အခန်း (၉၇၃-၉၇၄)
Vol. 60 Ch. 973-974
အခန်း ၉၇၃။ သူမ တကယ် ဘာလုပ်ချင်တာလဲ
ကုန်းထျန်းဟောက်သည် လီယွမ်ဟန်၏ အစီရင်ခံစာကို နားထောင်ပြီးနောက် လေးနက်သွားသည်။
သူ မေးလိုက်သည်။ "ယွမ်ဟန်... သူက တကယ် ဝမ်ကျင်းကျင်းလား"
လီယွမ်ဟန် ခေါင်းခါလိုက်သည်။ "လောလောဆယ် အတည်ပြုလို့ မရသေးဘူး။ အရင်တုန်းက ဝမ်ကျင်းကျင်း အတု တစ်ယောက် ပေါ်လာဖူးတာ မေ့လို့မရဘူးလေ။ အခု ဘယ်လောက်မှ မကြာသေးဘူး၊ နောက်ထပ် ဝမ်ကျင်းကျင်း တစ်ယောက် ပေါ်လာပြန်ပြီ။
ဒီဝမ်ကျင်းကျင်းနဲ့ တက္ကသိုလ်တုန်းက ငါတို့ သိခဲ့တဲ့ ဝမ်ကျင်းကျင်းက မတူသလိုပဲ။ တကယ်လို့ သူတို့က လူတစ်ယောက်တည်း ဆိုရင် ပြောင်းလဲမှုက ကြီးမားလွန်းတယ်။
တကယ်လို့ သူက ဝမ်ကျင်းကျင်း မဟုတ်ဘူးဆိုရင် ဒီရုတ်တရက် ပေါ်လာတဲ့ ဝမ်ကျင်းကျင်းက ဘာရည်ရွယ်ချက် ရှိလဲ။ ဒါမှမဟုတ် တစ်ယောက်ယောက်က တမင် ဖန်တီးလိုက်တဲ့ လူတစ်ယောက်လား"
လီယွမ်ဟန် ပြောတဲ့ မတူညီမှုက ရုပ်ရည် မတူတာ မဟုတ်ဘူး၊ အရှိန်အဝါ မတူတာပါ။
လီယွမ်ဟန် ပြောတာ ကြားတော့ ကုန်းထျန်းဟောက် ရုတ်တရက် အကြံတစ်ခုရသွားပြီး ပြောလိုက်သည်။ "ယွမ်ဟန်... မကြာခင်က မင်း ပြောဖူးတယ် မဟုတ်လား၊ တစ်ယောက်ယောက်က ငါတို့ဇနီးမောင်နှံ အကြောင်း စုံစမ်းနေတယ် ဆိုပြီး။ ယွီအာက ဟွမ်လင်းအုပ်စုလို့ သံသယဖြစ်နေတာ။ အခု ဘယ်လောက်မှ မကြာသေးဘူး၊ ဝမ်ကျင်းကျင်း တစ်ယောက် ထပ်ပေါ်လာပြန်ပြီ။ မင်း ထင်တာတော့ သူတို့ကြားမှာ ပတ်သက်မှု ရှိမလား"
လီယွမ်ဟန် တိတ်ဆိတ်သွားပြီးနောက် မသေချာစွာ ပြောလိုက်သည်။ "ပတ်သက်မှု ရှိကောင်း ရှိနိုင်တယ်။ ဒါဆို ထျန်းဟောက်... ငါ လူလွှတ်ပြီး ဒီရုတ်တရက် ပေါ်လာတဲ့ မစ္စလင်ဒါကို စုံစမ်းခိုင်းလိုက်မယ်"
"ကောင်းပြီ... အမြန်ဆုံး စီစဉ်လိုက်ပါ" ကုန်းထျန်းဟောက် ခေါင်းညိတ်လိုက်သည်။
လီယွမ်ဟန် ဥက္ကဌ ရုံးခန်းထဲက ထွက်ခွာခါနီးမှာ တွန့်ဆုတ်နေပြီး တစ်ခုခုမေးချင်နေပုံရတယ်။
ကုန်းထျန်းဟောက်က ပြောစရာ မရှိ ဖြစ်သွားပြီး ပြောလိုက်သည်။ "မေးစရာရှိရင် တခါတည်း မေးလိုက်ပါ။ မင်းရဲ့ မျက်နှာထားက ငါက မိန်းမကောင်းတွေကို ပြည့်တန်ဆာ လုပ်ခိုင်းနေသလို ဖြစ်နေတယ်"
"..." လီယွမ်ဟန်က ကုန်းထျန်းဟောက်ကို ထိုးချင်စိတ်ကို ထိန်းချုပ်လိုက်ပြီး အသက်ပြင်းပြင်း ရှူရှိုက်ကာ တိုက်ရိုက် မေးလိုက်သည်။ "ထျန်းဟောက်... မင်း အခု ဒီဝမ်ကျင်းကျင်းအပေါ် သံယောဇဉ် ရှိသေးလား"
သူငယ်ချင်းကောင်းရဲ့ မေးခွန်းကို ကြားတော့ ကုန်းထျန်းဟောက်က လီယွမ်ဟန်ကို ထိုးချင်စိတ် ပေါက်သွားပေမဲ့ သည်းခံလိုက်ပြီး မျက်ဖြူလှန်ပြကာ ပြောလိုက်သည်။ "မင်း ဘာတွေ လျှောက်ပြောနေတာလဲ။ ငါ အမှန်အတိုင်း ပြောပြမယ်၊ ငါက စမှဆုံး ဝမ်ကျင်းကျင်း အပေါ် သံယောဇဉ် ဘာညာ မရှိခဲ့ဘူး"
လီယွမ်ဟန်က သံသယ မျက်နှာထားဖြင့် မေးလိုက်သည်။ "တကယ်လား။ ဒါပေမဲ့ ငါ မှတ်မိတာတော့ တက္ကသိုလ်တုန်းက ဝမ်ကျင်းကျင်းနဲ့ လမ်းခွဲပြီးနောက်တော့ မင်း အရက်တွေ သောက်ပြီး သေလုမတတ် ဖြစ်ခဲ့တာလေ"
ကုန်းထျန်းဟောက် မျက်နှာ ချက်ချင်း မည်းမှောင်သွားသည်။ အဲဒီ အတိတ်ဆိုးကြီးကို သူ ဘယ်သူ့ကိုမှ ပြန်မပြောပြစေချင်ဘူး။ အထူးသဖြင့် ရှောင်လင်းယွီနဲ့ လက်ထပ်ပြီးနောက် ပိုလို့တောင် ပြန်မပြောပြစေချင်တော့ဘူး။
ကုန်းထျန်းဟောက် အံကြိတ်ပြီး ပြောလိုက်သည်။ "ငါ ပြောပြီးပြီ၊ ငါက သူနဲ့ လမ်းခွဲလို့ အရက်သောက်ပြီး သေလုမတတ် ဖြစ်ခဲ့တာ မဟုတ်ပါဘူး၊ တခြား အကြောင်းရင်းကြောင့်ပါ"
"တခြား အကြောင်းရင်း..." လီယွမ်ဟန်က မယုံကြည်နိုင်စွာ ဆက်ပြောသည်။ "ဒါပေမဲ့ အဘိုးကုန်းကအစ မင်းက မိန်းမတစ်ယောက်ရဲ့ သစ္စာဖောက်မှုကြောင့် လမ်းခွဲပြီး အရက်တွေသောက်လွန်းလို့ သေလုမတတ် ဖြစ်ခဲ့တယ်လို့ ထင်နေတာလေ။ အခု မင်းက တခြား အကြောင်းရင်းကြောင့်လို့ ပြောလာတော့ ယုံရခက်တယ် ထျန်းဟောက်"
အလုပ်သဘောအရ ဆိုရင် လီယွမ်ဟန်က ကုန်းထျန်းဟောက်ကို ဘော့စ် သို့မဟုတ် ဥက္ကဌ လို့ ခေါ်ပေမဲ့ ပုဂ္ဂိုလ်ရေးအရ ဆိုရင် နာမည်ပဲ ခေါ်ပါတယ်။
ကုန်းထျန်းဟောက် မျက်နှာ ပိုမည်းမှောင်လာပြီး အံကြိတ်ကာ ပြောလိုက်သည်။ "မင်း ယုံယုံ မယုံယုံ ဒါက အမှန်တရားပဲ။ ပြီးတော့ နောက်ဆိုရင် ငါ့ရှေ့မှာ ဒီကိစ္စ လာမပြောနဲ့တော့။ မဟုတ်ရင် ငါ စိတ်ဆိုးမိမယ်နော်"
"..." လီယွမ်ဟန် ရယ်မောရင်း ပြောလိုက်သည်။ "ကောင်းပါပြီ... ငါ ဒီကိစ္စ မပြောတော့ပါဘူး။ ဒါပေမဲ့ အခု နောက်ထပ် ဝမ်ကျင်းကျင်း တစ်ယောက် ပေါ်လာတာ၊ ရည်ရွယ်ချက် ကောင်းမှာမဟုတ်ဘူး၊ မင်း ကြိုတင် ပြင်ဆင်ထားသင့်တယ်။ ငါ သေချာတယ်၊ သူက မင်းကို ပစ်မှတ်ထားတာ၊ အင်း... ဥက္ကဌကတော် ရာထူးကို ပစ်မှတ်ထားတာ ပိုဖြစ်နိုင်တယ်"
"သူ အိပ်မက်မက်နေလိုက်" ကုန်းထျန်းဟောက် ပြတ်ပြတ်သားသား ပြောလိုက်သည်။ ထို့နောက် စဉ်းစားပြီး ပြောလိုက်သည်။ "အောက်ကလူတွေကို မှာလိုက်၊ နောက်ဆိုရင် ငါတို့ ကုမ္ပဏီထဲကို ဒီမိန်းမ ဝင်ခွင့်မပေးနဲ့တော့။ ပြီးတော့ နောက်ဆိုရင် ငါ့ရှေ့မှာ ဒီမိန်းမအကြောင်း မပြောနဲ့၊ ငါ့ရှေ့မှာ ဒီမိန်းမ ပေါ်မလာစေနဲ့"
လီယွမ်ဟန်က ပြောစရာ မရှိ ဖြစ်သွားပြီး ပြောလိုက်သည်။ "အဲ... ထျန်းဟောက်၊ ဒီဝမ်ကျင်းကျင်းက အစစ် ဟုတ်မဟုတ် မသိရသေးပေမဲ့ အနည်းဆုံးတော့ သူက လူတစ်ယောက်လေ။ လူတစ်ယောက် ဖြစ်နေမှတော့ ငါတို့ သူ့ခြေထောက်တွေကို ထိန်းချုပ်ထားလို့ မရဘူး။ ကုမ္ပဏီထဲ ဝင်ခွင့်မပေးတာကလွဲရင် ကျန်တဲ့ နေရာတွေမှာတော့ မင်း ကံတရားကိုပဲ အားကိုးရတော့မယ်" လီယွမ်ဟန် ပြောတဲ့လေသံမှာ အားရကျေနပ်မှုတွေ ပါဝင်နေတယ်။
"..." ကုန်းထျန်းဟောက် အံကြိတ်ပြီး ပြောလိုက်သည်။ "ဒါ မင်း ပူစရာမလိုပါဘူး"
လီယွမ်ဟန်က မကြောက်မရွံ့ ပြောလိုက်သည်။ "မင်းက ပူစရာမလိုပေမဲ့ ငါ ပူတာက ကောလဟာလတွေ ထွက်လာပြီး လင်းယွီ နားထဲ ရောက်သွားမှာကို စိုးရိမ်လို့ပါ။ ဘာပဲပြောပြော လူတိုင်းအတွက်ကတော့ မင်းနဲ့ ဝမ်ကျင်းကျင်းက အရင်တုန်းက သံယောဇဉ် ရှိခဲ့ဖူးတာလေ"
ကိုယ့်မိန်းမ အကြောင်း ပြောလာတော့ ကုန်းထျန်းဟောက် ယုံကြည်မှု ရှိရှိ ပြောလိုက်သည်။ "ဒါ ပိုလို့တောင် ပူစရာ မလိုဘူး။ ငါ့ယွီအာက အဲဒီ ကောလဟာလတွေကို လုံးဝ ယုံမှာမဟုတ်ဘူး"
လီယွမ်ဟန် ခေါင်းညိတ်လိုက်သည်။ "ဒါဆိုရင် ကောင်းတာပေါ့။ မဟုတ်ရင် လင်းယွီ ကောလဟာလတွေ ကြားပြီး မင်းကို လမ်းခွဲသွားမှာ စိုးရိမ်လို့ပါ"
ကုန်းထျန်းဟောက် မျက်နှာ မည်းမှောင်သွားပြီး လီယွမ်ဟန်ကို အေးစက်စွာ ပြောလိုက်သည်။ "ထွက်သွား"
ကုန်းထျန်းဟောက် တကယ် ဒေါသထွက်နေပြီဆိုတာ မြင်တော့ လီယွမ်ဟန် အမြန်လစ်ပြေးသွားတော့သည်။
ကုန်းထျန်းဟောက်သည် ဘောပင်ကို ကိုင်ထားရင်း လက်တစ်ဖက်ဖြင့် စားပွဲကို ခေါက်ကာ မျက်နှာထား အေးစက်စွာ ပြောလိုက်သည်။ "ဟဟ... ဝမ်ကျင်းကျင်း ဖြစ်ဖြစ်၊ လီကျင်းကျင်း ဖြစ်ဖြစ်၊ ကျန်းကျင်းကျင်း ဖြစ်ဖြစ် ငါနဲ့ ယွီအာကြားက သံယောဇဉ်ကို ဖျက်ဆီးခွင့် မရှိစေရဘူး"
….
နောက်ပိုင်း ရက်တွေမှာ လီယွမ်ဟန်က ဝမ်ကျင်းကျင်း ရောက်လာမှာကို စောင့်နေခဲ့တယ်။ ရောက်လာရင် မောင်းထုတ်ပစ်မယ်၊ နောက်တစ်ခါ ထပ်မလာဖို့ သတိပေးမယ်ဆိုပြီး စောင့်နေတာ။
ဒါပေမဲ့ ၅၊ ၆ ရက် ကြာတာတောင် ဝမ်ကျင်းကျင်း ကုမ္ပဏီကို ရောက်မလာဘူး။
ဒါပေမဲ့ စီးပွားရေးလောက၊ လုပ်ငန်းခွင်လောကမှာတော့ ကျက်သရေရှိပြီး ထက်မြက်ကာ ပြတ်သားတဲ့ လုပ်ငန်းခွင် အမျိုးသမီး မစ္စလင်ဒါ အကြောင်း တဖြည်းဖြည်း သတင်းထွက်လာတယ်။
ဒီမစ္စလင်ဒါရဲ့ ကိုယ်ရေးရာဇဝင်ကလည်း တော်တော် လှပတယ်။ M နိုင်ငံ ထိပ်တန်း တက္ကသိုလ်က မဟာဘွဲ့ နှစ်ဘွဲ့ ရထားတယ်၊ ပြီးတော့ A နိုင်ငံမှာ နာမည်ကြီး ကုမ္ပဏီကြီး တစ်ခုရဲ့ အထက်တန်း စီမံခန့်ခွဲသူအဖြစ် လုပ်ကိုင်ခဲ့တယ်။
မကြာသေးမီကမှ ကိုယ်ရေးကိုယ်တာအကြောင်းကြောင့် ကိုယ့်နိုင်ငံကိုပြန်လာပြီး အလုပ်လုပ်နေတာ။
သူမက လက်ရှိကုမ္ပဏီရောက်တာနဲ့ ကုမ္ပဏီရဲ့ အခက်ခဲဆုံး စီးပွားရေး တစ်ခုကို ဖြေရှင်းနိုင်ခဲ့တယ်၊ ပြီးတော့ ရက်ပိုင်းအတွင်းမှာပဲ နောက်ထပ် အမှာစာကြီး တချို့ကို ရယူနိုင်ခဲ့တယ်။
သူမကို ဆုချဖို့၊ လူတော်ကို ဆွဲထားဖို့အတွက် ကုမ္ပဏီက အိမ်ပေးတယ်၊ ကားပေးတယ်၊ တစ်နှစ် လစာ ယွမ် သန်းချီ ပေးထားတယ်။
ရက်ပိုင်းအတွင်းမှာပဲ သူမက ဒဏ္ဍာရီတစ်ခုဖြစ်လာပြီး လုပ်ငန်းခွင် ထူးချွန်သူ အများအပြားရဲ့ အားကျမှုကို ခံနေရတယ်။
ဒီလင်ဒါက ငါ့ရဲ့ စံပြပုဂ္ဂိုလ်ပဲ။
လှပတယ်၊ ကျက်သရေ ရှိတယ်၊ ဉာဏ်ကောင်းတယ်၊ ထက်မြက်တယ်၊ စွမ်းဆောင်ရည် ရှိတယ်၊ အိုးပုတ်မလေး မဟုတ်ဘူး။
ဒီကောလဟာလတွေ ကြားလိုက်ရတော့ လီယွမ်ဟန် မျက်မှောင်ကြုတ်ပြီး သံသယဖြစ်သွားတယ်။
"ဒီလင်ဒါ၊ ဪ... မဟုတ်ဘူး... ဝမ်ကျင်းကျင်းက တကယ်တမ်း ဘာလုပ်ချင်နေတာလဲ"
ရက်ပိုင်းအတွင်းမှာပဲ သူမရဲ့ ဂုဏ်သတင်းက စီးပွားရေးလောက၊ လုပ်ငန်းခွင်လောက တစ်ခုလုံး ပျံ့နှံ့သွားတယ်ဆိုတာ နောက်ကွယ်ကနေ ကြိုးကိုင်သူ မရှိဘဲနဲ့ မဖြစ်နိုင်ဘူး။
မနေနိုင်ဘဲ လီယွမ်ဟန် မျက်နှာပေါ်မှာ စိုးရိမ်ပူပန်မှုတွေ ပေါ်လာတယ်။
သူ အခု ဒီလင်ဒါက ဝမ်ကျင်းကျင်း အစစ် ဆိုတာ ယုံကြည်သွားပြီ။
တက္ကသိုလ်တုန်းက ဝမ်ကျင်းကျင်းက အပေါ်ယံမှာ လှပပေမဲ့ နောက်ကွယ်မှာတော့ အရှုံးမပေးချင်တဲ့၊ ရည်မှန်းချက် အောင်မြင်ဖို့ ဘာမဆို လုပ်ရဲတဲ့ မိန်းမတစ်ယောက်ပဲ။
သူမ အခု ပြန်ရောက်လာတာ၊ ရောက်တာနဲ့ ကုန်းထျန်းဟောက်ကို ဦးတည်လာတာ။ ကုန်းထျန်းဟောက်ကို မတွေ့ရတော့ ဘယ်လောက်မှ မကြာဘူး၊ သူမ သတင်းတွေ ထွက်လာတယ်။
လီယွမ်ဟန် သေချာတယ်၊ ဝမ်ကျင်းကျင်း ဒီမိန်းမမှာ ရည်ရွယ်ချက်တစ်ခုခု ရှိနေတယ်။
ဒါပေမဲ့ သူမ ဘာရည်ရွယ်ချက်ရှိလဲဆိုတာ မသိရသေးဘူး။
ကြည့်ရတာ ဒီကိစ္စကို ကုန်းထျန်းဟောက်ဆီ အစီရင်ခံပြီး စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားခိုင်းမှဖြစ်မယ်။
ဘာပဲပြောပြော သူတို့က ဝမ်ကျင်းကျင်း ဆိုတဲ့ မိန်းမရဲ့ လုပ်ရပ်တွေကို မြင်ဖူးထားပြီးသားလေ၊ ရည်မှန်းချက် အောင်မြင်ဖို့ ဘာမဆို လုပ်ရဲတဲ့ မိန်းမ။
"ထျန်းဟောက်... မင်းအထင် ဒီမိန်းမမှာ ဘာရည်ရွယ်ချက် ရှိမယ် ထင်လဲ" ကုန်းထျန်းဟောက်ကို အခြေအနေ တင်ပြပြီးနောက် လီယွမ်ဟန်က စိုးရိမ်တကြီး မေးလိုက်သည်။
ကုန်းထျန်းဟောက်၏အမူအရာ လေးနက်သွားပြီး မျက်မှောင်ကြုတ်ကာ လက်တစ်ဖက်ဖြင့် စားပွဲကို ခေါက်နေသည်။ ထို့နောက် အေးစက်သော လေသံဖြင့် ပြောလိုက်သည်။ "ဟွန့်... သူ ဘာရည်ရွယ်ချက်ပဲ ရှိရှိ လုပ်ချင်တာ လုပ်ပါစေ၊ ငါ ကုန်းထျန်းဟောက်က မိန်းမတစ်ယောက်ကို ကြောက်နေရမှာလား"
ကုန်းထျန်းဟောက် ပြောတာ ကြားတော့ လီယွမ်ဟန် စိတ်အေးသွားပြီး ရယ်မောကာ ပြောလိုက်သည်။ "ဟုတ်သားပဲ... ငါတို့က မိန်းမတစ်ယောက်ကို ကြောက်နေရမှာလား။ စစ်လာရင် စစ်သူကြီးနဲ့ တားမယ်၊ ရေလာရင် မြေကြီးနဲ့ တားမယ်၊ မိန်းမတစ်ယောက် ဘယ်လောက်ပဲ မွှေနှောက်မွှေနှောက် ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး။ ကြည့်ရတာ ငါ အလကား စိတ်ပူနေမိတာပဲ"
ကုန်းထျန်းဟောက်က သံသယ မျက်လုံးများဖြင့် သူ့ကို ကြည့်ကာ ပြောလိုက်သည်။ "ငါတောင် မပူတာ၊ မင်းက ဘာလို့ ပူနေတာလဲ"
"ဒါကြောင့် ပြောတာပေါ့၊ ငါက အလကား စိတ်ပူနေတာပါလို့" လီယွမ်ဟန်က ရယ်မောရင်း ပြောလိုက်သည်။ "ကဲ... ထျန်းဟောက်၊ ဘာမှမရှိရင် ငါ အလုပ်သွားလုပ်တော့မယ်"
ကုန်းထျန်းဟောက်ရဲ့ လက်ထောက် အနေနဲ့ သူဌေးဖြစ်တဲ့ ကုန်းထျန်းဟောက်ထက် အလုပ်ပိုများတယ်။
ဒါပေမဲ့ ကိုယ့်သူဌေးက ပျင်းရိတတ်နေတော့ ဘာတတ်နိုင်မှာလဲ။
လီယွမ်ဟန် ထွက်သွားပြီးနောက် ကုန်းထျန်းဟောက် စဉ်းစားပြီး ဖုန်းတစ်ချက် ဆက်လိုက်သည်။ တစ်ဖက်လူ ဖုန်းကိုင်တာနဲ့ သူ မှာကြားလိုက်သည်။ "လင်ဒါ ဆိုတဲ့ အမျိုးသမီးကို သေချာ စောင့်ကြည့်ထား"
သူ ပြဿနာမကြောက်ပေမဲ့ မိန်းမတစ်ယောက်ကိုလည်း အထင်မသေးရဲပါဘူး။
ဒီလို အမှားမျိုး တစ်ခါခံစားဖူးရင် လုံလောက်ပြီ၊ နောက်တစ်ခါ ထပ်မခံစားနိုင်တော့ဘူး။
လီယွမ်ဟန် ပြောသလိုပဲ၊ ဒီဝမ်ကျင်းကျင်း ဆိုတဲ့ မိန်းမကို အထင်သေးလို့ မရဘူး၊ ဘယ်အချိန် ပြဿနာကြီးကြီးမားမား ရှာပေးမလဲ မသိဘူး။
ကြိုတင် ကာကွယ်တဲ့ အနေနဲ့ လူလွှတ်ပြီး စောင့်ကြည့်ထားတာ ပိုကောင်းတယ်၊ တစ်ဖက်လူ လှုပ်ရှားတာနဲ့ ချက်ချင်း သိနိုင်မှာပေါ့။
ရက်အနည်းငယ် ကြာတော့ စီးပွားရေးလောက၊ လုပ်ငန်းခွင်လောကမှာ ပြည်တွင်း နာမည်ကြီး ကုမ္ပဏီကြီး အချို့က သူမကို အသည်းအသန် လိုက်တူးနေကြတယ်၊ ခံစားခွင့်တွေ အများကြီး ပေးထားတယ်၊ ဒါပေမဲ့ ငြင်းပယ်ခံလိုက်ရတယ်၊ ဘာလို့လဲဆိုတော့ လက်ရှိ ကုမ္ပဏီက သူမအပေါ် ကျေးဇူးရှိလို့၊ အခွင့်အရေး ပိုကောင်းတာနဲ့ ထွက်သွားလို့ မဖြစ်ဘူး ဆိုတဲ့ ကောလဟာလတွေ ထွက်လာတယ်။
သူမရဲ့ ငြင်းပယ်မှုက သံယောဇဉ်ကြီးမားသူ၊ သစ္စာရှိသူအဖြစ် ချီးကျူးခံနေရတယ်။
ဒီရက်ပိုင်းအတွင်း လုပ်ငန်းခွင် ထူးချွန်သူ မစ္စလင်ဒါရဲ့ ကောလဟာလတွေက Imperial Palaceအုပ်စု၊ ကုန်းထျန်းဟောက်၊ လီယွမ်ဟန် တို့အပေါ် ဘာသက်ရောက်မှုမှ မရှိပါဘူး။
ဒီမစ္စလင်ဒါ ဘယ်လောက် လှလှ၊ ဘယ်လောက် နည်းလမ်းကောင်းကောင်း၊ ဘယ်လောက် စွမ်းဆောင်ရည် ရှိရှိ Imperial Palaceအုပ်စုက သွားတူးမှာ မဟုတ်ဘူး။
လီယွမ်ဟန် ရုံးခန်းထဲတွင် မျက်မှောင်ကြုတ်ပြီး သံသယ ဖြစ်နေသည်။ "ဒီမိန်းမက ဒီလောက် လှုပ်ရှားမှု အကြီးကြီးလုပ်နေတာ တကယ်တမ်း ဘာလုပ်ချင်နေတာလဲ"
ကုန်းထျန်းဟောက် စောင့်ကြည့်ခိုင်းထားတဲ့ လူတွေရဲ့ အစီရင်ခံစာအရ ဒီလင်ဒါက အလုပ်ကိစ္စ အလုပ်ရှုပ်တာကလွဲရင် ကျန်တဲ့အချိန်တွေမှာ သူငယ်ချင်းတွေနဲ့ တွေ့တယ်၊ ဒါမှမဟုတ် အိမ်ပြန်အနားယူတယ်၊ လှုပ်ရှားမှုအကြီးကြီးလုပ်နေတဲ့ပုံစံ မပေါက်ဘူး။
ကုန်းထျန်းဟောက်က ဆက်လက် စောင့်ကြည့်ခိုင်းထားတယ်။
ကုန်းထျန်းဟောက်က အေးစက်စွာ ပြောလိုက်သည်။ "ငါ့ခေါင်းပေါ် လာမထိသရွေ့ သူ ဘယ်လောက် လှုပ်ရှားမှုကြီးကြီးလုပ်လုပ် ငါ့ကိစ္စ မဟုတ်ဘူး"
လီယွမ်ဟန်က သဘောမတူဘဲ ခေါင်းခါလိုက်သည်။ "မဟုတ်ဘူး ထျန်းဟောက်... ငါ ထင်တာတော့ သူမ ဒီလောက် လှုပ်ရှားမှု ကြီးကြီး လုပ်နေတာ ရည်ရွယ်ချက်က မင်း ဖြစ်နိုင်တယ်။ ဒါပေမဲ့ ငါတို့က ခဏလောက်တော့ သူ့ရည်ရွယ်ချက်ကို မခန့်မှန်းနိုင်သေးတာ"
ဤနေရာသို့ ရောက်သောအခါ သူ ခနရပ်လိုက်ပြီး "ငါ ထင်တာတော့ ဒီမိန်းမက ဝမ်ကျင်းကျင်း အစစ် ဖြစ်ဖို့ များတယ်" ရည်မှန်းချက် အောင်မြင်ဖို့ ဘာမဆို လုပ်ရဲတဲ့ စိတ်ဓာတ်၊ ကောလဟာလ လွှင့်ပြီး လမ်းခင်းထားတာတွေက ရည်ရွယ်ချက် တစ်ခုခု ရှိမှာ သေချာတယ်။
လီယွမ်ဟန် စိုးရိမ်သကဲ့သို့ပင်။
ရက်အနည်းငယ် ကြာတော့ စီးပွားရေးလောက၊ လုပ်ငန်းခွင်လောကမှာ နောက်ထပ် ကောလဟာလ တစ်ခု ထွက်ပေါ်လာပြန်တယ်။
***
စိုက်ပျိုးရေးနေရာလွတ်က ငါ့ကိုချမ်းသာလာစေတယ်
အခန်း ၉၇၄ ။ လူပြက်မလေး ခုန်ပေါက်နေရုံပါပဲ
အခုတလော စီးပွားရေးလောက၊ လုပ်ငန်းခွင်လောကမှာ နောက်ထပ် ကောလဟာလ တစ်ခု ထွက်ပေါ်လာပြန်တယ်။
ဒီတစ်ခေါက် ကောလဟာလက Imperial Palaceအုပ်စု၊ ကုန်းထျန်းဟောက်နဲ့ လီယွမ်ဟန် တို့ကိုပါ ဆွဲထည့်လိုက်တယ်။
"နင်တို့ သိလား... ဒီလင်ဒါက Imperial Palaceအုပ်စု ဥက္ကဌ လက်ထောက် လီယွမ်ဟန်၊ ဥက္ကဌ ကုန်းထျန်းဟောက်တို့နဲ့ တက္ကသိုလ် အတန်းဖော်တွေတဲ့"
"အတန်းဖော်တွေလား။ ဒါ ပုံမှန်ပဲလေ၊ ဘာထူးဆန်းလို့လဲ" တစ်ယောက်က သံသယဖြင့် မေးလိုက်သည်။
"ဒါ နင် မသိဘူး။ အတန်းဖော် ဆက်ဆံရေးဆိုတာ ပုံမှန်ပါပဲ၊ ဒါပေမဲ့ Imperial Palaceအုပ်စု ဥက္ကဌ ကုန်းထျန်းဟောက်၊ လက်ထောက် လီယွမ်ဟန် တို့နဲ့ အတန်းဖော် ဖြစ်တာက သိပ်မပုံမှန်တော့ဘူး"
တစ်ယောက်က ပါးစပ်အုပ် ရယ်မောပြီး ပြောလိုက်သည်။ "ဒီနှစ်တွေအတွင်း Imperial Palaceအုပ်စု ဥက္ကဌ ကုန်းထျန်းဟောက်၊ လက်ထောက် လီယွမ်ဟန်တို့နဲ့ အတန်းဖော်ဖြစ်တယ် ဆိုတဲ့ သတင်း ဘယ်သူ့ဆီက ကြားဖူးလဲ။ မကြားဖူးဘူး မဟုတ်လား။ ဒါကြောင့် အခု လင်ဒါက သူတို့နဲ့ အတန်းဖော် ဖြစ်တယ် ဆိုတဲ့ သတင်း ထွက်လာတာက သူတို့ကြားက ဆက်ဆံရေး မဆိုးဘူးဆိုတာ ပြသနေတာပဲ"
ဤနေရာသို့ ရောက်သောအခါ သူမ ခနရပ်လိုက်ပြီး ဆက်ပြောသည်။ "ဟုတ်တယ်လေ... ကုန်းထျန်းဟောက်၊ လီယွမ်ဟန်တို့နဲ့ အတန်းဖော် ဖြစ်တဲ့သူက အရည်အချင်း ညံ့ပါ့မလား။ ဒါကြောင့် လင်ဒါက ဒီလောက် ထက်မြက်ပြီး လုပ်ရည်ကိုင်ရည် ကောင်းမွန်နေတာပေါ့။ လူတော်ချင်း ပေါင်းတာကိုး"
တစ်ယောက်က သံသယဖြင့် မေးလိုက်ပြန်သည်။ "သူတို့ကြားက ဆက်ဆံရေး ကောင်းတယ်၊ လီယွမ်ဟန်က ဥက္ကဌ ကုန်းရဲ့ လက်ထောက် ဖြစ်နေပြီဆိုရင် လင်ဒါက ဘာလို့ Imperial Palaceအုပ်စုကို မရွေးချယ်ဘဲ တခြား ကုမ္ပဏီကို ရွေးချယ်တာလဲ"
တစ်ယောက်က ခန့်မှန်း ပြောဆိုလိုက်သည်။ "အတန်းဖော်ဟောင်း ဆက်ဆံရေးကြောင့် အားနာလို့ နေမှာပေါ့။ ဘာပဲပြောပြော အဆက်အသွယ်နဲ့ ဝင်လာတဲ့သူက ဘယ်လောက်ပဲ ထက်မြက်၊ အရည်အချင်း ရှိရှိ နောက်ကွယ်မှာ လူတွေရဲ့ အတင်းအဖျင်းပြောတာ ခံရမှာပဲ၊ ဒီလိုနဲ့ ကိုယ့်အရည်အချင်း အငြင်းပယ်ခံရရင် ဘယ်သူမှ မပျော်ရွှင်နိုင်ဘူး။
ဒါကြောင့် တခြား ကုမ္ပဏီကို ရွေးချယ်ပြီး ကိုယ့်အရည်အချင်းနဲ့ လုပ်ငန်းခွင်မှာ နေရာတစ်ခု ရအောင် ယူလိုက်တာ၊ ဒါဆိုရင် ဘယ်သူမှ နောက်ကွယ်မှာ အတင်းအဖျင်း မပြောနိုင်တော့ဘူး၊ လက်ညှိုးထိုး မပြောနိုင်တော့ဘူး၊ နောက်ပေါက်ကနေ ဝင်လာတယ် မပြောနိုင်တော့ဘူးလေ၊ ဟုတ်တယ်မလား"
"နင် ပြောတာ ကြားမှ တကယ် အဓိပ္ပာယ် ရှိတာပဲ" တစ်ယောက်က ချက်ချင်း ခေါင်းညိတ် ထောက်ခံလိုက်သည်။ "အရည်အချင်း ရှိတဲ့သူက ဘယ်နေရာရောက်ရောက် ထွန်းလင်းတောက်ပနိုင်တယ်၊ အရည်အချင်း မရှိတဲ့သူက နောက်ခံ ဘယ်လောက်တောင့်တောင့် လူတွေရဲ့ လက်ညှိုးထိုးတာ ခံရမှာပဲ"
"ဒါကြောင့် လင်ဒါက Imperial Palaceအုပ်စုကို မရွေးချယ်ဘဲ တခြား ကုမ္ပဏီကို ရွေးချယ်လိုက်တာက ဉာဏ်ကောင်းတဲ့ ရွေးချယ်မှုပဲ" တစ်ယောက်က ချီးကျူးလိုက်သည်။ "ကိုယ့်နာမည်ဂုဏ်သတင်း ရလာမှ ပိုကောင်းတဲ့ ကုမ္ပဏီကို ရှာမယ်၊ အဲဒီ ကုမ္ပဏီက အတန်းဖော်ဟောင်းနဲ့ ဆက်ဆံရေးကောင်းတဲ့ ကုမ္ပဏီ ဖြစ်ရင်တောင် သူမက နောက်ခံ အဆက်အသွယ်နဲ့ ဝင်လာတာလို့ ပြောကြမှာ မဟုတ်တော့ဘူး။ အတန်းဖော်ဟောင်း ကုမ္ပဏီ ဖွံ့ဖြိုးတိုးတက်ဖို့ လာကူညီတာလို့ပဲ ပြောကြတော့မှာ။ ဒီကွဲပြားခြားနားတဲ့ ရွေးချယ်မှု နှစ်ခုထဲက နင် ဆိုရင် ဘယ်ဟာ ရွေးမလဲ"
"သေချာပေါက် ကိုယ့်အတွက် အကျိုးရှိဆုံး၊ အားသာချက် အရှိဆုံးကို ရွေးမှာပေါ့" တစ်ယောက်က တွန့်ဆုတ်ခြင်း မရှိဘဲ ပြောလိုက်သည်။ "အို... ဒီလင်ဒါက တကယ်ပဲ ဉာဏ်ကောင်းပြီး လှပတဲ့၊ အရည်အချင်းနဲ့ ရုပ်ရည် ပြည့်စုံတဲ့ အမျိုးသမီးပဲ"
သာမန်လူဆိုရင် ကုန်းထျန်းဟောက်လို နောက်ခံ အဆက်အသွယ် တောင့်တင်းတာရှိနေရင်၊ ပြီးတော့ Imperial Palaceအုပ်စုက နိုင်ငံလုံးဆိုင်ရာ နံပါတ်တစ် ကုမ္ပဏီကြီး ဖြစ်ပြီး ကမ္ဘာပေါ်မှာလည်း ထိပ်တန်း နာမည်ကြီး ကုမ္ပဏီကြီး ဖြစ်နေရင် ဒီလောက် ကြီးမားတဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် ပထမ ဦးစားပေး ရွေးချယ်မှာ သေချာတယ်။
ဒါပေမဲ့ လင်ဒါက ဒီလို မရွေးချယ်ဘဲ ကိုယ့်အတွက် ပိုအကျိုးရှိမယ့် နောက်တစ်မျိုးကို ရွေးချယ်လိုက်တယ်။
….
"ထျန်းဟောက်... အပြင်မှာ ကောလဟာလတွေ ထွက်နေတယ်၊ လင်ဒါက ငါတို့ ကုမ္ပဏီကို အလုပ်ပြောင်းလာနိုင်တယ်တဲ့" လီယွမ်ဟန် ဒီကောလဟာလကို ကြားတော့ နေလို့မကောင်း ဖြစ်သွားသည်။
ကုန်းထျန်းဟောက် ပြန်မပြောခင် လီယွမ်ဟန် မျက်နှာပေါ်တွင် ဒေါသ အရိပ်အယောင်များ ပေါ်လာပြီး ပြောလိုက်သည်။ "သောက်ကျိုးနည်း... ငါ သိတယ်၊ ဒီလင်ဒါမှာ ရည်ရွယ်ချက်တစ်ခုခု ရှိနေမယ်ဆိုတာ၊ တကယ်ပဲ ဟုတ်နေတာပဲ။ ကြည့်ရတာ သူက တစ်လှမ်းဆုတ်ပြီး ဆယ်လှမ်းလောက်တိုးချင်တဲ့ နည်းလမ်းကို သုံးပြီး လူထုအမြင်နဲ့ ငါတို့ ကုမ္ပဏီထဲ ဝင်ချင်နေတာပဲ။ တကယ်ပဲ အဲဒီ မိန်းမ ဖြစ်နေတာပဲ၊ သည်းခံနိုင်စွမ်း ရှိတယ်၊ တစ်ဆင့်ချင်းစီ စီစဉ်ပြီး နောက်ဆုံး ရည်မှန်းချက် အောင်မြင်အောင် လုပ်တတ်တယ်"
ထို့နောက် လီယွမ်ဟန် မေးလိုက်သည်။ "ထျန်းဟောက်... အပြင်မှာ ဒီလို ကောလဟာလတွေ ထွက်နေတာ ငါတို့ ဘယ်လို တုံ့ပြန်မလဲ"
ကုန်းထျန်းဟောက် သူ့ကို စောင်းကြည့်လိုက်ပြီး မျက်နှာသေဖြင့် ပြောလိုက်သည်။ "လူပြက်မလေး တစ်ယောက် ခုန်ပေါက်နေတာပဲ၊ ငါတို့ ဘာလို့ ဂရုစိုက်နေရမှာလဲ"
"..." လီယွမ်ဟန် ရယ်မောရင်း ပြောလိုက်သည်။ "ဟုတ်တယ်... လူပြက်မလေး တစ်ယောက်ပါပဲ။ ဒါပေမဲ့..."
ဤနေရာသို့ ရောက်သောအခါ လီယွမ်ဟန် ခနရပ်လိုက်ပြီး စိုးရိမ်တကြီး ပြောလိုက်သည်။ "ငါ ထင်တာတော့ လင်ဒါ ဆိုတဲ့ မိန်းမရဲ့ ရည်ရွယ်ချက်က ငါတို့ ကုမ္ပဏီ ဝင်ဖို့လောက်ပဲ ရိုးရှင်းတာ မဟုတ်လောက်ဘူး"
ကုန်းထျန်းဟောက် မျက်မှောင် အနည်းငယ် ကြုတ်ကာ စဉ်းစားပြီး ပြောလိုက်သည်။ "ငါတို့ စောင့်ကြည့်ကြတာပေါ့"
လီယွမ်ဟန် ခေါင်းညိတ်လိုက်သည်။ ထို့နောက် မေးလိုက်သည်။ "ဒါဆို ထျန်းဟောက်... အပြင်က ကောလဟာလတွေကို ငါတို့ ဂရုစိုက်စရာ မလိုဘူးလား"
ကုန်းထျန်းဟောက် ခေါင်းခါလိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။ "ဂရုစိုက်စရာ မလိုဘူး။ သူ နောက်ဆက်တွဲ ဘာလုပ်ချင်လဲ ကြည့်ကြတာပေါ့"
ဟွန့်... သူ အခု လီယွမ်ဟန်လိုပဲ တွေးမိတယ်၊ ဒီလင်ဒါက ဝမ်ကျင်းကျင်း အစစ် ဖြစ်ဖို့ များတယ်။
အရင်တုန်းက အတုက တကယ့် အတုပါပဲ၊ အစစ်နဲ့ ယှဉ်လိုက်ရင် အများကြီး ကွာခြားနေတယ်။
နှမြောစရာကောင်းတာက ပိုင်ရှန်းရှန်းဆိုတဲ့ မိန်းမ အသတ်ခံလိုက်ရလို့၊ မဟုတ်ရင် အစစ်ရဲ့ ရှေ့မှာ သူမကို သရုပ်ဆောင်ခိုင်းလိုက်ရင် တော်တော်ကြည့်ကောင်းမှာ။
မှန်ပါသည်... ကုန်းထျန်းဟောက်က ဇာတ်လမ်းကြည့်ရတာ၊ အသက်ဝင်တာတွေကို ကြိုက်တဲ့သူ မဟုတ်ပါဘူး။
အလုပ်ဆင်းချိန် လီယွမ်ဟန် ဧည့်ကြိုရှေ့က ဖြတ်သွားတော့ ဧည့်ကြိုက လှမ်းခေါ်လိုက်တယ်။ "လက်ထောက်လီ..."
လီယွမ်ဟန်က ဧည့်ကြိုမလေးနှစ်ယောက် ပြောချင်သလိုလို မပြောချင်သလိုလို ဖြစ်နေတာ၊ မျက်စိမှိတ်ပြတာ၊ တွန်းထိုးနေတာတွေကို ကြည့်ပြီး ရယ်မောကာ မေးလိုက်သည်။ "ငါ့ကို ခေါ်တာ ဘာကိစ္စ ရှိလို့လဲ။ မေးစရာ ရှိရင် မေးပါ၊ အားနာစရာ မလိုပါဘူး" သူက ကုန်းထျန်းဟောက်လို လူတိုင်းကို မိုင်ပေါင်းများစွာ အဝေးကနေ ငြင်းပယ်တတ်တဲ့ မျက်နှာထားမျိုး မဟုတ်ပါဘူး။
သူက လက်အောက်ငယ်သားတွေ အပေါ်မှာ နွေးထွေးပြီး ဖော်ရွေတတ်ပါတယ်။
ဧည့်ကြိုက မနေနိုင်ဘဲ မေးလိုက်သည်။ "လက်ထောက်လီ... အပြင်မှာ ကောလဟာလတွေ ထွက်နေတယ်၊ အဲဒီ မစ္စလင်ဒါက ကျွန်မတို့ ကုမ္ပဏီကို အလုပ်ပြောင်းလာမယ်တဲ့၊ တကယ်လားဟင်"
သူမ လင်ဒါအပေါ် အမြင်မဆိုးပါဘူး၊ လှပပြီး ကျက်သရေ ရှိတယ်၊ လူတွေကို ယဉ်ယဉ်ကျေးကျေး ဆက်ဆံတယ်၊ ပြီးတော့ အရည်အချင်း ရှိတယ်လို့ သတင်းထွက်နေတော့ Imperial Palaceအုပ်စုကို အလုပ်ပြောင်းလာမယ် ဆိုတဲ့ ကောလဟာလကို နည်းနည်း ယုံကြည်နေတယ်။
လီယွမ်ဟန်က သူတို့ရဲ့ သံသယကို ကြားတော့ ခေါင်းကို ခပ်ဖွဖွ ရိုက်ပြီး ရယ်မောကာ ပြောလိုက်သည်။ "ညီမလေးနှစ်ယောက်... အဲဒါ ကောလဟာလလေ၊ ကောလဟာလ ဆိုတာ သိလား။ ကောလဟာလ ဖြစ်နေမှတော့ ယုံကြည်ရနိုင်ခြေ ဘယ်လောက် ရှိမှာလဲ။ မင်းတို့ကလေ... ဧည့်ကြိုအလုပ်ကိုပဲ ကောင်းကောင်း လုပ်ကြပါ"
ဧည့်ကြို ကြားလိုက်ရတော့ သံသယဖြင့် မေးလိုက်သည်။ "လက်ထောက်လီ... လက်ထောက်လီ ဆိုလိုတာက အဲဒီ မစ္စလင်ဒါက ကျွန်မတို့ ကုမ္ပဏီကို အလုပ်ပြောင်းလာမှာ မဟုတ်ဘူးပေါ့"
နောက်တစ်ယောက်ကလည်း စိတ်လောကြီးစွာ မေးလိုက်သည်။ "ဘာဖြစ်လို့လဲ။ သူက လက်ထောက်လီ၊ ဥက္ကဌ တို့နဲ့ အတန်းဖော်ဟောင်းတွေ မဟုတ်ဘူးလား။ ဆက်ဆံရေး မဆိုးဘူးလေ၊ အခု ဒီလောက် အရည်အချင်း ရှိတဲ့ လူတော်တစ်ယောက် ကုမ္ပဏီကို လာတာ ကုမ္ပဏီက ကြိုဆိုမှာ မဟုတ်ဘူးလား"
သူတို့ ဒီလိုပြောတာ ကြားတော့ လီယွမ်ဟန် မျက်နှာ ချက်ချင်း မည်းမှောင်သွားတယ်။ လေးနက်ပြီး ဟိန်းဟောက်တဲ့ လေသံနဲ့ ပြောလိုက်သည်။ "အပြင်က ကောလဟာလတွေက ကောလဟာလတွေပဲ၊ အတည်မယူနဲ့။ ပြီးတော့ မင်းတို့က ဧည့်ကြိုတွေ၊ ဧည့်ကြို တာဝန်ကိုပဲ ကျေပွန်အောင် လုပ်ရင် ပြီးတာပဲ၊ ကုမ္ပဏီ ကိစ္စတွေကို မင်းတို့ များများနားထောင်၊ များများကြည့်၊ နည်းနည်းပြောရင် ရပြီ။ မဟုတ်ရင် ကုမ္ပဏီက မင်းတို့ကို ဆက်ထားသင့်၊ မထားသင့် စဉ်းစားရလိမ့်မယ်"
လက်ထောက်လီရဲ့ ဟိန်းဟောက် သတိပေးတာကို ခံလိုက်ရတော့ ဧည့်ကြိုမလေးနှစ်ယောက် မျက်နှာ ပျက်သွားပြီး အလေးအနက် ပြောလိုက်ကြသည်။ "လက်ထောက်လီ... လက်ထောက်လီ ဆုံးမတာ မှန်ပါတယ်၊ နောက်ဆိုရင် ကျွန်မတို့ ဒီလိုအမှားမျိုး ထပ်မလုပ်တော့ပါဘူး"
ဧည့်ကြိုနှစ်ယောက်ကို သတိပေးပြီးနောက် လှည့်ထွက်သွားတဲ့ လီယွမ်ဟန် မျက်နှာထား သိပ်မကောင်းဘူး။
ကြည့်ရတာ အဲဒီ ကောလဟာလက ကုမ္ပဏီကို သက်ရောက်မှု မရှိတာ မဟုတ်ဘဲ သက်ရောက်မှု ကြီးကြီးမားမား ရှိနေပုံရတယ်။ မဟုတ်ရင် ဧည့်ကြိုတွေတောင် လင်ဒါက Imperial Palaceအုပ်စုကို အလုပ်ပြောင်းလာမယ်လို့ ဘာလို့ ထင်နေကြမလဲ။
အဆင့်မြင့် လုပ်ငန်းခွင် ထူးချွန်သူတစ်ယောက် အလုပ်ပြောင်းတာ ဒီလောက် ဂယက်ရိုက်သွားတာ လင်ဒါ တစ်ယောက်ပဲ ရှိလောက်တယ်။ ဒီနောက်ကွယ်မှာ တွန်းအားပေးတဲ့သူ မရှိရင် ဘယ်သူ ယုံမှာလဲ။
ဒါပေမဲ့ ကုန်းထျန်းဟောက်က ဒါတွေကို ဂရုစိုက်စရာ မလိုဘူးလို့ ပြောထားတော့ သူလည်း သူတို့ကို လူပြက်တွေလို့ သဘောထားပြီး ဂရုမစိုက်တော့ဘူး။
လီယွမ်ဟန် ကားမောင်းပြီး ကုမ္ပဏီ ဂိတ်ပေါက်ဝကနေ ထွက်လာတာနဲ့ လူတစ်ယောက် တားတာ ခံလိုက်ရတယ်။
လီယွမ်ဟန် ကားမှန်ချပြီး သူ့ရှေ့မှာ ကားတားနေတဲ့ အမျိုးသမီးကို မြင်တော့ မျက်နှာသေဖြင့် မေးလိုက်သည်။ "မစ္စလင်ဒါ... ဘာကိစ္စ ရှိလို့လဲ"
လင်ဒါက ပြုံးပြီး ပြောလိုက်သည်။ "ကျွန်မ ဒီနေ့ ကားပျက်နေလို့ပါ၊ ယွမ်ဟန်... ငါ့တို့ တစ်လမ်းတည်းဆိုတော့ လိုက်ပို့ပေးလို့ ရမလား"
လီယွမ်ဟန်က မျက်နှာသေဖြင့် ပြောလိုက်သည်။ "အငှားကား ငှားစီးလို့ ရတာပဲ"
လင်ဒါ ကားထဲကို လှမ်းကြည့်လိုက်ပြီး ပြုံးလျက် ပြောလိုက်သည်။ "ယွမ်ဟန်... ဘာပဲဖြစ်ဖြစ် နင့်ကားက အလွတ်ကြီးပဲ၊ ငါ့ကို လိုက်ပို့ပေးပါလား၊ ဘာပဲပြောပြော ငါတို့က အတန်းဖော်ဟောင်းတွေပဲလေ။ နင်က မကယ်ဘဲ နေမှာလား"
လင်ဒါရဲ့ မျက်နှာပြောင်တိုက်မှုကို လီယွမ်ဟန် ပြောစရာမရှိဖြစ်နေပေမဲ့ ဒီမိန်းမရဲ့ စရိုက်နဲ့ ဆိုရင် သဘာဝကျနေပြန်ရော။
ဒါပေမဲ့ လီယွမ်ဟန်ကို သတိထားမိစေတယ်။
ရည်ရွယ်ချက် မကောင်းဘူး။ ဒါက သူမ ရုတ်တရက် ကားတားလိုက်တဲ့အပေါ် လီယွမ်ဟန် ခံစားလိုက်ရတဲ့ ခံစားချက်ပဲ။
ကျားသိုက်ထဲ မဝင်ရင် ကျားသား မရနိုင်ဘူး။
ဒီမိန်းမ တကယ်တမ်း ဘာလုပ်ချင်လဲဆိုတာ သူ ကြည့်ချင်တယ်။
"ကောင်းပြီ... တက်ခဲ့" လီယွမ်ဟန် လင်ဒါ တက်လာတာကို မငြင်းဆန်ခဲ့ပါဘူး။
လင်ဒါ ကားပေါ် တက်လိုက်တော့ နောက်က လိုက်ထွက်လာတဲ့ ကုန်းထျန်းဟောက် မျက်မှောင် အနည်းငယ် ကြုတ်ပြီး စဉ်းစားနေတယ်။
ကားပေါ် ရောက်တော့ လင်ဒါက ပြုံးပြီး လီယွမ်ဟန်ကို ပြောလိုက်သည်။ "ယွမ်ဟန်... ငါတို့ အတန်းဖော်ဟောင်းတွေ မတွေ့ရတာ နှစ်အတော်ကြာပြီ။ ပြီးခဲ့တဲ့ တစ်ခေါက်ကလည်း အလျင်လိုနေလို့ ကောင်းကောင်း စကားမပြောလိုက်ရဘူး။ ဒီတစ်ခေါက် အချိန်ရတုန်း ငါတို့ အတူတူ ညစာ သွားစားကြမလား"
လီယွမ်ဟန် သတိပေးခေါင်းလောင်းသံ မြည်သွားပြီး ချက်ချင်း ငြင်းပယ်လိုက်သည်။ "ညစာ စားဖို့ မလိုပါဘူး။ ငါ တခြား သူငယ်ချင်းတွေနဲ့ ချိန်းထားတာ ရှိတယ်"
"ဪ... ဟုတ်လား" လင်ဒါ နှမြောတသ ပြောလိုက်သည်။ "ငါက အချိန်ရှာပြီး ငါတို့ ကောင်းကောင်း စကားပြောကြမလို့ စဉ်းစားထားတာ"
လီယွမ်ဟန် တိုက်ရိုက် မေးလိုက်သည်။ "စကားပြောမယ် ဟုတ်လား။ ဘာပြောမှာလဲ။ မစ္စလင်ဒါက ငါတို့ Imperial Palaceအုပ်စုကို ဘယ်လို အလုပ်ပြောင်းလာမလဲ ဆိုတာ ပြောမလို့လား"
လင်ဒါ၏အမူအရာ အနည်းငယ် ပြောင်းလဲသွားသော်လည်း ချက်ချင်း ပုံမှန် ပြန်ဖြစ်သွားပြီး မျက်နှာပေါ်တွင် သင့်တော်သော အပြုံးတစ်ခု ပေါ်လာကာ ပြောလိုက်သည်။ "ယွမ်ဟန်... နင် ငါ့ကို အထင်လွဲနေပြီ။ ငါ အခု အလုပ်ပြောင်းဖို့ အစီအစဉ် မရှိပါဘူး။ အပြင်က ကောလဟာလတွေနဲ့ ပတ်သက်ပြီးတော့ ဘယ်က ထွက်လာမှန်း ငါလည်း မသိပါဘူး။ ငါ သတိထားမိလိုက်တဲ့ အချိန်မှာ ဒီကောလဟာလတွေက စီးပွားရေးလောက၊ လုပ်ငန်းခွင်လောက တစ်ခုလုံး ပျံ့နှံ့နေပြီ၊ ငါ ဖြေရှင်းချင်ရင်တောင် ဖြေရှင်းလို့ မရ၊ ပြင်ဆင်လို့ မရ ဖြစ်နေပြီ"
လီယွမ်ဟန် ခေါင်းညိတ်လိုက်ပြီး အားမနာဘဲ ပြောလိုက်သည်။ "ဪ... မင်း ဆိုလိုတာက အခု အပြင်က ကောလဟာလတွေက ကာယကံရှင် ဖြစ်တဲ့ မင်းနဲ့ လုံးဝ မသက်ဆိုင်ဘူးဆိုတဲ့ သဘောလား" သူ့ရဲ့ အားမနာမှုက မေးခွန်းထုတ်နေတာ သိသာတယ်။
လင်ဒါ၏မျက်နှာထား ပြောင်းလဲသွားပြန်သည်။ သူမ စဉ်းစားပြီး ပြောလိုက်သည်။ "အဲဒါ... အဲဒါက လုံးဝ မသက်ဆိုင်ဘူးလို့တော့ ပြောလို့ မရပါဘူး။ ဖြစ်နိုင်တာက တစ်ယောက်ယောက်က ငါနဲ့ နင်၊ ထျန်းဟောက်တို့က အတန်းဖော်ဟောင်း ဆက်ဆံရေးရှိတယ်ဆိုတာ သိသွားလို့ သဘာဝကျကျပဲ ငါက နောက်ပိုင်း Imperial Palaceအုပ်စုကို အလုပ်ပြောင်းလာလိမ့်မယ်လို့ ထင်နေကြတာနေမှာပါ"
"ဟွန့်..." လီယွမ်ဟန်က အထင်အမြင်သေးစွာ နှာခေါင်းရှုံ့ပြီး ပြောလိုက်သည်။ "ငါနဲ့ ထျန်းဟောက်ရဲ့ အတန်းဖော်ဟောင်းတွေ အများကြီး ရှိတာပဲ၊ အဲဒီလူတွေကျတော့ ဘာလို့ ဒီလို ကောလဟာလတွေ မထွက်ရတာလဲ"
လီယွမ်ဟန် ဒီလိုပြောတာ ကြားတော့ လင်ဒါ၏မျက်နှာ လုံးဝ မည်းမှောင်သွားတယ်။ သူမ လေးနက်စွာ မေးလိုက်သည်။ "လီယွမ်ဟန်... နင့်စကားက ဘာသဘောလဲ။ နင်က အဲဒီ ကောလဟာလတွေ အကုန်လုံး ငါ လွှင့်ထားတာလို့ သံသယ ဖြစ်နေတာလား။ နင် ဘယ်လိုလုပ် ငါ့ကို ဒီလို သံသယ ဖြစ်ရက်တာလဲ"
ဒီစကားပြောနေတုန်း သူမက နစ်နာနေသလို ခံစားနေရတယ်။
***