေ့နေရတဲ့ ပြဿနာက မိဘတွေနဲ့ ဘယ်လိုဆက်သွယ်ပြောဆိုမလဲ၊ မိဘတွေ သဘောပေါက်အောင် ဘယ်လိုပြောမလဲဆိုတာပါပဲ။ သူတို့ရဲ့ အတွေးအခေါ်ကို ပြောင်းလဲနိုင်ရင် ပြဿနာ အားလုံး ဖြေရှင်းပြီးသားဖြစ်သွားမှာပါ။

အန်းရှောင်ဟွေ ကြားလိုက်ရသောအခါ မျက်လုံးများ အရောင်တောက်လာပြီး မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုများ ပေါ်လာကာ ပြောလိုက်သည်။ "ဒီလိုလုပ်လို့ရတယ်လား။ ဒါဆို ကျွန်မ မိဘတွေနဲ့ ဆွေးနွေးကြည့်လိုက်ဦးမယ်"

ရှောင်လင်းယွီ ခေါင်းညိတ်လိုက်ပြီး သတိပေးလိုက်သည်။ "ဒီကိစ္စကို ရှောင်ဝမ်နဲ့ အရင် ဆွေးနွေးတိုင်ပင်ပြီးမှ မင်းမိဘတွေကို ပြောနော်"

ဘာပဲပြောပြော ကလေးကိစ္စက လူနှစ်ယောက်၊ မိသားစုနှစ်ခုနဲ့ သက်ဆိုင်တဲ့ ကိစ္စလေ။ အန်းရှောင်ဟွေ အနေနဲ့ ကိုယ့်သဘောဆန္ဒအတိုင်း ဆုံးဖြတ်လို့ မရဘူး။ မဟုတ်ရင် နောက်ဆက်တွဲ အကျိုးဆက်တွေက ခန့်မှန်းရခက်တယ်။

အန်းရှောင်ဟွေ ခေါင်းညိတ်လိုက်သည်။ "ဟုတ်ကဲ့... ကျွန်မ သိပါတယ် မမလင်းယွီ"

ရှောင်လင်းယွီက ပြုံး၍ မေးလိုက်သည်။ "အခု စိတ်သက်သာသွားပြီမလား"

"အင်း... အများကြီး သက်သာသွားပါပြီ" အန်းရှောင်ဟွေ မျက်နှာ နီရဲသွားပြီး ရှက်ရွံ့စွာ ပြောလိုက်သည်။

ရှောင်လင်းယွီ ခေါင်းညိတ်လိုက်သည်။ ထို့နောက် မတ်တတ်ရပ်လိုက်ပြီး သူမပခုံးကို ပုတ်ကာ မျက်နှာထား လေးနက်သွားပြီး ပြောလိုက်သည်။ "အန်းရှောင်ဟွေ... နောက်ပိုင်း အလုပ်ကြိုးစားနော်၊ သိလား"

အန်းရှောင်ဟွေ ခေါင်းညိတ်လိုက်သည်။ "ဟုတ်ကဲ့ ဥက္ကဌရှောင်"

ထို့နောက် ရှောင်လင်းယွီ ထွက်ခွာသွားသည်။

သူမ အန်းရှောင်ဟွေကို တကူးတက လာရှာရခြင်းမှာ အန်းရှောင်ဟွေသည် အိမ်က ဆွေမျိုးတစ်ယောက်ကို အလုပ်မစီစဉ်ပေးသောကြောင့် လူအများ၏ ဝေဖန်ပြစ်တင်မှု၊ ဆဲဆိုမှု ခံနေရသည်ကို ကြားသိရသောကြောင့်ဖြစ်သည်။ သူမ စိတ်မကောင်းဖြစ်နေမှာ စိုးရိမ်လို့ လာနှစ်သိမ့်ပေးတာပါ။

ဒါပေမဲ့ သူမ အရင်က မတွေးမိခဲ့တာက အန်းရှောင်ဟွေ မိဘတွေရဲ့ ယောက်ျားလေး ဦးစားပေးတဲ့ စိတ်ဓာတ်က ဒီလောက် ပြင်းထန်လိမ့်မယ် ဆိုတာပါပဲ။ နောင်ကျရင် သူတို့အတွက် အိုးခွဲပေးမယ့် တူတစ်ယောက်အတွက်နဲ့ အရာအားလုံး ပုံအောပေးပြီး သမီးအရင်းကို လုံးဝ လစ်လျူရှု၊ အနစ်နာခံခိုင်းရက်တယ်ဆိုတာ မယုံနိုင်စရာပါပဲ။

ရှောင်လင်းယွီက တောသူတစ်ယောက်ဖြစ်တဲ့အတွက် ယောက်ျားလေး ဦးစားပေးတဲ့ စိတ်ဓာတ် ဘယ်လောက် ပြင်းထန်လဲဆိုတာ ကောင်းကောင်း သိပါတယ်။ ဒါပေမဲ့ ထောင်ယွမ်ရွာမှာတော့ အနည်းဆုံး အန်းရှောင်ဟွေလိုအဖြစ်မျိုး မရှိခဲ့ပါဘူး။

ထောင်ယွမ်ရွာမှာ သမီးမိန်းကလေး တစ်ယောက်တည်းရှိတဲ့ အိမ်ဆိုရင် သမီးက အိမ်ရဲ့ ရတနာပဲ။ နောက်ပိုင်းကျရင် သားမက် အိမ်ခေါ်တင်ဖို့ ရည်ရွယ်ထားကြတယ်။

ရှောင်လင်းယွီ ကိုယ့်ကိုယ်ကိုယ် ကံကောင်းတယ်လို့ ခံစားမိတယ်။ ရှောင်မိသားစုမှာ မွေးဖွားလာရတာ၊ မိသားစု တစ်ခုလုံးက ယောက်ျားလေး ဦးစားပေးတဲ့ စိတ်ဓာတ်မရှိတဲ့အပြင် မိန်းကလေးကိုတောင် ရတနာလို သဘောထားကြတယ်။

……

ရှောင်လင်းယွီ ထွက်ခွာသွားပြီးနောက် အန်းရှောင်ဟွေ အတွေးထဲ နစ်မြောသွားသည်။ သို့သော် သူမ၏ မျက်နှာတွင် စိတ်လှုပ်ရှားမှုနှင့် ပျော်ရွှင်မှုများကို ဖုံးကွယ်ထား၍ မရပေ။ စဉ်းစားလေ ဒီအကြံက မိဘတွေရဲ့ ပြဿနာကို ဖြေရှင်းပေးနိုင်မယ့် အကြံလို့ ခံစားရလေဖြစ်နေသည်။

တကယ်လို့ မိဘတွေက ဝမ်းကွဲမောင်လေး အန်းယန်အပေါ် အာရုံမစိုက်တော့ဘူးဆိုရင် သူမ သူတို့ကို ထောင်ယွမ်ရွာဆီ ခေါ်ပြီး စံစားခိုင်းလို့ ရပြီ။ နောက်ဆိုရင် သူတို့ မိသားစု သုံးယောက် ပျော်ပျော်ရွှင်ရွှင် အတူနေလို့ ရပြီ။

အရင်တုန်းက သူမ မိဘတွေကို ခေါ်ဖို့ မစဉ်းစားခဲ့တာက မိဘတွေက သူမအပေါ် ထားတဲ့ သဘောထားကြောင့်ပါ။ ခေါ်လာရင် သူမအတွက် ပြဿနာ ဖြစ်စေရုံသာမက ကုမ္ပဏီအတွက်လည်း ပြဿနာဖြစ်စေမယ်၊ သူမ ချစ်သူ ရှောင်ဝမ်အတွက်လည်း ပြဿနာ ကြီးကြီးမားမား ဖြစ်စေမှာ စိုးရိမ်လို့ပါ။

ရှောင်လင်းယွီ ပြောတာ မှန်ပါတယ်။ သူမက မိဘကို သိတတ်တာပါ၊ မိုက်မဲတာ မဟုတ်ပါဘူး။ သူမက မိဘတွေကို သိတတ်ဖို့အတွက်နဲ့ တခြားလူတွေကို ဒုက္ခရောက်အောင် လုပ်လောက်တဲ့အထိ တစ်ကိုယ်ကောင်း မဆန်သင့်ဘူး။

အန်းရှောင်ဟွေ အလွန်စိတ်လှုပ်ရှားနေသည်။ သူမ အခုချက်ချင်း ပြေးထွက်သွားပြီး ချစ်သူ ရှောင်ဝမ်နဲ့ ဒီကိစ္စ ကောင်းကောင်း ဆွေးနွေးချင်တယ်။ ပြီးရင် မိဘတွေနဲ့ ဆက်သွယ်ပြီး စမ်းသပ် ပြောဆိုကြည့်ချင်တယ်။

ဒါပေမဲ့ ချက်ချင်းပဲ သတိရသွားတယ်။ သူတို့ အခု အလုပ်ချိန် အတွင်းမှာရှိနေသေးတာပဲ။ အလုပ်ချိန် အတွင်းမှာ ကိုယ်ရေးကိုယ်တာကိစ္စ လုံးဝပြောလို့မဖြစ်ဘူး။

အန်းရှောင်ဟွေ ရင်ဘတ်ကို ဖိလိုက်ပြီး အသက်ပြင်းပြင်း ရှူထုတ်လိုက်သည်။ ထို့နောက် ခေါင်းငုံ့ပြီး အလုပ်စလုပ်လိုက်သည်။

အလုပ်ဆင်းချိန်ရောက်သည်နှင့် အန်းရှောင်ဟွေသည် ရှောင်ဝမ်ကို မစောင့်နိုင်တော့ဘဲ ဆက်သွယ်လိုက်သည်။ နှစ်ယောက်သား စားသောက်ဆိုင်တွင် ဆုံပြီး ထမင်းစားကြသည်။

ရှောင်ဝမ်သည် အန်းရှောင်ဟွေ ပြောပြသည်ကို ကြားသောအခါ အစပိုင်းတွင် အံ့သြသွားသော်လည်း ချက်ချင်း ပြတ်သားစွာ ပြောလိုက်သည်။ "ရှောင်ဟွေ... စိတ်မပူပါနဲ့။ ဒီကိစ္စတွေက ပြဿနာ မဟုတ်ပါဘူး။ ကလေးတစ်ယောက် အန်းမျိုးရိုးယူတာ မပြောနဲ့၊ ကိုယ့်ကို အိမ်ပါသားမက်လုပ်ခိုင်းပြီး ကလေးအားလုံး အန်းမျိုးရိုးယူခိုင်းရင်တောင် ကိုယ် ဘာမှ မဖြစ်ပါဘူး"

အန်းရှောင်ဟွေ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ "ကျေးဇူးတင်ပါတယ်"

ရှောင်ဝမ် ရယ်မောရင်း ပြောလိုက်သည်။ "အရူးမလေး... ကိုယ်တို့ကြားမှာ ကျေးဇူးတင်စရာ လိုလို့လား"

ဤနေရာသို့ ရောက်သောအခါ သူ တစ်ခုခုကို စဉ်းစားမိပြီး ပြောလိုက်သည်။ "ရှောင်ဟွေ... ဦးလေးနဲ့ အဒေါ်ကို စကားပြောတဲ့ နေရာမှာ ကိုယ်ပါ လိုက်ခဲ့ရမလား။ ဒါဆိုရင် ပိုပြီး ယုံကြည်စရာ ကောင်းတာပေါ့"

အန်းရှောင်ဟွေ ခေါင်းခါလိုက်ပြီး ပြုံးလျက် ပြောလိုက်သည်။ "လောလောဆယ် မလိုသေးပါဘူး။ ကျွန်မ မိဘတွေနဲ့ အရင် ဆက်သွယ်ကြည့်လိုက်ဦးမယ်၊ သူတို့ တုံ့ပြန်မှု ဘယ်လိုလဲဆိုတာ ကြည့်ရအောင်။ စိတ်ချပါ... နောက်ပိုင်း သူတို့နဲ့ စကားပြောတဲ့အခါကျရင် ရှင်ဆိုတဲ့ သားမက်က မပါမဖြစ် ပါရမှာပါ"

ရှောင်ဝမ် ပြုံး၍ ခေါင်းညိတ်လိုက်သည်။ "ကောင်းပါပြီ"

အန်းရှောင်ဟွေ ရှောင်ဝမ်ကို ရင်ဖွင့် ပြောကြားလိုက်သည်။ "တကယ်လို့ ကျွန်မ မိဘတွေ နားဝင်သွားတယ်ဆိုရင် နောက်ပိုင်း ကျွန်မတို့ သေချာပေါက် ပျော်ရွှင်ရမှာပါ"

"အင်း... ကိုယ်တို့ နောက်ပိုင်း သေချာပေါက် ပျော်ရွှင်ရမှာပါ" ရှောင်ဝမ် ထောက်ခံလိုက်သည်။

***

စိုက်ပျိုးရေးနေရာလွတ်က ငါ့ကိုချမ်းသာလာစေတယ်

အခန်း ၉၄၀ ။ လောဘကြီးသော မိသားစု

Green Freshအုပ်စု၏ ယခုတစ်ကြိမ် ဝန်ထမ်းခေါ်ယူမှုသည် လူအင်အားများလွန်းသဖြင့် နိုင်ငံအနှံ့အပြားမှ လူတော်များ၏ ကိုယ်ရေးရာဇဝင်များသည် စာရွက်များကဲ့သို့ ပျံဝဲကာ အီးမေးလ်ထဲသို့ ဝင်ရောက်လာကြသည်။ သို့သော် Green Freshအုပ်စု၏ ဝန်ထမ်းခေါ်ယူမှုသည် တင်းကျပ်သဖြင့် ရွေးချယ်ခံရမည့်သူများမှာ သောင်းဂဏန်းမှ တစ်ယောက်၊ ထောင်ဂဏန်းမှ တစ်ယောက်၊ ရာဂဏန်းမှ တစ်ယောက် ဆိုသလို လိုအပ်ပေလိမ့်မည်။

ထို့ကြောင့် လူ့စွမ်းအား အရင်းအမြစ် ဌာနသည် နေ့စဉ် ထောင်ချီ၊ သောင်းချီသော ကိုယ်ရေးရာဇဝင်များကို စိစစ်နေရသည်။

အထက်မှ အမိန့်ကျလာသည်မှာ လူခေါ်ရာတွင် အရေအတွက် မများရင်နေပါစေ၊ အရည်အချင်း မမီတာ မပါစေနဲ့ ဟူ၍ ဖြစ်သည်။

လူ့စွမ်းအား အရင်းအမြစ်ဌာန၏ အဓိကတာဝန်ခံ အန်းရှောင်ဟွေသည် တစ်နေ့လုံး ခြေမလည်အောင် အလုပ်ရှုပ်နေပြီး ၂၄ နာရီကို ၄၈ နာရီ လုပ်သုံးချင်စိတ် ပေါက်နေသည်။

အခြားတစ်ဖက်တွင်မူ သူမ၏ မိသားစု ပြဿနာများကလည်း သူမကို ဒုက္ခပေးနေသည်။

သူမအဖေက သူမနှင့် သားအဖ ဆက်ဆံရေး ဖြတ်တောက်လိုက်ပြီဖြစ်သော်လည်း Green Freshအုပ်စုကဲ့သို့ ကုမ္ပဏီကြီးတစ်ခုကို အန်းယန်နှင့် ဦးလေးမိသားစုက လက်လွှတ်ခံချင်မည် မဟုတ်ပေ။

ထို့ကြောင့် ဦးလေးနှင့် အန်းယန်တို့သည် အပေါ်ယံတွင် အဖေအန်း၊ အမေအန်းတို့က သွေးအေးရက်စက်သော သမီးတစ်ယောက် မွေးထားသည်ဟု ပြစ်တင်ဝေဖန်နေကြသော်လည်း ဆွေမျိုးမိတ်ဆွေများ ရှေ့တွင်မူ အဖေအန်း၊ အမေအန်းတို့က သူတို့ကို အထင်သေးသည်၊ အန်းယန်ကို အထင်သေးသည်၊ သမီးဖြစ်သူက ကုမ္ပဏီကြီးမှာ လုပ်နေလို့၊ ပိုက်ဆံရှိလို့၊ မောက်မာလို့ စသဖြင့် ငိုယိုပြောဆိုနေကြသည်။

တကယ်တော့ သူတို့က အန်းရှောင်ဟွေကို အပြစ်မတင်ဘဲ အမှားအားလုံးကို အဖေအန်း၊ အမေအန်းတို့အပေါ် ပုံချလိုက်ခြင်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အဖေအန်း၊ အမေအန်းတို့ အပြစ်ရှိသလို ခံစားရမည် ဆိုတာ သူတို့ သိနေလို့ပါ။ ထိုအခါ သူတို့က အန်းရှောင်ဟွေဆီကနေ ပိုက်ဆံ ပိုညှစ်ယူဖို့ နည်းလမ်းရှာကြလိမ့်မယ်၊ ဒါမှမဟုတ် ဘယ်လိုနည်းနဲ့မဆို အန်းရှောင်ဟွေကို အန်းယန်အတွက် အလုပ်စီစဉ်ပေးခိုင်းလိမ့်မယ်။

အန်းရှောင်ဟွေဆိုတဲ့ အရှုံးပေါ် ကုန်ပစ္စည်းက သားဖြစ်သူ အန်းယန်ကို ဘာကိစ္စ ဖိနှိပ်ထားရမှာလဲ။ အန်းယန်က ယောကျ်ားလေး၊ အန်းမိသားစုရဲ့ မျိုးဆက်၊ အန်းရှောင်ဟွေကို ခြေဖဝါးအောက် သေချာ နင်းထားရမယ်။ အန်းရှောင်ဟွေကို လူရာဝင်ခွင့် မပေးရဘူး။ မဟုတ်ရင် အဖေအန်း၊ အမေအန်းတို့ရဲ့ ပိုင်ဆိုင်မှုတွေကို သူမ လုယူသွားလိမ့်မယ်၊ အန်းယန်အတွက် ချန်ထားပေးမှာ မဟုတ်ဘူး။

အန်းယန်က အဖေအန်း၊ အမေအန်းတို့ဆီက ပိုက်ဆံယူသုံးနေပေမဲ့ သူတို့ မြို့နယ်က အိမ်ကို အန်းယန် နာမည် လွှဲပေးဖို့ ပြောလာတဲ့အခါကျတော့ သူတို့ တွန့်ဆုတ်နေကြတယ်။ သူတို့ သေမှ အိမ်ကို အန်းယန် နာမည် လွှဲပေးမယ်လို့ ပြတ်ပြတ်သားသား ပြောထားကြတယ်။

အရင်တုန်းက အဘိုးအန်း၊ အဘွားအန်းတို့ ရှိစဉ်ကလည်း အဖေအန်း၊ အမေအန်းတို့ကို အိမ်ကို အန်းယန် နာမည် အရင်လွှဲပေးဖို့ ပြောခဲ့ကြဖူးတယ်။ ဘာပဲပြောပြော သူတို့ရဲ့ အိမ်နဲ့ ပိုင်ဆိုင်မှု အားလုံးက အန်းယန်ပဲ ရမှာမို့လို့ စောစောလွှဲတာနဲ့ နောက်ကျလွှဲတာ ဘာမှ မကွာခြားဘူးလေ။

ကံကောင်းတာက ဒီအချက်မှာတော့ အဖေအန်း၊ အမေအန်းတို့ စိတ်မပျော့ခဲ့ကြဘူး။ ဘာလို့လဲဆိုတော့ သူတို့ တီဗီမှာ ဒီလိုအခြေအနေမျိုး အများကြီး မြင်ဖူးကြလို့ပါ။ သားအရင်းဖြစ်ရင်တောင် အိမ်နာမည် မလွှဲခင်တုန်းကတော့ မိဘတွေကို အလိုလိုက်အကြိုက်ဆောင်ပေမဲ့ အိမ်နာမည်လွှဲပြီးတာနဲ့ မျက်နှာပြောင်းသွားပြီး မိဘတွေကို မောင်းထုတ်တာ စာအုပ်လှန်တာထက်တောင် မြန်သေးတယ်။

အဖေအန်း၊ အမေအန်းတို့လည်း ဒီလိုအခြေအနေမျိုးဖြစ်မှာ စိုးရိမ်ကြတယ်။ ပြီးတော့ သူတို့ အိမ်နာမည် လွှဲပေးရမယ့်သူက သားအရင်း မဟုတ်ဘဲ တူတစ်ယောက်ဖြစ်နေတာ။

သူတို့က ဒီတူလေးကို သားအရင်းလို သဘောထားပေမဲ့ သူတို့ စိတ်ထဲမှာ ရှင်းရှင်းလင်းလင်း သိနေတာက အန်းယန်မှာ မိဘအရင်းတွေရှိတယ်၊ သူတို့ကို မိဘလို သဘောထားမှာ မဟုတ်ဘူး၊ ညှစ်ယူလို့ရတဲ့သူတွေအဖြစ်ပဲ သဘောထားမှာ။

ပြီးတော့ ပုံမှန်အချိန်တွေမှာ အန်းယန်က သူတို့ကို ကောင်းကောင်းမွန်မွန် ဆက်ဆံတာ မဟုတ်ဘူး။ သူတို့ဆီက ပိုက်ဆံတောင်းတဲ့ အခါကျမှသာ ဦးလေး၊ ဒေါ်လေးဆိုပြီးခေါ်တာ၊ မိဘလို မဆက်ဆံဘူး။

ဒါကြောင့် အဖေအန်း၊ အမေအန်းတို့က သူတို့သေမှ အိမ်နာမည် လွှဲပေးမယ်ဆိုတဲ့ အချက်ကို အရမ်း တင်းခံထားကြတာ။

အန်းရှောင်ဟွေက အဖေအန်း၊ အမေအန်းတို့ရဲ့ အန်းယန်ကို ကုမ္ပဏီမှာ အလုပ်သွင်းပေးဖို့ တောင်းဆိုမှုကို ငြင်းပယ်လိုက်ပြီးနောက် ဒုတိယမောင်လေး မိသားစုနဲ့ ဆွေမျိုးမိတ်ဆွေ အားလုံးရဲ့ ဝေဖန်ပြစ်တင်မှု၊ ဆဲဆိုမှုတွေကို ခံခဲ့ရတယ်။ အဲဒီနောက် သူတို့က ဉာဏ်ဟောင်းပြန်သုံးပြီး နေမကောင်းဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ အန်းရှောင်ဟွေကို အလျှော့ပေးခိုင်းဖို့ ကြိုးစားကြတယ်။

ကံကောင်းသည်မှာ အန်းရှောင်ဟွေသည် ရှောင်လင်းယွီ၏ အကြံပေးမှုအောက်တွင် ချစ်သူ ရှောင်ဝမ်နှင့် ဆွေးနွေးတိုင်ပင်ပြီးနောက် မိဘများထံ ချက်ချင်းဖုန်းဆက်ကာ ကလေးမျိုးရိုးနာမည် ကိစ္စကို ပြောပြလိုက်သည်။

သမီးဖြစ်သူ၏ ဖုန်းကို လက်ခံရရှိပြီးနောက် အဖေအန်းနှင့် အမေအန်းတို့သည် ဤပြဿနာကို ပထမဆုံးအကြိမ် တည်ငြိမ်စွာ စဉ်းစားလိုက်ကြသည်။

အမေအန်းက မယုံကြည်နိုင်စွာ မေးလိုက်သည်။ "လောင်တာ့... စောစောက ဖုန်းထဲမှာ ဘာပြောလိုက်တာလဲ"

အဖေအန်း ဆေးလိပ်တစ်ဖွာ ရှိုက်လိုက်ပြီး ခဏမျှ တိတ်ဆိတ်နေကာ ပြောလိုက်သည်။ "ရှောင်ဟွေ ပြောတာက နောက်ပိုင်း သူ မွေးလာမယ့် ပထမဆုံး သားယောကျ်ားလေးကို အန်းမျိုးရိုး ပေးမယ်တဲ့။ အဲဒီကလေးက ငါတို့ရဲ့ မြေးအနေနဲ့ နောက်ပိုင်း ငါတို့အတွက် အိုးခွဲပေးလိမ့်မယ်တဲ့"

အမေအန်း ကြားလိုက်ရသောအခါ တိတ်ဆိတ်သွားပြီး ဒီဖြစ်နိုင်ချေကို စဉ်းစားနေပုံရသည်။

ခဏအကြာတွင် အမေအန်း တွန့်ဆုတ်သွားပြီး ပြောလိုက်သည်။ "ဒါဆို ရှောင်ဟွေ ဆိုလိုတာက သားမက် အိမ်ခေါ်တင်မလို့လား" ဤနေရာသို့ ရောက်သောအခါ သူမ ချက်ချင်း ခေါင်းခါလိုက်သည်။ "မဖြစ်ဘူး... သားမက် အိမ်ခေါ်တင်တာက သားမက်အတွက် သိက္ခာကျရုံတင်မကဘူး၊ ငါတို့အတွက်လည်း သိက္ခာကျတယ်"

အဖေအန်း ဆေးလိပ်တစ်ဖွာ ရှိုက်လိုက်ပြီး မကျေမနပ် ပြောလိုက်သည်။ "သားမက် အိမ်ခေါ်မတင်ရင် ငါတို့ မျိုးဆက်ပြတ်သွားရမှာလား"

သူတို့မှာ အန်းမျိုးရိုး ဆက်ခံမယ့် သားသမီးမြေးမြစ်မရှိရင် မျိုးဆက်ပြတ်တာနဲ့ အတူတူပဲ မဟုတ်ဘူးလား။

သူများ အထင်သေးခံရရင်တောင် သူ မျိုးဆက်ပြတ်မှာကို လက်မခံနိုင်ဘူး။

အဖေအန်း စဉ်းစားပြီး ပြောလိုက်သည်။ "အရင်တုန်းက ငါတို့က ငါတို့သေရင် အိုးခွဲပေးဖို့အတွက် အန်းယန်ကိုပဲ မျှော်လင့်ခဲ့ကြတာ။ ဒါပေမဲ့ ငါတို့ မေ့နေတဲ့ အချက်တစ်ချက်က အန်းမျိုးရိုး မြေးတစ်ယောက် လိုချင်လား မလိုချင်ဘူးလား ဆိုတာပဲ"

အမေအန်းက တွန့်ဆုတ်စွာ မေးလိုက်သည်။ "ဒါဆို ညီမလေးကို မေးကြည့်မလား။ နောက်ပိုင်း အန်းယန် သားတစ်ယောက် မွေးရင် ငါတို့ကို မြေးအဖြစ် မွေးစားခွင့် ပေးမလားလို့"

အဖေအန်း ခေါင်းခါလိုက်သည်။ "ညီလေးနဲ့ ညီမလေးရဲ့ စိတ်ဓာတ်အရဆိုရင် သူတို့ရဲ့ မြေးတစ်ယောက်ကို ငါတို့ကို မွေးစားခွင့်ပေးဖို့ သေချာပေါက် သဘောတူမှာ မဟုတ်ဘူး"

ကျေးလက်ဒေသ အတွေးအခေါ်က သားသမီးမြေးမြစ် များပြားတာကို ယုံကြည်ကြတာ။

အန်းယန်က သူတို့ အန်းမိသားစုရဲ့ တစ်ဦးတည်းသော မျိုးဆက်ဖြစ်သလို ညီလေးတို့ ဇနီးမောင်နှံရဲ့ တစ်ဦးတည်းသော မျိုးဆက်လည်း ဖြစ်တယ်။ မြေးကိစ္စကို သေချာပေါက် အလေးထားမှာပဲ။ အန်းယန်က သား ၅ ယောက်၊ ၆ ယောက်လောက် တောက်လျှောက်မွေးရင်တော့ မပြောတတ်ဘူး၊ မဟုတ်ရင် အန်းယန်ရဲ့ သားကို သူတို့ကို မြေးအဖြစ် မွေးစားခွင့်ပေးဖို့ စိတ်မကူးနဲ့။

အမေအန်း တိတ်ဆိတ်သွားပြန်သည်။

ထို့နောက် သူမ ပြောလိုက်သည်။ "ဒါဆိုရင် ငါတို့ ရှောင်ဟွေအတွက် သားမက် အိမ်ခေါ်တင်ပေးလိုက်တာပေါ့။ နောက်ပိုင်း မွေးလာတဲ့ ကလေးတွေ အားလုံး အန်းမျိုးရိုး ယူမယ်။ ငါတို့ သေသွားရင် သားတစ်ယောက် မရှိလို့ အိုးမခွဲပေးနိုင်ရင်တောင် အန်းမျိုးရိုး မြေးတစ်ယောက်က အိုးခွဲပေးနိုင်တာပဲ"

အမေအန်း ပြောပြီးနောက် နှစ်ယောက်သား တိတ်ဆိတ်သွားကြပြန်သည်။

ထိုအချိန်တွင် သူတို့ တံခါးခေါက်သံ ကြားလိုက်ရသည်။

"ဘယ်သူလဲ" အမေအန်း မေးလိုက်သည်။

"ယောင်းမ... ကျွန်မပါ" ဒုတိယအဒေါ်အန်း ဖြစ်သည်။

အမေအန်း မျက်မှောင် အနည်းငယ် ကြုတ်လိုက်သည်။ ထို့နောက် တံခါးဖွင့်ပေးလိုက်ပြီး ပြုံးလျက် ပြောလိုက်သည်။ "ညီမလေး... ဘယ်လို လုပ်ပြီး ရောက်လာတာလဲ"

ဒုတိယအဒေါ်အန်းက ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး မျက်မှောင် အနည်းငယ် ကြုတ်ကာ မကျေမနပ် ပြောလိုက်သည်။ "ယောင်းမ... ဘယ်လို လုပ်ပြီး ရောက်လာတာလဲ ဆိုတာ ဘာသဘောလဲ။ ကျွန်မက ဒီကို လာလို့ မရတော့ဘူးလား"

အမေအန်းက အလျင်အမြန် ပြုံးပြပြီး ပြောလိုက်သည်။ "အဲဒီသဘော မဟုတ်ပါဘူး ညီမလေး၊ နားလည်မှု လွဲနေပါပြီ"

ဒုတိယအဒေါ်အန်း ဝင်လာပြီး တိုက်ရိုက် ပြောလိုက်သည်။ "အစ်ကိုကြီး၊ ယောင်း... ဒီလိုပါ။ မနေ့က အန်းယန် မိန်းကလေး တစ်ယောက်ကို သဘောကျသွားတယ်။ အဲဒီ မိန်းကလေးကလည်း ကျွန်မတို့ အန်းယန်ကို သဘောကျတယ်"

အမေအန်း ကြားလိုက်ရသောအခါ ပြုံးပြီး ပြောလိုက်သည်။ "အန်းယန် မင်္ဂလာဆောင်တော့မှာလား၊ ဝမ်းသာစရာပဲ"

ဒုတိယအဒေါ်အန်းက ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး မျက်လုံး ကလည်ကလည် လုပ်ကာ ပြောလိုက်သည်။ "ဝမ်းသာစရာကတော့ ဝမ်းသာစရာပါပဲ။ ဒါပေမဲ့ အဲဒီ မိန်းကလေးရဲ့ တောင်းဆိုချက်က တင်တောင်းငွေ ယွမ် ၁၈ သောင်း ပေးရမယ်၊ မြို့နယ်မှာ အိမ်သစ်တစ်လုံး ဝယ်ပေးရမယ်၊ ကားတစ်စီး ဝယ်ပေးရမယ်တဲ့။ ကျွန်မတို့အိမ်က ဆင်းရဲတယ်ဆိုတာ ရှင်တို့ သိတဲ့အတိုင်းပဲ၊ ဒီလောက် ပိုက်ဆံအများကြီး ဘယ်ကရမလဲ၊ အိမ်ဝယ်၊ ကားဝယ်ဖို့က ပိုဝေးသေးတယ်"

အမေအန်း မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။ "ညီမလေး... နင့်စကားက ဘာသဘောလဲ"

***

All Chapters