အခန်း (၉၄၇-၉၄၈)
Vol. 58 Ch. 947-948
အခန်း ၉၄၇ ။ ကိုယ့်ပိုက်ဆံ မဟုတ်တော့ နှမြောစရာ မလိုဘူး
အန်းယန် ပြောခဲ့သလိုပင် သူတို့သည် ယမန်နေ့က ထောင်ယွမ်ရွာ ဝင်ခွင့်လက်မှတ် မဝယ်နိုင်ခဲ့သဖြင့် နောက်တစ်နေ့ မနက်စောစောထပြီး တန်းစီရန် ရောက်ရှိလာကြသည်။
သို့သော် ပတ်ဝန်းကျင်ရှိ ဟိုတယ်၊ တည်းခိုခန်းများမှာ ဈေးကြီးလွန်းလှသည်။ တစ်ညလျှင် အခန်းတစ်ခန်း ယွမ် ၂၀၀၊ ၃၀၀ ခန့် ပေးရသည်။
ဒုတိယအဒေါ်အန်း ကြားလိုက်ရသောအခါ လမ်းတစ်လျှောက်လုံး ဆဲဆိုကြိမ်းမောင်းလာခဲ့သည်။ ဆိုင်ရှင်တွေက ယုတ်မာတယ်၊ သာမန်အခန်းလေး တစ်ခန်းကို ယွမ်ရာချီ ယူနေတယ်၊ ဓားပြတိုက်တာကမှ ကောင်းဦးမယ် စသဖြင့် ပြောဆိုရင်း ဘေးပတ်ဝန်းကျင်မှ လူများ၏ ထူးဆန်းသော အကြည့်များကို ခံခဲ့ရသည်။
အန်းယန်သည် ရှက်လွန်း၍ မျက်နှာနီရဲနေသည်။ ဤကဲ့သို့ မိဘများ ရှိနေခြင်းကို အရှက်ရမိသည်။ သူ မျက်နှာမည်းမှောင်လျက် ဟိန်းဟောက်လိုက်သည်။ "တော်ပါတော့... အမေတို့က ကျွန်တော့်ကို တကယ် အရှက်ခွဲနေတာပဲ။ ယွမ် ၂၀၀၊ ၃၀၀ တန် အခန်းလေးကို လမ်းတစ်လျှောက်လုံး ဆဲဆိုလာကြတယ်။ တကယ်လို့ တစ်ရက်ကို ထောင်ချီပေးရတဲ့ အခန်းမှာနေခိုင်းရင် ဟိုတယ်ပိုင်ရှင်ကို ဓားနဲ့ သွားခုတ်ကြမလား"
ဦးလေးအန်းနှင့် ဒုတိယအဒေါ်အန်းတို့သည် သားဖြစ်သူ ဒေါသထွက်နေသည်ကို တွေ့သောအခါ ပါးစပ်ပိတ်သွားကြသည်။
သို့သော် တစ်ရက်ကို ယွမ်ရာချီ ပေးရမည့် အခန်းကို နေရမည်ဆိုတော့ နှမြောလွန်း၍ မနေရက်ကြပေ။
နောက်ပိုင်းတွင် အနီးအနားရွာများ၌ တည်းခိုနိုင်သော နေအိမ်များရှိကြောင်း၊ တစ်ရက်လျှင် ယွမ် ၆၀ မှ ၁၀၀ ခန့်သာ ကျသင့်ကြောင်း ကြားသိရသဖြင့် သဘာဝကျစွာပင် ထိုနေရာများကို ရွေးချယ်လိုက်ကြသည်။ ဈေးအသက်သာဆုံး အခန်းကို ရွေးချယ်လိုက်ကြသည်။
သို့သော် ယခင်က သူတို့ နေခဲ့ဖူးသော ဟိုတယ်အခန်းများနှင့် ယှဉ်လျှင် ဤနေအိမ်မှ အခန်းတွင် ကုတင်တစ်လုံး၊ ညစ်ပတ်နေသော စောင်ပါးတစ်ထည်နှင့် ညစ်ပတ်နေသော ခေါင်းအုံးနှစ်လုံးသာ ရှိသည်။ ရေတစ်ငုံတောင် သောက်စရာ မရှိပေ။
ရေသောက်ချင်ရင် ခြံဝင်းထဲက ရေတွင်းမှာ ကိုယ့်ဘာသာ ခပ်သောက်ရတယ်။
ဒီလို အခန်းမျိုးကို မြင်လိုက်ရတော့ ဒုတိယအဒေါ်အန်း ဒေါသတကြီး ခုန်ဆွခုန်ဆွ ဖြစ်လာပြန်သည်။
"တော်တော့... အခန်းကောင်းကျတော့ ဈေးကြီးတယ် ပြောတယ်၊ ဈေးသက်သာတဲ့ အခန်းကျတော့ မကောင်းဘူး ပြောပြန်ရော။ အမေ ကိုယ့်အိမ်မှာနေနေတယ် ထင်နေလား၊ စိတ်ကြိုက် ဂျီးများနေရအောင်လို့" အန်းယန် နောက်ထပ် အရှက်မကွဲချင်တော့သဖြင့် အမေဖြစ်သူ ဆဲဆိုတော့မည့် အချိန်တွင် တားဆီးလိုက်သည်။
ဒုတိယအဒေါ်အန်းသည် သားဖြစ်သူ၏ အကြိမ်ကြိမ် အဟောက်ခံရသဖြင့် ဝမ်းနည်းစွာ ပြောလိုက်သည်။ "အမေက ပိုက်ဆံနည်းနည်း ချွေတာချင်လို့ပါ"
ပုံမှန်ဆို သူတို့က စားဖို့သောက်ဖို့တောင် နှမြောကြတာ။ ဒါပေမဲ့ ဒီခရီးလမ်းမှာ စားသောက်နေထိုင်စရိတ်တွေက ပိုက်ဆံလိုတယ်လေ။ အခုဆို ပိုက်ဆံအတော်များများ ကုန်သွားပြီမို့လို့ သူတို့ ရင်နာနေရပြီ။
ဦးလေးအန်းက မျက်နှာမည်းမှောင်လျက် ပြောလိုက်သည်။ "မနက်ဖြန် အစ်ကိုကြီး၊ မရီးတို့ကို တွေ့ရင် ဒီပိုက်ဆံတွေကို ပြန်တောင်းရမယ်။ ငါတို့က သူတို့ကို လိုက်ရှာဖို့ ပိုက်ဆံအများကြီး ကုန်ထားတာ"
ဒုတိယအဒေါ်အန်း မျက်လုံးများ အရောင်တောက်လာပြီး ဝမ်းသာအားရ ထောက်ခံလိုက်သည်။ "ဟုတ်တယ်... အစ်ကိုကြီး၊ မရီးဆီက ပြန်တောင်းရမယ်"
ဦးလေးအန်းက ဇနီးသည်ကို ပြောလိုက်သည်။ "ဒါကြောင့် ငါတို့ ဒီလောက် ချွေတာနေစရာ မလိုဘူး"
"ဟုတ်တယ်... ချွေတာစရာ မလိုဘူး" ဒုတိယအဒေါ်အန်းက ထပ်မံ ထောက်ခံလိုက်သည်။ ထို့နောက် သူမ ပြောလိုက်သည်။ "သွား... သား၊ ငါတို့ ဟိုတယ် ပြန်သွားရအောင်။ ဒီနေရာက အရမ်း ညစ်ပတ်လွန်းတယ်"
ကိုယ့်ပိုက်ဆံ မဟုတ်တော့ သုံးရတာ မနှမြောတော့ဘူး ထင်တယ်။ ဒီပိုက်ဆံတွေကို အစ်ကိုကြီး၊ မရီးဆီက ပြန်တောင်းလို့ ရတယ် ဆိုတာ တွေးမိတော့ ပိုက်ဆံနည်းနည်းလောက်ပိုသုံးရတာကို သူတို့ ဂရုမစိုက်တော့ဘူး။
ထို့နောက် မိသားစု သုံးယောက် ဟိုတယ် ပြန်ရှာကြသည်။ ဒီတစ်ခါတော့ အကောင်းဆုံး ဟိုတယ်ကို ရှာကြသည်။
သို့သော် လာရောက်လည်ပတ်သူ များပြားလွန်းသဖြင့် အခန်းလွတ် နည်းပါးနေသည်။ အဆင့်မြင့် အခန်းများမှာ ကြိုတင်မှာယူထားပြီးဖြစ်သဖြင့် စံချိန်မီ အခန်းများသာ ကျန်ရှိတော့သည်။ အခန်းတစ်ခန်းလျှင် ယွမ် ၄၀၀ ပေးရသည်။ ဒီတစ်ခါတော့ ဈေးကြီးတယ်လို့ မပြောတော့ဘဲ အခန်းနှစ်ခန်း ချက်ချင်း ယူလိုက်ကြသည်။
ဟိုတယ်အခန်းက တကယ် နေလို့ကောင်းပါတယ်။ နောက်တစ်နေ့ ရောက်တဲ့အခါ သူတို့ အခန်းမအပ်ချင်သေးဘဲ နောက်ထပ် တစ်ညလောက် ထပ်နေချင်နေကြတယ်။
သို့သော် အန်းယန်က ထောင်ယွမ်ရွာထဲက ဟိုတယ်တွေက ပိုလှတယ်၊ နေရတာ ပိုကောင်းတယ်လို့ ပြောပြလိုက်တော့ သူတို့ ပြတ်ပြတ်သားသား ပစ္စည်းသိမ်း၊ အခန်းအပ်ပြီး လက်မှတ်ရောင်းကောင်တာ ရင်ပြင်ဆီ ထွက်လာကြသည်။
သို့သော် သူတို့ ရောက်လာသောအခါ လက်မှတ်ရောင်းကောင်တာ ရင်ပြင်တွင် လူပင်လယ်ကြီး ထပ်ဖြစ်နေပြီး တန်းစီနေကြသည်မှာ အတန်းလိုက် ရှည်လျားနေသည်။
"ငါတို့ ဒီလောက်စောစော ရောက်လာတာတောင် လူတွေ ဒီလောက် များနေတုန်းလား" ဒုတိယအဒေါ်အန်း မယုံကြည်နိုင်စွာ ပြောလိုက်သည်။
အန်းယန် လူအုပ်ကို ဝေ့ကြည့်လိုက်ပြီး မျက်နှာတွင် စိုးရိမ်ပူပန်မှုများ ပေါ်လာကာ ပြောလိုက်သည်။ "လူတွေ ဒီလောက်များတာ၊ လက်မှတ် ဝယ်လို့ ရပါ့မလား မသိဘူး"
ဦးလေးအန်း ကြားလိုက်ရသောအခါ ဒေါသတကြီး ဆဲဆိုလိုက်သည်။ "အန်းရှောင်ဟွေ အဲဒီကောင်မစုတ်၊ တကယ် မုန်းစရာ ကောင်းလိုက်တာ။ သူသာ ငါတို့နဲ့ အစ်ကိုကြီး၊ မရီးကြားက အဆက်အသွယ်ကို မဖြတ်တောက်လိုက်ရင် ငါတို့ ဒီလောက် ဝေးဝေးလံလံ လာစရာ လိုပါ့မလား"
ဒုတိယအဒေါ်အန်းက ခေါင်းညိတ် ထောက်ခံလိုက်သည်။ "ဟွန့်... အစ်ကိုကြီးနဲ့မရီးတို့က သူတို့သေရင် ရှောင်ယန်ကို အိုးခွဲစေချင်သေးတယ်။ ဒီလောက်တောင် စေတနာမရှိမှတော့ နောက်ကျ ဘယ်သူက သူတို့ကို အိုးခွဲပေးမှာလဲ"
ဤနေရာသို့ ရောက်သောအခါ သူမ ခနရပ်လိုက်ပြီး အလွန် လေးနက်ပြတ်သားစွာ၊ လောဘကြီးစွာ ပြောလိုက်သည်။ "ယောက်ျား... တကယ်လို့ ဒီတစ်ခေါက် အစ်ကိုကြီးနဲ့မရီးတို့က ရှောင်ယန် မင်္ဂလာဆောင်ဖို့ တင်တောင်းငွေ၊ အိမ်နဲ့ ကားအတွက် ပိုက်ဆံမပေးဘူး ဆိုရင် ငါတို့ ရှောင်ယန်ကို သူတို့အတွက် အိုးခွဲခိုင်းဖို့ သဘောမတူတော့ဘူး။
ဒီလောက် ကပ်စေးနည်းပြီး ဘာမှ မပေးချင်ဘဲနဲ့ ငါတို့သားကို အိုးခွဲခိုင်းချင်တာ အိပ်မက်မက်နေလိုက်။ နောက်ကျရင် သူတို့ရဲ့ အဲဒီ အရှုံးပေါ် ကုန်ပစ္စည်းမလေးက သားမက် အိမ်ခေါ်တင်ပြီး အိုးခွဲပေးတာကိုပဲ စောင့်နေခိုင်းလိုက်၊ တစ်ရွာလုံးက လှောင်ပြောင်ပြီး အတင်းအဖျင်းပြောတာ ခံရမလား မခံရဘူးလား ကြည့်ကြတာပေါ့"
ဒီအချိန်အထိ သူတို့က ဒီအချက်ကို ကိုင်စွဲပြီး အစ်ကိုကြီး၊ မရီးတို့ဆီကနေ ပိုက်ဆံတောင်းနေခဲ့ကြတာ။
ဒီတစ်ခေါက်လည်း ခြွင်းချက် မရှိပါဘူး။
ဘာလို့လဲဆိုတော့ သူတို့မှာ သားတစ်ယောက် ရှိတယ်၊ အားကိုးစရာ ရှိတယ်။ အစ်ကိုကြီး၊ မရီးတို့မှာတော့ အရှုံးပေါ် ကုန်ပစ္စည်းမလေး တစ်ယောက်ပဲ ရှိတာလေ။
ဦးလေးအန်းသည် ဇနီးသည်၏ စကားကို အလွန် သဘောတူပြီး ပြောရင်းနှင့် စိတ်လှုပ်ရှားလာကာ ပြောလိုက်သည်။ "ဟွန့်... သားသမီးမြေးမြစ် မရှိရင် သူတို့ ဘယ်မျက်နှာနဲ့ အောက်ရောက်ရင် ဘိုးဘေးတွေကို သွားတွေ့မလဲ ကြည့်ရသေးတာပေါ့။ တကယ်လို့ သူ (အန်းရှောင်ဟွေ) က ယွမ် ၅ သိန်း ပေးမယ်လို့ သဘောတူရင်တော့ ရှောင်ယန်ကို ဆက်ပြီး အိုးခွဲခိုင်းလိုက်မယ်"
မိဘနှစ်ပါး တစ်ယောက်တစ်ခွန်း ပြောရင်း ပိုစိတ်လှုပ်ရှားလာကြသည်ကို နားထောင်ရင်း အန်းယန်၏ ရင်ထဲတွင် မကောင်းသော ခံစားချက် တစ်ခု ဖြစ်ပေါ်လာသည်။
ဒီတစ်ခေါက် ပိုက်ဆံတောင်းရတာ ဒီလောက် လွယ်ကူမှာ မဟုတ်ဘူးလို့ သူ ခံစားနေရတယ်။
မဟုတ်ရင် အဘိုးကြီးနဲ့အဘွားကြီးက သမီးနောက်ကို ညတွင်းချင်း ဘာလို့ လိုက်သွားကြမှာလဲ၊ သူတို့ကိုလည်း နှုတ်မဆက်ခဲ့ကြဘူး။ ဒါမျိုး အရင်က တစ်ခါမှ မဖြစ်ဖူးဘူး။ ပြီးတော့ သူတို့က သမီးဖြစ်သူကို ဘယ်တုန်းကမှ မျက်နှာသာပေးခဲ့တာ မဟုတ်ဘူး။
ဒါပေမဲ့ ဒီတစ်ခေါက် ဘာလို့ သမီးနောက် လိုက်သွားဖို့ သဘောတူလိုက်တာလဲ။
ဒုတိယအဒေါ်အန်းသည် အန်းယန် မပျော်ရွှင်သည်ကို တွေ့ရသဖြင့် ဂရုတစိုက် မေးလိုက်သည်။ "ရှောင်ယန်... ဘာဖြစ်လို့လဲ"
အန်းယန် စဉ်းစားပြီး ပြောလိုက်သည်။ "အဖေ၊ အမေ... တကယ်လို့ ဒီတစ်ခေါက် ငါတို့ ပိုက်ဆံမရရင် ဘယ်လိုလုပ်မလဲ"
"သူတို့ မပေးရဲပါဘူးကွာ" ဦးလေးအန်းနှင့် ဒုတိယအဒေါ်အန်းတို့သည် တညီတညွတ်တည်း၊ ယုံကြည်မှု အပြည့်ဖြင့် ပြောလိုက်ကြသည်။ "နောက်ပိုင်း သူတို့က မင်းကို အားကိုးရမှာလေ။ ရှောင်ယန်... စိတ်အေးအေးသာ ထား။ ဒီပိုက်ဆံကို ငါတို့ သေချာပေါက် ရအောင် ယူမယ်"
ထို့နောက် ယုံကြည်မှု အပြည့်ဖြင့် ဦးလေးအန်း တန်းသွားစီလိုက်သည်။
ခဏကြာတော့ ယမန်နေ့က သူတို့နှင့် စကားပြောခဲ့သော လုံခြုံရေး ဝန်ထမ်းသည် လူတစ်ယောက်ကို ခေါ်လာပြီး ဒုတိယအဒေါ်အန်းနှင့် အန်းယန်တို့ကို ညွှန်ပြကာ ပြောလိုက်သည်။ "မနေ့က ဌာနမှူးအန်းကို လာရှာတာ သူတို့ပဲ"
"ကောင်းပြီ... မင်း သူတို့ကို ဌာနမှူးအန်းရဲ့ အိမ်ရာဆီ ခေါ်သွားလိုက်" သူ့နောက်မှ ပါလာသူက ပြောလိုက်သည်။ ထို့နောက် မှာကြားလိုက်သည်။ "သူတို့ကို တိုက်ရိုက် ခေါ်သွားလိုက်၊ လမ်းမှာ လျှောက်သွားခွင့် မပေးနဲ့။ ပြီးတော့ သူတို့နဲ့ စကားအများကြီး မပြောနဲ့"
"ဟုတ်ကဲ့... ခေါင်းဆောင်လီ" လုံခြုံရေး ဝန်ထမ်းက ပြောလိုက်သည်။
ခေါင်းဆောင်လီ ထွက်ခွာသွားပြီးနောက် လုံခြုံရေး ဝန်ထမ်းသည် ဒုတိယအဒေါ်အန်းနှင့် အန်းယန်တို့ ရှေ့သို့ တိုက်ရိုက် လျှောက်သွားပြီး လေးနက်စွာ ပြောလိုက်သည်။ "ခင်ဗျားတို့ အန်းရှောင်ဟွေကို ရှာတာ မဟုတ်လား"
အန်းယန်နှင့် ဒုတိယအဒေါ်အန်း အနည်းငယ် ကြောင်သွားသည်။
ထို့နောက် ဒုတိယအဒေါ်အန်း ခေါင်းညိတ်လိုက်သည်။ "ဟုတ်ပါတယ်"
လုံခြုံရေး ဝန်ထမ်းက ခေါင်းညိတ်လိုက်သည်။ "ဒါဆိုရင် ကျွန်တော့်နောက် လိုက်ခဲ့"
ဒုတိယအဒေါ်အန်း မျက်လုံးများ အရောင်တောက်လာပြီး ဝမ်းသာအားရ ပြောလိုက်သည်။ "အဲဒီ ကောင်မစုတ်က ကျွန်မတို့ကို ဝင်ခွင့်ပေးလိုက်တာလား"
လုံခြုံရေး ဝန်ထမ်းက သူမ မေးခွန်းကို မဖြေဘဲ "ခင်ဗျားတို့ အခု လိုက်မှာလား၊ မလိုက်ဘူးလား" ဟု မေးလိုက်သည်။
"လိုက်မယ်၊ လိုက်မယ်... ရှောင်ယန်၊ နင့်အဖေကို သွားခေါ်လိုက်" ဒုတိယအဒေါ်အန်း ပြောလိုက်သည်။
အန်းယန် သူ့အဖေကို သွားခေါ်လာပြီးနောက် လုံခြုံရေး ဝန်ထမ်းနောက် လိုက်သွားကြသည်။
လုံခြုံရေး ဝန်ထမ်းက သူတို့ကို တခြား ဂိတ်ပေါက်ငယ် တစ်ခုမှ ခေါ်သွားပြီး စာရင်းသွင်းကာ ဝင်ခွင့်ပေးလိုက်သည်။
မိသားစု သုံးယောက် ဝင်သွားသည်နှင့် ထောင်ယွမ်ရွာသည် အမှန်တကယ်လှပကြောင်း တွေ့ရှိလိုက်ရသည်။
သုံးယောက်သား လုံခြုံရေး ဝန်ထမ်းနောက်လိုက်ရင်း လမ်းတစ်လျှောက် အာမေဋိတ်သံများ ပြုနေကြသည်။ ဒီနေရာက တကယ် လှပလွန်းတယ်။
သို့သော် မိသားစု သုံးယောက်က ယွမ် ၅ သိန်း ကိစ္စကိုပဲ တွေးနေကြတယ်။ အချိန်အတော်ကြာ လမ်းလျှောက်ပြီးနောက် ဦးလေးအန်း မနေနိုင်ဘဲ မေးလိုက်သည်။ "ဘယ်တော့ ရောက်မှာလဲ။ ငါတို့ ဘယ်လောက်ကြာကြာ လျှောက်ရဦးမှာလဲ"
လုံခြုံရေး ဝန်ထမ်းက မျက်နှာသေဖြင့် ပြောလိုက်သည်။ "ခင်ဗျားတို့ နောက်က လိုက်လာရုံပါပဲ"
အန်းယန်က သံသယနှင့် သိချင်စိတ်ဖြင့် မေးလိုက်သည်။ "လုံခြုံရေးအစ်ကို... ကျွန်တော် မေးပါရစေ၊ အန်းရှောင်ဟွေ အဲဒီကောင်မလေးက Green Freshအုပ်စုမှာ ဘာလုပ်တာလဲ။ ကုမ္ပဏီမှာ ဘာရာထူး ရထားလဲ"
လုံခြုံရေး ဝန်ထမ်းက ပြန်မဖြေပေ။
ဒုတိယအဒေါ်အန်းက မျက်လုံး ကလည်ကလည် လုပ်ပြီး သိချင်စိတ်ဖြင့် ဝင်မေးလိုက်သည်။ "ဟုတ်တယ်... အဲဒီ ကောင်မစုတ်က Green Freshအုပ်စုမှာ လုပ်နေတာ။ ကြားတာတော့ Green Freshအုပ်စုက လစာကောင်းတယ် ဆို၊ သူ တစ်လကို ယွမ်တစ်သောင်းလောက် ရလား"
သူတို့ အမြင်မှာ တစ်လ ယွမ်တစ်သောင်း ဆိုတာ အများဆုံးပါပဲ။
"ဪ... ဒါနဲ့၊ ကျွန်မသားကလည်း တက္ကသိုလ် ဘွဲ့ရထားတာ၊ ဒီမှာ လာလုပ်လို့ရမလား။ စိတ်ချပါ... ကျွန်မသားက အဲဒီ ကောင်မစုတ်ထက် သေချာပေါက် သာပါတယ်"
လုံခြုံရေး ဝန်ထမ်း "..."
ကြည့်ရတာ ဒီမိသားစုက တကယ်ပဲ ဌာနမှူးအန်းရဲ့ ရန်သူတွေ ဖြစ်လောက်တယ်။ ခေါင်းဆောင်လီက သူတို့နဲ့ စကားများများ မပြောဘဲ တိုက်ရိုက် ခေါ်သွားဖို့ မှာလိုက်တာ အကြောင်းရှိတာပဲ။
ဒီဌာနမှူးအန်းရဲ့ လူကြီးနှစ်ယောက်က သူမကို အထင်မကြီးဘဲ ကောင်မစုတ်၊ သေနာမ လို့ ခေါ်နေတာတင် မကဘူး၊ ဒီဝမ်းကွဲမောင်ကလည်း အန်းရှောင်ဟွေ ကောင်မလေး ဘာညာနဲ့ ခေါ်နေတာ၊ တကယ်ကို အကြီးအငယ် မသိတတ်ကြဘူး။
***
စိုက်ပျိုးရေးနေရာလွတ်က ငါ့ကိုချမ်းသာလာစေတယ်
အခန်း ၉၄၈ ။ ခြင်္သေ့ပါးစပ်ဟခြင်း
လုံခြုံရေးဝန်ထမ်းက ဦးလေးအန်းမိသားစုကို အန်းရှောင်ဟွေတို့ နေထိုင်သော အိမ်ရာဆီသို့ တိုက်ရိုက် ခေါ်ဆောင်လာခဲ့သည်။
အိမ်ရာဝင်းထဲ ဝင်လိုက်သည်နှင့် ဦးလေးအန်းမိသားစု၏ မျက်လုံးများ ပြူးကျယ်သွားသည်။
အိမ်တွေကို တကယ် လှလှပပ ဆောက်ထားတာပဲ။
အိမ်များသည် ရှေးဟောင်းစတိုင်နှင့် တည်ဆောက်ထားပြီး ရိုးရာ အငွေ့အသက်များ ပါဝင်နေသည်။ အိမ်ရှေ့တွင် ခြံဝင်းလေး တစ်ခု ပါရှိပြီး ခြံဝင်းထဲတွင် ပန်းမန်များ စိုက်ပျိုးထားသည်။
ဒါက ဘယ်လိုလုပ် ဝန်ထမ်းအိမ်ရာ ဖြစ်နိုင်မှာလဲ။ လုံးချင်းအိမ်လေး တစ်လုံးလိုပဲ၊ လှပပြီး သက်သောင့်သက်သာ ရှိနေတယ်။
မှန်ပါသည်... ဒါက Green Freshအုပ်စုရဲ့ အထက်တန်း စီမံခန့်ခွဲသူတွေမှ ရရှိနိုင်တဲ့ အခွင့်အရေးပါ။
လုံခြုံရေး ဝန်ထမ်းက သူတို့ကို တံခါးရှေ့သို့ ခေါ်ဆောင်သွားပြီး တံခါးခေါက်လိုက်သည်။
ခဏအကြာတွင် တစ်ယောက်ယောက် တံခါးလာဖွင့်ပေးသည်။
လုံခြုံရေး ဝန်ထမ်းက မေးလိုက်သည်။ "ဒါ ဌာနမှူးအန်း အိမ်လား"
လုံခြုံရေး ဝန်ထမ်းက ရှောင်ဝမ်ကို သေချာပေါက် သိပါတယ်။ ဘာလို့လဲဆိုတော့ ပုံမှန်အချိန်တွေမှာ Green Freshအုပ်စု လုံခြုံရေး ဌာနရဲ့ နည်းပြတွေထဲမှာ ရှောင်ဝမ် ပါဝင်နေလို့ပါ။
လုံခြုံရေး ဝန်ထမ်းက အန်းရှောင်ဟွေကို အရှိန်အဝါ မြှင့်တင်ပေးချင်လို့ ဒီလို မေးလိုက်တာပါ။ လမ်းတစ်လျှောက်လုံး ဒီဌာနမှူးအန်းရဲ့ ဆွေမျိုးတွေက ဌာနမှူးအန်းကို နှိမ်ချပြောဆိုနေတာ ကြားနေရလို့ စိတ်ထဲမှာ ကြည့်မရဖြစ်နေတာ ကြာပြီ။
အန်းယန်က တက္ကသိုလ်ကျောင်းသား ဖြစ်တဲ့အတွက် လုံခြုံရေးဝန်ထမ်းရဲ့ သတိထား ပြောဆိုနေတဲ့ ပုံစံကို မြင်လိုက်တာနဲ့ ရင်ထဲမှာ "ဒိန်း" ခနဲ ဖြစ်သွားပြီး မကောင်းတဲ့ ခံစားချက်တွေ ပိုပြင်းထန်လာတယ်။
ရှောင်ဝမ် ခေါင်းညိတ်လိုက်သည်။ "အင်း... ဒါ ဌာနမှူးအန်း အိမ်ပဲ"
လုံခြုံရေး ဝန်ထမ်းက ဦးလေးအန်းတို့ကို ကြည့်ပြီး ပြောလိုက်သည်။ "ဒီလူတွေက ဌာနမှူးအန်းရဲ့ ဆွေမျိုးတွေပါဆိုလို့ ကျွန်တော် ခေါ်လာခဲ့တာပါ။ စိတ်မရှိပါနဲ့"
ဒုတိယအဒေါ်အန်းက လှပတဲ့ အိမ်ကို ကြည့်ပြီး မျက်လုံး ကလည်ကလည် လုပ်ကာ လုံခြုံရေး ဝန်ထမ်းကို အသံကျယ်ကြီးနဲ့ မေးလိုက်တယ်။ "ဒီလောက်လှပတဲ့အိမ်မှာနေတယ် ဟုတ်လား။ ဒီလူကြီးမင်း... အန်းရှောင်ဟွေ အဲဒီကောင်မလေးက သူများအိမ်မှာ အိမ်ဖော်လုပ်နေတာများလား"
အန်းရှောင်ဟွေ အဲဒီကောင်မစုတ်က ဒီလောက် လှပတဲ့ အိမ်ကို ဝယ်နိုင်လိမ့်မယ်လို့ သူမ မယုံကြည်ဘူး။
"မင်းကမှ သူများအိမ်မှာ အိမ်ဖော် လုပ်နေတာ" အဖေအန်းက ဒုတိယအဒေါ်အန်းရဲ့ စကားကို ကြားတော့ မျက်နှာ မည်းမှောင်လျက် ထွက်လာတယ်။ သူ့မျက်လုံးတွေက ဒုတိယအဒေါ်အန်းဆီ စူးရှစွာ ကျရောက်နေပြီး ပြောလိုက်တယ်။ "ဒါက ကုမ္ပဏီက ငါ့သမီး ရှောင်ဟွေကို ပေးထားတဲ့ အိမ်"
ဦးလေးအန်းနဲ့ ဒုတိယအဒေါ်အန်းက အဖေအန်း ထွက်လာတာ မြင်တော့ မျက်နှာပေါ်မှာ အံ့သြဝမ်းသာတဲ့ အရိပ်အယောင်တွေ ပေါ်လာသလို မကျေမနပ်ဖြစ်နေတဲ့ အရိပ်အယောင်တွေလည်း ပါဝင်နေတယ်။
အဖေအန်းက ဘာအခွင့်အရေး ရှိလို့ သူတို့ကို ဒီလို ဒေါသတကြီး လေသံနဲ့ ပြောရတာလဲ။
ဦးလေးအန်းက အဖေအန်း ထွက်လာတာ မြင်တော့ မျက်နှာထား မကျေမနပ်ဖြစ်သွားပြီး အသံမာမာနဲ့ ပြောလိုက်တယ်။ "အစ်ကိုကြီး၊ မရီး... ခင်ဗျားတို့က ကျွန်တော်တို့ မိသားစုကို တော်တော်ရှာခိုင်းတာပဲ။ အိမ်ရောင်းပြီး ထွက်သွားတာတောင် ကျွန်တော်တို့ကို အသိမပေးဘဲ ဖုန်းနံပါတ်တွေပါ ပြောင်းပစ်လိုက်တယ်။ ခင်ဗျားတို့က ကျွန်တော်တို့ကို မိသားစုလို့ မသတ်မှတ်တော့ဘူးလား" ရောက်တာနဲ့ မေးခွန်းထုတ်တော့တာပဲ။
ရှောင်ဝမ်က ဦးလေးအန်းမိသားစုရဲ့ အစွန်းရောက် စိတ်ဓာတ်ကို အမြဲကြားဖူးပေမဲ့ မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရပြီး ပထမဆုံး စကားကို ကြားလိုက်ရတဲ့ အခါကျမှ လူ့ကျင့်ဝတ်စံနှုန်းတွေ ပြောင်းပြန်လှန်သွားသလို ခံစားလိုက်ရတယ်။
ဟဟ... သူတို့ပြောပုံက တကယ် ရယ်စရာ ကောင်းတာပဲ။
အဖေအန်း ကြားလိုက်ရသောအခါ မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။ "ညီလေး... မင်း စကားက ဘာသဘောလဲ။ ငါ့အိမ် ငါရောင်းတာ ငါက ဘာလို့ မင်းကို အသိပေးရမှာလဲ"
ထို့နောက် ဒုတိယအဒေါ်အန်းက မစဉ်းစားမဆင်ခြင်ဘဲ ပါးစပ်ထဲ ရှိတာ ပြောထွက်လာတယ်။ သူမက မကျေမနပ် အသံကျယ်ကြီးနဲ့ ပြောလိုက်တယ်။ "အစ်ကိုကြီး... ရှင်တို့ ရောင်းလိုက်တဲ့ အိမ်က နောက်ပိုင်း ကျွန်မတို့ သား အန်းယန်အတွက် ထားပေးရမှာလေ"
အမေအန်းက အေးစက်စွာ ရယ်မောပြီး ပြောလိုက်သည်။ "အရင်တုန်းက ငါတို့က ငါတို့ သေပြီးရင် အဲဒီအိမ်ကို အန်းယန်အတွက် ထားပေးမယ်လို့ ပြောခဲ့ဖူးတယ်။ ဒါပေမဲ့ အခု အဲဒီအိမ်က ငါတို့ပိုင်တာလေ၊ အန်းယန် ပိုင်တာ မဟုတ်သေးဘူး။ ဒါကြောင့် အိမ်ကို ဘယ်လိုစီမံခန့်ခွဲမလဲဆိုတာ ငါတို့ နင့်ကို အသိပေးစရာ မလိုဘူး"
အရင်တုန်းက သူတို့ တကယ်ပဲ ဝက်ဆီဖုံး မျက်စိကန်းခဲ့တာ၊ ညီလေး မိသားစု ဒီလောက် လောဘကြီးတာကို သူတို့ မမြင်ခဲ့ဘူး။
ဒုတိယအဒေါ်အန်းက သဘောမတူဘဲ ပြောလိုက်သည်။ "အဲဒီအိမ်ကို ရှင်တို့ သေပြီးရင် အန်းယန်ကို ပေးမယ်လို့ ရည်ရွယ်ထားရင်တောင် အဲဒီအိမ်က အန်းယန်ရဲ့အိမ် ဖြစ်နေပြီပဲ။ ရှင်တို့မှာ ရောင်းပိုင်ခွင့် မရှိဘူး"
ဤနေရာသို့ ရောက်သောအခါ သူမ ခနရပ်လိုက်ပြီး မျက်လုံး ကလည်ကလည် လုပ်ကာ တစ်စုံတစ်ခု ကြံစည်နေပုံရသည်။ ထို့နောက် ဆက်ပြောသည်။ "ဒါပေမဲ့ ရှင်တို့က အိမ်ကို ရောင်းပြီးပြီ ဆိုတော့ အိမ်ရောင်းရငွေကို အန်းယန်ဆီ တိုက်ရိုက် ပေးလိုက်ပါ။ ကျွန်မတို့ ဒီကိစ္စကို ဆက်ပြီး အပြစ်မတင်တော့ဘူး"
ဦးလေးအန်းနှင့် အန်းယန်တို့ ကြားလိုက်ရသောအခါ သဘာဝကျသည်ဟု ထင်မြင်ကြပြီး ဇနီးသည် (အမေ) ၏ စကားကို မကန့်ကွက်ကြပေ။
ဒါပေမဲ့ အဖေအန်း ဇနီးမောင်နှံ၊ ရှောင်ဝမ်နဲ့ မပြန်သေးတဲ့ လုံခြုံရေး ဝန်ထမ်းတို့ကတော့ သူမစကားကို ကြားပြီး ရယ်ချင်သွားကြတယ်။
ဒါပေမဲ့ သူတို့ မထင်မှတ်ထားတာက ပိုရယ်စရာကောင်းတာတွေ နောက်ကွယ်မှာ ရှိနေသေးတယ် ဆိုတာပါပဲ။
ဒုတိယအဒေါ်အန်းက သဘာဝကျသလို ဆက်ပြောသည်။ "အိမ်ရောင်းရငွေကို အန်းယန်ဆီ ပေးရမယ်။ အခု အန်းယန် မိန်းမယူဖို့ တင်တောင်းငွေ ယွမ် ၁၈ သောင်း လိုတယ်။ အိမ်ဖိုး၊ ကားဖိုး အတွက်တော့ ရှင်တို့ကို မတောင်းတော့ဘူး၊ တခါတည်း ပိုက်ဆံနဲ့ တွက်လိုက်မယ်၊ အင်း... အနည်းဆုံး ယွမ် ၆ သိန်းလောက်ပေါ့။ အိမ်ရောင်းရငွေနဲ့ ပေါင်းလိုက်ရင် အစ်ကိုကြီး၊ မရီး... ကျွန်မတို့ အများကြီး မလိုချင်ပါဘူး၊ ရှင်တို့ ယွမ် တစ်သန်းလောက် ပေးရင် ရပါပြီ"
လုံခြုံရေး ဝန်ထမ်းက ဘေးမှ နားထောင်ရင်း မနေနိုင်ဘဲ ပြောလိုက်သည်။ "ယွမ် တစ်သန်း ဟုတ်လား။ ခင်ဗျားတို့ သွားလုတာက ပိုမြန်ဦးမယ်"
ဒုတိယအဒေါ်အန်း၏ စူးရှသော မျက်လုံးများက လုံခြုံရေး ဝန်ထမ်းဆီ ချက်ချင်း ရောက်သွားပြီး မကျေမနပ် အသံကျယ်ကြီးဖြင့် ပြောလိုက်သည်။ "နင်က ဘယ်သူလဲ။ ဒါ ငါတို့ အိမ်တွင်းရေး ကိစ္စ၊ နင် ဝင်ပါစရာ မလိုဘူး"
လုံခြုံရေး ဝန်ထမ်းကလည်း ကြောက်တတ်သူ မဟုတ်ပေ။ ပြီးတော့ နည်းပြဝမ်က ဌာနမှူးအန်းရဲ့ ချစ်သူလေ။
"ကျွန်တော်က ဘယ်သူလဲ ဆိုတာ အရေးမကြီးပါဘူး။ ကျွန်တော်က ခင်ဗျားတို့ ဒီလောက် လောဘကြီးတာကို ကြည့်မရတဲ့ လမ်းသွားလမ်းလာ တစ်ယောက်ပါပဲ။ ခင်ဗျားတို့ သား မိန်းမယူတာကို မစ္စတာအန်း မိသားစုက တာဝန်ယူပေးရမယ်၊ ပါးစပ်ဟလိုက်တာနဲ့ ယွမ် တစ်သန်း တောင်းတယ် ဟုတ်လား။ တကယ်ကို ခြင်္သေ့ပါးစပ် ဟနေတာပဲ (အဆမတန် တောင်းဆိုနေတာပဲ)။ တကယ်တော့ ဒီသားက ခင်ဗျားတို့ သား မဟုတ်ဘဲ မစ္စတာအန်းရဲ့ သား ဖြစ်နေတာလား။ ဒါဆို မိန်းမယူဖို့ သူများ ပိုက်ဆံစိုက်ပေးရမယ်ဆိုရင် နောက်ပိုင်း မစ္စတာအန်းနဲ့ မစ္စစ်အန်းတို့ အိုစာမင်းစာ စားဖို့ ကိစ္စကို ခင်ဗျားတို့ သားက တာဝန်ယူပေးမှာလား"
ဒုတိယအဒေါ်အန်း ကြားလိုက်ရသောအခါ ဒေါသပေါက်ကွဲသွားပြီး အသံကျယ်ကြီးဖြင့် ပြောလိုက်သည်။ "ငါ့သားက ဘာကိစ္စ သူတို့ကို အိုစာမင်းစာ ကျွေးရမှာလဲ"
"ဒါဆို ခင်ဗျားသား မိန်းမယူတာက သူတို့နဲ့ ဘာဆိုင်လို့လဲ" လုံခြုံရေး ဝန်ထမ်းကလည်း ထက်ရှစွာ ပြန်မေးလိုက်သည်။ "တကယ်တော့ ခင်ဗျားတို့က စံနှုန်းနှစ်မျိုး ထားချင်နေတာပဲ။ သူများ ပိုင်ဆိုင်မှု လိုချင်တယ်၊ မိန်းမယူဖို့ သူများ ပိုက်ဆံစိုက်ခိုင်းတာက သဘာဝကျတယ်၊ ဒါပေမဲ့ အိုစာမင်းစာ ကျွေးဖို့ကျတော့ ခင်ဗျားသား တာဝန် မဟုတ်ဘူးတဲ့။ ခင်ဗျားက သူများကို အရူးလို့ ထင်နေတာလား၊ ဒါမှမဟုတ် ကိုယ့်ကိုယ်ကိုယ် ဘုရင်ကြီးလို့ ထင်ပြီး ပြောသမျှအမိန့် ဖြစ်နေတာလား"
"နင်... နင်... နင့်အပူ ပါလို့လား" ဒုတိယအဒေါ်အန်းက ပြန်ပြောခံရလို့ ဒေါသထွက်ပြီး ခြေဆောင့်ကာ ပြောလိုက်သည်။ "ဒါ ငါတို့ အိမ်တွင်းရေး၊ နင့်လို အပြင်လူနဲ့ ဘာဆိုင်လို့လဲ"
ထို့နောက် သူမ အဖေအန်း၊ အမေအန်းတို့ကိုကြည့်ပြီး တိုက်ရိုက်ခြိမ်းခြောက်လိုက်သည်။ "အစ်ကိုကြီး၊ မရီး... ရှင်တို့ ဒီပိုက်ဆံ မထုတ်ပေးချင်ဘူးဆိုရင် ရှင်တို့ သေသွားတဲ့အခါ အန်းယန် အိုးမခွဲပေးရင် အပြစ်မတင်နဲ့နော်"
လုံခြုံရေး ဝန်ထမ်းက ဒီစကားကိုကြားလိုက်တော့ ဘာဖြစ်လဲဆိုတာ နားလည်သွားတယ်။
အရင်တုန်းက သူ ကြားဖူးတယ်၊ တချို့ ဒေသတွေရဲ့ ဓလေ့ထုံးစံအရ လူသေရင် အိုးခွဲပေးမယ့်သူ လိုအပ်တယ်၊ အသုဘချပေးမယ့်သူရှိမှ သေဆုံးသူက နောင်တမရဘဲ ကျွတ်လွတ်တယ် ဆိုတာမျိုးလေ။
သူ ကြားဖူးတာက ဌာနမှူးအန်း မိဘတွေက သူမ တစ်ယောက်တည်းကိုပဲ မွေးဖွားခဲ့တာ။ သမီးတစ်ယောက်တည်း ရှိတော့ သားမရှိလို့ အသုဘ ချပေးမယ့်သူမရှိဘူးဆိုပြီး သူတို့က မျှော်လင့်ချက်ကို တူဖြစ်သူအပေါ် ပုံချထားတာ။
ဒီတူဖြစ်သူ မိသားစုက ဒီအချက်ကို အခွင့်ကောင်းယူပြီး ဌာနမှူးအန်း မိဘတွေဆီကနေ အမြဲတမ်း တောင်းဆိုနေတာ။
ဒီဌာနမှူးအန်း မိဘတွေကတော့... လုံခြုံရေး ဝန်ထမ်း ဝေဖန်ရခက်နေတယ်။
ဒါပေမဲ့ ဌာနမှူးအန်း မိဘတွေရဲ့ မျက်နှာထား မကောင်းတာမြင်တော့ လုံခြုံရေး ဝန်ထမ်းက ပြန်ပြောမလို့ ပြင်ထားတဲ့ စကားတွေကို မျိုချလိုက်တယ်။
လူကြီးတွေရဲ့ အတွေးအခေါ်ကို သူတို့ နားမလည်နိုင်ဘူးလေ။ ဒါကြောင့် အဖေအန်း၊ အမေအန်းတို့ ဘယ်လို တွေးနေလဲ ဆိုတာ သူ မသိဘူး၊ ဒါကြောင့် ဝင်မပြောတာ အကောင်းဆုံးပဲ။
အမေအန်းက ညီမဖြစ်သူရဲ့ စကားကို ကြားတော့ မျက်နှာထား မကောင်းစွာနဲ့ ပြန်ပြောလိုက်တယ်။ "မခွဲရင် မခွဲနဲ့ပေါ့၊ ငါတို့ ဂရုမစိုက်ပါဘူး" သူတို့မှာ အိုးခွဲပေးမယ့် မြေးအရင်းရှိလာတော့မှာ၊ တူတစ်ယောက် အိုးခွဲပေးတာကို ဂရုစိုက်စရာ မလိုတော့ဘူး။
အမေအန်းရဲ့ စကားကို ကြားတော့ ဦးလေးအန်းနဲ့ အန်းယန်တို့ မျက်နှာ ချက်ချင်း ပြောင်းလဲသွားပြီး အဖေအန်း၊ အမေအန်းတို့ကို ကြည့်နေတဲ့ အကြည့်တွေက မယုံကြည်နိုင် ဖြစ်နေတယ်။
အမေအန်း မှားပြောလိုက်တာလား၊ သူတို့ နားကြားမှားတာလား။
မဟုတ်ဘူး... မရီး (အဒေါ်ကြီး) မှားပြောတာဖြစ်ရမယ်။
သူတို့က အန်းယန် အိုးခွဲပေးတာကို ဘယ်လိုလုပ် ဂရုမစိုက်ဘဲ နေမှာလဲ။
ဦးလေးအန်းက အံ့သြသွားပြီးနောက် လျင်မြန်စွာ တည်ငြိမ်သွားကာ အဖေအန်းကို ကြည့်ပြီး ပြောလိုက်သည်။ "အစ်ကိုကြီး... မရီးက အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောနေတာ ခင်ဗျား ဘာလို့ မတားတာလဲ"
အဖေအန်း မျက်ခွံ ပင့်ကြည့်လိုက်ပြီး စူးရှသော အကြည့်ဖြင့် ညီဖြစ်သူကို ကြည့်ကာ အေးစက်စွာ ပြောလိုက်သည်။ "ညီလေး... မင်းမရီးက အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောနေတာ မဟုတ်ဘူး။ သူ ပြောတဲ့ စကားက ငါ့သဘောထားပဲ၊ မင်း နားလည်လား"
ဒီတစ်ခါတော့ အန်းယန် မိသားစု တကယ် တုန်လှုပ်သွားကြတယ်။
"ငါတို့ သေရင် အန်းယန် အိုးခွဲပေးဖို့ မလိုတော့ဘူးဆိုမှတော့ သဘာဝကျကျပဲ ငါတို့ ပိုင်ဆိုင်မှုတွေကို အန်းယန်ဆီ ပေးစရာ မလိုတော့ဘူး။ ဒါကြောင့် ငါတို့အိမ်ကို ဘယ်လို စီမံခန့်ခွဲမလဲဆိုတာ ငါတို့ ကိစ္စပဲ၊ အန်းယန်နဲ့ တစ်ပြားသားမှ မဆိုင်ဘူး။
ပြီးတော့ ညီလေး... အန်းယန် မိန်းမယူဖို့ တင်တောင်းငွေ၊ အိမ်၊ ကား လိုအပ်တာကလည်း ငါတို့နဲ့ မဆိုင်ဘူး၊ မင်းတို့ မိဘတွေရဲ့ ကိစ္စပဲ။ နောက်ပိုင်း ဒီလိုကိစ္စမျိုးတွေနဲ့ ငါတို့ကို လာမနှောင့်ယှက်ပါနဲ့တော့။
ပြီးတော့ ရှင်းရှင်းလင်းလင်း သိထားကြပါ၊ အန်းယန်က မင်းတို့ သားပါ၊ ငါတို့ သား မဟုတ်ပါဘူး။ နောက်ပိုင်း ဆွေမျိုး အရင်းအချာအနေနဲ့ ဆက်ဆံတာကလွဲရင် ငါ မင်းတို့ကို ဘာကိစ္စမှ ကူညီတော့မှာ မဟုတ်သလို ပိုက်ဆံလည်း ထပ်ပေးတော့မှာ မဟုတ်ဘူး"
အဖေအန်းက အလွန် တည်ငြိမ်စွာ ပြောလိုက်သော်လည်း အန်းယန် မိသားစု အတွက်မူ မြေပြင်ပေါ် ဗုံးကျဲချလိုက်သကဲ့သို့ ဖြစ်သွားပြီး သူတို့အားလုံး လွင့်စင်သွားသလို ခံစားလိုက်ရသည်။
သူတို့ လုံးဝ နားမလည်နိုင်ဘူး။ အချိန်တိုလေး အတွင်းမှာ မတွေ့ရတာ ဘာကြာလို့လဲ၊ အဖေအန်းနဲ့ အမေအန်းတို့ရဲ့ အတွေးအခေါ်တွေ ဘာလို့ ဒီလောက် မြန်မြန် ပြောင်းလဲသွားရတာလဲ။
***