← Chapters

အခန်း (၉၅၇-၉၅၈)

Vol. 59 Ch. 957-958

အခန်း (၉၅၇-၉၅၈)

Vol. 59 Ch. 957-958

အခန်း ၉၅၇ ။ ဒီအဘိုးကြီးတွေက အရမ်း နုပျိုနေတာပဲ

တစ်နေ့လုံး လျှောက်လည်ပြီးနောက် အီယန်နှင့် အဖွဲ့သည် ထောင်ယွမ်ရွာ အပန်းဖြေစခန်း၏ အကြောင်းအရာ အားလုံးကို နားလည်သဘောပေါက်သွားကြသည်။

ထို့နောက် ညနေခင်းတွင် သူတို့ ရှောင်လင်းယွီထံ ပြန်ရောက်လာကြသည်။

" ပြန်ရောက်ကြပြီလား။ ဘယ်လိုလဲ... ပျော်ခဲ့ရဲ့လား" ရှောင်လင်းယွီက သူတို့ကို မြင်သောအခါ ပြုံး၍ မေးလိုက်သည်။

"အင်း... အရမ်း ပျော်ဖို့ကောင်းပါတယ်" အီယန်နှင့် အဖွဲ့က ရယ်မောရင်း ပြောလိုက်သည်။ "ဒီနေရာက တကယ် လှလွန်းလို့ ပြန်တောင် မပြန်ချင်တော့ဘူး။ ပြီးတော့ စားသောက်ဆိုင်က အစားအသောက်တွေကလည်း အရမ်းစားလို့ကောင်းတယ်၊ စားလို့ မဝနိုင်ဘူး"

ရှောင်လင်းယွီ ရယ်မောရင်း ပြောလိုက်သည်။ "အင်း... မပြန်ချင်ဘူး ဆိုတာကတော့ မဖြစ်နိုင်ပါဘူး။ ဘာလို့လဲဆိုတော့ ရှင်တို့ရဲ့ လုပ်ရည်ကိုင်ရည်နဲ့ အလုပ်အတွေ့အကြုံအရ ရှင်တို့ကို နိုင်ငံခြား ဈေးကွက်ဆီ ပို့ဆောင်ခံရမှာ သေချာတယ်။ ဒါပေမဲ့ စားလို့ မဝနိုင်ဘူးဆိုတာကတော့ လုံးဝပြဿနာ မရှိပါဘူး။ ကျွန်မတို့ Green Freshအုပ်စု ရုံးခွဲတိုင်းမှာ ကိုယ်ပိုင်စားသောက်ဆိုင်ရှိပါတယ်။ စားသောက်ဆိုင်က ကုန်ကြမ်းတွေ အားလုံးက ရုံးချုပ်ကထွက်တဲ့ ပစ္စည်းတွေချည်းပါပဲ၊ ပြီးတော့ လက်ရာကောင်းတဲ့ စားဖိုမှူးတွေကိုလည်း ငှားရမ်းထားပါတယ်။ ဒါကြောင့် ဒီအချက်ကိုတော့ ရှင်တို့ စိတ်ချနိုင်ပါတယ်"

အီယန်တို့က သိကြောင်း ခေါင်းညိတ်ပြလိုက်သည်။ ဘာပဲပြောပြော ဒီကိစ္စကို အရင်ကတည်းက သူတို့ ကြားဖူးထားပြီးသားလေ။

ရှောင်လင်းယွီ တိုက်ရိုက် မေးလိုက်သည်။ "ဒါဆို ရှင်တို့မှာ ဘာလိုအပ်ချက်တွေ၊ ဘာအကြံဉာဏ်တွေ ရှိလဲ"

အီယန် စဉ်းစားပြီး ပြောလိုက်သည်။ "ကျွန်တော်တို့ ဒီက မိသားစုတိုက်ခန်းတစ်လုံး လိုချင်တယ်၊ ရမလား"

ရှောင်လင်းယွီ ခေါင်းညိတ်လိုက်သည်။ "ကျွန်မတို့ဆီမှာ အထက်တန်း စီမံခန့်ခွဲသူတွေအတွက် အထူးခံစားခွင့်တွေ ရှိပါတယ်။ မိသားစု မပါလာတဲ့ သူတွေက တစ်ယောက်ခန်း ဝန်ထမ်းဆောင်မှာ နေလို့ရတယ်။ မိသားစုပါလာတဲ့ သူတွေအတွက် လင်မယားခန်း၊ မိသားစုခန်းတွေ ရှိတယ်။ လင်မယားခန်းက တစ်ယောက်ခန်း ဝန်ထမ်းဆောင်ထက် နည်းနည်း ပိုကျယ်တယ်၊ ပရိဘောဂ အစုံအလင် ပါတယ်။ မိသားစုခန်းကတော့ အိပ်ခန်းနှစ်ခန်း ဧည့်ခန်းတစ်ခန်း၊ အိပ်ခန်းသုံးခန်း ဧည့်ခန်းတစ်ခန်း ဆိုပြီး ရှိတယ်။ ဒီထက် ပိုကြီးတာတော့ မရှိတော့ဘူး။ ဘာပဲပြောပြော ဒါက ကုမ္ပဏီလေ၊ မြေနေရာ အရင်းအမြစ် အကန့်အသတ်ရှိတော့ ဝန်ထမ်းတွေအတွက် ဗီလာတွေ ဆောက်ပေးဖို့ မဖြစ်နိုင်ဘူး"

အီယန်တို့ ရှောင်လင်းယွီကို ကြည့်နေကြသည်။

ရှောင်လင်းယွီ ဆက်ပြောသည်။ "ကျွန်မ စီစဉ်ထားတဲ့ ရှင်တို့အလုပ်က နိုင်ငံခြားမှာပါ။ တကယ်လို့ ရှင်တို့က မိသားစုကို ဒီခေါ်လာချင်တယ်ဆိုရင် သေချာပေါက် အိမ်တစ်လုံး ခွဲပေးလို့ ရပါတယ်"

ကုမ္ပဏီ၏အထက်တန်း စီမံခန့်ခွဲသူ အများစုက နေရာအနှံ့ ပျံသန်းနေရသူတွေ။ ဒါကြောင့် သူတို့ မိသားစု ခေါ်လာမလား၊ မခေါ်လာဘူးလား ဆိုတာကို ရှောင်လင်းယွီ ဝင်မစွက်ဖက်ပါဘူး၊ သူတို့ လွတ်လပ်ခွင့်ပါပဲ။

တကယ်လို့ သူတို့ မိသားစု ခေါ်လာချင်တယ်ဆိုရင် လျှောက်လွှာတင်လိုက်၊ ကုမ္ပဏီက တကယ့် မိသားစုဝင်တွေ ဟုတ်မဟုတ် စစ်ဆေးပြီးရင် ခွင့်ပြုပေးမှာပါ။

အင်း... ဘာလို့ မိသားစုဝင် ဟုတ်မဟုတ် စစ်ဆေးရလဲ ဆိုတော့...

သေချာပေါက် ဒီအထက်လူကြီးတွေက သူတို့ရဲ့ မယားငယ်တွေ၊ တရားမဝင် သားသမီးတွေကို ဒီခေါ်လာမှာ စိုးရိမ်လို့ပါ။

သူမက ဒီလက်အောက်ငယ်သားတွေရဲ့ ပုဂ္ဂိုလ်ရေး လွတ်လပ်ခွင့်ကို ဝင်မစွက်ဖက်ပေမဲ့ ထောင်ယွမ်ရွာရဲ့ လူမှုရေးအခြေအနေကို ဖျက်ဆီးမယ့် ဘယ်သူ့ကိုမှ လုံးဝ ခွင့်မပြုပါဘူး။

ဘာလို့လဲဆိုတော့ တစ်ယောက်က မယားငယ်၊ တရားမဝင် သားသမီးတွေကို ခေါ်လာရင် ဒုတိယတစ်ယောက်၊ တတိယတစ်ယောက် လိုက်လုပ်လာလိမ့်မယ်။ ဒါဆို Green Freshအုပ်စုက ဘာဖြစ်သွားမလဲ၊ ထောင်ယွမ်ရွာက ဘာဖြစ်သွားမလဲ၊ မယားငယ်တွေ၊ တရားမဝင် သားသမီးတွေ စုဝေးရာနေရာ ဖြစ်သွားမှာပေါ့။

ဒါကြောင့် ကုမ္ပဏီရဲ့ မိသားစု တိုက်ခန်းတွေမှာ တရားဝင် မိသားစုဝင်တွေကိုပဲ နေထိုင်ခွင့်ပြုထားတာ။

Green Freshအုပ်စုရဲ့ အထက်တန်း စီမံခန့်ခွဲသူတွေက ကိုယ့်ကိုယ်ကိုယ် သိကြပါတယ်၊ သူဌေးရဲ့ စိတ်နေသဘောထားကိုလည်း နားလည်ကြတယ်။

သူတို့ အပြင်မှာ မယားငယ်၊ တရားမဝင် သားသမီးတွေ ဘယ်လောက်ပဲ ရှိရှိ၊ ဘယ်လောက်ပဲ ချစ်ချစ် ထောင်ယွမ်ရွာကို ခေါ်လာပြီး မျက်စိနောက်အောင် လုပ်မှာ မဟုတ်ဘူး။ ဥက္ကဌရှောင် သို့မဟုတ် ဥက္ကဌရှောင်ရဲ့ မိသားစုဝင်တွေ တွေ့သွားရင် ကိုယ်ကျင့်တရားမကောင်းဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ အလုပ်ထုတ်ခံရမှာ၊ အဲဒီကျရင် သူတို့ ငိုစရာနေရာတောင် ရှိမှာ မဟုတ်ဘူး။

ရှောင်လင်းယွီ မေးလိုက်သည်။ "တကယ်လို့ ရှင်တို့ မိသားစုကို ခေါ်လာချင်ရင် ကျွန်မ ကြိုဆိုပါတယ်။ သေချာပေါက် မိသားစုတိုက်ခန်း တစ်ခန်း ခွဲပေးပါ့မယ်။ ဒါပေမဲ့ ကျွန်မ ကြားတာတော့ ဘရူးစ်က ရှင်တို့အိမ်မှာ အိမ်ဖော်တွေ အများကြီးနဲ့ နေခဲ့ရတာဆို။ ဒီရောက်လာရင် အကုန် ကိုယ်တိုင်လုပ်ရမှာ၊ သူတို့ အသားကျပါ့မလား"

ရှောင်လင်းယွီ ဒီလိုမေးတာက သိချင်စိတ်ကြောင့်ပါ၊ ငြင်းပယ်ဖို့ အကြောင်းပြချက် မဟုတ်ပါဘူး။

ဒါက တကယ့် ပြဿနာ တစ်ခုပါပဲ။

အီယန်တို့ မျက်မှောင်ကြုတ်လိုက်ကြသည်။

သူတို့က ဒီမှာ နေချင်ကြတယ်၊ ဒါပေမဲ့ သူတို့ မိသားစုတွေက သူများပြုစုတာ ခံရဖူးပြီးသား။ ဒီရောက်လာရင် အကုန် ကိုယ်တိုင် လုပ်ရမှာ။ ဘာလို့လဲဆိုတော့ ဒီလောက် နေရာကျဉ်းကျဉ်းလေးမှာ အိမ်ဖော်တွေ နေစရာ နေရာ မရှိဘူး၊ အိမ်ဖော် အများကြီး ငှားဖို့ မဖြစ်နိုင်ဘူး။ ငှားရင်တောင် အချိန်ပိုင်း သန့်ရှင်းရေး ဝန်ထမ်းလောက်ပဲ ငှားလို့ ရမယ်။

သူတို့ ဘာမှ မပြောဘဲ နေနေတာ မြင်တော့ ရှောင်လင်းယွီ အကြံတစ်ခု ပေးလိုက်သည်။ "ဒီလိုလုပ်ပါလား။ ရှင်တို့ အားတဲ့အချိန်ကျရင် ရှင်တို့ မိသားစုကို ဒီခေါ်လာပြီး ကြည့်ခိုင်းလိုက်လေ။ တကယ်လို့ သူတို့ နေချင်တယ်၊ ဘာပြဿနာမှ မရှိဘူး၊ ပြဿနာ တချို့ကို သူတို့ဘာသာ ဖြေရှင်းနိုင်တယ်ဆိုရင် ကျွန်မ အိမ်ခွဲပေးမယ်၊ ဘယ်လိုလဲ"

အီယန်တို့ စဉ်းစားပြီး ပြောလိုက်သည်။ "အင်း... အဲဒါ အကောင်းဆုံးပဲ"

"ကျွန်တော်ကတော့ယုံတယ်... ကျွန်တော့် မိသားစုလည်း ဒီနေရာကို သေချာပေါက် နှစ်သက်သွားလိမ့်မယ်"

ရှောင်လင်းယွီ အချိန်ကို ကြည့်လိုက်ပြီး စားပွဲပေါ်က ပစ္စည်းတွေကို သိမ်းဆည်းကာ မတ်တတ်ရပ်လိုက်သည်။ "ညစာ စားချိန်ရောက်ပြီ။ သွား... ကျွန်မအိမ်ကို ထမင်းလိုက်စားကြ"

သူမ အိမ်ကလူတွေကို ကြိုပြောထားပြီးသား၊ ညဘက်ကျရင် နိုင်ငံခြား ဧည့်သည်တချို့ကို ဧည့်ခံမယ်လို့။

အီယန် အနည်းငယ် အံ့သြသွားပြီး မေးလိုက်သည်။ "ဥက္ကဌရှောင်... ဥက္ကဌအိမ်မှာ ထမင်းသွားစားမယ် ဟုတ်လား"

ရှောင်လင်းယွီ ခေါင်းညိတ်လိုက်သည်။ "ဟုတ်တယ်။ ကျွန်မအိမ်က ဒီမှာပဲလေ၊ ကျွန်မအိမ်မှာ ထမင်းစားတာ ဘာပြဿနာ ရှိလို့လဲ"

အီယန်တို့ အလျင်အမြန် ခေါင်းခါလိုက်ကြသည်။ "ပြဿနာ မရှိပါဘူး၊ ပြဿနာ မရှိပါဘူး"

ရှောင်လင်းယွီ ရယ်မောရင်း ပြောလိုက်သည်။ "ရှင်တို့ စိတ်ချပါ။ ကျွန်မအိမ်က ဟင်းလက်ရာက တစ်ခါစားဖူးရင် လုံးဝ မေ့မရ ဖြစ်သွားစေရမယ်၊ ပြန်တမ်းတနေစေရမယ်"

အီယန်တို့ မျက်လုံးများ အရောင်တောက်လာပြီး မေးလိုက်သည်။ "ဒါဆို ဥက္ကဌရှောင်... ဥက္ကဌအိမ်က ဟင်းလက်ရာက စားသောက်ဆိုင်ထက် ပိုကောင်းတယ် ဆိုတဲ့ သဘောလား"

ရှောင်လင်းယွီ ရယ်ချင်သလို မျက်ဖြူလှန်ပြလိုက်ပြီး ပြောလိုက်သည်။ "ဒါ အပိုတွေ မေးနေတာပဲ။ ကျွန်မ ကြွားတာ မဟုတ်ဘူး၊ နောက်ကျရင် ရှင်တို့ သိလာလိမ့်မယ်၊ ကျွန်မအိမ်မှာ ထမင်းစားရတာက ကုမ္ပဏီဝန်ထမ်းတွေအတွက် ဆုလာဘ် တစ်ခုပဲ"

သူမရဲ့ လက်အောက်ငယ်သားတွေ တစ်ယောက်ပြီး တစ်ယောက် ငွေကြေး ဆုလာဘ်နဲ့ သူမအိမ်မှာ ထမင်းစားရတဲ့ ဆုလာဘ်ကို ရွေးခိုင်းရင် အကုန်လုံးက သူမအိမ်မှာ ထမင်းစားရတဲ့ ဆုလာဘ်ကိုပဲ ရွေးကြတယ်။

သူမအမေ ချက်တဲ့ ဟင်းလက်ရာက တကယ့် အကောင်းဆုံးအရသာပဲ။

….

ရှောင်လင်းယွီက အီယန်တို့ကို အိမ်ခေါ်လာတော့ အိမ်ကလူတွေ အကုန်ပြန်ရောက်နေပြီး ထမင်းဟင်းတွေလည်း ပြင်ဆင်ပြီး ဖြစ်နေတာ တွေ့လိုက်ရတယ်။

"မားမား... ပြန်ရောက်ပြီလား" ရှောင်လဲ့ထုန်က ပထမဆုံး ပြေးထွက်လာပြီး သူမခြေထောက်ကို ဖက်ကာ ချွဲနွဲ့စွာ ခေါ်လိုက်သည်။

ရှောင်လင်းယွီက သားဖြစ်သူ အသက် နှစ်ထောင်ကျော်နေခဲ့ပြီးပြီဆိုတာ သိပေမဲ့ သူမအတွက်တော့ သားက အသက် ဘယ်လောက်ကြီးကြီး ကလေးလေး တစ်ယောက်ပါပဲ။

"မားမား..." ရှောင်လင်က ရှောင်လင်းယွီရဲ့ နောက်ထပ် ခြေထောက်တစ်ဖက်ကို ဖက်ပြီး မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ မော့ကြည့်နေတယ်။

ရှောင်လင်းယွီ ခါးကိုင်းပြီး သူတို့ခေါင်းလေးတွေကို ခပ်ဖွဖွ ပွတ်သပ်ပေးကာ ရယ်မောရင်း ပြောလိုက်သည်။ "အင်း... ထုန်ထုန်နဲ့ ရှောင်လင်က လိမ္မာလိုက်တာ"

အဘွားရှောင် ရယ်မောရင်း လျှောက်လာပြီး ပြောလိုက်သည်။ "မြေးတို့နှစ်ယောက်က မားမားကို မြင်တာနဲ့ မားမားခြေထောက်ကို ပြေးဖက်ကြတယ်၊ မားမား ဘယ်လို လမ်းလျှောက်ရမှာလဲ"

အဘွားရှောင် ပြောတာ ကြားတော့ ကလေးနှစ်ယောက် လျှာထုတ်ပြလိုက်ကြတယ်။

"ဟဟ... မားမားကို လွှတ်ပေးလိုက်တော့၊ လက်ဆေးပြီး ထမင်းစားကြတော့မယ်" အဘွားရှောင် ထပ်ပြောလိုက်သည်။

ထို့နောက် အဘွားရှောင်က ရှောင်လင်းယွီ နောက်က ရွှေရောင်ဆံပင်၊ စိမ်းလန်းသော မျက်လုံးများနှင့် နိုင်ငံခြားသား ၅ ယောက်ကို ပြုံးရွှင်စွာ ကြည့်ပြီး မေးလိုက်သည်။ "ယွီအာ... သူတို့ ၅ ယောက်က ဒီည ဧည့်သည်တွေလား"

ရှောင်လင်းယွီ ရယ်မောရင်း ပြောလိုက်သည်။ "ဟုတ်ပါတယ်"

ထို့နောက် ရှောင်လင်းယွီက ၅ ယောက်ကို မိတ်ဆက်ပေးလိုက်သည်။ "ဒါ ကျွန်မ အဘွားပါ"

အီယန်တို့က ဒီလောက် နုပျိုနေတဲ့ အဘွားကို ကြည့်ပြီး မျက်လုံးထဲမှာ အံ့သြမှုတွေ ပေါ်လာကာ အာမေဋိတ်သံ ပြုလိုက်ကြသည်။ "ဟာ... အဘွား ဟုတ်လား။ ဘုရားရေ... အဘွားက အသက် ဘယ်လောက် ရှိပြီလဲ၊ ကြည့်ရတာ အရမ်း နုပျိုနေတာပဲ"

သူတို့က အင်္ဂလိပ်လို ပြောတာမို့လို့ အဘွားက နားမလည်ပေမဲ့ ရှောင်လင်းယွီကို တစ်ချက် ကြည့်လိုက်ပြီး သူတို့ကို ပြုံးရွှင်စွာ ပြန်ကြည့်နေတယ်။

ရှောင်လင်းယွီ ပြောလိုက်သည်။ "ကျွန်မ အဘွားက ဒီနှစ် ၇၅ နှစ် ရှိပါပြီ။ အဘွား... သူတို့က အဘွားကို အရမ်း နုပျိုတယ်လို့ ပြောနေကြတယ်"

နုပျိုတယ်လို့ ပြောခံရတာ အဘွားရှောင် ယဉ်ပါးနေပါပြီ။

ဘာပဲပြောပြော တခြား အဘိုးအို၊ အဘွားအိုတွေက အသက်ကြီးလေ ရုပ်ရင့်လေဖြစ်နေပေမဲ့ သူတို့ ရှောင်မိသားစုက လူကြီးတွေကတော့ အသက်ကြီးလေ ပိုနုပျိုလေ ဖြစ်နေကြတယ်။

ဪ... မဟုတ်ပါဘူး၊ ပြောရရင် ထောင်ယွမ်ရွာ တစ်ရွာလုံးက လူကြီးတွေက အသက်ကြီးလေ ပိုနုပျိုလေ ဖြစ်နေကြတာပါ။

လွန်ခဲ့တဲ့ နှစ်နှစ်က အဘွားရှောင်က ၇၀ ကျော်နေပြီ ဖြစ်ပေမဲ့ ၆၀ ကျော်လောက်ပဲ ထင်ရတယ်။ အခုကျတော့ ပိုနုပျိုလာပြီး ၅၀၊ ၆၀ လောက်ပဲ ရှိတော့သလို ထင်ရတယ်၊ ခေါင်းပေါ်မှာ ဆံပင်ဖြူ တစ်ချောင်းတောင် မရှိတော့ဘူး။

အဘွားရှောင်က သူတို့ကို ပြောလိုက်သည်။ "ကောင်းကောင်းစား၊ ကောင်းကောင်းအိပ်၊ စိတ်ကောင်းထားရင် ပိုပို နုပျိုလာမှာပါ"

ရှောင်လင်းယွီက သူတို့ကို ရှင်းပြလိုက်သည်။ "ရှင်တို့ သိပ်မအံ့သြပါနဲ့။ အဘွား ပြောတာက ကောင်းကောင်းစား၊ ကောင်းကောင်းအိပ်၊ စိတ်ကောင်းထားရင် ပိုပို နုပျိုလာမယ်တဲ့"

အီယန်တို့ ကြားလိုက်ရတော့ သံသယ ဖြစ်သွားကြတယ်။

တကယ်ပဲလား။

ထို့နောက် သူတို့ ဝေ့ကြည့်လိုက်တော့ ခြံဝင်းထဲမှာ ထိုင်နေတဲ့ နောက်ထပ် လူကြီးတချို့ကို တွေ့လိုက်ရတယ်။ ဒီလူကြီးတွေလည်း ကြည့်ရတာ အရမ်း နုပျိုနေကြတယ်။

ဒါကြောင့် သူတို့ သံသယ မျက်လုံးတွေနဲ့ ရှောင်လင်းယွီကို ကြည့်လိုက်ကြတယ်။

ရှောင်လင်းယွီက ရယ်မောရင်း မိတ်ဆက်ပေးလိုက်သည်။ "ဒီနှစ်ယောက်က ကျွန်မ အဘိုးတွေပါ၊ တစ်ယောက်က ၇၈ နှစ်၊ တစ်ယောက်က ၈၂ နှစ်ပါ"

သူတို့ အသက်ကို ကြားလိုက်ရတော့ အီယန်တို့ မေးရိုးပြုတ်ကျမတတ် ဖြစ်သွားကြတယ်။

"ဘာ... ဒီလောက် အသက်ကြီးနေပြီ၊ ဘာလို့ ကြည့်ရတာ ဒီလောက် နုပျိုနေရတာလဲ" အီယန် မယုံကြည်နိုင်စွာ မေးလိုက်သည်။

၇၀၊ ၈၀ အရွယ် လူကြီးတွေက ကြည့်ရတာ ၆၀ လောက်ပဲ ရှိသေးတယ်၊ တော်တော် ကျန်းမာရေး လိုက်စားကြတာပဲ။

***

စိုက်ပျိုးရေးနေရာလွတ်က ငါ့ကိုချမ်းသာလာစေတယ်

အခန်း ၉၅၈ ။ ထောင်ချောက်ထဲ အတူတူ ခုန်ဆင်းကြခြင်း

အီယန်နှင့် အဖွဲ့သည် ၇၀၊ ၈၀ ရှိပြီဟု ဆိုသော၊ သို့သော် ၅၀၊ ၆၀ ခန့်သာ ထင်ရသော ဤလူကြီးများကို ကြည့်ပြီး အံ့သြမှင်သက်နေကြသည်။

သို့သော် ရှောင်လင်းယွီက သူမ၏ မိဘများကို မိတ်ဆက်ပေးသောအခါ မေးရိုး ထပ်မံ ပြုတ်ကျသွားပြန်သည်။

"ဥက္ကဌရှောင်... ဒါ ခင်ဗျားအမေလား"

အီယန်နှင့် အဖွဲ့သည် ရှောင်လင်းယွီနှင့် ၇ ပုံ၊ ၈ ပုံခန့် တူညီသော်လည်း ၃၀၊ ၄၀ ခန့်သာ ထင်ရသော ဤအမျိုးသမီးကို ကြည့်ပြီး မျက်နှာတွင် အံ့သြမှုများ ပြည့်နှက်နေသည်။

"ခင်ဗျားအမေကလည်း အရမ်း နုပျိုလွန်းမနေဘူးလား။ ခင်ဗျားနဲ့ ယှဉ်ရပ်လိုက်ရင် သားအမိလို့ မထင်ရဘူး၊ ညီအစ်မတွေလိုပဲ"

ရှောင်လင်းယွီ ကိုယ်တိုင် မိတ်ဆက်မပေးလျှင် သူတို့ သားအမိ ဖြစ်သည်ဟု အီယန်တို့ လုံးဝ ယုံကြည်ရဲမည် မဟုတ်ပေ။

အမေရှောင်က သူတို့စကားကို နားလည်ပုံရပြီး မျက်စိတစ်ဖက် မှိတ်ပြကာ ပြုံးရွှင်စွာ ပြောလိုက်သည်။ "ကောင်းကောင်းစား၊ ကောင်းကောင်းအိပ်၊ စိတ်ကောင်းထားရင် သဘာဝကျကျပဲ ပိုပို နုပျိုလာမှာပါ"

အီယန်နှင့် အဖွဲ့ "..." ဒီစကားကို သူတို့ အခု နားလည်သွားပြီ။

ဘာလို့လဲဆိုတော့ ဒီစကားကို သူတို့ အခု အကြိမ်ကြိမ် ကြားနေရပြီ၊ နားမလည်ချင်ရင်တောင် နားလည်သွားပြီ။

အီယန်နှင့် အဖွဲ့သည် ရှောင်လင်းယွီ၏ မိသားစု မိတ်ဆက်စကားကို ထပ်မံ နားထောင်ပြီး အသက်ကြီးသော်လည်း လူငယ်များကဲ့သို့ ဖြစ်နေသော မိသားစုဝင်များကို ကြည့်ကာ မအံ့သြတော့ဘဲ တည်ငြိမ်ပြီး ထုံထိုင်းသွားကြသည်။

ဒီမိသားစုက ကိုယ့်ကိုယ်ကိုယ် ပြုစုစောင့်ရှောက်တတ်လွန်းလို့ သူတို့ အားကျနေမိတယ်။

ကောင်းကောင်းစား၊ ကောင်းကောင်းအိပ်၊ စိတ်ကောင်းထားမှ ပိုနုပျိုလာတယ် ဆိုတဲ့ စကားကိုတော့ သူတို့ တစ်ဝက်ပဲ ယုံတယ်၊ ကျန်တစ်ဝက်ကတော့ သံသယ ဖြစ်နေတုန်းပါပဲ။

သို့သော် မကြာမီ သူတို့သည် ထမင်းစားပွဲပေါ်မှ မွှေးပျံ့သော အနံ့များကြောင့် ဆွဲဆောင်ခံလိုက်ရသည်။

ဒီအနံ့က စားသောက်ဆိုင်က အစားအသောက် အနံ့ထက် အများကြီး ပိုမွှေးနေတယ်။

ထမင်းဟင်းတွေက စုံလင်ပြီး အရောင်၊ အနံ့၊ အရသာ ပြည့်စုံနေတာမို့လို့ သူတို့ ထမင်းစားပွဲပေါ် မှောက်ပြီး ချက်ချင်း စားပစ်ချင်စိတ် ပေါက်နေတယ်။

သေချာပေါက် ဆင်ခြင်တုံတရားနဲ့ ယဉ်ကျေးမှုက သူတို့ရဲ့ အပြုအမူကို ထိန်းချုပ်ထားလိုက်တယ်။

အမေရှောင်က သူတို့ ထမင်းဟင်းတွေကို စိုက်ကြည့်ပြီး တံတွေးမြိုချနေတာ မြင်တော့ ရယ်မောပြီး ဧည့်ခံလိုက်သည်။ "လာ... ထိုင်ကြ၊ ဧည့်သည်တွေ ပြန်ရောက်ရင် ထမင်းစားမလို့ စောင့်နေကြတာ"

ရှောင်မိသားစု၏ ဧည့်ခံမှုအောက်တွင် အီယန်နှင့် အဖွဲ့ လျင်မြန်စွာ ထိုင်လိုက်ကြသည်။

အဖေရှောင်က အိမ်က အရက်ကောင်းတွေကို ထုတ်ယူလာတယ်။

အမေရှောင်က ရယ်မောရင်း ပြောလိုက်သည်။ "ယွီအာ ပြောတာတော့ မင်းတို့က နိုင်ငံခြားသားတွေ ဆို၊ ပုံမှန်ဆို အနောက်တိုင်း အစားအစာပဲ စားကြတာဆို။ ဒေါ်လေးက အနောက်တိုင်း အစားအစာ မချက်တတ်ဘူး၊ အိမ်ချက် ဟင်းပွဲတချို့ပဲ ချက်တတ်တာ၊ မင်းတို့ ခံတွင်းတွေ့ပါ့မလား မသိဘူး"

အမေရှောင်က ဟွာရှ စကား ပြောလိုက်တော့ အီယန်တို့ နားမလည်ကြဘဲ မျက်လုံးထဲမှာ ဝေခွဲမရ ဖြစ်နေကြတယ်။

ရှောင်လင်းယွီ ဘေးနားမှာ ထိုင်နေတဲ့ ရှောင်လဲ့ထုန်က ချက်ချင်း ဘာသာပြန်ပေးလိုက်သည်။ "ကျွန်တော့် အဘွား ပြောတာက ခင်ဗျားတို့က အနောက်တိုင်း အစားအစာ စားကျင့်ရှိနေကြတာ၊ ဒါပေမဲ့ အဘွားက အနောက်တိုင်း အစားအစာ မချက်တတ်ဘူး၊ ဟွာရှ အိမ်ချက် ဟင်းပွဲတချို့ပဲ ချက်တတ်တာ၊ ခင်ဗျားတို့ ခံတွင်းတွေ့ပါ့မလားလို့ မေးနေတာ"

ရှောင်လဲ့ထုန်က အင်္ဂလိပ်စာကို တော်တော် ပီသအောင် ပြောနိုင်တော့ အီယန်တို့က ချစ်စရာကောင်းပြီး ချောမောတဲ့ ရှောင်လဲ့ထုန်ကို ကြည့်ပြီး မျက်လုံးတွေ အရောင်တောက်နေကြတယ်။

အီယန်က ရှောင်လင်းယွီကို ပြောလိုက်သည်။ "ဥက္ကဌရှောင်... ခင်ဗျား သားလေးက တကယ် ချစ်စရာကောင်းပြီး ဉာဏ်ကောင်းတာပဲ။ အခု အသက် ဘယ်လောက် ရှိပြီလဲ၊ ၇ နှစ်လောက် ရှိပြီလား"

ရှောင်လဲ့ထုန်က ပြန်ဖြေလိုက်သည်။ "မဟုတ်ပါဘူး... မဟုတ်ပါဘူး... ကျွန်တော် ၇ နှစ် မဟုတ်ပါဘူး၊ ဒီနှစ်မှ ၄ နှစ် ပြည့်တာပါ"

"ဘာ... ၄ နှစ် ဟုတ်လား" အီယန်တို့ ၅ ယောက် ရှောင်လဲ့ထုန် အရပ်ကို ကြည့်ပြီး မယုံကြည်နိုင် ဖြစ်သွားကြသည်။ ဒီကလေးက ၄ နှစ်ပဲ ရှိသေးတာလား။ "မင်း တကယ် ကြီးထွားနှုန်း ကောင်းတာပဲ" အီယန် ချီးကျူးလိုက်သည်။

ထို့နောက် အီယန်က ယဉ်ကျေးစွာဖြင့် အမေရှောင်ကို ပြန်ပြောလိုက်သည်။ "မစ္စစ်ရှောင်... အရင်တုန်းက ကျွန်တော်တို့ ဟွာရှ အစားအစာ သိပ်မကြိုက်ခဲ့ပါဘူး၊ ဒါပေမဲ့ ဒီရောက်လာပြီးမှ ဟွာရှ အစားအစာကို ကြိုက်သွားကြတာပါ။ ခင်ဗျား ချက်တဲ့ ထမင်းဟင်းတွေက အရောင်၊ အနံ့၊ အရသာ ပြည့်စုံနေတော့ သေချာပေါက် စားလို့ကောင်းမှာပါ၊ ကျေးဇူးတင်ပါတယ်"

ရှောင်လဲ့ထုန်က ဘေးနားကနေ အမေရှောင်ကို ဘာသာပြန်ပေးလိုက်သည်။

အမေရှောင်က ရယ်မောရင်း ပြောလိုက်သည်။ "ကြိုက်ရင် များများစားနော်။ မင်းတို့ အရက်သောက်လား။ ငါတို့အိမ်က အရက်ကလည်း မဆိုးဘူးနော်"

ထုန်ထုန် ဘာသာပြန်ပေးလို့ အီယန်တို့ ၅ ယောက် ခေါင်းညိတ် ပြောလိုက်သည်။ "အင်း... ကျွန်တော်တို့ အရက်သောက်ပါတယ်၊ ဒီနေ့ ဥက္ကဌရှောင် အိမ်က အရက်ကို ကောင်းကောင်း မြည်းစမ်းကြည့်ရမယ်" ၅ ယောက်လုံး အရက်သောက်တတ်ကြတယ်။

ထောင်ယွမ်ရွာက အစားအသောက် အားလုံးကို သူတို့ အခု သိချင်စိတ် ပြင်းပြနေကြတယ်၊ သဘာဝကျကျပဲ အရက်မြည်းစမ်းမယ့် အခွင့်အရေးကို လက်လွှတ်ခံမှာ မဟုတ်ဘူး။

အဖေရှောင်က မက်မွန်ပွင့်အရက် အိုးငယ်လေး တစ်လုံး ဖွင့်လိုက်တယ်။

အိုးဖွင့်လိုက်တာနဲ့ မက်မွန်ပွင့် အရက်နံ့ မွှေးမွှေးလေး ပျံ့လွင့်လာတယ်။

"အို... ဒီအရက်က မွှေးလိုက်တာ" အီယန် မတွန့်တိုဘဲ ချီးကျူးလိုက်သည်။ "ဒီလောက် မွှေးတဲ့ အရက်က သေချာပေါက် သောက်လို့ကောင်းမှာပဲ"

ရှောင်လဲ့ထုန်က ဘေးနားကနေ နှုတ်ခမ်းမဲ့ပြီး ပြောလိုက်သည်။ "ကျွန်တော်တို့ ရှောင်မိသားစုရဲ့ အထူးချက် မက်မွန်ပွင့်အရက်ကို သာမန်လူတွေ သောက်ခွင့်ရတာ မဟုတ်ဘူး"

အီယန်တို့ ပိုစိတ်ဝင်စားသွားပြီး ရယ်မောကာ ပြောလိုက်သည်။ "ဪ... ဟုတ်လား။ ဒါဆို ကျွန်တော်တို့ ကောင်းကောင်း သောက်ကြည့်ရမယ်"

အဖေရှောင်က သူတို့ တစ်ယောက်စီကို အရက်တစ်ခွက်စီ ငှဲ့ပေးလိုက်တယ်။ အီယန်တို့က မစောင့်နိုင်တော့ဘဲ တစ်ငုံ မြည်းစမ်းကြည့်လိုက်ရာ အာမေဋိတ်သံ ပြုလိုက်မိကြသည်။ "ဒီအရက်... ဒီအရက်က တကယ်ပဲ အရသာရှိလွန်းတယ်။ ဒီလောက် မွှေးပြီး အရသာရှိတဲ့ အရက်မျိုး ကျွန်တော် တစ်ခါမှ မသောက်ဖူးဘူး"

သူတို့ စုဆောင်းထားတဲ့ ၈၃ ခုနှစ်ထွက် လာဖီဝိုင်တောင် ဒီလောက် မွှေးပျံ့တဲ့ အရသာ မရှိဘူး။

ဒီအရက်က တစ်ငုံသောက်လိုက်တာနဲ့ ရပ်တန့်လို့ မရအောင် ဖြစ်သွားစေတယ်။

ထို့နောက် ၅ ယောက်သား အရက်ခွက်ကို မော့ပြီး တစ်ကျိုက်တည်း မော့သောက်လိုက်ကြသည်။

အင်း... ဝက်က ရေဖရုံသီး စားသလိုမျိုးပေါ့၊ ပိုစားကောင်းတဲ့ အရာကို ပိုပြီး အရသာခံစားသင့်တာ။

အခုတော့ ပြောင်းပြန် ဖြစ်နေပြီ၊ ပိုစားကောင်းတဲ့ အရာကို ပိုပြီး အငမ်းမရ မြိုချပစ်လိုက်ကြတယ်။

ခဏလေးနဲ့ ကုန်သွားတဲ့ အရက်ခွက်ကို ကြည့်ပြီး အီယန်တို့က ရှောင်မိသားစုကို ကြည့်ကာ မျက်နှာ နီရဲသွားကြတယ်။

အဖေရှောင် ရယ်မောလိုက်ပြီး ချက်ချင်း မတ်တတ်ရပ်ကာ သူတို့ အရက်ခွက်ထဲ အရက်ထပ်ဖြည့်ပေးရင်း ရယ်မောကာ ပြောလိုက်သည်။ "ကျွန်တော့်အိမ်က အရက်က ဒီလောက်တောင် ဆွဲဆောင်မှု ရှိတာ၊ ကျွန်တော့်အိမ် လာတဲ့ ဧည့်သည်တိုင်း ဒီလိုပဲ သောက်ကြတာ"

အဖေရှောင် ဒီလိုပြောတာက ဧည့်သည် ၅ ယောက်ရဲ့ အနေခက်မှုကို ဖြေရှင်းပေးချင်လို့ပါ။

ပထမတစ်ခွက် သောက်ပြီးရင် နောက်ပိုင်းကျရင် အီယန်တို့ သတိထားကြတော့မှာပါ။

ထို့နောက် ရှောင်မိသားစုရဲ့ မိတ်ဆက်ပေးမှု၊ ရှောင်လဲ့ထုန်ရဲ့ ဘာသာပြန်ပေးမှုနဲ့အတူ ဟင်းပွဲတိုင်းကို ကြိုတင် မြည်းစမ်းကြည့်ကြတယ်။

ဒါပေမဲ့ မြည်းစမ်းကြည့်လိုက်တော့ လန့်သွားတယ်။ သူတို့က စားပွဲပေါ်က ဟင်းပွဲတိုင်းကို ကိုယ့်ပန်းကန်ထဲ အကုန်ထည့်ပြီး ဗိုက်ထဲ မြိုချပစ်ချင်စိတ် ပေါက်သွားတယ်။

ဒီဟင်းတွေက အရမ်း စားလို့ကောင်းလွန်းတယ်၊ အရမ်း လှပလွန်းတယ်၊ နေ့လယ်တုန်းက စားသောက်ဆိုင်မှာ စားခဲ့တာထက် အများကြီး ပိုစားလို့ကောင်းတယ်။

သူတို့က ဒီလောက်မွှေးပြီး ဒီလောက် အရသာရှိတဲ့ ဟင်းပွဲတွေကို ပထမဆုံးအကြိမ် စားဖူးတာ။

အခုမှ သူတို့ နားလည်သွားပြီ၊ ရှောင်လင်းယွီ ပြောတဲ့ ဝန်ထမ်းတွေအတွက် ဆုလာဘ် ဆိုတာ သူမအိမ်မှာ ထမင်းတစ်နပ် စားရတာ ဆိုတဲ့ အဓိပ္ပာယ်ကို။

ဒီလောက် အရသာရှိတဲ့ ထမင်းဟင်းတွေက တန်ဖိုးကြီးပေးရင်တောင် စားလို့ရတာ မဟုတ်ဘူး။

ပိုက်ဆံမရှားတဲ့ သူတွေအတွက် ဆိုရင်တော့ စံစားမှုက ပိုအရေးကြီးတာပေါ့။

ဒီထမင်းဝိုင်းက တစ်နာရီလောက် ကြာသွားတယ်၊ အင်း... တကယ်တမ်း တစ်နာရီကျော်ကြာအောင် စားနေတာက အီယန်တို့ ၅ ယောက်ပါ၊ ရှောင်မိသားစုက အသက်ကြီးတဲ့ လူကြီးတွေက ညစာစားပြီးတာနဲ့ အနားယူဖို့ ထွက်သွားကြပြီ၊ အမျိုးသမီးတွေက အောက်ဆင်းပြီး သိမ်းဆည်းနေကြပြီ။ ကျန်တဲ့လူတချို့က အီယန်တို့ကို အဖော်ပြုပြီး သောက်ပေးနေကြတယ်။

ဘာပဲပြောပြော လာသူက ဧည့်သည်လေ၊ အရမ်း ရိုင်းစိုင်းလို့ မဖြစ်ဘူး၊ ဧည့်သည်တွေကို ထမင်းဝိုင်းမှာ လွတ်လွတ်လပ်လပ် စားသောက်ခွင့် ပေးထားလိုက်တယ်။

တစ်နာရီ ကြာပြီးနောက် အီယန်တို့ ၅ ယောက် လုံးဝန်းနေတဲ့ ဗိုက်ကို ပွတ်သပ်ပြီး လေတက်လိုက်ကြတယ်။

သူတို့က ထမင်းဝိုင်းပေါ်က အစားအသောက်တွေကို ကြည့်ပြီး မျက်လုံးထဲမှာ နှမြောတသ ဖြစ်နေကြတယ်။

သူတို့ ထပ်စားချင်သေးတယ်၊ ဒါပေမဲ့ ဗိုက်က ဒီလောက်ပဲ ဆံ့တာ၊ ထပ်စားရင်တောင် မဆံ့တော့ဘူးလေ။

"ဥက္ကဌရှောင်... ခင်ဗျားအိမ်က ချက်တဲ့ ထမင်းဟင်းတွေက တကယ် အရသာရှိလွန်းတယ်" အီယန်တို့က နှမြောတွန့်တိုခြင်း မရှိဘဲ ထပ်မံ ချီးကျူးလိုက်ကြသည်။

ရှောင်လင်းယွီ မျက်တောင်ခတ်ပြီး ပြောလိုက်သည်။ "ကျွန်မအမေရဲ့ ဟင်းလက်ရာ မဆိုးဘူး မဟုတ်လား"

"ဒါက မဆိုးဘူးလို့ ပြောလို့ရတဲ့ အဆင့် မဟုတ်တော့ဘူး။ တကယ် ကောင်းလွန်းတယ်၊ ဟုတ်ပြီလား"

ရှောင်လင်းယွီက ပြောသည်။ "အင်း... ကျွန်မက ကုမ္ပဏီ ဝန်ထမ်းတွေအတွက် ဆုလာဘ် စီမံချက်တွေ အများကြီး ထားရှိပါတယ်။ အဲဒီထဲက တစ်ခုကတော့ လုပ်ရည်ကိုင်ရည် ထူးချွန်တဲ့၊ စွမ်းဆောင်ရည် အကောင်းဆုံး လူတွေကို ကျွန်မအိမ်မှာ တစ်ပတ်တိတိ စားသောက်ခွင့်ပေးတာပါ"

အီယန်တို့ "..."

ဒါက အဆုံးစွန်သော ဆွဲဆောင်မှု တစ်ခုပါပဲ။

ဒီလို အရသာရှိတဲ့ အစားအသောက်တွေကို တန်ဖိုးကြီးပေးရင်တောင် စားလို့မရဘူး။

ဒါကြောင့် ဒီအစားအသောက် တစ်လုပ်အတွက်နဲ့တောင် သူတို့ ကြိုးစားရမယ်၊ တခြားလူတွေ နောက်ကောက်ကျတာ လုံးဝ မခံနိုင်ဘူး။

အီယန်တို့ ခေါင်းညိတ် ပြောလိုက်သည်။ "အင်း... ကျွန်တော်တို့ သိပါပြီ ဥက္ကဌရှောင်"

ဧည့်လမ်းညွှန်နဲ့ အပန်းဖြေစခန်း တစ်ခုလုံး လိုက်ပြတယ်၊ ပြီးတော့ အိမ်ခေါ်လာပြီး ထမင်းကျွေးတယ်၊ ဒီရည်ရွယ်ချက်ကို ဘယ်သူက နားမလည်ဘဲနေမလဲ။

ဒါက တူးထားတဲ့ ထောင်ချောက် တစ်ခုလိုပါပဲ။

ဒါပေမဲ့ သူတို့က ထောင်ချောက်မှန်း သိပေမဲ့ လိုလိုလားလား ခုန်ဆင်းလိုက်ကြတယ်။

ဟူး... သူတို့ ဘရူးစ်နဲ့အတူ ဓားပြလှေပေါ် တက်လိုက်မိပြီ (အမှားလုပ်မိပြီ)။

ရှောင်လင်းယွီလည်း ကိုယ့်ရည်ရွယ်ချက်ကို ဖုံးကွယ်မထားပါဘူး၊ သူတို့ နားလည်နေတဲ့ပုံစံကိုကြည့်ပြီး ရယ်ချင်သွားတယ်။

ဟဟ... သူမကို အပြစ်မတင်ပါနဲ့။ သူမ ဒီလိုလုပ်ရတာလည်း လူတော်တွေကို စုဆောင်းချင်လို့ပါ။

သူမ ကုမ္ပဏီက အကြီးအကျယ် ချဲ့ထွင်နေတာ၊ လူတော်မျိုးစုံ လိုအပ်တယ်၊ အထူးသဖြင့် နိုင်ငံခြား ဈေးကွက် စွမ်းဆောင်ရည် ရှိတဲ့ လူတော်တွေပေါ့။ အခု သူတို့ ၅ ယောက်က အိမ်တိုင်ရာရောက် ရောက်လာမှတော့ တံခါးပိတ်ပြီး မဖမ်းဘဲ ဘယ်နေပါ့မလဲ။

ရှောင်လင်းယွီက သူတို့ စားသောက်ပြီးပြီဆိုတာ မြင်တော့ အကြံတစ်ခု ထပ်ပေးလိုက်သည်။ "ကျွန်မတို့ ထောင်ယွမ်ရွာရဲ့ ညရှုခင်းက မဆိုးဘူးနော်။ ရှင်တို့ အခု ဗိုက်ဝနေပြီ ဆိုတော့ လမ်းလျှောက်ရင်း ကြည့်ရှုဖို့ အတော်ပဲ"

အီယန်တို့က သေချာပေါက် ငြင်းမှာ မဟုတ်ပါဘူး။

ရှောင်လင်းယွီက ဖုန်းတစ်ချက် ဆက်လိုက်ပြီး ဧည့်လမ်းညွှန်နှင့် ဘာသာပြန် ရှောင်ကျိုးကို ခေါ်လိုက်သည်။

"ရှောင်ကျိုး... သူတို့ကို ခေါ်သွားပြီး ကျွန်မတို့ ထောင်ယွမ်ရွာရဲ့ ညရှုခင်းကို ကောင်းကောင်း လိုက်ပြပေးလိုက်"

"ဟုတ်ကဲ့ ဥက္ကဌရှောင်"

***

All Chapters