အခန်း (၉၇၉-၉၈၀)
Vol. 60 Ch. 979-980
အခန်း ၉၇၉ ။ ရည်ရွယ်ချက် ရှိနေခြင်း
Imperial Palaceအုပ်စု ဥက္ကဌ ရုံးခန်းတွင်...
လီယွမ်ဟန်သည် ကုန်းထျန်းဟောက်ကို ဒေါသတကြီး ပြောလိုက်သည်။ "ဟွန့်... ငါ သိနေတယ်၊ ဝမ်ကျင်းကျင်း အဲဒီမိန်းမမှာ ရည်ရွယ်ချက်ရှိမယ်ဆိုတာ။ တကယ်ပဲ သူမရဲ့ ပစ်မှတ်အစစ်က မင်းမိန်းမ ဖြစ်နေတာကိုး"
ကုန်းထျန်းဟောက်သည် ဖုန်းထဲမှ ရှာဖွေတွေ့ရှိမှု ခေါင်းစဉ်အမျိုးမျိုးနှင့် အောက်က မှတ်ချက်များကို ကြည့်ပြီး အေးစက်သော မျက်နှာတွင် ဒေါသအရိပ်အယောင်များ ပေါ်လာသည်။
"ဪ... မဟုတ်ဘူး၊ အဲဒီမိန်းမရဲ့ ပစ်မှတ်အစစ်က မင်းမိန်းမ ရှောင်လင်းယွီ မဟုတ်ဘူး၊ နောက်ဆုံး ပစ်မှတ်က မင်းပဲ" လီယွမ်ဟန်က သေချာပေါက် ပြောလိုက်သော်လည်း ချက်ချင်း ခေါင်းခါပြီး ပြန်ပြောလိုက်သည်။ "မဟုတ်ဘူး... အဲဒါလည်း မဟုတ်သေးဘူး။ အဲဒီမိန်းမရဲ့ ရည်မှန်းချက်က အရမ်းကြီးတယ်၊ အချစ် ဆိုတာ သူ့အတွက် အသုံးချစရာ ကိရိယာ တစ်ခုပဲ။ ဒါကြောင့် သူ့ရဲ့ နောက်ဆုံး ရည်မှန်းချက်က Imperial Palaceအုပ်စုရဲ့ ဥက္ကဌကတော် ဖြစ်ဖို့ပဲ"
"သူ Imperial Palaceအုပ်စုကို လာတယ်၊ မင်းကို အကြိမ်ကြိမ် စမ်းသပ်တယ်၊ ဒါပေမဲ့ ရလဒ်က သူမ မျှော်လင့်ထားသလို မဖြစ်ဘဲ စိတ်ပျက်လက်ပျက် ပြန်သွားရတယ်။ ဒါကြောင့် သူ တွေးမိမှာက ရှောင်လင်းယွီရဲ့ နာမည်ဂုဏ်သတင်းကို ဖျက်ဆီးပစ်ရင်... ဪ... မဟုတ်ဘူး၊ ရှောင်လင်းယွီရဲ့ နာမည်ဂုဏ်သတင်းက သူ ဖျက်ဆီးချင်တိုင်း ဖျက်ဆီးလို့ရတာ မဟုတ်ဘူး။ သူက ကိစ္စရပ် တချို့နဲ့ ကောလဟာလ တချို့ကို အသုံးချပြီး မင်းနဲ့ ရှောင်လင်းယွီကြားမှာ အထင်လွဲမှုတွေ ဖြစ်အောင် လုပ်ချင်တာ။ မင်းတို့ကြားမှာ အထင်လွဲမှုတွေ ဖြစ်လာတာနဲ့ ဇနီးမောင်နှံကြားက အပြန်အလှန် ယုံကြည်မှုတွေ ယိမ်းယိုင်သွားလိမ့်မယ်"
လီယွမ်ဟန်က အကြောင်းအကျိုး ညီညွတ်စွာ ခွဲခြမ်းစိတ်ဖြာပြပြီး ဆက်ပြောသည်။ "ချစ်သူတွေ၊ ဇနီးမောင်နှံတွေကြားမှာ ယုံကြည်မှုက အရေးအကြီးဆုံးပဲ။ တကယ်လို့ နှစ်ဖက်စလုံး ကြားမှာ ယုံကြည်မှု အကျပ်အတည်း ဖြစ်လာရင် သူတို့ကြားက သံယောဇဉ်လည်း ကုန်ဆုံးသွားပြီလို့ ပြောလို့ရတယ်"
ဤနေရာသို့ ရောက်သောအခါ လီယွမ်ဟန် ခနရပ်လိုက်ပြီး ဒေါသတကြီး ဆဲဆိုလိုက်သည်။ "ဝမ်ကျင်းကျင်း... ဒီမိန်းမက အရင်လိုပဲ ယုတ်မာကောက်ကျစ်တုန်းပဲ"
သူ ကုန်းထျန်းဟောက်ကို ကြည့်လိုက်တော့ အေးစက်တဲ့ မျက်နှာထားမှာ ဒေါသအရိပ်အယောင်တွေ ပေါ်နေတာ တွေ့လိုက်ရတယ်၊ ဝမ်ကျင်းကျင်း အဲဒီမိန်းမ သူ့ကို ဒေါသထွက်အောင် လုပ်လိုက်ပြီဆိုတာ လီယွမ်ဟန် သိလိုက်တယ်။
သူတို့ရဲ့ အချစ်ခရီးလမ်းကို စောင့်ကြည့်လာတဲ့ လီယွမ်ဟန်ကတော့ ကုန်းထျန်းဟောက်ရဲ့ ရှောင်လင်းယွီအပေါ် ထားတဲ့ စစ်မှန်တဲ့ သံယောဇဉ်ကို လုံးဝသံသယ မဖြစ်ပါဘူး။
ကုန်းထျန်းဟောက်က ရှောင်လင်းယွီကို အရိုးစွဲအောင် ချစ်တယ်၊ သူတို့ရဲ့ ကလေးကိုလည်း အရမ်း ချစ်တယ်။
ဒါပေမဲ့ ဝမ်ကျင်းကျင်း အဲဒီမိန်းမက တမင် သေလမ်းရှာနေတာ၊ ကုန်းထျန်းဟောက်က သူမအပေါ် သံယောဇဉ် ရှိနေသေးတယ် ထင်နေလား။ ကုန်းထျန်းဟောက်ရဲ့ သံယောဇဉ်နဲ့ သည်းခံနိုင်စွမ်းကို ဒီလောက်ထိ စိန်ခေါ်ရဲတယ်ပေါ့။
သူမက ကုန်းထျန်းဟောက်ရဲ့ အသည်းနှလုံးကို ဗြောင်ကျကျ စိန်ခေါ်နေတာပဲ။
သူမ တိတ်တိတ်ပုန်း လုပ်နေတာ ဘယ်သူမှ မသိဘူး မထင်နဲ့၊ မြို့တော်ဆိုတာ ကုန်းထျန်းဟောက်ရဲ့ နယ်မြေပဲ၊ သူမ သူတို့ရှေ့ ပေါ်လာကတည်းက သူမရဲ့ လှုပ်ရှားမှုတိုင်းက လူတွေရဲ့ စောင့်ကြည့်မှုအောက် ရောက်နေပြီးသား။
လီယွမ်ဟန် ရုတ်တရက် တစ်ခုခုကို သတိရသွားပြီး မေးလိုက်သည်။ "ထျန်းဟောက်... ဒီကိစ္စကို မင်းမိန်းမ သိပြီးပြီလား"
ကုန်းထျန်းဟောက် မျက်နှာမည်းမှောင်လျက် သူ့ကို စောင်းကြည့်လိုက်ပြီး မကျေမနပ် ပြောလိုက်သည်။ "မင်း ဘယ်လိုထင်လဲ။ ဒီကိစ္စက ဒီလောက်ထိ ကြီးကျယ်နေတာ၊ စီးပွားရေးလောက၊ လုပ်ငန်းခွင်လောက တစ်ခုလုံး နီးပါး သိနေတာ၊ ယွီအာ မသိဘဲနေမလား"
လီယွမ်ဟန် ကြားလိုက်ရတော့ စိတ်ပူသွားပြီး မေးလိုက်သည်။ "ဒါဆို ဘယ်လိုလုပ်မလဲ။ သူ မင်းနဲ့ ဝမ်ကျင်းကျင်းကြားမှာ တစ်ခုခုရှိတယ်လို့ တကယ်ယုံသွားမှာလား"
ကုန်းထျန်းဟောက်က လီယွမ်ဟန်ကို မျက်ဖြူလှန်ပြလိုက်ပြန်ပြီး ရယ်မောကာ ပြောလိုက်သည်။ "ဟဟ... ဝမ်ကျင်းကျင်း အတု ငါတို့ရှေ့ ပေါ်လာကတည်းက ငါ ယွီအာကို အကုန် ဖွင့်ပြောပြပြီးသား။ ငါနဲ့ ဝမ်ကျင်းကျင်း ကြားမှာ ဘာမှမရှိဘူး ဆိုတာကိုလေ"
လီယွမ်ဟန် ကြောင်အသွားပြီး မေးလိုက်သည်။ "ဟာ... ဒါဆို လင်းယွီက ဒီအတိုင်း ယုံလိုက်တာလား"
ဇနီးမောင်နှံတွေကြားမှာ ဒီလောက် လွယ်လွယ်ကူကူ ယုံကြည်ကြတာလား။ ရည်းစားမထားဖူး၊ လက်မထပ်ဖူးတဲ့ လီယွမ်ဟန်ကတော့ သံသယဖြစ်နေမိတယ်။
"ဟဟ... ဒါဆို မင်း ဘယ်လိုထင်လဲ" ကုန်းထျန်းဟောက်က အေးဆေးစွာ ပြန်မေးလိုက်သည်။ "ဇနီးမောင်နှံတွေ ကြားမှာ ဒီလောက် ယုံကြည်မှုလေးတောင်မရှိရင် ဘာဇနီးမောင်နှံလို့ ပြောစရာ လိုတော့မလဲ"
ဤနေရာသို့ ရောက်သောအခါ ကုန်းထျန်းဟောက် ရုတ်တရက် တစ်ခုခုကို သတိရသွားပြီး စူးရှသော မျက်လုံးများဖြင့် လီယွမ်ဟန်ကို စိုက်ကြည့်ကာ ပြောလိုက်သည်။ "ယွမ်ဟန်... မင်း အသက်မငယ်တော့ဘူး၊ လက်ထပ်ပြီး ကလေးယူသင့်ပြီ"
လီယွမ်ဟန်ဆိုတဲ့ လက်အောက်ငယ်သား၊ သူငယ်ချင်းကောင်းအတွက်တော့ ကုန်းထျန်းဟောက်က ဂရုစိုက်ပါတယ်။
လီယွမ်ဟန် ပခုံးတွန့်လိုက်ပြီး ပြောလိုက်သည်။ "ငါကတော့ လူပျိုကြီးလုပ်တာ ပိုလွတ်လပ်တယ်လို့ ထင်တယ်"
"ဒါပေမဲ့ မင်း တစ်သက်လုံး လူပျိုကြီး လုပ်လို့ မရဘူးလေ" ကုန်းထျန်းဟောက် ပြောစရာမရှိသလို ပြောလိုက်သည်။ "မင်း ငါ့သား ထုန်ထုန်နဲ့ ရှောင်လင်ကို မတွေးမိဘူးလား။ သူတို့လို ချစ်စရာကောင်းပြီး ဉာဏ်ကောင်းတဲ့ ကလေးလေးတွေ မလိုချင်ဘူးလား"
ကုန်းထျန်းဟောက် ဒီလိုပြောလိုက်တော့ လီယွမ်ဟန်က ထုန်ထုန်နဲ့ ရှောင်လင်၊ ချစ်စရာကောင်း၊ လှပပြီး ဉာဏ်ကောင်းတဲ့ ကလေးလေးတွေကို တွေးမိပြီး စိတ်လှုပ်ရှားသွားတယ်။
ဒီလို ကလေးမျိုး ပိုင်ဆိုင်ရရင် မဆိုးပါဘူး။
လီယွမ်ဟန် ပခုံးတွန့်လိုက်ပြီး ပြောလိုက်သည်။ "ငါလည်း ထုန်ထုန်လို ကလေးမျိုး လိုချင်ပေမဲ့ လက်ထပ်တဲ့ကိစ္စကတော့ ကံတရားအတိုင်းပဲ ကောင်းမယ် ထင်တယ်။ ငါ့ဖူးစာဖက် ရောက်လာရင် ငါ လက်ထပ်ဖြစ်မှာပါ"
ကုန်းထျန်းဟောက် ကြားလိုက်ရတော့ ခေါင်းခါပြီး ရယ်မောကာ ပြောလိုက်သည်။ "ဒါဆို မင်းရဲ့ ဖူးစာဖက်ရောက်လာရင် မင်း ထွက်မပြေးမိဖို့ ငါ မျှော်လင့်ပါတယ်"
လက်ထပ်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ကုန်းထျန်းဟောက် လီယွမ်ဟန်ကို အကြိမ်ကြိမ် ပြောဖူးတယ်။
ဒါပေမဲ့ ဖူးစာ မပါသေးလို့ ထင်တယ်၊ ကုန်းထျန်းဟောက် ဘယ်လိုပဲပြောပြော လီယွမ်ဟန်က ကံတရားအတိုင်းပဲလို့ ပြောနေတယ်။
လီယွမ်ဟန်က ကုန်းထျန်းဟောက် စကားကို အရေးမလုပ်ပါဘူး။
ထို့နောက် ကုန်းထျန်းဟောက် မျက်မှောင် အနည်းငယ် ကြုတ်လိုက်ပြီး ခဏ စဉ်းစားကာ လီယွမ်ဟန်ကို အလွန်လေးနက်စွာ ပြောလိုက်သည်။ "သာမန် မီဒီယာလေးတစ်ခုက ငါနဲ့ ယွီအာအကြောင်း သတင်းရေးရဲတယ်၊ အဖြူအမည်း ပြောင်းပြန်လှန်ပြီး အမှားအမှန် မခွဲခြားဘဲ ရေးရဲတယ်၊ အထူးသဖြင့် အောက်က မှတ်ချက်ရေးတဲ့သူ တချို့က သူငယ်ချင်း အယောင်ဆောင်ပြီး ရေးနေတာ သိသိသာသာ ရေတပ်တွေ (ငှားရမ်းထားသူတွေ) လှုပ်ရှားနေတာပဲ။
ဒီထဲမှာ မရိုးသားတာ တစ်ခုခုရှိနေမှာ သေချာတယ်။ မင်း စဉ်းစားကြည့်၊ နိုင်ငံခြားကနေ အခုမှ ပြန်ရောက်လာတဲ့ လင်ဒါနဲ့ အမောင်းထုတ်ခံလိုက်ရတဲ့ ဟွမ်လင်းအုပ်စုက ဒီကိစ္စကို ဒီလောက်ထိ ကြီးကျယ်အောင် လုပ်နိုင်ပါ့မလား။
အရေးအကြီးဆုံးက ဒီလူတွေရဲ့ ရည်ရွယ်ချက်က ငါ့ယွီအာကို အသရေဖျက်ချင်တာတင် မကဘူး၊ ဒီကိစ္စကို အကြောင်းပြုပြီး ငါနဲ့ ယွီအာကြားက ယုံကြည်မှုကို သွေးခွဲချင်နေပုံ ရတယ်။ တကယ်လို့ ငါနဲ့ ယွီအာကြားက ယုံကြည်မှု အထစ်အငေ့ါဖြစ်လာရင် သူတို့ ရည်ရွယ်ချက် အောင်မြင်သွားပြီ။
မင်း ယုံလား၊ ဒီကိစ္စက တစ်ခုပြီးရင် နောက်တစ်ခု လာလိမ့်မယ်။ အဲဒီကျရင် ငါ့မိန်းမ ခေါင်းပေါ်ကို ရေပုပ်ရေစပ်တွေ ပိုလောင်းချလာလိမ့်မယ်၊ ပြီးတော့ တချို့လူတွေက ဒီကိစ္စက ငါ နောက်ကွယ်က ကြိုးကိုင်နေတာ၊ ဝမ်ကျင်းကျင်း ဆိုတဲ့ မိန်းမနဲ့ သံယောဇဉ်ဟောင်း ပြန်ဆက်ချင်လို့၊ ပြီးတော့ ယွီအာကို ကန်ထုတ်ပြီး ကွာရှင်းဖို့ တရားဝင်အကြောင်းပြချက် လိုချင်လို့ ဆိုပြီး သံသယ ဝင်လာကြလိမ့်မယ်"
လီယွမ်ဟန်က ကုန်းထျန်းဟောက် ပြောတာ ကြားတော့ မျက်နှာ ပျက်သွားပြီး အံ့သြစွာ မေးလိုက်သည်။ "ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
ကုန်းထျန်းဟောက် နှုတ်ခမ်းထောင့် စွန်းတက်ကာ အေးစက်စွာ ရယ်မောပြီး ပြောလိုက်သည်။ "မဖြစ်နိုင်စရာ ဘာရှိလဲ။ မင်းလည်း သိတာပဲ၊ ဝမ်ကျင်းကျင်း ဆိုတဲ့ မိန်းမက ရည်မှန်းချက်ကြီးတယ်၊ ရည်မှန်းချက် အောင်မြင်ဖို့ ဘာမဆို လုပ်ရဲတယ်။ အရေးအကြီးဆုံးက သူလုပ်မယ့်ကိစ္စတွေကို သေချာပေါက် အောင်မြင်မယ်လို့ ယုံကြည်ချက် ရှိနေပုံရတယ်။
မြို့တော်မှာ မပြောနဲ့၊ ဟွာရှ တစ်နိုင်ငံလုံးမှာ ငါ့အရှိန်အဝါက ကြီးမားတယ်။ ဝမ်ကျင်းကျင်း ဘယ်လောက်ပဲ အရည်အချင်း ရှိရှိ ငါနဲ့ ယှဉ်ရင် ကြက်ဥနဲ့ ကျောက်တုံးကို ပေါက်သလိုပဲ။ ဒါကြောင့် သူက ဒီလောက် အ,မှာလဲလို့ မင်း ထင်လား"
ကုန်းထျန်းဟောက် ဒီလိုပြောလိုက်တော့ လီယွမ်ဟန် မျက်မှောင်ကြုတ်ပြီး သံသယ ဖြစ်သွားတယ်။ သူ မေးလိုက်သည်။ "မင်း သံသယဖြစ်နေတာက ဒီကိစ္စ နောက်ကွယ်မှာ အင်အားကြီးတဲ့ အဖွဲ့အစည်း တစ်ခု ရှိနေတယ်ဆိုတဲ့ သဘောလား"
"သံသယဖြစ်တာ မဟုတ်ဘူး၊ သေချာတာ" ကုန်းထျန်းဟောက် အတည်ပြု ပြောလိုက်သည်။ "မင်း သတိမထားမိဘူးလား၊ ဒီကိစ္စမှာ ပျံ့နှံ့မှု အရှိန်အဟုန်က အရမ်း မြန်လွန်းတယ်ဆိုတာ။ ဟွာရှ တစ်နိုင်ငံလုံးမှာ ဘယ်မီဒီယာမဆို ငါ ကုန်းထျန်းဟောက်ကို ပြစ်မှားမိမှာ စိုးရိမ်ပြီး မဟုတ်မမှန် လုပ်ကြံဖန်တီးထားတဲ့ သတင်းတွေကို ရေးရဲမှာ မဟုတ်ဘူး"
လီယွမ်ဟန် မျက်မှောင်ကြုတ်ပြီး သံသယဖြင့် မေးလိုက်သည်။ "မင်း ပြောတာ အဓိပ္ပာယ်ရှိတယ်။ ဒါပေမဲ့ ဒီနောက်ကွယ်က အင်အားစုက ဘယ်သူလဲ"
ကုန်းထျန်းဟောက်က ပြောသည်။ "ဒါကြောင့် ဒါက မင်း သွားစုံစမ်းရမယ့် ကိစ္စပဲ"
လီယွမ်ဟန် ချက်ချင်း ခေါင်းညိတ်လိုက်သည်။ "ကောင်းပြီ... ငါ နားလည်ပါပြီ ထျန်းဟောက်"
…..
လီယွမ်ဟန် ထွက်သွားပြီးနောက် ကုန်းထျန်းဟောက် မျက်နှာထား လုံးဝ မည်းမှောင်သွားသည်။
ဝမ်ကျင်းကျင်းဆိုတဲ့ မိန်းမက ဒီလောက် သတ္တိကောင်းပြီး ယုတ်မာမယ်လို့ သူ လုံးဝ ထင်မှတ်မထားခဲ့ဘူး။ သူတို့ ဇနီးမောင်နှံကို ခွဲချင်တာ၊ ရေပုပ်ရေစပ်တွေကို သူ့ယွီအာ ခေါင်းပေါ် လောင်းချချင်တာ။
ဟွန့်... သူက သူမကို ညှာတာနေမယ်လို့ သူမ ထင်နေတာလား။
အဲဒီတုန်းက သူ ဝမ်ကျင်းကျင်းနဲ့ တွဲခဲ့တာ သူမကို ချစ်လို့၊ မြတ်နိုးလို့ မဟုတ်ဘူး။
သူမက သူ့မှတ်ဉာဏ်ထဲက အမေနဲ့ ၃ ပုံလောက် တူနေလို့ပါ။ ၃ နှစ်သား အရွယ်မှာ မိဘနှစ်ပါး ဆုံးပါးသွားခဲ့ရတာ၊ မိဘတွေအပေါ်မှာ သူ အမြဲတမ်း တမ်းတမှု ရှိခဲ့တယ်၊ အိမ်ဆိုတာကို လေးစားမြတ်နိုးပြီး ပျော်ရွှင်ခဲ့တယ်၊ တစ်နေ့ကျရင် မိဘတွေ ခရီးဝေးသွားရာကနေ ပြန်လာကြလိမ့်မယ်လို့တောင် စိတ်ကူးယဉ်ခဲ့ဖူးတယ်။
ဒါပေမဲ့ သူ အသိဉာဏ် ဝင်လာတဲ့အထိ၊ ၁၈ နှစ် ပြည့်တဲ့အထိ မိဘတွေ သူ့ရှေ့ ပေါ်မလာခဲ့ကြဘူး၊ အဲဒီအချိန်ကျမှ မိဘတွေ သူ့ကို ထားခဲ့ပြီး တကယ် ထွက်ခွာသွားကြပြီဆိုတာ နက်နက်ရှိုင်းရှိုင်း နားလည်လိုက်ရတယ်။
မိဘတွေ သူ့ဘဝထဲမှာ တကယ် မရှိတော့ဘူး ဆိုတဲ့ အမှန်တရားကို လက်ခံရတော့မယ့် အချိန်မှာပဲ မိန်းကလေးတစ်ယောက် သူ့ဘဝထဲ ဝင်ရောက်လာခဲ့တယ်။
အဲဒါကတော့ ဝမ်ကျင်းကျင်းပါပဲ။
ဝမ်ကျင်းကျင်းကို ပထမဆုံး မြင်တွေ့လိုက်ရချိန်မှာ သူ အိမ်ပြန်ပြီး မိဘတွေရဲ့ ဓာတ်ပုံကို ထုတ်ကြည့်လိုက်တယ်။ ဓာတ်ပုံထဲက အမေကိုကြည့်ပြီး ကျောင်းမှာ တွေ့ခဲ့တဲ့ မိန်းကလေးရဲ့ ရုပ်ရည်ကို စိတ်ကူးကြည့်လိုက်တော့ အမေက သူ့ကို စိတ်မချလို့ တခြားလူတစ်ယောက်အနေနဲ့ သူ့ဘဝထဲ ဝင်ရောက်လာတာဖြစ်မယ်လို့ ချက်ချင်း ထင်မှတ်လိုက်တယ်။
နောက်ပိုင်း ရက်တွေမှာ သူ ဝမ်ကျင်းကျင်းကို စတင် ချဉ်းကပ်ခဲ့တယ်။
သူ တက္ကသိုလ်တက်တုန်းက ဆင်းရဲသားတစ်ယောက်အနေနဲ့ တက်ခဲ့တာ။ သူ ဝမ်ကျင်းကျင်းကို ချဉ်းကပ်တဲ့ အချိန်မှာလည်း ဒီအဆင့်အတန်းနဲ့ပဲ ချဉ်းကပ်ခဲ့တာ။
ဝမ်ကျင်းကျင်းကတော့ ချမ်းသာကြွယ်ဝတဲ့ သူဌေးသမီး မဟုတ်ပေမဲ့ ဝေးလံခေါင်သီတဲ့ မြို့နယ်လေး တစ်ခုက လူလတ်တန်းစား မိသားစုက ကလေးတစ်ယောက်ပါပဲ။
ကုန်းထျန်းဟောက်နဲ့ ယှဉ်ရင် သူမရဲ့ မိသားစုအခြေအနေက အများကြီး သာလွန်တယ်။
ကုန်းထျန်းဟောက်က အေးစက်တည်ငြိမ်ပြီး ထူးခြားတဲ့ အရှိန်အဝါ ရှိတယ်၊ အထူးသဖြင့် အရပ်ရှည်ပြီး ရုပ်ရည်ချောမောလို့ ကျောင်းက မိန်းကလေးတွေကြားမှာ ရေပန်းစားတယ်၊ သူ့ကို ရေခဲမင်းသား လို့ ခေါ်ကြတယ်။
ကုန်းထျန်းဟောက် ဆင်းရဲပေမဲ့ သူ့ရုပ်ရည်နဲ့ အရှိန်အဝါက ကျောင်းက မိန်းကလေးတွေကို ဆွဲဆောင်နိုင်တယ်၊ သူ့ကို လိုက်ပိုးတဲ့ မိန်းကလေးတွေ အများကြီးရှိတယ်၊ အဲဒီထဲမှာ အစစ်အမှန် သူဌေးသမီးတွေ၊ မိသားစု ပြည့်စုံတဲ့ အလှလေးတွေ၊ သာမန် မိသားစုက မိန်းကလေးတွေ ပါဝင်တယ်။
ဒါပေမဲ့ ကုန်းထျန်းဟောက်က တစ်ယောက်ချင်းစီ ငြင်းပယ်ခဲ့တယ်၊ ရက်ရက်စက်စက် ငြင်းပယ်ခဲ့လို့ ဒီမိန်းကလေးတွေက ချစ်သလိုလို မုန်းသလိုလို ဖြစ်ကုန်ကြတယ်။
ဒါပေမဲ့ တစ်နေ့ကျတော့ ကုန်းထျန်းဟောက်က မိန်းကလေး တစ်ယောက်ကို စတင်လိုက်ပိုးပန်းလာတော့ ကျောင်းတစ်ကျောင်းလုံး တုန်လှုပ်သွားတယ်။
ဒီမိန်းကလေးက သာမန် မိန်းကလေးတွေထက် လှပပြီး ဌာနအလှမယ် လို့ ခေါ်ကြတယ်၊ အရည်အချင်းလည်း ရှိတယ်၊ ကျောင်းသားများ သမဂ္ဂ ဒုဥက္ကဌ လုပ်နေတာ၊ ဒါပေမဲ့ မိသားစု အခြေအနေကတော့ ကုန်းထျန်းဟောက် ငြင်းပယ်လိုက်တဲ့ သူဌေးသမီးတွေနဲ့ ယှဉ်ရင် အများကြီး ကွာခြားနေတယ်။
ဒါပေမဲ့ ကုန်းထျန်းဟောက်က သူမကို ရွေးချယ်ပြီး လိုက်ပိုးခဲ့တယ်။
အစပိုင်းမှာ ဝမ်ကျင်းကျင်းက ကုန်းထျန်းဟောက် သူမကို ချဉ်းကပ်ပြီး လိုက်ပိုးဖို့ ကြိုးစားနေတာ သိလိုက်ရတော့ မာန်တက်တဲ့ စိတ်ကြောင့် ရင်ထဲမှာ ပျော်ရွှင်ခဲ့တယ်။
ဒါပေမဲ့ ကုန်းထျန်းဟောက်ရဲ့ အရှိန်အဝါနဲ့ ရုပ်ရည်က သူမရဲ့ စိတ်ကူးထဲက မင်းသားလေး ပုံစံနဲ့ ကိုက်ညီပေမဲ့ ဆင်းရဲသား ကောင်လေး ဖြစ်နေတော့ သူမ ရည်းစားရွေးချယ်မှု စံနှုန်းနဲ့ မကိုက်ညီဘူး။
သူမ လိုချင်တဲ့ ရည်းစားက အရပ်ရှည်၊ ချမ်းသာ၊ ချောမောတဲ့ သူမျိုးလေ။
ဒါကြောင့် ဝမ်ကျင်းကျင်းက ချိန်ဆပြီးနောက် ကုန်းထျန်းဟောက်ရဲ့ လိုက်ပိုးမှုကို ငြင်းပယ်လိုက်တယ်။
***
စိုက်ပျိုးရေးနေရာလွတ်က ငါ့ကိုချမ်းသာလာစေတယ်
အခန်း ၉၈၀ ။ အရင်တုန်းက ချစ်သူ ဆိုတာကို ပြန်ပြောင်းသတိရခြင်း
"လူတိုင်းက ကိုယ် ဝမ်ကျင်းကျင်းကို ကြိုက်လို့ လိုက်ပိုးတယ် ထင်နေကြတာ" ကုန်းထျန်းဟောက် ဖုန်းကိုင်ပြီး ရှောင်လင်းယွီကို ပြောပြနေသည်။ "ဒါပေမဲ့ ဘယ်သူမှ မသိကြဘူး၊ ကိုယ် ဝမ်ကျင်းကျင်းကို ချဉ်းကပ်တာက သူမဆီမှာ အမေ့ရဲ့ အရိပ်အယောင်ကို ရှာချင်လို့ပါ ဆိုတာကို။ ဒါပေမဲ့ ကိုယ် မရှင်းပြခဲ့ပါဘူး၊ သူတို့ ထင်ချင်သလို ထင်ကြပါစေတော့"
ကုန်းထျန်းဟောက် အဲဒီတုန်းက ဆင်းရဲသား ကောင်လေးတစ်ယောက်အနေနဲ့ ဝမ်ကျင်းကျင်းကို ချဉ်းကပ်ခဲ့တာ၊ ဝမ်ကျင်းကျင်းက မာန်တက်တဲ့ စိတ်ကြောင့် ဝမ်းသာအားရ ဖြစ်ခဲ့တယ်။
ကုန်းထျန်းဟောက်က သူမ စိတ်ကူးထဲက အကောင်းဆုံး ရည်းစား ရွေးချယ်မှု မဟုတ်ပေမဲ့ ကုန်းထျန်းဟောက်ရဲ့ မျက်နှာလိုမျက်နှာရလုပ်မှုနဲ့ ပေးတဲ့ လက်ဆောင်တွေကို သူမ မငြင်းပယ်ခဲ့ဘူး၊ တစ်ချိန်တည်းမှာပဲ တခြား အမျိုးသား အတန်းဖော်တွေနဲ့လည်း ဇာတ်လမ်းရှုပ်နေခဲ့တယ်။
ကုန်းထျန်းဟောက် ဂရုမစိုက်ပါဘူး၊ လက်ဆောင်တွေကို ပုံမှန် ပေးနေခဲ့တယ်၊ ဈေးကြီးတဲ့ လက်ဆောင်တွေ မပေးနိုင်ပေမဲ့ လူတွေအမြင်မှာတော့ လိုက်ပိုးတယ်ဆိုတဲ့ အဓိပ္ပာယ်က သိသာနေတယ်။ ဘာပဲပြောပြော ကုန်းထျန်းဟောက်ရဲ့ လက်ရှိ အခြေအနေနဲ့ဆိုရင် သူ ဘာဈေးကြီးတဲ့ လက်ဆောင် ပေးနိုင်မှာလဲ၊ ကိုယ့်ကိုယ်ကိုယ် ရောင်းလိုက်ရင်တော့ တစ်မျိုးပေါ့။
ကုန်းထျန်းဟောက် ဝမ်ကျင်းကျင်းကို လိုက်ပိုးတဲ့ အဓိပ္ပာယ်က ဒီလောက် သိသာနေပြီ၊ ဒါပေမဲ့ ကာယကံရှင် ဖြစ်တဲ့ သူမကတော့ သိသိသာသာ ဟန်ဆောင်နေတယ်။
ကျောင်းက မိန်းကလေးတွေ အားကျမနာလို ဖြစ်နေတဲ့ ကြားထဲမှာပဲ ကုန်းထျန်းဟောက်ရဲ့ လက်ဆောင်တွေကို ယူပြီး တခြား အမျိုးသား အတန်းဖော်တွေနဲ့ ဇာတ်လမ်းရှုပ်နေတယ်။
အတန်းဖော် အများကြီးက ဝမ်ကျင်းကျင်းရဲ့ လုပ်ရပ်ကို ကြည့်မရ ဖြစ်နေကြတယ်၊ ကျောင်းက မင်းသားအေးက ဘာလို့ ဒီလို မိန်းကလေးမျိုးကို ကြိုက်ရတာလဲ ဆိုတာ နားမလည်နိုင် ဖြစ်နေကြတယ်။
မိန်းကလေး တချို့က မနာလို ဖြစ်လာတယ်၊ ဒါပေမဲ့ ဝမ်ကျင်းကျင်းရဲ့ လုပ်ရပ်ကို ပိုကြည့်မရ ဖြစ်လာတော့ သင်ခန်းစာ ပေးဖို့ ဆုံးဖြတ်လိုက်ကြတယ်။
သူတို့က လူကို မိန်းကလေး အိမ်သာထဲ တိုက်ရိုက် ပိတ်လှောင်ထားလိုက်တယ်၊ ပြီးတော့ သူမကိုယ်ပေါ် ရေတစ်ပုံးလောင်းချလိုက်တယ်၊ ဝမ်ကျင်းကျင်းက ရေစိုစိုနဲ့ မိန်းကလေး အိမ်သာထဲမှာ ၁ နာရီ၊ ၂ နာရီလောက် ပိတ်လှောင်ခံထားရတယ်။
အဲဒီနေ့က ကုန်းထျန်းဟောက် ဝမ်ကျင်းကျင်းကို ရှာမတွေ့ဘဲ မိန်းကလေး တစ်ယောက်ဆီကနေ မတော်တဆ သိလိုက်ရတယ်၊ မိန်းကလေး အိမ်သာထဲမှာ မိန်းကလေး တစ်ယောက် ပိတ်လှောင်ခံထားရတယ်တဲ့။ အဲဒီ သူဌေးသမီးတွေကို ပြစ်မှားမိမှာ စိုးလို့ လူကို တိုက်ရိုက် မလွှတ်ပေးရဲကြဘူးတဲ့။
ကုန်းထျန်းဟောက် သိလိုက်ရတော့ သူတို့ ပြောတဲ့ ပိတ်လှောင်ခံထားရတဲ့ မိန်းကလေးက ဝမ်ကျင်းကျင်း ဖြစ်ဖို့များတယ်လို့ ခံစားလိုက်ရတယ်။ ဒါနဲ့ စကားတစ်ခွန်းမှ မပြောဘဲ မိန်းကလေး အိမ်သာဘက် တန်းပြေးသွားတယ်၊ သော့ခတ်ထားတဲ့ အိမ်သာတံခါးကို ကန်ဖွင့်လိုက်တော့ တစ်ကိုယ်လုံး ရေစိုရွှဲပြီး သနားစရာ ကောင်းလောက်အောင် ထောင့်မှာ ထိုင်ငိုနေတဲ့ ဝမ်ကျင်းကျင်းကို တွေ့လိုက်ရတယ်။
ကုန်းထျန်းဟောက် မျက်လုံးအိမ် ကျဉ်းမြောင်းသွားပြီး ကိုယ့်အပေါ်ထပ်အင်္ကျီ ချွတ်ကာ ဝမ်ကျင်းကျင်း ကိုယ်ပေါ် လွှမ်းပေးလိုက်တယ်။ လူအများကြီး ရှေ့မှာပဲ မင်းသမီးလေးလို ပွေ့ချီပြီး လူတိုင်း အံ့သြနေတဲ့ ကြားက ဝမ်ကျင်းကျင်းကို ပွေ့ချီကာ အမြန် ထွက်ခွာသွားပြီး ဝမ်ကျင်းကျင်းရဲ့အဆောင်ကို ပြန်ပို့ပေးလိုက်တယ်။
သူမကို ကုလားထိုင်ပေါ် တင်ပေးလိုက်ပြီး ရေနွေးတစ်ခွက် ငှဲ့ပေးကာ ကမ်းပေးရင်း တိုးတိုးလေး ပြောလိုက်သည်။ "မင်း ရေနွေး နည်းနည်း သောက်လိုက်၊ ခဏနေ ရေသွားချိုးလိုက်နော်၊ ငါ အပြင်ခဏ ထွက်ပြီး ပြန်လာခဲ့မယ်"
ကုန်းထျန်းဟောက် လှည့်ထွက်ဖို့ ပြင်လိုက်စဉ် သူ့အင်္ကျီစကို တစ်ယောက်ယောက် ဆွဲထားတာ ခံစားလိုက်ရတယ်၊ လှည့်ကြည့်လိုက်တော့ ဝမ်ကျင်းကျင်းရဲ့ သမင်ငယ်လေးလို ထိတ်လန့်နေတဲ့ မျက်လုံးတွေနဲ့ ဆုံလိုက်ရတယ်၊ သူမက သူ့ကို ဆွဲထားပြီး ကြောက်ရွံ့စွာ မေးလိုက်သည်။ "နင်... နင် ဘယ်သွားမလို့လဲ"
"ငါ အပြင်ခဏ ထွက်ပြီး ကိစ္စလေး တစ်ခု သွားရှင်းမလို့" ကုန်းထျန်းဟောက်က ပြောလိုက်သည်။
"နင်... နင် မသွားပါနဲ့လား။ ငါ... ငါ ကြောက်တယ်" ဝမ်ကျင်းကျင်းက ထိတ်လန့်စွာ ပြောလိုက်သည်။
သူမက ကျောင်းတွင်း အနိုင်ကျင့်မှု ဆိုတာတွေကို မကြာခဏ ကြားဖူးပေမဲ့ စိတ်ထဲမှာတော့ အထင်သေးခဲ့တာ။
အားနည်းတဲ့ သူတွေမှ အနိုင်ကျင့်ခံရတာလို့ ထင်ခဲ့တာ။
ဒါပေမဲ့ တစ်နေ့ကျတော့ ကိုယ်တိုင် ကျောင်းတွင်း အနိုင်ကျင့်မှုနဲ့ ကြုံရပြီး မိန်းကလေး အိမ်သာထဲ ၁ နာရီ၊ ၂ နာရီလောက် ပိတ်လှောင်ခံရတယ်၊ ကောင်းကင်ကို တိုင်တည်လို့မရ၊ မြေကြီးကို တိုင်တည်လို့မရ ဖြစ်နေတဲ့ အချိန်မှာ ရင်ထဲမှာ တကယ် ကြောက်လန့်ခဲ့တာ။
အဲဒီအချိန်မှာပဲ ကုန်းထျန်းဟောက်က သူရဲကောင်းကြီးလို မိန်းကလေး အိမ်သာထဲ တိုးဝင်လာပြီး သူမကို ကယ်ထုတ်သွားတော့ ကုန်းထျန်းဟောက်က သူမရဲ့ မင်းသားလေး ဖြစ်လာတယ်၊ သူမရဲ့ သူရဲကောင်း ဖြစ်လာတယ်။
ကုန်းထျန်းဟောက်က သူမရဲ့ လန့်ဖျပ်နေတဲ့ ပုံစံကို ကြည့်ပြီး မာကျောတဲ့ စိတ်နှလုံးက ပျော့ပြောင်းသွားတယ်။
သူမရဲ့ ဒီပုံစံကို မြင်လိုက်ရတော့ သူ့အမေ ကြောက်လန့်နေတဲ့ ပုံစံကို မြင်ယောင်လာမိတယ်။
သူ တိုးတိုးလေး ပြောလိုက်မိသည်။ "မကြောက်ပါနဲ့၊ ငါ ဒီမှာ ရှိတယ်လေ။ မင်း အရင် ရေနွေး သွားချိုးလိုက်ပါ၊ အအေးမိမှာ စိုးလို့၊ ငါ တံခါးဝမှာ စောင့်နေမယ်"
ကုန်းထျန်းဟောက်ရဲ့ နှစ်သိမ့်မှုအောက်မှာ ဝမ်ကျင်းကျင်း သိပ်မကြောက်တော့ဘူး။
ဒါပေမဲ့ သူမ ရေချိုးခန်း မဝင်ခင်မှာ ထပ်ခါတလဲလဲ ပြောနေသေးတယ်။ "နင် မသွားနဲ့နော်၊ နင် မသွားနဲ့နော်၊ ငါ ကြောက်တယ်"
ကုန်းထျန်းဟောက် ခေါင်းညိတ်လိုက်သည်။ "အင်း... ငါ မသွားပါဘူး၊ ငါ အပြင်မှာ စောင့်နေမယ်"
ဝမ်ကျင်းကျင်း ရေချိုးခန်း ဝင်သွားတာနဲ့ ကုန်းထျန်းဟောက် မျက်နှာ ချက်ချင်း မည်းမှောင်သွားတယ်။ သူက နောက်က လိုက်ကြည့်နေတဲ့ လူတွေကို ကြည့်လိုက်တယ်။ ဒီလူတွေက တရားခံ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ အေးစက်တဲ့ မျက်နှာထားမှာ ဒေါသ အရိပ်အယောင်တွေ ပါဝင်နေပြီး အေးစက်စွာ ပြောလိုက်သည်။ "ဝမ်ကျင်းကျင်းကို ဘယ်သူက ဒီလို သင်ခန်းစာပေးတာလဲ၊ ဒီလို မိန်းကလေးတစ်ယောက်ကို အိမ်သာထဲ ၂ နာရီလောက် ပိတ်လှောင်ထားတာ ဘယ်သူလဲ၊ ထွက်လာပြီး သူ့ကို တောင်းပန်ဖို့ ငါ မျှော်လင့်တယ်၊ မဟုတ်ရင် ငါ့ကို အားနာတယ်လို့ မပြောနဲ့"
နောက်က လိုက်ကြည့်နေတဲ့ ကျောင်းသားတွေထဲမှာ သင်ခန်းစာပေးတဲ့ အဖွဲ့ထဲက တစ်ယောက် ပါဝင်နေတယ်။
သူမ ကုန်းထျန်းဟောက်ရဲ့ အေးစက်မည်းမှောင်နေတဲ့ မျက်နှာထားကို ကြည့်ပြီး ရင်ထဲမှာ "ဒိန်း" ခနဲ ဖြစ်သွားကာ မကောင်းတဲ့ ခံစားချက်တစ်ခု ဖြစ်ပေါ်လာတယ်။
ကုန်းထျန်းဟောက်က ပုံမှန်ဆို ဘာကိစ္စကိုမှ ဂရုမစိုက်သလို၊ အေးစက်တယ် ဆိုပေမဲ့ သူ ဂရုစိုက်တဲ့ ကိစ္စ၊ ဂရုစိုက်တဲ့ လူ ရှိလာရင် သူ့မှာ လုပ်ရည်ကိုင်ရည်နဲ့ ကာကွယ်ပေးနိုင်စွမ်း ရှိတယ် ဆိုတာ လူတိုင်း သိကြတယ်။
ကုန်းထျန်းဟောက်ရဲ့ စူးရှတဲ့ မျက်လုံးတွေက ဒီကျောင်းသားတွေကို ဝေ့ကြည့်လိုက်တယ်၊ ခဏကြာတော့ ကျောင်းသူ တစ်ယောက်ရဲ့ မျက်နှာပေါ်မှာ ခဏလောက် ရပ်တန့်သွားတယ်၊ ပြီးတော့ လက်ညှိုးထိုးပြီး အေးစက်စွာ ပြောလိုက်သည်။ "မင်း ထွက်ခဲ့"
ချက်ချင်းဆိုသလို ကျောင်းသားတွေ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ကုန်းထျန်းဟောက် ဘယ်သူ့ကို ညွှန်ပြနေလဲ ဆိုတာ မသိကြဘူး။
ကုန်းထျန်းဟောက်က အဲဒီကျောင်းသူကို ကြည့်ပြီး နောက်တစ်ခါ ထပ်မံ အေးစက်စွာ ပြောလိုက်သည်။ "ငါ နောက်တစ်ခေါက် ထပ်ပြောမယ်၊ ထွက်ခဲ့။ မဟုတ်ရင် ငါ ဆွဲထုတ်လိုက်မှ အပြစ်မတင်နဲ့"
လက်ညှိုးထိုးခံရတဲ့ ကျောင်းသူက တစ်ကိုယ်လုံး တုန်ယင်သွားတယ်၊ စိတ်ထဲမှာ ခဏလောက် ရုန်းကန်နေပြီးနောက် ထွက်လာရဲတဲ့ သတ္တိ မရှိဘူး။
ထို့နောက် ဘေးနားက ကျောင်းသားတွေ သတိမထားမိခင်မှာ ခိုးထွက်သွားဖို့ ကြိုးစားလိုက်တယ်။
ဒါပေမဲ့ သူမ မလှုပ်ရှားရသေးခင်မှာပဲ ကုန်းထျန်းဟောက်က ခြေလှမ်းကျဲကြီးနဲ့ သူမရှေ့ တန်းရောက်လာပြီး အေးစက်စွာ ပြောလိုက်သည်။ "ပြော... ဒီကိစ္စမှာ ပါဝင်တဲ့လူ ဘယ်သူတွေ ရှိသေးလဲ"
အဲဒီကျောင်းသူက ကုန်းထျန်းဟောက် ရှေ့ရောက်လာတာ မြင်တော့ မျက်နှာထား ပျာယာခတ်သွားပြီး မျက်လုံးထဲမှာ အပြစ်ရှိစိတ်တွေ ပေါ်လာကာ ခေါင်းခါလိုက်သည်။ "ငါ... ငါ... ငါ မသိပါဘူး"
ထို့နောက် သူမ ကိုယ့်ကိုယ်ကိုယ် တည်ငြိမ်အောင် အတင်း ကြိုးစားလိုက်ပြီး ကုန်းထျန်းဟောက်ကို သံသယ မျက်လုံးများဖြင့် ကြည့်ကာ ပြန်မေးလိုက်သည်။ "ကုန်း... နင်က ထူးဆန်းတယ်နော်။ ငါက ဘာဖြစ်လဲ ဆိုတာတောင် မသိဘူး၊ ဒီကိစ္စမှာလည်း မပါဝင်ဘူး၊ ဘယ်သူတွေ ပါဝင်လဲ ငါ ဘယ်လို သိမှာလဲ" စိတ်ထဲမှာတော့ ကိုယ့်ဉာဏ်ကောင်းမှုကို ချီးကျူးနေမိတယ်။
ကုန်းထျန်းဟောက်က သူမကို အေးစက်စူးရှစွာ စိုက်ကြည့်နေပြီး ပေါ့ပေါ့ပါးပါး ပြန်မေးလိုက်သည်။ "ဪ... ဟုတ်လား။ မပါဝင်ဘူးပေါ့"
အဲဒီကျောင်းသူက ကုန်းထျန်းဟောက်ရဲ့ အကြည့်ကို ရင်ဆိုင်ရတော့ တစ်ကိုယ်လုံး တုန်ယင်နေသလို ခံစားရတယ်၊ ဒီလို ကုန်းထျန်းဟောက်ကို သူမ ဘာလို့ ဒီလောက် ကြောက်နေမိလဲ မသိဘူး။
တကယ်တော့ ဒီလို ခံစားချက်မျိုး ရှိတာ ဒီကျောင်းသူ တစ်ယောက်တည်း မဟုတ်ပါဘူး၊ ဘေးနားက ကြည့်နေတဲ့ ကျောင်းသားတွေ အကုန်လုံး ကုန်းထျန်းဟောက်ဆီက ထွက်ပေါ်လာတဲ့ အေးစက်တဲ့ အငွေ့အသက်တွေကို ခံစားမိနေကြတယ်၊ အရမ်း အေးစက်တဲ့ ခံစားချက်မျိုးပါ။
သူတို့ နားမလည်တာက ကုန်းထျန်းဟောက်က ကျေးလက်က လာတဲ့ ဆင်းရဲသား ကောင်လေး တစ်ယောက်ပဲလေ၊ ဘာလို့ သူ့ဆီမှာ အေးစက်ပြီး အထက်စီးဆန်တဲ့ အရှိန်အဝါတွေ ရှိနေရတာလဲ။
အဲဒီကျောင်းသူက ဝန်မခံချင်တော့ ကုန်းထျန်းဟောက်လည်း ဒီလို အကြိမ်ကြိမ် မေးခွန်းထုတ်ရတာ စိတ်ပျက်လာတယ်။
သူ ကျောင်းသား တစ်ယောက်ကို တိုက်ရိုက် ခေါ်လိုက်ပြီး ပြောလိုက်သည်။ "သွား... ကျောင်းသားများ သမဂ္ဂ ဥက္ကဌ လီယွမ်ဟန်ကို သွားခေါ်လိုက်"
အခေါ်ခံရတဲ့ ကျောင်းသား အနည်းငယ် ကြောင်သွားတယ်၊ ရုတ်တရက်ကြီး ကုန်းထျန်းဟောက်က လီယွမ်ဟန်ကို ဘာလို့ သွားခေါ်ခိုင်းရတာလဲ။
ဪ မဟုတ်ဘူး... ဘာလို့ ကုန်းထျန်းဟောက်က ရုတ်တရက်ကြီး လီယွမ်ဟန်ကို သွားခေါ်ခိုင်းရတာလဲ။ လီယွမ်ဟန်နဲ့ သူ ဆက်ဆံရေး ကောင်းလို့လား။
ပြီးတော့ လီယွမ်ဟန်က ဘာလို့ ကုန်းထျန်းဟောက် စကားနားထောင်ပြီး ခေါ်တာနဲ့ လာရမှာလဲ။
ကျောင်းသား အများအပြား ဒီလို သံသယတွေ ရှိနေကြတယ်၊ ကုန်းထျန်းဟောက် နာမည်တပ် ခေါ်လိုက်တဲ့ ကျောင်းသားက စိတ်ထဲမှာ ခဏ တွန့်ဆုတ်ပြီးနောက် လီယွမ်ဟန်ကို သွားခေါ်ဖို့ လှည့်ထွက်သွားလိုက်တယ်။
ဒါပေမဲ့ သူ သိပ်ဝေးဝေး မရောက်သေးခင်မှာပဲ လီယွမ်ဟန်က သတင်းရပြီး ပြေးလာတယ်။
သူ ရောက်တာနဲ့ မေးလိုက်သည်။ "ထျန်းဟောက်... ငါ ဘာလုပ်ပေးရမလဲ" သူ မလာခင်ကတည်းက သတင်းရထားပုံရတယ်။
လီယွမ်ဟန် ဒီလိုမေးလိုက်တော့ ဘေးနားက ကျောင်းသားတွေ အံ့သြသွားကြတယ်။
ကျောင်းသားများ သမဂ္ဂ ဥက္ကဌ လီယွမ်ဟန်က ကုန်းထျန်းဟောက်နဲ့ ဆက်ဆံရေး ဒီလောက် ကောင်းတာလား။ ပြီးတော့ ဒီပုံစံကို ကြည့်ရတာ သူတို့ကြားမှာ အထက်လူကြီးနဲ့ လက်အောက်ငယ်သား ဆက်ဆံရေး ရှိနေသလိုပဲ၊ သိသာတာက ကုန်းထျန်းဟောက်က အထက်လူကြီးပဲ။
ကုန်းထျန်းဟောက်က စူးရှတဲ့ မျက်လုံးတွေနဲ့ သူ လက်ညှိုးထိုးပြထားတဲ့ ကျောင်းသူကို အေးစက်စွာ စိုက်ကြည့်ပြီး လေးနက်စွာ ပြောလိုက်သည်။ "မင်း သွားပြီး ကျောင်း မိန်းကလေးအိမ်သာ စင်္ကြံဘက်က စောင့်ကြည့်ကင်မရာတွေကို စစ်ဆေးကြည့်လိုက်၊ ဒီကိစ္စမှာ ပါဝင်နိုင်ချေ ရှိတဲ့သူတွေကို စုံစမ်းထုတ်လိုက်"
လီယွမ်ဟန်က သံသယ လုံးဝ မရှိဘဲ ခေါင်းညိတ် ပြောလိုက်သည်။ "ကောင်းပြီ... ပြဿနာ မရှိပါဘူး၊ ငါ ချက်ချင်း သွားလုပ်လိုက်မယ်"
ဘေးနားက ကျောင်းသားများ "..." လီယွမ်ဟန်... မင်း ဒီလောက် စကားနားထောင်ဖို့ လိုလို့လား။ မင်း ကိုယ့်အဆင့်အတန်းကို မေ့သွားပြီလား။ ကျောင်းသားများ သမဂ္ဂ ဥက္ကဌ၊ ကျောင်းသားများ သမဂ္ဂ ဥက္ကဌလေ။
ပြီးတော့ ကျောင်းသားများ သမဂ္ဂ ဥက္ကဌ လီယွမ်ဟန်က ဘယ်တုန်းက ဒီလောက် စကားပြောရ လွယ်သွားတာလဲ ဆိုတာ သူတို့ မသိလိုက်ကြဘူး။
လီယွမ်ဟန် ထွက်သွားပြီးနောက် ကုန်းထျန်းဟောက်က ဒီဘေးနားက ကျောင်းသားတွေကို အေးစက်စွာ ကြည့်လိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။ "ဒီပွဲကြည့်လို့ ပြီးပြီ ဆိုရင် မင်းတို့ ထွက်သွားသင့်ပြီ မဟုတ်လား"
"ဝေါ" ခနဲ လူတွေက လန့်ဖျပ်နေတဲ့ ငှက်တွေလို လျင်မြန်စွာ လူစုခွဲသွားကြတယ်။
ဝမ်ကျင်းကျင်းနဲ့ အတူနေတဲ့ အခန်းဖော် ကျောင်းသူ ၃ ယောက်ပဲ ကျန်ရစ်တယ်။
အဲဒီ ကျောင်းသူ ၃ ယောက်က ဒီလို ကုန်းထျန်းဟောက်ကို ရင်ဆိုင်ရတဲ့အခါ မျက်လုံးထဲမှာ ပြင်းပြတဲ့ အားကျမှုတွေ ပါဝင်သလို ကြောက်ရွံ့မှုတွေလည်း ပါဝင်နေတယ်။
သူတို့ ဒီနေ့မှ သိလိုက်ရတယ်၊ မင်းသားအေး ကုန်းထျန်းဟောက်က တကယ် ယောက်ျားပီသတာပဲ။
အလှလေးကို ကယ်တင်တာတင် မကဘူး၊ အရှိန်အဝါ တစ်မျိုးလည်း ရှိသေးတယ်။
ဒီအရှိန်အဝါက ဘယ်လို ပြောရမလဲ၊ ထက်မြက်ပြီး ခန့်ညားတဲ့ အထက်လူကြီး အရှိန်အဝါမျိုး၊ လူတွေကို ကြောက်ရွံ့ထိတ်လန့်စေတဲ့ အရှိန်အဝါမျိုး။
ကျောင်းသူ တစ်ယောက်က ကုန်းထျန်းဟောက်ကို စကားပြောဖို့ ကြိုးစားနေတုန်း ရေချိုးခန်း တံခါး ပွင့်သွားတယ်၊ အဝတ်အစား လဲထားတဲ့ ဝမ်ကျင်းကျင်း ထွက်လာပြီး ကုန်းထျန်းဟောက်ကို ဟိုဟိုဒီဒီ လိုက်ရှာနေတယ်။
"ကုန်းထျန်းဟောက်၊ ကုန်းထျန်းဟောက်..." သူမ အော်ခေါ်လိုက်သည်။
ကုန်းထျန်းဟောက် ချက်ချင်း ထူးလိုက်သည်။ "ငါ ဒီမှာ ရှိတယ်"
ထို့နောက် သူ ဝမ်ကျင်းကျင်းရဲ့ အမူအရာကို ကြည့်ပြီး ဂရုတစိုက် မေးလိုက်သည်။ "မင်း အခု သက်သာရဲ့လား"
ဝမ်ကျင်းကျင်းက တဘက်နဲ့ စိုစွတ်နေတဲ့ ဆံပင်ရှည်တွေကို သုတ်ရင်း ခေါင်းညိတ် ပြောလိုက်သည်။ "အင်း... ငါ အခု အများကြီး သက်သာသွားပါပြီ"
ဤနေရာသို့ ရောက်သောအခါ သူမ ခနရပ်လိုက်ပြီး အလွန် ကျေးဇူးတင်စွာ ပြောလိုက်သည်။ "ကုန်းထျန်းဟောက်... ဒီနေ့ တကယ် ကျေးဇူးတင်ပါတယ်။ နင်သာ မရှိရင် ငါ တစ်ယောက်တည်း အိမ်သာထဲမှာ ဘယ်လောက် ကြောက်နေမလဲ မသိဘူး"
ကုန်းထျန်းဟောက် ခေါင်းညိတ်လိုက်ပြီး သူမကို ပြောလိုက်သည်။ "အင်း... မင်း အခု ဘာမှ မဖြစ်တော့ရင် ပြီးတာပါပဲ။ ငါ ဖြေရှင်းစရာ ကိစ္စလေးရှိသေးတယ်၊ မင်း အရင် နားလိုက်ပါဦး"
ထို့နောက် သူ အခန်းဖော် ကျောင်းသူ ၃ ယောက်ကို ကြည့်ပြီး ပြောလိုက်သည်။ "ဝမ်ကျင်းကျင်းကို ဂရုစိုက်ပေးဖို့ ကျောင်းသူ ၃ ယောက်ကို ဒုက္ခပေးရတော့မယ်"
ကျောင်းသူ ၃ ယောက်က ချက်ချင်း ပြောလိုက်ကြသည်။ "ကိစ္စမရှိပါဘူး၊ ကိစ္စမရှိပါဘူး၊ ဒုက္ခမရောက်ပါဘူး။ စိတ်ချပါ... ငါတို့ ကျင်းကျင်းကို ကောင်းကောင်း ဂရုစိုက်ပေးပါ့မယ်"
***