← Chapters

အခန်း (၉၇၇-၉၇၈)

Vol. 60 Ch. 977-978

အခန်း (၉၇၇-၉၇၈)

Vol. 60 Ch. 977-978

အခန်း ၉၇၇ ။ တိုက်ရိုက် မေးခွန်းထုတ်ခြင်း

လီယွမ်ဟန်သည် ချိန်းဆိုထားသော စားသောက်ဆိုင် သီးသန့်ခန်းသို့ ရောက်ရှိပြီးနောက် ခဏထိုင်စောင့်နေသည်။ နာရီကြည့်လိုက်သောအခါ ချိန်းဆိုချိန်ထက် ၁၅ မိနစ် ကျော်လွန်နေပြီ ဖြစ်သော်လည်း ချိန်းဆိုထားသူ ရောက်မလာသေးပေ။ မျက်မှောင် အနည်းငယ် ကြုတ်လိုက်ပြီး မကျေမနပ် ဖြစ်သွားသည်။

သို့သော် တစ်ခုခုကို စဉ်းစားမိပြီး စိတ်ရှည်လက်ရှည် ထပ်စောင့်နေလိုက်သည်။

နာရီဝက်စောင့်ပြီးနောက် လင်ဒါ နောက်ကျမှ ရောက်လာသည်။

လီယွမ်ဟန် စကားမပြောရသေးခင်မှာပင် လင်ဒါက အားနာဟန်ဖြင့် ပြောလိုက်သည်။ "ဆောရီးပါ... ကားပိတ်နေလို့ နောက်ကျသွားတယ်၊ ယွမ်ဟန်... အကြာကြီး စောင့်လိုက်ရပြီ"

သူမ ဒီလိုပြောလိုက်တော့ လီယွမ်ဟန် ဘာပြောနိုင်တော့မလဲ။

လီယွမ်ဟန် ခေါင်းညိတ်လိုက်သည်။ "ကိစ္စမရှိပါဘူး၊ ထိုင်ပါ"

လီယွမ်ဟန်က လူကြီးလူကောင်းပီသစွာ သူမအတွက် ကုလားထိုင် ဆွဲမပေးခဲ့ပေ။

အမြဲတမ်း အမျိုးသားများ၏ ဗဟိုချက်မဖြစ်ခဲ့ပြီး ဂရုတစိုက် ဆက်ဆံခံရလေ့ရှိသော လင်ဒါအတွက် စိတ်ထဲတွင် မကျေမနပ်ဖြစ်မိသော်လည်း အပြင်ပန်းတွင် ထုတ်မပြပေ။ သူမ အိတ်ကို နေရာချပြီး ကျက်သရေရှိစွာ ထိုင်လိုက်သည်။

ထို့နောက် သူမက နောက်သလိုလို အတည်လိုလို ပြောလိုက်သည်။ "ယွမ်ဟန်... နင်က လူကြီးလူကောင်း ဖြစ်နေပြီပဲ။ နင်နဲ့ အပြင်ထွက် ထမင်းစားဖို့ ချိန်းရတာ တကယ် ခက်ခဲတာပဲ"

လီယွမ်ဟန်က သူမကို စူးရှသော မျက်လုံးများဖြင့် စိုက်ကြည့်ကာ ထက်ရှစွာ ပြောလိုက်သည်။ "လင်ဒါ... ဪ... မဟုတ်ဘူး... မစ္စဝမ်ကျင်းကျင်း၊ မင်း အကြောင်းရင်းကို သိလိမ့်မယ်လို့ ငါ ထင်တယ်"

ဝမ်ကျင်းကျင်း မျက်နှာထား တောင့်တင်းသွားသည်။ ထို့နောက် ပြောရခက်ခဲဟန်ဖြင့် ပြောလိုက်သည်။ "ဒါပေမဲ့ ယွမ်ဟန်... ဒီကိစ္စက ဆယ်နှစ်ကျော် ကြာခဲ့ပါပြီ၊ ဒီဆယ်နှစ်ကျော် ကာလက ငါ့ကို ခွင့်လွှတ်ဖို့ မလုံလောက်သေးဘူးလား"

လီယွမ်ဟန်က ကော်ဖီခွက်ထဲမှ ဇွန်းငယ်လေးကို မွှေရင်း ပြုံးတုံ့တုံ့ဖြင့် ပြောလိုက်သည်။ "ဟုတ်တယ်... ဒီကိစ္စက ဆယ်နှစ်ကျော် ကြာခဲ့ပါပြီ၊ ဒီလို ထုတ်ပြောလိုက်တော့ ခွင့်လွှတ်တာ၊ မလွှတ်တာ ဆိုတာ အရေးမကြီးတော့ပါဘူး"

"..." လင်ဒါက လီယွမ်ဟန် စကားကို နားမလည်သလို တိုက်ရိုက် မေးလိုက်သည်။ "ယွမ်ဟန်... နင် ဘာကို ဆိုလိုတာလဲ"

လီယွမ်ဟန်က လင်ဒါ၏ ဟန်ဆောင် မသိချင်ယောင်ဆောင်နေသော မျက်နှာထားကို ကြည့်ပြီး အေးစက်စွာ ရယ်မောကာ ပြောလိုက်သည်။ "ဘာမှ မဟုတ်ပါဘူး။ ဆယ်နှစ်ကျော် ကြာခဲ့ပြီပဲ၊ အရင်တုန်းက ဖြစ်ဖြစ်၊ အခု ဖြစ်ဖြစ် ငါတို့က အတန်းဖော် ဆက်ဆံရေးကလွဲရင် အတန်းဖော် ဆက်ဆံရေးပါပဲ။ ဒါပေမဲ့ ပြောရရင် ဆယ်နှစ်ကျော် အဆက်အသွယ်မလုပ်ဘဲနေခဲ့တာ၊ ငါတို့ အတန်းဖော်ဟောင်း ဆက်ဆံရေး ဆိုတာ သူစိမ်းတွေထက် နည်းနည်းလေးပဲ ပိုတာပါ"

လင်ဒါ ကြားလိုက်ရသောအခါ မျက်နှာထား တစ်ချက် တွန့်လိမ်သွားပြီး ဒေါသထွက်သွားသော်လည်း လျင်မြန်စွာ ပုံမှန် ပြန်ဖြစ်သွားသည်။ သူမ တောင့်တင်းနေသော မျက်နှာထားကို အနိုင်နိုင် ပြုံးအောင် လုပ်ပြီး ဆက်ပြောသည်။ "ယွမ်ဟန်... နင် ဒီလိုပြောတာ သိပ်ရက်စက်လွန်းမနေဘူးလား"

လီယွမ်ဟန်က သူမ မျက်နှာထားကို ကြည့်ပြီး လေးနက်စွာ ပြန်မေးလိုက်သည်။ "ဪ... ရက်စက်တယ် ဟုတ်လား"

ဤနေရာသို့ ရောက်သောအခါ သူ ခနရပ်လိုက်ပြီး ခေါင်းငုံ့ကာ သရော်သလို ရယ်မောရင်း ပြောလိုက်သည်။ "ဟဟ... ဒါပေမဲ့ ငါတော့ အဲဒီလို မထင်ပါဘူး။ လွန်ခဲ့တဲ့ ၁၀ နှစ်တုန်းက မင်းရဲ့လုပ်ရပ်နဲ့ ယှဉ်ရင် ငါ့လုပ်ရပ်က အခု လူသားဆန်တယ်လို့ ထင်ပါတယ်"

ဒီတစ်ခါတော့ လင်ဒါ မျက်နှာထား လျင်မြန်စွာ ဆိုးရွားလာသည်။ မျက်နှာပေါ်တွင် ဒေါသအရိပ်အယောင်များ ပေါ်လာပြီး ကိုယ့်စိတ်ကိုယ် မထိန်းနိုင်ဘဲ ဆဲဆိုချင်စိတ် ပေါက်လာသော်လည်း ဒီနှစ်တွေအတွင်း လေ့ကျင့်ထားသော သည်းခံနိုင်စွမ်းကြောင့် မြိုသိပ်လိုက်ရသည်။

သူမ ဟန်ဆောင်ပြုံးကာ ပြောလိုက်သည်။ "ယွမ်ဟန်... လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်တုန်းက ငါ မှားခဲ့တယ် ဆိုတာ ဝန်ခံပါတယ်၊ ထျန်းဟောက်ကို နာကျင်စေခဲ့မိတယ်။ ဒါပေမဲ့ အဲဒီတုန်းက ငါက ငယ်ရွယ်ပြီး စိတ်လိုက်မာန်ပါ လုပ်မိခဲ့တာပါ။ နောက်ပိုင်း ငါလည်း နောင်တရခဲ့ပါတယ်"

ဤနေရာသို့ ရောက်သောအခါ သူမ ခနရပ်လိုက်သည်။ စိတ်လှုပ်ရှားလာပုံရပြီး အသံကျယ်လောင်လာသည်။ "ဒါပေမဲ့ ဒီလောကမှာ နောင်တရဆေး ဆိုတာ မရှိဘူးလေ။ တကယ်လို့ နောင်တရဆေး ရှိရင် ငါ သေချာပေါက် အဲဒီလိုလုပ်မှာမဟုတ်ဘူး"

လီယွမ်ဟန်က သူမကို ကြည့်ပြီး အေးစက်စွာ ရယ်မောကာ ပြောလိုက်သည်။ "နောင်တရတယ် ဟုတ်လား။ ငါ့အမြင်တော့ မင်းက ထျန်းဟောက်ရဲ့ နောက်ခံကို စောစောမသိခဲ့လို့ နောင်တရနေတာ နေမှာပါ။ ဒါကြောင့် မင်း နိုင်ငံခြား ထွက်ဖို့၊ ကိုယ့်အနာဂတ် လမ်းကြောင်းအတွက်နဲ့ ထျန်းဟောက်ကို သစ္စာဖောက်ပြီး တခြားယောက်ျား တစ်ယောက်နောက် လိုက်သွားခဲ့တာ မဟုတ်လား"

"အဲဒါ ဘယ်သူ့အပြစ်လဲ" လင်ဒါ၏ အသံက စူးရှလာပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ "တကယ်လို့ ကုန်းထျန်းဟောက်က သူ့နောက်ခံကို ငါ့ကို ပြောပြခဲ့ရင် ငါ ဒီလို မိုက်မဲတဲ့ ရွေးချယ်မှုမျိုး လုပ်ပါ့မလား။ ကုန်းထျန်းဟောက်က ငါ့ကို အရင် လိမ်ညာခဲ့တာ၊ ဘာလို့ နင်တို့ တစ်ယောက်ပြီး တစ်ယောက် ငါ့ကို လာအပြစ်တင်နေကြတာလဲ"

တကယ်လို့ ကုန်းထျန်းဟောက်က သူမနဲ့ တွဲတုန်းက သူက အိမ်ရှေ့စံမင်းသားလေး (သူဌေးသား) ဆိုတာ ပြောပြခဲ့ရင် သူမ ဒီလို မိုက်မဲတဲ့ ရွေးချယ်မှုမျိုး လုပ်ပါ့မလား။

လီယွမ်ဟန်က အေးစက်စွာ ပြောလိုက်သည်။ "ဒါဆို မင်း မက်မောတာက သူ့နောက်ခံပဲ၊ သူ့လူကို မက်မောတာ မဟုတ်ဘူး၊ သူ့စိတ်ကို မက်မောတာ မဟုတ်ဘူးပေါ့၊ ဟုတ်လား"

လင်ဒါ မျက်နှာထား တစ်ချက် တောင့်တင်းသွားပြီး မျက်လုံးထဲတွင် ကြောက်ရွံ့မှု အနည်းငယ် ပေါ်လာသည်။

"ဒါပေမဲ့ မင်း စဉ်းစားမိလား၊ အဲဒီတုန်းက မင်းအတွက် ကုန်းထျန်းဟောက်က နေ့တိုင်း အချိန်ပိုင်း အလုပ် ၃ ခု လုပ်ခဲ့တယ်၊ မင်း ဘာလိုချင်ချင် ထျန်းဟောက်က တွန့်ဆုတ်မနေဘဲ ဝယ်ပေးခဲ့တယ်။”

ဒီအကြောင်းပြောရရင် လီယွမ်ဟန်လည်း မကျေမနပ် ဖြစ်နေမိသည်။ "ဒါပေမဲ့ တစ်ခါတုန်းက ကုန်းထျန်းဟောက်က ၃ လလုံးလုံး အချိန်ပိုင်းလုပ်ပြီး ရတဲ့ ပိုက်ဆံတွေနဲ့ မင်းအတွက် မွေးနေ့လက်ဆောင် ဝယ်ပေးပြီး အံ့သြသွားအောင် လုပ်ပေးမလို့လုပ်တုန်း မင်းက သူ့ကို အရင် အံ့သြသွားအောင် လုပ်ပေးလိုက်တယ်။ တခြားယောက်ျား တစ်ယောက်နဲ့ ကြည်နူးနေတာကို ပြလိုက်တယ်။ အဲဒါက ထျန်းဟောက်ကို ဘယ်လောက် နာကျင်စေခဲ့လဲ မင်း သိလား"

လင်ဒါ ပါးစပ်ဟပြီး ရှင်းပြရန် ပြင်လိုက်စဉ် လီယွမ်ဟန်က လက်ကာပြပြီး တားဆီးလိုက်သည်။ ထို့နောက် ဆက်ပြောသည်။ "မင်း ကုန်းထျန်းဟောက်က သူ့နောက်ခံကို ဖုံးကွယ်ထားတယ် ဘာညာ လာမပြောနဲ့။ ပြောရရင် မင်းက အသုံးချနေတာပဲ။ ကုန်းထျန်းဟောက်ကို ဖြစ်ဖြစ်၊ မင်း လိုက်သွားတဲ့ ယောက်ျားကို ဖြစ်ဖြစ်ပေါ့"

လီယွမ်ဟန်က ညှာတာခြင်း မရှိဘဲ ထောက်ပြလိုက်သည်။

လင်ဒါ မျက်လုံးအိမ်များ ကျဉ်းမြောင်းသွားပြီး မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်သွားသည်။

ကုလားထိုင်ပေါ် ထိုင်နေသော်လည်း ယိမ်းယိုင်နေသကဲ့သို့ ဖြစ်နေသည်။

လီယွမ်ဟန်ကမူ သနားခြင်း အလျဉ်းမရှိဘဲ သူမ၏ မျက်နှာထား အမူအရာ တိုင်းကို စူးရှသော မျက်လုံးများဖြင့် စိုက်ကြည့်နေသည်။ ထို့နောက် ထက်ရှစွာ မေးလိုက်သည်။ "ဒါဆို မင်း ဒီတစ်ခေါက် ပြန်လာပြီး ဒီလောက် လှုပ်ရှားမှုအကြီးကြီး လုပ်နေတာ ဘာရည်ရွယ်ချက်လဲ"

လင်ဒါသည် လီယွမ်ဟန်၏ မေးခွန်းကို ကြားသောအခါ လျင်မြန်စွာ သတိပြန်ဝင်လာသည်။

သူမ ပျက်ယွင်းနေသော မျက်နှာထားကို ပြန်လည် ထိန်းသိမ်းလိုက်ပြီး သင့်တော်သော အပြုံးတစ်ခု ပြန်လည် ဖော်ဆောင်ကာ ပြောလိုက်သည်။ "ငါ ဘာရည်ရွယ်ချက်ရှိရမှာလဲ။ ငါက ပြည်တော်ပြန်ပြီး အလုပ်လုပ်လို့ မရဘူးလား။ ပြည်တော်ပြန်ပြီး အလုပ်လုပ်တာ ရည်ရွယ်ချက် ရှိရမှာလား။ လီယွမ်ဟန်... နင် ငါ့ကို အထင်ကြီးလွန်းနေပြီ မဟုတ်လား"

လီယွမ်ဟန်က ပြောသည်။ "မဟုတ်ဘူး၊ မင်း မှားနေပြီ။ ငါ မင်းကို အထင်ကြီးတာ မဟုတ်ဘူး၊ အထင်သေးမိတာ"

လင်ဒါ "..." မျက်နှာထား တစ်ချက် တွန့်လိမ်သွားပြီး ရုပ်ဆိုးသွားသည်။

လင်ဒါ အသက်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး ပြောလိုက်သည်။ "ယွမ်ဟန်... နင် ဒီလိုပြောတာ ငါ့ကို အရမ်း ဝမ်းနည်းစေတယ်"

ထို့နောက် သူမ အလွန် ထက်ရှစွာ ပြောလိုက်သည်။ "နင်က အမြဲတမ်း အပြစ်တင်နေတယ်၊ နင်တို့ အားလုံးက ငါ့ကို ဝိုင်းအပြစ်တင်နေကြတယ်။ ဒါပေမဲ့ ရေနိမ့်ရာ စီး၊ မီးမြင့်ရာ တောက် သဘောတရားအတိုင်း ငါ့အနာဂတ်အတွက် ငါ ရွေးချယ်တာ ဘာမှားလို့လဲ။

ကုန်းထျန်းဟောက်ကရော မမှားဘူးလား။ တကယ်လို့ သူက သူ့နောက်ခံကို မဖုံးကွယ်ထားရင်၊ ငါ့ကို မလိမ်ညာရင်၊ စောစောစီးစီး သူ့နောက်ခံကို ဖွင့်ပြောပြခဲ့ရင် ငါ ဒီလို မိုက်မဲတဲ့ ရွေးချယ်မှုမျိုး လုပ်ပါ့မလား။ ပြီးတော့ ကုန်းထျန်းဟောက်က နောက်ခံ အဆက်အသွယ် ဘာမှမရှိတဲ့ ဆင်းရဲသား ကောင်လေးတစ်ယောက်အနေနဲ့ ငါ့ကို ချဉ်းကပ်တာ သူ့နောက်ခံကို သိပြီး ငါ သူ့ကို တွယ်ကပ်မှာ စိုးရိမ်လို့ မဟုတ်ဘူးလား"

လင်ဒါ ပြောရင်း ပြောရင်းနဲ့ ဟုတ်တယ်လို့ ထင်လာတယ်။ သူမ အသက်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။ "ပြောရရင် ငါတို့ နှစ်ယောက်လုံးက တူတူပါပဲ။ ဒါကြောင့် နင် အမှားအားလုံးကို ငါ့ခေါင်းပေါ် လာပုံမချနဲ့"

လီယွမ်ဟန် ကြားလိုက်ရသောအခါ မျက်နှာထား မပြောင်းလဲဘဲ တည်ငြိမ်စွာ နေနေသည်။ ထို့နောက် သူ အေးစက်စွာ ပြောလိုက်သည်။ "အခု ငါ မင်းနဲ့ ဒါတွေ ပြောချင်တာ မဟုတ်ဘူး၊ ငါ မေးချင်တာက မင်း ၁၀ နှစ်ကျော် နိုင်ငံကိုမပြန်ဘဲ အခု ပြန်ရောက်တာနဲ့ လှုပ်ရှားမှု အကြီးကြီး လုပ်နေတာ တကယ်တမ်း ဘာလုပ်ချင်တာလဲ။ ရည်ရွယ်ချက်က ဘာလဲ"

စကားဝိုင်းက လှည့်ပတ်ပြီး မူလနေရာ ပြန်ရောက်လာတော့ လင်ဒါ၏အမူအရာ ထပ်မံ တောင့်တင်းသွားပြန်သည်။

သူမရဲ့ ရည်ရွယ်ချက် အစစ်အမှန်ကို လီယွမ်ဟန်ကို တိုက်ရိုက် ဘယ်ပြောပြမလဲ။

သူမ အေးစက်စွာ ရယ်မောပြီး ပြောလိုက်သည်။ "လီယွမ်ဟန်... နင်က အခု ငါ့အပေါ် အစွဲရှိနေတယ်၊ မယုံကြည်ဘူး၊ ငါ ဘာပြောပြော နင် ယုံမှာ မဟုတ်ဘူး။ အခု နင်က ဘာလို့ ငါ့ကို တရားခံစစ်သလိုမျိုး မေးခွန်းထုတ်နေရတာလဲ"

ဤနေရာသို့ ရောက်သောအခါ လင်ဒါ ဟန်ဆောင်မနေတော့ဘဲ သရော်သလို ရယ်မောပြီး ပြောလိုက်သည်။ "နင့်အမြင်မှာ ငါက ရည်မှန်းချက် အောင်မြင်ဖို့ ဘာမဆို လုပ်ရဲတဲ့ မိန်းမယုတ် တစ်ယောက်ပဲ။ ဒါပေမဲ့ ငါ နင့်ကို အမှန်အတိုင်း ပြောပြမယ်၊ ဒီလိုဆိုရင်တော့ ဒီလူဆိုးနေရာကို ငါ အဆုံးထိ ဆက်လုပ်လိုက်တော့မယ်"

လီယွမ်ဟန် စူးရှသော မျက်လုံးများဖြင့် သူမကို စိုက်ကြည့်ကာ ထက်ရှစွာ ပြောလိုက်သည်။ "မင်းရည်ရွယ်ချက်က ကုန်းထျန်းဟောက် ဖြစ်လောက်တယ်။ ဒါပေမဲ့ ငါ ပြောလိုက်မယ်၊ မင်း ဘာရည်ရွယ်ချက်နဲ့ပဲ ဖြစ်ဖြစ်၊ ငါတို့ကို ဘယ်နှခေါက်ပဲ လာချဉ်းကပ် ချဉ်းကပ် မင်း အောင်မြင်မှာ မဟုတ်ဘူး။ ပြီးတော့ ထျန်းဟောက်က လက်ထပ်ပြီးပြီ၊ မင်း စိတ်လျှော့လိုက်တော့"

လင်ဒါ လီယွမ်ဟန်ကို ကြည့်ပြီး မျက်နှာပေါ်တွင် ဒေါသ အရိပ်အယောင်များ ပေါ်လာကာ အံကြိတ်ပြီး ပြောလိုက်သည်။ "လီယွမ်ဟန်... နင် ဘာလို့ လူတွေကို အရောင်ဆိုး မျက်မှန်တပ်ပြီး အမြဲ ကြည့်နေရတာလဲ"

"သူ့တန်ရာသူကြည့်ပေးရုံပါ" လီယွမ်ဟန် အေးစက်စွာ ပြောလိုက်သော်လည်း အထိနာစေသည်။

လင်ဒါ အသက်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။ "ကြည့်ရတာ လမ်းကြောင်းမတူရင် အတူမသွားဘူး ဆိုသလိုပဲ။ လီယွမ်ဟန်... နင် ကုန်းထျန်းဟောက်အပေါ် အမြဲတမ်း သစ္စာရှိနေပါစေလို့ ငါ ဆုတောင်းပေးပါတယ်၊ မဟုတ်ရင် နင် နောင်တရမယ့် နေ့တစ်နေ့ ရှိလာလိမ့်မယ်"

လီယွမ်ဟန်က ပြောသည်။ "ဒါ မင်း ပူစရာ မလိုပါဘူး။ ငါ ကိစ္စ ရှိသေးတယ်၊ သွားလိုက်ဦးမယ်။ ဪ... ဘေလ် ငါ ရှင်းပြီးပြီ၊ မင်း ဖြည်းဖြည်းသောက်ပါ"

ပြောပြီးသည်နှင့် လီယွမ်ဟန် လင်ဒါရဲ့ မည်းမှောင်နေတဲ့ မျက်နှာထားကို ဂရုမစိုက်ဘဲ တိုက်ရိုက် ထွက်ခွာသွားသည်။

လီယွမ်ဟန် ထွက်သွားသည်နှင့် လင်ဒါ မျက်နှာထား ချက်ချင်း မည်းမှောင်သွားသည်။

ထို့နောက် သူမ အေးစက်စွာ မေးလိုက်သည်။ "ဓာတ်ပုံရိုက်လိုက်ပြီလား"

အခန်းထဲတွင် ဘယ်အချိန်က ရောက်နေမှန်း မသိသော နောက်ထပ် လူတစ်ယောက် ပေါ်လာသည်။ ထိုလူ လက်ထဲတွင် နောက်ဆုံးပေါ် ကင်မရာတစ်လုံး ကိုင်ထားပြီး ယုတ်မာသော အပြုံးဖြင့် ပြောလိုက်သည်။ "စိတ်ချပါ... အကုန်ရိုက်ထားပါတယ်"

လင်ဒါ ကြားလိုက်ရသောအခါ သူ့ကို လေးနက်စွာ သတိပေးလိုက်သည်။ "ငါ သတိပေးလိုက်မယ်၊ မကြားသင့်တာ မကြားနဲ့၊ မပြောသင့်တာ မပြောနဲ့၊ အကုန်လုံး ရင်ထဲမှာ မြှုပ်ထား၊ မဟုတ်ရင် ငါ့ကို အားနာတယ်လို့ မပြောနဲ့"

ထိုလူက ရယ်မောရင်း ပြောလိုက်သည်။ "စိတ်ချပါ... ကျွန်တော်က လုပ်ငန်းခွင်ကျင့်ဝတ် ရှိပါတယ်။ နားပင်းသင့်ရင် နားပင်းမယ်၊ မျက်စိကန်းသင့်ရင် မျက်စိကန်းပါမယ်"

လင်ဒါ ခေါင်းညိတ်လိုက်သည်။ "ဒါဆိုရင် အကောင်းဆုံးပဲ။ ငါနဲ့ လီယွမ်ဟန် ကြားက စကားတွေကို မိုးသိ၊ မြေသိ၊ ငါသိ၊ လီယွမ်ဟန်သိ ပြီးရင် နင်ပဲ သိတာ။ တကယ်လို့ စတုတ္ထလူ သိသွားတယ်ဆိုရင် အဲဒါ နင် ဖွင့်ပြောလိုက်တာပဲ၊ အဲဒီကျရင် ငါ နင့်ကို လွှတ်ထားမှာ မဟုတ်ဘူး" သူမ ဒီစကား ပြောတဲ့အခါ မျက်နှာပေါ်မှာ ရက်စက်တဲ့ အရိပ်အယောင်တွေ ဖြတ်ပြေးသွားတယ်။

ထိုလူက စိတ်ဝင်တစား ပြောလိုက်သည်။ "ဪ... ဒါ လီယွမ်ဟန် ဖွင့်ပြောလိုက်တာ မဖြစ်နိုင်ဘူးလား"

"သူ မလုပ်ဘူး" လင်ဒါ သေချာပေါက် ပြောလိုက်သည်။ "သူက ကိုယ်ပိုင် မူဝါဒ ရှိတဲ့လူ၊ ငါ့ရည်ရွယ်ချက်ကို မသိရသေးခင်မှာ သူ လျှောက်ပြောမှာ မဟုတ်ဘူး"

ထိုလူ ကင်မရာကို ပုတ်လိုက်ပြီး ပြုံးလျက် ပြောလိုက်သည်။ "စိတ်ချပါ... ကျွန်တော် မင်းပိုက်ဆံ ယူထားမှတော့ အလုပ်ကို ကောင်းကောင်း လုပ်ပေးမှာပါ"

လီယွမ်ဟန် ကော်ဖီဆိုင်ထဲက ထွက်လာတော့ သက်ပြင်းချလိုက်ပြီး ပြောလိုက်သည်။ "ဟူး... စိတ်မြန်သွားပြီ" အစက တစ်ဖက်လူရဲ့ ရည်ရွယ်ချက်ကို စမ်းသပ်မလို့ လုပ်တာ၊ တကယ်တမ်းကျတော့ ဒီလင်ဒါ၊ ဪ... မဟုတ်ဘူး... ဝမ်ကျင်းကျင်းကို မြင်လိုက်တာနဲ့ ရင်ထဲက ဒေါသကို မထိန်းချုပ်နိုင်တော့ဘူး။

ဒီမိန်းမ တကယ် မျက်နှာပြောင်တိုက်တာပဲ၊ အရင်တုန်းက ကိုယ့်အနာဂတ်အတွက် ကုန်းထျန်းဟောက်ကို စွန့်လွှတ်ခဲ့တာ သူပဲလေ၊ အခုကျတော့ ကုန်းထျန်းဟောက်က နောက်ခံကို ဖုံးကွယ်ထားလို့၊ လိမ်ညာလို့ သူ မှားယွင်းတဲ့ ရွေးချယ်မှုလုပ်မိတာပါဆိုပြီး လာအပြစ်တင်နေတယ်။

ဟဟ... မောက်မာပြီး ကိုယ့်ကိုယ်ကိုယ် အဟုတ်ထင်နေတဲ့ မိန်းမတစ်ယောက်က ကိုယ့်အမှားကို ဘယ်တော့မှ ဝန်ခံမှာ မဟုတ်ဘူး။

***

စိုက်ပျိုးရေးနေရာလွတ်က ငါ့ကိုချမ်းသာလာစေတယ်

အခန်း ၉၇၈ ။ ထိုစဉ်က လမ်းခွဲခဲ့ရသည့် အဖြစ်မှန်

နောက်တစ်နေ့တွင် မြို့တော် စီးပွားရေး သတင်းစာ၊ ဖျော်ဖြေရေး သတင်းစာနှင့် မီဒီယာ ခေါင်းကြီးပိုင်း အသီးသီးတို့သည် လူတိုင်း၏ အာရုံကို ဖမ်းစားလိုက်သည်။

"Imperial Palaceအုပ်စု ဥက္ကဌ လက်ထောက် လီယွမ်ဟန်နှင့် ကိုင်ဝေအုပ်စု၏ ထူးချွန် လူတော် မစ္စလင်ဒါတို့ ကော်ဖီဆိုင်တွင် တွေ့ဆုံကြသည်၊ အတန်းဖော်ဟောင်းတွေ စကားစမြည် ပြောကြတာလား၊ လစာကောင်းကောင်း ပေးပြီး လူဆွဲနေတာလား"

"ကိုင်ဝေအုပ်စုမှ မစ္စလင်ဒါ Imperial Palaceအုပ်စုသို့ အလုပ်ပြောင်းမယ်ဆိုတာ အတည်ပြုလိုက်ပြီလား"

"Imperial Palaceအုပ်စုက မစ္စလင်ဒါကို Imperial Palaceအုပ်စုသို့ ဝင်ရောက်ရန် ဖိတ်ခေါ်နေတာ အမှန်ပဲလား"

"သံယောဇဉ်ကြီးမားတဲ့ မစ္စလင်ဒါက ကုမ္ပဏီရဲ့ကျေးဇူးကို ဆပ်ဖို့အတွက် ကုမ္ပဏီအများအပြားရဲ့ လစာကောင်းကောင်းပေးပြီး ခေါ်ယူမှုကို ငြင်းပယ်ကာ Imperial Palaceအုပ်စုသို့ ဝင်ရောက်ဖို့ ဆန္ဒရှိနေတာလား"

...

အတိုချုပ်ပြောရလျှင် မျက်စိဖမ်းစားစေသော ခေါင်းစဉ်အမျိုးမျိုးတို့သည် မီဒီယာ သတင်းများတွင် ပါဝင်လာကြသည်။

သာမန်လူများအတွက်မူ ဒါက ကိုယ်နဲ့ မဆိုင်သော ကိစ္စဖြစ်သော်လည်း လုပ်ငန်းခွင်လောကနှင့် စီးပွားရေးလောကအတွက်မူ အမှန်တကယ် မျက်စိဖမ်းစားစရာကိစ္စ တစ်ခုဖြစ်သည်။

သို့သော် ယခင်က နာမည်မကြီးသော မီဒီယာတစ်ခု ဖြစ်သည့် "ဒီနေ့ ခေါင်းကြီးပိုင်း" တွင်မူ ဤသို့ ပါရှိသည်။

မစ္စလင်ဒါ Imperial Palaceအုပ်စုသို့ အလုပ်ပြောင်းရန် ရည်ရွယ်ချက် ရှိနေသည်၊ Imperial Palace ဥက္ကဌ ကုန်းထျန်းဟောက်နှင့် သံယောဇဉ်ဟောင်း ပြန်ဆက်မလို့လား။

ဒီသတင်း ထွက်လာတာနဲ့ Baidu မှာ လူရှာအများဆုံး နံပါတ်တစ် ဖြစ်သွားတယ်။

အရင်တုန်းက နာမည်မကြီးတဲ့ မီဒီယာလေးက ချက်ချင်း နာမည်ကြီးသွားတယ်။

ဒါက လုပ်ငန်းခွင်လောကနဲ့ စီးပွားရေးလောကကိုလည်း အံ့သြသွားစေတယ်။

"ဟာ... ဘုရားရေ၊ မစ္စလင်ဒါက လက်ထောက်လီနဲ့ အတန်းဖော် ဖြစ်တာတင် မကဘူး၊ ကုန်းထျန်းဟောက်နဲ့လည်း အရင်တုန်းက ချစ်သူတွေ ဖြစ်ခဲ့ဖူးတာလား"

"ဒီမှတ်ချက်တွေကို ကြည့်လိုက်ပါဦး"

"အောက်က မှတ်ချက်တချို့က ဘာဖြစ်လို့လဲ"

"ဒီမှာ မှတ်ချက် သောင်းချီ ပေါ်လာတယ်၊ မှတ်ချက်ရေးတဲ့သူ အများကြီးက ပြောကြတယ်၊ အဲဒီတုန်းက သူတို့လည်း တက္ကသိုလ် တက်ခဲ့တာတဲ့။ ဝမ်ကျင်းကျင်းနဲ့ ကုန်းထျန်းဟောက်တို့ရဲ့ အချစ်ရေးကို ကျောင်းသား အကုန်လုံး သိကြတယ်တဲ့"

"ဟာ... ဒီလိုဆိုရင် ဒီလင်ဒါနဲ့ ကုန်းထျန်းဟောက်က အရင်တုန်းက တကယ် ချစ်သူတွေ ဖြစ်ခဲ့ဖူးတာပေါ့။ ဒါပေမဲ့ ငါ မှတ်မိတာတော့ ကုန်းထျန်းဟောက် တက္ကသိုလ် တက်တုန်းက ၁၈၊ ၁၉ နှစ် လောက်ပဲ ရှိသေးတာ။ အခု အချိန်နဲ့ ယှဉ်ရင် ၁၀ နှစ်ကျော် ကြာခဲ့ပြီပဲ"

"၁၀ နှစ်ကျော် အချိန်ကာလ၊ ကမ္ဘာကြီး ပြောင်းလဲသွားပြီ၊ ကိစ္စတွေ အများကြီး ဖြစ်ပျက်ခဲ့ပြီး ပြောင်းလဲခဲ့ပြီလေ"

"ဟာ... နင်တို့ အောက်က မှတ်ချက် အသစ်တွေကို ကြည့်လိုက်ပါဦး"

တစ်ယောက်က အာမေဋိတ်သံ ပြုလိုက်သည်။

"ဒါ ဘာဖြစ်ပြန်ပြီလဲ"

"မှတ်ချက်တွေထဲမှာ ကုန်းထျန်းဟောက်နဲ့ ဝမ်ကျင်းကျင်း တို့ရဲ့ အတန်းဖော်လို့ ပြောတဲ့သူ တစ်ယောက်က ပြောထားတယ်၊ အဲဒီတုန်းက ကုန်းထျန်းဟောက်က ဝမ်ကျင်းကျင်းကို အရိုးစွဲအောင် ချစ်ခဲ့တာတဲ့။ အဲဒီတုန်းက ဝမ်ကျင်းကျင်းက နိုင်ငံခြား ထွက်ရမှာမို့လို့ မတတ်သာဘဲ ကုန်းထျန်းဟောက်နဲ့ လမ်းခွဲခဲ့ရတာတဲ့။ ဒါပေမဲ့ ရလဒ်ကတော့ ဝမ်ကျင်းကျင်း လမ်းခွဲပြီးနောက် ကုန်းထျန်းဟောက်က နေ့တိုင်း အရက်သောက်ပြီး သေလုမတတ် ဖြစ်ခဲ့တယ်တဲ့"

"ဟာ... ဒီလိုကိစ္စမျိုး ရှိခဲ့သေးတာလား" မှတ်ချက် ဖတ်နေသူများက မယုံကြည်နိုင်စွာ ပြောလိုက်ကြသည်။ "ကုန်းထျန်းဟောက်က အိမ်ရှေ့စံမင်းသားလေး (သူဌေးသား) ဆိုတာ လူတိုင်း သိကြတာပဲ၊ ဒီဝမ်ကျင်းကျင်းက ဦးနှောက်ရေဝင်နေတာလား။ နိုင်ငံခြားထွက် ပညာသင်ဖို့ ကိစ္စလေးနဲ့ ချစ်သူနဲ့ လမ်းခွဲရတယ်တဲ့လား။ အတူတူ နိုင်ငံခြား ထွက်လို့ မရဘူးလား"

"ဟုတ်တယ်လေ... ပြီးတော့ ကုန်းထျန်းဟောက်ရဲ့ အဆင့်အတန်းနဲ့ ဆိုရင် သူက ဝမ်ကျင်းကျင်းကို တကယ် ချစ်တယ် ဆိုရင် ချစ်သူနဲ့အတူ နိုင်ငံခြား ထွက်လို့ ရတာပဲ။ ဘာလို့ ချစ်သူ နိုင်ငံခြားထွက် ပညာသင်တာနဲ့ သူက အရက်သောက်ပြီး သေလုမတတ် ဖြစ်နေရတာလဲ"

အခု သူမ စိတ်ကူးလို့တောင် မရတော့ဘူး၊ အေးစက်ပြီး ရက်စက်တဲ့၊ သံမဏိလို မာကျောတဲ့ စီးပွားရေး ဘုရင်ကြီး လို့ လူသိများတဲ့သူက မိန်းမတစ်ယောက်အတွက်နဲ့ သေလုမတတ် ဖြစ်ခဲ့တယ် ဆိုတာကိုလေ။ ဒါက စီးပွားရေး ဘုရင်ကြီးရဲ့ ပုံရိပ်ကို လုံးဝ ပြောင်းပြန်လှန်ပစ်လိုက်တာပဲ။

"ဒါတော့ မသိဘူး။ ဒါပေမဲ့ ကြားတာတော့ အဲဒီတုန်းက သူတို့ ကျောင်းမှာ အလိုက်ဖက်ဆုံး စုံတွဲလို့ ခေါ်ကြတယ်တဲ့။ မိန်းမလှလေးနဲ့ကောင်ချောလေးတဲ့"

"ဒါပေမဲ့ ဝမ်ကျင်းကျင်းက အဲဒီတုန်းက ဘာလို့ ချစ်သူနဲ့ လမ်းခွဲပြီး နိုင်ငံခြား ထွက်ဖို့ ရွေးချယ်ခဲ့တာလဲ" ဒီအချက်ကို လူတိုင်း ခန့်မှန်းနေကြတာ။

ထို့နောက် တစ်ယောက်က မှတ်ချက်အသစ် တချို့ကို ကြည့်ပြီး ထပ်မံ အာမေဋိတ်သံ ပြုလိုက်ပြန်သည်။ "ဟာ... နင်တို့ ကြည့်လိုက်ဦး။ ဒီဝမ်ကျင်းကျင်း အဲဒီတုန်းက လမ်းခွဲခဲ့ရတဲ့ အဖြစ်မှန်တဲ့"

"ဘာအဖြစ်မှန်လဲ" လူတိုင်း သိချင်စိတ်ဖြင့် ခေါင်းတိုးကြည့်လိုက်ကြသည်။ "ဝမ်ကျင်းကျင်း အဲဒီတုန်းက ကုန်းထျန်းဟောက်နဲ့ လမ်းခွဲခဲ့တာက ရောဂါဆိုးကြီး ဖြစ်နေလို့၊ နိုင်ငံခြား သွားမှ ကုသနိုင်မယ့် မျှော်လင့်ချက် ရှိလို့ပါတဲ့"

သူတို့နဲ့ ဆက်ဆံရေး ကောင်းမွန်တဲ့ အတန်းဖော်လို့ ပြောတဲ့သူ တစ်ယောက်က အဖြစ်မှန်ကို ဖွင့်ချလိုက်သည်။

"အဲဒီတုန်းက ကုန်းထျန်းဟောက်နဲ့ ဝမ်ကျင်းကျင်း တွဲတုန်းက သူက အိမ်ရှေ့စံမင်းသားလေး (သူဌေးသား) အနေနဲ့ မဟုတ်ဘဲ နောက်ခံ ဘာမှမရှိတဲ့ ဆင်းရဲသား ကောင်လေးအနေနဲ့ သူမနဲ့ တွဲခဲ့တာပါ။ ဒါတောင်မှ ဝမ်ကျင်းကျင်းက ကုန်းထျန်းဟောက်ကို အရမ်းချစ်တယ်၊ ကုန်းထျန်းဟောက်ကလည်း ဝမ်ကျင်းကျင်းကို အရမ်းချစ်တယ်၊ နှစ်ယောက်သား အတူတူနေဖို့၊ ပိုမို ကောင်းမွန်တဲ့ အနာဂတ်အတွက် အတူတူ ကြိုးစားခဲ့ကြတယ်။ ကုန်းထျန်းဟောက်က နေ့တိုင်း အချိန်ပိုင်း အလုပ် ၃ ခု လုပ်တယ်၊ ဝမ်ကျင်းကျင်းကလည်း သူများကို အိမ်စာပြပေးတယ်၊ အချိန်ပိုင်း အလုပ်လုပ်ပြီး ပိုက်ဆံရှာတယ်။

ဒါပေမဲ့ ကံကြမ္မာက မျက်နှာသာ မပေးခဲ့ဘူး။

ဝမ်ကျင်းကျင်းက တစ်ခါတုန်းက အိမ်စာပြပေးရင်း သတိလစ်သွားခဲ့တယ်။

ဆေးရုံသွား စစ်ဆေးတော့ ကိုယ်တိုင် ရောဂါဆိုးကြီး ဖြစ်နေမှန်း သိလိုက်ရတယ်။

ဝမ်ကျင်းကျင်း မိုးပြိုကျသလို ခံစားလိုက်ရတယ်။

နောက်တော့ သူမ စုံစမ်းကြည့်တော့ နိုင်ငံခြားက ဆေးရုံတစ်ခုမှာ ဒီရောဂါကို ကုသနိုင်မယ့် မျှော်လင့်ချက် နည်းနည်း ရှိတယ် ဆိုတာ သိလိုက်ရလို့ နိုင်ငံခြားသွား ကုသဖို့ စိတ်ကူးရခဲ့တယ်။

ဒါပေမဲ့ အဲဒီတုန်းက ဆင်းရဲသား ကောင်လေး ဖြစ်နေတဲ့ ကုန်းထျန်းဟောက်က ဒါတွေ အကုန်လုံးကို မသိခဲ့ဘူး။ ဝမ်ကျင်းကျင်းက ကုန်းထျန်းဟောက် သူမ နိုင်ငံခြားသွား ဆေးကုဖို့အတွက် ပိုက်ဆံစုဖို့ အသက်နဲ့ရင်းပြီး ကြိုးစားမှာကို စိုးရိမ်ခဲ့တယ်။

နောက်တော့ ဝမ်ကျင်းကျင်းက လိမ်ညာမှု တစ်ခု ဖန်တီးလိုက်တယ်၊ သူမက တခြား အမျိုးသား အတန်းဖော်တစ်ယောက်နဲ့ နိုင်ငံခြားထွက် ပညာသင်မလို့၊ ကုန်းထျန်းဟောက်က ဆင်းရဲသား ကောင်လေးဖြစ်နေလို့ ဘာမှ မရှိဘူး၊ ဒါကြောင့် သူမ ကုန်းထျန်းဟောက်နဲ့ လမ်းခွဲမယ် ဆိုပြီး ပြောလိုက်တယ်"

"ကျွတ် ကျွတ်... နင်တို့ ပြောကြည့်၊ ဒီကိစ္စက အမှန် ဖြစ်နိုင်မလား" တစ်ယောက်က သံသယဖြင့် ဘေးလူကို မေးလိုက်သည်။

တစ်ယောက်က ပြောသည်။ "ဒါ ပြောရခက်တယ်။ ဒီကိစ္စက တကယ် အမှန် ဖြစ်နိုင်တယ်။ ဒီမှတ်ချက် ရေးတဲ့သူက ကုန်းထျန်းဟောက်ကို ပြစ်မှားခံပြီး ဒီလို လိမ်ညာစကားတွေ ပြောစရာအကြောင်း မရှိဘူးလေ။ ငါတို့ စဉ်းစားကြည့်ရအောင်၊ ကုန်းထျန်းဟောက်က အခု ဘယ်လို အဆင့်အတန်း ရှိလဲ၊ သာမန်လူတွေ လိမ်ညာပြောဆိုလို့ ရတဲ့သူလား။ တရားစွဲခံရမှာ မကြောက်ဘူးလား"

"ပြောတာ ဟုတ်တယ်... ကုန်းထျန်းဟောက်က အခု သာမန်လူ မဟုတ်တော့ဘူး၊ ငါတို့လို သာမန်လူတွေ ပြစ်မှားလို့ရတာ မဟုတ်ဘူး"

"တကယ်လို့ သူတို့ လမ်းခွဲခဲ့ရတဲ့ အဖြစ်မှန်က အမှန်ဆိုရင် ဝမ်ကျင်းကျင်းနဲ့ ကုန်းထျန်းဟောက် ကြားက အချစ်ဇာတ်လမ်းက တကယ် ထိမိစရာကောင်းတာပဲ" တစ်ယောက်က သက်ပြင်းချလိုက်သည်။

"ဒါပေမဲ့ ငါ ထူးဆန်းတာက ဝမ်ကျင်းကျင်းက နိုင်ငံခြားသွား ဆေးကုဖို့၊ ကုန်းထျန်းဟောက်ကို ဒုက္ခမရောက်စေချင်လို့ လမ်းခွဲခဲ့တာဆိုရင် အခု အခြေအနေအရ သူ ရောဂါပျောက်ကင်းသွားပြီ မဟုတ်လား။ ဒါဆို ဘာလို့ လွန်ခဲ့တဲ့ နှစ်တွေတုန်းက မပြန်လာဘဲ အခုမှ ပြန်လာရတာလဲ။ သိထားရမှာက ကုန်းထျန်းဟောက်က အခု လက်ထပ်ပြီးပြီ၊ ကလေးတောင် အသက်နည်းနည်း ကြီးနေပြီလေ"

"ဟုတ်တယ်... ကုန်းထျန်းဟောက်က လက်ထပ်ပြီး ကလေးရနေပြီ၊ ဝမ်ကျင်းကျင်းကတော့ တစ်ကိုယ်တည်း ဖြစ်နေတုန်းပဲ"

"တကယ်ပဲ ဒီအတင်းအဖျင်း မီဒီယာတွေ ရေးထားသလို သူတို့ သံယောဇဉ်ဟောင်း ပြန်ဆက်ဖို့ ဖြစ်နိုင်မလား"

"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ကုန်းထျန်းဟောက်က လက်ထပ်ပြီးပြီလေ၊ ဝမ်ကျင်းကျင်းက သူများ အိမ်ထောင်ရေးထဲ ဝင်ရောက်စွက်ဖက်ပြီး တတိယလူ လုပ်ချင်နေတာလား"

"ဘယ်သူက တတိယလူ လို့ ပြောလို့လဲ" တစ်ယောက်က မကျေမနပ် ပြောလိုက်သည်။ "သုံးယောက်ထဲမှာ အချစ်မခံရတဲ့သူကသာ တတိယလူ ဖြစ်မှာပါ"

"ဟဟ... ဟုတ်တယ်၊ အချစ်မခံရတဲ့သူကသာ တတိယလူ ဖြစ်တာ။ အခု လူတိုင်း သိကြတယ်၊ ကုန်းထျန်းဟောက်က သူ့မိန်းမ ရှောင်လင်းယွီကို အရမ်းချစ်တယ်၊ အရိုးစွဲအောင် ချစ်တယ် ဆိုတာ။ သူတို့မှာ အခု အချစ်ရဲ့ ရလဒ် (ကလေး) လည်း ရှိနေပြီ၊ ဘယ်လောက် ပျော်ရွှင်စရာကောင်းလဲ။

ဝမ်ကျင်းကျင်းကိစ္စကတော့ လွန်ခဲ့တဲ့ ၁၀ နှစ်တုန်းက သူတို့ အရမ်းချစ်ခဲ့ကြမှာပါ။ ဒါပေမဲ့ ၁၀ နှစ် ကြာပြီးနောက် အရာအားလုံး ပြောင်းလဲကုန်ပြီ။ ကုန်းထျန်းဟောက်က သူ့ကို ချစ်သည်ဖြစ်စေ၊ မချစ်သည်ဖြစ်စေ အနည်းဆုံးတော့ သူက ဒီသံယောဇဉ်ဟောင်းကြောင့် သူများ အိမ်ထောင်ရေးထဲ ဝင်ရောက်မစွက်ဖက်သင့်ဘူး။ အဲဒါက မိုးကြိုးပစ်ခံရမယ့် ကိစ္စပဲ"

ငြင်းခုံနေသူများထဲတွင် သိသိသာသာ နှစ်ဖက် ကွဲနေပြီ။

နှစ်ဖက် ငြင်းခုံနေစဉ်မှာပင် နောက်ထပ် သိတဲ့သူ တစ်ယောက်က ဖွင့်ချလိုက်ပြန်သည်။

"ဟွန့်... နင်တို့ ထင်တာ ကုန်းထျန်းဟောက်နဲ့ ရှောင်လင်းယွီက တကယ် ချစ်ကြတယ် ထင်နေတာလား"

"နင်တို့ သိလား... ကုန်းထျန်းဟောက်နဲ့ ရှောင်လင်းယွီ လက်ထပ်ခဲ့ရတဲ့ အဖြစ်မှန်ကို"

"နင်တို့ သိလား... သူတို့ကြားက သားလေးက ဘယ်လို ရလာတာလဲ ဆိုတာ"

ဒီမေးခွန်းတွေကို မြင်လိုက်ရတော့ သတင်းဖတ်နေသူ တချို့က နားမလည်နိုင် ဖြစ်သွားပြီး သူငယ်ချင်းချင်း ကြည့်လိုက်တော့ တစ်ဖက်လူလည်း နားမလည် ဖြစ်နေတာ တွေ့လိုက်ရတယ်။

"ဟာ... ဒါ တကယ်ပဲ ဖွင့်ချစရာ အကြီးကြီး ရှိနေတာလား" တစ်ယောက်က သတိထားမိပြီး အာမေဋိတ်သံ ပြုလိုက်သည်။

"ကုန်းထျန်းဟောက်နဲ့ ရှောင်လင်းယွီ လက်ထပ်တာ ချစ်လို့ မဟုတ်ဘူးလား။ တခြား အကြောင်းရင်း ရှိသေးတာလား"

သံသယများနှင့်အတူ လူတိုင်းက ဒီသိတဲ့သူ ဆိုသူရဲ့ ဖွင့်ချချက်ကို ဆက်လက် ဖတ်ရှုလိုက်ကြသည်။

ဒီဖွင့်ချသူက ပြောတာ သူက အသက်နဲ့ရင်းပြီး အဖြစ်မှန်ကို ဖွင့်ချတာပါတဲ့။

တကယ်လို့ သူ တစ်ခုခု ဖြစ်သွားရင် အဲဒါ သူတို့ လုပ်တာပါပဲ၊ လူတိုင်း စောင့်ကြည့်ပေးကြပါတဲ့။ ဒီသူတို့ ဆိုတာက သေချာပေါက် ကုန်းထျန်းဟောက်နဲ့ ရှောင်လင်းယွီကို ပြောတာပါ။

ထို့နောက် သူ အဖြစ်မှန်ကို ဖွင့်ချလိုက်သည်။

သူ ပြောတာက ကုန်းထျန်းဟောက်နဲ့ ရှောင်လင်းယွီ ဆိုတဲ့ ဟန်ဆောင်ချစ်သူတွေကို ကြည့်မရလို့ပါတဲ့။

အဲဒီတုန်းက ရှောင်လင်းယွီက Z မြို့က ကုမ္ပဏီ တစ်ခုရဲ့ ရုံးဝန်ထမ်း အသေးစားလေးပဲ၊ စွမ်းဆောင်ရည်နဲ့ အမှာစာ ရဖို့အတွက် ဖောက်သည်ကို ဆေးခပ်ခဲ့တယ်။ ဒါပေမဲ့ မထင်မှတ်ဘဲ ဖောက်သည်က သိသွားပြီး ရှောင်လင်းယွီ သတိမထားမိခင်မှာ သူတို့ကြားက အရက်ခွက်ကို လဲလှယ်လိုက်တယ်။

သဘာဝကျကျပဲ ဆေးခပ်ထားတဲ့ အရက်ကို ရှောင်လင်းယွီ ကိုယ်တိုင် သောက်လိုက်မိတယ်။

ဆေးမိသွားတဲ့ ရှောင်လင်းယွီက မတော်တဆ ကုန်းထျန်းဟောက်ရဲ့ အခန်းထဲ ရောက်သွားခဲ့တယ်။

ယောက်ျားတွေအတွက်တော့ အလှလေးက ရင်ခွင်ထဲ ရောက်လာမှတော့ ငြင်းပယ်နိုင်သူ နည်းပါးပါတယ်။

ကုန်းထျန်းဟောက်ကလည်း ဒီမတော်တဆ ရောက်လာတဲ့ အလှလေးကို ငြင်းပယ်စရာအကြောင်း မရှိပါဘူး။ နောက်တော့ သူတို့ ဆက်ဆံရေး ဖြစ်သွားကြတယ်။

သူတို့ ဆက်ဆံရေးဖြစ်ပြီးနောက် ရှောင်လင်းယွီရဲ့ ကိစ္စက ကုမ္ပဏီ တစ်ခုလုံး ပျံ့နှံ့သွားတယ်။

ဒီလို ကိုယ်ကျင့်တရား မကောင်းတဲ့ ဝန်ထမ်းမျိုးကို ကုမ္ပဏီက အလုပ်ထုတ်ဖို့ ရည်ရွယ်ထားတယ်။

ဒါပေမဲ့ မထင်မှတ်ထားတာက ရှောင်လင်းယွီက ဒေသခံ အာဏာရှိတဲ့ အထက်တန်းလွှာ လူငယ်တစ်ယောက်နဲ့ သိကျွမ်းနေတယ်၊ အဲဒီ လူငယ်နဲ့ ရှောင်လင်းယွီက ဦးအောင်လှုပ်ရှားပြီး ဟိုကုမ္ပဏီကို ဒေဝါလီခံအောင် လုပ်ပစ်လိုက်ရုံမက ကုမ္ပဏီ သူဌေးနဲ့ သမီးကိုပါ ထောင်ထဲ ထည့်လိုက်တယ်။

နောက်တော့ ရှောင်လင်းယွီက သူမရဲ့ ဇာတိ ထောင်ယွမ်ရွာကို ပြန်သွားခဲ့တယ်။

ထောင်ယွမ်ရွာ ပြန်ရောက်ပြီး မကြာခင်မှာပဲ ရှောင်လင်းယွီက ကိုယ်ဝန်ရှိနေမှန်း သိလိုက်ရတယ်။

နောက်တစ်ကြိမ် မတော်တဆ တွေ့ဆုံမှုမှာ ရှောင်လင်းယွီက ကုန်းထျန်းဟောက်ကို ပြန်တွေ့လိုက်ရတယ်။

ကုန်းထျန်းဟောက်ကို မှတ်မိသွားပြီးနောက် ရှောင်လင်းယွီက ကုန်းထျန်းဟောက်ကို ခြိမ်းခြောက်တယ်၊ တကယ်လို့ သူမကို တာဝန်မယူရင် ဒီကိစ္စကို သတင်းစာတိုက်နဲ့ အင်တာနက်ပေါ် ဖွင့်ချလိုက်မယ်တဲ့။

ကုန်းထျန်းဟောက်က တာဝန်သိတဲ့ ယောက်ျားတစ်ယောက်မို့လို့ ရှောင်လင်းယွီက သူ့ကလေးကို လွယ်ထားတယ် ဆိုတာ သေချာသွားတော့ သူမကို တာဝန်ယူဖို့၊ လက်ထပ်ဖို့ ဆုံးဖြတ်လိုက်တယ်၊ ပြီးတော့ ထောင်ယွမ်ရွာ ဖွံ့ဖြိုးတိုးတက်အောင် ကူညီပေးခဲ့တယ်၊ တကယ်တော့ သူ ဒီလိုလုပ်တာက ကိုယ့်ဂုဏ်သိက္ခာနဲ့ ကုမ္ပဏီ ဂုဏ်သိက္ခာ အတွက်ပါပဲ။

ဒီလိုနဲ့ ရှောင်လင်းယွီက သူမရဲ့ ရုပ်ရည်နဲ့ ဗိုက်ထဲက ကလေး၊ ပြီးတော့ ကုန်းထျန်းဟောက်ရဲ့ တာဝန်သိစိတ်ကို အသုံးချပြီး ဖြည်းဖြည်းချင်း ကုန်းထျန်းဟောက်ရဲ့ စိတ်ကို ဆွဲဆောင်ပြီး သူမရဲ့ စီးပွားရေးကို ထောက်ခံအောင်လုပ်ခဲ့တာ။

ရှောင်လင်းယွီရဲ့ စီးပွားရေးလည်း ကြီးထွားလာတယ်၊ ကုန်းထျန်းဟောက်ကလည်း သူမကို ပိုထောက်ခံလာတယ်၊ အထူးသဖြင့် ရှောင်လင်းယွီ ကလေးမွေးပြီးနောက် သူ့စိတ်အာရုံက သူမအပေါ် ပိုရောက်လာတယ်။

ဒီသိတဲ့သူ ဆိုသူ ဖွင့်ချလိုက်တဲ့ အရာတွေကို ကြည့်ပြီး ဖရဲသီးစား ပရိသတ်တွေ (ပွဲကြည့် ပရိသတ်တွေ) ဖရဲသီးအကြီးကြီး စားလိုက်ရသလို ဖြစ်သွားကြတယ်။

"သောက်ကျိုးနည်း... ရှောင်လင်းယွီနဲ့ ကုန်းထျန်းဟောက်က ဒီလို လက်ထပ်ပြီး ချစ်သူ ဇနီးမောင်နှံ ဖြစ်လာကြတာလား။ ကြည့်ရတာ ငါတို့ အလိမ်ခံလိုက်ရပြီပဲ"

"အင်း... ဟုတ်တယ်၊ အလိမ်ခံလိုက်ရပြီ"

***

All Chapters