← Chapters

အခန်း (၉၆၇-၉၆၈)

Vol. 59 Ch. 967-968

အခန်း (၉၆၇-၉၆၈)

Vol. 59 Ch. 967-968

အခန်း ၉၆၇ ။ အန်းရှောင်ဟွေ၏ မင်္ဂလာပွဲ (အပိုင်း ၂)

"ဝါး... ဒီနေရာကို ပြင်ဆင်ထားတာ တကယ် လှတာပဲ"

အန်းမိသားစုရွာ၏ နေရာတစ်နေရာတွင် ရွာသားများ၊ ကလေး၊ လူကြီး၊ ယောက်ျား၊ မိန်းမ အားလုံး စုဝေးနေကြသည်။ သူတို့၏ မျက်လုံးများ တောက်ပနေပြီး နေရာတစ်ခုကို လက်ညှိုးထိုးပြကာ ဆွေးနွေးပြောဆိုနေကြသည်။ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုနှင့် ပျော်ရွှင်မှုများ ပေါ်လွင်နေသည်။

"ဒါ အနောက်တိုင်းစတိုင် မင်္ဂလာဆောင်နေရာ ပြင်ဆင်ထားတာ ဆိုတာလား"

"ဟုတ်လောက်တယ်။ အရင်တုန်းက တီဗီမှာ နေ့တိုင်း မြင်နေရတာ ဒီလိုပုံစံမျိုးပဲ။ ဒီလို ပြင်ဆင်ထားတာ ကြည့်ရတာ တကယ် လှလွန်းတယ်"

မင်္ဂလာဆောင် စီစဉ်ရေး ကုမ္ပဏီမှ ပြင်ဆင်ထားသော အနောက်တိုင်းစတိုင် မင်္ဂလာဆောင် နေရာသည် ဗဟုသုတ မရှိသော ကျေးလက်ဒေသက လူများအတွက်မူ အမှန်တကယ် လှပနေသည်။

ရောင်စုံပူဖောင်းများ၊ ဖဲကြိုးများ၊ ပန်းစည်းများ၊ မြက်ခင်းပြင်များ စသဖြင့် ပြင်ဆင်ထားသော မင်္ဂလာဆောင် နေရာသည် သူတို့အတွက် တစ်သက်တာတွင် ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်ပေလိမ့်မည်။

"ကြည့်ပါဦး... ဒါ ရှောင်ဟွေ အဲဒီကောင်မလေးနဲ့ သူ့ယောက်ျားရဲ့ မင်္ဂလာဆောင် ဓာတ်ပုံလား။ ရိုက်ထားတာ တကယ် လှတာပဲ" တစ်ယောက်က မင်္ဂလာဆောင် နေရာ ဝင်ပေါက်တွင် ထားရှိသော ဓာတ်ပုံကို လက်ညှိုးထိုးပြပြီး သိချင်စိတ်ဖြင့် မေးလိုက်သည်။

အန်းရှောင်ဟွေ၏ လှပသော မင်္ဂလာဆောင် ဓာတ်ပုံကို ကြည့်ပြီး အမျိုးသမီး အများစု၏ မျက်လုံးထဲတွင် အားကျမှုများ ပေါ်လာသည်။

တစ်သက်မှာ တစ်ခါ မင်္ဂလာဆောင်ရတာ ဘယ်မိန်းကလေးက အမှတ်တရ အနေနဲ့ လှပတဲ့ မင်္ဂလာဆောင် ဓာတ်ပုံ မရိုက်ချင်ဘဲ နေမလဲ။

ဒါပေမဲ့ ကျေးလက်ဒေသက အမျိုးသမီးတွေ အတွက်တော့ မင်္ဂလာဆောင် ဓာတ်ပုံ မပြောနဲ့၊ ဓာတ်ပုံဆိုင်သွားပြီး ရိုးရိုးဓာတ်ပုံ တစ်ပုံ ရိုက်ဖို့တောင် ဇိမ်ခံပစ္စည်း တစ်ခုလို ဖြစ်နေတယ်။

ဘာပဲပြောပြော ဓာတ်ပုံရိုက်တာက ပိုက်ဆံကုန်တယ်လေ။

လူကြီးတွေ အမြင်မှာတော့ ဒါက အဓိပ္ပာယ်မရှိတဲ့ ကိစ္စ လုပ်နေတာ၊ ပိုက်ဆံဖြုန်းနေတာပဲ။

"ကြားတာတော့ ဒီလို မင်္ဂလာဆောင် ဓာတ်ပုံ တစ်ပုံ ရိုက်တာ ယွမ် ထောင်ချီ ကုန်တယ်တဲ့" အမျိုးသမီး တစ်ဦးက အားကျသလိုလို မနာလိုသလိုလို ပြောလိုက်သည်။ "ကျွတ် ကျွတ်... ပိုက်ဆံ ထောင်ချီ သုံးပြီး ဓာတ်ပုံ နည်းနည်းပဲ ရိုက်တာ၊ ဒီပိုက်ဆံတွေက တကယ်ပဲ သုံးစရာ နေရာ မရှိတော့ဘူး ထင်တယ်"

"နင် ဘာသိလို့လဲ။ ငါ့ကလေး ပြောပြတာတော့ မြို့ကြီးပြကြီးက လူတွေ လက်ထပ်ရင် အများအားဖြင့် မင်္ဂလာဆောင် ဓာတ်ပုံ ရိုက်ကြတယ်တဲ့။ ရှောင်ဟွေက အခု ဘာပဲပြောပြော ပိုက်ဆံရှိတဲ့သူ ဖြစ်နေပြီ၊ တစ်သက်မှာ တစ်ခါ မင်္ဂလာဆောင်တာ အမှတ်တရ အနေနဲ့ မင်္ဂလာဆောင် ဓာတ်ပုံ ရိုက်တာက အဓိပ္ပာယ် ရှိတာပေါ့"

"ဒီမင်္ဂလာဆောင် ဓာတ်ပုံက တကယ် လှတာပဲ။ ကောင်မလေးကလည်း လှတယ်၊ ယောက်ျားလေးက ချောတယ်၊ ဘယ်လိုကြည့်ကြည့် လိုက်ဖက်နေတာပဲ" တစ်ယောက်က ရယ်မောရင်း ပြောလိုက်သည်။

"မြို့ကြီးပြကြီးက လူတွေ အနောက်တိုင်းစတိုင် မင်္ဂလာဆောင် ကြိုက်တာ အံ့သြစရာ မဟုတ်တော့ဘူး၊ ဒီအနောက်တိုင်းစတိုင် မင်္ဂလာဆောင်က တကယ် လှတာကိုး" တစ်ယောက်က ရိုးသားစွာ ချီးကျူးလိုက်သည်။ "ငါသာ အသက် ၂၀၊ ၃၀ လောက် ငယ်ရင် ငါလည်း အနောက်တိုင်းစတိုင် မင်္ဂလာဆောင်ကိုပဲ ရွေးချယ်မိမှာ သေချာတယ်"

"နင့်သားတောင် မိန်းမယူတော့မှာ၊ ဒီစကား ပြောနေသေးတယ်" တစ်ယောက်က ချက်ချင်း နောက်ပြောင်လိုက်သည်။ "ဒါပေမဲ့ နင် မင်္ဂလာဆောင်ရင် အနောက်တိုင်းစတိုင် မလုပ်နိုင်ပေမဲ့ နင့်မှာ သားသမီး နှစ်ယောက် ရှိတယ် မဟုတ်လား။ အဲဒီကျရင် သူတို့ကို အနောက်တိုင်းစတိုင် မင်္ဂလာဆောင် လုပ်ခိုင်းလို့ ရတာပဲ၊ နင် ပိုက်ဆံမနှမြောဘူး ဆိုရင်ပေါ့"

"ဟုတ်တယ်... ဒီအနောက်တိုင်းစတိုင် မင်္ဂလာဆောင်က ပိုက်ဆံနဲ့ ပုံအောပြီး လုပ်ထားတာ။ ငါ ကြားတာတော့ ရှောင်ဟွေ ငှားထားတဲ့ မင်္ဂလာဆောင် စီစဉ်ရေး ကုမ္ပဏီက မင်္ဂလာပွဲ တစ်ခု စီစဉ်ရင် ယွမ် သောင်းချီ ယူတယ်တဲ့။ ဒီလောက် ပိုက်ဆံအများကြီး နင် တတ်နိုင်ပါ့မလား"

"ဒီလောက် ဈေးကြီးတာလား။ ငါတော့ မတတ်နိုင်ပါဘူး။ ဒီလောက် ပိုက်ဆံအများကြီး ရှိရင် အိမ်ဝယ်ဖို့ ချန်ထားတာကမှ ကောင်းဦးမယ်" ပြီးတော့ သူ့သားက အသက် ၂၅၊ ၂၆ ရှိနေပြီ၊ မိန်းမယူဖို့တောင် ပိုက်ဆံမလောက်သေးတာ၊ ဒီလို ခမ်းနားထည်ဝါတဲ့ မင်္ဂလာဆောင် လုပ်ဖို့ ဘယ်က ပိုက်ဆံရှိမှာလဲ။

"ကျွတ် ကျွတ်... ရှောင်ဟွေရဲ့ ဒီမင်္ဂလာဆောင်က ပိုက်ဆံနဲ့ ပုံအောပြီး လုပ်ထားတာပဲ" တစ်ယောက်က အာမေဋိတ်သံ ပြုလိုက်သည်။

အရင်တုန်းက အန်းမိသားစုရွာက ရွာသားတွေက အန်းတာ့ချွမ်း ဇနီးမောင်နှံကို ဘယ်လောက် အထင်သေးခဲ့လဲ၊ အခု သူတို့ ဇနီးမောင်နှံကို ဘယ်လောက် အားကျနေလဲ ကြည့်ကြပါဦး။

သူတို့က သမီးမိန်းကလေး တစ်ယောက်တည်း မွေးထားပေမဲ့ ဒီသမီးမိန်းကလေးက သူတို့အတွက် မျက်နှာပန်းလှအောင် လုပ်ပေးနေတာကိုး။

"ဟေ့... နေပါဦး၊ မင်္ဂလာဆောင် လုပ်ရင် လူတွေကို ထမင်းဖိတ်ကျွေးရတယ် မဟုတ်လား။ အခု တာ့ချွမ်းအိမ်က အခုထိ လူတွေကို လာကူဖို့ မခေါ်သေးဘူး၊ လူတွေကို လာစားခွင့် မပေးဘူးလို့ ဆိုလိုတာလား" တစ်ယောက်က သံသယဖြင့် မေးလိုက်သည်။

ကျေးလက်ဒေသက ဓလေ့ထုံးစံ အများစုက ဘယ်အိမ်ကပဲ မင်္ဂလာဆောင်ဆောင်၊ နာရေးကိစ္စ ဖြစ်ဖြစ် လာကူဖို့ ခေါ်ရင် အရေးကြီးကိစ္စမရှိရင် အကုန် သွားကူကြတာချည်းပဲ။

ဒါပေမဲ့ အန်းရှောင်ဟွေက မနက်ဖြန် ထွက်တော့မှာ၊ အန်းတာ့ချွမ်း ဇနီးမောင်နှံက လူတွေကို လာကူဖို့ မခေါ်သေးဘူး၊ ဒါက ရွာသားတွေကို နားမလည်နိုင် ဖြစ်စေတယ်။

ထို့နောက် တစ်ယောက်က ပြောလိုက်သည်။ "ငါ အန်းတာ့ချွမ်း ပြောတာ ကြားဖူးတယ်၊ ကိုယ့်ဘာသာ မချက်တော့ဘဲ မြို့နယ်က ဟိုတယ်ကို ချက်ပြီးသား ဟင်းပွဲတွေ လာပို့ခိုင်းလိုက်မယ်တဲ့"

"ဒီကိစ္စ ငါလည်း အန်းတာ့ချွမ်း ပြောတာ ကြားဖူးတယ်။ သူ ပြောသေးတယ်၊ အစက ခရိုင်မြို့က ဟိုတယ်ကြီးမှာ မှာမလို့ လုပ်တာ၊ ဒါပေမဲ့ ခရိုင်မြို့က ငါတို့ အန်းမိသားစုရွာနဲ့ မိုင်ပေါင်းများစွာ ဝေးတော့ ဟင်းပွဲတွေ ရောက်လာရင် အေးကုန်မှာ စိုးလို့တဲ့။ စဉ်းစားပြီးတော့ မြို့နယ်က စားသောက်ဆိုင် တစ်ဆိုင်မှာပဲ မှာလိုက်တယ်တဲ့။ အဲဒီ စားသောက်ဆိုင်က ချက်တဲ့ ဟင်းလက်ရာက မဆိုးပါဘူးတဲ့"

"ဪ... ဒီလိုကိုး" ရွာသား တစ်ယောက်က ခေါင်းညိတ်လိုက်သည်။ "ကျွတ် ကျွတ်... ပိုက်ဆံရှိတော့ ဘာမဆို ပိုက်ဆံနဲ့ ဖြေရှင်းလိုက်တော့တာပဲ"

စားသောက်ဆိုင်၊ ဟိုတယ်တွေမှာ မင်္ဂလာဧည့်ခံပွဲ မှာယူတာက သူတို့အတွက် တကယ် ဇိမ်ခံလွန်းပါတယ်။

အခု ခရိုင်မြို့ ဟိုတယ် မပြောနဲ့၊ မြို့နယ်က စားသောက်ဆိုင်မှာ မင်္ဂလာဧည့်ခံပွဲ မှာရင်တောင် တစ်ဝိုင်းကို ယွမ် ၂၀၀ ကျော် ကျတယ်။

အိမ်မှာ ကိုယ့်ဘာသာ ချက်ရင် တစ်ဝိုင်းကို အသားငါး အစုံအလင်နဲ့တောင် ယွမ် ၁၀၀ မပြည့်ဘူး။

ဒါကြောင့် အန်းမိသားစုရွာမှာ မင်္ဂလာဆောင်၊ နာရေးကိစ္စ ရှိရင် ကိုယ့်အိမ်မှာပဲ ရွာက စားဖိုမှူးတွေနဲ့ ချက်ပြုတ်ကျွေးမွေးကြတာ။

အန်းတာ့ချွမ်းလို ဇိမ်ခံတဲ့သူက ပထမဆုံးပဲ ဖြစ်လောက်တယ်၊ နောက်ပိုင်း ရှိလာမလား ဆိုတာတော့ မပြောတတ်ဘူး။

"ဒါတင် မကသေးဘူး။ ငါ အန်းတာ့ချွမ်း ပြောတာ ကြားသေးတယ်၊ မင်္ဂလာဆောင် နေရာမှာ သစ်သီး၊ မုန့်တွေပါတဲ့ ဘူဖေးပါ ထည့်ထားဦးမယ်တဲ့၊ ကျွတ် ကျွတ်... ဘာပဲပြောပြော ပုံစံမျိုးစုံ လုပ်ထားတယ်၊ မနက်ဖြန်ကျရင် တကယ် မြင်ဖူးချင်တယ်"

အန်းရှောင်ဟွေရဲ့ မင်္ဂလာဆောင်က မနက်ဖြန် ကျင်းပတော့မယ်။ ဒါကြောင့် မင်္ဂလာဆောင် စီစဉ်ရေး ကုမ္ပဏီက ဒီနေ့ အလုပ်ရှုပ်နေကြတယ်။

"ဒါပေမဲ့ ဘူဖေး ဆိုတာ ဘာလဲ" ရွာသားတွေက ဒီပုံစံမျိုးစုံကို နားမလည်ကြဘူး။

"ငါလည်း မသိဘူး၊ မနက်ဖြန်ကျရင် သိရမှာပေါ့"

...

ဒီနေ့က အန်းရှောင်ဟွေနဲ့ ရှောင်ဝမ် လက်ထပ်တဲ့ နေ့ဖြစ်သည်။

အန်းရှောင်ဟွေက ပြဿနာတွေ မဖြစ်ချင်လို့ လောလောဆယ် ဒီခရိုင်မြို့မှာ အိမ်မဝယ်သေးဘူး၊ နောက်ပိုင်း မိသားစုက ဒီမှာ မနေရင် အိမ်က သူများလက်ထဲ ရောက်သွားမှာ စိုးလို့လေ။

သူမ ဦးလေး မိသားစုက ဒီလိုကိစ္စမျိုး လုပ်ရဲတယ်။

ဒါကြောင့် ရှောင်ဝမ်က ခရိုင်မြို့မှာ အိမ်တန်းမဝယ်ဘဲ မင်္ဂလာဆောင် နေရာနဲ့ အရမ်းဝေးနေလို့ ခရိုင်မြို့က အဆင့်မြင့် ဟိုတယ် တစ်ခုကို ရွေးချယ်ပြီး တည်းခိုစရာ နေရာ၊ မင်္ဂလာဆောင် အခန်း အဖြစ် အသုံးပြုလိုက်တယ်။ ပြီးတော့ ခရိုင်မြို့က အခန်း ၂၀ ကျော်ကို ငှားပြီး အဝေးက လာတဲ့ ဆွေမျိုးမိတ်ဆွေတွေကို ဧည့်ခံလိုက်တယ်။

အန်းရှောင်ဟွေနဲ့ ရှောင်ဝမ်ရဲ့ အချိန်က တော်တော် ကျပ်တည်းနေတယ်။

ခွင့်ရက် ၁၅ ရက် ရှိတယ် ဆိုပေမဲ့ မင်္ဂလာဆောင် ပြင်ဆင်စရာတွေ များလွန်းလို့ သူတို့ ခြေမလည်အောင် အလုပ်ရှုပ်နေကြတယ်။

ဒါပေမဲ့ သူတို့ ဘယ်လောက် အလုပ်ရှုပ်ရှုပ် ရက်ကောင်းရက်မြတ် ရွေးပြီးတာနဲ့ မြို့ပြအုပ်ချုပ်ရေး ရုံးကို သွားပြီး လက်ထပ်စာချုပ် ယူလိုက်ကြတယ်။

မနက်အစောကြီး လူတစ်စုကြီး ဟိုတယ်ကို ရောက်လာကြတယ်။

ဒီလူတွေကို မြင်လိုက်ရတော့ အန်းရှောင်ဟွေ မျက်နှာ ဝင်းပသွားပြီး အော်ဟစ်လိုက်သည်။ "မမလင်းယွီ၊ မမရှင်းရှင်း... ရှင်တို့ ဘယ်လို လုပ်ပြီး ရောက်လာကြတာလဲ"

လုပ်ဖော်ကိုင်ဖက်တွေလည်း အများကြီး ရောက်လာကြတယ်။

ရှောင်လင်းယွီ ကိုယ်တိုင် သူတို့ မင်္ဂလာဆောင်ကို လာတက်ရောက်လိမ့်မယ်လို့ အန်းရှောင်ဟွေ လုံးဝ ထင်မှတ်မထားခဲ့ဘူး။ တကယ် အံ့သြဝမ်းသာစရာပါပဲ။

ရှောင်လင်းယွီက ရယ်မောရင်း ပြောလိုက်သည်။ "ဘာလဲ... သူငယ်ချင်း အနေနဲ့ ငါတို့ လာလို့ မရဘူးလား"

အန်းရှောင်ဟွေ ချက်ချင်း ခေါင်းခါပြီး ရယ်မောကာ ပြောလိုက်သည်။ "သေချာပေါက် ရတာပေါ့"

ရှောင်လင်းယွီက ရယ်မောရင်း ပြောလိုက်သည်။ "ဒါပဲလေ... ငါ လာတာတင် မကဘူး၊ ပန်းကြဲမယ့် ကလေးတွေပါ ခေါ်လာသေးတယ်"

"ပန်းကြဲမယ့် ကလေးတွေ..." အန်းရှောင်ဟွေ အစတုန်းက သတိမထားမိပေမဲ့ နောက်တော့ ကြည်လင်ပြတ်သားတဲ့ ကလေးအသံလေး ကြားလိုက်ရတယ်။

ရှောင်လဲ့ထုန်က ရယ်မောရင်း ပြောလိုက်သည်။ "အန်တီရှောင်ဟွေ... ပန်းကြဲမယ့် ကလေးတွေက သားနဲ့ ညီမလေးရှင်းရှင်းလေ" ဒီရှင်းရှင်းက ရှောင်လင်းယွီ လက်အောက်ငယ်သား တစ်ယောက်ရဲ့ သမီး၊ ရှောင်လဲ့ထုန်နဲ့ ရွယ်တူပဲ။

အန်းရှောင်ဟွေ ကြားလိုက်ရတော့ ဝမ်းသာအားရ ပြောလိုက်သည်။ "ဒါဆို အရမ်း ကောင်းတာပေါ့၊ ကျေးဇူးပါ ထုန်ထုန်နဲ့ ရှင်းရှင်း"

ထိုအချိန်တွင် ရှောင်လင်းယွီက ဆက်ပြောသည်။ "ငါနဲ့ ရှန်ရှန်က အိမ်ထောင်သည်တွေ ဆိုတော့ နင့်အတွက် သတို့သမီးအရံ လုပ်ပေးလို့ မရဘူး။ ဒါပေမဲ့ အိမ်ထောင်မပြုရသေးတဲ့ မိန်းကလေးတချို့ ခေါ်လာတယ်၊ နင့်အတွက် သတို့သမီးအရံ လုပ်ပေးဖို့လေ"

ရှောင်လင်းယွီ ခေါ်လာတဲ့ သတို့သမီးအရံ လုပ်မယ့်သူတွေက သေချာပေါက် အန်းရှောင်ဟွေနဲ့ ရင်းနှီးတဲ့ သူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေ ဖြစ်မှာပါ။

"ဟိုဘက်က သတို့သားအရံ ၅၊ ၆ ယောက် ရှိတယ် ဆိုတော့ ဒီဘက်က သတို့သမီးအရံလည်း လျော့လို့ မဖြစ်ဘူးလေ" ရှောင်လင်းယွီက ရယ်မောရင်း ပြောလိုက်သည်။

"အင်း... အင်း... ကျေးဇူးပါ မမလင်းယွီ" အန်းရှောင်ဟွေ ကျေးဇူးတင်စွာ ပြောလိုက်သည်။

"ကဲ... ဒီနေ့ နင်က အလှပဆုံး သတို့သမီး ဖြစ်ရမယ်" ရှောင်လင်းယွီက အန်းရှောင်ဟွေကို မိတ်ကပ်လိမ်းတဲ့ စားပွဲရှေ့ ဆွဲခေါ်သွားပြီး ထိုင်ခိုင်းလိုက်သည်။ "သေချာပေါက် လှလှပပ မိတ်ကပ်လိမ်းပြီး အလှပဆုံး၊ အပျော်ရွှင်ဆုံး သတို့သမီး ဖြစ်ရမယ်။ ဒါက မြို့တော်ကနေ ငါ အထူးဖိတ်ခေါ်ထားတဲ့ အကောင်းဆုံး မိတ်ကပ်ပညာရှင်ပဲ"

ထို့နောက် ရှောင်လင်းယွီ ခေါ်လာသော မိတ်ကပ်ပညာရှင်က အန်းရှောင်ဟွေကို မိတ်ကပ်စလိမ်းပေးသည်။

အခန်းထဲက အမျိုးသမီးတွေက အန်းရှောင်ဟွေကို ကြည့်ပြီး အံ့သြစွာ ပြောလိုက်ကြသည်။ "ဝါး... ရှောင်ဟွေက မိတ်ကပ်လိမ်းလိုက်တော့ တကယ် လှတာပဲ"

မိတ်ကပ်ပညာရှင်က ရယ်မောရင်း ပြောလိုက်သည်။ "သတို့သမီးက အသားအရည်ကောင်းပြီးသားမလို့ပါ"

"ဒါကြောင့် လူတွေ ပြောကြတာ၊ သတို့သမီး ဖြစ်ရတာ အလှပဆုံး အမျိုးသမီး ဖြစ်ရတာပဲတဲ့"

မကြာမီ မိတ်ကပ်ပညာရှင်က အန်းရှောင်ဟွေကို လှပသော မိတ်ကပ်ပုံစံ ဖန်တီးပေးလိုက်သည်။

"တကယ် လှတယ်" ရှောင်လင်းယွီက အန်းရှောင်ဟွေကို ကြည့်ပြီး ရယ်မောကာ ပြောလိုက်သည်။

ရှောင်လင်းယွီက သတို့သမီးထက် ပိုမလှချင်လို့ မိတ်ကပ်မလိမ်းဘဲ ရိုးရိုးရှင်းရှင်းပဲ ဝတ်ဆင်ထားသည်။

ဘာပဲပြောပြော သူမရဲ့ ရုပ်ရည်နဲ့ ဆိုရင် နည်းနည်းလေး ပြင်ဆင်လိုက်တာနဲ့ အရမ်း တောက်ပသွားမှာလေ။

"ခဏနေ ရှောင်ဝမ် မြင်လိုက်ရင် ချက်ချင်း ကြွေသွားမှာ သေချာတယ်" ရှောင်လင်းယွီက နောက်ပြောင်လိုက်သည်။

အန်းရှောင်ဟွေ မျက်နှာ ရဲသွားပြီး ရှက်ရွံ့စွာ ပြောလိုက်သည်။ "သူက သစ်တုံးကြီးပါ"

"ကျွတ် ကျွတ်... သစ်တုံးကြီးက နင်နဲ့ ရည်းစားဖြစ်ပြီး လက်ထပ်တယ်ပေါ့လေ" ရှောင်ရှင်းရှင်းက ရယ်မောရင်း ပြောလိုက်သည်။ "စိတ်မပူပါနဲ့၊ ရှောင်ဝမ်က သစ်တုံးကြီး ဖြစ်ရင်တောင် နင့်ကို မြင်ရင် အသိဉာဏ် ပွင့်သွားမှာပါ"

"ဟဟ..."

ထိုအချိန်တွင် အခန်းတံခါး ခေါက်သံ ကြားလိုက်ရသည်။

တစ်ယောက်ယောက် တံခါးသွားဖွင့်လိုက်ရာ အမေအန်း ဖြစ်နေသည်။

အမေအန်းက အခန်းထဲမှာ လူတွေ အများကြီး ရှိနေတာ မြင်တော့ အံ့သြသွားတယ်။ ပြီးတော့ ရှောင်လင်းယွီကို တွေ့လိုက်ရတော့ လှိုက်လှိုက်လှဲလှဲ ပြောလိုက်တယ်။ "ဥက္ကဌရှောင်... ဥက္ကဌလည်း ရောက်နေတာလား"

ရှောင်လင်းယွီက ရယ်မောရင်း ပြောလိုက်သည်။ "အန်တီ... ကျွန်မနဲ့ ရှောင်ဟွေက အထက်လူကြီးနဲ့ လက်အောက်ငယ်သား ဆက်ဆံရေး ရှိသလို သူငယ်ချင်းတွေလည်း ဖြစ်တယ်လေ။ သူငယ်ချင်း အိမ်ထောင်ပြုတာ ကျွန်မ သေချာပေါက် လာကြည့်ရမှာပေါ့"

အမေအန်းက ရယ်မောရင်း ပြောလိုက်သည်။ "ဥက္ကဌက တကယ် စေတနာထားတာပဲ"

တခြားလူတွေကလည်း အမေအန်းကို နှုတ်ဆက်ကြတယ်။ အမေအန်းက လူအများကြီး သူ့သမီး မင်္ဂလာဆောင် လာပို့ကြတာ မြင်တော့ အရမ်း ဝမ်းသာသွားတယ်။

ထို့နောက် အမေအန်းက မိတ်ကပ်လိမ်းပြီးသား သမီးဖြစ်သူကို မြင်လိုက်ရတော့ အံ့သြသွားတယ်။ "ရှောင်ဟွေ... ဒါ သမီးလား။ တကယ် လှတာပဲ"

အန်းရှောင်ဟွေက ရယ်မောရင်း ပြောလိုက်သည်။ "အမေ... မိတ်ကပ်လိမ်းလိုက်တာနဲ့ လူတစ်ယောက် ပြောင်းလဲသွားလို့လား"

အမေအန်းက ရယ်မောရင်း ပြောလိုက်သည်။ "အင်း... ပြောင်းလဲသွားတယ်၊ ပိုလှလာတယ်"

ရှောင်လင်းယွီက အမေအန်းကို ကြည့်ပြီး ရယ်မောကာ ပြောလိုက်သည်။ "အန်တီ... အန်တီက ဒီနေ့ သမီးထည့်ပေးရမှာဆိုတော့ လှလှပပ ပြင်ဆင်ထားရမယ်။ လာ... ဒီမှာ ထိုင်ပါ၊ မိတ်ကပ်ပညာရှင်ကို ပြင်ဆင်ခိုင်းလိုက်မယ်"

အမေအန်း ကြားလိုက်ရတော့ မျက်နှာပေါ်မှာ မျှော်လင့်ချက်တွေ ပေါ်လာပေမဲ့ တွန့်ဆုတ်ပြီး ငြင်းဆန်လိုက်သည်။ "ကျွန်မ... ကျွန်မတော့ မလုပ်တော့ပါဘူး။ ကျွန်မက အသက်ကြီးနေပြီ"

"အန်တီ... အန်တီက ဘယ်နား အသက်ကြီးလို့လဲ။ လာ... ထိုင်ပါ"

မိန်းကလေး တချို့က အမေအန်းကို မိတ်ကပ်စားပွဲရှေ့ ဆွဲခေါ်သွားပြီး ထိုင်ခိုင်းလိုက်ကြသည်။

***

စိုက်ပျိုးရေးနေရာလွတ်က ငါ့ကိုချမ်းသာလာစေတယ်

အခန်း ၉၆၈ ။ အန်းရှောင်ဟွေ၏ မင်္ဂလာပွဲ (အပိုင်း ၃)

အန်းရှောင်ဟွေ၏ မင်္ဂလာဆောင်သည် ခမ်းနားထည်ဝါပြီး စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ရာ အန်းမိသားစုရွာ ရွာသားများ အံ့သြလွန်း၍ ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။

အန်းမိသားစုရွာ ရွာသားများသည် တီဗီတွင်သာ မြင်ဖူးသော အနောက်တိုင်းစတိုင် မင်္ဂလာဆောင်မျိုးကို မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရသောအခါ ခံစားချက်က ကွာခြားကြောင်း တွေ့ရှိလိုက်ရသည်။

သူတို့ကို ပိုမို ခံစားချက် ကွာခြားစေသည်မှာ သူတို့အမြင်တွင် ဇိမ်ခံပစ္စည်းများ ဖြစ်သော ကားများ တန်းစီ ရပ်ထားခြင်း ဖြစ်သည်။ မျက်လုံးများတွင် အားကျသော အရိပ်အယောင်များ ပေါ်လာသည်။

ထို့အပြင် ဘေးနားမှ လူငယ်များ၏ အာမေဋိတ်သံများကို ကြားရသောအခါ ဤကားသည် ယွမ်သိန်းချီ တန်သည်၊ ဟိုကားသည် ယွမ်သန်းချီ တန်သည်၊ တချို့ကားများ ဆိုလျှင် ယွမ်ဆယ်သန်းကျော် တန်သည်ဟု ကြားသိရသဖြင့် ဗဟုသုတ မရှိသော တောသားများအဖို့ ရင်တုန်သွားစေသည်။

ဒီကားတွေက အရမ်း ဈေးကြီးလွန်းတယ် မဟုတ်လား။

သူတို့ ထင်တာက ဒီကားတွေက အလွန်ဆုံး ယွမ် တစ်သိန်း၊ နှစ်သိန်းလောက်ပဲ ရှိမယ် ထင်နေတာ။ မထင်မှတ်ထားတာက အားလုံး သိန်းချီ၊ သန်းချီ တန်နေတာ၊ သူတို့ ဘဝပေါင်းများစွာ ရှာရင်တောင် မရနိုင်တဲ့ ပိုက်ဆံတွေ။

"ဝါး... ရှောင်ဟွေက ဒီအဖြူရောင် မင်္ဂလာဝတ်စုံ ဝတ်ထားတာ နတ်သမီးလေးလိုပဲ၊ အရမ်း လှတာပဲ"

"အရင်တုန်းက ငါတို့ လက်ထပ်တုန်းက အနီရောင် ပါတဲ့ အဝတ်အစားလေး ဝတ်ပြီး လက်ထပ်လိုက်တာ၊ မင်္ဂလာဝတ်စုံကောင်းကောင်းတောင် မရှိခဲ့ဘူး။ အခုခေတ် လူတွေ လက်ထပ်တာ ပုံစံမျိုးစုံ ရှိလာပြီ၊ လက်ထပ်ရင် အဖြူရောင် မင်္ဂလာဝတ်စုံတောင် ဝတ်နေကြပြီ။ ဒါပေမဲ့ ပြောရရင် အဖြူရောင် မင်္ဂလာဝတ်စုံ ဝတ်ပြီး လက်ထပ်တာ တကယ် လှတာပဲ"

"နင်တို့ သတိထားမိလား၊ ရှောင်ဟွေရဲ့အမေက ဒီနေ့ အရမ်းလှနေတယ်" တစ်ယောက်က အမေအန်း ရှိရာဘက်ကို ကြည့်ပြီး ပြောလိုက်သည်။

" ဟုတ်သားပဲ၊ ရှောင်ဟွေအမေက မိတ်ကပ်လိမ်းထားတာလား။ မိန်းမတွေက မိတ်ကပ်လိမ်းတာနဲ့ မလိမ်းတာ မတူဘူးနော်၊ မိတ်ကပ်လိမ်းလိုက်ရင် ကြည့်ရတာ ပိုလှသွားတယ်"

"ဟုတ်တယ်... ရှောင်ဟွေ မင်္ဂလာဆောင်မှာ လှလှပပ ပြင်ဆင်ထားသလို အမေဖြစ်သူကလည်း လှလှပပ ပြင်ဆင်ထားတာပဲ" ရွာသား တစ်ယောက်က အားကျသလိုလို မနာလိုသလိုလို ပြောလိုက်သည်။ "ဒါပေမဲ့ အသက်ကြီးနေပြီ၊ မိတ်ကပ်လိမ်းထားတာ ရှက်စရာ မကောင်းဘူးလား"

အမျိုးသမီးတစ်ယောက်အနေနဲ့ ဘယ်သူက ကိုယ့်ကိုယ်ကိုယ် လှလှပပ မနေချင်ဘဲ ရှိမလဲ။

ဒါပေမဲ့ တောသူတစ်ယောက်အနေနဲ့ တစ်နေ့လုံး စားဝတ်နေရေးအတွက် ပင်ပန်းနေရတာ၊ ဘယ်အချိန်ရပြီး ကိုယ့်ကိုယ်ကိုယ် လှလှပပ ပြင်ဆင်နိုင်မှာလဲ၊ အဲဒါက မြှူဆွယ်နေတာနဲ့ တူနေမှာပေါ့။

ဒါကြောင့် ဒီလို ဆန့်ကျင်ဘက် ခံစားချက်တွေနဲ့ အမေအန်းရဲ့ ပြင်ဆင်မှုကို အားကျသလိုလို မထီမဲ့မြင် ပြုသလိုလို ဖြစ်နေကြတာ။

ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် ဒီနေ့ သူများက ဂုဏ်ရှိရှိ သမီးထည့်ပေးတာ၊ ကိုယ်တိုင်လည်း လူတွေအများကြီး ရှေ့မှာ လှပခွင့် ရလိုက်တာ၊ စိတ်ထဲမှာတော့ ပျော်နေမှာပဲ။

မိန်းကလေး တစ်ယောက်က မင်္ဂလာဝတ်စုံ ဝတ်ပြီး လှပနေတဲ့ အန်းရှောင်ဟွေကို ကြည့်ပြီး အားကျစွာ ပြောလိုက်သည်။ "နောက်ပိုင်း ငါ အိမ်ထောင်ပြုရင် ဒီလောက် လှလှပပ၊ ဂုဏ်ရှိရှိ အိမ်ထောင်ပြုရမယ် ဆိုရင် သေပျော်ပါပြီ"

သူမတို့က အန်းမိသားစုရွာမှာ ကြီးပြင်းလာသူတွေမို့လို့ အန်းမိသားစုရွာက မိန်းကလေးတွေရဲ့ ကံကြမ္မာကို ဘယ်သူထက်မဆို ပိုသိကြပါတယ်။

သူမတို့မှာ အန်းရှောင်ဟွေလို ပြန်လည် တော်လှန်ရဲတဲ့ သတ္တိ မရှိဘူး၊ ဒါကြောင့် မိသားစု စီစဉ်တာကိုပဲ နာခံရတော့မယ်။

အသက် ၁၆၊ ၁၇ နှစ်လောက် ရောက်တာနဲ့ မိသားစုက ယောကျ်ားရှာပေးတော့မယ်၊ သဘောတူလိုက်တာနဲ့ အနီရောင် ဝတ်စုံ တစ်စုံဝတ်၊ စောင်နှစ်ထည် ယူပြီး အိမ်ထောင်ပြုသွားရတော့မယ်။

ဘဝက ကောင်းမလား မကောင်းဘူးလား ဆိုတာ ယောကျ်ားဘက်က လူတွေ ဘယ်လိုနေလဲ ဆိုတာအပေါ် မူတည်တယ်။

ယောကျ်ားဘက်က သဘောကောင်းတဲ့ အိမ်နဲ့ တွေ့ရင် ဘဝက နေသာထိုင်သာ ရှိနိုင်မယ်။ ဒါပေမဲ့ ယောက္ခမ ဆိုးတဲ့ အိမ်နဲ့ တွေ့ရင်တော့ ကလေးမွေး၊ ကလေးထိန်းရုံတင် မကဘူး၊ ယောက္ခမရဲ့ နှိပ်စက်တာကိုပါ ခံရပြီး သေချင်လောက်အောင် ဆင်းရဲတဲ့ ဘဝမျိုး ဖြတ်သန်းရလိမ့်မယ်။

ဒါပေမဲ့ တောသူတွေရဲ့ ကံကြမ္မာက ဒီလိုပါပဲ၊ သူတို့လည်း ကံတရားကို လက်ခံထားကြတယ်။

ဒါပေမဲ့ ဒီကံတရား လက်ခံမှုက အန်းရှောင်ဟွေရဲ့ ခမ်းနားထည်ဝါတဲ့ မင်္ဂလာဆောင်ကြောင့် လှုပ်ခတ်သွားခဲ့ပြီး မိန်းကလေးတွေကို အနည်းငယ် နိုးကြားလာစေခဲ့တယ်။

မိန်းကလေးချင်း အတူတူပဲ၊ မမရှောင်ဟွေက ကိုယ်ပိုင် လမ်းကြောင်းကို လျှောက်လှမ်းနိုင်ခဲ့တယ်၊ သူမတို့က ဘာလို့ ကံတရားကို လက်ခံနေရမှာလဲ။

သူမတို့လည်း မမရှောင်ဟွေလို သင်ယူရမယ်၊ ပြန်လည် တော်လှန်တတ်ရမယ်၊ တိုက်ပွဲဝင်တတ်ရမယ်၊ ဒါမှ ကိုယ့်ဘဝကိုယ် ပိုင်ဆိုင်နိုင်မှာ။

ဒီအချိန်လေး အတွင်းမှာပဲ အန်းမိသားစုရွာက မိန်းကလေး အများအပြားက မိဘတွေရဲ့ ချယ်လှယ်မှုကို မခံချင်တော့ဘဲ အပြင်ထွက် အလုပ်လုပ်ဖို့ တွေးမိသွားကြတယ်။

အန်းရှောင်ဟွေက သူမတို့ရဲ့ စံပြပါပဲ။

….

"ကျွတ် ကျွတ်... ရှောင်ဟွေ အဲဒီကောင်မလေး ပေါင်းသင်းတဲ့ သူငယ်ချင်းတွေက ဒီလောက် ချမ်းသာကြတာလား"

"မင်္ဂလာဆောင် တစ်ခု လုပ်တာတောင် ဒီလောက် ဇိမ်ခံနိုင်တယ်၊ ပိုက်ဆံအများကြီး သုံးထားတာ တကယ် အားကျစရာ ကောင်းလိုက်တာ။ ကျွတ် ကျွတ်... ဒီပိုက်ဆံတွေ ငါ့ကို ပေးလိုက်ရင် ဘယ်လောက် ကောင်းမလဲ၊ ငါ အိမ်အများကြီး ဝယ်လို့ ရနေပြီ"

ပိုက်ဆံအကြောင်း ပြောလိုက်တာနဲ့ လူအများအပြား မျက်လုံး ကလည်ကလည် လုပ်လိုက်ကြတယ်။ အန်းရှောင်ဟွေက ဒီလောက် ချမ်းသာနေမှတော့ ပိုက်ဆံနည်းနည်းလောက် ချေးပြီး သူတို့လို ဆွေမျိုးသားချင်းတွေကို ကူညီပေးရင် ဘာပြဿနာမှ မရှိလောက်ပါဘူး။

ဒီချေးတဲ့ ပိုက်ဆံတွေ ဘယ်တော့ ပြန်ဆပ်မလဲ ဆိုတာကတော့... ဟဟ... သူတို့ ဘယ်တော့ ချမ်းသာမလဲ ဆိုတာအပေါ် မူတည်တာပေါ့။

တကယ်တော့ ပြောရရင် ဒီပိုက်ဆံတွေ ချေးပြီးရင် သူတို့ ပြန်မဆပ်ချင်ကြပါဘူး။

အတိုချုပ် ပြောရရင် သူတို့က အခွင့်အရေး ယူချင်ကြတာ၊ ပြန်မဆပ်ချင်ကြဘူး။

တကယ်တော့ ဒီလို အတွေးမျိုး ရှိတဲ့သူတွေ မနည်းပါဘူး။

ဒါပေမဲ့ အခုက သူများ မင်္ဂလာဆောင် ဆိုတော့ ပါးစပ်ဟ ပြောဖို့ မကောင်းဘူး၊ ညဘက် သို့မဟုတ် မနက်ဖြန်ကျမှ လာပြောကြတာပေါ့။

"သတို့သမီး ဘေးနားက မိန်းကလေးတွေ၊ သတို့သား ဘေးနားက ယောက်ျားလေးတွေက ဘယ်သူတွေလဲ။ သူတို့က ဘာလို့ သတို့သမီး၊ သတို့သား ဘေးနားမှာ အမြဲ နေနေကြတာလဲ" ရွာသား တစ်ယောက်က နားမလည်နိုင်စွာ မေးလိုက်သည်။

ဘေးနားမှ လူငယ်လေး တစ်ယောက်က ရှင်းပြလိုက်သည်။ "ဪ... အဲဒါ သတို့သမီးအရံနဲ့ သတို့သားအရံတွေပါ"

"ဟာ... မင်္ဂလာဆောင်တာ ဘာ သတို့သမီးအရံ၊ သတို့သားအရံတွေ လုပ်နေရတာလဲ" ရွာသားက သံသယဖြင့် မေးလိုက်သည်။

သူတို့ တောသားတွေ မင်္ဂလာဆောင်ရင် သတို့သမီးအရံ၊ သတို့သားအရံ ဆိုတာတွေ မရှိပါဘူး၊ သဘာဝကျကျပဲ သတို့သမီးအရံ၊ သတို့သားအရံ ဆိုတာ ဘာလဲ မသိကြဘူး။

လူငယ်လေးက ဆက်မရှင်းပြတော့ဘဲ ဘေးနားမှာ ဆွေးနွေးနေသည်။ "ဒီသတို့သမီးအရံတွေက တကယ် လှတာပဲ။ အိမ်ထောင်ရှိပြီလား မသိဘူး"

"သေချာပေါက် အိမ်ထောင်မရှိသေးဘူးပေါ့။ သတို့သမီးအရံ လုပ်တဲ့သူတွေက အိမ်ထောင်မရှိသေးတဲ့ မိန်းကလေးတွေပဲလေ။ အဲ့လိုပဲ သတို့သားအရံတွေကလည်း အိမ်ထောင်မရှိသေးတဲ့ ယောက်ျားလေးတွေပဲ" လူငယ်လေးက ပုံမှန် တီဗီကြည့်၊ အင်တာနက် သုံးနေတော့ ဒါတွေကို သိသည်။

"အိမ်ထောင်မရှိသေးဘူး ဟုတ်လား။ ဒါဆို ငါတို့ အခွင့်ကောင်းယူပြီး သွားမိတ်ဆက်လို့ ရတာပေါ့" လူငယ်လေး တစ်ယောက် မျက်လုံး ကလည်ကလည် လုပ်ပြီး အကြံထုတ်လိုက်သည်။

"မင်း တော်လိုက်ပါတော့။ မင်း ကိုယ့်ရုပ်ကို ပြန်ကြည့်ဦး။ တောသူတောင် မင်းကို မကြိုက်တာ၊ ဒီမြို့သူတွေက အမြင်မြင့်တယ်။ မင်းကို ပိုလို့တောင် မကြိုက်နိုင်ဘူး"

"ငါ့လို ပုံစံမျိုးကို သူတို့ ကြိုက်ချင်ကြိုက်မှာပေါ့"

"ကျွတ် ကျွတ်... တကယ် အကြံထုတ်နေသေးတယ်။ မင်း ဒါ ဘာခေါ်လဲ သိလား။ ဖားပြုတ်က ဟင်္သာသား စားချင်နေတာ။ သရော်သလို၊ လှောင်ပြောင်သလို ပြောလိုက်သည်။ "ဒီသတို့သမီးအရံတွေက ရှောင်ဟွေရဲ့ သတို့သမီးအရံတွေ ဖြစ်နေမှတော့ သူတို့က ပုံမှန် ဆက်ဆံရေး ကောင်းတဲ့သူတွေ ဖြစ်မှာ၊ အသိုင်းအဝိုင်း တစ်ခုတည်းက ဖြစ်မှာ၊ ပိုက်ဆံရှိမှာ။ ပိုက်ဆံရှိ၊ ရုပ်ချောတဲ့ သူတို့က မင်းလို တောသားကို ကြိုက်ပါ့မလား။ တကယ့် ဟာသပဲ"

"..."

"သတို့သားက တကယ် အရပ်ရှည်ပြီး ချောမောခန့်ညားတယ်၊ မမရှောင်ဟွေကလည်း လှတယ်၊ နှစ်ယောက်သား တကယ် လိုက်ဖက်တာပဲ"

"အရင်တုန်းက ရွာထဲမှာ ပြောနေကြတာ မမရှောင်ဟွေ ရှာထားတဲ့ ယောက်ျားက ထိပ်ပြောင်ပြောင် ဗိုက်ပူပူ အဘိုးကြီး ဖြစ်မယ်တဲ့။ မဟုတ်ရင် မမရှောင်ဟွေကို လက်ထပ်ဖို့ ပိုက်ဆံအများကြီး ဘယ်ထုတ်ပေးမလဲ၊ ပြီးတော့ သဘောထားကြီးကြီးနဲ့ သားတစ်ယောက် ပေးလိုက်ဦးမယ်တဲ့။ ဟဟ... အခုတော့ ဘယ်ပါးစပ်သရမ်းတဲ့ ကောင် ဖြန့်လိုက်လဲ မသိဘူး။ သူက မမရှောင်ဟွေနဲ့ ဦးလေးတာ့ချွမ်းတို့ ချမ်းသာတာကို မနာလို ဖြစ်နေတာ နေမှာ"

"အဲဒီ အကြောင်းရင်းကြောင့် ဖြစ်နိုင်တယ်။ မူလတန်း ကျောင်းသားတောင် သိတယ်၊ မနာလိုခြင်း ဆိုတာ ရင်ထဲက မကောင်းဆိုးဝါး တစ်ကောင်ပဲတဲ့။ ငါတို့ အန်းမိသားစုရွာက ယောက်ျားလေး ဦးစားပေးတဲ့ စိတ်ဓာတ်တွေ ဒီလောက် ပြင်းထန်တာ၊ ဦးလေးတာ့ချွမ်းအိမ်မှာ မမရှောင်ဟွေ ဆိုတဲ့ သမီးတစ်ယောက်တည်း ရှိတာ။ အခု ဒီသမီးက ရုတ်တရက် ထူးချွန်လာတယ်၊ ချမ်းသာလာတယ်၊ အိမ်ထောင်ပြုသွားတယ်၊ မွေးလာတဲ့ သားက ဦးလေးတာ့ချွမ်းတို့ ဇနီးမောင်နှံအတွက် အိုးခွဲပေးနိုင်တယ် ဆိုတော့ စိတ်ထဲမှာ မကျေမနပ် ဖြစ်နေကြမှာပေါ့။ ဘာပဲပြောပြော ရွာသား အများစု အတွက်တော့ ဦးလေးတာ့ချွမ်း မိသားစုက မျိုးဆက်ပြတ်မယ့် ကံကြမ္မာ ရှိတယ်လို့ ထင်ထားကြတာကိုး"

ဘေးနားမှ အသက်ကြီးသူ တချို့က လူငယ်လေးတွေ ဆွေးနွေးနေတာကို ကြားတော့ မျက်နှာ မည်းမှောင်သွားပြီး သတိပေးလိုက်ကြသည်။ "မင်းတို့ လူငယ်လေးတွေ လျှော့ပြောကြ။ ဒီမှာ အခု ပြင်ပလူတွေ ရှိနေတယ်၊ သူတို့ ကြားသွားရင် ငါတို့အပေါ် အမြင်မကောင်း ဖြစ်သွားလိမ့်မယ်"

ရွာထဲက အတင်းအဖျင်း စကားတွေက မနာလိုမှုတွေ ပါဝင်ပေမဲ့ အများစုက အပျင်းပြေ ပြောကြတာပါ။

ဒါပေမဲ့ ဒါက ရွာထဲက အတင်းအဖျင်း စကားတွေပဲလေ၊ အခု အန်းရှောင်ဟွေရဲ့ မင်္ဂလာဆောင် နေရာမှာ ပြင်ပဧည့်သည်တွေ အများကြီး ရောက်နေတာ၊ သူတို့ ကြားသွားရင် မကောင်းဘူး။

လူငယ်လေးတွေက လူကြီးတွေရဲ့ သတိပေးမှုကို ကြားတော့ နှုတ်ခမ်းမဲ့လိုက်ကြသည်။ ထို့နောက် ခေါင်းငုံ့ပြီး နားနားကပ်ကာ တိုးတိုးလေး ပြောလိုက်ကြသည်။ "ငါ ထင်တာတော့ ဒီအတင်းအဖျင်း စကားတွေက ဦးလေးတာ့နျန်တို့ ပါးစပ်က ထွက်လာတာ ဖြစ်မယ်"

"ငါလည်း အဲဒီလို ထင်တယ်။ အရင်တုန်းက ဦးလေးတာ့နျန်က ဦးလေးတာ့ချွမ်းအိမ်က အခွင့်အရေး ယူနေတာကို ရွာသား အကုန်လုံး မြင်နေရတာပဲ။ အခု ရုတ်တရက် အခွင့်အရေး ယူစရာ မရှိတော့ဘူး ဆိုတော့ စိတ်ထဲမှာ မကျေမနပ် ဖြစ်နေမှာ သေချာတယ်။ မကျေမနပ် ဖြစ်တော့ မနာလို ဖြစ်လာမယ်၊ သဘာဝကျကျပဲ ဦးလေးတာ့ချွမ်းအိမ် ကောင်းစားမှာကို မလိုလားတော့ဘူးပေါ့"

"ဒါနဲ့... ဒီနေ့ ဦးလေးတာ့နျန်တို့မိသားစု လာကြလား" လူငယ်လေး တစ်ယောက်က ဟိုဟိုဒီဒီ ကြည့်လိုက်သည်။ "လူတွေ ဒီလောက်များတာ၊ သူတို့ကို မတွေ့ဘူး"

"ကြားတာတော့ ဦးလေးတာ့နျန်က ဦးလေးတာ့ချွမ်း မိသားစုနဲ့ ရန်ဖြစ်ထားကြတယ်တဲ့၊ ဦးလေးတာ့နျန်က မမရှောင်ဟွေရဲ့ မင်္ဂလာဆောင်ကို လာတက်ဖို့ မျက်နှာ ရှိပါ့မလား မသိဘူး။ ဘာပဲပြောပြော ငါတို့က ငယ်ငယ်ကတည်းက ဦးလေးတာ့နျန်က မမရှောင်ဟွေကို အရှုံးပေါ် ကုန်ပစ္စည်း၊ ကောင်မစုတ် ဆိုပြီး ဆဲဆိုတာ ကြားဖူးနေတာလေ။ ကိုယ့်မှာ သားတစ်ယောက် ရှိတယ် ဆိုပြီး ဦးလေးတာ့ချွမ်း မိသားစုအပေါ် မောက်မောက်မာမာနဲ့ အထင်သေးခဲ့တာ"

"အေးလေ... အခု မမရှောင်ဟွေက တစ်ချက်တည်းနဲ့ အခြေအနေ ပြောင်းလဲသွားပြီး သူတို့ထက် အများကြီး သာလွန်သွားပြီ။ အရင်တုန်းက ဦးလေးတာ့နျန်တို့မိသားစုက ဦးလေးတာ့ချွမ်းတို့မိသားစုကို အန်းယန်အတွက် မိန်းမယူပေးမယ်လို့ မျှော်လင့်ထားတာ၊ အခု ရန်ဖြစ်သွားကြပြီ ဆိုတော့ ဟဟ... အန်းယန်က ဘယ်လို ရွှေကိုယ်လုံး မိန်းကလေးမျိုး ယူမလဲ ဆိုတာ မသိရသေးဘူး"

"ဒါပေမဲ့ ပြန်ပြောရရင် အန်းယန်လည်း တက္ကသိုလ် တက်ဖူးတာပဲ မဟုတ်လား။ မောင်နှမ ဝမ်းကွဲချင်း အတူတူ ဘာလို့ ဒီလောက် ကွာခြားနေရတာလဲ"

"ဟုတ်တယ်... ကွာခြားချက်က အရမ်း ကြီးမားလွန်းတယ်။ ငါ အခု အန်းယန်ကို ကြည့်ရတာ စားလိုက် အိပ်လိုက်နဲ့ ငါတို့ တောသားတွေလောက်တောင် အသုံးမကျဘူး"

"အရင်တုန်းက သူတို့အိမ်က ပြောဖူးတယ်၊ သူတို့ အန်းယန်က တက္ကသိုလ်ကျောင်းသား၊ နောက်ကျ မိန်းမယူရင် သေချာပေါက် မြို့က မိန်းကလေး ယူမယ်တဲ့။ ကျွတ် ကျွတ်... အခု သူတို့ ဘယ်လို ယူမလဲ ကြည့်ရသေးတာပေါ့။ မြို့က မိန်းကလေးတွေက နုနယ်တယ်၊ ပြီးတော့ တော်တော် ဈေးကြီးတယ်"

"ဒါကို မင်းတို့ အထင်မသေးနဲ့။ ဒီနှစ်တွေအတွင်း ဦးလေးတာ့နျန်တို့လင်မယားက အရင်က လူကြီးနှစ်ယောက် ပေးထားတဲ့ ပိုင်ဆိုင်မှုတွေအပြင် သူတို့ လက်ထဲမှာ ပိုက်ဆံ သေချာပေါက် ရှိမှာပဲ။ ဒီပိုက်ဆံတွေနဲ့ မြို့က မိန်းကလေး တစ်ယောက် တကယ် ယူပေးနိုင်မလား မသိဘူး"

"ဟဟ... ပိုက်ဆံ ဘယ်လောက်ရှိရှိ မမရှောင်ဟွေ မိသားစုလောက် မရှိနိုင်ပါဘူး။ မင်းတို့ ကြားပြီးပြီလား၊ မမရှောင်ဟွေ ဒီမင်္ဂလာဆောင် လုပ်တာ မင်္ဂလာဆောင် စီစဉ်ရေး ကုမ္ပဏီခ တစ်ခုတည်းတင် ယွမ် ၈ သောင်းလောက် ကုန်တယ်တဲ့"

"ကျွတ် ကျွတ်... ပိုက်ဆံရှိတော့ မတူတော့ဘူး"

...

"မင်းတို့ မြင်လား... အဲဒီ အပြာရောင် ဂါဝန် ဝတ်ထားတဲ့ အမျိုးသမီး၊ အန်းရှောင်ဟွေရဲ့ သူဌေး ဆိုပဲ" လူငယ်လေး တစ်ယောက်က နေရာတစ်ခုကို ညွှန်ပြပြီး ပြောလိုက်သည်။

"ဘယ်သူလဲ၊ ဘယ်သူလဲ" ရွာသား အများအပြား ခြေဖျားထောက်ပြီး ကြည့်လိုက်ကြသည်။

"အင်း... ရှေ့ဆုံးတန်း အလယ်မှာ ထိုင်နေတဲ့ အမျိုးသမီးလေ၊ အပြာရောင် အဝတ်အစား ဝတ်ထားတာ၊ မြင်လား"

"နည်းနည်း ဝေးလွန်းတယ်၊ သေချာ မမြင်ရဘူး၊ ငါ ရှေ့နား တိုးပြီး သွားကြည့်ဦးမယ်" ရွာသား အများအပြား ပြောလိုက်ကြပြီး ပိုနီးတဲ့ နေရာကို ရှာလိုက်ကြသည်။

"သူလား... တကယ် လှတာပဲ"

***

All Chapters