အခန်း (၉၆၃-၉၆၄)
Vol. 59 Ch. 963-964
အခန်း ၉၆၃ ။ အန်းရှောင်ဟွေ၏ မင်္ဂလာပွဲ (အပိုင်း ၁)
ဘရူးစ်က ဂေါ်ပြားတစ်လက်ကိုင်ပြီး ဟွမ်လင်းအုပ်စုရဲ့ နံရံထောင့်ကို တူးဆွနေစဉ်၊ ဟွမ်လင်းအုပ်စု ဥက္ကဌ မိုက်ကယ်က ကုမ္ပဏီအတွင်းမှ ထူးချွန် ဝန်ထမ်းများ ထွက်ခွာသွားမှုကြောင့် ခေါင်းကိုက်နေစဉ်မှာပင် အန်းရှောင်ဟွေနှင့် ရှောင်ဝမ်တို့၏ မင်္ဂလာပွဲကိစ္စကို အတည်ပြုလိုက်ကြပြီ ဖြစ်သည်။
အန်းရှောင်ဟွေသည် ကုမ္ပဏီ အလုပ်တာဝန်များကို လွှဲပြောင်းပေးအပ်ခဲ့ပြီး ရှောင်လင်းယွီထံမှ မင်္ဂလာဆောင် ခွင့်ရက် ၁၅ ရက် ခွင့်ပြုချက်ရရှိပြီးနောက် သတို့သမီးလောင်းအဖြစ် ပျော်ရွှင်စွာ ပြင်ဆင်နေပြီဖြစ်သည်။
အရင်တုန်းက မိဘတွေရဲ့ ယောက်ျားလေး ဦးစားပေးတဲ့ စိတ်ဓာတ်ကြောင့် သူမကို လက်ခံနိုင်မယ့် ယောက်ျားမျိုး ရှာတွေ့နိုင်ပါ့မလားလို့ စိုးရိမ်ခဲ့ဖူးတယ်။
ဒါပေမဲ့ သူမ ကံကောင်းလွန်းလို့ ရှောင်ဝမ်လို ရိုးသားဖြောင့်မတ်ပြီး သဘောထားကြီးတဲ့ ယောက်ျားမျိုးနဲ့ တွေ့ဆုံခဲ့ရတယ်။
တကယ်တော့ ပထမဆုံး မြင်တွေ့ကတည်းက ရှောင်ဝမ်ရဲ့ ယောက်ျားပီသမှုကြောင့် သူမ စိတ်ဝင်စားခဲ့တာ။ ဘာပဲပြောပြော စစ်သားဟောင်း တစ်ယောက်မို့လို့ သူ့ရဲ့ အရှိန်အဝါက မတူဘူး၊ မိန်းမတွေကို လုံခြုံမှုပေးနိုင်တယ်။ ဒါကြောင့် သူမက အကြောင်းပြချက်အမျိုးမျိုးရှာပြီး ရှောင်ဝမ်နဲ့ ရင်းနှီးအောင် ကြိုးစားခဲ့တာ။ ဒါပေမဲ့ ရှောင်ဝမ်က ထုံထိုင်းလွန်းလို့ အစပိုင်းတုန်းက သူမ ရည်ရွယ်ချက်ကို မသိခဲ့ဘူး။
ဒါပေမဲ့ ရှောင်ဝမ်က သူမကို စိတ်ဝင်စားလာတဲ့ အချိန်ကျတော့ သူမက သူရဲဘောကြောင်သွားပြန်ရော။ သူမ မိသားစု အခြေအနေကြောင့် ရှောင်ဝမ်က သူမကို အထင်သေးသွားမလား၊ ဒါမှမဟုတ် ကြောက်လန့်ပြီး ထွက်ပြေးသွားမလားဆိုပြီး စိုးရိမ်ခဲ့တာ။
ရှောင်မိသားစုနဲ့ အဘိုးကုန်းကို သူမ တကယ် ကျေးဇူးတင်ပါတယ်။ သူတို့က အမြဲ တွန်းအားပေးပြီး အားပေးခဲ့လို့ သူမ နောက်မဆုတ်ခဲ့တာ၊ နောက်ဆုံးမှာ ရှောင်ဝမ်နဲ့ ချစ်သူအဆင့် ရောက်သွားတာ။
အခု သူမက အပျော်ရွှင်ဆုံး လူသားလို့ ခံစားနေရတယ်။
မိဘတွေရဲ့ ဆယ်စုနှစ်ချီ ကြာမြင့်ခဲ့တဲ့ ယောက်ျားလေး ဦးစားပေးတဲ့ အတွေးအခေါ်တွေ အကြီးအကျယ် ပြောင်းလဲသွားပြီး၊ အရင်တုန်းက မျက်လုံးထဲ မထည့်ခဲ့တဲ့၊ ရင်ထဲ မထည့်ခဲ့တဲ့ သမီးဖြစ်သူကို အခု ဂရုစိုက်လာကြပြီ၊ ချစ်ခင်လာကြပြီ။
ဒီရက်ပိုင်းအတွင်း သူတို့က နှစ်ပေါင်း ၂၀ ကျော် ပျောက်ဆုံးနေခဲ့တဲ့ မိဘမေတ္တာတွေကို သူမအပေါ် ပြန်လည် ပုံအောပေးနေသလိုပဲ၊ သူမအတွက်တော့ နာကျင်ရသလို ပျော်ရွှင်ရတဲ့ ခံစားချက်မျိုးပါပဲ။
မိဘများနှင့် ရှောင်ဝမ်တို့သည် ဦးလေးအန်းကို ကတိပေးခဲ့သည့်အတိုင်း မင်္ဂလာဆောင်ရက်ကို အမြန်ဆုံး သတ်မှတ်လိုက်ကြသည်။
ဦးလေးအန်းတို့က ဇာတိရွာ အန်းမိသားစုရွာမှာ ကောလဟာလတွေ လွှင့်နေကြတယ်လေ။ အန်းရှောင်ဟွေက တက္ကသိုလ် ဘွဲ့ရတာ ဘာမှ အသုံးမဝင်ဘူးတဲ့၊ မြို့ကြီးမှာ အလုပ်ကောင်းကောင်း မရှာနိုင်လို့ ဟိုတယ်ကြီးတွေမှာပဲ အလုပ်သွားလုပ်ရတယ်တဲ့၊ ဟိုတယ်မှာ အလုပ်လုပ်ရတာက အဝတ်အစားတွေ ဖော်ဖော်ရော်ရော် ဝတ်ပြီး ဗိုက်ပူပူ သူဌေးကြီးတွေကို ဧည့်ခံရတာတဲ့... ကျွတ် ကျွတ်...
ကျေးလက်ဒေသက လူတွေအတွက်ကတော့ ယောကျ်ားလေးတွေ ဟိုတယ်မှာ အလုပ်လုပ်တာ လက်ခံနိုင်ပေမဲ့ မိန်းကလေးတွေ ဟိုတယ်ကြီးတွေမှာ အလုပ်လုပ်တာက မကောင်းတဲ့ အလုပ်လို့ ထင်ကြတယ်။ ဟိုတယ်မှာ လူကောင်းသူကောင်း တွေ့ရခဲတယ်၊ သူဌေးတွေ ပျော်ပါးတဲ့ နေရာပဲလို့ ထင်ကြတာ။
နောက်တော့ သူတို့က ပြောကြသေးတယ်၊ အန်းယန် မိန်းမယူဖို့ သူတို့ မိသားစုက တစ်ပြားမှ မထုတ်ပေးတဲ့အပြင် သွားတွေ့တော့ မောင်းထုတ်ခံလိုက်ရတယ်တဲ့။
ဦးလေးအန်းက ရွာထဲမှာ လိုက်ပြောသေးတယ်၊ အရင်တုန်းက အစ်ကိုကြီး၊ မရီးတို့မှာ သားမရှိလို့ သနားပြီး သူ့ရဲ့ တစ်ဦးတည်းသော သားကို သူတို့သေရင် အိုးခွဲခိုင်းမလို့ လုပ်ထားတာ၊ မထင်မှတ်ထားတာက သူတို့က မျက်နှာပြောင်တိုက်ပြီး ငြင်းပယ်လိုက်ကြတယ်တဲ့။ အခု အန်းယန်ကို အိုးမခွဲခိုင်းတော့ဘဲ သူတို့သမီးကို သားမက်အိမ်ခေါ်တင်ခိုင်းမလို့တဲ့။
အတိုချုပ် ပြောရရင် သူတို့က အန်းရှောင်ဟွေတို့မိသားစုကို လုပ်ကြံဖန်တီးပြောဆိုနေကြတာ၊ ပြောဆိုတာတွေကလည်း အရမ်းရိုင်းစိုင်းလွန်းလို့ ရွာထဲက လူတွေရဲ့ ပြစ်တင်ဝေဖန်မှုကို ခံနေရတယ်။
အထူးသဖြင့် အန်းမိသားစုရွာလို ဝေးလံခေါင်သီပြီး ခေတ်နောက်ကျတဲ့ ရွာမှာ ရှေးရိုးစွဲ အယူအဆတွေ ပြင်းထန်တယ်၊ ယောက်ျားလေး ဦးစားပေးတဲ့ စိတ်ဓာတ်တွေ ပိုပြင်းထန်တယ်၊ ဘယ်သူက အိုးခွဲပေးမလဲဆိုတဲ့ကိစ္စကို ပိုအလေးထားကြတယ်။ ပုံမှန်အားဖြင့် အိုးခွဲပေးမယ့်သူက ကိုယ့်သားသမီးမြေးမြစ်ပဲဖြစ်ရမယ်၊ သားမရှိရင် ညီအစ်ကို မောင်နှမတွေရဲ့ သားသမီးမြေးမြစ်တွေကို ရွေးချယ်ကြတယ်။
ဒါပေမဲ့ သမီးမိန်းကလေးအတွက် သားမက်အိမ်ခေါ်တင်တာကို ရွေးချယ်တဲ့သူ ရှားပါးတယ်။ အဲဒီလို လုပ်ရင် အဲဒီမိသားစုကို လူတွေ အထင်သေးကြတယ်၊ ဆွေမျိုးသားချင်းတွေရဲ့ မြေးကို အိုးခွဲခိုင်းတာထက် ပိုအထင်သေးကြတယ်။ ဒါကြောင့် မျက်နှာမပျက်ရအောင် ရွာထဲမှာ သားမက် အိမ်ခေါ်တင်တဲ့သူ မရှိသလောက်ပါပဲ။
ဒါကြောင့် အန်းရှောင်ဟွေ မိဘတွေက တူကို အိုးမခွဲခိုင်းတော့ဘဲ သားမက်အိမ်ခေါ်တင်မယ်လို့ ကြားလိုက်ရတော့ ရွာသားတွေက နှာခေါင်းရှုံ့ကြတယ်၊ အသက်ကြီးမှ မိုက်မဲပြီး အရှက်ကွဲမယ့် အလုပ်တွေ လုပ်နေကြတယ်လို့ ထင်ကြတယ်။
ဒါကြောင့် ဦးလေးအန်း ရွာပြန်ရောက်ပြီး အန်းရှောင်ဟွေတို့မိသားစုအကြောင်း ကောလဟာလတွေ လွှင့်နေတာကို အဖေအန်း၊ အမေအန်းတို့နဲ့ ရင်းနှီးတဲ့သူတွေက ဖုန်းဆက်ပြောပြတော့ အဖေအန်း၊ အမေအန်းတို့ ဒေါသထွက်လွန်းလို့ ချက်ချင်း ပြန်သွားပြီး ဦးလေးအန်းကို ထိုးကြိတ်ပစ်ချင်စိတ် ပေါက်သွားတယ်။
အရင်တုန်းက သူတို့ အန်းယန်ကို ကျွေးမွေးပြုစုခဲ့တယ်၊ ညီလေး မိသားစုကို အလိုလိုက်ခဲ့တယ်၊ သူတို့ အလိုလိုက်လွန်းလို့ လောဘကြီးလာမယ်၊ အဖြူအမည်း ပြောင်းပြန်လှန် ပြောဆိုမယ်လို့ ဘယ်ထင်ထားမလဲ။ တကယ် ဒေါသထွက်စရာကောင်းလိုက်တာ။
ကောင်းပြီလေ... မင်းတို့က ငါ့သမီး သားမက်အိမ်ခေါ်တင်မယ်လို့ ပြောနေကြတယ် မဟုတ်လား။ ဒါဆို ငါ့သမီးကို ဂုဏ်ရှိရှိ ထည့်ပေးလိုက်မယ်၊ မွေးလာတဲ့ သားကို အန်းမျိုးရိုးပေးလိုက်မယ်၊ မင်းတို့ ဘယ်လို လုပ်ကြံဖန်တီး ပြောဆိုဦးမလဲ၊ ဘယ်လို လှောင်ပြောင်ဦးမလဲ ကြည့်ကြတာပေါ့။
ပြီးတော့ ငါ့သမီးက အရမ်းထူးချွန်တယ်၊ ကုမ္ပဏီကြီးမှာ အလုပ်ရထားတယ်၊ တစ်နှစ် လစာ ယွမ် နှစ်သန်း ရတယ်၊ မင်းတို့ကို အားကျသေစေမယ်။
ဒါကြောင့် အဖေအန်း၊ အမေအန်းတို့ စိတ်ငြိမ်သွားတာနဲ့ ရှောင်ဝမ်၊ ရှောင်ဝမ် မိသားစုနဲ့ အဝေးကနေ မင်္ဂလာကိစ္စ ဆွေးနွေးတော့တာပဲ။
သူတို့ မင်္ဂလာဆောင်တဲ့ နေ့ကျရင် ကောင်းကောင်း ကြွားဝါပစ်လိုက်မယ်၊ အန်းမိသားစုရွာက လူတွေကို သိစေရမယ်၊ သူတို့က သမီးမိန်းကလေး တစ်ယောက်တည်း မွေးထားပေမဲ့ ဒီသမီးမိန်းကလေးက အန်းမိသားစုရွာက ယောက်ျားလေးတွေ အကုန်လုံးထက် ပိုထူးချွန်တယ်ဆိုတာကို။
အန်းမိသားစုရွာမှာ အထူးချွန်ဆုံး ယောက်ျားလေးက စက်ရုံမှာ ဌာနမှူး လုပ်နေတာပဲ ရှိသေးတယ်၊ တစ်လ လစာ တစ်သောင်းကျော်ပဲရတာ။ သူတို့သမီးက တစ်နှစ် လစာ နှစ်သန်း ရတယ်၊ တွက်ကြည့်လိုက်ရင် တစ်လ ယွမ် တစ်သိန်းကျော်ရတာ။
ဟဟ... ငါ့သမီးကို ငါ ကြွားလို့ ရတာပေါ့။
ဒါက အဖေအန်း၊ အမေအန်းတို့ရဲ့ အတွေးပါပဲ။
ဝန်ခံရမှာက သူတို့ ထောင်ယွမ်ရွာမှာ နေတာ ခဏလေးပဲရှိသေးပေမဲ့ အတွေးအခေါ်တွေ အများကြီး ပြောင်းလဲသွားတယ်။
မိတ်ဆွေကောင်းနဲ့ ပေါင်းရင် ကောင်းတယ်၊ မိတ်ဆွေဆိုးနဲ့ ပေါင်းရင် ဆိုးတယ်ဆိုတဲ့ စကားပုံလိုပါပဲ။
အန်းမိသားစုရွာမှာနေတုန်းက လူတိုင်းက ယောက်ျားလေး ဦးစားပေးတဲ့ စိတ်ဓာတ်ရှိကြတယ်၊ အဲဒီ ပတ်ဝန်းကျင်မှာ နေထိုင်ရတဲ့ သူတို့လည်း သဘာဝကျကျပဲ ယောက်ျားလေး ဦးစားပေးတဲ့ စိတ်ဓာတ် ရှိလာကြတယ်၊ အထူးသဖြင့် ရှေးရိုးစွဲ အယူအဆတွေရဲ့ လွှမ်းမိုးမှုကြောင့် သေရင် အိုးခွဲပေးမယ့်သူရှိမှ စိတ်ချလက်ချ သေနိုင်မယ်၊ နောင်တမရဘူးလို့ ထင်ကြတယ်။
ဒါပေမဲ့ ထောင်ယွမ်ရွာ ရောက်လာတော့ ထောင်ယွမ်ရွာသားတွေ၊ ရှောင်မိသားစုရဲ့ လွှမ်းမိုးမှုကြောင့် ယောက်ျားလေး ဦးစားပေးတဲ့ စိတ်ဓာတ်တွေ တဖြည်းဖြည်း ပျောက်ကွယ်သွားတယ်၊ သဘာဝကျကျပဲ သူတို့ရဲ့ တစ်ဦးတည်းသော သမီး အန်းရှောင်ဟွေကို အလေးထားလာကြတယ်၊ အထူးသဖြင့် သမီးဖြစ်သူက ထူးချွန်တယ်၊ မိဘတွေက ထောင်ယွမ်ရွာမှာ လေးစားမှု ခံရတယ် ဆိုတော့ ဂုဏ်ယူစရာ ကောင်းတာပေါ့။
ဒါပေမဲ့ သေရင် အိုးခွဲပေးမယ့်သူ လိုအပ်တယ်ဆိုတဲ့ ကိစ္စကိုတော့ အလေးထားပြီး စွဲလမ်းနေတုန်းပါပဲ။
ဒါကြောင့် ရှောင်လင်းယွီရဲ့ အကြံပေးမှုကြောင့် နှစ်ဦးနှစ်ဖက် အဆင်ပြေမယ့် နည်းလမ်းကို တွေးမိသွားတာ။
တကယ်တော့ ဒီနည်းလမ်းက မြို့ကြီးပြကြီးတွေမှာတော့ အများကြီး တွေ့ရပါတယ်။
ဥပမာ - တစ်ဦးတည်းသော သားသမီးတွေ လက်ထပ်ပြီး ကလေးနှစ်ယောက်မွေးရင် တစ်ယောက်က မိခင်မျိုးရိုး ယူတယ်၊ တစ်ယောက်က ဖခင်မျိုးရိုးယူတယ်၊ ဒါက မြို့ကြီးပြကြီးတွေမှာ သာမန် ဖြစ်ရိုးဖြစ်စဉ်တစ်ခုလို ဖြစ်နေပါပြီ။
ဒါပေမဲ့ ကျေးလက်ဒေသက လူတွေအတွက်တော့ နားလည်ဖို့ ခက်ခဲနေတယ်။ ဒါကြောင့် အဖေအန်း၊ အမေအန်းတို့က သမီးကို ထည့်ပေးလိုက်ပေမဲ့ ကလေးက အန်းမျိုးရိုး ယူလို့ရတယ်ဆိုတာ သိလိုက်ရတော့ ဝမ်းသာလွန်းလို့ ငိုတောင် ငိုမိကြတယ်။
ဘာပဲပြောပြော သူတို့ တစ်သက်လုံး အန်းရှောင်ဟွေဆိုတဲ့ သမီးတစ်ယောက်တည်းရှိခဲ့တာ၊ ရွာမှာ အမြဲ အထင်သေးခံရတယ်၊ နောက်ပိုင်း မြို့နယ်ပြောင်းနေတော့လည်း ဆွေမျိုးမိတ်ဆွေတွေရဲ့ အထင်သေးတာ ခံခဲ့ရတယ်။
အခု ဒီနည်းလမ်းက သူတို့ကို စိတ်သက်သာရာ ရစေသလို ဂုဏ်တက်စေတဲ့ ခံစားချက်မျိုး ပေးစွမ်းတယ်။
ကုမ္ပဏီက တိုးချဲ့နေတဲ့အချိန် အဖေအန်း၊ အမေအန်းတို့ကလည်း မြန်မြန် မင်္ဂလာဆောင်စေချင်တဲ့ အချိန် ဆိုတော့ သဘာဝကျကျပဲ ရှောင်လင်းယွီက အန်းရှောင်ဟွေကို ခွင့်ရက် ၁၅ ရက်ပဲ ပေးနိုင်တယ်။
ဒီ ၁၅ ရက်အတွင်း သူတို့က မင်္ဂလာဆောင် နှစ်ပွဲ လုပ်ရမယ်၊ ဒီမင်္ဂလာဆောင် နှစ်ပွဲက တောင်နဲ့မြောက်လို ဝေးကွာနေတာ ဆိုတော့ သဘာဝကျကျပဲ အချိန်က နည်းနည်း ကျပ်တည်းနေတယ်။
အဖေအန်း၊ အမေအန်းတို့က မင်္ဂလာဆောင်ရက် သတ်မှတ်ပြီးတာနဲ့ ဇာတိကို ကြိုပြန်သွားကြတယ်။ အန်းရှောင်ဟွေက မင်္ဂလာဆောင် ပြင်ဆင်ဖို့ ယွမ် ၃ သိန်း ပေးလိုက်တယ်၊ ရှောင်ဝမ်ကလည်း ယွမ် ၃ သိန်း ပေးလိုက်တယ်။
ဂုဏ်ရှိရှိထွက်ချင်ရင် သေချာပေါက် ပိုက်ဆံလိုတာပေါ့။
ပိုက်ဆံရှိမှ ခမ်းနားထည်ဝါတဲ့ မင်္ဂလာဆောင်ကို ပြင်ဆင်နိုင်မှာ။
အဖေအန်း၊ အမေအန်းတို့က အစတုန်းက ဒီပိုက်ဆံတွေကို ငြင်းပယ်ခဲ့ပေမဲ့ ကြွားဝါချင်လို့၊ ဂုဏ်တက်ချင်လို့ ဆိုတော့ သူတို့လက်ထဲက ပိုက်ဆံ နည်းနည်းလေးနဲ့ ဘယ်လိုမှ ဂုဏ်ရှိရှိ မင်္ဂလာဆောင်နိုင်မှာ မဟုတ်ဘူး။
ဒါကြောင့် သူတို့ ဒီပိုက်ဆံတွေကို လက်ခံလိုက်ပြီး ခန်းဝင်လက်ဖွဲ့ (ဖခင်ဘက်မှ ပေးသော လက်ဖွဲ့) အနေနဲ့ အန်းရှောင်ဟွေကို ပြန်ပေးလိုက်ဖို့ စီစဉ်ထားတယ်။
အန်းရှောင်ဟွေက ထွက်သွားမှာဆိုတော့ ရှောင်ဝမ်က အန်းမိသားစုရွာရဲ့ မင်္ဂလာဆောင် ဓလေ့ထုံးစံအတိုင်း အန်းရှောင်ဟွေကို လက်ထပ်ယူရမှာပေါ့။
အန်းရှောင်ဟွေတို့အိမ်ရဲ့ မင်္ဂလာဆောင် ဓလေ့ထုံးစံက အဓိကတင်တောင်းငွေပါပဲ။
ရှောင်ဝမ်က ဒီနှစ်တွေအတွင်း အဘိုးကုန်းဘေးနားနေခဲ့ရလို့ လစာနဲ့ ခံစားခွင့်တွေ ရထားတယ်၊ ပြီးတော့ ပုံမှန်ဆို ဘာမှ မသုံးရတော့ သူ့စုဆောင်းငွေက ယွမ် ၁ သန်း၊ ၂ သန်းလောက် ရှိနေပြီ။
တင်တောင်းငွေကို ရှောင်ဝမ်က ၉၉၉၉၉၉ ယွမ် တိုက်ရိုက်ပေးလိုက်တယ်၊ အဓိပ္ပာယ်ကတော့ ထာဝရ တည်မြဲပါစေဆိုတဲ့ သဘောပေါ့။
ဒီလောက်များတဲ့ တင်တောင်းငွေက အဖေအန်း၊ အမေအန်းတို့ကို ပျော်ရွှင်စေတယ်။
ဒီတင်တောင်းငွေတွေ ပေါင်းလိုက်ရင် သူတို့ အန်းမိသားစုရွာက မိန်းကလေးတွေ အကုန်လုံးကို တောင်းရမ်းလို့ရတယ်။
ဒါက ရှောင်ဝမ် သူတို့သမီးကို တကယ်ချစ်ကြောင်း ပြသနေတာပဲ။
သူ သိသလောက်ဆိုရင် အန်းမိသားစုရွာမှာ အခုလက်ရှိ သမီးမိန်းကလေး ထည့်ပေးလို့ရတဲ့ အများဆုံး တင်တောင်းငွေက ၈ သောင်း ၈ ထောင်ပဲ ရှိသေးတယ်။ အဲဒီ ၈ သောင်း ၈ ထောင်နဲ့တင် အဲဒီမိန်းကလေး မိဘတွေက ပျော်လွန်းလို့ ပါးစပ်စေ့မရဖြစ်နေပြီး ရွာထဲမှာ လိုက်ကြွားနေတာ၊ သူတို့သမီးက တန်ဖိုးရှိတယ်၊ သမီးရဲ့ တင်တောင်းငွေရရင် သူတို့သား မိန်းမယူဖို့ ပိုက်ဆံမပူရတော့ဘူးတဲ့။
ဟဟ... အခု သူ့သမီးကို ယောကျ်ားလေးဘက်က တင်တောင်းငွေ ၉၉၉၉၉၉ ယွမ် တိုက်ရိုက် ပေးလိုက်တာ၊ ၁ ယွမ်ပဲ လိုတော့တယ်၊ ယွမ် ၁ သန်း ပြည့်ဖို့။ ဒါက သူ အကြာကြီး ကြွားဝါလို့ရတယ်။
ဟုတ်ပါတယ်... သူတို့ အခု သဘောပေါက်သွားပြီ၊ ဒီ ယွမ် ၁ သန်း တင်တောင်းငွေကို မက်မောနေမှာ မဟုတ်ဘူး။
သူတို့ ရည်ရွယ်ထားတာက မင်္ဂလာဆောင်တဲ့ နေ့ကျရင် ဒီတင်တောင်းငွေနဲ့ သူတို့ အရင်ပေးထားတဲ့ ပိုက်ဆံတွေကို ခန်းဝင်လက်ဖွဲ့ (ဖခင်ဘက်မှ ပေးသော လက်ဖွဲ့) အနေနဲ့ သမီးမောင်နှံဆီ ပြန်ပေးလိုက်မယ်။
ဘာပဲပြောပြော နောက်ပိုင်း သူတို့ အတူတူနေကြမှာပဲလေ၊ ပြီးတော့ သူတို့ အိုစာမင်းစာ စားဖို့အတွက် သမီးမောင်နှံကို အားကိုးရဦးမှာ။
***
စိုက်ပျိုးရေးနေရာလွတ်က ငါ့ကိုချမ်းသာလာစေတယ်
အခန်း ၉၆၄ ။ အတင်းအဖျင်းများ
အန်းမိသားစုရွာသည် တည်နေရာ ဝေးလံခေါင်သီပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲသော တောင်ကြားထဲမှ ဆင်းရဲသော ရွာငယ်လေးတစ်ရွာဖြစ်သည်။
ဆင်းရဲလေ ပိုပိတ်လှောင်လေ၊ ပိုခေတ်နောက်ကျလေ ဖြစ်ပြီး အထူးသဖြင့် အတွေးအခေါ် ခေတ်နောက်ကျကာ ယောက်ျားလေး ဦးစားပေးမှု ပိုမိုပြင်းထန်သည်။
အန်းရှောင်ဟွေသည် ဤကဲ့သို့ နေရာမျိုးတွင် မွေးဖွားလာခဲ့သည်။
ဒီတောင်ကြားထဲမှာ မိန်းကလေးတွေ ကျောင်းတက်ခွင့် မရကြပါဘူး။
ကိုးတန်းအထိ မဖြစ်မနေ ပညာသင်ကြားရေးစနစ် မရှိခင်တုန်းက ဒီကမိန်းကလေးတွေက စာလုံးကြီး တစ်လုံးမှ မတတ်ကြဘူး၊ ကျောင်းတက်ခွင့်ရတာက အိမ်က မျှော်လင့်ချက် ထားတဲ့ ယောက်ျားလေးတွေပဲ။
နောက်ပိုင်း ကိုးတန်းအထိ မဖြစ်မနေ ပညာသင်ကြားရမယ်ဆိုတော့ ရွာသားတွေ မကျေမနပ် ဖြစ်ကြတယ်။
ဘာလို့လဲဆိုတော့ မိန်းကလေးတွေ ကျောင်းတက်သွားရင် အိမ်မှာ အလုပ်လုပ်မယ့်လူ လျော့သွားမယ်၊ ပြီးတော့ ကျောင်းတက်တာက အိမ်က ပိုက်ဆံကုန်တယ်။ အိမ်မှာ ကျောင်းတက်ရမယ့် သားယောကျ်ားလေးရှိရင် အိမ်ရဲ့ ဝန်ထုပ်ဝန်ပိုးက ချက်ချင်း လေးလံသွားတယ်။
ဒါကြောင့် ရွာသားအများစုက မိန်းကလေးတွေကို ကျောင်းမထားချင်ကြဘူး။ နောက်ပိုင်း အစိုးရ ဌာနတွေက အကြိမ်ကြိမ်နားချလို့ မရတော့ ဒဏ်ငွေ ရိုက်ရုံတင်မကဘူး၊ စံပြတစ်ယောက်ကို ဖမ်းပြီး အချုပ်ထဲ ရက်အနည်းငယ် ထည့်ထားလိုက်တော့မှ ရွာသားတွေ ကြောက်လန့်သွားပြီး မိန်းကလေးတွေကို ကျောင်းထားပေးကြတယ်။
ဒါပေမဲ့ ဒီမိန်းကလေးတွေက ကိုးတန်းအထိပဲ တက်ခွင့်ရတယ်။ ကိုးတန်း ပြီးသွားရင် စာဘယ်လောက်တော်တော် အိမ်က ဆက်မထားပေးတော့ဘူး။
သူတို့ရဲ့ အယူအဆထဲမှာ မိန်းကလေးတွေ စာဘယ်လောက်ဖတ်ဖတ် ယောကျ်ားဘက်က အိမ်အတွက် ဖတ်ပေးတာပဲ၊ သူတို့က ဒီအချိန်ကို အလကား မဖြုန်းချင်ဘူး။ ပြီးတော့ ဆက်တက်ရင် ပိုက်ဆံပိုကုန်ဦးမယ်။
ဒါကြောင့် ယေဘုယျအားဖြင့် အန်းမိသားစုရွာက မိန်းကလေးတွေ အလယ်တန်း တက်ပြီးရင် အသက်ငယ်တဲ့ ၁၃ နှစ်၊ ၁၄ နှစ် အရွယ်တွေက အိမ်မှာ ၂ နှစ်လောက် အလုပ်ကူလုပ်ကြတယ်၊ အသက်ကြီးတဲ့ ၁၅ နှစ်၊ ၁၆ နှစ် အရွယ်တွေကတော့ အိမ်က ယောက်ျားရှာပေးတော့တာပဲ၊ ပြီးတော့ စောစောစီးစီး အိမ်ထောင်ချပေးလိုက်တယ်။ လက်ထပ်စာချုပ် မယူနိုင်ရင် မင်္ဂလာဆောင် အရင် လုပ်လိုက်တယ်။ သူတို့ရဲ့ မင်္ဂလာကိစ္စတွေက ဒီလိုပဲ ပြီးသွားတာ။
အန်းမိသားစုရွာက ဒီလိုပဲ မသိနားမလည် မိုက်မဲကြတယ်။
အန်းရှောင်ဟွေက အန်းမိသားစုရွာရဲ့ တစ်ဦးတည်းသော ခြွင်းချက်လို့ ပြောလို့ရတယ်။
သူမက အလယ်တန်း ပြီးတာနဲ့ အထက်တန်း ဆက်တက်တယ်၊ တက္ကသိုလ် ဆက်တက်တယ်၊ အန်းမိသားစုရွာကနေ ပျံသန်းထွက်ခွာသွားတဲ့ ရွှေရောင်ဖီးနစ်ငှက်တစ်ကောင်ပဲ။
အဖေအန်း၊ အမေအန်းတို့ကလည်း ယောက်ျားလေး ဦးစားပေးတဲ့သူတွေပဲ၊ ဘာလို့ သူမ အထက်တန်း တက်ခွင့် ရခဲ့တာလဲ။
တကယ်တော့ ဒါတွေ အကုန်လုံးက အန်းရှောင်ဟွေ ကိုယ်တိုင်နဲ့ ဆရာမတွေ ကြိုးစားအားထုတ်မှုကြောင့် ရရှိခဲ့တာပါ။
အန်းရှောင်ဟွေက အလယ်တန်း အောင်စာမေးပွဲမှာ မြို့နယ်တစ်ခုလုံး ပထမ ရခဲ့တယ်၊ ခရိုင်တစ်ခုလုံးမှာတောင် တတိယရခဲ့တယ်။
အန်းရှောင်ဟွေက ကိုယ့်ရမှတ်ကို သိလိုက်ရတော့ မိဘတွေ၊ ဪ... မဟုတ်ဘူး... အန်းမိသားစုက သူမကို ကျောင်းဆက်တက်ခွင့် ပေးမှာ မဟုတ်ဘူး ဆိုတာ သိလို့ ဆရာ၊ ဆရာမတွေ၊ ကျောင်းအုပ်ကြီးဆီ တိုက်ရိုက်သွားပြီး မိဘတွေကို နားချပေးဖို့၊ သူမကို ကျောင်းဆက်တက်ခွင့်ပေးဖို့ တောင်းဆိုခဲ့တယ်။
အန်းရှောင်ဟွေရဲ့ မြို့နယ် ပထမ၊ ခရိုင် တတိယ ရမှတ်က ကျောင်းဂုဏ်ဆောင် ဖြစ်စေခဲ့တယ်။ ဆရာ၊ ဆရာမတွေ၊ ကျောင်းအုပ်ကြီးက အန်းရှောင်ဟွေရဲ့ အခြေအနေကို သိလိုက်ရတော့ အဖေအန်း၊ အမေအန်းတို့ကို အထက်တန်း ဆက်တက်ခွင့်ပေးဖို့ အစွမ်းကုန် နားချခဲ့ကြတယ်။
အဖေအန်း၊ အမေအန်းတို့က ကျောင်းအုပ်ကြီး၊ ဆရာမတွေရဲ့ နားချမှုကြောင့် သမီးကို ကျောင်းဆက်တက်ခိုင်းဖို့ ယိမ်းယိုင်နေပြီ။ ဒါပေမဲ့ အဲဒီတုန်းက အန်းရှောင်ဟွေရဲ့ အဘိုးအဘွားတွေ ရှိနေသေးတယ်၊ သူတို့က အန်းရှောင်ဟွေ ကျောင်းဆက်တက်ဖို့ လုံးဝ သဘောမတူဘူး၊ အန်းရှောင်ဟွေကို တိုက်ရိုက်အိမ်ထောင်ချပေးမယ်လို့တောင် ပြောခဲ့ကြတယ်။
အန်းရှောင်ဟွေ ဒေါသထွက်ပြီး စိတ်ပူသွားတယ်၊ သူမက မီးဖိုချောင်သုံးဓားကိုကိုင်ပြီး ကိုယ့်ကိုယ်ကိုယ် ချိန်ရွယ်ကာ ကျောင်းဆက်မတက်ရရင် သေလိုက်တော့မယ်၊ ဒီလို အသက်ရှင်ရတာ မျှော်လင့်ချက် မရှိဘူး ဆိုပြီး ပြောလိုက်တယ်။
အဘိုးအဘွားတွေက အန်းရှောင်ဟွေရဲ့ ရက်စက်တဲ့ လုပ်ရပ်ကြောင့် လန့်သွားကြတယ်၊ အန်းရှောင်ဟွေ ကျောင်းဆက်တက်ဖို့ သဘောတူလိုက်တယ်။ ဒါပေမဲ့ သူတို့က ပိုက်ဆံတစ်ပြားမှ မထုတ်ပေးဘူး၊ သားကြီးကိုလည်း သမီးကျောင်းတက်ဖို့ ပိုက်ဆံတစ်ပြားမှ မထုတ်ပေးရဘူးလို့ တားမြစ်ထားတယ်။
ဘာလို့လဲဆိုတော့ သားကြီးရဲ့ ပိုက်ဆံတွေက နောင်ကျရင် သူတို့ရဲ့ တစ်ဦးတည်းသော မြေး အန်းယန်အတွက် ချန်ထားရမှာလေ။
ဒီတောင်းဆိုချက်ကို ကြားတော့ ဆရာ၊ ဆရာမတွေ၊ ကျောင်းအုပ်ကြီး မျက်နှာ ပြာနှမ်းသွားတယ်။
နောက်ဆုံးမှာ ကျောင်းအုပ်ကြီးနဲ့ ဆရာမတွေက အန်းရှောင်ဟွေ ကျောင်းတက်ဖို့ သူတို့ ထောက်ပံ့ပေးမယ်လို့ ပြောလိုက်တယ်။
ဒီတစ်ခါတော့ အန်းရှောင်ဟွေ အဘိုးအဘွားတွေ ဆူညံမနေတော့ဘူး။
အန်းရှောင်ဟွေက နေရာမှာတင် ကျောင်းအုပ်ကြီး၊ ဆရာမတွေကို ဒူးထောက်ပြီး ဦးညွှတ်ကန်တော့လိုက်တယ်။ "ကျောင်းအုပ်ကြီး၊ ဆရာမလျို... ကျေးဇူးကြီးမားလှပါတယ်၊ ကျွန်မ ဘယ်တော့မှ မမေ့ပါဘူး။ နောက်ကျ ကျွန်မ အောင်မြင်လာရင် သေချာပေါက် ကျေးဇူးဆပ်ပါ့မယ်"
ကျောင်းအုပ်ကြီးက နေရာမှာတင် အန်းရှောင်ဟွေကို ဆွဲထူလိုက်ပြီး ပြောလိုက်သည်။ "အန်းရှောင်ဟွေ... မင်း နောက်ကျ အောင်မြင်လာရင် မိခင်ကျောင်းတော်ကြီးကို မမေ့ရင် ပြီးတာပါပဲ"
"မမေ့ပါဘူး ကျောင်းအုပ်ကြီး" အန်းရှောင်ဟွေ ရှိုက်ကြီးတငို ပြောလိုက်သည်။
နောက်ပိုင်း အန်းရှောင်ဟွေ အထက်တန်း တက်ခဲ့တယ်။
အထက်တန်း တက်ပြီးနောက် ကျောင်းက သူမအခြေအနေကို သိသွားတော့ သူမကို ပြောတယ်။ "မင်း စာမေးပွဲတိုင်း ပထမရရင် ငါတို့က မင်းရဲ့ ကျောင်းလခ၊ စာအုပ်ဖိုးတွေ ကင်းလွတ်ခွင့်ပေးမယ့်အပြင် ပညာသင်ဆုပါပေးမယ်"
ဒီစကားက အန်းရှောင်ဟွေကို အားတက်စေခဲ့တယ်။ အဲဒီနောက်ပိုင်း သူမ ပိုကြိုးစားခဲ့တယ်။ ကျောင်းနဲ့ ဆရာမတွေ မျှော်လင့်ထားသလိုပဲ စာမေးပွဲတိုင်း အန်းရှောင်ဟွေက ကျောင်းလုံးကျွတ် ပထမရခဲ့တယ်။ ပြီးတော့ သူမ ရမှတ်က မြို့ကြီးမှာတောင် အဆင့်ကောင်း ဝင်ခဲ့တယ်။ ဒါက ကျောင်းနဲ့ ဆရာမတွေကို အရမ်းပျော်ရွှင်စေခဲ့တယ်။
ဖြစ်နိုင်တာက အဖေအန်း၊ အမေအန်းတို့ သမီးရဲ့ ရမှတ်ကောင်းတွေကို အမြဲကြားနေရလို့ စိတ်ထဲမှာ အပြစ်ရှိသလို ခံစားရလို့ နေမှာပေါ့၊ ဒါမှမဟုတ် သူတို့ လုပ်ရပ်တွေကို ကြားသိရသူတွေက နှာခေါင်းရှုံ့ပြီး ကွယ်ရာမှာ လှောင်ပြောင်ကြလို့ နေမှာပေါ့၊ နောက်ပိုင်း အန်းရှောင်ဟွေကို နေထိုင်စရိတ် တချို့ ပေးလာကြတယ်။
အန်းရှောင်ဟွေ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေတုန်းက မိဘတွေရဲ့ နှောင့်ယှက်မှု တချို့ ခံခဲ့ရပေမဲ့ မျှော်လင့်ထားသလိုပဲ ရမှတ်ကောင်း ထွက်ခဲ့တယ်။ ခရိုင်၏ဝိဇ္ဇာဘက်စုံထူးချွန်သူဖြစ်ခဲ့ပြီး နိုင်ငံလုံးဆိုင်ရာ ထိပ်တန်း တက္ကသိုလ် ဝင်ခွင့်ရခဲ့တယ်။
တက္ကသိုလ် ဝင်ခွင့်ရပြီးနောက် အဖေအန်း၊ အမေအန်းတို့က သူမကို ကျောင်းထားမပေးချင်ကြဘူး။ ဒါပေမဲ့ သူမ ရမှတ်ကြောင့် လူအများကြီး သို့မဟုတ် ကုမ္ပဏီ အများကြီးက ထောက်ပံ့ချင်ကြတယ်။
ဒါပေမဲ့ အန်းရှောင်ဟွေက ဒီထောက်ပံ့မှုတွေကို ငြင်းပယ်ခဲ့တယ်။
သူမက ခရိုင် ဘက်စုံထူးချွန်သူဖြစ်လို့ ကျောင်းကပေးတဲ့ ဆုကြေးငွေ ရထားတယ်။ ပြီးတော့ သူမက ကျောင်းပိတ်ရက်တွေမှာ အလုပ်သွားလုပ်ပြီး ပထမနှစ် ကျောင်းလခ ရှာဖွေနိုင်ခဲ့တယ်။
နောက်ပိုင်း တက္ကသိုလ် တက်တုန်းမှာလည်း အလုပ်လုပ်ရင်း ကျောင်းတက်၊ အချိန်ပိုင်း အလုပ်လုပ်၊ ကျောင်းပိတ်ရက် အလုပ်လုပ် စသဖြင့် ၄ နှစ်တာ တက္ကသိုလ် ပညာရေးကို ပြီးဆုံးအောင် လုပ်ခဲ့တယ်။
ဒီကာလအတွင်း အဖေအန်း၊ အမေအန်းတို့ရဲ့ ထောက်ပံ့မှုက... ဘယ်လို ပြောရမလဲ... ပထမနှစ်ကလွဲရင် နောက်ပိုင်းမှာ သူတို့က ကျောင်းလခ တစ်ဝက်ပဲ ပေးတယ်၊ နေထိုင်စရိတ် မပေးဘူး။
ဘာလို့လဲဆိုတော့ သူတို့ ပိုက်ဆံတွေက တခြားလူတစ်ယောက်ဆီ ရောက်သွားလို့လေ။ အဲဒါကတော့ အန်းယန်ပါပဲ။ အထက်တန်း တက်၊ တက္ကသိုလ် တက်၊ ကျောင်းလခ၊ နေထိုင်စရိတ်နဲ့ ကုန်ကျစရိတ် အမျိုးမျိုးကို အဖေအန်း၊ အမေအန်းတို့က ထုတ်ပေးခဲ့တာ။
အန်းရှောင်ဟွေ သိလိုက်ရတော့ ဝမ်းနည်းသလို နစ်နာသလို ခံစားရပေမဲ့ ဘာမှ မတတ်နိုင်ခဲ့ဘူး။
ကံကောင်းတာက သူမ နောက်ဆုံးတော့ ခေါင်းမော့နိုင်ခဲ့ပါပြီ။
အန်းမိသားစုရွာက ရွာသားတွေက အခု တစ်စုတစ်ဝေး၊ တစ်သိုက်တစ်ဝန်းနဲ့ သစ်ပင်အောက်မှာ ထိုင်ပြီး ဆွေးနွေးနေကြတယ်။
"အန်းတာ့ချွမ်းရဲ့ သမီးက တကယ် အိမ်ထောင်ပြုတာလား။ သားမက် အိမ်ခေါ်တင်တာ မဟုတ်ဘူး ဆို" ရွာသားတစ်ယောက်က သံသယဖြင့် မေးလိုက်သည်။
"အန်းတာ့ချွမ်း လွန်ခဲ့တဲ့ရက်ပိုင်းက ပြန်ရောက်လာတယ်လေ။ သူ ပြန်ရောက်တာနဲ့ လူတွေ့တိုင်း ပြောနေတာ၊ ဒီတစ်ခေါက် ပြန်လာတာ သမီး မင်္ဂလာကိစ္စ စီစဉ်ဖို့၊ မင်္ဂလာလက်ဖွဲ့ ပြင်ဆင်ဖို့တဲ့။ ငါ မေးကြည့်တော့ သားမက် အိမ်ခေါ်တင်တာ မဟုတ်ဘူး၊ သမီးကို ထည့်ပေးလိုက်တာတဲ့"
"ဒါဆို အန်းယန်ကို အိုးမခွဲခိုင်းတော့ဘူးဆိုတာ အတုလား"
"မဟုတ်ဘူး... အစစ်ပဲ။ ဒါပေမဲ့ ငါ အန်းတာ့ချွမ်းပြောတာ ကြားတာတော့ သူ့သမီးက အိမ်ထောင်ပြုတာ၊ ယောကျ်ားဘက်က သဘောတူထားတာက မွေးလာမယ့် ပထမဆုံး သားယောကျ်ားလေးက အန်းမျိုးရိုး ယူမယ်၊ နောက်ကျ သူတို့အတွက် မြေးအနေနဲ့ အိုးခွဲပေးလိမ့်မယ်တဲ့။ ကျန်တဲ့ ကလေးတွေက ယောကျ်ားဘက်က မျိုးရိုး ယူမယ်တဲ့"
"ဘာ..." ရွာသား တစ်ယောက်က ကြားလိုက်ရတော့ အံ့သြသွားတယ်။ "ဒါ တကယ်လား အတုလား။ ယောကျ်ားဘက်က ဒီလောက် စကားပြောရလွယ်လို့လား"
မြေးအရင်း မဟုတ်ပေမဲ့ အန်းမျိုးရိုး ယူထားရင် မြေးအရင်းပါပဲ။
"အင်း... အန်းတာ့ချွမ်းပြောတုန်းက ပြုံးရွှင်နေတာကြည့်ရင် အစစ်ဖြစ်လောက်တယ်။ မဟုတ်ရင် သူတို့ ဘယ်ဒီလောက် ပျော်ရွှင်နေမလဲ"
တစ်ရွာတည်းသားတွေပဲလေ၊ အန်းတာ့ချွမ်း ဇနီးမောင်နှံလည်း သေရင် အိုးခွဲပေးမယ့် ကိစ္စကို အရမ်း အလေးထားတာ၊ ဒါကြောင့် သူတို့ ဒီကိစ္စမှာ လိမ်စရာအကြောင်း မရှိပါဘူး။
"ဒီလိုဆိုရင် အန်းတာ့နျန် ပြောတဲ့ သူ့အစ်ကိုကြီးက အန်းယန် မိန်းမယူဖို့ ပိုက်ဆံမထုတ်ပေးချင်ဘူး ဆိုတာ အမှန်ပဲပေါ့"
"အဲဒါ အမှန် ဖြစ်လောက်တယ်။" တစ်ယောက်က ပြောလိုက်သည်။ "အန်းတာ့ချွမ်းတို့လင်မယားက အိုးခွဲပေးမယ့်ကိစ္စမှာ မြေးတစ်ယောက် အိုးခွဲပေးမယ့် မျှော်လင့်ချက်ရှိနေပြီဆိုတော့ တူတစ်ယောက်ကို မျှော်လင့်နေမှာ မဟုတ်တော့ဘူး။ အန်းယန် အိုးခွဲပေးဖို့ မလိုတော့ဘူး ဆိုရင် သဘာဝကျကျပဲ သူတို့ ပိုင်ဆိုင်မှုတွေကို အန်းယန်ဆီ ပေးမှာ မဟုတ်တော့ဘူး"
"ကျွတ် ကျွတ်... အန်းတာ့နျန်တို့လင်မယားက သားမွေးပြီးကတည်းက သားကို အစ်ကိုကြီးဆီ ပစ်ပေးထားတာ၊ ကလေး တက္ကသိုလ် တက်တဲ့ ပိုက်ဆံတောင် အစ်ကိုကြီးနဲ့ မရီးတို့က ထုတ်ပေးရတာ၊ သူတို့က ဒီသားကို ကျွေးမွေးဖို့ ပိုက်ဆံ သိပ်မကုန်ခဲ့ဘူး။ အစက အစ်ကိုကြီးနဲ့ မရီးတို့ အန်းယန် မိန်းမယူပေးမယ်လို့ မျှော်လင့်ထားတာ၊ အခု အန်းတာ့ချွမ်း ဇနီးမောင်နှံက ဒီလိုလုပ်လိုက်တော့ အဒေါသအထွက်ဆုံးက အန်းတာ့နျန် ဖြစ်လောက်တယ်"
"ဟုတ်တယ်... အန်းတာ့ချွမ်းက အန်းယန် မိန်းမယူတဲ့ကိစ္စကို လက်ရှောင်လိုက်ရင် အန်းယန် မိန်းမယူဖို့ တင်တောင်းငွေ သက်သက်ကတင် ပိုက်ဆံအများကြီး လိုတာ။ အရင်တုန်းက အန်းတာ့ချွမ်း ပြောဖူးတယ်၊ သူ့သားက တက္ကသိုလ်ကျောင်းသား၊ နောက်ကျ မြို့က မိန်းကလေးကို သေချာပေါက် ယူမယ်တဲ့။ ကြားတာတော့ မြို့က မိန်းကလေးယူရင် တင်တောင်းငွေ ဈေးကြီးတဲ့အပြင် အိမ်နဲ့ ကားပါ လိုသေးတယ်တဲ့"
"ဟဟ... ဒီတစ်ခါတော့ အန်းတာ့ချွမ်းတို့လင်မယား ခေါင်းကိုက်ရတော့မယ်"
"ဒါ ဘာခေါင်းကိုက်စရာ ရှိလို့လဲ။ အန်းယန်က သူတို့သားဆိုပေမဲ့ ငယ်ငယ်ကတည်းက အန်းယန်ကို အစ်ကိုကြီးနဲ့ မရီးတို့က ကျွေးမွေးလာတာ၊ သူတို့ ပိုက်ဆံ ဘာမှမကုန်ခဲ့ဘူး။ ဒါကြောင့် ဒီနှစ်တွေအတွင်း သူတို့ ဇနီးမောင်နှံ လက်ထဲမှာ ပိုက်ဆံ တော်တော်များများ စုမိနေလောက်ပြီ၊ ပြီးတော့ သူတို့ မိဘတွေ သေတုန်းက အိမ်က ပစ္စည်းတွေ အကုန်လုံး အန်းတာ့နျန် ရလိုက်တာလေ၊ သူတို့ ဆင်းရဲတယ် ပြောရင် ဘယ်သူ ယုံမှာလဲ"
"ဒါလည်း ဟုတ်တာပဲ။ ဒီနှစ်တွေအတွင်း သူတို့ ပိုက်ဆံမသုံးဘဲ စုထားတာ သေချာပေါက် မနည်းလောက်ဘူး၊ အများကြီး မပြောနဲ့၊ တစ်သိန်းကျော်တော့ ရှိမှာပဲ"
"ဒါပေမဲ့ အန်းတာ့နျန် ပြောတာတော့ ရှောင်ဟွေက ဟိုတယ်မှာ အလုပ်လုပ်တာဆို။ ဒါဆို သူရှာထားတဲ့ ယောက်ျားက တီဗီထဲကလို ဗိုက်ပူပူ ထိပ်ပြောင်ပြောင် အဘိုးကြီး ဖြစ်နေမလား"
သူတို့အတွက် ဟိုတယ်မှာ အလုပ်လုပ်တာက အလုပ်ကောင်း မဟုတ်ဘူး၊ ယောက်ျားကောင်း တစ်ယောက် ဘယ်ရှာတွေ့နိုင်မလဲ။
"ဟွန့်... နင်က အန်းတာ့နျန် ပြောတာ နားထောင်မနေနဲ့။ တကယ်တော့ အန်းရှောင်ဟွေက မြို့ကြီးမှာ အလုပ်လုပ်နေတာ၊ ဒါပေမဲ့ ဟိုတယ်မှာ မဟုတ်ဘူး၊ ကုမ္ပဏီကြီးတစ်ခုမှာ လုပ်နေတာ၊ ကုမ္ပဏီမှာ မန်နေဂျာ လုပ်နေတာ"
"ဒါ အန်းတာ့ချွမ်း ပြောတာ မဟုတ်လား။ ဒါပေမဲ့ အန်းတာ့နျန် ပြောဖူးတယ်၊ သူတို့ အန်းရှောင်ဟွေ အလုပ်လုပ်တဲ့ နေရာကို သွားဖူးတယ်တဲ့၊ ဟိုတယ် တစ်ခုမှာ လုပ်နေတာတဲ့၊ သူက အဝတ်အစား ဖော်ဖော်ရော်ရော် ဝတ်ထားတယ်တဲ့၊ ကြည့်ရတာ သိပ်မရိုးသားဘူးတဲ့"
"ဒီကိစ္စက လုံးဝ အဲဒီလို မဟုတ်ဘူး။ အန်းတာ့နျန် လိမ်ပြောနေတာ"
"ဒါဆို နင်က အန်းတာ့ချွမ်း မလိမ်ဘူးလို့ ဘယ်လိုသိလဲ"
"ဟဟ... အန်းတာ့ချွမ်းက အန်းရှောင်ဟွေ အလုပ်လုပ်တဲ့ နေရာကို ငါတို့ကို ပြဖူးတယ်"
"ပြဖူးတယ်... လူတချို့က နားမလည်တော့ဘူး၊ ဘယ်လို ပြတာလဲ"
"ဒါ နင်တို့ မသိဘူးပေါ့။ အန်းတာ့ချွမ်းမှာ ဖုန်းတစ်လုံးရှိတယ်၊ ကြားတာတော့ ဈေးကြီးတယ်တဲ့၊ ရှောင်ဟွေ အဲဒီကောင်မလေး ဝယ်ပေးထားတာ၊ ယွမ် ၆ ထောင်ကျော်တောင် ပေးရတယ်တဲ့။ အဲဒီဖုန်းက ဓာတ်ပုံရိုက်လို့ ရတယ်၊ ဗီဒီယို ရိုက်လို့ရတယ်၊ အန်းတာ့ချွမ်းက ရှောင်ဟွေ အလုပ်လုပ်တဲ့ နေရာကို ဓာတ်ပုံရိုက်ပြီး ငါတို့ကို ပြဖူးတယ်"
"ဒါပေမဲ့ အဲဒါ အတုလုပ်လို့ ရတယ်လေ" တစ်ယောက်က သံသယဖြင့် မေးလိုက်သည်။
"ဘာ အတုလုပ်ရမှာလဲ" တစ်ယောက်က ချက်ချင်း ပြန်ပြောလိုက်သည်။ "အန်းတာ့ချွမ်းက နေရာမှာတင် သူ့သမီးဆီ ဖုန်းခေါ်ပြတယ်၊ ဪ... ဗီဒီယို မပြောနဲ့၊ ရှောင်ဟွေ ဘာလုပ်နေလဲဆိုတာ ငါတို့ မြင်ရတယ်။ အဲဒီတုန်းက ငါတို့ တွေ့လိုက်ရတာ ရှောင်ဟွေက သပ်သပ်ရပ်ရပ် ဝတ်စားထားပြီး ကြီးပြီးလှတဲ့ အခန်းတစ်ခန်းထဲမှာ ထိုင်နေတာ၊ အဲဒါ သူ့ ရုံးခန်းတဲ့။ ငါတို့ မြင်ခဲ့ရတယ်၊ အဲဒီ ရုံးခန်းထဲမှာ စာအုပ်စင် ရှိတယ်၊ စာအုပ်တွေ အများကြီးပဲ။ အန်းတာ့ချွမ်း ပြောသေးတယ်၊ သူ့သမီးက ဟိုတယ်မှာ အလုပ်လုပ်တာ မဟုတ်ဘူး၊ Green Freshအုပ်စု ဆိုတဲ့ ကုမ္ပဏီကြီး တစ်ခုမှာ လုပ်တာတဲ့။ Green Freshအုပ်စုက တီဗီမှာပါဖူးတယ်၊ အွန်လိုင်းမှာ ရှာကြည့်လို့ ရတယ်တဲ့"
အန်းမိသားစုရွာက ခေတ်နောက်ကျပြီး ပိတ်လှောင်နေပေမဲ့ ခေတ်မီ ဆက်သွယ်ရေး စနစ်တွေ တိုးတက်လာတာ၊ လူငယ်တွေ အပြင်ထွက် အလုပ်လုပ်ကြတာတွေကြောင့် တဖြည်းဖြည်းနဲ့ အသက်ကြီးတဲ့သူတွေတောင် အင်တာနက် ဆိုတာ ဘာလဲ သိလာကြပြီ။
"Green Freshအုပ်စု... ဒါဆို လူငယ်တွေကို ရှာခိုင်းကြည့်လိုက်လေ" ရွာသား တစ်ယောက်က အန်းတာ့ချွမ်းကို သိပ်မယုံဘဲ အန်းတာ့နျန်ကို ပိုယုံနေတယ်။
ဘာလို့လဲဆိုတော့ သူတို့ ထင်တာက မိန်းကလေးတစ်ယောက်က မြို့ကြီးမှာ အလုပ်ကောင်းကောင်း ရှာတွေ့ဖို့ မဖြစ်နိုင်ဘူးလို့ ထင်ကြလို့။
ဒါက သူတို့ အမြဲတမ်း ယောက်ျားလေး ဦးစားပေးတဲ့ အတွေးအခေါ်ကြောင့် ဖြစ်ပေါ်လာတဲ့ ကျဉ်းမြောင်းတဲ့ အတွေးအခေါ်ပဲ။
ဒီလူအုပ်ကြီး ဆွေးနွေးနေတုန်း လူငယ်တစ်ယောက် ဖုန်းကလိရင်း လျှောက်လာတာ တွေ့လိုက်ရတယ်။
ရွာသားတွေက ချက်ချင်း လှမ်းခေါ်လိုက်တယ်။ "တာ့ပေါင်... လာပါဦး"
အန်းတာ့ပေါင် လျှောက်လာပြီး မေးလိုက်သည်။ "ဦးလေး... ဘာဖြစ်လို့လဲ"
"တာ့ပေါင်... မင်း အွန်လိုင်းမှာ ရှာကြည့်စမ်း၊ ဘာ... Green Freshအုပ်စု ဆိုတဲ့ ကုမ္ပဏီကို"
အန်းတာ့ပေါင် ရုတ်တရက် မေးလိုက်သည်။ "ဦးလေး... ဘာလို့ ရုတ်တရက်ကြီး ဒီကုမ္ပဏီကို ရှာခိုင်းရတာလဲ"
သံသယဖြင့် မေးရင်း လက်က စတင် ရှာဖွေနေပြီ။
ရွာသားက ပြောသည်။ "မင်း ဦးလေးတာ့ချွမ်း ပြောတာ သူ့သမီး ရှောင်ဟွေက Green Freshအုပ်စုမှာ လုပ်တယ်တဲ့၊ ဒီGreen Freshအုပ်စုက ကုမ္ပဏီကြီး တစ်ခုတဲ့၊ အွန်လိုင်းမှာ ရှာလို့ ရတယ်တဲ့၊ ငါတို့ ကြည့်ချင်လို့ပါ"
ခဏကြာတော့ Green Freshအုပ်စုနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ ထွက်လာတယ်။
အန်းတာ့ပေါင် ပြောလိုက်သည်။ "Green Freshအုပ်စုက တကယ်ပဲ ကုမ္ပဏီကြီးတစ်ခုပါ၊ အပေါ်က အချက်အလက် မိတ်ဆက်အရ ဆိုရင် ဘီလီယံ ရာပေါင်းများစွာ တန်ဖိုးရှိတဲ့ ကုမ္ပဏီကြီး တစ်ခုပါ။ ဟေ... နေပါဦး၊ ကျွန်တော် ဘာလို့ မမရှောင်ဟွေရဲ့ မိတ်ဆက်စာကို ဒီထဲမှာ တွေ့နေရတာလဲ"
"ရှောင်ဟွေ... ဘယ် ရှောင်ဟွေလဲ၊ အန်းရှောင်ဟွေတော့ မဟုတ်ပါဘူးနော်" ရွာသားက ချက်ချင်း သိချင်စိတ်ဖြင့် မေးလိုက်သည်။
"ဟာ... တကယ်ပဲ မမရှောင်ဟွေပဲ။ အန်းရှောင်ဟွေ၊ လူ့စွမ်းအား အရင်းအမြစ်ဌာန မန်နေဂျာ၊ ကြည့်လိုက်၊ ဒီအပေါ်မှာ မမရှောင်ဟွေရဲ့ ဓာတ်ပုံတောင် ပါသေးတယ်" အန်းတာပေါင် စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
ရွာသားများ "..."
***