← Chapters

အခန်း (၉၄၁-၉၄၂)

Vol. 58 Ch. 941-942

အခန်း (၉၄၁-၉၄၂)

Vol. 58 Ch. 941-942

အခန်း ၉၄၁ ။ ဒီတစ်ခါသဘောမတူဘူး

အန်းရှောင်ဟွေသည် မိဘများထံမှ ဖုန်းလက်ခံရရှိပြီးနောက် မျက်နှာတွင် ဒေါသအရိပ်အယောင်များ ပေါ်လာသည်။

ရှောင်ဝမ်က သူမကို ဟင်းရွက်တစ်ဖတ်ထည့်ပေးရင်း သံသယဖြင့် မေးလိုက်သည်။ "ဘာဖြစ်လို့လဲ။ ဦးလေးနဲ့ အဒေါ်က တစ်ခုခုထပ်ပြောလိုက်လို့လား"

အန်းရှောင်ဟွေ ဒေါသထွက်လွန်း၍ သေချင်စိတ် ပေါက်သွားသည်။

သူမ ချစ်သူကို ပြောလိုက်သည်။ "ရှင် ပြောကြည့်ပါဦး... ကျွန်မ သူတို့ကို ဒေါသထွက်တာ လွန်လားလို့။ အန်းယန်က မိန်းကလေး တစ်ယောက်ကို သဘောကျလို့ လက်ထပ်ချင်တယ်တဲ့။ တင်တောင်းငွေ ယွမ် ၁၈ သောင်း ပေးရမယ်၊ မြို့နယ်မှာ အိမ်သစ်တစ်လုံး ဝယ်ပေးရမယ်၊ ကားတစ်စီး ဝယ်ပေးရမယ်တဲ့"

ရှောင်ဝမ် မျက်မှောင်ကြုတ်လိုက်ပြီး အမှန်တရားကို ချက်ချင်း ခန့်မှန်းမိလိုက်သည်။ သူ ပြောလိုက်သည်။ "ဒါဆို သူတို့က ဦးလေးနဲ့ အဒေါ်ကို ဒီပိုက်ဆံတွေ စိုက်ထုတ်ခိုင်းနေတာပေါ့" တကယ်တမ်းကျတော့ အန်းရှောင်ဟွေကို စိုက်ထုတ်ခိုင်းတာပါပဲ။

အဲဒီ အန်းယန်တို့ မိသားစုက တော်တော်လွန်လွန်းတယ်၊ သူ့ချစ်သူရဲ့ မိသားစု ပိုင်ဆိုင်မှုတွေကို မျက်စိကျနေတာ ပေါ်ပေါ်ထင်ထင် ဖြစ်လာပြီ။

ဦးလေးနဲ့ အဒေါ်က သူတို့ သေရင် အိမ်ခြံမြေပိုင်ဆိုင်မှုတွေကို အန်းယန်ကို ပေးမယ်လို့ ကတိပေးထားပေမဲ့ အခု သူတို့က ဗြောင်ကျကျ တောင်းဆိုနေတာပဲ။ ကြည့်ရတာ လောဘကြီးတဲ့ လူတန်းစားတွေပဲ၊ ပြီးတော့ ဒီလောကကြီးမှာ ကျေးဇူးကန်းတဲ့ လူတန်းစားတွေပဲ။

အန်းရှောင်ဟွေ ခေါင်းညိတ်လိုက်သည်။ "ဟုတ်တယ်... ကျွန်မ ဦးလေးမိသားစုက ပိုက်ဆံအားလုံးကို ကျွန်မ မိဘတွေဆီက လိုချင်နေတာ"

"ဒါဆို ဦးလေးနဲ့ အဒေါ်ရဲ့ တုံ့ပြန်မှုက ဘယ်လိုလဲ" ရှောင်ဝမ် စိုးရိမ်တကြီး မေးလိုက်သည်။

သူ စိုးရိမ်တာက အဲဒီပိုက်ဆံတွေ အန်းယန်ဆီ ရောက်သွားမှာကို မဟုတ်ဘူး။ သူနဲ့ အန်းရှောင်ဟွေက ပိုက်ဆံမရှားပါဘူး။ အဲဒီပိုက်ဆံလောက်ကို သူတို့ မျက်လုံးထဲ မထည့်ပါဘူး။

သူ စိုးရိမ်တာက ဦးလေးနဲ့ အဒေါ်က အရင်လိုပဲ ချက်ချင်း သဘောတူလိုက်မှာကိုပါ။ ဒါဆိုရင် အန်းရှောင်ဟွေအတွက် ထိုးနှက်ချက်ကြီးဖြစ်သွားလိမ့်မယ်။

ဘာပဲပြောပြော အန်းရှောင်ဟွေဆိုတဲ့ သမီးက သူတို့အတွက် အသေအလဲ လုပ်ပေးနေပေမဲ့ သူတို့ကတော့ တူတစ်ယောက်အတွက်နဲ့ သမီးအရင်းကို အမြဲတမ်း နာကျင်အောင် လုပ်နေကြတယ်။

ရှောင်ဝမ် ဒီမေးခွန်းမေးလိုက်တော့ အန်းရှောင်ဟွေ မျက်နှာပေါ်က ဒေါသတွေ တော်တော်လျော့သွားတယ်။

အန်းရှောင်ဟွေ ပြုံး၍ ပြောလိုက်သည်။ "ကံကောင်းလို့ ဒီတစ်ခေါက် ကျွန်မ မိဘတွေက အရင်လို ချက်ချင်း သဘောမတူလိုက်ဘူး"

ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် မိဘတွေက အန်းယန်ကိစ္စကို ချက်ချင်း သဘောမတူလိုက်တာကို သူမ စိတ်ထဲမှာ ကျေနပ်နေမိတယ်။

အနည်းဆုံးတော့ မိဘတွေက ဆင်ခြင်တုံတရား ရှိနေသေးတယ်။

ဖြစ်နိုင်တာက အရင်တုန်းက သူမ ဖုန်းဆက်ပြီးပြောခဲ့တဲ့ ကိစ္စတွေကလည်း သက်ရောက်မှု ရှိခဲ့လို့ နေမှာပေါ့။

အန်းယန် လိုချင်တဲ့ ပိုက်ဆံတွေက အန်းရှောင်ဟွေအတွက်တော့ မျက်လုံးထဲ ထည့်စရာ မလိုပါဘူး။

ဒါပေမဲ့ သူမ မကျေနပ်တာ၊ မခံချင်တာက ဘာလို့ သူမ ပိုက်ဆံတွေကို အန်းယန် မိန်းမယူဖို့ ပေးရမှာလဲ။

ရှောင်ဝမ်သည် အန်းရှောင်ဟွေ၏ စကားကို ကြားပြီးနောက် စဉ်းစားကာ ပြောလိုက်သည်။ "ရှောင်ဟွေ... ဒီလိုလုပ်ကြမလား။ ကိုယ်တို့ အိမ်ပြန်ပြီး မင်း မိဘတွေနဲ့ ရှင်းရှင်းလင်းလင်း ပြောကြမယ်လေ။ သူတို့နှစ်ယောက် သဘောပေါက်သွားရင် ကိုယ်တို့ လူကို ချက်ချင်းခေါ်ထုတ်လာခဲ့မယ်။ ဒါဆိုရင် သူတို့ ထပ်ပြီး ဦးနှောက်အဆေးခံရတာ၊ စိတ်ညစ်စရာတွေ ထပ်တိုးလာတာမျိုး မဖြစ်တော့ဘူးပေါ့"

သူ အဖေအန်း၊ အမေအန်းတို့ရဲ့ စိတ်ဒဏ်ရာကို သိပါတယ်။ ဒါကြောင့် သူတို့ရဲ့ စိတ်ဒဏ်ရာကို ဖြေရှင်းပေးနိုင်ရင် ရှောင်ဟွေက မိဘမေတ္တာကို ပြန်လည် ရရှိနိုင်မှာပါ။

ဒါပေမဲ့ ဦးလေးအန်းမိသားစုက အဖေအန်း၊ အမေအန်းတို့ဆီကနေ အကျိုးအမြတ်ရနေတာကြာပြီ။ တကယ်လို့ အဖေအန်း၊ အမေအန်းတို့က အန်းယန်ကို အိုးခွဲခိုင်းမယ့် အစီအစဉ် ပြောင်းလဲသွားပြီ ဆိုတာ သိသွားရင်၊ နောက်ပိုင်း သူတို့ အဖေအန်း၊ အမေအန်းတို့ လက်ထဲက ပိုက်ဆံကို ဒီအကြောင်းပြချက်နဲ့ ယူလို့မရတော့ဘူး၊ နောက်ပိုင်း အိမ်ခြံမြေတွေလည်း အန်းယန်ဆီ ရောက်လာမှာ မဟုတ်တော့ဘူး ဆိုတာ သိသွားရင်...

အန်းယန် မိသားစုက ဒီလိုကိစ္စမျိုး ဖြစ်လာမှာကို ဘယ်လိုခွင့်ပြုမလဲ။ သူတို့က အဖေအန်း၊ အမေအန်းတို့ကို ဦးနှောက်ဆေးမှာ သေချာတယ်၊ ဒါမှမဟုတ် စိတ်ညစ်စရာတွေ ရှာပေးမှာ သေချာတယ်။ ဒါဆိုရင် အဖေအန်း၊ အမေအန်းတို့ အေးဆေးနေရမှာ မဟုတ်ဘူး။

အန်းရှောင်ဟွေ စဉ်းစားကြည့်တော့ ရှောင်ဝမ်ပြောတာ အဓိပ္ပာယ်ရှိတယ်လို့ ထင်တယ်။

ဒါပေမဲ့ အခု ကုမ္ပဏီအလုပ်တွေက အရမ်းများနေတော့ သူမ ဘယ်လိုမှ ခွဲထွက်လို့ မရဘူး။

ကိုယ့်ကိုယ်ရေးကိုယ်တာ ကိစ္စအတွက်နဲ့ အလုပ်ကို ပစ်ထားလို့လည်း မဖြစ်ဘူးလေ။ အဲဒါ ရှောင်လင်းယွီကို အားနာစရာ ဖြစ်နေမှာပေါ့။

အန်းရှောင်ဟွေ စဉ်းစားပြီး ပြောလိုက်သည်။ "ဒါဆိုရင် ခဏနေမှ ကျွန်မ ပြန်လိုက်မယ်လေ"

ရှောင်ဝမ်လည်း အန်းရှောင်ဟွေ အလုပ်များတာ သိသဖြင့် စဉ်းစားပြီး ပြောလိုက်သည်။ "ဒါဆို ခဏနေမှပေါ့။ ဒါပေမဲ့ ကိုယ် ထင်တာကတော့ ဦးလေးနဲ့ အဒေါ်က ဒီတစ်ခေါက် ကိစ္စကို ချက်ချင်း သဘောမတူလိုက်တာက မင်း အရင်က ပြောခဲ့တဲ့ စကားတွေကြောင့် ဖြစ်နိုင်တယ်။ ဒါကြောင့် ကိုယ်တို့က ထပ်ပြီး ကြိုးစားရမယ်၊ သူတို့ကို အကျိုးအကြောင်း ဆက်ရှင်းပြရမယ်။ သူတို့ အတွေးအခေါ်တွေ ကိုယ်တို့ဘက် လုံးဝ ပါလာပြီ ဆိုရင် ကိုယ်တို့ တွန့်ဆုတ်မနေဘဲ လူကို ခေါ်ထုတ်လာခဲ့မယ်၊ ပြီးရင် လူတိုင်းနဲ့ ခဏလောက် အဆက်အသွယ် ဖြတ်ထားလိုက်မယ်"

အချိန်တိုလွန်းရင် တခြားလူတွေရဲ့ စကားတွေကြောင့် ပြောင်းလဲသွားနိုင်တယ်လေ။ ဒါကြောင့် ဆက်သွယ်မယ် ဆိုရင် အဖေအန်း၊ အမေအန်းတို့ရဲ့ အတွေးအခေါ် လုံးဝပြောင်းလဲသွားပြီး ဘယ်သူမှ လွယ်လွယ်ကူကူ လွှမ်းမိုးလို့ မရတော့တဲ့ အချိန်ထိ စောင့်ရမယ်။

အန်းရှောင်ဟွေ ကြားလိုက်ရသောအခါ ခေါင်းညိတ်လိုက်သည်။ "အင်း... လောလောဆယ် ရှင် ပြောတဲ့အတိုင်း လုပ်ကြတာပေါ့၊ ကျွန်မ သူတို့နဲ့ စကားပြောဖို့ ပိုကြိုးစားလိုက်ပါ့မယ်"

...

Green Freshအုပ်စု၏ ဝန်ထမ်းခေါ်ယူမှု လှုပ်ရှားမှုသည် ၇ ရက်တိတိ ကြာမြင့်ခဲ့သည်။

၇ ရက်အကြာတွင် လှုပ်ရှားမှု ပြီးဆုံးသွားပြီး ဝန်ထမ်း အလုံအလောက် ရရှိခဲ့သည်။ ကျန်ရှိနေသော ရာထူးအချို့ကို နောက်ပိုင်း ဖြည်းဖြည်းချင်း ခေါ်ယူသွားမည် ဖြစ်သည်။

"အား... ဒီရက်ပိုင်း တကယ်ပင်ပန်းလိုက်တာ" လူ့စွမ်းအား အရင်းအမြစ် ဌာနမှ လူတစ်စုသည် ရုံးခန်းစားပွဲတွင် ထိုင်ကာ အကြောဆန့်လိုက်ကြသည်။ "ကိုယ်ရေးရာဇဝင်ဖတ်ရတာ ပင်ပန်းတဲ့ နေ့တစ်နေ့ ရောက်လာလိမ့်မယ်လို့ တစ်ခါမှ မထင်ထားဘူး"

သူတို့က စိစစ်ရုံ သက်သက်ပါပဲ။ ဒါပေမဲ့ ကိုယ်ရေးရာဇဝင် သောင်းချီထဲကနေ စိစစ်ရတာက စွမ်းဆောင်ရည် စိန်ခေါ်မှု တစ်ခုပါပဲ။

"ဒီတစ်ခေါက် ဝန်ထမ်းခေါ်ယူမှုမှာ စုစုပေါင်း လူဘယ်နှယောက် ခေါ်လိုက်လဲ"

"အင်း... ၅၃၀ လို့ ထင်တာပဲ"

"၅၃၀ လုံးက အလယ်အလတ်နဲ့ အထက်တန်း စီမံခန့်ခွဲသူ အဆင့်တွေချည်းပဲ"

"ဟဟ... အများစုက နိုင်ငံခြား ဈေးကွက် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စေလွှတ်မယ့် အဖွဲ့တွေပဲ"

"ဒါဆို ဒီတစ်ခေါက် ငါတို့ လူအများကြီး ခေါ်လိုက်တာ ကုမ္ပဏီက ချဲ့ထွင်မယ့် နိုင်ငံခြား ဈေးကွက်က တော်တော် ကြီးမားတာပဲ"

"အဲဒါ သေချာတာပေါ့" တစ်ယောက်က ပြောလိုက်သည်။ "ငါ ကြားတာတော့ အထက်က ကမ္ဘာအနှံ့မှာ ကုမ္ပဏီခွဲ စူပါမားကတ်တွေ ဖွင့်ဖို့ စီစဉ်နေတယ်တဲ့"

"ကြည့်ရတာ ငါတို့ ကုမ္ပဏီရဲ့ အလားအလာ ကောင်းတာပဲ" တစ်ယောက်က စိတ်လှုပ်ရှား ပျော်ရွှင်စွာ ပြောလိုက်သည်။ "ငါ့ ခန့်မှန်းချက်အရဆိုရင် ငါတို့ ကုမ္ပဏီက နောက်ပိုင်း နိုင်ငံတကာ နာမည်ကြီး ကုမ္ပဏီတစ်ခုဖြစ်လာမှာ သေချာတယ်"

"ငါလည်း အဲဒီလို ခန့်မှန်းမိတယ်" တစ်ယောက်က ပြုံး၍ ပြောလိုက်သည်။ "ငါတို့ ကုမ္ပဏီက စတင် တည်ထောင်ချိန်ကစပြီး အခု နိုင်ငံလုံးဆိုင်ရာ ကုမ္ပဏီကြီး ဖြစ်လာတာ ၄ နှစ်လောက်ပဲ ကြာသေးတယ်။ တကယ်လို့ ကမ္ဘာအနှံ့ ဖွံ့ဖြိုးတိုးတက်လာရင် ငါတို့ ကုန်ပစ္စည်းတွေနဲ့ ဆိုရင် ဈေးကွက်ကို အမြန်ဆုံး သိမ်းပိုက်နိုင်မှာပဲ၊ ဒီလိုဆိုရင် ငါတို့ ကုမ္ပဏီက မကြာခင် နိုင်ငံတကာ ကုမ္ပဏီကြီး ဖြစ်လာတော့မှာ"

အားလုံးက Green Freshအုပ်စု နိုင်ငံခြား ဈေးကွက် ဖွံ့ဖြိုးတိုးတက်ရေးကို အကောင်းမြင်ကြပြီး Green Freshအုပ်စု အနာဂတ်တွင် နိုင်ငံတကာ ကုမ္ပဏီကြီး ဖြစ်လာမည်ကို မျှော်လင့်နေကြသည်။

"အရင်တုန်းက F နိုင်ငံ ဟွမ်လင်း နိုင်ငံတကာ အုပ်စုက ကမ္ဘာ့ဈေးကွက်မှာ ခေါင်းဆောင် ဖြစ်ခဲ့တာ၊ ငါတို့ Green Freshအုပ်စုက မကြာခင် အစားထိုး နေရာယူနိုင်မယ်လို့ ငါ ယုံကြည်တယ်" တစ်ယောက်က စိတ်ဓာတ်တက်ကြွစွာ ပြောလိုက်သည်။ "ဟွမ်လင်းအုပ်စုက ငါတို့ ဟွာရှဈေးကွက်မှာ နှစ်လ၊ သုံးလလောက်နဲ့ ရှုံးနိမ့်သွားပြီး ထွက်ခွာသွားရတာကို ကြည့်လိုက်၊ ငါတို့ Green Freshအုပ်စုက ထိပ်ဆုံး ရောက်လာတော့မယ်"

"ဟဟ... ဟွမ်လင်းအုပ်စုက ကိုယ့်သေတွင်း ကိုယ်တူးတာပါ၊ ယုတ်မာတဲ့ နည်းလမ်းတွေ သုံးပြီး ငါတို့ Green Freshအုပ်စုကို ထောင်ချောက်ဆင်လို့သာ၊ မဟုတ်ရင် သူတို့ ဟွာရှမှာ ခဏလောက်တော့ တောင့်ခံနိုင်ဦးမှာ။ အခုလို အရှက်တကွဲ ထွက်ခွာသွားရမှာ မဟုတ်ဘူး"

"အခု ငါတို့ ကုမ္ပဏီက ဟွမ်လင်းအုပ်စုနဲ့ နိုင်ငံတကာ ဈေးကွက်ကို ယှဉ်ပြိုင်ရတော့မယ်"

"ဟဟ... အဲဒါ ဖြစ်နိုင်တာ မဟုတ်ဘူး၊ သေချာပေါက် ဖြစ်မှာ။ ငါတို့ Green Freshအုပ်စု စီစဉ်ထားတဲ့ နိုင်ငံခြား ဈေးကွက် ရောင်းချမှု လမ်းကြောင်းက ငါတို့ နိုင်ငံလို သာမန်လူတန်းစား လမ်းကြောင်း မဟုတ်ဘူး၊ စစ်မှန်တဲ့ အထက်တန်းလွှာ ဇိမ်ခံလမ်းကြောင်းကို သွားမှာ၊ ဟွမ်လင်းအုပ်စုလည်း အဲဒီပုံစံပဲ။ အဆင့်မြင့် ဈေးကွက်က အဲဒီလောက်ပဲ ရှိတာ၊ ဘယ်သူမဆို လိုချင်ကြမှာပဲ၊ ဒါကြောင့် သေချာပေါက် ယှဉ်ပြိုင်ရမှာပဲ"

"Green Freshအုပ်စု နိုင်ရမယ်"

တစ်ယောက်က ရုတ်တရက် ကြွေးကြော်လိုက်သည်။

"Green Freshအုပ်စု နိုင်ရမယ်"

***

စိုက်ပျိုးရေးနေရာလွတ်က ငါ့ကိုချမ်းသာလာစေတယ်

အခန်း ၉၄၂ ။ နောက်ဆုံးတော့ နားလည်သွားကြပြီ

အန်းရှောင်ဟွေသည် သူမ မွေးဖွားလာခဲ့သည့် အချိန်မှစ၍ ယနေ့တွင် အပျော်ရွှင်ဆုံးနှင့် စိတ်အလှုပ်ရှားဆုံး ဖြစ်နေသည်။

သူမ၏ ဝန်ထမ်းခေါ်ယူမှုလုပ်ငန်းများ ပြီးဆုံးသွားသောကြောင့် မဟုတ်ဘဲ သူမ၏ မိဘနှစ်ပါးသည် ဦးလေးအန်းမိသားစု၊ အထူးသဖြင့် အန်းယန်၏ ချိုသာသော စကားများကို မျက်စိမှိတ် ယုံကြည်ခြင်း မရှိတော့ဘဲ အန်းယန်၏ တင်တောင်းငွေ၊ အိမ်ဖိုးနှင့် ကားဖိုးများကို တာဝန်ယူပေးရန် တောင်းဆိုမှုကို ပြတ်ပြတ်သားသား ငြင်းပယ်လိုက်သောကြောင့်ဖြစ်သည်။

ဦးလေးအန်းမိသားစုအတွက်မူ အဖေအန်း၊ အမေအန်းနှင့် အန်းရှောင်ဟွေတို့၏ ပိုက်ဆံသည် အန်းယန်၏ ပိုက်ဆံများ ဖြစ်သည်။ သူတို့က ကြိုတင် ထုတ်သုံးရုံသာ ဖြစ်ပြီး ဒီပိုက်ဆံတွေကို သုံးတာက သဘာဝကျတယ်လို့ ယူဆထားကြတယ်။

သူတို့ ကျေးလက်ဒေသမှာ ဆိုရိုးစကားတစ်ခုရှိတယ်။ သေဆုံးသူအတွက် အိုးခွဲပေးတဲ့သူက သေဆုံးသူရဲ့ ပိုင်ဆိုင်မှု အားလုံးကို ရရှိတယ်တဲ့။

လွန်ခဲ့သော ဆယ်နှစ်က အဖေအန်း၊ အမေအန်းတို့ သေဆုံးသွားလျှင် အန်းယန်က အိုးခွဲပေးမည်ဟု သဘောတူခဲ့ကြသည်။ သဘာဝကျစွာပင် အဖေအန်း၊ အမေအန်းတို့ သေဆုံးပြီးနောက် ပိုင်ဆိုင်မှုများ၊ အဲ... တကယ်တော့ လက်ရှိ ပိုင်ဆိုင်မှုများ အပါအဝင် အားလုံးသည် အန်းယန် ပိုင်ဆိုင်သွားမည် ဖြစ်သည်။

ဒါကြောင့် အန်းယန် မင်္ဂလာဆောင် စရိတ်ကို သူတို့ ထုတ်ပေးသင့်တယ် မဟုတ်လား။ ဒါက အန်းယန် ကြိုထုတ်သုံးတာပဲ ရှိသေးတာ။

ဒါပေမဲ့ ဒီလောက်ရိုးရှင်းတဲ့ တောင်းဆိုမှုကို ငြင်းပယ်ခံလိုက်ရလိမ့်မယ်လို့ သူတို့ လုံးဝ ထင်မှတ်မထားခဲ့ဘူး။ အဖေအန်း၊ အမေအန်းတို့ ဘာဖြစ်သွားမှန်း မသိဘူး။

ငြင်းပယ်ရတဲ့ အကြောင်းရင်းက ရိုးရှင်းပါတယ်။ သူတို့ မိသားစုက အန်းယန်ရဲ့ ပထမဆုံး သားယောကျ်ားလေးကို အဖေအန်း၊ အမေအန်းတို့ရဲ့ မြေးအဖြစ် မွေးစားခွင့်ပေးဖို့ လုံးဝ သဘောမတူလို့ပါပဲ။

ဟာသပဲ... သူတို့ရဲ့ ပထမဆုံး မြေးကို ဘာကိစ္စ သူတို့ဆီ ပေးရမှာလဲ။ မြေးဦး မပြောနဲ့၊ ဒုတိယမြေး၊ တတိယမြေး ဆိုရင်တောင် သူတို့ သဘောတူမှာ မဟုတ်ဘူး။ သားဖြစ်သူကို သူတို့အတွက် အိုးခွဲခိုင်းတာကတင် သူတို့ဘက်က အများကြီး လိုက်လျောပေးထားတာ၊ သူတို့အပေါ် ကျေးဇူးကြီးမားနေပြီ။ မဟုတ်ရင် မျိုးဆက်ပြတ်နေတဲ့သူကို ဘယ်သူက အိုးခွဲပေးမှာလဲ။

ဒါကြောင့် ဦးလေးအန်းမိသားစုက သေချာပေါက် သဘောမတူကြဘူး။

အဖေအန်း၊ အမေအန်းတို့က တစ်လှမ်းဆုတ်ပြီး ဒုတိယမြေးကို တောင်းဆိုပေမဲ့လည်း သဘောမတူကြဘူး။

ဒီတစ်ခါတော့ အဖေအန်း၊ အမေအန်းတို့ ဒေါသထွက်သွားပြီး သဘောမတူရင် ပိုက်ဆံမပေးနိုင်ဘူးလို့ ပြောလိုက်ကြတယ်။

အဖေအန်း၊ အမေအန်းတို့ရဲ့ ဒေါသစကားကို ကြားပြီးနောက် ဦးလေးအန်း ဇနီးမောင်နှံနဲ့ အန်းယန်တို့က ဒီလို ပိုက်ဆံရမယ့် အခွင့်အရေးကို လက်လွှတ်မခံချင်ကြဘူး။

သူတို့ မိသားစု တိုင်ပင်ပြီးနောက် ပိုက်ဆံအရင် ရအောင်ယူဖို့ ဆုံးဖြတ်လိုက်ကြတယ်။ နောက်ကိစ္စ နောက်မှ ရှင်းမယ်ပေါ့။ ဘာပဲပြောပြော အန်းယန်က အခုမှ မင်္ဂလာဆောင်မှာပဲလေ။ မြေးရဖို့က အနည်းဆုံး နှစ်အတော်ကြာ လိုသေးတယ်။ အဲဒီကျရင် မြေးတကယ် ရလာမှ သူတို့ ကတိဖျက်လိုက်မယ်။

အဲဒီအချိန်ကျရင် ပိုက်ဆံလည်း ရပြီးပြီ၊ မြေးလည်း မပေးရတော့ဘူး။ အဖေအန်း၊ အမေအန်းတို့ ဘာမှ တတ်နိုင်မှာ မဟုတ်ဘူး။

သူတို့ တောင်းတဲ့ တင်တောင်းငွေ၊ အိမ်ဖိုး၊ ကားဖိုး စုစုပေါင်းက ယွမ် ၅ သိန်းကျော်တယ်။

ဒီနှစ်တွေအတွင်း အန်းယန်ကို အဖေအန်း၊ အမေအန်းတို့က ကျွေးမွေးပြုစုထားလို့ သူတို့ ပိုက်ဆံ သိပ်မကုန်ခဲ့ဘူး၊ စုဆောင်းငွေတချို့ ရှိတယ်။ ဒါပေမဲ့ ယွမ် ၅ သိန်းတော့ မရှိဘူး။

ဒါပေမဲ့ ဒီတစ်ခါတော့ သူတို့ ဉာဏ်ကောင်းသလို အဖေအန်း၊ အမေအန်းတို့လည်း မအ,တော့ပါဘူး။

ညီလေး ဇနီးမောင်နှံက ဒုတိယမြေးကို မွေးစားခွင့်ပေးမယ်လို့ သဘောတူတာ ကြားလိုက်ရတော့ သူတို့ ရှေ့နေတစ်ယောက် ချက်ချင်း ငှားလိုက်ပြီး စာချုပ်ချုပ်ဆိုကာ ရှေ့နေကိုပါ သက်သေအဖြစ် ဖိတ်ခေါ်လိုက်တယ်။

ရှေ့နေက ပြောသည်။ "ဒီစာချုပ်က ဥပဒေအရ အကျိုးသက်ရောက်မှု ရှိပါတယ်..."

ဦးလေးအန်း ဇနီးမောင်နှံက ရှေ့နေရဲ့ စကားကိုကြားတော့ မျက်နှာတွေ ပြာနှမ်းသွားတယ်။

အစ်ကိုကြီး၊ မရီးတို့က ပိုက်ဆံထုတ်ပေးဖို့ သဘောတူပေမဲ့ ဒုတိယမြေးကို သူတို့ဆီ မွေးစားခွင့်ပေးရမယ်ဆိုတဲ့အချက် ပါဝင်တယ်။ မဟုတ်ရင် ပေးထားတဲ့ ပိုက်ဆံကို ပြန်လျော်ရမယ်၊ ပြန်မလျော်ရင် တရားရုံးမှာ တရားစွဲလို့ ရတယ်တဲ့။

အန်းယန်က ကိစ္စမရှိပေမဲ့ ဦးလေးအန်း ဇနီးမောင်နှံကတော့ သဘောမတူဘူး။ အဖေအန်း၊ အမေအန်းတို့ရဲ့ ပိုက်ဆံက အန်းယန်ရဲ့ ပိုက်ဆံဖြစ်နေပြီလို့ သူတို့ ယူဆထားကြတယ်။ ဒါကြောင့် မြေးရောင်းစားဖို့ လုံးဝ သဘောမတူဘူး။

ဒါပေမဲ့ တစ်ဖက်လူက ရှေ့နေ ခေါ်လာပြီး ဥပဒေအရ အကျိုးသက်ရောက်မှုရှိတယ်ဆိုတော့ သူတို့ တွန့်ဆုတ်သွားကြတယ်။

အဖေအန်း၊ အမေအန်းတို့ မြင်လိုက်ရတော့ စိတ်ပျက်သွားကြတယ်။

တကယ်တော့ သူတို့ ဒီလိုလုပ်တာက ညီလေး မိသားစုကို စမ်းသပ်ကြည့်တာပါ။ ဒါပေမဲ့ ရလဒ်က သူတို့ကို ပြင်းပြင်းထန်ထန် ပါးရိုက်လိုက်သလို ဖြစ်သွားတယ်။

သူတို့ အခုမှ ကောင်းကောင်း နားလည်သွားတယ်။ ညီလေး မိသားစုက သူတို့ ပိုင်ဆိုင်မှုတွေကို မက်မောလို့သာ အန်းယန်ကို အိုးခွဲခိုင်းတာ။ သူတို့ဘက်က ပြန်ပေးဆပ်ရမယ်ဆိုရင်တော့ လုံးဝ မလိုလားကြဘူး။

နေရာမှာတင် အဖေအန်း၊ အမေအန်းတို့ မပေါက်ကွဲခဲ့ပေမဲ့ ညီလေး မိသားစုကို သေချာ စဉ်းစားခိုင်းလိုက်တယ်။

လူတွေ အကုန် ပြန်သွားပြီးနောက် အဖေအန်း၊ အမေအန်းတို့ မျက်နှာ မည်းမှောင်သွားကြတယ်။

အဖေအန်း ဒေါသတကြီး ဆဲဆိုလိုက်သည်။ "ခွေးကောင်တွေ"

အမေအန်း မျက်နှာထားလည်း မကောင်းလှပေ။ တိတ်ဆိတ်စွာ နေပြီး နက်နက်နဲနဲ စဉ်းစားနေပုံရသည်။

ခဏအကြာတွင် အမေအန်း ပြောလိုက်သည်။ "လောင်တာ့... သူများကို အားကိုးနေမယ့်အစား ကိုယ့်လူကိုယ် အားကိုးတာ ပိုကောင်းမယ် ထင်တယ်။ ရှောင်ဟွေ ပြောထားတယ်လေ... နောက်ပိုင်း သူနဲ့ သူ့ယောကျ်ား မွေးလာမယ့် ပထမဆုံး သားယောကျ်ားလေးကို အန်းမျိုးရိုး ပေးမယ်၊ ငါတို့ရဲ့ မြေးအရင်း ဖြစ်လာမယ်၊ နောက်ကျ အိုးခွဲတဲ့ ကိစ္စကိုလည်း သူ့ကိုပဲ အားကိုးလို့ ရတယ်တဲ့။

အရေးအကြီးဆုံးက ရှောင်ဟွေရဲ့ သားက ငါတို့ သွေးသားရင်းပဲ။ တကယ်လို့ အန်းမျိုးရိုး ယူလိုက်ရင် ငါတို့ရဲ့ သားအရင်းလို ဖြစ်သွားပြီ။ ဒီလိုဆိုရင် ငါတို့ မောင်လေးရဲ့ မြေးကို မွေးစားစရာ မလိုတော့ဘူး။ ပြီးတော့ ရှောင်ဟွေ ပြောသေးတယ်... နောက်ပိုင်း သူက ဂုဏ်ရှိရှိ လက်ထပ်ပြီး ထွက်သွားမှာတဲ့။ လက်ထပ်ပြီးရင် သူတို့ နေတဲ့နေရာမှာပဲ အိမ်တစ်လုံး ထပ်ဝယ်ပြီး ငါတို့ကို ပြုစုစောင့်ရှောက်မယ်၊ အိုစာမင်းစာ ကျွေးမယ်တဲ့။ ဒီလိုဆိုရင် ငါတို့ မျိုးဆက်လည်း မပြတ်တော့ဘူး၊ အိုစာမင်းစာ ကျွေးမယ့်သူလည်း ရှိပြီပေါ့"

သူတို့ ရွာမှာ သားမက် အိမ်ခေါ်တင်တာက ရှက်စရာကောင်းတယ်၊ မိန်းကလေးဘက်က မိသားစုကိုလည်း လူတွေ အထင်သေးကြတယ်။

သူတို့က တစ်သက်လုံး မျက်နှာ လိုချင်ခဲ့ကြသူတွေမို့လို့ သမီးတစ်ယောက်တည်းရှိပေမဲ့ သားမက် အိမ်မခေါ်တင်ချင်ကြဘူး။ ဒါကြောင့် အန်းယန်ကို မျှော်လင့်ချက်ထားခဲ့ကြတာ။

ဒါပေမဲ့ လက်တွေ့ဘဝက သူတို့ကို ပြင်းပြင်းထန်ထန် ပါးဖြတ်ရိုက်လိုက်တယ်။ ညီလေး မိသားစုနဲ့ အန်းယန်က သူတို့ကို ဗြောင်ကျကျ အသုံးချနေတာ၊ ပိုင်ဆိုင်မှုတွေကို အမြဲ ညှစ်ယူနေတာ ဆိုတာ သိလိုက်ရတယ်။

အရင်တုန်းက သူတို့ မျှော်လင့်ချက် အားလုံးကို အန်းယန်အပေါ် ပုံအောထားလို့ အန်းယန်အတွက် ပိုက်ဆံသုံးရတာ လိုလားခဲ့ကြတယ်။

ဒါပေမဲ့ အခု သူတို့မှာလည်း မျှော်လင့်ချက်ရှိလာပြီဆိုတော့ အန်းယန်ဘက်က တောင်းဆိုမှုတွေကို သဘာဝကျကျပဲ စဉ်းစားလာကြပြီ။

အဖေအန်း တိတ်ဆိတ်နေပြီး ဆေးလိပ်တစ်ဖွာ ရှိုက်လိုက်ကာ ပြောလိုက်သည်။ "ရှောင်ဟွေ ပြောတာ ကောင်းတော့ ကောင်းပါတယ်။ ဒါပေမဲ့ နောက်ပိုင်း သူတို့ သားယောကျ်ားလေး မမွေးလာရင် ဘယ်လိုလုပ်မလဲ" သူလိုမျိုးပေါ့။

"ဖွီ... ဖွီ..." အမေအန်း ချက်ချင်း တံတွေးထွေးလိုက်ပြီး ပြောလိုက်သည်။ "လောင်တာ့... ရှောင်ဟွေတို့က ငယ်ပါသေးတယ်၊ ဘာလို့ သားယောကျ်ားလေး မမွေးနိုင်ရမှာလဲ။ ဟွန့်... သူတို့ သေချာပေါက် သားယောကျ်ားလေး မွေးလာမှာပါ။ ပြီးတော့ အခု ဆေးပညာတွေ တိုးတက်နေပြီ၊ မမွေးနိုင်ရင်တောင် ဖန်ပြွန်သန္ဓေသား လုပ်လို့ ရသေးတာပဲ။ ကြားတာတော့ ဖန်ပြွန်သန္ဓေသားက ယောက်ျားလေး လိုချင်လား၊ မိန်းကလေး လိုချင်လား ရွေးလို့ရတယ်တဲ့"

အဖေအန်း မျက်လုံးများ အရောင်တောက်လာပြီး မေးလိုက်သည်။ "မိန်းမ... မင်း ပြောတာ တကယ်လား"

"အင်း... သေချာပေါက် တကယ်ပေါ့" အမေအန်းက ပြောလိုက်သည်။ "ငါ လူငယ်တွေလို အွန်လိုင်းမှာ ရှာကြည့်ထားတာ"

ပြောပြောဆိုဆိုနှင့် ဖုန်းထုတ်ပြီး ရှာထားသော အချက်အလက်များကို အဖေအန်းအား ပြသလိုက်သည်။

အဖေအန်း ပေါင်ကို ရိုက်ပြီး ဝမ်းသာအားရ ပြောလိုက်သည်။ "ဒါဆို ငါတို့ ဘာတွေ တွန့်ဆုတ်နေဦးမှာလဲ။ အန်းယန်ရဲ့ သားနဲ့ ငါတို့ရှောင်ဟွေရဲ့ သားကို ရွေးခိုင်းရင် ငါတို့ သေချာပေါက် ကိုယ့်သမီးရဲ့ သားကို ရွေးရမှာပေါ့။ ငါတို့ သမီး မွေးလာတဲ့ မြေးကမှ ငါတို့ရဲ့ မြေးအရင်းဖြစ်မှာ"

အမေအန်းက ပြုံး၍ ပြောလိုက်သည်။ "ငါလည်း အဲဒီလိုပဲ တွေးတယ်"

အန်းယန်ရဲ့ သားက အန်းမိသားစု သွေးတစ်ဝက်၊ ပြင်ပလူ သွေးတစ်ဝက် ပါဝင်နေတာ။

အန်းရှောင်ဟွေရဲ့ သားက အဖိုးဖြစ်တဲ့ အန်းမိသားစု သွေးတစ်ဝက်၊ အဖွားဖြစ်တဲ့ သူမရဲ့ သွေးတစ်ဝက် ပါဝင်နေတာ။

ဉာဏ်ရှိတဲ့သူဆိုရင် ဘယ်လို ရွေးချယ်ရမလဲဆိုတာ သိကြမှာပါ။

ထို့နောက် သူတို့ သမီးဖြစ်သူ အန်းရှောင်ဟွေထံ ပြတ်ပြတ်သားသား ဖုန်းဆက်လိုက်ကြသည်။

***

All Chapters