← Chapters

အခန်း (၉၆၁-၉၆၂)

Vol. 59 Ch. 961-962

အခန်း (၉၆၁-၉၆၂)

Vol. 59 Ch. 961-962

အခန်း ၉၆၁ ။ ခြိမ်းခြောက်ခံရခြင်း (အပိုင်း ၂)

သန်းခေါင်ယံအချိန်တွင် ရှောင်လင်းယွီသည် ဘရူးစ်ထံမှ ဖုန်းလက်ခံရရှိသည်။

"ဥက္ကဌရှောင်... ကျွန်တော့် မိသားစု ခြိမ်းခြောက်ခံနေရတယ်၊ အကူအညီ လိုအပ်နေပါတယ်" ဘရူးစ်က တိုက်ရိုက် အကူအညီတောင်းလိုက်သည်။

ဘရူးစ် ကောင်းကောင်း သိသည်မှာ ရှောင်လင်းယွီကို သစ္စာမဖောက်ချင်ပါက ရှောင်လင်းယွီကို တိုက်ရိုက် အစီရင်ခံမှသာ ဖြစ်မည် ဆိုတာကိုပင်။ ရှောင်လင်းယွီ၏ နောက်ခံ အင်အားနှင့် ဆိုလျှင် သူ့မိသားစုကို ကယ်တင်ပေးရန်မှာ ခက်ခဲသော ကိစ္စ မဟုတ်ပေ။

ထို့ကြောင့် ဘရူးစ် တွန့်ဆုတ်မနေဘဲ ရှောင်လင်းယွီကို ဖုန်းဆက်လိုက်ခြင်း ဖြစ်သည်။

ရှောင်လင်းယွီသည် ဘရူးစ်၏ စိုးရိမ်တကြီး ဖြစ်နေသော လေသံကို ကြားသောအခါ နှစ်သိမ့်လိုက်သည်။ "စိတ်အေးအေးထားပါ ဘရူးစ်၊ ရှင့်အိမ် ဘယ်မှာလဲ၊ ကျွန်မ အခုပဲ လူလွှတ်ပြီး သွားခေါ်ခိုင်းလိုက်မယ်"

ဘရူးစ်က လိပ်စာကို ပြောပြလိုက်သောအခါ စိတ်နည်းနည်း ငြိမ်သွားသည်။

ဒါပေမဲ့ မကြာခင်မှာပဲ သူ ဒေါသ ပြန်ထွက်လာပြီး ဆဲဆိုလိုက်သည်။ "မိုက်ကယ် ဒီခွေးကောင်... တကယ် ယုတ်မာကောက်ကျစ်တဲ့ကောင်..." နောက်ပိုင်း စကားလုံးများ တရစပ် ဆဲဆိုနေတော့သည်။

ရှောင်လင်းယွီ "..." ဒီလူက ဟွာရှ စကားကို တကယ် ကျွမ်းကျင်အောင် သင်ထားတာပဲ၊ ဆဲဆိုတဲ့ စကားလုံးတွေက ဒေသခံ ဟွာရှသားတွေထက် မလျော့ဘူး။

ဒါပေမဲ့ သူမ ဘရူးစ်ရဲ့ ခံစားချက်ကို နားလည်ပါတယ်။ သူမ မိသားစုသာ ခြိမ်းခြောက်ခံရမယ် ဆိုရင် ဆဲတာ မပြောနဲ့၊ ဓားကိုင်ပြီးတောင် သွားသတ်မိမလား မသိဘူး။

ရှောင်လင်းယွီ သက်ပြင်းချလိုက်ပြီး နှစ်သိမ့်လိုက်သည်။ "ဘရူးစ်... မပူပါနဲ့။ ရှင် မိုက်ကယ်ကို အတတ်နိုင်ဆုံး အချိန်ဆွဲထားလိုက်၊ ကျွန်မ အခုပဲ ရှင့်မိသားစုကို ထောင်ယွမ်ရွာဆီ ခဏခေါ်လာဖို့ စီစဉ်လိုက်မယ်"

ဟွာရှကနေ F နိုင်ငံကို ပျံသန်းဖို့ အချိန်အတိုင်းအတာတစ်ခု လိုအပ်တယ်။ ပြီးတော့ နိုင်ငံဖြတ်ကျော် ပျံသန်းရမှာမို့လို့ ရဟတ်ယာဉ် ပျံသန်းခွင့် လျှောက်ထားရဦးမယ်၊ အချိန်ကြန့်ကြာနိုင်တယ်။

ဒါပေမဲ့ လေယာဉ် စင်းလုံးငှားလို့ ရပါတယ်။

ရှောင်လင်းယွီသည် ဘရူးစ်နှင့် ဖုန်းပြောပြီးနောက် ကုန်းထျန်းဟောက်ကို ချက်ချင်း ဖုန်းဆက်လိုက်သည်။

အခု ဒီကိစ္စကို ကုန်းထျန်းဟောက် စီစဉ်တာက ပိုမြန်ဆန်လိမ့်မယ်။

"ဒီဟွမ်လင်းအုပ်စုက လူမရှိတော့ဘူးလား။ ဘရူးစ်ကိုပဲ မျက်စိဒေါက်ထောက် ကြည့်နေပြီး ယုတ်မာတဲ့ နည်းလမ်းတွေ သုံးနေတာ" ကုန်းထျန်းဟောက် ကြားလိုက်ရသောအခါ ဒေါသထွက်သွားသည်။

ရှောင်လင်းယွီက ပြောသည်။ "အခုတလော ကျွန်မတို့ Green Freshအုပ်စုက သူတို့ရဲ့ အမှာစာကြီး အများကြီးကို လုယူသွားတယ်၊ ပြီးတော့ သူတို့ဆီက လူတချို့ကိုလည်း ဆွဲခေါ်သွားတယ်၊ စိတ်ထဲမှာ ပူပန်နေလောက်ပြီ"

"ဟဟ..." ကုန်းထျန်းဟောက် အေးစက်စွာ ရယ်မောလိုက်သည်။ "သူတို့ အရည်အချင်း မရှိတာလေ၊ ဘယ်သူ့ကို အပြစ်တင်မလဲ"

ထို့နောက် ကုန်းထျန်းဟောက်က နှစ်သိမ့်လိုက်သည်။ "ပေါင်ပေ့... စိတ်မပူနဲ့၊ ကိုယ် အခုပဲ စီစဉ်လိုက်မယ်၊ ဘရူးစ် မိသားစုကို အမြန်ဆုံး သွားခေါ်လိုက်မယ်"

"အင်း... ကျေးဇူးပါ လောင်ကုန်း" ရှောင်လင်းယွီ ပြောလိုက်သည်။

"အရူးမလေး... ဘာကျေးဇူးတင်စရာ လိုလို့လဲ။ မင်းက ကိုယ့်မိန်းမ၊ ကိုယ်က မင်းယောက်ျားလေ၊ ကိုယ်တို့တွေက တစ်သားတည်းပဲ၊ မင်းကိစ္စက ကိုယ့်ကိစ္စပဲ" ကုန်းထျန်းဟောက်က ရယ်မောရင်း ပြောလိုက်သည်။

ဒါပေမဲ့ ချက်ချင်းဆိုသလို ကုန်းထျန်းဟောက် နောက်ထပ် ပြဿနာ တစ်ခုကို တွေးမိသွားပြီး မျက်နှာထား လေးနက်သွားသည်။ "ဒီမိုက်ကယ်က ဘရူးစ်ကို ဘာလုပ်ချင်လဲ မသိပေမဲ့ ကောင်းတဲ့ကိစ္စတော့ မဟုတ်ဘူး။ ဒါပေမဲ့ ကိုယ်တို့တွေ ဒီတစ်ခေါက် ဘရူးစ် မိသားစုကို ခေါ်ထုတ်သွားလိုက်ရင် မိုက်ကယ်က အီယန်တို့ မိသားစုကို သွားရှာရင် ဘယ်လိုလုပ်မလဲ"

ရှောင်လင်းယွီ မျက်မှောင် အနည်းငယ် ကြုတ်လိုက်ပြီး ခေါင်းညိတ်ကာ ပြောလိုက်သည်။ "အင်း... ဒါ ပြဿနာပဲ။ ခဏနေရင် ကျွန်မ ဘရူးစ်ကို ဖုန်းဆက်ပြီး သူတို့ကို မေးခိုင်းလိုက်မယ်။ သူတို့ မိသားစုကို ခေါ်ထုတ်သွားမလား၊ ဒါမှမဟုတ် သက်တော်စောင့်တွေ လွှတ်ပြီး ကာကွယ်ပေးထားမလား ဆိုတာကိုပေါ့"

ကုန်းထျန်းဟောက် ခေါင်းညိတ်လိုက်သည်။ "အင်း"

ဇနီးမောင်နှံနှစ်ဦး ဖုန်းချလိုက်ပြီးနောက် ချက်ချင်း စီစဉ်စရာ ရှိတာ စီစဉ်လိုက်ကြသည်။

နိုင်ငံတကာ နယ်နိမိတ်ကို ဖြတ်ကျော်ရမည် ဖြစ်သဖြင့် ရဟတ်ယာဉ်အသုံးပြုလျှင် အချိန်ပိုကြာမည် ဖြစ်သည်။ ထို့ကြောင့် ကုန်းထျန်းဟောက်သည် သူ့အာဏာနှင့် နည်းလမ်းများကို အသုံးပြုကာ နိုင်ငံတကာ လေကြောင်းလိုင်းမှ လေယာဉ်တစ်စင်းကို ညတွင်းချင်း ငှားရမ်းပြီး F နိုင်ငံသို့ ချက်ချင်း ပျံသန်းစေခဲ့သည်။

….

ဒီဘက်တွင် ရှောင်လင်းယွီသည် ဘရူးစ်နှင့် ဦးစွာ ဆက်သွယ်ပြီး အီယန်တို့နှင့် ဆွေးနွေးခိုင်းလိုက်သည်။

ဘရူးစ်သည် ရှောင်လင်းယွီ၏ စိုးရိမ်ပူပန်မှုကို ကြားသောအခါ ရယ်မောရင်း ပြောလိုက်သည်။ "ဥက္ကဌရှောင်... စိတ်မပူပါနဲ့။ အီယန်တို့က မိုက်ကယ်ရဲ့ အားနည်းချက် တစ်ခုခုကို ကိုင်ထားပုံရတယ်၊ ဒါကြောင့် မိုက်ကယ်က အီယန်တို့ မိသားစုကို လောလောဆယ် မထိရဲသေးပါဘူး"

အီယန်တို့က မိုက်ကယ်ရဲ့ အားနည်းချက်ကို အသုံးပြုပြီး သူတို့ကို အလုပ်ထွက်ခွင့်ပြုဖို့ ဖိအားပေးခဲ့ရုံသာမက လျော်ကြေးငွေ ဘီလီယံချီကိုပါ ကင်းလွတ်ခွင့်ရခဲ့တာ။

ကြည့်ရတာ မိုက်ကယ်ရဲ့ အားနည်းချက်က မသေးဘူးထင်တယ်။

ဘရူးစ် မျက်လုံး ကလည်ကလည် လုပ်လိုက်သည်။ ဒီလိုဆိုရင် သူ ဘာလို့ အခွင့်ကောင်း မယူရမှာလဲ။

မိုက်ကယ် ဆိုတဲ့ ယုတ်မာကောက်ကျစ်တဲ့ ကောင်က သူ့မိသားစုကို ခြိမ်းခြောက်ရဲမှတော့ သူလည်း သစ္စာဖောက်တယ်လို့ အပြစ်မတင်နဲ့တော့။

ဘယ်လိုနည်းနဲ့ပဲ ဖြစ်ဖြစ် ဒီအားနည်းချက်ကို သူ သိအောင် လုပ်ရမယ်။

ရှောင်လင်းယွီသည် ဘရူးစ်ထံမှ အီယန်တို့တွင် မိုက်ကယ်၏ အားနည်းချက် ရှိနေကြောင်း၊ လောလောဆယ် မထိရဲသေးကြောင်း သိလိုက်ရမှ စိတ်အေးသွားသည်။

သို့သော် ရှောင်လင်းယွီ ခန့်မှန်းမိသည်မှာ မိုက်ကယ်သည် သူတို့ကို မထိရဲသော်လည်း စည်းရုံးသိမ်းသွင်းရန် ကြိုးစားလိမ့်မည် ဟူ၍ ဖြစ်သည်။

ရှောင်လင်းယွီ စဉ်းစားပြီးနောက် ဘရူးစ်ကို ဖုန်းဆက်ကာ သတိပေးလိုက်သည်။

"ကောင်းပါပြီ... ကျွန်တော် သိပါပြီ ဥက္ကဌရှောင်၊ စိတ်ချပါ။ သူတို့ ဒီလောက် လွယ်လွယ်ကူကူ အဝယ်ခံရမှာ မဟုတ်ပါဘူး" ဘရူးစ်က ပြောလိုက်သည်။

သူတို့ကို စည်းရုံးသိမ်းသွင်းမယ့် နည်းလမ်းတွေက ငွေကြေးနဲ့ မိန်းမကိစ္စတွေပဲ ရှိမှာပါ။

ဒါပေမဲ့ ဒီသူငယ်ချင်းကောင်းတွေရဲ့ ကိုယ်ကျင့်တရားက သူနဲ့ တူတယ်၊ ဇနီးသည်အပေါ် သစ္စာရှိကြတယ်၊ မိန်းမတစ်ယောက်ရဲ့ မြှူဆွယ်မှုကို လွယ်လွယ်ကူကူ လက်ခံမှာ မဟုတ်ဘူး။ ငွေကြေး ကိစ္စကတော့ သူတို့မှာ ငွေကြေး အလုံအလောက် ရှိပြီးသား၊ မိသားစုကို ကောင်းမွန်တဲ့ ဘဝမျိုး ဖန်တီးပေးနိုင်တယ်။ ပိုက်ဆံထပ်ပေးရင်တောင် အပိုဆုလောက်ပဲ ဖြစ်နေမှာ။

မှန်ပါသည်... ဘရူးစ်လည်း လုံးဝ အာမခံလို့ မရပါဘူး၊ ဒီမြှူဆွယ်မှုတွေကို ရင်ဆိုင်ရတဲ့အခါ သူ့သူငယ်ချင်းတွေ စိတ်မပါပါ့မလား ဆိုတာကိုပေါ့။

ဘရူးစ် စဉ်းစားပြီး မတော်တဆမှု မဖြစ်ရအောင် အီယန်တို့ကို သတိပေးလိုက်သည်။

...

မိုက်ကယ်သည် ဘရူးစ်၏အဖြေကို ရရှိပြီးနောက် ရုံးခန်းထဲတွင်ထိုင်ကာ ဘရူးစ် ရောက်လာမည့်အချိန်ကို စောင့်နေသည်။

ဘရူးစ်က နိုင်ငံခြားမှာ ရှိနေတာဆိုတော့ ပြန်လာဖို့ အချိန်အတိုင်းအတာ တစ်ခု လိုအပ်မှာ သေချာတယ်၊ ဒါကြောင့် မိုက်ကယ် မလောပါဘူး။

ဒါပေမဲ့ မတော်တဆမှု မဖြစ်ရအောင် မိုက်ကယ်က လူလွှတ်ပြီး ဘရူးစ် မိသားစုကို စောင့်ကြည့်ခိုင်းထားတယ်။

ဘရူးစ် ဒီကောင်က တော်တော် ကောက်ကျစ်တယ်၊ တကယ်လို့ သူက မိသားစုကို ရွှေ့ပြောင်းသွားရင် ဘရူးစ်နဲ့ ညှိနှိုင်းဖို့ အားသာချက်တွေ ပျောက်သွားလိမ့်မယ်၊ ဒါက သူ့အတွက် မကောင်းဘူး။

"မကောင်းတော့ဘူး သူဌေး"

သူ့လက်အောက်ငယ်သားက အလောတကြီး ပြေးဝင်လာသည်။

"ဘာဖြစ်တာလဲ။ ဘာလို့ ဒီလောက် ပြာပြာသလဲ ဖြစ်နေတာလဲ" မိုက်ကယ်က မျက်မှောင်ကြုတ်ပြီး မကျေမနပ် ပြောလိုက်သည်။

"ဘော့စ် ဘရူးစ် မိသားစုကို စောင့်ကြည့်နေတဲ့လူတွေ ပြောတာတော့ ဘရူးစ်ရဲ့ ဇနီးနဲ့ သမီး၊ ပြီးတော့ မိဘတွေပါ ညတွင်းချင်း ပျောက်သွားကြပြီတဲ့" အနက်ရောင်ဝတ်စုံဝတ် အမျိုးသားက အလျင်အမြန် အစီရင်ခံလိုက်သည်။

"မင်း ဘာပြောလိုက်တယ်" မိုက်ကယ် ရုတ်တရက် မတ်တတ်ရပ်လိုက်ပြီး မျက်လုံးထဲတွင် ဒေါသအိုး ပေါက်ကွဲနေကာ လက်အောက်ငယ်သား၏ ကော်လာကို ဆွဲပြီး အော်ဟစ်မေးမြန်းလိုက်သည်။ "မင်း နောက်တစ်ခေါက် ပြန်ပြောစမ်း။ ဘရူးစ်ရဲ့မိသားစု ညတွင်းချင်း ပျောက်သွားတယ်ဆိုတာ ဘာသဘောလဲ"

အနက်ရောင် ဝတ်စုံဝတ် အမျိုးသားက ဒေါသထွက်နေသော သူဌေးကို ကြည့်ပြီး ကြောက်ရွံ့တုန်လှုပ်စွာ ပြောလိုက်သည်။ "သူတို့ ရုတ်တရက် ပျောက်သွားတာပါ၊ အခု ဗီလာထဲမှာ လုံးဝ ရှာမတွေ့တော့ပါဘူး"

"ဖြောင်း..." ဒေါသထွက်လွန်းလို့ မိုက်ကယ်က လက်အောက်ငယ်သားကို ပါး ပြင်းပြင်းထန်ထန် ရိုက်လိုက်ပြီး အော်ဟစ်ဆဲဆိုလိုက်သည်။ "အသုံးမကျတဲ့ ကောင်တွေ၊ လူတောင် ကြည့်မထားနိုင်ဘူး၊ မင်းတို့ကို ဘာလုပ်ဖို့ ထားရမှာလဲ"

အနက်ရောင် ဝတ်စုံဝတ် အမျိုးသားက ခေါင်းငုံ့ပြီး ဘာမှ ပြန်မပြောရဲဘူး။

ထို့နောက် မိုက်ကယ်က မေးလိုက်ပြန်သည်။ "သူတို့ ဘယ်လို ပျောက်သွားတာလဲ။ စောင့်ကြည့်နေတဲ့ လူတွေကော၊ သူတို့ ဘယ်သေသွားကြတာလဲ"

အနက်ရောင် ဝတ်စုံဝတ် အမျိုးသားက ပြောသည်။ "စောင့်ကြည့်နေတဲ့ လူတွေ ပြောတာတော့ သူတို့ကို တစ်ယောက်ယောက်က ရိုက်ပြီး မေ့ဆေးပေးလိုက်တာတဲ့။ သူတို့ ပြန်နိုးလာတဲ့အခါကျတော့ ဘရူးစ် မိသားစုက လေထဲ ပျောက်သွားသလိုမျိုး ညတွင်းချင်း ပျောက်သွားကြပြီတဲ့"

"ဖြောင်း..." မိုက်ကယ် စိတ်တိုပြီး လက်အောက်ငယ်သားကို နောက်ထပ် ပါးတစ်ချက် ထပ်ရိုက်လိုက်ကာ အော်ဟစ်လိုက်သည်။ "အသုံးမကျတဲ့ ကောင်တွေ၊ ဒီလောက်ကိစ္စလေးတောင် မလုပ်တတ်ဘူး၊ မင်းတို့ကို ဘာလုပ်ဖို့ ထားရမှာလဲ"

အရိုက်ခံရတဲ့ အနက်ရောင် ဝတ်စုံဝတ် အမျိုးသားက အသံမထွက်ရဲဘဲ ခေါင်းငုံ့ထားတော့ သူ့မျက်နှာထားကို မမြင်ရဘူး။

မိုက်ကယ်က လက်အောက်ငယ်သား၏ ကော်လာကို လွှတ်ပေးလိုက်ပြီး မျက်မှောင်ကြုတ်ကာ နားမလည်နိုင် ဖြစ်နေသည်။

ရုတ်တရက် မျက်လုံးများ ပြူးကျယ်သွားပြီး အော်ဟစ်လိုက်သည်။ "ဘရူးစ်... သေချာပေါက် ဘရူးစ် လက်ချက်ပဲ"

အနက်ရောင် ဝတ်စုံဝတ် လက်အောက်ငယ်သားက နားမလည်နိုင်စွာ ပြောလိုက်သည်။ "ဒါပေမဲ့ ဘော့စ် ဘရူးစ်မှာ ဒီလောက် စွမ်းရည် ရှိလို့လား၊ သူ့မိသားစုကို မသိမသာ ခေါ်ထုတ်သွားနိုင်လောက်အောင် စွမ်းရည် ရှိလို့လား။ ပြီးတော့ သူ သူ့မိသားစုကို ဘယ်ခေါ်သွားမှာလဲ"

"ဟွန့်..." မိုက်ကယ်က နှာခေါင်းရှုံ့ပြီး ပြောလိုက်သည်။ "သူ့မှာ စွမ်းရည် မရှိပေမဲ့ သူက စွမ်းရည်ရှိတဲ့ သခင်နောက် လိုက်နေတာလေ"

မိုက်ကယ်လည်း ဉာဏ်ကောင်းသူပါ။

ချက်ချင်းပဲ သဘောပေါက်သွားတယ်။ ဘရူးစ်က သူ့မိသားစု ခြိမ်းခြောက်ခံရတာ သိတော့ Green Freshအုပ်စု သူဌေး ရှောင်လင်းယွီဆီ အကူအညီ တောင်းလိုက်တာ။

ရှောင်လင်းယွီမှာ စွမ်းရည်မရှိပေမဲ့ သူမနောက်က ယောက်ျား ကုန်းထျန်းဟောက်မှာတော့ စွမ်းရည် အကြီးကြီး ရှိတယ်။

ဒါကြောင့် သူသာဆိုရင် လူတွေကို မသိမသာခေါ်ထုတ်သွားနိုင်လောက်တဲ့ စွမ်းရည်ရှိမှာ သေချာတယ်။

ဘရူးစ်ရဲ့မိသားစု ရွှေ့ပြောင်းခံလိုက်ရပြီ ဆိုတော့ မိုက်ကယ်က အားသာချက် ပျောက်ဆုံးသွားပြီ၊ ရင်ထဲက ဒေါသတွေ ထွက်ပေါ်လာတယ်။

သူ အံကြိတ်ပြီး ပြောလိုက်သည်။ "ဘရူးစ်... ကောင်းပြီ၊ မင်း စောင့်နေလိုက်"

တစ်နေ့ကျရင် အဲဒီကောင်ကို ကောင်းကောင်း ပညာပေးရမယ်။

ဟွမ်လင်းအုပ်စု အခု ကြုံတွေ့နေရတဲ့ ပြဿနာတွေ အကုန်လုံးက သူပေးတာ၊ ဒီရန်ငြိုးကို သေချာပေါက် မှတ်ထားရမယ်၊ လက်တုံ့ပြန်ရမယ်။

အနက်ရောင် ဝတ်စုံဝတ် အမျိုးသားက ခေါင်းငုံ့ပြီး ဘာမှ မပြောဘူး။

မိုက်ကယ် အတွေးတစ်ချက် ဝင်လာပြီး အမိန့်ပေးလိုက်သည်။ "မင်း လူနည်းနည်း စီစဉ်ပြီး Green Freshအုပ်စုကို သေချာ စုံစမ်းစစ်ဆေးလိုက်၊ ပြီးတော့ သူမ နောက်ကွယ်က နောက်ခံကိုပါ စုံစမ်းလိုက်။ သတိထားလုပ်နော်"

"ဟုတ်ကဲ့ ဘော့စ်" အနက်ရောင် ဝတ်စုံဝတ် အမျိုးသား ချက်ချင်း ပြန်ဖြေလိုက်သည်။

ဘရူးစ်ဆီကနေ ထိုးဖောက်လို့ မရတော့ဘူး ဆိုရင် ရင်းမြစ်ကနေ တားဆီးရမှာပေါ့။

အခုအချိန်မှာ မိုက်ကယ် အကြီးအကျယ် ခံစားနေရတာက Green Freshအုပ်စုဟာ ဟွမ်လင်းအုပ်စုရဲ့ အကြီးမားဆုံး ပြိုင်ဘက် ဖြစ်လာမယ် ဆိုတာပါပဲ။

ဒါကြောင့် သူ မကြီးထွားခင် ပုခက်ထဲမှာတင် လည်ပင်းညှစ်သတ်ပစ်ဖို့ (အစပျိုးကတည်းက ဖျက်ဆီးပစ်ဖို့) ဆုံးဖြတ်လိုက်သည်။

***

စိုက်ပျိုးရေးနေရာလွတ်က ငါ့ကိုချမ်းသာလာစေတယ်

အခန်း ၉၆၂ ။ လက်တုံ့ပြန်ခြင်းဆိုတာ မရပ်မနား နံရံထောင့်တူးခြင်း

မိုက်ကယ်က လူလွှတ်ပြီး Green Freshအုပ်စုနှင့် ရှောင်လင်းယွီကို စုံစမ်းခိုင်းနေစဉ် ဘရူးစ်လည်း လှုပ်ရှားလိုက်သည်။

ဟွမ်လင်းအုပ်စုက ဒီလုပ်ငန်းခွင်မှာ နိုင်ငံတကာ နံပါတ်တစ် အမှတ်တံဆိပ် ဖြစ်လာနိုင်တာ လူတော်တွေ ပေါများလို့ပါ။

Green Freshအုပ်စုက အခု လူတော်တွေ အများကြီး လိုအပ်နေတော့ ဘရူးစ်က အားမနာဘဲ ဟွမ်လင်းအုပ်စုရဲ့ နံရံထောင့်ကို တူးတော့တာပဲ (လူတွေကို ဆွဲခေါ်တော့တာပဲ)။

မိုက်ကယ်က စမလုပ်ရင် ဘရူးစ်က လိုက်လုပ်မှာ မဟုတ်ဘူး။

ဟွမ်လင်းအုပ်စုက လူတိုင်း တူးဆွရကျိုးနပ်တာတော့ မဟုတ်ဘူး။ ဘရူးစ် ကုမ္ပဏီထဲမှာ ရင်းနှီးတဲ့ လူတချို့ကလွဲရင် သိပ်မရင်းနှီးတဲ့၊ နားမလည်တဲ့လူတွေကိုတော့ လူလွှတ်စုံစမ်းခိုင်းပြီး အဲဒီလူတွေရဲ့ ကိုယ်ကျင့်တရားအပေါ် မူတည်ကာ ဖြည်းဖြည်းချင်း ထိုးဖောက်ရမယ်။

ဒါပေမဲ့ သူ အခု အလုပ်များနေတော့ လူဆွဲခေါ်တဲ့ ကိစ္စကို Headhunter ကုမ္ပဏီ (လူရှာဖွေရေး ကုမ္ပဏီ) ကို အပ်လိုက်တယ်။

လူရမရဆိုတာ ထားလိုက်တော့၊ မိုက်ကယ်ကို စိတ်ဒုက္ခပေးနိုင်ရင် ပြီးရော။

မူလက ဘရူးစ်နဲ့ မိုက်ကယ်၊ ဒါမှမဟုတ် ဟွမ်လင်းအုပ်စုနဲ့ ဘာရန်ငြိုးမှ မရှိပါဘူး။

အရင်တုန်းက မိုက်ကယ်က အကြောင်းရင်းမရှိဘဲ သူ့ကို အလုပ်ထုတ်ပစ်တယ်၊ ကမ္ဘာအနှံ့ ပိတ်ပင်လိုက်တယ် ဆိုတာတောင် သူ ဘာမှ မပြောခဲ့ဘူး။

ဒါပေမဲ့ ဒီတစ်ခေါက် မိုက်ကယ်က သူ့ရဲ့ သည်းခံနိုင်စွမ်းကို ကျော်လွန်သွားပြီး သူ့မိသားစုကို ထိပါးလာတော့ သူ အားနာနေစရာ မလိုတော့ဘူး။

သူ့ကို ကျေးဇူးကန်းတယ်၊ သစ္စာဖောက်တယ် ဘာညာ မပြောပါနဲ့၊ သူလည်း အခြေအနေအရ တုံ့ပြန်ရတာပါ။

ဒါကြောင့် ဟွမ်လင်းအုပ်စုရဲ့ နံရံထောင့်ကို တူးရတာ သူ အခု ဘာဝန်ထုပ်ဝန်ပိုးမှ မရှိတော့ဘူး။

….

ရှောင်လင်းယွီသည် ဘရူးစ်၏လုပ်ရပ်ကို သိရှိသောအခါ ရယ်ချင်သလို ခေါင်းခါလိုက်သည်။

ဘရူးစ် ဒီလိုလုပ်တာ မှန်လား မှားလား ဆိုတာ သူမ ဝေဖန်လို့ မရပါဘူး၊ အကြောင်းရင်းတွေ ရှိတာပဲလေ။

အရင်တုန်းက သူမ ဘရူးစ်ကို လူဆွဲခေါ်ခိုင်းတုန်းက ဘရူးစ်က မကောင်းဘူး ထင်ခဲ့တာ။ အခုကျတော့ မိုက်ကယ်က သူ့မိသားစုကို ထိပါးလာတော့ သူ့ရဲ့ သည်းခံနိုင်စွမ်းကို ကျော်လွန်သွားပြီး ဒေါသတွေ၊ အငြိုးတွေ ထွက်လာတာ သဘာဝပါပဲ။

ဒါကြောင့် ဘရူးစ် ဟွမ်လင်းအုပ်စုရဲ့ နံရံထောင့်ကို မရပ်မနား တူးနေတာကို ပြိုင်ဘက် Green Freshအုပ်စုရဲ့ သူဌေး အနေနဲ့ သူမ သေချာပေါက် ဝမ်းသာတာပေါ့။

ဟွမ်လင်းအုပ်စုက လူတော်တွေ အကုန်လုံးကို ဆွဲခေါ်လာနိုင်ရင် အကောင်းဆုံးပေါ့။

ဒါက စိတ်ကူးယဉ်တာပါ။ လူတော်တွေ အကုန်လုံး ဆွဲခေါ်လာဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။

ရှောင်လင်းယွီက ပြုံး၍ ဘရူးစ်ကို ပြောလိုက်သည်။ "ဘရူးစ်... လုပ်တာ ကောင်းတယ်! ဒီလိုလုပ်ပါလား... ရှင် ထူးချွန် လူတော် တစ်ယောက် ဆွဲခေါ်လာနိုင်တိုင်း ကျွန်မ ရှင်ကို ဆုကြေး ယွမ် တစ်သန်း ပေးမယ်၊ ဘယ်လိုလဲ"

ဘရူးစ် မျက်လုံးများ အရောင်တောက်လာပြီး စိတ်လှုပ်ရှားစွာ မေးလိုက်သည်။ "ဥက္ကဌရှောင်... ကျွန်တော့်ကို နောက်နေတာ မဟုတ်ဘူးနော်"

ရှောင်လင်းယွီက လေးနက်စွာ မေးလိုက်သည်။ "ကျွန်မက ရှင်နဲ့ နောက်နေမယ့်ပုံ ပေါက်လို့လား"

ဘရူးစ်က ဝမ်းသာအားရ ပြောလိုက်သည်။ "ဒါဆို ကောင်းပြီလေ... မင်းတို့ ဟွာရှမှာ စကားပုံ တစ်ခု ရှိတယ် မဟုတ်လား၊ လူကြီးလူကောင်း ကတိတည်တယ်၊ မြင်းလေးကောင်တောင် ဆွဲလို့မရဘူး ဆိုတာလေ (တစ်ခွန်းပြောပြီးရင် ပြန်ရုပ်သိမ်းလို့ မရဘူး)။ ကျွန်တော် ဥက္ကဌရဲ့ ဆုကြေးကို စောင့်နေမယ်"

ရှောင်လင်းယွီက နောက်ထပ် စကားတစ်ခွန်း ထပ်ပြောလိုက်သည်။ "ရှင် ရှင့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေကို ပြောလိုက်၊ ရှင် တစ်ယောက်တည်း လူတော် တစ်ယောက် ရှာတွေ့ရင် ယွမ် တစ်သန်း ရတာ မဟုတ်ဘူး၊ သူတို့ထဲက ဘယ်သူမဆို လူတစ်ယောက် ရှာတွေ့ရင် ဒီဆုကြေး ရနိုင်တယ်လို့"

ဤနေရာသို့ ရောက်သောအခါ ရှောင်လင်းယွီ ခနရပ်လိုက်ပြီး အလွန် လေးနက်စွာ ပြောလိုက်သည်။ "ဒါပေမဲ့ ကျွန်မ ဒီမှာ သတိပေးလိုက်မယ်၊ ဆွဲခေါ်လာတဲ့ လူတွေက ကျွန်မကုမ္ပဏီရောက်လာရင် ကျွန်မအပေါ် သစ္စာရှိရမယ်၊ ကျွန်မကုမ္ပဏီအတွက် ကောင်းကောင်း အလုပ်လုပ်ပေးရမယ်။ ကိုယ်က ဒီမှာရှိနေပေမဲ့ စိတ်က ဟိုရောက်နေတဲ့ လူတွေကို ကျွန်မ စစ်ဆေးလို့တွေ့ရင် သေချာပေါက် အားနာနေမှာ မဟုတ်ဘဲ ပြင်းပြင်းထန်ထန် အပြစ်ပေးမှာပါ"

ဒီအချက်ကို ရှင်းရှင်းလင်းလင်း ပြောထားရမယ်။ မဟုတ်ရင် စီးပွားရေး ပြိုင်ဘက်တွေက အခွင့်ကောင်းယူပြီး စီးပွားရေး သူလျှိုတွေ လွှတ်လိုက်လိမ့်မယ်။

ဒါဆို သူမ ကုမ္ပဏီက စီးပွားရေး သူလျှိုတွေ စစ်မြေပြင် ဖြစ်သွားမလား။

ဟဟ... အဲဒီလို ဖြစ်လို့ မရဘူး။

ဒါပေမဲ့ ကံကောင်းတာက သူမမှာ ရွှေလက်ချောင်း (အထူးစွမ်းရည်) ရှိတယ်၊ လူ့စိတ်ကို ခွဲခြားနိုင်တယ်၊ သစ္စာရှိမရှိ သိနိုင်တယ်။ အဆိုးဆုံး အခြေအနေ ဆိုရင်တောင် သူမသား နတ်ဘုရားလေး ရှိသေးတယ်လေ။

ဒါကြောင့် သူမ တကယ်တမ်းကျတော့ ဒီစီးပွားရေး သူလျှိုတွေကို မကြောက်ပါဘူး။

အခု သူမ မျှော်လင့်နေတာက ဘရူးစ်ဘက်က ထူးချွန် လူတော် ဘယ်နှယောက်လောက် ဆွဲခေါ်လာနိုင်မလဲ ဆိုတာပါပဲ။

ဘရူးစ်က ဟွမ်လင်းအုပ်စုကို လုံးဝ အားမနာဘဲ ကမ္ဘာ့အကြီးဆုံး Headhunter ကုမ္ပဏီကို ငှားရမ်းလိုက်တယ်။ ဈေးကြီးပေးရပေမဲ့ ဟွမ်လင်းအုပ်စုကို သွေးထွက်သံယို ဖြစ်စေနိုင်ရင် သူ ဒီဒေါသ ပြေသွားပြီလို့ ခံစားရတယ်။

ဟွန့်... မင်းတို့က မတရားရင် ငါ သစ္စာဖောက်တယ်လို့ အပြစ်မတင်နဲ့။

ပြီးတော့ ဆွဲခေါ်လို့ရတဲ့ လူတော်တွေ ဆိုတာ မင်းတို့ ကုမ္ပဏီက ကိုယ့်လူကိုယ် မထိန်းနိုင်လို့လေ၊ သူများကို အပြစ်တင်လို့ မရဘူး။

တကယ်လို့ ဒီ Headhunter ကုမ္ပဏီတွေကို Green Freshအုပ်စုကို လာပြီး လူဆွဲခေါ်ခိုင်းကြည့်ပါလား၊ ထွက်သွားချင်တဲ့သူ ရှိမလားလို့။

...

ဟွမ်လင်းအုပ်စု ဥက္ကဌ ရုံးခန်းတွင် မိုက်ကယ်သည် စားပွဲပေါ်ရှိ အလုပ်ထွက်စာများကို ကြည့်ပြီး မျက်နှာ ပြာနှမ်းနေသည်။

ခဏကြာတော့ သူ လူ့စွမ်းအား အရင်းအမြစ် ဌာနကို ဖုန်းဆက်ပြီး မန်နေဂျာကို လာခိုင်းလိုက်သည်။

မကြာမီ လူ့စွမ်းအား အရင်းအမြစ် မန်နေဂျာ ရောက်လာသည်။ ဥက္ကဌ ရုံးခန်းထဲ ဝင်လိုက်သည်နှင့် စားပွဲပေါ်ရှိ အလုပ်ထွက်စာများကို မြင်လိုက်ရသဖြင့် မျက်နှာပေါ်တွင် ထိတ်လန့်သည့် အရိပ်အယောင်များ ပေါ်လာသည်။

"မစ္စတာ မိုက်ကယ်..." လူ့စွမ်းအား အရင်းအမြစ် မန်နေဂျာက သတိထားပြီး ခေါ်လိုက်သည်။

မိုက်ကယ်က ပြန်မထူးဘဲ စူးရှသော မျက်လုံးများဖြင့် သူ့ကို စိုက်ကြည့်နေသည်။ မျက်နှာထား မည်းမှောင်ပြီး ကြည့်ရဆိုးနေသည်၊ ဒေါသကို မြိုသိပ်ထားပုံရသည်။

ခဏအကြာတွင် မိုက်ကယ်က အလုပ်ထွက်စာများကို လက်ညှိုးထိုးပြပြီး ဒေါသတကြီး မေးလိုက်သည်။ "ဒါ ဘယ်လို ဖြစ်တာလဲ"

မန်နေဂျာက နဖူးမှ ချွေးစေးများကို သုတ်လိုက်ပြီး ထစ်ငေါ့စွာ ပြန်ဖြေလိုက်သည်။ "ကျွန်... ကျွန်တော်လည်း မသိပါဘူး"

"မင်း မသိဘူး ဟုတ်လား" မိုက်ကယ်က အေးစက်စွာ ပြန်မေးလိုက်သည်။ "မင်း ဘယ်လိုလုပ် မသိရတာလဲ။ မင်းက လူ့စွမ်းအား အရင်းအမြစ် ဌာန မန်နေဂျာ မဟုတ်ဘူးလား။ အခု ဝန်ထမ်းရေးရာမှာ ဒီလောက် ပြဿနာကြီး ဖြစ်နေတာ မင်း စုံစမ်းစစ်ဆေးဖို့ မလိုဘူးလား"

မန်နေဂျာက ပြောသည်။ "သူတို့ အတော်များများက အလုပ်ခန့်ထားမှု စာချုပ် သက်တမ်းကုန်တော့မှာ မို့လို့ပါ၊ တချို့လူတွေက အကြောင်းအမျိုးမျိုးကြောင့် အလုပ်ထွက်ချင်ကြတယ်၊ ဒါကြောင့် ကျွန်တော် ခွင့်ပြုပေးလိုက်ရတာပါ"

"ဪ... အလုပ်ခန့်ထားမှု စာချုပ် သက်တမ်းကုန်တော့မယ် ဟုတ်လား" မိုက်ကယ်က အေးစက်စွာ ပြောလိုက်သည်။ "ဒီလောက် မြန်မြန်လာတာ၊ သူတို့ ကုမ္ပဏီကို လျော်ကြေးပေးစရာ မလိုတော့ဘူးလား။ ပြီးတော့ ဒီလိုလို အကြောင်းပြချက်တွေနဲ့ အလုပ်ထွက်တဲ့ လူတွေကော၊ ကုမ္ပဏီကို လျော်ကြေးပေးစရာ မလိုတော့ဘူးလား"

"ပြီးတော့ ဘာလို့ ဒီရက်ပိုင်းအတွင်း အလုပ်ထွက်စာ တင်တဲ့လူတွေ ဒီလောက် များနေရတာလဲ"

မိုက်ကယ်ရဲ့ မေးခွန်းကို ကြားတော့ မန်နေဂျာ စိတ်ထဲမှာ ရေရွတ်လိုက်မိတယ်။ "ဘာဖြစ်ရမှာလဲ။ အခုတလော ကုမ္ပဏီ စွမ်းဆောင်ရည် အလျင်အမြန် ကျဆင်းနေတယ်၊ ကုမ္ပဏီ ဖွံ့ဖြိုးတိုးတက်မှု မကောင်းတော့ဘူး ဆိုတဲ့ ကောလဟာလတွေ ထွက်နေလို့လေ။ ပြီးတော့ Headhunter ကုမ္ပဏီတွေ အများကြီးက ဆက်တိုက်ရောက်လာကြတော့ လူအများစုရဲ့ စိတ်တွေ ပြောင်းလဲလာပြီး အလုပ်ပြောင်းချင်လာကြတာ၊ ခံစားခွင့် ပိုကောင်းတဲ့ ကုမ္ပဏီကို သွားချင်ကြတာ။ ဒါကြောင့် ကျွန်တော့်ကို အပြစ်တင်လို့ ရမလား။ ကျွန်တော်က လူ့စွမ်းအား အရင်းအမြစ် ခွဲဝေမှုကိုပဲ တာဝန်ယူရတာ၊ ကုမ္ပဏီစီးပွားရေးနဲ့ ကုမ္ပဏီခံစားခွင့်တွေကို ကျွန်တော်က ဆုံးဖြတ်လို့ရတာမှ မဟုတ်တာ"

ဟုတ်ပါတယ်... မန်နေဂျာက ဒီစကားတွေကို တိုက်ရိုက် ထုတ်ပြောလို့ မရပါဘူး။

သူ စဉ်းစားပြီး ပြောလိုက်သည်။ "မစ္စတာ မိုက်ကယ်... အခုတလော Headhunter ကုမ္ပဏီ အများကြီး ပေါ်လာပြီး ကျွန်တော်တို့ ကုမ္ပဏီကို ပစ်မှတ်ထား လူလာဆွဲနေကြတယ်။ ခန့်မှန်းရတာ ဒီလူတွေက သူတို့ရဲ့ ပိုကောင်းပြီး ဆွဲဆောင်မှုရှိတဲ့ အခြေအနေတွေကြောင့် ဆွဲဆောင်ခံလိုက်ရတာ နေမှာပါ"

"ဪ... ဆိုတော့ မင်း ဆိုလိုတာက ကုမ္ပဏီ လစာနဲ့ ခံစားခွင့် မကောင်းလို့ ဒီလူတော်တွေက နောက်လမ်း ရှာတွေ့ပြီးမှ တိုက်ရိုက် အလုပ်ထွက်ကြတာပေါ့" မိုက်ကယ်က အလွန် ထက်ရှစွာ မေးလိုက်သည်။

မန်နေဂျာ တိတ်ဆိတ်သွားပြီး ဘယ်လို ဖြေရမလဲ မသိ ဖြစ်နေသည်။

ဘာပဲပြောပြော လူဆိုတာ အမြင့်ကိုပဲ တက်ချင်ကြတာလေ။

သူတို့ တခြားကုမ္ပဏီသွားရင် လစာ၊ ခံစားခွင့် အခြေအနေအမျိုးမျိုးက လက်ရှိကုမ္ပဏီထက် ပိုကောင်းနေရင် စိတ်လှုပ်ရှားမိမှာ သေချာတယ်။

တကယ်လို့ သူ့ကို တစ်ယောက်ယောက်က၊ ဒါမှမဟုတ် ကုမ္ပဏီတစ်ခုခုက ပိုပြီး ဆွဲဆောင်မှုရှိတဲ့ အခြေအနေပေးမယ်ဆိုရင် သူလည်း အလုပ်ပြောင်းဖို့ ရွေးချယ်မိမှာပဲ။

ဒါပေမဲ့ ဘာဖြစ်လို့လဲ မသိဘူး၊ Headhunter ကုမ္ပဏီ တစ်ခုမှ သူ့ကို လာမရှာကြဘူး။

တိတ်ဆိတ်နေသော လူ့စွမ်းအား အရင်းအမြစ် မန်နေဂျာကို ကြည့်ပြီး မိုက်ကယ် မျက်နှာ ပိုမည်းမှောင်လာသည်။

သူ ထပ်မေးလိုက်သည်။ "အခုတလော ဘာလို့ Headhunter ကုမ္ပဏီတွေ အများကြီး ငါတို့ ကုမ္ပဏီကို ရုတ်တရက် လာပြီး လူဆွဲနေကြတာလဲ"

Headhunter ကုမ္ပဏီတွေက ကောင်းတဲ့အကောင်တွေ မဟုတ်ဘူး၊ အခွင့်ကောင်းစောင့်ပြီး ဝင်ရောက်တတ်ကြတယ်၊ ကုမ္ပဏီ မတည်ငြိမ်စေတဲ့ အကြောင်းရင်းတစ်ခုပဲ။

လူ့စွမ်းအားအရင်းအမြစ် မန်နေဂျာ စဉ်းစားပြီး ပြောလိုက်သည်။ "အပြင်မှာ ကောလဟာလတွေ ထွက်နေလို့ ဖြစ်လောက်တယ်၊ ကျွန်တော်တို့ ဟွမ်လင်းအုပ်စုက စီးပွားရေးမှာ ပြိုင်ဘက်ကောင်းနဲ့ တွေ့နေရတယ်၊ ရုံးခွဲအသီးသီးက စီးပွားရေး အများကြီး အလုခံလိုက်ရတယ်၊ ဒါကြောင့် ကျွန်တော်တို့ ဟွမ်လင်းအုပ်စုက မကြာခင် မဟန်တော့ဘူးလို့ ပြောနေကြတယ်"

တကယ်တော့ ကုမ္ပဏီအတွင်းလူဆိုရင် ဒါ ကောလဟာလ မဟုတ်ဘဲ အမှန်တရားဆိုတာ သိကြပါတယ်။

အထက်လူကြီးတွေရဲ့ မျက်နှာထား ပိုပို လေးနက်လာတာ၊ ကြည့်ရဆိုးလာတာတွေက ရုံးခွဲအသီးသီးက စီးပွားရေး အကြီးကြီးတွေ အလုခံလိုက်ရလို့ ဆိုတာ သူတို့ အမှန်တကယ် ခံစားမိနေတယ်။

ပြီးတော့ လွန်ခဲ့တဲ့ ကာလက အလုပ်ထွက်သွားတဲ့ အထက်တန်း စီမံခန့်ခွဲသူ ထူးချွန် လူတော် တချို့က ကုမ္ပဏီ အတွင်းရေးကို သိလို့ ဟွမ်လင်းအုပ်စုမှာ ဆက်နေရင် ထိခိုက်နစ်နာမှု ရှိနိုင်တယ်လို့ ထင်ပြီး တခြား အလုပ်အကိုင် ကောင်းကောင်း ရှာပြီး ထွက်သွားကြတာ။

ဟုတ်ပါတယ်... အဲဒီ အထက်တန်း စီမံခန့်ခွဲသူ ထူးချွန် လူတော်တွေ ထွက်ခွာသွားတာနဲ့ ပတ်သက်ပြီး ကောလဟာလ အမျိုးမျိုး ရှိနေတယ်၊ အဲဒီလူတွေရဲ့ သူငယ်ချင်းကောင်းတွေတောင် သူတို့ ဘာလို့ ရုတ်တရက် အလုပ်ထွက်သွားလဲ ဆိုတာ မသိကြဘူး။

"ခွေးကောင်တွေ" မန်နေဂျာရဲ့ အစီရင်ခံစာကို ကြားတော့ မိုက်ကယ် ချက်ချင်း ဒေါသထွက်သွားတယ်။ "ဒါ ဘယ်ကလာတဲ့ ကောလဟာလတွေလဲ၊ ငါတို့ ကုမ္ပဏီကို သိက္ခာချနေတာ။ သွားစုံစမ်းစမ်း၊ ဒါ ဘယ်သူ ဖြန့်တာလဲ ဆိုတာ၊ စုံစမ်းလို့ရရင် ငါ ဥပဒေအရ အရေးယူမယ်"

အခုကြည့်ရင် ကောလဟာလ ဖြစ်ကောင်း ဖြစ်နိုင်ပေမဲ့ မကြာခင်မှာ အမှန်တရား ဖြစ်လာနိုင်တယ်။

ဒါပေမဲ့ အခု မိုက်ကယ်နဲ့ လူတိုင်းက ဒီအမှန်တရားကို ဝန်မခံချင်ကြဘူး။

***

All Chapters