အခန်း (၉၆၅-၉၆၆)
Vol. 59 Ch. 965-966
အခန်း ၉၆၅ ။ ကောလဟာလများ ပြောင်းလဲသွားခြင်း
အန်းတာ့ပေါင် ရှာဖွေတွေ့ရှိမှုကြောင့် အန်းမိသားစုရွာတစ်ခုလုံး တုန်လှုပ်သွားကြသည်။
"အန်းတာ့ချွမ်းရဲ့ သမီးက တကယ်ပဲ ကုမ္ပဏီကြီး တစ်ခုမှာ အလုပ်လုပ်နေတာ၊ ဘီလီယံ ရာပေါင်းများစွာ တန်ဖိုးရှိတဲ့ ကုမ္ပဏီကြီး တစ်ခုပဲ။ အန်းတာ့ပေါင်က ဖုန်းနဲ့ ရှာကြည့်လိုက်တာ၊ ရှောင်ဟွေ အဲဒီကောင်မလေး ကုမ္ပဏီထဲမှာ တကယ်ရှိနေတယ်"
ရွာသား တချို့က အစပိုင်းတွင် မယုံကြည်ကြပေ။ "ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ အန်းတာ့နျန်က ရှောင်ဟွေ အဲဒီကောင်မလေးက ဟိုတယ်ကြီး တစ်ခုမှာ အလုပ်လုပ်တာလို့ ပြောတယ်လေ။ ဘာလို့ ရုတ်တရက်ကြီး ကုမ္ပဏီကြီးတစ်ခုမှာ အလုပ်လုပ်သွားရတာလဲ။ အဲဒီ ကုမ္ပဏီကြီးက ဘာလုပ်တာလဲ"
ကျေးလက်ဒေသက လူတွေအတွက် ကုမ္ပဏီကြီး ဆိုတာ ကုမ္ပဏီကြီးပါပဲ၊ ဘာလုပ်တယ်ဆိုတာ သူတို့ မသိကြပါဘူး။
"ဟဟ... အန်းတာပေါင် ပြောတာတော့ အဲဒါ ခရီးသွားလုပ်ငန်း လုပ်တာတဲ့၊ အင်း... ဟင်းသီးဟင်းရွက် ရောင်းတာ ဘာညာလည်း လုပ်တယ်တဲ့"
"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဟင်းသီးဟင်းရွက် ရောင်းတဲ့လူက ဘီလီယံ ရာပေါင်းများစွာ တန်ဖိုးရှိတဲ့ ကုမ္ပဏီကြီး ထူထောင်နိုင်မလား" ရွာသားတစ်ဦးက ကြားလိုက်ရတော့ မယုံကြည်နိုင် ဖြစ်သွားသည်။
"ဘာလို့ မဖြစ်နိုင်ရမှာလဲ။ မယုံရင် နင်တို့အိမ်က လူငယ်လေးတွေကို ရှာခိုင်းကြည့်လိုက်လေ။ နင်တို့အိမ်က ရှောင်မင်ဆီမှာ အင်တာနက်သုံးလို့ရတဲ့ ဖုန်းရှိတယ် မဟုတ်လား"
ထို့နောက် ခဏလေးအတွင်းမှာပဲ ရွာသား အများအပြားက လူငယ်လေးတွေကို Green Freshအုပ်စု အကြောင်း ရှာခိုင်းကြည့်ကြတယ်။ သူတို့ရွာက အန်းရှောင်ဟွေက ဒီကုမ္ပဏီမှာ အလုပ်လုပ်နေတယ်လို့ ကြားလိုက်ရလို့ပါ။
နောက်တော့ သူတို့ သေချာသွားတယ်၊ အန်းရှောင်ဟွေက ဒီဘီလီယံ ရာပေါင်းများစွာ တန်ဖိုးရှိတဲ့ ကုမ္ပဏီကြီးမှာ အလုပ်လုပ်နေတာ တကယ်ပဲ။ ပြီးတော့ ကုမ္ပဏီ ဝန်ထမ်းဖွဲ့စည်းပုံ မိတ်ဆက်မှာ ပါဝင်နေတယ်ဆိုတော့ ဒီကုမ္ပဏီမှာ ရာထူးကြီးကြီးတစ်ခု ရထားတာ သေချာတယ်။ အပေါ်မှာ မိတ်ဆက်ထားတာက အန်းရှောင်ဟွေရဲ့ ရာထူးက မန်နေဂျာတဲ့။
"ကျွတ် ကျွတ်... မထင်မှတ်ထားဘူး၊ အန်းတာ့ချွမ်းရဲ့ သမီးက တကယ် ထူးချွန်တာပဲ။ ကုမ္ပဏီကြီးမှာ အလုပ်လုပ်နေတာဆိုတော့ လစာက အနည်းဆုံး တစ်သောင်းအထက် ရှိမှာပဲ"
"ဒါ သေချာတာပေါ့။ ငါ ငါ့သားကို မေးကြည့်တော့ သူ ပြောတယ်၊ အန်းရှောင်ဟွေက ကုမ္ပဏီကြီးမှာ အလုပ်လုပ်တာ၊ ရုံးခန်းထိုင် မန်နေဂျာ လုပ်တာ၊ ရုံးဝန်ထမ်းတဲ့။ ကြားတာတော့ ရုံးဝန်ထမ်းတွေရဲ့ လစာက တစ်သောင်းအထက်ချည်းပဲတဲ့"
"တစ်လ တစ်သောင်း၊ တစ်နှစ်ဆိုရင် တစ်သိန်းကျော်တယ်။ ကျွတ် ကျွတ်... တစ်နှစ်စာ လစာက ငါတို့ တစ်သက်လုံး စုဆောင်းထားတဲ့ ပိုက်ဆံနဲ့ ညီမျှနေပြီ"
"ငါ တစ်သက်လုံး စုဆောင်းထားတဲ့ ပိုက်ဆံတောင် ဒီလောက် မရှိဘူး"
"ဒါဆို ဘာဖြစ်လဲ" တစ်ယောက်က မနာလိုစွာ ပြောလိုက်သည်။ "အန်းရှောင်ဟွေက မိန်းကလေးလေ၊ သူ ဘယ်လောက်ပဲ ရှာနိုင်ရှာနိုင် ယောကျ်ားဘက်က အိမ်အတွက် ရှာပေးတာပဲ၊ အန်းတာ့ချွမ်းအတွက် ရှာပေးတာမှ မဟုတ်တာ။ ဟွန့်... သမီးမိန်းကလေးဆိုတာ ဒါပဲ၊ ဘယ်လောက် ကောင်းကောင်း ကျွေးမွေးပြုစုထားပါစေ သူများအိမ်အတွက် ကျွေးမွေးပြုစုပေးတာပဲ၊ မကျွေးမွေးတာကမှ ကောင်းဦးမယ်"
ရွာသား အများအပြား ပါးစပ်ပိတ်သွားကြသည်။
သူတို့အတွက်တော့ ဒါက အမှန်တရားပါပဲ။
ဒီမိန်းကလေး စာဘယ်လောက်တော်တော်၊ နောင်ကျ ထူးချွန်ပြီး ပိုက်ဆံအများကြီး ရှာနိုင်ရင်တောင် သူများအိမ်အတွက် မွေးမြူပေးတာ၊ သူများအိမ်အတွက် ရှာပေးတာပဲ။
သူတို့ ရနိုင်တာ တစ်ခုတည်းက သမီးမိန်းကလေး အိမ်ထောင်ပြုရင် ရမယ့် တင်တောင်းငွေ အနည်းငယ်ပါပဲ။
ဒါပေမဲ့ သမီးမိန်းကလေး အိမ်ထောင်ပြုရင် တင်တောင်းငွေရသလို ခန်းဝင်လက်ဖွဲ့ (ဖခင်ဘက်မှ ပေးသော လက်ဖွဲ့) လည်း ပေးရသေးတယ်။ ခန်းဝင်လက်ဖွဲ့ များများပေးရင် မိဘအိမ်က ပိုက်ဆံတွေ လျော့သွားမှာပေါ့။
ယောက်ျားလေး ဦးစားပေးတဲ့ မိသားစုတွေအတွက်တော့ အိမ်မှာ သားယောကျ်ားလေးရှိရင် ပိုက်ဆံတွေ အကုန်လုံးက သားအတွက် ချန်ထားရမှာ။ လူတွေရဲ့ အတင်းအဖျင်းပြောတာ မခံရရင် သမီးမိန်းကလေး အိမ်ထောင်ပြုတဲ့အခါ ခန်းဝင်လက်ဖွဲ့ တစ်ပြားမှ မထုတ်ပေးချင်ကြဘူး။
အားလုံးက အန်းတာ့ချွမ်းရဲ့ သမီးက ထူးချွန်ပေမဲ့ သူများအိမ်အတွက် မွေးမြူပေးတာပဲဆိုပြီး နှမြောတသ ဆွေးနွေးနေကြစဉ် ရွာသားတစ်ယောက် ပြေးလာတယ်။ မျက်နှာထားက အံ့သြတုန်လှုပ်နေတယ်။
"အန်းတာ့ဖေ... နင်တို့အိမ် ဘာဖြစ်လို့လဲ။ နင့်ပုံစံက လန့်စရာ ကောင်းလိုက်တာ"
အန်းတာ့ဖေက အမောတကော ပြောလိုက်သည်။ "ငါ အခုပဲ အန်းတာ့ချွမ်းအိမ်က ထွက်လာတာ၊ အန်းတာ့ချွမ်း ငါ့ကို ဘာပြောလိုက်လဲဆိုတာ မင်းတို့ကြလားꩻ"
"ဘာပြောလိုက်လို့၊ နင် ဒီလို မျက်နှာထား ဖြစ်နေရတာလဲ" တစ်ယောက်က မထီမဲ့မြင် ပြောလိုက်သည်။ "သူ့သမီး ကုမ္ပဏီကြီးမှာ အလုပ်လုပ်လို့ ထူးချွန်တယ်ဆိုပြီး ကြွားနေတာ နေမှာပေါ့။ ကျွတ် ကျွတ်... သူ စဉ်းစားမကြည့်ဘူးလား၊ သူ့သမီးက အိမ်ထောင်ပြုရမှာ၊ သမီး ဘယ်လောက် ထူးချွန်ထူးချွန်၊ ပိုက်ဆံ ဘယ်လောက် ရှာနိုင်ရှာနိုင် သူတို့ မိဘအိမ်နဲ့ သိပ်မဆိုင်ဘူး ဆိုတာကို"
"ဒါ မဟုတ်ဘူး" အန်းတာ့ဖေက ပြောလိုက်သည်။ "တာ့ချွမ်း ငါ့ကို ပြောတာက ရှောင်ဟွေက အိမ်ထောင်ပြုမှာ၊ ဒါပေမဲ့ ရှောင်ဟွေနဲ့ သူ့ယောက်ျား မွေးလာမယ့် ပထမဆုံး သားယောကျ်ားလေးက အန်းမျိုးရိုး ယူမယ်၊ သူတို့ရဲ့ မြေးအရင်း ဖြစ်လာမယ်တဲ့။ ပြီးတော့ ဒီတစ်ခေါက် ရှောင်ဟွေ အိမ်ထောင်ပြုတာ ယောကျ်ားလေးဘက်က တင်တောင်းငွေ ဘယ်လောက်ပေးလဲ မင်းတို့ သိလား"
"ဘယ်လောက်လဲ" ရွာသား တစ်ယောက်က သိချင်စိတ်ဖြင့် မေးလိုက်သည်။
အန်းရှောင်ဟွေရဲ့ ပထမဆုံး သားယောကျ်ားလေးက အန်းမျိုးရိုးယူပြီး အန်းတာ့ချွမ်းရဲ့ မြေးအရင်း ဖြစ်လာမယ် ဆိုတဲ့ ကိစ္စကို ရွာသားတချို့ ကြားဖူးထားပြီးသားမို့လို့ သိပ်မအံ့သြကြတော့ဘူး။
ဒါပေမဲ့ အန်းရှောင်ဟွေ အိမ်ထောင်ပြုတဲ့ တင်တောင်းငွေကိစ္စကိုတော့ အန်းတာ့ချွမ်းက ဘယ်သူ့ကိုမှ မပြောပြဖူးဘူး။
အန်းတာဖက လက်ချောင်း တစ်ချောင်း ထောင်ပြလိုက်သည်။
"တစ်သောင်းလား" ရွာသား တစ်ယောက်က မျက်မှောင်ကြုတ်ပြီး ခန့်မှန်းလိုက်သည်။ "ယောကျ်ားလေးဘက်က သူတို့ရဲ့ ပထမဆုံး သားယောကျ်ားလေးကို အန်းမျိုးရိုးပေးဖို့ သဘောတူတာကတင် သဘောထားကြီးလွန်းနေပြီ၊ တင်တောင်းငွေ တစ်သောင်း ထပ်ပေးတာက သင့်တော်ပါတယ်"
အန်းတာဖ ခေါင်းခါလိုက်သည်။ "မဟုတ်ဘူး"
"ဒါဆို တစ်သိန်းလား" ရွာသား တစ်ယောက်က ပြောလိုက်သည်။ "တစ်သိန်း ဆိုတာ ငါတို့ အန်းမိသားစုရွာအတွက် အများဆုံး တင်တောင်းငွေပဲ။ ကျွတ် ကျွတ်... အန်းတာ့ချွမ်း သမီးထည့်ပေးတာ မရှုံးပါဘူး။ ဒါပေမဲ့ နှမြောစရာကောင်းတာက သူတို့မှာ သားမရှိဘူး၊ ဒီတင်တောင်းငွေ တစ်သိန်း ရလာတော့ ဘယ်သူ့အတွက် သုံးရမလဲ မသိဘူး"
"ဘယ်သူ့အတွက် သုံးရမလဲ ဟုတ်လား။ အရင်တုန်းက အန်းယန် အိုးခွဲပေးမယ် ပြောတုန်းက ဒီပိုက်ဆံတွေက အန်းယန်အတွက် သုံးမှာ သေချာတယ်။ ဒါပေမဲ့ အခု အန်းယန် အိုးခွဲပေးဖို့ မလိုတော့ဘူး ဆိုတော့ ဒီပိုက်ဆံတွေက သူတို့ မြေးအတွက် ချန်ထားပေးမှာ သေချာတယ်။ အခု အန်းတာ့ချွမ်း ဇနီးမောင်နှံက ငယ်သေးတယ်၊ သူတို့ အသက်ကြီးလာတဲ့ အချိန်ကျရင် မြေးလည်း ကြီးလာပြီ၊ ဒီပိုက်ဆံတွေ သေချာပေါက် သုံးလို့ ရပြီ"
သို့သော် အန်းတာ့ဖေက ထပ်မံ ခေါင်းခါလိုက်ပြီး ပြောလိုက်သည်။ "မဟုတ်ဘူး။ တစ်သန်းကွ။ ဪ... တကယ်တော့ တစ်သန်း မဟုတ်ဘူး၊ ၉၉၉၉၉၉ ယွမ်၊ ၁ ယွမ် ပဲ လိုတော့တယ်၊ တစ်သန်း ပြည့်ဖို့"
"ဘာ... တစ်သန်း ဟုတ်လား"
ဒီလောက်များတဲ့ တင်တောင်းငွေကို ကြားလိုက်ရတော့ ရွာသားတွေ တကယ် အံ့သြတုန်လှုပ်သွားကြသည်။
"တာ့ဖေ... နင် နားကြားမှားတာ မဟုတ်ပါဘူးနော်။ အန်းတာ့ချွမ်းက နင့်ကို တကယ်ပဲ ၉၉၉၉၉၉ ယွမ်လို့ ပြောတာလား" ရွာသား တစ်ယောက်က သံသယဖြင့် မေးလိုက်သည်။
"သေချာပေါက် အမှန်ပေါ့။ ငါလည်း အစတုန်းက နားကြားမှားတယ် ထင်တာ၊ နောက်တော့ အန်းတာ့ချွမ်းက နောက်တစ်ခေါက် ထပ်ပြောတယ်။ တကယ်ပဲ ၉၉၉၉၉၉ ယွမ်ပါ"
ဒီလောက်များတဲ့ တင်တောင်းငွေကို ကြားလိုက်ရတော့ ရွာသားတွေ တိတ်ဆိတ်သွားကြပြန်တယ်၊ မယုံကြည်နိုင် ဖြစ်နေကြတုန်းပဲ။
"ဒါတင် မကသေးဘူး။ ကြားတာတော့ သူတို့ မပြန်လာခင် အန်းရှောင်ဟွေ အဲဒီကောင်မလေးက မင်္ဂလာဆောင် ပြင်ဆင်ဖို့ သူတို့ကို ယွမ် ၃ သိန်း ပေးလိုက်တယ်တဲ့၊ အန်းရှောင်ဟွေရဲ့ယောက်ျားကလည်း သူတို့ကို ယွမ် ၃ သိန်း ပေးလိုက်သေးတယ်တဲ့"
"၃ သိန်း၊ ၃ သိန်း ဆိုတော့... ကျွတ် ကျွတ်... အန်းရှောင်ဟွေနဲ့ သူ့ယောက်ျားက တကယ်ချမ်းသာတာပဲ။ ချက်ချင်းကြီး မိဘတွေကို ယွမ် ၆ သိန်း ပေးလိုက်တာ၊ အလုခံရမှာ မကြောက်ဘူးလား"
ရွာထဲမှာ တစ်သက်လုံး မြေကြီးကို မျက်နှာမူ၊ ကျောကို နေပူခံပြီး အလုပ်လုပ်လာတဲ့ သူတို့အတွက် တစ်သက်လုံး ဒီလောက် ပိုက်ဆံအများကြီး မမြင်ဖူးဘူး။ ၆ သိန်း... သူတို့ကို ၆ သိန်း ပေးရင် သူတို့သား မိန်းမယူဖို့ မပူရတော့ဘူး၊ မြို့နယ်မှာ အိမ်သစ်တောင် ဝယ်လို့ရသေးတယ်။
"ဟဟ... ကြည့်ရတာ အန်းရှောင်ဟွေ အဲဒီကောင်မလေးက တကယ် ထူးချွန်တာပဲ။ ဒါပေမဲ့ နှမြောစရာ ကောင်းတာက မိန်းကလေး ဖြစ်နေတာ၊ မိဘတွေကို အိုစာမင်းစာ ကျွေးလို့ မရဘူး"
ချက်ချင်းဆိုသလို ရွာသား အများအပြားရဲ့ မျက်နှာပေါ်မှာ ခံစားချက်တွေ ပေါ်လာကြတယ်၊ အားကျတာ၊ မနာလိုတာ၊ မက်မောတာ၊ အထင်သေးတာ၊ စက်ဆုပ်တာတွေ ပါဝင်နေတယ်။
ဟဟ... မိန်းကလေး တစ်ယောက်ပဲလေ၊ ပိုက်ဆံ ဘယ်လောက်ရှိရှိ မိဘတွေကို အများကြီး ပေးသုံးလို့မှ မရတာ။
အန်းတာ့ဖေက ခေါင်းခါလိုက်ပြီး ပြောလိုက်သည်။ "မင်းတို့ ပြောတာ မှားနေပြီ"
အန်းတာ့ဖေက အန်းတာ့ချွမ်းဆီက ကြားသိရတဲ့ သတင်းကို အားလုံးကို ပြောပြလိုက်သည်။ "စောစောက အန်းတာ့ချွမ်း ငါ့ကို ပြောတာတော့ သူ့သမီး ရှောင်ဟွေ အိမ်ထောင်ပြုပြီးရင် သူတို့က ရှောင်ဟွေနဲ့အတူ မြို့ကြီးမှာ လိုက်နေကြမယ်တဲ့"
"ရှောင်ဟွေနဲ့အတူ လိုက်နေမယ် ဟုတ်လား" ရွာသား တစ်ယောက်က ချက်ချင်း သဘောပေါက်သွားသည်။ "ဒါ သားမက် အိမ်ခေါ်တင်တာ မဟုတ်ဘူးလား။ ဘာလို့ အိမ်ထောင်ပြုတယ် ပြောနေသေးတာလဲ၊ ဟွန့်... ဟွန့်... ကြည့်ကောင်းအောင် ပြောနေတာပဲ ရှိတာ"
"ငါလည်း အစတုန်းက အဲဒီလိုပဲ ထင်တာ" အန်းတာ့ဖေက ရှင်းပြလိုက်သည်။ "နောက်တော့ အန်းတာ့ချွမ်း ရှင်းပြတယ်၊ လုံးဝ အဲဒီလို မဟုတ်ဘူးတဲ့။ သူတို့က ရှောင်ဟွေနဲ့အတူ မြို့ကြီးမှာ လိုက်နေမယ်၊ ဒါပေမဲ့ ရှောင်ဟွေတို့နဲ့ အတူမနေဘူး၊ သက်သက်စီ ခွဲနေကြမှာတဲ့။ အန်းတာ့ချွမ်း ပြောသေးတယ်၊ မြို့ကြီးမှာ အခု လူအများကြီးက အဲဒီပုံစံဖြစ်နေကြပြီတဲ့။ အခု မြို့ကြီးမှာ တစ်ဦးတည်းသော သားသမီးတွေ များလာပြီ၊ တကယ်လို့ နှစ်ဖက်စလုံးက တစ်ဦးတည်းသော သားသမီးတွေဖြစ်နေရင် ကလေးနှစ်ယောက် မွေးလိုက်တယ်၊ တစ်ယောက်က ဖခင်မျိုးရိုး ယူတယ်၊ တစ်ယောက်က မိခင်မျိုးရိုး ယူတယ်၊ ပြီးတော့ နှစ်ဖက် မိဘတွေကို ပြုစုစောင့်ရှောက်ရတယ်တဲ့"
"မြို့ကြီးမှာ အဲဒီလို ဖြစ်နေတာလား" ရွာသား တစ်ယောက်က နားမလည်နိုင် ဖြစ်နေသည်။ "အိမ်ထောင်ပြုပြီးသား သမီးက ကိုယ့်မိဘကို ပြုစုစောင့်ရှောက်လို့ ရသေးတာလား။ ယောကျ်ားဘက်က မိဘတွေက သဘောထား မကွဲလွဲဘူးလား"
"ဟေး... မြို့ကြီးက လူတွေက ငါတို့ ကျေးလက်ဒေသလို ယောက်ျားလေး ဦးစားပေးတဲ့ စိတ်ဓာတ်တွေ မရှိကြဘူး။ မြို့ကြီးက မိန်းကလေးတွေကလည်း မိဘတွေရဲ့ လက်ဖဝါးပေါ်က ရတနာတွေလို အချစ်ခံရတာပဲ" အန်းတာ့ဖေက ပြောလိုက်သည်။ "တာ့ချွမ်း မပြောရင် ငါတို့ တကယ် မသိဘူး။ ကျွတ် ကျွတ်... တာ့ချွမ်း ဇနီးမောင်နှံက မြို့ကြီးမှာ ခဏလောက် နေလိုက်တာ ဗဟုသုတတွေ တိုးလာတယ်။ နင်တို့ သတိထားမိလား၊ ဒီတာ့ချွမ်းတို့လင်မယားက အရှိန်အဝါတောင် ငါတို့နဲ့ မတူတော့ဘူး။ ကြည့်ပါဦး... သူတို့ ဝတ်စားထားတာ၊ တောက်ပြောင် လှပနေတာ၊ စကားပြောပုံဆိုပုံ အရှိန်အဝါတွေက ငါတို့ တောသားတွေနဲ့ လုံးဝ ကွာခြားသွားပြီ"
"ဟုတ်တယ်... အန်းတာ့ချွမ်းတို့လင်မယားက အခု တကယ် ကောင်းစားနေကြပြီ" တစ်ယောက်က အားကျသလိုလို မနာလိုသလိုလို ပြောလိုက်သည်။ "သမီးက ဒီလောက် ပိုက်ဆံရှာတတ်တာ၊ ရှောင်ဟွေက သူတို့ကို တစ်လ တစ်ထောင်၊ နှစ်ထောင် ပေးရင်တောင် သူတို့ နေထိုင်ရတာ ဘယ်လောက် ကောင်းမလဲ"
"ဘာ တစ်ထောင်၊ နှစ်ထောင်လဲ" အန်းတာဖက အန်းတာ့ချွမ်းနဲ့ ရင်းနှီးတော့ အတွင်းရေး တချို့ကို သိနေတယ်။ သူ ပြောလိုက်သည်။ "နင်တို့ မသိပါဘူး၊ တာ့ချွမ်းတို့လင်မယားက ရှောင်ဟွေ အဲဒီကောင်မလေးဆီ မသွားခင်တုန်းက လစဉ် အနည်းဆုံး နေထိုင်စရိတ် ၃ ထောင် ပို့ပေးတာ။ တစ်ခါတလေ ခေါင်းကိုက်ဖျားနာတာရှိရင် ရှောင်ဟွေက ပိုက်ဆံ ထပ်ပို့ပေးသေးတယ်"
ဤနေရာသို့ ရောက်သောအခါ အန်းတာ့ဖေ ခနရပ်လိုက်ပြီး မျက်လုံးထဲတွင် ဒေါသအရိပ်အယောင်များ ပေါ်လာကာ ဆက်ပြောသည်။ "ဒါပေမဲ့ ရှောင်ဟွေ ပို့လိုက်တဲ့ ပိုက်ဆံတွေ အကုန်လုံးက တစ်ပြားမကျန် အန်းယန် သုံးဖို့ ဖြစ်သွားတာ။ အန်းယန် အဲဒီကောင်လေးက တက္ကသိုလ်ဘွဲ့ရပြီးကတည်းက အလုပ်မရှာဘဲ အိမ်မှာ အိပ်လိုက်၊ ဂိမ်းဆော့လိုက်ပဲ လုပ်နေတာ။ ကြားတာတော့ ဂိမ်းဆော့တာလည်း ပိုက်ဆံလိုတယ်တဲ့၊ ဒါကြောင့် ဒီပိုက်ဆံတွေကို သူက ဦးလေးဆီကနေ ယူတာ။ ပြီးတော့ ဒီတစ်ခေါက် အန်းတာ့နျန်တို့လင်မယားက အန်းတာ့ချွမ်းတို့လင်မယားကို တကယ် သွားရှာခဲ့တယ်၊ အန်းယန် မိန်းမယူဖို့ ကူညီပေးဖို့ မျှော်လင့်တာပေါ့။ ဒါပေမဲ့ အန်းတာ့နျန် ပါးစပ်ဟလိုက်တာနဲ့ ဘယ်လောက် တောင်းလဲ သိလား"
"ဘယ်လောက်လဲ။ ၆ သောင်း ဆို"
"ဘာ ၆ သောင်းလဲ။ ပါးစပ်ဟလိုက်တာနဲ့ တာ့ချွမ်းတို့လင်မယားဆီက ၆ သိန်း တောင်းတာ"
"ဘာ..."
"ဟွန့်... မင်းတို့ မသိပါဘူး။ အန်းတာ့နျန်က သူ့အစ်ကိုကြီးကို ပြောတာ၊ အန်းယန် မိန်းမယူမှာက မြို့က မိန်းကလေးတဲ့၊ တင်တောင်းငွေ ၁၈ သောင်း လိုတယ်၊ အိမ်တစ်လုံးနဲ့ ကားတစ်စီး လိုတယ်တဲ့၊ ဒီပိုက်ဆံတွေ ပေါင်းလိုက်ရင် အနည်းဆုံး ၆ သိန်း ရှိတယ်၊ အဲဒါတွေ အကုန်လုံး အစ်ကိုကြီးက ထုတ်ပေးရမယ်တဲ့"
အန်းတာ့ဖေ ပြောတာ ကြားတော့ ရွာသားတွေ လေအေးတစ်ချက် ရှူရှိုက်လိုက်မိပြီး အံ့သြစွာ ပြောလိုက်ကြသည်။ "သူတို့ အန်းယန် ယူမယ့် မိန်းမက ရွှေကိုယ်လုံးများ ဖြစ်နေမလား"
"ဒီအန်းတာ့နျန်ကလည်း တော်တော် လွန်လာပြီ။ သူတို့ အစ်ကိုကြီးက အန်းယန်ကို ကျွေးမွေးပြုစုပေးတာတင် မကဘူး၊ မိန်းမယူဖို့ပါ အစ်ကိုကြီးက တာဝန်ယူပေးရမယ်တဲ့၊ သူတို့က လောဘကြီးလွန်းမနေဘူးလား။ သူတို့ ပိုက်ဆံတွေက ဘာလုပ်ဖို့ ချန်ထားတာလဲ၊ သေရင် အခေါင်းထဲ ထည့်ယူသွားမလို့လား"
"အန်းတာ့နျန်တို့လင်မယားက တကယ်ပဲ လောဘကြီးလွန်းတယ်"
အန်းတာ့ဖေ မျက်လုံး ကလည်ကလည် လုပ်ပြီး ဆက်ပြောသည်။ "၆ သိန်း... ဒီလောက် ပိုက်ဆံအများကြီး တာ့ချွမ်း ဇနီးမောင်နှံက သေချာပေါက် မလိုလားဘူးပေါ့။ ဒါနဲ့ အန်းတာ့နျန် ဇနီးမောင်နှံက သူများ အိမ်ရှေ့မှာ ငိုယိုအော်ဟစ်ပြီး ရန်ရှာကြတယ်၊ ပြီးတော့ ပြောသေးတယ်၊ တကယ်လို့ တာ့ချွမ်းက အန်းယန် မိန်းမယူဖို့ ပိုက်ဆံမထုတ်ပေးရင် နောက်ပိုင်း သူတို့သေရင် အန်းယန်ကို အိုးမခွဲခိုင်းတော့ဘူးတဲ့၊ အဲဒါက အန်းတာ့ချွမ်းတို့လင်မယားကို ဒေါသထွက်စေခဲ့တာ"
"ဒီအန်းတာ့နျန်ကလည်း တော်တော် လွန်လွန်းတယ်၊ သူ့ဦးနှောက် ရေဝင်နေတာများလား" ရွာသား တစ်ယောက်က ဆဲဆိုလိုက်သည်။ "ဒီလို မိုက်မဲတဲ့ စကားမျိုး သူ ပြောထွက်သေးတယ်။ တကယ်ပဲ ကိုယ့်သားကို အန်းတာ့ချွမ်းရဲ့ သားလို့ ထင်နေတာလား၊ အရာအားလုံး အန်းတာ့ချွမ်းက တာဝန်ယူပေးရမယ်တဲ့"
"တကယ်ပဲ လူ့လောဘက သတ်လို့မသေဘူး ဆိုတာ ဒါမျိုးပဲ။ အန်းတာ့နျန်က သားတစ်ယောက် ရှိတာနဲ့ပဲ စိတ်ကြိုက် လုပ်ချင်ရာ လုပ်လို့ ရပြီ ထင်နေတာ"
"အဲဒီတုန်းက အန်းတာ့နျန်က ဒီစကား ပြောလိုက်တော့ အန်းရှောင်ဟွေရဲ့ ယောကျ်ားက အနားမှာ ရှိနေတာ၊ သူက နေရာမှာတင် ပြောလိုက်တယ်၊ နောက်ပိုင်း သူတို့ မွေးလာမယ့် ပထမဆုံး သားယောကျ်ားလေးက ယောက္ခမ အန်းမျိုးရိုး ယူမယ်၊ နောက်ပိုင်း သူတို့အတွက် အိုးခွဲပေးမယ့် မြေးတစ်ယောက် ရှိလာလိမ့်မယ်တဲ့"
"ဪ... ဒီလိုကိုး"
"ဒီလိုကြည့်ရင် ရှောင်ဟွေ ရှာတွေ့ထားတဲ့ ယောက်ျားက တကယ် သဘောထားကြီးပြီး သိတတ်တာပဲ။ ဒါကြောင့် တာ့ချွမ်းက ဒီသားမက်ကို အရမ်း သဘောကျနေတာ"
"ဒါကြောင့် တာ့ချွမ်း ဇနီးမောင်နှံမှာ အိုးခွဲပေးမယ့် မြေးအရင်း ရှိလာတော့မှာ၊ တူတစ်ယောက် အိုးခွဲပေးတာ လိုအပ်သေးလို့လား"
"ကျွတ် ကျွတ်... ဒီအန်းတာ့နျန်တို့မိသားစုတော့ ရှုံးသွားပြီ"
"တကယ်တော့ တာ့ချွမ်းက တစ်ပြားမှ မပေးလိုက်တာ မဟုတ်ပါဘူး။ အန်းတာ့နျန် ဇနီးမောင်နှံက သူများအိမ်ရှေ့မှာ အော်ဟစ်ဆူညံပြီးနောက် တာ့ချွမ်းက သူတို့ကို ၃ သောင်း ပေးလိုက်သေးတယ်၊ အဲဒါ အန်းယန် မိန်းမယူဖို့တဲ့၊ နောက်ပိုင်း သူ တစ်ပြားမှ ထပ်မပေးတော့ဘူးတဲ့"
"ဒီအန်းတာ့နျန်က အစ်ကိုကြီးဆီက ၃ သောင်း ရလိုက်တာတောင် တစ်ပြားမှ မရဘူးဆိုပြီး သူတို့ကို မောင်းထုတ်လိုက်တယ်လို့ လျှောက်ပြောနေတာ၊ တကယ့် လိမ်ညာနေတာပဲ။ သူများမှာ ကိုယ့်မြေးအရင်း အိုးခွဲပေးဖို့ ရှိနေပြီ၊ နောက်ပိုင်း အန်းယန် ဆိုတဲ့ တူကို မလိုအပ်တော့ဘူး၊ သူများက သူတို့ကို ၃ သောင်း ပေးလိုက်တာတင် မဆိုးဘူး။ တကယ်ပဲ သူများက သူတို့ကို ပေးမယ် ထင်နေတာလား"
"ဒီအန်းတာ့နျန်က တကယ်ပဲ ဂရုဏာတရားကို မရှိတော့ဘူး။ သားတစ်ယောက်ရှိတာနဲ့ အစ်ကိုကြီးကို အသေအလဲ အနိုင်ကျင့်နေတာ။ ကံကောင်းလို့ ရှောင်ဟွေက ထူးချွန်နေတာ၊ မဟုတ်ရင် သူတို့ အနိုင်ကျင့်တဲ့ ပုံစံနဲ့ ဆိုရင် တာ့ချွမ်းတို့လင်မယား အသက်ကြီးလာရင် ဘယ်လိုဘဝမျိုး ရောက်မလဲ မသိဘူး"
ဆွေးနွေးမှု လမ်းကြောင်းက ရုတ်တရက် ပြောင်းလဲသွားသလိုပဲ။
***
စိုက်ပျိုးရေးနေရာလွတ်က ငါ့ကိုချမ်းသာလာစေတယ်
အခန်း ၉၆၆ ။ အန်းရှောင်ဟွေ ထူးချွန်နေပြီ
တစ်ရက်တည်း အတွင်းမှာပင် အန်းမိသားစုရွာက ရွာသားတွေဟာ အန်းရှောင်ဟွေအကြောင်း ပြောတိုင်း မျက်လုံးထဲမှာ အားကျမှုတွေ ပေါ်လာပြီး "ရှောင်ဟွေ အဲဒီကောင်မလေးက တကယ် ထူးချွန်တာပဲ" လို့ မချီးကျူးဘဲ မနေနိုင်ကြတော့ဘူး။
တစ်လ လစာ တစ်သောင်းကျော် ဆိုတာက သူတို့ လယ်သမားတွေ တစ်နှစ်ပတ်လုံး ရှာရင်တောင် မရနိုင်တဲ့ ပိုက်ဆံလေ။
"အန်းတာ့ချွမ်း ဇနီးမောင်နှံက သမီးနောက်လိုက်ပြီး စံစားရတော့မယ်"
ဟုတ်ပါတယ်... အချို့လူများကမူ မနာလို ဝန်တိုစိတ်ဖြင့် ပြောဆိုနေကြသည်။ "ဟဟ... အန်းရှောင်ဟွေ အဲဒီကောင်မလေး ဘယ်လောက်ပဲ ပိုက်ဆံရှာတတ်တတ် ယောကျ်ားဘက်က အိမ်အတွက် ရှာပေးတာပဲ မဟုတ်လား။ အန်းတာ့ချွမ်းအတွက် ရှာပေးတာမှ မဟုတ်တာ။ ငါတို့က အခု အန်းတာ့ချွမ်း ပြောတာ နားထောင်နေရုံပဲ ရှိသေးတာ၊ အန်းရှောင်ဟွေက သူတို့ကို အိုစာမင်းစာ ကျွေးမယ်တဲ့၊ နောက်ပိုင်း အဲဒီလို ဖြစ်လာမလားဆိုတာ ဘယ်သူ သိမှာလဲ"
"ဟုတ်တယ်... သမီးမိန်းကလေး ဆိုတာ သမီးမိန်းကလေးပါပဲ။ အိမ်ထောင်ပြုသွားတဲ့ သမီးမိန်းကလေးက ရေသွန်လိုက်သလိုပဲ။ အန်းရှောင်ဟွေက ပုံမှန် အန်းတာ့ချွမ်းကို ပိုက်ဆံနည်းနည်း ပေးသုံးတာတင် မဆိုးဘူး၊ အိုစာမင်းစာ ကျွေးမယ် ဆိုတာတော့ သိပ်မဖြစ်နိုင်ဘူး ထင်တယ်"
"ဟဟ... ဘာ မဖြစ်နိုင်စရာ ရှိလဲ။ သူတို့ ဒီတစ်ခေါက် သမီးထည့်ပေးလိုက်တာ တင်တောင်းငွေတင် သူတို့ တစ်သက်လုံး စားမကုန်တော့ဘူး။ နောက်ပိုင်း သူတို့ တကယ် အိုမင်းမစွမ်း ဖြစ်သွားရင်တောင် ရှောင်ဟွေတို့ဇနီးမောင်နှံက ထိုင်ကြည့်နေမှာလား"
"ဟုတ်တယ်... ရှောင်ဟွေက ထူးချွန်ပြီး ပိုက်ဆံရှိတော့ နောက်ပိုင်း မိဘတွေကို ပြုစုစောင့်ရှောက်ဖို့ ပိုက်ဆံထုတ်ပြီး အိမ်ဖော်ငှားပေးလိုက်ရင် အဲဒါကလည်း သိတတ်တာ တစ်မျိုးပဲ"
"သားသမီးတွေ ဘေးနားမှာ မရှိဘဲ ပြုစုစောင့်ရှောက်တာက ဘာသိတတ်တာလဲ။ သားမရှိရင်... ဟဟ..."
"နင် မပြောနဲ့၊ လူအများကြီးက သားရှိတော့ရော ဘာဖြစ်လဲ။ အန်းကျိုးပမ်း အိမ်လိုပေါ့၊ သား ၅ ယောက် မွေးထားတယ်၊ အခု ဘယ်သားကမှ အဖေအိုကြီးကို မကျွေးမွေးချင်ကြဘူး။ အခု ၇၀၊ ၈၀ ရှိနေပြီ၊ ကိုယ့်ဘာသာ ချက်ပြုတ်စားသောက်နေရတယ်၊ အသက်ကြီးလာလို့ ဘာအလုပ်မှ မလုပ်နိုင်တော့ဘူး၊ ရွာသားတွေက တစ်နပ်ရှိ တစ်နပ်ငတ် ဟင်းရွက်တချို့ ပေးကမ်းတာကို မှီခိုနေရတာ မဟုတ်ဘူးလား"
"ဟဟ... ဒီလို သားရှိတာထက် သားမရှိတာကမှ ကောင်းဦးမယ်။ တစ်သက်လုံး ပင်ပင်ပန်းပန်း လုပ်လာပြီး သားတွေကို မိန်းမပေးစားခဲ့တယ်၊ တစ်သက်လုံး စုဆောင်းထားတာတွေ ကုန်သွားပြီ၊ အိမ်ခြံမြေတွေ ခွဲဝေပေးပြီးပြီ၊ ရလဒ်ကတော့ အိုလာတဲ့အခါ နေစရာ နေရာတောင် မရှိတော့ဘူး၊ တစ်နပ်ရှိ တစ်နပ်ငတ်နဲ့ အသက်ဆက်နေရတယ်၊ နောက်ပိုင်း ဘယ်လို နေရမလဲ မသိဘူး"
"ဒါဆို ဘယ်သူက သား ၄ ယောက် မရှိလို့လဲ..."
ချက်ချင်းဆိုသလို ရွာထဲမှာ သားအများကြီး ရှိပေမဲ့ အိုစာမင်းစာ မကျွေးတဲ့ အတင်းအဖျင်းတွေ၊ ဆွေးနွေးမှုတွေ အမျိုးမျိုး ထွက်ပေါ်လာတယ်။
….
နှစ်ရက်ကြာပြီးနောက် မင်္ဂလာဆောင် စီစဉ်ရေး အဖွဲ့က အန်းမိသားစုရွာကို ရောက်လာသည်။
အန်းမိသားစုရွာက ရွာသားတွေက တောက်တောက်ပြောင်ပြောင် လှလှပပ ဝတ်စားထားတဲ့ လူငယ်တွေကို ကြည့်ပြီး သိချင်စိတ်နဲ့ မေးလိုက်ကြသည် "နင်တို့ ဘယ်သူတွေလဲ"
"အန်တီ... မင်္ဂလာပါ။ ကျွန်မတို့က မင်္ဂလာဆောင် စီစဉ်ရေးအဖွဲ့ကပါ။ ကျွန်မတို့က အန်းရှောင်ဟွေနဲ့ ဝမ်ကျန့်ခိုင်တို့ရဲ့ ဖိတ်ကြားမှုအရ သူတို့ မင်္ဂလာဆောင်ကို စီစဉ်ပေးဖို့ ရောက်လာတာပါ" လှပသော အမျိုးသမီး တစ်ဦးက မေးလိုက်သည်။ "မစ္စတာ အန်းတာ့ချွမ်းရဲ့ အိမ်က ဘယ်နားမှာလဲ သိလား"
"ဪ... တာ့ချွမ်းအိမ်ကို ရှာတာလား။ သူတို့အိမ်က..." ရွာသားများက လမ်းညွှန်ပေးလိုက်သည်။
သူတို့ မင်္ဂလာဆောင် စီစဉ်ရေးဆိုတာ ဘာလဲ နားမလည်ပေမဲ့ အန်းတာ့ချွမ်းအိမ်ကို ရှာတယ်၊ မင်္ဂလာဆောင် ဆိုတဲ့ စကားလုံးတွေ ပါလာတယ် ဆိုတော့ အန်းရှောင်ဟွေ မင်္ဂလာဆောင်အတွက် လာတာဖြစ်မယ်လို့ နားလည်လိုက်ကြတယ်။
သိချင်စိတ် ပြင်းပြနေသော ရွာသားအချို့နှင့် ကလေးများသည် ကားမောင်းလာသော သူတို့နောက် လိုက်သွားပြီး ဘာဖြစ်လဲ ဆိုတာ ကြည့်ချင်ကြသည်။
အန်းတာ့ချွမ်း အိမ်ရောက်တော့ အန်းတာ့ချွမ်းက ဒီလူတွေကို မြင်တာနဲ့ လှိုက်လှိုက်လှဲလှဲ ကြိုဆိုလိုက်တယ်။
"မင်းက မန်နေဂျာလျို မဟုတ်လား"
"ဟုတ်ပါတယ်၊ ဦးလေးက မစ္စတာအန်း ထင်တယ်။ ကျွန်မတို့က အန်းရှောင်ဟွေနဲ့ ဝမ်ကျန့်ခိုင် တို့ရဲ့ ဖိတ်ကြားမှုအရ မင်္ဂလာဆောင် စီစဉ်ပေးဖို့ ရောက်လာတာပါ"
"အင်း... အင်း... ဟုတ်တယ်၊ ဝင်ကြ၊ ဝင်ကြ" အန်းတာ့ချွမ်းက လှိုက်လှိုက်လှဲလှဲ ဖိတ်ခေါ်လိုက်သည်။
တစ်ယောက်က အမေအန်းကို ဆွဲပြီး သိချင်စိတ်ဖြင့် မေးလိုက်သည်။ "ဒီလူတွေက ဘာလာလုပ်ကြတာလဲ"
အမေအန်းက ပြောသည်။ "သူတို့က ရှောင်ဟွေ မင်္ဂလာဆောင်အတွက် လာစီစဉ်ပေးကြတာ"
ရွာသား တစ်ယောက်က နားမလည်နိုင် ဖြစ်သွားသည်။ "ငါတို့ဆီက မင်္ဂလာဆောင် ဆိုတာ ဒီလိုလို ဟိုလိုလို လုပ်ကြတာပဲ မဟုတ်ဘူးလား။ ဘာစီစဉ်စရာလိုသေးလို့လဲ"
အမေအန်းက ပြုံး၍ ပြောလိုက်သည်။ "ငါ့သမီး ရှောင်ဟွေ ပြောတာတော့ သူတို့က အနောက်တိုင်းစတိုင် မင်္ဂလာဆောင် လုပ်ချင်တာတဲ့"
"အနောက်တိုင်းစတိုင် မင်္ဂလာဆောင်ဆိုတာ ဘာလဲ"
"အင်း... တီဗီထဲကလိုပဲလေ၊ အဖြူရောင် မင်္ဂလာဝတ်စုံ ဝတ်ပြီး... အင်း... ဒါ ဘယ်လို ပြောရမလဲ" ကျေးလက်ဒေသက လူတစ်ယောက်အနေနဲ့ အမေအန်းလည်း အနောက်တိုင်းစတိုင် မင်္ဂလာဆောင် ဆိုတာ ဘာလဲ သေချာ မပြောတတ်ဘူး။ ဒါပေမဲ့ သမီးက အနောက်တိုင်းစတိုင် မင်္ဂလာဆောင် ပိုကြိုက်တယ် ဆိုတော့ သူတို့ လိုက်လျောလိုက်တာပေါ့။
တကယ်တော့ သူတို့လည်း အနောက်တိုင်းစတိုင် မင်္ဂလာဆောင် ဆိုတာ ဘယ်လိုမျိုးလဲ ဆိုတာ မျက်မြင်ကိုယ်တွေ့ ကြည့်ချင်ကြတယ်။
ရွာသား တစ်ယောက်က ချက်ချင်း ပြောလိုက်သည်။ "မင်္ဂလာကိစ္စမှာ အဖြူရောင် ဝတ်တာလား၊ နိမိတ်မရှိ ဖြစ်မနေဘူးလား"
အမေအန်း မျက်နှာထား တင်းမာသွားပြီးနောက် ပြုံး၍ ပြောလိုက်သည်။ "ငါ့သမီး ရှောင်ဟွေ ပြောတာကတော့ အနောက်တိုင်းစတိုင် မင်္ဂလာဆောင်မှာ အဖြူရောင် မင်္ဂလာဝတ်စုံ ဝတ်တာက အချစ်မေတ္တာရဲ့ မြင့်မြတ်မှု၊ သန့်ရှင်းစင်ကြယ်မှုနဲ့ ပြည့်စုံမှု ဆိုတဲ့ အဓိပ္ပာယ်ရတယ်တဲ့။ တကယ်တော့ ဒါတွေက မြို့ကြီးပြကြီးက လူတွေ လက်ထပ်ရင် လုပ်လေ့ရှိတဲ့ ပုံစံတွေပါ၊ ငါတို့ တောသားတွေက တကယ် နားမလည်ကြဘူး"
အမေအန်းရဲ့ နောက်ဆုံး စကားက စောစောက ရွာသားရဲ့ စကားကို ပြန်ပက်လိုက်တာပါ။ သူတို့ တောသားတွေက ဗဟုသုတ မရှိလို့ ဘာမှ နားမလည်ဘဲ ပြောထွက်လာတဲ့ စကားတွေက ရယ်စရာ ဖြစ်နေတယ်ဆိုတဲ့ သဘော။
ရွာသားများ အမေအန်း၏ စကားကို ကြားသောအခါ လေထု အခြေအနေ တင်းမာသွားသည်။
ထို့နောက် ရွာသား တစ်ယောက်က အနေခက်မှုကို ဖြိုခွင်းလိုက်ပြီး ပြုံးလျက် ပြောလိုက်သည်။ "ဟဟ... ငါတို့လည်း အနောက်တိုင်းစတိုင် မင်္ဂလာဆောင် ဆိုတာ ဘယ်လို ပုံစံလဲ ဆိုတာ တကယ် မြင်ဖူးချင်တယ်။ အရင်တုန်းက တီဗီမှာ နေ့တိုင်း ကြည့်ဖူးတယ်၊ မင်္ဂလာဆောင်နေရာ ပြင်ဆင်ထားတာ တကယ် လှပတယ်"
"ဟုတ်တာပေါ့... တီဗီပေါ်က လက်ထပ်တဲ့ လူတွေလည်း အဖြူရောင် မင်္ဂလာဝတ်စုံ ဝတ်ကြတာပဲ မဟုတ်လား။ ဟဟ... ငါတို့က ဗဟုသုတ မရှိလို့ အဖြူရောင် မင်္ဂလာဝတ်စုံရဲ့ အဓိပ္ပာယ်ကို မသိကြတာပါ"
အမေအန်းက ရွာသားတွေ ပြောတာ ကြားတော့ ပြုံးပြီး ပြောလိုက်သည်။ "ဒီနေ့ ငါတို့အိမ်မှာ အရေးကြီး ကိစ္စ လုပ်စရာရှိလို့ အားလုံးကို မဧည့်ခံတော့ဘူးနော်"
အမေအန်း အိမ်ထဲ ဝင်သွားပြီးနောက် အပြင်က ရွာသားတွေ ဆွေးနွေးနေကြတုန်းပဲ။
"ကျွတ် ကျွတ်... မြို့ကြီးပြကြီး သွားဖူးတဲ့ လူတွေက ဗဟုသုတ ကွာခြားတာပဲ"
"ဟုတ်တယ်... ဘာမဆို မြို့ကြီးပြကြီးက ပုံစံမျိုး လိုက်လုပ်ချင်ကြတယ်၊ ပိုက်ဆံ ဘယ်လောက် ကုန်မလဲ မသိဘူး"
"နင်တို့ မကြားမိဘူးလား။ တာ့ချွမ်းရဲ့ သမီးနဲ့ သားမက်က သူတို့ကို ယွမ် ၃ သိန်းစီ ပေးထားတယ်တဲ့၊ စုစုပေါင်း ၆ သိန်း၊ မင်္ဂလာဆောင် ပြင်ဆင်ဖို့ မလောက်ဘူးလား။ ၆ သိန်း... ကျွတ် ကျွတ်... အန်းတာ့နျန်က သူ့အစ်ကိုကြီးကို အန်းယန် မိန်းမယူဖို့ ၆ သိန်း ထုတ်ပေးခိုင်းတာ အံ့သြစရာ မဟုတ်တော့ဘူး၊ တာ့ချွမ်းအိမ်က အခု တကယ် ချမ်းသာနေပြီပဲ"
"တာ့ချွမ်းလည်း ကံကောင်းတာပဲ၊ သမီးကောင်း တစ်ယောက် မွေးထားတာ"
ထို့နောက် တစ်ယောက်က လှောင်ပြောင် ပြောဆိုလိုက်ပြန်သည်။
"ဟဟ... ဘာကံကောင်းတာလဲ။ ကံကောင်းရင် သမီးတစ်ယောက်တည်း မွေးမလား၊ သားတစ်ယောက်တောင် မရှိဘူး" ပြောတဲ့လူမှာ သား ၃ ယောက် ရှိတယ်။
သား ၃ ယောက် မွေးထားတာက သူ့ရဲ့ ဂုဏ်ယူစရာပဲ။
အခု သမီးတစ်ယောက်တည်း မွေးထားတဲ့ အန်းတာ့ချွမ်းက အားကျစရာကောင်းတဲ့ ဘဝမျိုး နေနေရတော့ သူ စိတ်ထဲမှာ မနာလို ဖြစ်နေတယ်။
"ဟဟ... နင့်မှာ အခု သား ၃ ယောက် ရှိတော့ရော ဘာဖြစ်လဲ။ မိန်းမ မရကြသေးဘူးလေ။ အကြီးဆုံးက ၂၈ နှစ် ရှိနေပြီ။ အခု မယူရင် လူပျိုကြီး ဖြစ်တော့မယ်" တစ်ယောက်က ချက်ချင်း ပြန်ပြောလိုက်သည်။ "နင်က နင့်သား ၃ ယောက်ရဲ့ မင်္ဂလာကိစ္စ ဘယ်လိုလုပ်မလဲဆိုတာပဲ စိတ်ပူလိုက်ပါဦး"
အန်းတာ့ချွမ်းအိမ်က အခု ပိုက်ဆံရှိနေပြီ ဆိုတော့ ရွာသား အများအပြားက လေသင့်ရာ ရွက်လွှင့်ကြတာပေါ့။ နောက်ကျ အန်းတာ့ချွမ်းရဲ့ အကူအညီ လိုအပ်လာနိုင်တယ်လေ။
သူတို့အိမ်မှာ သားမရှိပေမဲ့ အရည်အချင်းရှိတဲ့ သမီးတစ်ယောက် ရှိတယ်လေ။
ကြည့်ပါဦး... အန်းရှောင်ဟွေ အဲဒီကောင်မလေး၊ အသက် ဘယ်လောက်ပဲ ရှိသေးလို့လဲ၊ မင်္ဂလာဆောင် ပြင်ဆင်ဖို့ တစ်ခါတည်းနဲ့ ၃ သိန်း ထုတ်ပေးနိုင်တယ်။
၃ သိန်း... သူတို့ တစ်သက်လုံး ဒီလောက် ပိုက်ဆံအများကြီး မမြင်ဖူးဘူး။
ထိုလူ ချက်ချင်း အသံတိတ်သွားသည်။
သူ့မှာ သား ၃ ယောက် ရှိတာ အမှန်ပဲ၊ အကြီးဆုံးက ၂၈ နှစ်၊ အငယ်ဆုံးက ၂၂ နှစ်၊ သား ၃ ယောက်လုံး မိန်းမမရသေးဘူး။ တစ်ချက်က အိမ်မှာ ပိုက်ဆံမရှိလို့၊ နောက်တစ်ချက်က အိမ်က အရမ်း စုတ်ပြတ်နေလို့၊ မိသားစု တစ်ခုလုံး အိပ်ခန်း ၃ ခန်း၊ ဧည့်ခန်း ၁ ခန်း ပါတဲ့ မြေစိုက်အိမ်လေးထဲမှာ ပြည့်ကြပ်နေအောင် နေရတာ၊ မိုးရွာရင် နေရာအနှံ့ ယိုသေးတယ်။
ဒီလို အခြေအနေမျိုး ဘယ်မိန်းကလေးက ကြိုက်မှာလဲ။
ဟဟ... တကယ်တော့ ပြောရရင် ရယ်စရာကောင်းတယ်၊ သူတို့ လူအုပ်စုက သားတွေ၊ မြေးတွေ ရှိတဲ့ လူတွေ၊ အခုကျတော့ သမီးတစ်ယောက်တည်း ရှိတဲ့ အိမ်ကို အားကျနေကြတယ်။
မင်္ဂလာဆောင် စီစဉ်ရေး အဖွဲ့က အန်းမိသားစုရွာမှာ မင်္ဂလာဆောင်နေရာ ပြင်ဆင်ဖို့ အမြန်ဆုံး အတည်ပြုလိုက်တယ်။
အန်းအိမ်နဲ့ ဝမ်အိမ်က အရမ်း ဝေးကွာနေတော့ မင်္ဂလာဆောင်ကို အန်းမိသားစုရွာမှာ တိုက်ရိုက် လုပ်လိုက်တယ်။
အန်းရှောင်ဟွေ ခွင့်ယူပြီး အိမ်ပြန်ရောက်တဲ့အခါ ဒီစီစဉ်ရေးသမားတွေက အန်းရှောင်ဟွေနဲ့ ရှောင်ဝမ်တို့ကို မေးမြန်းပြီးနောက် မင်္ဂလာဆောင်နေရာကို စတင် ပြင်ဆင်ကြတယ်။
အရင်တုန်းက အားလုံးက အန်းရှောင်ဟွေ ရှာထားတဲ့ ယောက်ျားက ဗိုက်ပူပူ ထိပ်ပြောင်ပြောင် သခင်ကြီး ဖြစ်မယ်လို့ ထင်ထားကြတာ။ အန်းရှောင်ဟွေက ယောက်ျားကို ခေါ်လာတော့ ငယ်ရွယ်ပြီး ချောမောခန့်ညားတဲ့ လူငယ်လေးကို မြင်လိုက်ရတော့ တကယ် မယုံကြည်နိုင် ဖြစ်သွားကြတယ်။
ဒီလောက် ငယ်ရွယ်ပြီး ချောမောခန့်ညားတဲ့ လူငယ်လေး၊ မိသားစု အခြေအနေလည်း မဆိုးဘူးလို့ ကြားတယ်၊ မိန်းမမရနိုင်တဲ့ အခြေအနေမျိုး မဟုတ်လောက်ဘူး၊ သူက ဘာလို့ သူ့ရဲ့ ပထမဆုံး သားကို မိန်းမမျိုးရိုး ပေးဖို့ သဘောတူလိုက်ရတာလဲ။ ကံကောင်းလို့ သားမက် အိမ်ခေါ်တင်တာ မဟုတ်လို့၊ မဟုတ်ရင် တကယ် နှမြောစရာ ကောင်းမှာ။
ဒါပေမဲ့ ရှောင်ဝမ်အိမ်ဘက်က လူတွေက အရမ်း ဝေးကွာနေတော့ လာဖို့ အဆင်မပြေကြဘူး။ ရှောင်ဝမ်က မိသားစုကို ဘယ်လို ဖိတ်ခေါ်မလဲ။ မိဘတွေက အသက်ကြီးနေပြီ၊ ခရီးဝေးတော့ လာဖို့ မလွယ်ကူဘူး။ ဒါပေမဲ့ သူ့အစ်ကို ၃ ယောက်ထဲက အစ်ကိုကြီး ဇနီးမောင်နှံနဲ့ တူ၊ တူမ နှစ်ယောက်က ဝမ်မိသားစု ကိုယ်စားလှယ် အနေနဲ့ မင်္ဂလာဆောင်ကို လာတက်ရောက်ကြတယ်။ ကျန်တဲ့ အစ်ကိုနှစ်ယောက်နဲ့ ကျန်တဲ့ မိသားစုဝင်တွေက အိမ်မှာ မင်္ဂလာဆောင်ပြင်ဆင်နေကြတယ်။
ဘာပဲပြောပြော သူတို့က မင်္ဂလာဆောင် နှစ်ပွဲ လုပ်မှာလေ၊ တစ်ပွဲက အန်းမိသားစုရွာမှာ၊ တစ်ပွဲက ဝမ်မိသားစုမှာ။
ဒါပေမဲ့ ကုန်းထျန်းဟောက်က ရှောင်ဝမ်မှာ ဆွေမျိုး သိပ်မလာနိုင်တာသိလို့ လက်မထပ်ရသေးတဲ့ လက်အောက်ငယ်သား တချို့ကို ရှောင်ဝမ်ရဲ့ သတို့သားအရံအဖြစ် ရှောင်ဝမ်နဲ့အတူ မင်္ဂလာဆောင် တက်ရောက်ဖို့ စေလွှတ်လိုက်တယ်။
"ကျွတ် ကျွတ်... ရှောင်ဟွေ အဲဒီကောင်မလေးက ထူးချွန်တာပဲ၊ ရှာထားတဲ့ ယောက်ျားက အရပ်ရှည်ပြီး ချောမောတယ်၊ ပိုက်ဆံရှိတယ်၊ ပြီးတော့ သဘောထားကြီးပြီး သဘောပေါက် နားလည်လွယ်တယ်။ ကြည့်ရတာ မိန်းကလေးတွေ စာများများဖတ်တာ ကောင်းတဲ့ကိစ္စပဲ၊ ပညာတတ်ရင် အနည်းဆုံးတော့ ပိုက်ဆံရှိတဲ့ ယောက်ျားတစ်ယောက် ရှာတွေ့နိုင်တယ်၊ နောက်ကျ အိမ်ကို ပြန်ကူညီပေးနိုင်တာပေါ့"
လူတချို့က ရုတ်တရက် အသိဉာဏ် ပွင့်လင်းသွားသလိုပဲ၊ မိန်းကလေးတွေ စာများများဖတ်တာ ကောင်းတယ်လို့ ထင်လာကြတယ်။
သူတို့ရဲ့ ရည်ရွယ်ချက်ကတော့ စာဖတ်ပြီး ပညာတတ်ရင် ပိုက်ဆံရှိတဲ့ ယောက်ျား ရှာတွေ့နိုင်မယ်၊ မိဘအိမ်ကို ပိုကောင်းကောင်း ကူညီပေးနိုင်မယ် ဆိုတာပါပဲ။
"ဒီရှောင်ဟွေ အဲဒီကောင်မလေးက ငါတို့ အန်းမိသားစုရွာကနေ ပျံသန်းထွက်ခွာသွားတဲ့ ရွှေရောင်ဖီးနစ်ငှက်ပဲ။ ကိုယ်တိုင်လည်း ထူးချွန်ပြီး ပိုက်ဆံရှာနိုင်တယ်၊ ရှာထားတဲ့ ယောက်ျားကလည်း ပိုက်ဆံရှိတဲ့သူပဲ၊ နောက်ပိုင်း ဘဝက ဘယ်လောက် ကောင်းမွန်မလဲ မသိဘူး" တစ်ချက်တည်းနဲ့ ၉၉၉၉၉၉ ယွမ် ထုတ်ပေးနိုင်တာ ပိုက်ဆံရှိတာ သေချာတာပေါ့။
"နောက်ပိုင်း တာ့ချွမ်း ဇနီးမောင်နှံက ရှောင်ဟွေနဲ့အတူ စံစားရတော့မယ်။ ရှောင်ဟွေ မွေးလာတဲ့ ပထမဆုံး သားက သူတို့ အန်းမျိုးရိုး မြေးအရင်း ဖြစ်လာမယ်၊ သားသမီးမြေးမြစ် အိုးခွဲပေးမယ့်သူ မရှိမှာ စိုးရိမ်စရာ မလိုတော့ဘူး"
"ငါ တာ့ဖေဆီက ကြားတာတော့ အန်းတာ့ချွမ်းက အန်းရှောင်ဟွေ ဇနီးမောင်နှံနဲ့ အတူမနေပေမဲ့ အန်းရှောင်ဟွေက သူတို့အတွက် အနီးအနားမှာ နောက်ထပ် အိမ်တစ်လုံး ဝယ်ပေးမယ်တဲ့၊ ပြုစုစောင့်ရှောက်ရ လွယ်အောင်လို့"
"ဟာ... ဒီလိုဆိုရင် သားမွေးထားတာနဲ့ ဘာကွာခြားတော့မလဲ"
"ဟုတ်တယ်... အန်းတာ့ချွမ်းက ဒီတစ်ခါတော့ အိုလာရင် အိုစာမင်းစာ ကျွေးမယ့်သူ မရှိမှာ မပူရတော့ဘူး၊ အိုးခွဲပေးမယ့်သူ မရှိမှာလည်း မပူရတော့ဘူး၊ ဒါက သားရှိတာနဲ့ ဘာမှ မခြားနားတော့ဘူး"
"ကြည့်ရတာ တစ်ခါတလေ သမီးမွေးတာလည်း မဆိုးပါဘူး" တစ်ယောက်က သက်ပြင်းချလိုက်သည်။ "ငါ ကြားတာတော့ ရှောင်ဟွေ အဲဒီကောင်မလေး အလုပ်လုပ်တဲ့ ကုမ္ပဏီကြီးရဲ့ သူဌေးက မိန်းကလေး တစ်ယောက်တဲ့"
"ဒါ တကယ်လား" တစ်ယောက်က ထူးဆန်းသလို ပြောလိုက်သည်။ "ဒီလိုဆိုရင် ငါတို့က မိန်းကလေးတွေ အများကြီးကို နှောင့်နှေးစေခဲ့တာပေါ့"
"တကယ် ဖြစ်နိုင်တယ်။ အရင်တုန်းက ငါ့သမီး စာမေးပွဲ အမှတ်တွေလည်း အရမ်းကောင်းတာ၊ အတန်းထဲမှာ ပထမ၊ ဒုတိယ ရတာ။ တကယ်လို့ သူ့ကို ဆက်တက်ခိုင်းရင် ရှောင်ဟွေလိုမျိုး ထူးချွန်လာမလား မသိဘူး" အမျိုးသမီး တစ်ဦးက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
သူမ ဒီလိုပြောလိုက်တော့ တခြားလူတွေလည်း အဲဒီလို ထင်လာကြသည်။
"ရှောင်ဟွေလို ထူးချွန်လာရင် အနည်းဆုံးတော့ သူ အိမ်ထောင်မပြုခင် ရှာသမျှ ပိုက်ဆံတွေက အိမ်အတွက် ဖြစ်မှာ၊ ယောကျ်ားဘက်က အိမ်အတွက် မဟုတ်ဘူး" တစ်ယောက်က တွေးရင်းနဲ့ နှမြောလာတယ်။ "တစ်လ တစ်သောင်း လစာနဲ့ ဆိုရင် ၃ နှစ်ဆို ၃ သိန်း ရှိပြီ။ ဒါက သူ့ကို စောစောစီးစီး အိမ်ထောင်ချပေးလိုက်ပြီး ထောင်ဂဏန်း၊ သောင်းဂဏန်းလောက်ပဲ ရတဲ့ တင်တောင်းငွေထက် သာလွန်တာပေါ့။ ပြီးတော့ ကျောင်းတက်တဲ့ ပိုက်ဆံက တစ်နှစ်ပတ်လုံးမှ ရာဂဏန်းလောက်ပဲ ကုန်တာ"
ပြောရင်း ပြောရင်းနဲ့ ပိုပြီး ရှုံးတယ်လို့ ခံစားလာရတယ်။
"ဟုတ်တယ်... နင်တို့ ကြည့်လိုက်၊ ရှောင်ဟွေက တစ်ချက်တည်းနဲ့ သိန်းချီ ထုတ်ပေးလိုက်တာ၊ အဲဒီလစာက တစ်လ တစ်သောင်းထက် မကဘူး သေချာတယ်။ သူ တက္ကသိုလ် ဘွဲ့ရပြီး အလုပ်လုပ်တာ ဘယ်နှနှစ် ရှိသေးလို့လဲ၊ ၃ နှစ်လောက်ပဲ ရှိသေးတာ"
"ကြည့်ရတာ နောက်ပိုင်း မိန်းကလေးတွေကို ကျောင်းထားပေးရမယ် ထင်တယ်။ ကံကောင်းရင် ပညာတတ် ဖြစ်သွားပြီး နောက်ပိုင်း ထူးချွန်လာရင် အိမ်ထောင်မပြုခင် ပိုက်ဆံရှာတာ အပြင် အိမ်ထောင်ပြုပြီးရင်လည်း မိဘအိမ်ကို ကောင်းကောင်း ကူညီပေးနိုင်မှာ မဟုတ်လား"
"ဟုတ်တယ်၊ ဟုတ်တယ်" တစ်ယောက်က ထောက်ခံလိုက်သည်။ "ကလေးတစ်ယောက် ကျောင်းထားပေးရတာ ပင်ပန်းပေမဲ့ နောက်ပိုင်း ထွက်ပေါက်တစ်ခု ဖြစ်လာနိုင်တာပဲ မဟုတ်လား"
အန်းရှောင်ဟွေ ကိုယ်တိုင်တောင် မထင်မှတ်ထားခဲ့ဘူး၊ မင်္ဂလာဆောင် တစ်ခုတည်းနဲ့ အန်းမိသားစုရွာက မိန်းကလေးတွေ ကျောင်းမတက်ရတဲ့ ကံကြမ္မာကို ပြောင်းလဲပေးနိုင်ခဲ့မယ်၊ နောက်ပိုင်း မိန်းကလေးတွေ အကုန်လုံး ကျောင်းတက်ခွင့် ရလာမယ် ဆိုတာကို။
တကယ်ပါပဲ... နောက်ပိုင်း နှစ်အနည်းငယ် အတွင်းမှာ ရွှေရောင်ဖီးနစ်ငှက် အနည်းငယ် ထပ်ထွက်လာခဲ့တယ်။
ထိုသို့ဖြင့် အန်းမိသားစုရွာ ရွာသားတွေရဲ့ အတွေးအခေါ်တွေလည်း တဖြည်းဖြည်း ပြောင်းလဲလာလေသည်။
***