← Chapters

အခန်း (၉၇၅-၉၇၆)

Vol. 60 Ch. 975-976

အခန်း (၉၇၅-၉၇၆)

Vol. 60 Ch. 975-976

အခန်း ၉၇၅ ။ ကတိနော်

လင်ဒါသည် ချက်ချင်းဆိုသလို နူးညံ့သိမ်မွေ့သော အမျိုးသမီးငယ်လေး တစ်ယောက် အဖြစ် ဟန်ဆောင်ကာ နစ်နာသလို ပြောလိုက်သည်။ "ယွမ်ဟန်... နင် ဘယ်လိုလုပ် ငါ့ကို သံသယ ဝင်ရက်တာလဲ"

လီယွမ်ဟန် ဘာပြန်ပြောရမှန်း မသိတော့ဘဲ မျက်ဖြူလှန်ပြလိုက်သည်။ "ဘာလို့ သံသယ ဝင်လို့ မရတာလဲ" လို့ ပြန်မေးချင်စိတ် ပေါက်သွားတယ်။

ဖြစ်နိုင်တာက လီယွမ်ဟန်ကလည်း အနီရောင်နားကပ်ရင် အနီရောင်စွဲ ဆိုသလို ကုန်းထျန်းဟောက်နားကပ်ပြီး ကုန်းထျန်းဟောက်အကျင့်တွေ ကူးစက်လာတာ ဖြစ်မယ်၊ မိန်းမတွေကို သိပ်မညှာတာတတ်တော့ဘူး။

လင်ဒါက နစ်နာသလို ပြောနေပေမဲ့ သူ ဘာမှ ပြန်မပြောခဲ့ဘူး။

လင်ဒါ "..."

သူမ နှုတ်ခမ်းထောင့်များ တွန့်သွားပြီး စိတ်ထဲတွင် ဆဲဆိုလိုက်သည်။ "ဒီလီယွမ်ဟန်က မတွေ့ရတာ နှစ်အနည်းငယ်ပဲ ရှိသေးတာ၊ ဘာလို့ ဒီလောက် သွေးအေးရက်စက်သွားရတာလဲ၊ မိန်းမတွေကို မညှာတာတတ်တော့ဘူး။ သူ့ကို အသုံးချချင်လို့သာ၊ မဟုတ်ရင် ငါ သူနဲ့ ဘာမှ ပတ်သက်ချင်တာ မဟုတ်ဘူး"

သူမအတွက် တက္ကသိုလ်တုန်းက အမြင်မကြည်လင်ခဲ့တဲ့ ရွေးချယ်မှုက သူမဘဝရဲ့ အကြီးမားဆုံး ဟာသတစ်ခုပါပဲ။

ဖြစ်နိုင်ရင် သူမ နိုင်ငံကို မပြန်ချင်တော့ဘူး၊ ဘယ်သူ့ကိုမှ မတွေ့ချင်တော့ဘူး။ ဒါပေမဲ့ ဒီလို အခွင့်အရေးကိုလည်း လက်လွှတ်မခံနိုင်ဘူး။

လီယွမ်ဟန်က ဘာမှ ပြန်မပြောတော့ လင်ဒါက သက်ပြင်းချလိုက်ပြီး ဝမ်းနည်းသလို ပြောလိုက်သည်။ "ထားလိုက်ပါတော့၊ အမှန်တရားက အမှန်တရားပါပဲ၊ ငါ အများကြီး ရှင်းပြနေလည်း အလကားပါပဲ"

ထို့နောက် လီယွမ်ဟန် ပြန်မပြောခင် သူမ ဆက်ပြောသည်။ "ယွမ်ဟန်... ငါ အတန်းဖော်ဟောင်းတချို့နဲ့ ထမင်းစားဖို့ ချိန်းထားတယ်၊ အတူတူ လိုက်ခဲ့ပါလား။ ငါ ဒီအတန်းဖော်ဟောင်းတွေနဲ့ မတွေ့ရတာ နှစ်အတော်ကြာပြီ"

သူမရဲ့ သဘောထားက ပေါ့ပေါ့ပါးပါးနဲ့ ရင်းနှီးဟန် ရှိတယ်။ လီယွမ်ဟန်က သူမအပေါ် သဘောထား မကောင်းတာကို သူမ သတိမထားမိသလိုပါပဲ။

လီယွမ်ဟန်က တိုက်ရိုက် ငြင်းပယ်လိုက်သည်။ "ငါ သူငယ်ချင်းတွေနဲ့ ချိန်းထားတာရှိတယ်၊ နောက်မှပဲ သွားတော့မယ်"

လင်ဒါက ပြုံးပြီး ပြောလိုက်သည်။ "ဒါဆို ကောင်းပါပြီ၊ နောက်တစ်ခါမှပေါ့။ ဒါပေမဲ့ နောက်တစ်ခါကျရင် ထျန်းဟောက်ကိုပါ ခေါ်လာခဲ့နော်။ ငါတို့ အတန်းဖော်ဟောင်းတွေ မတွေ့ရတာ နှစ်အတော်ကြာပြီလေ၊ ဆုံပြီး စကားပြောကြတာလောက်က ဘာဖြစ်လဲ"

ဤနေရာသို့ ရောက်သောအခါ သူမ ခနရပ်လိုက်ပြီး ပေါ့ပေါ့ပါးပါး လေသံဖြင့် ဆက်ပြောသည်။ "ပြီးခဲ့တဲ့ ကိစ္စတွေက ပြီးသွားပါပြီ၊ ငါတို့က အတိတ်က ကိစ္စတစ်ခုကြောင့် အတန်းဖော် သံယောဇဉ်ကို မဖြတ်တောက်သင့်ပါဘူး။ နင်နဲ့ ထျန်းဟောက်က ဒီလောက် သဘောထားသေးသိမ်မယ်လို့ ငါ မထင်ပါဘူး"

လီယွမ်ဟန် "..." ဒီမိန်းမက လူ့စိတ်ကို တော်တော် ကစားတတ်တာပဲ။

သူ ခဏ စဉ်းစားပြီးနောက် တိုက်ရိုက် မငြင်းပယ်တော့ဘဲ ပြောလိုက်သည်။ "နောက်ကျ အချိန်ရမှ ပြောကြတာပေါ့"

လမ်းတစ်ဝက်မှာ လူကို ချထားခဲ့တာလည်း မကောင်းဘူးလေ၊ လီယွမ်ဟန်က သူမကို သူမ ပြောတဲ့ ဟိုတယ်အထိ လိုက်ပို့ပေးလိုက်တယ်။

ကားပေါ်က ဆင်းတော့ လင်ဒါက လီယွမ်ဟန်ကို ပြုံးပြပြီး ပြောလိုက်သည်။ "ယွမ်ဟန်... ငါတို့ ကတိကို မမေ့နဲ့နော်"

လီယွမ်ဟန် "..." ဘာကတိလဲ၊ ငါ မသိပါလား။

ဒါပေမဲ့ လီယွမ်ဟန် ဘာမှ ထပ်မစဉ်းစားတော့ဘဲ ကားမောင်းထွက်သွားလိုက်သည်။

လီယွမ်ဟန် ထွက်သွားပြီးနောက် လင်ဒါနဲ့ ရင်းနှီးတဲ့ လူတချို့ လျှောက်လာကြကာ "လင်ဒါ... စောစောက နင့်ကို လိုက်ပို့တဲ့လူက ဘယ်သူလဲ"

လင်ဒါက ပြုံးပြီး ပြောလိုက်သည်။ "ငါတို့ရဲ့ အတန်းဖော်ဟောင်း တစ်ယောက်ပါ"

အဲဒီလူတွေက သံသယ ဖြစ်သွားကြတယ်။ "ငါတို့ အတန်းဖော်ဟောင်း ဟုတ်လား၊ ဘယ်သူလဲ။ ဒီနေ့ ငါတို့ အတန်းဖော်ဟောင်းတွေ ဆုံကြတာ မဟုတ်ဘူးလား။ ဘာလို့ သူ့ကိုပါ မခေါ်လိုက်တာလဲ"

လင်ဒါက ပြုံးပြီး ပြောလိုက်သည်။ "လမ်းမှာ တွေ့လို့လေ။ ငါ ဟိုတယ်သွားပြီး အတန်းဖော်ဟောင်းတွေနဲ့ တွေ့မယ်ဆိုတာသိလို့ လိုက်ပို့ပေးတာ။ ဒါပေမဲ့ သူက သူငယ်ချင်းတွေနဲ့ ချိန်းထားပြီးသားမို့လို့ ငါတို့ရဲ့ အတန်းဖော်ဟောင်းတွေ တွေ့ဆုံပွဲကို မလာနိုင်တော့ဘူးတဲ့။ ဒါပေမဲ့..." သူမ မျက်လုံးထဲမှာ အပြုံးရိပ်တွေ ပေါ်လာပြီး ဆက်ပြောသည်။ "သူ ပြောတယ် နောက်တစ်ခါကျရင် ပြန်ချိန်းမယ်တဲ့၊ ပြီးတော့ ငါတို့ သိတဲ့ နောက်ထပ် အတန်းဖော်ဟောင်းတစ်ယောက်ကိုပါ ခေါ်လာမယ်တဲ့"

"လင်ဒါ... နင် ဘာတွေ လှည့်ပတ်ပြောနေတာလဲ" အတန်းဖော် တစ်ယောက်က သိချင်စိတ် ပြင်းပြနေပြီး ရယ်မောကာ မေးလိုက်သည်။ "ငါ့ကို သိချင်လွန်းလို့ ရူးတော့မယ်။ မြန်မြန် ပြောပြပါ၊ အဲဒီ အတန်းဖော်ဟောင်းက ဘယ်သူလဲ။ နင် ပြောပုံအရဆိုရင် နာမည်ကြီး ပုဂ္ဂိုလ် ဖြစ်နေသလိုပဲ"

လင်ဒါက ပြောစရာ မရှိသလို ပြောလိုက်သည်။ "နာမည်ကြီး ပုဂ္ဂိုလ်ဖြစ်မှန်း သိနေရင်တောင် ဘယ်သူလဲ ဆိုတာ မခန့်မှန်းနိုင်သေးဘူးလား"

ထိုအချိန်တွင် အတန်းဖော် တစ်ယောက်က ရုတ်တရက် အော်ဟစ်လိုက်သည်။ "ဪ... ငါ သိပြီ၊ အဲဒီကားက ဘယ်သူ့ကားလဲ ဆိုတာ။ လီယွမ်ဟန် ကားပဲ။ လင်ဒါ... စောစောက လူက လီယွမ်ဟန် မဟုတ်လား"

လင်ဒါ ပါးစပ်အုပ် ရယ်မောပြီး ပြောလိုက်သည်။ "အင်း... အင်း... သိပ်မအ,ပါဘူး၊ နောက်ဆုံးတော့ ဘယ်သူလဲ ဆိုတာ ခန့်မှန်းမိသွားပြီပဲ"

"ဟာ... ဟာ... တကယ်ပဲ လီယွမ်ဟန်လား" အတန်းဖော်ဟောင်းတွေက အံ့သြသလို စိတ်လှုပ်ရှားသလို ဖြစ်သွားကြတယ်။

သူတို့က နာမည်ခံသာ လီယွမ်ဟန်ရဲ့ အတန်းဖော်တွေလို့ ပြောကြတာ၊ တကယ်တမ်းကျတော့ သူတို့နဲ့ လီယွမ်ဟန် ကြားက ကွာခြားချက်ကို ကောင်းကောင်း သိကြတယ်။ ဒါကြောင့် ပုံမှန်ဆို လီယွမ်ဟန်နဲ့ အဆက်အသွယ် မလုပ်ကြဘူး။ ပြည်တွင်းမှာရှိနေရင်တောင်၊ မြို့တော်မှာ အတူတူ အလုပ်လုပ်နေရင်တောင် သူတို့က လီယွမ်ဟန်နဲ့ လုံးဝ အဆက်အသွယ် မလုပ်ကြဘူး။

သူတို့အတွက်တော့ ကုန်းထျန်းဟောက်နဲ့ လီယွမ်ဟန်က သူတို့ မော့ကြည့်ရတဲ့ တောင်ကြီးနှစ်လုံးပါပဲ။ ကုန်းထျန်းဟောက်ကတော့ ထားလိုက်ပါတော့၊ သူ့နောက်ခံက တောင့်တင်းပြီး စရိုက်ကလည်း အေးစက်လွန်းလို့၊ လူတွေကို မိုင်ပေါင်းများစွာ အကွာကနေ ငြင်းပယ်တတ်လို့ ဘယ်သူမှ ကုန်းထျန်းဟောက် နားကပ်ရဲတဲ့ သတ္တိ မရှိကြဘူး၊ သူငယ်ချင်း ဖြစ်ဖို့ဆိုတာ ပိုဝေးသေးတယ်။

ဒါပေမဲ့ လီယွမ်ဟန်က မတူဘူးလေ။ လီယွမ်ဟန်က သာမန်နောက်ခံက လာတာ၊ တက္ကသိုလ်တုန်းက စရိုက်ကလည်း ပွင့်လင်းပြီး လူတိုင်းနဲ့ အဆင်ပြေတယ်။ အဓိကက တက္ကသိုလ်တုန်းက ကျောင်းသားများ သမဂ္ဂ ဥက္ကဌ ဖြစ်ခဲ့ပြီး အရည်အချင်းရှိလို့ အေးစက်တဲ့ ကုန်းထျန်းဟောက်နဲ့တောင် သူငယ်ချင်း ဖြစ်နိုင်ခဲ့တာ။

ကုမ္ပဏီ စတင်တည်ထောင်ချိန်ကစပြီး လီယွမ်ဟန်က ကုန်းထျန်းဟောက် နောက်လိုက်ပြီး အလုပ်လုပ်ခဲ့တာ၊ ကုမ္ပဏီကို တဖြည်းဖြည်း ကြီးထွားလာအောင် လုပ်ခဲ့တာ။ ကုမ္ပဏီ နာမည်ကြီးလာတာနဲ့အမျှ လီယွမ်ဟန် နာမည်ကလည်း လုပ်ငန်းခွင်လောကမှာ ပိုပို ကျော်ကြားလာတယ်။

အဲဒီတုန်းက Imperial Palaceအုပ်စုထက် ပိုကြီးတဲ့ ကုမ္ပဏီတွေ အများကြီးက လစာကောင်းကောင်း၊ ခံစားခွင့် ကောင်းကောင်းတွေနဲ့ လီယွမ်ဟန်ကို လာကမ်းလှမ်းခဲ့ပေမဲ့ လီယွမ်ဟန် ငြင်းပယ်ခဲ့တယ်။

သူက ကုန်းထျန်းဟောက် ဘေးနားမှာပဲ အလုပ်လုပ်ခဲ့ပြီး Imperial Palaceအုပ်စုကို နိုင်ငံလုံးဆိုင်ရာ နံပါတ်တစ် ကုမ္ပဏီကြီးဖြစ်လာအောင်၊ ကမ္ဘာလုံးဆိုင်ရာ ထိပ်တန်း နာမည်ကြီး ကုမ္ပဏီကြီး ဖြစ်လာအောင် လုပ်ဆောင်ခဲ့တယ်။

Imperial Palaceအုပ်စုရဲ့ လက်ရှိ အောင်မြင်မှုနဲ့ ဂုဏ်သတင်းတွေ ရရှိလာတာ လီယွမ်ဟန်ရဲ့ ကြိုးစားအားထုတ်မှုတွေ မပါမဖြစ် ပါဝင်နေတယ်။

အခုချိန်ထိ လီယွမ်ဟန်က လုပ်ငန်းခွင်လောကမှာ ဒဏ္ဍာရီ တစ်ခုပါပဲ။

"ဟာ... လီယွမ်ဟန်မှန်း စောစောသိရင် ငါ ဘောပင်တစ်ချောင်း ယူလာပြီး လက်မှတ်ထိုးခိုင်းလိုက်ပါတယ်။ တကယ် နှမြောစရာ ကောင်းလိုက်တာ" အတန်းဖော် တစ်ယောက်က နှမြောတသ ပြောလိုက်သည်။ "သိလား... ငါက လီယွမ်ဟန်ကို အမြဲအားကျခဲ့တာ။ သူက ငါ့ရဲ့ စံပြပုဂ္ဂိုလ်၊ ငါ အမြဲ လိုက်မီချင်တဲ့ ပစ်မှတ်ပဲ"

ကုန်းထျန်းဟောက်လို စီးပွားရေးလောကက လူကြီးလူကောင်းကိုတော့ သူတို့ မမှန်းရဲပေမဲ့ လီယွမ်ဟန်က လုပ်ငန်းခွင်လောကက လူကြီးလူကောင်းဖြစ်လို့ သူတို့ လိုက်မီချင်ကြတယ်၊ အားကျကြတယ်။

"လင်ဒါ... နင်က လီယွမ်ဟန် လိုက်ပို့တာ ဘာလို့ ဖုန်းဆက် မပြောတာလဲ။ ဒါဆို ငါတို့ စောစောစီးစီး လာစောင့်နေမှာပေါ့" တစ်ယောက်က အပြစ်တင်လိုက်သည်။

လင်ဒါ ကြားလိုက်ရတော့ မျက်နှာထား အနည်းငယ် ပြောင်းလဲသွားပေမဲ့ ဘယ်သူမှ သတိမထားမိလိုက်ပါဘူး။

"တော်ပါတော့... နင်လည်း ညည်းညူမနေပါနဲ့။ လင်ဒါ ပြောတာ မကြားဘူးလား၊ သူတို့က လမ်းမှာ တွေ့တာပါလို့။ လင်ဒါက ကားပေါ်မှာ နင့်ဆီ ဖုန်းဆက်ပြီး လီယွမ်ဟန် ငါ့ကို ဟိုတယ် လိုက်ပို့နေတယ်၊ နင်တို့ အကုန်လာကြလို့ ပြောရမှာလား" တစ်ယောက်က ပြောလိုက်သည်။ "အဲဒါ ရိုင်းရာ မကျဘူးလား"

"ဪ... လင်ဒါ ပြောသေးတယ် မဟုတ်လား၊ လီယွမ်ဟန်က နောက်တစ်ခါ ပြန်တွေ့ကြမယ်လို့ ကတိပေးတယ် ဆို" တစ်ယောက်က သတိရသွားပြီး လင်ဒါကို ကြည့်ကာ သိချင်စိတ်ဖြင့် မေးလိုက်သည်။ "လင်ဒါ... နင် စောစောက ပြောတာ လီယွမ်ဟန်က နောက်တစ်ခါ အတန်းဖော်ဟောင်းတွေ တွေ့ဆုံပွဲကျရင် နောက်ထပ် လူတစ်ယောက်ကို ခေါ်လာမယ် ဆို၊ သူ ဘယ်သူ့ကို ခေါ်လာမှာလဲ"

လင်ဒါ ရယ်မောရင်း ပြောလိုက်သည်။ "နင့်အထင် သူ ဘယ်သူ့ကို ခေါ်လာမယ် ထင်လဲ"

"ဟာ... ကုန်းထျန်းဟောက်တော့ မဟုတ်ပါဘူးနော်" တစ်ယောက်က စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။ သူမ လင်ဒါရဲ့ မျက်နှာထားကို ကြည့်ပြီး အံ့သြစွာ ထပ်မေးလိုက်သည်။ "လင်ဒါ... တကယ်ပဲ ကုန်းထျန်းဟောက် မဟုတ်ပါဘူးနော်"

လင်ဒါ ခေါင်းညိတ်လိုက်သည်။ "ဟုတ်တယ်... လီယွမ်ဟန် ခေါ်လာမယ့် အတန်းဖော်ဟောင်း ဆိုတာ ကုန်းထျန်းဟောက်ကလွဲရင် ဘယ်သူ ရှိဦးမှာလဲ။ ငါတို့ သိတဲ့အတိုင်းပဲ၊ သူတို့ကြားက ဆက်ဆံရေး ကောင်းတယ်၊ ငါတို့ အားလုံးနဲ့လည်း အတန်းဖော်တွေဆိုတော့ အတန်းဖော်ဟောင်းတွေ တွေ့ဆုံပွဲမှာ လီယွမ်ဟန်က ကုန်းထျန်းဟောက်ကို သေချာပေါက် ခေါ်လာမှာပေါ့"

သေချာတဲ့ အဖြေကို ရလိုက်တော့ ကျန်တဲ့လူတွေ တကယ် စိတ်လှုပ်ရှားသွားပြီး ဝမ်းသာအားရ ခုန်ပေါက်မတတ် ဖြစ်သွားကြတယ်။ "ဟားဟား... တကယ် ကုန်းထျန်းဟောက်လား။ ဒီလိုဆိုရင် ငါတို့ ကုန်းထျန်းဟောက်နဲ့ အနီးကပ် တွေ့ခွင့်ရပြီပေါ့"

လီယွမ်ဟန်က လုပ်ငန်းခွင်လောကက ဒဏ္ဍာရီ၊ ကုန်းထျန်းဟောက်က စီးပွားရေးလောကက ဒဏ္ဍာရီ။

ကုန်းထျန်းဟောက်က စီးပွားရေးလောကမှာ မိုးခေါ်မိုးရွာ၊ လေခေါ်လေလာ လုပ်နိုင်တဲ့ ပုဂ္ဂိုလ်၊ တစ်ချိန်တည်းမှာပဲ အေးစက်ပြီး ပြတ်သားတဲ့၊ ဆွေမျိုးမတော်တဲ့ စီးပွားရေး ဘုရင်ကြီးလို့ နာမည်ကြီးတယ်။

"နင်တို့လည်း အရမ်း မပျော်ကြပါနဲ့ဦး" တစ်ယောက်က စိတ်လှုပ်ရှားပြီးနောက် လျင်မြန်စွာ တည်ငြိမ်သွားပြီး ရေအေးနဲ့ လောင်းချလိုက်သည်။ "ကုန်းထျန်းဟောက် တကယ် လာတက်ရောက်ရင် နင်တို့ ကြောက်လွန်းလို့ စကားတောင် မပြောရဲဖြစ်နေမှာ စိုးလို့ပါ"

သူ ပြောတာ မမှားပါဘူး။

ဘာပဲပြောပြော ကုန်းထျန်းဟောက်က လီယွမ်ဟန်လို ဖော်ရွေတာ မဟုတ်ဘူး၊ တက္ကသိုလ်တုန်းကတည်းက ကုန်းထျန်းဟောက်က လူတွေနဲ့ မရင်းနှီးဘူး။ သူ့အနားကပ်ချင်တဲ့ သူတိုင်း အနားမကပ်ခင်ကတည်းက သူ ထုတ်လွှတ်လိုက်တဲ့ အေးစက်တဲ့ အရှိန်အဝါကို ခံစားလိုက်ရတယ်။

ပြီးတော့ ကုန်းထျန်းဟောက်က အခု အထက်တန်းလွှာ ပုဂ္ဂိုလ်ကြီး ဖြစ်နေပြီ၊ သူတို့လို လူသေးလူဖွဲလေးတွေကို ဂရုစိုက်ပါ့မလား မသိဘူး။ ဘာပဲပြောပြော သူတို့ကြားက ကွာခြားချက်က သာမန် မဟုတ်ဘူး၊ အရမ်း... အရမ်း ကြီးမားလွန်းတယ်။

ရေအေးနဲ့ လောင်းချခံလိုက်ရတဲ့ အတန်းဖော်တွေ ချက်ချင်း တည်ငြိမ်သွားကြတယ်။

"ကုန်းထျန်းဟောက် ငါတို့ရဲ့ အတန်းဖော်ဟောင်းတွေ တွေ့ဆုံပွဲကို လာတက်ရောက်ရင် အဝေးကနေ ကြည့်ရရင်တောင် အဆင်ပြေပါတယ်။ အဲဒီအချိန်ကျရင် အမှတ်တရ ဓာတ်ပုံ တွဲရိုက်လိုက်ရင် ငါတို့ အကြာကြီး ကြွားလို့ ရပြီ" တစ်သက်လုံးတောင် ကြွားလို့ ရတယ်။

ဒါပေမဲ့ တစ်ယောက်က မသေချာစွာ လင်ဒါကို ကြည့်ပြီး မေးလိုက်သည်။ "လင်ဒါ... နောက်တစ်ခါ အတန်းဖော်ဟောင်းတွေ တွေ့ဆုံပွဲက ဘယ်တော့လဲ။ အဲဒီအချိန်ကျရင် လီယွမ်ဟန်နဲ့ ကုန်းထျန်းဟောက် တကယ် လာတက်ရောက်မှာလား"

လင်ဒါ မျက်နှာထား အနည်းငယ် ပြောင်းလဲသွားသော်လည်း ချက်ချင်း ပြုံးပြီး ပြောလိုက်သည်။ "ဒါတော့ ငါ မသေချာဘူး။ စောစောက လီယွမ်ဟန်က နောက်တစ်ခါ တွေ့ဆုံပွဲ လာတက်မယ်လို့ ကတိပေးလိုက်တာပဲ ရှိသေးတာ။ နင်တို့ သိတဲ့အတိုင်းပဲ၊ ငါတို့ လုပ်ငန်းခွင်မှာ ရှိတဲ့သူတွေက ကတိတည်တာကို အလေးအမြတ်ထားတယ် မဟုတ်လား"

လီယွမ်ဟန် ကတိပေးပေး မပေးပေး ကားပေါ်မှာ လီယွမ်ဟန်က နောက်တစ်ခါ ပြန်တွေ့ကြမယ်လို့ ပြောလိုက်တာကို သူမ အသုံးချလို့ ရတယ်။

"ဒါဆိုရင် ကောင်းတာပေါ့" တစ်ယောက်က လင်ဒါဆီက အဖြေရလိုက်တော့ ပြုံးပြီး ပြောလိုက်သည်။ "လင်ဒါ... နောက်တစ်ခါ အတန်းဖော်ဟောင်းတွေ တွေ့ဆုံပွဲ အချိန်ကျရင် ငါ့ကို သေချာပေါက် အကြောင်းကြားပေးနော်"

"ဟုတ်တယ်၊ ဟုတ်တယ်၊ ငါ့ကိုလည်း အကြောင်းကြားပေး"

တစ်ယောက်ပြီး တစ်ယောက် လင်ဒါကို လုပြောနေကြတယ်။

လင်ဒါ ပြုံးပြီး တစ်ယောက်ချင်းစီကို ပြန်ဖြေလိုက်သည်။ "ကောင်းပြီ... ငါ သေချာပေါက် အကြောင်းကြားပေးပါ့မယ်။ အခု ငါတို့ အတန်းဖော်ဟောင်းတွေထဲမှာ ဆက်သွယ်လို့ ရတာ နင်တို့ပဲ ရှိတာ"

…..

လီယွမ်ဟန်က လင်ဒါ ဘာရည်ရွယ်ချက်ရှိလဲဆိုတာ မသိပေမဲ့ မိန်းမတစ်ယောက်ကို ဒီလို အမြဲ သတိထားနေရတာ ကိုယ့်ဘာသာတောင် ရယ်ချင်စရာကောင်းတယ်လို့ ခံစားရတယ်။

ဒါပေမဲ့ လုပ်ငန်းခွင်လောကမှာ နှစ်ပေါင်းများစွာ ကျင်လည်ခဲ့တဲ့ သူက မည်သူ့ကိုမဆို အထင်မသေးသင့်ဘူး ဆိုတာ ကောင်းကောင်း သိတယ်၊ အထူးသဖြင့် မိန်းမတွေကိုပေါ့။

ဘာလို့လဲဆိုတော့ မိန်းမတစ်ယောက် ဉာဏ်များလာရင်၊ ရက်စက်လာရင် ယောက်ျားတွေတောင် မမီနိုင်ဘူးလေ။

လင်ဒါ ရည်ရွယ်ချက်ရှိရှိ ရောက်လာမှတော့ အလကားအလုပ်တွေ လုပ်မှာ မဟုတ်ဘူး။

လီယွမ်ဟန် သက်ပြင်းချလိုက်ပြီး ပြောလိုက်သည်။ "မိန်းမတွေ၊ မိန်းမတွေ... တကယ် ဒုက္ခပေးတာပဲ"

***

စိုက်ပျိုးရေးနေရာလွတ်က ငါ့ကိုချမ်းသာလာစေတယ်

အခန်း ၉၇၆ ။ ရုပ်ရည်ကို စတေးခြင်း

ရက်အနည်းငယ်ကြာတော့ တစ်ယောက်ယောက်က လင်ဒါ လီယွမ်ဟန်ရဲ့ ကားပေါ် တက်သွားတာ မြင်လိုက်တယ်၊ လီယွမ်ဟန်က လင်ဒါကို ဟိုတယ်ထိ လိုက်ပို့ပေးတယ် ဆိုတဲ့ သတင်း ထွက်လာတယ်။

ဒီလိုဆိုတော့ လင်ဒါ Imperial Palaceအုပ်စုကို အလုပ်ပြောင်းလာမယ် ဆိုတဲ့ ကောလဟာလက ပိုခိုင်လုံသွားတာပေါ့။

"တကယ်ပဲ... လူတွေက အမြင့်ကိုပဲ တက်ချင်ကြတာ" တစ်ယောက်က အားကျသလိုလို မနာလိုသလိုလို ပြောလိုက်သည်။ "ကုမ္ပဏီအပေါ် သံယောဇဉ် ရှိတယ် ပြောပြီး နောက်ကွယ်မှာ တခြား ကုမ္ပဏီကြီး တစ်ခုဆီ အလုပ်ပြောင်းသွားတာပဲ"

"ဟွန့်... နင်က မနာလို ဖြစ်နေတာပါ" တစ်ယောက်က မထီမဲ့မြင် ပြောလိုက်သည်။ "ဒါ ကောလဟာလပဲ ရှိသေးတာ။ ဒါပေမဲ့ Imperial Palaceအုပ်စုက လင်ဒါနဲ့ အတန်းဖော်ဟောင်း ဆက်ဆံရေးကို အသုံးချပြီး လင်ဒါကို တိုက်ရိုက်ဆွဲခေါ်ချင်နေတာ ဖြစ်ကောင်းဖြစ်နိုင်တယ်။ မဟုတ်ရင် လီယွမ်ဟန်က လင်ဒါနဲ့ ဒီလောက် ရင်းနှီးပါ့မလား"

"ဒီထဲက ကောလဟာလတွေက အမှန်လား အမှားလား ဘယ်သူ သိမှာလဲ" တစ်ယောက်က သံသယဖြင့် ပြောလိုက်သည်။ "ဒီကောလဟာလတွေက ဒီလောက်ထိ ပြင်းထန်ဖို့ လိုလို့လား"

သူမ ထူးဆန်းတယ်လို့ ခံစားနေရတယ်။ ဒီရက်ပိုင်း လင်ဒါနဲ့ ပတ်သက်တဲ့ ကောလဟာလတွေက များလွန်းတယ်။ အချိန်အတိုင်းအတာတစ်ခု ကြာတိုင်း ကောလဟာလ အသစ်တစ်ခု ထွက်လာတယ်။ ဒါပေမဲ့ လူအများစုက ဒီကောလဟာလတွေ ပိုပြင်းထန်လာလေ လင်ဒါကို ပိုအားကျလေ ဖြစ်လာကြတယ်။

တစ်ယောက်က သူမရဲ့ သံသယကို ကြားတော့ ရယ်မောရင်း ပြောလိုက်သည်။ "နင် မသိပါဘူး။ လင်ဒါနဲ့ လီယွမ်ဟန်၊ ကုန်းထျန်းဟောက် တို့က တက္ကသိုလ် အတန်းဖော်တွေ ဆိုပေမဲ့ ဆက်ဆံရေးက သာမန် မဟုတ်ဘူး။ ကြားတာတော့..." ဤနေရာသို့ ရောက်သောအခါ သူမ မျက်နှာထား နက်နဲသွားပြီး ခေါင်းငုံ့ကာ တိုးတိုးလေး ပြောလိုက်သည်။ "ကြားတာတော့ လင်ဒါက တက္ကသိုလ်တုန်းက ဝမ်ကျင်းကျင်း ဆိုတဲ့ နာမည်နဲ့ ကုန်းထျန်းဟောက်ရဲ့ ချစ်သူ ဖြစ်ခဲ့ဖူးတယ်တဲ့"

"ဘာ..." သူမ ကြားလိုက်ရတော့ အံ့သြသွားသည်။ "လင်ဒါနဲ့ ကုန်းထျန်းဟောက်က အရင်တုန်းက ချစ်သူတွေ ဟုတ်လား။ ဒါဆို နောက်ပိုင်း ဘယ်လို လမ်းခွဲလိုက်ကြတာလဲ"

လမ်းခွဲလိုက်လို့သာ ကုန်းထျန်းဟောက်က အခု တခြားမိန်းမကို ယူထားတာပေါ့။

"ငါလည်း သတင်းအတိုအထွာတွေပဲ ကြားရတာ၊ သူတို့ ဘယ်လို လမ်းခွဲလိုက်ကြလဲ ဆိုတာ သေချာ မသိဘူး။ ဒါပေမဲ့ ကြားတာတော့ ဝမ်ကျင်းကျင်းက တက္ကသိုလ်တုန်းက နိုင်ငံခြားထွက် ပညာသင်ဖို့ ရွေးချယ်လိုက်လို့ ကုန်းထျန်းဟောက်နဲ့ လမ်းခွဲလိုက်တာတဲ့"

"ဟင်... ဒီလိုဆိုရင် ဝမ်ကျင်းကျင်းက ပညာရေးနဲ့ အနာဂတ်အတွက် ချစ်သူကို စွန့်လွှတ်ဖို့ ရွေးချယ်လိုက်တာပေါ့။ ဒါပေမဲ့ မဟုတ်သေးဘူး၊ တကယ်လို့ သူတို့နှစ်ယောက် တကယ်ချစ်ရင် အတူတူ နိုင်ငံခြားထွက် ပညာသင်လို့ ရတာပဲ။ ဝမ်ကျင်းကျင်းအနေနဲ့ ကုန်းထျန်းဟောက်နဲ့ လမ်းခွဲစရာ အကြောင်း မရှိဘူးလေ"

ဒီသတင်းပေးတဲ့သူက ပခုံးတွန့်လိုက်ပြီး မျက်နှာသေဖြင့် ပြောလိုက်သည်။ "အဲဒီတုန်းက ဘာဖြစ်ခဲ့လဲ ဘယ်သူ သိမှာလဲ။ ဒါပေမဲ့ ကြားတာတော့ ဝမ်ကျင်းကျင်း နိုင်ငံခြားထွက် ပညာသင်ဖို့ ရွေးချယ်ပြီး ကုန်းထျန်းဟောက်နဲ့ လမ်းခွဲလိုက်တော့ ကုန်းထျန်းဟောက်က တော်တော်ခံစားလိုက်ရပြီး အရက်သောက်ကာ သေလုမတတ် ဖြစ်ခဲ့တယ်တဲ့"

"ဒီလို ကြည့်လိုက်ရင် ကုန်းထျန်းဟောက်က ဝမ်ကျင်းကျင်းကို အရမ်းချစ်ခဲ့ပုံရတယ်။ မဟုတ်ရင် ဒီလောက် ထိခိုက်ခံစားရမှာ မဟုတ်ဘူး"

"ဟုတ်တယ်... အရမ်း မချစ်ရင် ယောက်ျားတစ်ယောက်က မိန်းမတစ်ယောက်အတွက် သေလုမတတ် ဖြစ်ပါ့မလား။ အထူးသဖြင့် ကုန်းထျန်းဟောက်လို နောက်ခံအရှိန်အဝါရှိတဲ့ ယောက်ျားတစ်ယောက်ကလေ။ သူ မိန်းမ လိုချင်ရင် လှပတဲ့ မိန်းမတွေ အများကြီး သူ့ဆီ လာကပ်နေမှာ"

"ဘယ်သူ ပြောမလဲ။ ဒီလိုဆိုရင် ဒီတစ်ခေါက် လင်ဒါ၊ ဪ... ဝမ်ကျင်းကျင်း ပြန်လာတာ ကုန်းထျန်းဟောက်နဲ့ ပြန်ဆက်ချင်လို့များလား"

"ဘယ်သူ သိမှာလဲ။ ဒါပေမဲ့ ငါတို့ အခု သိကြတာက ကုန်းထျန်းဟောက်က လက်ထပ်ပြီးသား အိမ်ထောင်သည်လေ။ ဝမ်ကျင်းကျင်းက ကုန်းထျန်းဟောက်အပေါ် သံယောဇဉ်ရှိနေရင်တောင် သူများ အိမ်ထောင်ရေးထဲ ဝင်ရောက်စွက်ဖက်ပြီး မယားငယ် လုပ်လို့ မရဘူးလေ"

"ဘာလို့ မရရမှာလဲ" တစ်ယောက်က သဘောမတူဘဲ ပြောလိုက်သည်။ "ဒီမစ္စလင်ဒါက ရုပ်ရည်ရှိတယ်၊ အရည်အချင်း ရှိတယ်၊ အရည်အချင်းလည်း ရှိသေးတယ်။ အရေးအကြီးဆုံးက သူတို့ နှစ်ယောက် တကယ်ချစ်နေဖို့ပဲ လိုတာ။ တတိယလူလို့ ပြောရရင် အချစ်မခံရတဲ့သူကမှ တတိယလူ ဖြစ်မှာ"

သူ့စကားဆုံးသည်နှင့် ချက်ချင်း တစ်ယောက်က ပြန်ပြောလိုက်သည်။ "နင့်အမြင်က မှားနေပြီ။ သူတို့ အရင်တုန်းက ဘယ်လောက်ပဲ ချစ်ခဲ့ချစ်ခဲ့ လမ်းခွဲခဲ့တာ ကြာပြီ၊ ပြီးတော့ သူများက လက်ထပ်ပြီးပြီ။

လက်ထပ်ပြီးပြီ ဆိုတာ သိလား။ လက်ထပ်ပြီးရင် ဥပဒေရဲ့ အကာအကွယ် ရသွားပြီ၊ ဒါကြောင့် သူများ အိမ်ထောင်ရေးထဲ ဝင်ရောက်စွက်ဖက်တာက တတိယလူပဲ၊ ပြစ်တင်ဝေဖန်ခံရမှာပဲ။ ပြီးတော့ ဒီမစ္စလင်ဒါက လှတယ်၊ ကျက်သရေ ရှိတယ်၊ ထက်မြက်တယ် ဆိုပေမဲ့ ကုန်းထျန်းဟောက်ရဲ့ မိန်းမကလည်း သူ့ထက် မညံ့ပါဘူး။

ငါ့အမြင်တော့ ကုန်းထျန်းဟောက် မိန်းမရဲ့ ရုပ်ရည်က သာမန် လှတယ်လို့ ပြောလို့ရတဲ့ အဆင့် မဟုတ်ဘူး၊ တိုင်းပြည်ဖျက်လောက်တဲ့ အလှမျိုးလို့ ပြောရမယ်။ ဒီအချက်မှာ လင်ဒါရဲ့ ရုပ်ရည်က မယားကြီးကို မမီဘူး မဟုတ်လား။

ပြီးတော့ ကျက်သရေအပိုင်းမှာဆိုရင် ကုန်းထျန်းဟောက် မိန်းမကို မြင်ဖူးတဲ့သူတိုင်း သိကြပါတယ်၊ လင်ဒါထက် မလျော့ဘူးဆိုတာ။ ပြီးတော့ သူမမှာ ဆွဲဆောင်မှု ရှိတဲ့ ကိုယ်ရည်ကိုယ်သွေး ရှိတယ်။ အရည်အချင်း အပိုင်းကျတော့ ပိုပြောစရာ မလိုတော့ဘူး။ ဟင်းသီးဟင်းရွက် ရောင်းတဲ့ ဆိုင်လေး တစ်ဆိုင်ကနေ ၃၊ ၄ နှစ် အတွင်းမှာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဘီလီယံ ရာချီ၊ ထောင်ချီ တန်ဖိုးရှိတဲ့ ကုမ္ပဏီကြီး ဖြစ်လာအောင် လုပ်နိုင်ခဲ့တာ။

ပြီးခဲ့တဲ့ ရက်ပိုင်းက ငါတို့ သိကြတဲ့အတိုင်း Green Freshအုပ်စုက အွန်လိုင်းမှာ ဝန်ထမ်းခေါ်ယူမှု ကြော်ငြာတင်လိုက်တော့ ငါတို့ လုပ်ငန်းခွင်လောကက လူတွေ ရူးမတတ် ဖြစ်သွားပြီး ကိုယ်ရေးရာဇဝင်တွေ ပို့ကြတယ်၊ Green Freshအုပ်စုကို အလုပ်ပြောင်းဖို့ ပြင်ဆင်ကြတယ်။

ဒါကြောင့် နင်တို့ ပြောကြည့်၊ နင်တို့သာ ယောက်ျားဆိုရင် ဘယ်သူ့ကို ရွေးမလဲ"

ဒီစကား ပြောတဲ့သူက အမျိုးသမီး တစ်ယောက်ပါ။

သူမက ရှောင်လင်းယွီကို အမြဲ အားကျခဲ့တာ၊ ရှောင်လင်းယွီက လှပပြီး ကျက်သရေ ရှိလို့တင် မကဘူး၊ ရှောင်လင်းယွီရဲ့ သူဌေးတစ်ယောက် အနေနဲ့ အလုပ်လုပ်ပုံနဲ့ စီမံခန့်ခွဲမှု စွမ်းရည်တွေကြောင့်ပါ။

သူမ ကုမ္ပဏီအတွက် လူတော်တွေ ရွေးချယ်ရာမှာ ပထမဆုံး ကိုယ်ကျင့်တရားကို ကြည့်တယ်၊ ဒုတိယက အရည်အချင်း၊ ဒီအချက်ကို ကြည့်ရင် ရှောင်လင်းယွီက ရိုးသားဖြောင့်မတ်ပြီး တရားမျှတတဲ့ သူဌေးတစ်ယောက် ဆိုတာ သိသာပါတယ်။ ဒီလို သူဌေးမျိုးနဲ့ အလုပ်လုပ်ရတာ ဝန်ထမ်းတွေရဲ့ ကံကောင်းမှုပါပဲ။

အခုမှ ပြန်ရောက်လာတဲ့ လင်ဒါက ဘာနဲ့ ယှဉ်နိုင်မှာလဲ။

သူမ စကားဆုံးသည်နှင့် တစ်ယောက်က သဘောမတူဘဲ ပြောလိုက်သည်။ "ဒါပေမဲ့ လင်ဒါက နိုင်ငံခြားပြန် ပညာတတ်လေ၊ ပြီးတော့ နိုင်ငံခြား နာမည်ကြီး ကုမ္ပဏီမှာ လုပ်ခဲ့ဖူးတာ။ ရှောင်လင်းယွီကတော့ နန်တက္ကသိုလ်က ဘွဲ့ရရုံ သက်သက်ပဲလေ။ ဒီအချက်မှာ ရှောင်လင်းယွီက လင်ဒါကို ဘယ်လိုမှ မယှဉ်နိုင်ဘူး"

"ဟဟ... နိုင်ငံခြားပြန် ပညာတတ် ဟုတ်လား။ တခြား ကုမ္ပဏီကြီးတွေ မပြောနဲ့၊ ငါတို့ ကုမ္ပဏီမှာပဲ အဲဒီလိုလူတွေ နည်းလို့လား။ ဒါပေမဲ့ နင် ကြည့်ကြည့်၊ အဲဒီ နိုင်ငံခြားပြန် ဆိုတဲ့သူတွေထဲမှာ တကယ် အရည်အချင်း ရှိတဲ့သူ ဘယ်နှယောက် ရှိလို့လဲ။ သူတို့ရဲ့ ဘွဲ့တွေက နားထောင်လို့ ကောင်းရုံ သက်သက်ပဲ။

ရှောင်လင်းယွီက နန်တက္ကသိုလ် ဆင်းတော့ ဘာဖြစ်လဲ။ နိုင်ငံခြားပြန် ပညာတတ်တွေ အများကြီးကို ကျော်တက်သွားတာပဲ မဟုတ်လား။ နင်က လင်ဒါကို ဒီလောက် အားကျနေရင် သူ့ကို ကိုယ်ပိုင်ကုမ္ပဏီ ထောင်ခိုင်းလိုက်ပါလား၊ ဘီလီယံ ရာချီ၊ ထောင်ချီ တန်ဖိုးရှိတဲ့ ကုမ္ပဏီကြီး တစ်ခု ထောင်ခိုင်းလိုက်ပါလား၊ တစ်နှစ် လစာ သန်းချီ ရရုံလောက်ပဲ ရှိတဲ့ အဆင့်မြင့် ရုံးဝန်ထမ်း လုပ်မနေဘဲနဲ့"

"နင်..." ဒီလူ ဘယ်လို ပြန်ပြောရမလဲ မသိ ဖြစ်သွားတယ်။ ထို့နောက် သူ တစ်ခုခုကို စဉ်းစားမိပြီး မကျေမနပ် ပြောလိုက်သည်။ "အဲဒီ ရှောင်လင်းယွီက သူ့ယောကျ်ား ကုန်းထျန်းဟောက်ကို အားကိုးပြီးမှ ဒီလို အောင်မြင်မှုရတာ မဟုတ်ဘူးလား"

သူ ဒီလိုပြောလိုက်တော့ တစ်ယောက်က အထင်အမြင်သေးစွာ ပြောလိုက်သည်။ "နင် ထောင်ယွမ်ရွာ အပန်းဖြေစခန်းကို မရောက်ဖူးဘူး မဟုတ်လား။ ထောင်ယွမ်ရွာက ဟင်းသီးဟင်းရွက်နဲ့ အစားအသောက်တွေကို မစားဖူးဘူး မဟုတ်လား။ မဟုတ်ရင် နင် ဒီလို အသိဉာဏ်မဲ့တဲ့ စကားမျိုး ပြောထွက်မှာ မဟုတ်ဘူး"

ထိုလူ "..."

...

လီယွမ်ဟန် ရုတ်တရက် ဝမ်ကျင်းကျင်းထံမှဖုန်းကို လက်ခံရရှိသည်။

"ယွမ်ဟန်... နင် ပြီးခဲ့တဲ့ တစ်ခေါက်က နောက်တစ်ခါ ထမင်းစားဖို့ ချိန်းမယ် ပြောတယ်လေ။ ငါ အခု မေးချင်တာက အဲဒီ နောက်တစ်ခါဆိုတာ ဘယ်အချိန်လဲလို့" လင်ဒါက ရယ်မောရင်း ပြောလိုက်သည်။ လီယွမ်ဟန် ထပ်ငြင်းပယ်မှာ စိုးရိမ်လို့ သူမ ချက်ချင်း ထပ်ပြောလိုက်သည်။ "စကားတည်ရမယ်နော်။ ထမင်းစားဖို့ ချိန်းမယ် ပြောပြီးရင် သေချာပေါက် ချိန်းရမယ်" ဒါက လီယွမ်ဟန်ကို ကတိတည်ဖို့ ပြောနေတာ သိသာတယ်။

"..." လီယွမ်ဟန် စဉ်းစားလိုက်သည်။ အစီအစဉ် ဇယားကို ကြည့်ပြီး ပြောလိုက်သည်။ "ဒီည လုပ်လိုက်မယ်"

ဝမ်ကျင်းကျင်းက ကိစ္စတစ်ခုလုပ်ရင် ရည်ရွယ်ချက် ရှိတယ်။

သူမက ဒီလို တစ်ခါ နှစ်ခါ သူ့ကို ချဉ်းကပ်နေတာ သေချာပေါက် ရည်ရွယ်ချက်ရှိမှာပဲ။

သူ့ခန့်မှန်းချက်အရ သူမရဲ့ နောက်ဆုံး ပစ်မှတ်က ကုန်းထျန်းဟောက် ဖြစ်လောက်တယ်။

ဒါကြောင့် သူ အရင် ကြည့်ချင်တယ်၊ သူမ အခု တကယ်တမ်း ဘာလုပ်ချင်နေလဲဆိုတာကို။

ဝမ်ကျင်းကျင်း ဖုန်းချလိုက်ပြီးနောက် မျက်နှာပေါ်မှ အပြုံးများ ချက်ချင်း ပျောက်ကွယ်သွားသည်။

အခန်းထဲမှာ ထိုင်နေတဲ့ လူတစ်ယောက်က သူမရဲ့ မျက်နှာထားကို ကြည့်ပြီး သံသယဖြင့် မေးလိုက်သည်။ "ဘာဖြစ်လို့လဲ။ လီယွမ်ဟန် ငြင်းလိုက်လို့လား"

ဝမ်ကျင်းကျင်း ဘားကောင်တာမှာ ဝိုင်နီတစ်ခွက် ငှဲ့လိုက်ပြီး ဆိုဖာပေါ် ထိုင်ကာ အေးစက်စွာ ပြောလိုက်သည်။ "ငြင်းတော့ မငြင်းပါဘူး။ ဒါပေမဲ့ လီယွမ်ဟန်က အခု ပြောင်းလဲသွားပြီ၊ သတိထားမှု အဆင့် မြင့်တက်လာပြီလို့ ခံစားရတယ်"

တက္ကသိုလ်တုန်းက သူမ ဘာပြောပြော လီယွမ်ဟန် ယုံကြည်ခဲ့တာကို ပြန်တွေးမိပြီး ဝမ်ကျင်းကျင်း ရင်ထဲမှာ မခံချင် ဖြစ်နေမိတယ်။

အခန်းထဲကလူက ပြောသည်။ "ဟဟ... ဒါ ပုံမှန်ပါပဲ။ နင်တို့ လမ်းခွဲခဲ့တာ ဆယ်နှစ်ကျော်ပြီလေ၊ ဘယ်သူက မပြောင်းလဲဘဲနေမလဲ။ ပြီးတော့ လီယွမ်ဟန်က ကုန်းထျန်းဟောက် ဘေးနားက ခွေးတစ်ကောင်လိုပဲ၊ ကုန်းထျန်းဟောက် အပေါ် အရမ်းသစ္စာရှိတာ"

ဒီလူက ဆက်ပြောသည်။ "ပြီးတော့ လီယွမ်ဟန်နဲ့ ကုန်းထျန်းဟောက်က နင့်အကြောင်း အသိဆုံး လူတွေလေ။ နင် အခု ရုတ်တရက် ပြန်ပေါ်လာတော့ သူတို့အတွက် အရမ်းရုတ်တရက်ဖြစ်နေပြီး နင့်ရည်ရွယ်ချက်ကို သံသယ ဝင်ကောင်းဝင်နိုင်တယ်"

ဝမ်ကျင်းကျင်း၏မျက်နှာ ချက်ချင်း မည်းမှောင်သွားသည်။ "ဟွန့်... သံသယ ဝင်တော့ရော ဘာဖြစ်လဲ။ ရည်မှန်းချက် အောင်မြင်ဖို့ ငါ ဘာမဆို လုပ်ရဲတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်တုန်းက ကုန်းထျန်းဟောက်က ငါ့ကို လိမ်ညာခဲ့တယ်၊ သူ့အကြောင်း ဖုံးကွယ်ထားခဲ့တယ်၊ ငါ့ကို လက်လွှတ်လိုက်ရအောင် လုပ်ခဲ့တယ်၊ အခု သူ တခြားမိန်းမကို ယူထားတယ်။ ၁၀ နှစ် ကြာပြီးနောက် ငါ အရာအားလုံးကို ပြန်ယူမယ်၊ ငါက Imperial Palaceအုပ်စုရဲ့ ဥက္ကဌကတော် ဖြစ်ရမယ်၊ မိန်းမအားလုံး မော့ကြည့်ရတဲ့ မိန်းမတစ်ယောက် ဖြစ်ရမယ်"

ဒီစကားပြောနေတုန်း သူမ မျက်လုံးထဲမှာ ကြီးမားတဲ့ ရည်မှန်းချက်တွေ ပေါ်လွင်နေတယ်၊ မျက်နှာပေါ်မှာ မရရအောင် ယူမယ့် အမူအရာတွေ ပေါ်နေတယ်။

သူမ ပြန်လာတာက သူများ နားချလို့၊ ဝယ်ယူလို့ ပြန်လာတာ မဟုတ်ဘူး၊ သူမမှာ ကိုယ်ပိုင် ရည်မှန်းချက်နဲ့ အကြံအစည်တွေ ရှိနေတယ်။

အခန်းထဲကလူ ကြားလိုက်ရတော့ သက်ပြင်းချလိုက်ပြီး ပြောလိုက်သည်။ "နင် ဘာလို့ ဒီလောက် ပင်ပန်းခံနေတာလဲ။ နင် သိထားရမှာက အခု ကုန်းထျန်းဟောက်က မိန်းမရပြီး ကလေးရနေပြီ၊ ပြီးတော့ ကြားတာတော့ သူ့မိန်းမနဲ့ ကလေးတွေကို အရမ်းချစ်တယ်တဲ့"

"ဒါဆို ဘာဖြစ်လဲ" ဝမ်ကျင်းကျင်းက ရည်မှန်းချက်ကြီးကြီး ယုံကြည်မှု ရှိရှိ ပြောလိုက်သည်။ "လက်ထပ်ပြီးရင်လည်း ကွာရှင်းလို့ရတာပဲ။ ဘယ်လောက်ချစ်တဲ့ ဇနီးမောင်နှံဖြစ်ဖြစ် အပြန်အလှန် မယုံကြည်ရင်၊ အထင်လွဲမှုတွေရှိလာရင် တစ်နေ့ကျ ကွဲသွားမှာပဲ"

"ဒါပေမဲ့... ဒါပေမဲ့ ကုန်းထျန်းဟောက်က နင့်ကို မချစ်တော့ရင် ဘယ်လိုလုပ်မလဲ" အခန်းထဲကလူက မေးလိုက်ပြန်သည်။

ဝမ်ကျင်းကျင်း မျက်နှာထား ခဏ တောင့်တင်းသွားပြီးနောက် အေးစက်စွာ ရယ်မောကာ ပြောလိုက်သည်။ "ငါ့အတွက်ကတော့ ဒီအချစ်တွေ ဘာတွေက အရေးမကြီးတော့ပါဘူး။ ငါ အခု လိုချင်တာက ကိုယ်ပိုင်ဂုဏ်ဒြပ်နဲ့ နေရာ၊ နောက်ပိုင်း စည်းစိမ်ချမ်းသာတွေကို ခံစားချင်တာ၊ နောက်ပိုင်း ဘယ်သူမဆို ငါ့ကို တွေ့ရင် လေးလေးစားစားနဲ့ 'မဒမ်ကုန်း' သို့မဟုတ် 'ဥက္ကဌကတော်' လို့ ခေါ်တာကို လိုချင်တာ"

ဆိုလိုတာက သူမ လိုချင်တာက ပိုက်ဆံ၊ အာဏာ၊ စည်းစိမ်ချမ်းသာတွေပါ၊ ဒီအချစ်တွေ ဘာတွေကို မျက်လုံးထဲ မထည့်ပါဘူး။

သူမ ဒီလိုပြောတာ ကြားတော့ အခန်းထဲကလူ သက်ပြင်းချလိုက်ပြီး ပြောလိုက်သည်။ "ဒီလိုဆိုရင်တော့ နင် ကိုယ့်လမ်းကိုယ် လျှောက်တော့"

...

လီယွမ်ဟန် ကုန်းထျန်းဟောက် ရုံးခန်းထဲ ဝင်လာတော့ အမူအရာက နည်းနည်း မည်းမှောင်နေသည်။

ကုန်းထျန်းဟောက် သူ့မျက်နှာထားကို ကြည့်ပြီး သံသယဖြင့် မေးလိုက်သည်။ "မင်း ဘာဖြစ်တာလဲ"

"ဝမ်ကျင်းကျင်း အဲဒီမိန်းမကြောင့်ပေါ့" လီယွမ်ဟန်က မကျေမနပ် ပြောလိုက်သည်။

"သူ မင်းကို ဘာလုပ်လိုက်ပြန်ပြီလဲ" ကုန်းထျန်းဟောက်က ရယ်ချင်သလို မေးလိုက်သည်။

လီယွမ်ဟန်က ပြောသည်။ "မင်းက ရယ်နေသေးတယ်။ မင်းအတွက် ရန်သူ့အခြေအနေ စုံစမ်းဖို့ မဟုတ်ရင် ငါ့ရုပ်ရည်ကို စတေးစရာလိုပါ့မလား"

"..." ကုန်းထျန်းဟောက် လက်ကာပြပြီး မေးလိုက်သည်။ "ဒါဆို မင်း ဘာရုပ်ရည် စတေးလိုက်ရတာလဲ"

လီယွမ်ဟန် စိတ်ပျက်လက်ပျက် ပြောလိုက်သည်။ "ငါ ဒီည သူနဲ့ ထမင်းစားဖို့ သဘောတူလိုက်တယ်"

"..." ကုန်းထျန်းဟောက် အေးစက်စွာ ပြောလိုက်သည်။ "ဪ... ဒါဆို မင်းနဲ့ အလှလေး ထမင်းစားရတာ ပျော်ရွှင်ပါစေလို့ ဆုတောင်းပေးပါတယ်"

လီယွမ်ဟန် "..."

***

All Chapters