← Chapters

အခန်း (၉၈၁-၉၈၂)

Vol. 60 Ch. 981-982

အခန်း (၉၈၁-၉၈၂)

Vol. 60 Ch. 981-982

အခန်း ၉၈၁ ။ ကျွန်မ သူ့ကို ယုံတယ်

"ဥက္ကဌရှောင်... မကောင်းတော့ဘူး"

ရှောင်လင်းယွီ ရုံးခန်းထဲတွင် အလုပ်လုပ်နေစဉ် ပြည်သူ့ဆက်ဆံရေး ဌာနမှ ရှောင်ရှင်းရှင်း ရုတ်တရက် ဝင်လာသည်။

ရှောင်လင်းယွီသည် စည်းကမ်း တင်းကျပ်သူတစ်ဦး ဖြစ်သည်။ ရုံးခန်းထဲ မဝင်မီ တံခါးခေါက်ရသည်။

ယခု ရှောင်ရှင်းရှင်းက တံခါးမခေါက်ဘဲ ရုတ်တရက် ဝင်လာသည်ဆိုတော့ တစ်ခုခု ဖြစ်နေပြီဟု သူမ ယူဆလိုက်သည်။

ရှောင်လင်းယွီသည် အလောတကြီး ဝင်လာသော ရှောင်ရှင်းရှင်းကို ကြည့်ပြီး မျက်မှောင် အနည်းငယ် ကြုတ်ကာ ပြောလိုက်သည်။ "ရှင်းရှင်း... ဘာလို့ ဒီလောက် ပြာပြာသလဲ ဖြစ်နေတာလဲ။ မိုးပြိုကျတော့မလို့လား။ မိုးပြိုကျရင်တောင် ထောက်ထားမယ့်သူ ရှိပါတယ်"

ရှောင်ရှင်းရှင်းသည် သူမ တံခါးမခေါက်ဘဲ ဝင်လာသည့်အတွက် ရှောင်လင်းယွီ မကျေမနပ် ဖြစ်နေသည်ကို သဘောပေါက်သွားသည်။ သူမ တကယ်ပဲ စိတ်လောသွားခဲ့သည်။

ရှောင်ရှင်းရှင်းက ပြောလိုက်သည်။ "ဥက္ကဌရှောင်... Baidu ရဲ့ အကျော်ကြားဆုံး သတင်းကို ကြည့်ပြီးပြီလား"

ရှောင်လင်းယွီက သံသယဖြင့် မေးလိုက်သည်။ "မကြည့်ရသေးဘူး၊ ဘာဖြစ်လို့လဲ"

ရှောင်ရှင်းရှင်း စိတ်မရှည်တော့ဘဲ ပြောလိုက်သည်။ "ဥက္ကဌရှောင်... အခုပဲ Baidu ရဲ့ အကျော်ကြားဆုံး သတင်းကို ဝင်ကြည့်လိုက်ပါ"

ဤနေရာသို့ ရောက်သောအခါ သူမ ခါးထောက်ပြီး ဒေါသကို မထိန်းချုပ်နိုင်ဘဲ ပြောလိုက်သည်။ "တကယ် ဒေါသထွက်စရာ ကောင်းလိုက်တာ။ အဲဒီလူတွေက အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောနေကြတာ။ သူတို့က ဘာမှ မသိဘဲနဲ့ ရေပုပ်ရေစပ်တွေကို အမမ ခေါင်းပေါ် လောင်းချနေကြတယ်"

ရှောင်လင်းယွီ မျက်မှောင်ကြုတ်ပြီး Baidu ကို ဖွင့်ကြည့်လိုက်သည်။ အကျော်ကြားဆုံး သတင်းကို မြင်လိုက်ရသောအခါ မျက်လုံးအိမ်များ ကျဉ်းမြောင်းသွားသည်။

ရှောင်ရှင်းရှင်းက ဆက်လက် ဆဲဆိုလိုက်သည်။ "ပြီးတော့ ဒီဝမ်ကျင်းကျင်း ဆိုတဲ့ မိန်းမ၊ သူ အရင်တုန်းက ကုန်းထျန်းဟောက်နဲ့ ဘယ်လိုပဲ ပတ်သက်ခဲ့ ပတ်သက်ခဲ့၊ အခု ကုန်းထျန်းဟောက်က လက်ထပ်ပြီးပြီလေ။ သူက အခု ရုတ်တရက် ထွက်လာတာ ဘာသဘောလဲ။ ထွက်လာချင် ထွက်လာပေါ့၊ အိမ်ထောင်ရှိတဲ့ ယောက်ျား တစ်ယောက်နဲ့ ရှင်းရှင်းလင်းလင်း မရှိတဲ့ ကိစ္စတွေ ဘာလို့ လာရှုပ်နေရတာလဲ"

"ပိုဆိုးတာက အစ်မနဲ့ ကုန်းထျန်းဟောက်က တရားဝင် ဇနီးမောင်နှံတွေ ဖြစ်နေတာတောင် တချို့လူတွေက လမ်းလွဲအောင် လုပ်ပြီး အစ်မကို သူများ ယောကျ်ား လုယူတဲ့ မိန်းမယုတ် ဆိုပြီး ပြောနေကြတယ်"

ရှောင်ရှင်းရှင်းသည် အွန်လိုင်းမှ မှတ်ချက်များကို ကြည့်ပြီး ဒေါသထွက်လွန်းလို့ မီးခိုးထွက်မတတ် ဖြစ်နေသည်။

ပုံမှန်ဆို သူမက ပြည်သူ့ဆက်ဆံရေး ဌာနကမို့လို့ ဒီလို ကိစ္စတွေ ပေါ်လာရင် သူမ ဖြေရှင်းရတာ။

ဒါပေမဲ့ ဒီကိစ္စကို ဖြေရှင်းတုန်းမှာ သူမ ထူးဆန်းတာ တစ်ခု တွေ့လိုက်ရတယ်။ သူမ ဘယ်လိုပဲ ထိန်းချုပ် ထိန်းချုပ် နောက်ထပ် မှတ်ချက်ပေးတဲ့သူ အများကြီးပေါ်လာပြီး ရှောင်လင်းယွီကို ဝေဖန်တိုက်ခိုက်ကြတယ်။

သူမ ပြည်သူ့ဆက်ဆံရေး နည်းလမ်း အမျိုးမျိုး သုံးခဲ့ပေမဲ့ Green Freshအုပ်စု သူဌေး ရှောင်လင်းယွီက မယားငယ် ဆိုတဲ့ သတင်းက အကျော်ကြားဆုံးသတင်းအဖြစ် တည်မြဲနေတုန်းပဲ။

အဲဒီအချိန်ကျမှ သူမ သဘောပေါက်သွားတယ်။ တစ်ယောက်ယောက်က ရှောင်လင်းယွီကို တမင် ဒုက္ခပေးနေတာ၊ ပြီးတော့ အဲဒီလူက ဝမ်ကျင်းကျင်း ဖြစ်ဖို့ များတယ် ဆိုတာကိုပေါ့။

ဒီဝမ်ကျင်းကျင်းမှာ စွမ်းရည်နဲ့ နည်းလမ်းတချို့ ရှိမှာ သေချာတယ်၊ ပြီးတော့ နောက်ကွယ်မှာ သူမကို ပံ့ပိုးပေးနေတဲ့ အင်အားစုကြီး တစ်ခု ရှိနေတယ်၊ အဲဒီ အင်အားစုကလည်း ရှောင်လင်းယွီကို ပစ်မှတ်ထားနေတာ သေချာတယ်။

အခြေအနေ လေးနက်နေမှန်း သိလိုက်ရတော့ ရှောင်ရှင်းရှင်းက ရှောင်လင်းယွီကို အမြန် လာရှာတာပေါ့။

ရှောင်လင်းယွီသည် ရှောင်ရှင်းရှင်း၏ ဒေါသတကြီး ဆဲဆိုသံများနှင့် သူမ၏ မျက်နှာထား အမူအရာများကို ကြည့်ပြီး "ခစ်" ခနဲ ရယ်လိုက်မိသည်။

ရှောင်ရှင်းရှင်း အနည်းငယ် ကြောင်သွားပြီး ပြောလိုက်သည်။ "အစ်မ... ဒီအချိန်ရောက်နေပြီ၊ ရယ်နိုင်သေးတယ်လား"

ရှောင်လင်းယွီ ခေါင်းခါပြီး ရယ်မောကာ ပြောလိုက်သည်။ "ဒါက ဘာမှ မဟုတ်ပါဘူး၊ ဘာလို့ မရယ်နိုင်ရမှာလဲ"

"ဒါက ဘာမှ မဟုတ်ဘူး ဟုတ်လား" ရှောင်ရှင်းရှင်း စိုးရိမ်တကြီး ပြောလိုက်သည်။ "ဒါက ကိစ္စကြီး တစ်ခုလေ။ အစ်မ မမြင်ဘူးလား၊ အွန်လိုင်းမှာ အစ်မကို ဝိုင်းဆဲနေကြတာ"

ရှောင်လင်းယွီက အေးဆေးစွာ ပြောလိုက်သည်။ "ဒါဆို ဘာဖြစ်လဲ။ အမှန်တရားက အမှန်တရားပါပဲ။ ဘာပဲဖြစ်ဖြစ် အွန်လိုင်းက လူတွေ ဘယ်လိုပဲ ဆဲဆဲ ငါနဲ့ ကုန်းထျန်းဟောက်က ဇနီးမောင်နှံတွေဆိုတဲ့ အမှန်တရားကို ပြောင်းလဲလို့ မရပါဘူး"

ရှောင်ရှင်းရှင်းက လက်နှစ်ဖက်ကို ပွတ်သပ်ပြီး စိုးရိမ်တကြီး ဆက်ပြောသည်။ "ဒါပေမဲ့... ဒါပေမဲ့ သူတို့က အစ်မကို မယားငယ် ဆိုပြီး ဆဲနေကြတယ်လေ"

"ဟဟ... မယားငယ် ဟုတ်လား" ရှောင်လင်းယွီ အေးစက်စွာ ရယ်မောလိုက်သည်။ "အဲဒီတုန်းက ငါနဲ့ ကုန်းထျန်းဟောက် လက်ထပ်တုန်းက ယောက်ျားလည်း မယူရသေး၊ မိန်းမလည်း မရသေးတဲ့ လူလွတ်တွေလေ၊ ဘာမယားငယ် လာပြောနေတာလဲ။ ပြီးတော့ ကုန်းထျန်းဟောက်နဲ့ အဲဒီ ဝမ်ကျင်းကျင်း ကြားမှာ ဘာမှ မရှိခဲ့ဘူး၊ တကယ်လို့ သူတို့ကြားမှာ သံယောဇဉ် ရှိခဲ့ရင်တောင် အဲဒါ လွန်ခဲ့တဲ့ ၁၀ နှစ်က ကိစ္စလေ။

လွန်ခဲ့တဲ့ ၁၀ နှစ်က ကိစ္စကို အခုမှ ပြန်ပြောပြီး မယားကြီးကို မယားငယ် ဆိုပြီး လာဆဲနေတာ ရယ်စရာ ကောင်းလိုက်တာ။ အွန်လိုင်းက လူတွေက ဝယ်ထားတဲ့ ရေတပ်တွေ (ငှားရမ်းထားသူတွေ) ဖြစ်ရင်ဖြစ်၊ မဟုတ်ရင် အမှန်အမှား မခွဲခြားတတ်ဘဲ သူများ ဆွဲဆောင်ရာ နောက်လိုက်နေတဲ့ လူတွေပဲ နေမှာ"

ရှောင်ရှင်းရှင်း အသက်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး မျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှုများ ပေါ်လာကာ ပြောလိုက်သည်။ "ဒါပေမဲ့ အစ်မ... အခု အစ်မကို လူတိုင်း ဝိုင်းဆဲနေကြတာ၊ တကယ်ပဲ ဂရုမစိုက်တော့ဘူးလား"

ရှောင်လင်းယွီ လေးနက်စွာ ပြောလိုက်သည်။ "ရှင်းရှင်း... အကြောင်းမဲ့ အဆဲခံရတာ ငါလည်း စိတ်ထဲမှာ ဒေါသထွက်တာပေါ့။ ဒီကိစ္စ နောက်ကွယ်မှာ တစ်ယောက်ယောက်က ကြိုးကိုင်ပြီး တွန်းအားပေးနေတာ သေချာတယ်။ နင်က Green Freshအုပ်စုရဲ့ ပြည်သူ့ဆက်ဆံရေး မန်နေဂျာအနေနဲ့ ဒီနှစ်တွေအတွင်း ကြီးကြီးငယ်ငယ် ကိစ္စတွေ အများကြီး ဖြေရှင်းခဲ့ဖူးတယ်၊ အရည်အချင်း ရှိတဲ့သူ တစ်ယောက်ပါ။ ဒါပေမဲ့ ဒီကိစ္စကို နင် မဖြေရှင်းနိုင်ဘူး ဆိုတာက နောက်ကွယ်က အင်အားစုက ငါတို့ အထင်သေးလို့ မရတဲ့ အင်အားစု ဖြစ်နေလို့ပဲ"

ရှောင်ရှင်းရှင်း သံသယ ဖြစ်သွားပြီး စိုးရိမ်တကြီး မေးလိုက်သည်။ "ဒါပေမဲ့ အစ်မ... ဒီကိစ္စကို ဒီအတိုင်း လွှတ်ထားလိုက်တော့မှာလား" ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဒီအတိုင်း ဆက်သွားရင် အစ်မရဲ့ နာမည်ဂုဏ်သတင်း ပျက်စီးသွားလိမ့်မယ်။

ရှောင်လင်းယွီ ခေါင်းခါလိုက်သည်။ "မဟုတ်ဘူး၊ ဒီအတိုင်း လွှတ်ထားမှာ မဟုတ်ဘူး၊ ဒီကိစ္စကို ဖြေရှင်းပေးမယ့်သူ ရှိတယ်"

"ဘယ်သူလဲ" ရှောင်ရှင်းရှင်း ချက်ချင်း နားမလည်နိုင် ဖြစ်သွားပြီး မေးလိုက်သည်။

တိုက်ဆိုင်စွာပင် သူမ မေးလိုက်သည်နှင့် ရှောင်လင်းယွီ ဖုန်းမြည်လာသည်။

ရှောင်လင်းယွီက ဖုန်းကို ကိုင်ပြီး ရှောင်ရှင်းရှင်းကို မျက်စိမှိတ်ပြကာ ပြုံးလျက် ပြောလိုက်သည်။ "သူလေ"

ရှောင်ရှင်းရှင်း ဖုန်းမျက်နှာပြင်ပေါ်က နာမည်ကို မြင်လိုက်ရသည်။ "ယောက်ျား"

ထို့နောက် သူမ ချက်ချင်း သဘောပေါက်သွားပြီး ကိုယ့်ခေါင်းကိုယ် ရိုက်ကာ ရယ်မောရင်း ပြောလိုက်သည်။ "ဟုတ်သားပဲ... ဒီကိစ္စကို ယောက်ျားလေး ဖြေရှင်းလို့ ရတာပဲ"

ဤနေရာသို့ ရောက်သောအခါ သူမ ခနရပ်လိုက်ပြီး လေးနက်စွာ ပြောလိုက်သည်။ "ပြောရရင် ဒီကိစ္စက ယောက်ျားလေးရဲ့ အတိတ်က အချစ်ရေး ကြွေးမြီတွေကြောင့် ဖြစ်လာတာပဲလေ။ သူ့ချစ်သူဟောင်းက ၁၀ နှစ်ကြာ ပျောက်နေပြီး အခုမှ ပေါ်လာတယ်၊ ပေါ်လာတာနဲ့ သူ့မိန်းမ ခေါင်းပေါ် ရေပုပ်ရေစပ်တွေ လောင်းချတော့တာပဲ၊ ဒီကိစ္စကို ပေါ့ပေါ့တန်တန် လွှတ်ထားလို့ မဖြစ်ဘူး"

ရှောင်လင်းယွီ ခေါင်းညိတ်လိုက်သည်။ "ဟုတ်တယ်... ပေါ့ပေါ့တန်တန် လွှတ်ထားလို့ မဖြစ်ဘူး"

ဒါပေမဲ့ ချက်ချင်းဆိုသလို ရှောင်ရှင်းရှင်း စိုးရိမ်တကြီး ထပ်ပြောလိုက်ပြန်သည်။ "ဒါပေမဲ့ အစ်မ... အွန်လိုင်းက လူတွေ ပြောနေကြတာ ယောက်ျားလေးက အဲဒီမိန်းမနဲ့ သံယောဇဉ်ဟောင်း ပြန်ဆက်နိုင်တယ်တဲ့။ သူ အဲဒီ အချစ်ဦးကို မမေ့နိုင်သေးတာတော့ မဟုတ်ပါဘူးနော်"

လူတိုင်းအတွက် အချစ်ဦး ဆိုတာ မေ့ရအခက်ဆုံးနဲ့ စွန့်လွှတ်ရ အခက်ဆုံး အချစ်ပဲလေ။

ကုန်းထျန်းဟောက်က အဲဒီလို ဖြစ်နေမလား သူမ မသိဘူး။

တကယ်လို့ ကုန်းထျန်းဟောက်က အဲဒီလို ဖြစ်နေမယ် ဆိုရင် ရှောင်လင်းယွီ အတွက် မတရားလွန်းဘူး။

ထို့နောက် ရှောင်ရှင်းရှင်း တစ်ခုခုကို သတိရသွားပြီး ဂရုတစိုက် မေးလိုက်သည်။ "အစ်မ... အခု အဆင်ပြေရဲ့လား"

ရှောင်လင်းယွီက သူမရဲ့ ဂရုတစိုက် မေးမြန်းမှုကို ကြည့်ပြီး ရယ်မောကာ ပြောလိုက်သည်။ "ရှင်းရှင်း... နင် တွေးတာများနေပြီ၊ ငါ ဘာဖြစ်ရမှာလဲ" ဤနေရာသို့ ရောက်သောအခါ သူမ နောက်ပြောင်လိုက်သည်။ "ငါ့ကို စိတ်ပူနေမယ့်အစား နောက်ကွယ်က ကြံစည်သူကို စိတ်ပူပေးလိုက်ပါဦး"

ရှောင်ရှင်းရှင်း မျက်လုံးများ ပြူးကျယ်သွားပြီး သိချင်စိတ်ဖြင့် မေးလိုက်သည်။ "အစ်မ... အစ်မယောက်ျားကို ဒီလောက်တောင် ယုံကြည်တာလား"

သူမ ရှောင်လင်းယွီရဲ့ ဆိုလိုရင်းကို နားလည်ပါတယ်၊ ကုန်းထျန်းဟောက်က နောက်ကွယ်က ကြံစည်သူ အပါအဝင် သူ့အချစ်ဦး ဝမ်ကျင်းကျင်းကိုပါ လွှတ်ထားမှာ မဟုတ်ဘူး ဆိုတဲ့ သဘောပေါ့။ ဒါကြောင့် သူမ အနည်းငယ် အံ့သြသွားတာ။

ရှောင်လင်းယွီက ကုန်းထျန်းဟောက်ကို ဒီလောက် ယုံကြည်လိမ့်မယ်လို့ သူမ မထင်ထားခဲ့ဘူး၊ သူ့အချစ်ဦးကို ရင်ဆိုင်တဲ့ နေရာမှာတောင် ယုံကြည်မှု ရှိနေတယ်။

ရှောင်လင်းယွီ ပခုံးတွန့်လိုက်ပြီး ရယ်မောကာ ပြောလိုက်သည်။ "ငါနဲ့ ထျန်းဟောက်က အတူနေပြီး ချစ်လာတာ နှစ်တွေ ကြာနေပြီ၊ ဒီလောက် ယုံကြည်မှုလေးတောင် မရှိရင် ဘယ်လိုလုပ် ချစ်တဲ့ ဇနီးမောင်နှံလို့ ပြောလို့ ရမလဲ။ ကဲ... နင်နဲ့ မပြောတော့ဘူး၊ ငါ ဖုန်းကိုင်လိုက်ဦးမယ်"

ရှောင်ရှင်းရှင်း ကြားလိုက်ရတော့ ပခုံးတွန့်လိုက်ပြီး ရယ်မောကာ ပြောလိုက်သည်။ "ကောင်းပါပြီ... ယောက်ျားနဲ့ ကောင်းကောင်း ပြောလိုက်ပါ၊ လုပ်စရာ ရှိရင် ခိုင်းလိုက်ပါ"

…..

ရှောင်ရှင်းရှင်း ထွက်မသွားခင်မှာပဲ ကုန်းထျန်းဟောက်ရဲ့ စိုးရိမ်တကြီး အသံကို ကြားလိုက်ရသည်။ "ယွီအာ... အွန်လိုင်းက အဓိပ္ပာယ်မရှိတဲ့ စကားတွေကို မယုံနဲ့နော်။ ကိုယ့်ကို ယုံပါ၊ ကိုယ် ဒီကိစ္စကို ကောင်းကောင်း ဖြေရှင်းပေးပါ့မယ်"

ရှောင်ရှင်းရှင်း ခြေလှမ်း ရပ်တန့်သွားပြီး စိုးရိမ်နေတဲ့ စိတ်တွေ လုံးဝလျှောကျသွားတယ်။

ကြည့်ရတာ သူမ အလကား စိတ်ပူနေမိတာပဲ။

သူတို့ ဇနီးမောင်နှံရဲ့ ဆက်ဆံရေးက ကောင်းမွန်နေတာ၊ မဟုတ်ကဟုတ်က လူတွေ ပေါ်လာရုံနဲ့ ပျက်စီးသွားမှာ မဟုတ်ဘူး။

အခု သူမ ပြည်သူ့ဆက်ဆံရေး မန်နေဂျာ အနေနဲ့ မဖြေရှင်းနိုင်တဲ့ ကိစ္စကို ကုန်းထျန်းဟောက် ဖြေရှင်းပေးနိုင်မယ် ဆိုရင် အကောင်းဆုံးပေါ့။

ရှောင်လင်းယွီ ပြောသလိုပဲ၊ သူမ စိတ်ပူရမှာက သူမ မဟုတ်ဘူး၊ နောက်ကွယ်က ကြံစည်သူကို စိတ်ပူရမှာ။

စဉ်းစားမိတာနဲ့ ရှောင်ရှင်းရှင်း ခြေလှမ်းပေါ့ပါးစွာ ထွက်ခွာသွားပြီး တံခါးကို ဖြည်းညှင်းစွာ ပိတ်လိုက်တယ်။

ရှောင်ရှင်းရှင်း ဝင်သွားတာကို စောင့်ကြည့်နေတဲ့ လက်အောက်ငယ်သားတွေက သူတို့ အထက်လူကြီး မျက်နှာထား ပေါ့ပါးစွာ ထွက်လာတာ မြင်တော့ ရင်ထဲက အလုံးကြီး ကျသွားတယ်။

လက်အောက်ငယ်သား တစ်ယောက်က မေးလိုက်သည်။ "မန်နေဂျာ... ဘယ်လိုလဲ။ ဥက္ကဌရှောင်က ဘာပြောလဲ"

ရှောင်ရှင်းရှင်းက ရယ်မောရင်း ပြောလိုက်သည်။ "ဥက္ကဌရှောင်က ဘာမှ မပြောပါဘူး၊ ဒီကိစ္စကို ဂရုမစိုက်နဲ့တော့လို့ပဲ ပြောလိုက်တယ်"

လက်အောက်ငယ်သားများ ကြောင်သွားပြီး နားမလည်နိုင်စွာ မေးလိုက်ကြသည်။ "ဂရုမစိုက်နဲ့တော့ ဟုတ်လား။ ဒီကိစ္စက ဒီလောက် ကြီးကျယ်နေတာ၊ ဥက္ကဌရှောင်ရဲ့ နာမည်ဂုဏ်သတင်း ထိခိုက်ရုံမက ကုမ္ပဏီလည်း ဆုံးရှုံးမှု ကြီးမားနေတာ၊ အခု ဒီအတိုင်း လွှတ်ထားလိုက်တော့မှာလား" ဒါ ဘယ်ဖြစ်မလဲ။

ရှောင်ရှင်းရှင်းက လက်အောက်ငယ်သားများရဲ့ သံသယကို သိလို့ ရယ်မောပြီး ပြောလိုက်သည်။ "ဒီကိစ္စကို လွှတ်ထားလိုက်တာ မဟုတ်ပါဘူး၊ ငါတို့ ဂရုစိုက်စရာ မလိုတော့ဘူးလို့ ပြောတာပါ။ ဆိုလိုတာက ဒီကိစ္စကို ကိုင်တွယ်ဖြေရှင်းမယ့်သူ ရှိတယ်၊ ပြီးတော့ အဲဒီလူ ကိုင်တွယ်ဖြေရှင်းလိုက်ရင် ရလဒ်ကောင်း ထွက်လာမှာ သေချာတယ်။ နင်တို့ စိတ်ပူစရာ မလိုတော့ဘူး"

ဒါပေမဲ့ လက်အောက်ငယ်သားတွေက အထက်လူကြီးရဲ့ စကားကို နားမလည်ကြသေးဘူး။ "ငါတို့ ပြည်သူ့ဆက်ဆံရေး ဌာနက ဂရုမစိုက်ရင် ဘယ်သူက ဂရုစိုက်မှာလဲ"

ရှောင်ရှင်းရှင်းက လျှို့ဝှက်နက်နဲစွာ ရယ်မောပြီး ပြောလိုက်သည်။ "အချိန်တန်ရင် ဘယ်သူ ဂရုစိုက်လဲ ဆိုတာ နင်တို့ သိလာမှာပါ"

ထို့နောက် သူမ လက်အောက်ငယ်သားများကို ကြည့်ပြီး မျက်နှာထား လေးနက်သွားကာ ပြောလိုက်သည်။ "ကဲ... ဒီကိစ္စကို ဂရုစိုက်စရာ မလိုတော့ဘူးလို့ ပြောပြီးပြီပဲ၊ ဆက်ပြီး ဂရုမစိုက်ကြနဲ့တော့။ အခု လုပ်စရာရှိတာ သွားလုပ်ကြတော့"

...

"ဟဟ... လောင်ကုန်း ရှင် အလှလေးကို ကယ်တင်လိုက်တော့ အလှလေးရဲ့ နှလုံးသားကို ဖမ်းစားမိသွားပြီ မဟုတ်လား"

ရှောင်လင်းယွီက ကုန်းထျန်းဟောက် ပြောပြတဲ့ သူနဲ့ ဝမ်ကျင်းကျင်းကြားက အချစ်ဇာတ်လမ်း ဆိုတာကို နားထောင်ပြီးနောက် နောက်ပြောင်လိုက်သည်။

"အဲဒီနောက်ပိုင်း သူက ရှင့်ရဲ့ လိုက်ပိုးတာကို လက်ခံလိုက်တာလား" ရှောင်လင်းယွီက ရယ်မောရင်း မေးလိုက်သည်။

ကုန်းထျန်းဟောက်က မိန်းမရဲ့ နောက်ပြောင်မှုကို ကြားတော့ ခါးသီးစွာ ပြုံးလျက် ပြောလိုက်သည်။ "ကိုယ် သူ့ကို ဘယ်တုန်းကမှ လိုက်မပိုးခဲ့ပါဘူး။ ဒါပေမဲ့ ကိုယ်လည်း မရှင်းပြခဲ့တော့ အထင်လွဲသွားကြတာပါ"

ရှောင်လင်းယွီ ရယ်မောရင်း ပြောလိုက်သည်။ "လောင်ကုန်း... ရှင်က အနားကပ်လိုက်၊ လက်ဆောင်ပေးလိုက်နဲ့ လုပ်နေတာ၊ မျက်လုံးရှိတဲ့သူတိုင်း သိတာပေါ့၊ ရှင် သူ့ကို လိုက်ပိုးနေတယ် ဆိုတာ"

ကုန်းထျန်းဟောက် "..." သူ အဲဒီတုန်းက ဘာမှ မထင်ခဲ့ပေမဲ့ အခုတော့ ရှင်းရှင်းလင်းလင်း မရှင်းပြခဲ့မိတာ နောင်တရနေမိတယ်။

***

စိုက်ပျိုးရေးနေရာလွတ်က ငါ့ကိုချမ်းသာလာစေတယ်

အခန်း ၉၈၂ ။ ပစ္စည်းတွေပုံကုန်မှာပေါ့

ရှောင်လင်းယွီသည် မယားငယ် ဖြစ်သည် ဆိုသော သတင်းကို နောက်ကွယ်မှ တွန်းအားပေးသူများကြောင့် အွန်လိုင်းတွင် ရေပန်းစားဆုံးသတင်းအဖြစ် ဆက်လက် ရပ်တည်နေသည်။

ခဏချင်းမှာပင် Imperial Palaceအုပ်စု ဥက္ကဌကတော် ရှောင်လင်းယွီသည် လူတိုင်း ရွံရှာသော မိန်းမယုတ်တစ်ယောက်ဖြစ်လာပြီး အွန်လိုင်းပေါ်တွင် ဝေဖန်တိုက်ခိုက်မှုများ ပြင်းထန်လာသည်။

ရှောင်လင်းယွီဘက်မှ ရပ်တည်ပြောဆိုပေးသူများ ရှိသော်လည်း မကြာမီမှာပင် ဝေဖန်တိုက်ခိုက်မှု လှိုင်းလုံးကြီးအောက်တွင် နစ်မြုပ်သွားကြသည်။

ရှောင်လင်းယွီ၏ ပုံရိပ်သည် တဖြည်းဖြည်း ကျဆင်းလာပြီး Green Freshအုပ်စု၏ ပုံရိပ်နှင့် လုပ်ငန်းလည်ပတ်မှုကိုပါ ထိခိုက်လာသည်။ ထောင်ယွမ်ရွာ အပန်းဖြေစခန်းသို့ လာရောက်လည်ပတ်သော ခရီးသွား အရေအတွက်လည်း သိသိသာသာ လျော့နည်းသွားသည်။ အရင်တုန်းက လူပင်လယ်ကြီး ဖြစ်ခဲ့သော်လည်း အခုတော့ ကျဲကျဲပါးပါးသာ ရှိတော့သည်။

ပိုဆိုးတာက အွန်လိုင်း သတင်းတွေကြောင့် ခရီးသွား အများစုက ထောင်ယွမ်ရွာကို ပြဿနာရှာဖို့ လာကြတာ။ နေရာအနှံ့ကို မစင်ရေတွေ ပက်တာ၊ ဆီတွေ ပက်တာ၊ ဝန်ထမ်းတွေကို အကြမ်းဖက်တာတွေ လုပ်ကြတယ်။ ရှောင်လင်းယွီက မယားငယ်မ၊ မိန်းမယုတ်မ ဆိုပြီး ဆဲဆိုကြတယ်။

အခြေအနေ ပိုဆိုးမလာစေဖို့၊ ဝန်ထမ်းတွေ လုံခြုံရေး အတွက် ရှောင်လင်းယွီက နေရာအနှံ့အပြားက စူပါမားကတ် ဆိုင်ခွဲတွေ အပါအဝင် လုပ်ငန်းအားလုံးကို ၃ ရက်ကြာ ပိတ်ထားဖို့ အမိန့်ပေးလိုက်တယ်။

ဒါပေမဲ့ နိုင်ငံခြား ရုံးခွဲတွေကတော့ သက်ရောက်မှု မရှိဘဲ ပုံမှန် လည်ပတ်နေပါတယ်။

ရှောင်လင်းယွီ ဆိုင်တွေ ပိတ်လိုက်တာနဲ့ အစားကောင်း ကြိုက်သူတွေ၊ ချမ်းသာတဲ့ သူဌေးတွေ မကျေမနပ် ဖြစ်ကုန်ကြတယ်။

သူတို့က Green Freshစူပါမားကတ်က စိုက်ပျိုးရေး ထွက်ကုန်တွေကို စားသုံးရတာ အကျင့်ဖြစ်နေပြီ၊ တစ်ရက် မစားရရင် နေမထိထိုင်မသာ ဖြစ်နေတတ်တယ်။

အခု Green Freshစူပါမားကတ်က တိုက်ရိုက် ပိတ်လိုက်တာ၊ ဘယ်တော့ ပြန်ဖွင့်မယ်ဆိုတာ မသိရဘူး ဆိုတော့ ဒီအစာပုပ်တွေ ဒေါသထွက်ကုန်ကြတယ်။

ရှောင်လင်းယွီက မယားငယ် ဟုတ်မဟုတ် သူတို့ ဂရုမစိုက်ဘူး၊ ဒါပေမဲ့ ဒီကိစ္စကြောင့် သူတို့ရဲ့ စားသောက်မှုကို ထိခိုက်လာရင်တော့ သူတို့ ဂရုစိုက်ရတော့မယ်။

"ဒီဝမ်ကျင်းကျင်း ဆိုတဲ့ မိန်းမက ဘယ်က ထွက်လာတာလဲ၊ ရှောင်လင်းယွီအပေါ် ဒီလောက် သက်ရောက်မှု ကြီးမားနေရတာလဲ"

"ဟဟ... အွန်လိုင်းက လူတွေ ပြောတာတော့ ဒီဝမ်ကျင်းကျင်းက ကုန်းထျန်းဟောက်ရဲ့ ချစ်သူဟောင်းတဲ့"

"သောက်ကျိုးနည်း..." တစ်ယောက်က ကိုယ့်ဂုဏ်သိက္ခာကို ဂရုမစိုက်ဘဲ ဆဲဆိုလိုက်သည်။ "ကုန်းထျန်းဟောက်က ဘာဖြစ်နေတာလဲ။ ချစ်သူဟောင်း တစ်ယောက်ကြောင့် ဇနီးသည်က ရေပုပ်ရေစပ်တွေ အလောင်းခံနေရတာ၊ ပြဿနာတွေ ဒီလောက် ကြီးနေတာတောင် သူက ဘာသံမှ မထွက်ဘူးလား"

"ဟုတ်တယ်... သူ့စွမ်းရည်နဲ့ ဆိုရင် ပြဿနာ ဒီလောက်ထိ ကြီးထွားလာစရာအကြောင်း မရှိဘူး။ အခု သူ့မိန်းမက ရေပုပ်ရေစပ်တွေ အလောင်းခံရလို့ ကြည့်လို့တောင် မရတော့ဘူး။ ဒီလောက် ကုမ္ပဏီကြီး တစ်ခုလုံး ပိတ်သိမ်းလိုက်ရတယ် ဆိုတော့ ဆုံးရှုံးမှု ဘယ်လောက် ကြီးမားမလဲ"

"ဟုတ်တယ်... ကြားတာတော့ Green Freshအုပ်စုက ဘီလီယံ ရာချီ၊ ထောင်ချီ တန်ဖိုးရှိတဲ့ ကုမ္ပဏီကြီးတဲ့၊ တစ်ရက် ပိတ်လိုက်ရင် ဆုံးရှုံးမှုက သန်းချီ ရှိတယ်တဲ့။ အခု အခြေအနေနဲ့ အွန်လိုင်းက အရှိန်အဟုန်အရဆိုရင် ဘယ်တော့ ပြန်ဖွင့်နိုင်မလဲ မသိဘူး"

"ဒီလိုဆို မဖြစ်ဘူးလေ" တစ်ယောက်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ "ငါက ဒီဆိုင်က ပစ္စည်းတွေ စားရတာ အကျင့်ပါနေပြီ၊ တစ်ရက် မစားရရင်တောင် မနေနိုင်ဘူး။ ရက်ဆက် မစားရရင် ငါ လက်မခံနိုင်ဘူး"

"ဒါဆိုရင် ငါတို့ ထောင်ယွမ်ရွာ အပန်းဖြေစခန်းကို တိုက်ရိုက် သွားပြီး ထုတ်လုပ်သူနဲ့ တိုက်ရိုက် ဆက်သွယ်ကြမလား" တစ်ယောက်က စိတ်ဝင်တစား ပြောလိုက်သည်။

"ရမယ်ဆိုရင်တော့ ဒါ နည်းလမ်းကောင်း တစ်ခုပဲ" တစ်ယောက်က မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။ "ဒါပေမဲ့ ကြားတာတော့ Green Freshအုပ်စုက အလုပ်လုပ်တာ မူဝါဒ ရှိတယ်တဲ့။ သူတို့ ပစ္စည်းတွေ ကောင်းတယ်၊ ငါတို့အတွက် မဈေးကြီးဘူး ဆိုပေမဲ့ ငါတို့လို ဂုဏ်သရေရှိ လူတန်းစားတွေက သာမန် ပြည်သူတွေနဲ့ လုဝယ်ရတာ သိက္ခာကျတယ်ကွာ"

ဤနေရာသို့ ရောက်သောအခါ သူ ခနရပ်လိုက်ပြီး "တကယ်လို့ Green Freshအုပ်စု ထောင်ယွမ်ရွာ အပန်းဖြေစခန်းနဲ့ တိုက်ရိုက် ဆက်သွယ်ပြီး ဝယ်လို့ရမယ်ဆိုရင် စရိတ် နည်းနည်း ပိုကြီးရင်တောင် ကိစ္စမရှိဘူး၊ အနည်းဆုံးတော့ သာမန် ပြည်သူတွေနဲ့ လုဝယ်နေစရာ မလိုတော့ဘူးပေါ့"

"ဟုတ်တယ်... ဒါဆို လူလွှတ်ပြီး ထောင်ယွမ်ရွာ အပန်းဖြေစခန်းကို သွားကြည့်ခိုင်းလိုက်ရအောင်" တစ်ယောက်က ထောက်ခံလိုက်သည်။ "အခု တစ်နိုင်ငံလုံးက ဆိုင်ခွဲတွေ ပိတ်ထားရတယ် ဆိုတော့ ထုတ်လုပ်တဲ့ နေရာမှာ ကုန်ပစ္စည်းတွေ အများကြီး ပုံနေမှာ သေချာတယ်။ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးတွေက လတ်ဆတ်မှု ထိန်းသိမ်းရတဲ့ အချိန်က တိုတောင်းတယ်၊ ခူးဆွတ်ရတဲ့ အချိန်ကလည်း တိုတောင်းတယ်၊ ပုံနေရင် ပုပ်သိုးပျက်စီးလွယ်တယ်။ ငါ ထင်တာတော့ ငါတို့က ထုတ်လုပ်တဲ့ နေရာကို တိုက်ရိုက် သွားဝယ်မယ်ဆိုရင် သူတို့က အရူး မဟုတ်ရင်တော့ ပုံနေတဲ့ ပစ္စည်းတွေကို ရောင်းထုတ်ဖို့ ငြင်းပယ်မှာ မဟုတ်ပါဘူး"

"အင်း... ဟုတ်တယ်၊ အခုပဲ လူလွှတ်ပြီး Green Freshအုပ်စုက တာဝန်ရှိသူနဲ့ ဆက်သွယ်ခိုင်းလိုက်" မကြာမီ တစ်ယောက်က လူလွှတ်ပြီး စီစဉ်လိုက်သည်။

…..

အရောင်းဌာန တာဝန်ခံ ရှောင်လင်းယွင်သည် ဖုန်းအချို့ လက်ခံရရှိပြီးနောက် ခဏ စဉ်းစားကာ ဥက္ကဌ ရုံးခန်းသို့ သွားလိုက်သည်။

တံခါးခေါက်ပြီး အထဲက ဝင်ခဲ့ပါလို့ ပြောမှ ဝင်သွားလိုက်သည်။

"ဥက္ကဌရှောင်... ဖောက်သည် အများကြီးက ကျွန်မတို့ ထောင်ယွမ်ရွာ အပန်းဖြေစခန်းက ကုန်ပစ္စည်းတွေကို တိုက်ရိုက် လာဝယ်ချင်တယ်လို့ ဖုန်းဆက်လာကြပါတယ်" ရှောင်လင်းယွင်က ရှောင်လင်းယွီကို တိုက်ရိုက် အစီရင်ခံလိုက်သည်။

ရှောင်လင်းယွီ စဉ်းစားမနေဘဲ ခေါင်းခါလိုက်သည်။ "မဖြစ်ဘူး"

ရှောင်လင်းယွင် ချက်ချင်း သံသယဖြင့် မေးလိုက်သည်။ "ဘာဖြစ်လို့လဲ"

ရှောင်လင်းယွီက ပြောသည်။ "ငါ အခု ကုမ္ပဏီ ကုန်ပစ္စည်းတွေရဲ့ ဟွာရှ ရောင်းချမှု မူဝါဒကို မဖျက်ဆီးနိုင်ဘူး။ တကယ်လို့ ငါတို့သာ ကြိုတင်မှာယူတာကို လက်ခံလိုက်ရင် နောက်ပိုင်း ဆိုင်ခွဲတွေ ပြန်ဖွင့်တဲ့အခါ ဒေသအသီးသီးက ကုန်ပစ္စည်း ခွဲဝေမှုကို ဘယ်လိုလုပ်ကြမလဲ။ ပြီးတော့ ကြိုတင်မှာယူတာကို လက်ခံလိုက်ရင် ရောင်းချမှု ကုန်ကျစရိတ် ပိုများလာနိုင်တယ်။ ဘာလို့လဲဆိုတော့ ကြိုတင်မှာယူတယ်ဆိုတာ အိမ်အရောက် ပို့ဆောင်ပေးရမှာမို့လို့လေ"

ရှောင်လင်းယွင်က စိုးရိမ်တကြီး ပြောလိုက်သည်။ "ဒါပေမဲ့ အခု တစ်နိုင်ငံလုံးက ဆိုင်ခွဲတွေ ပိတ်ထားရတယ်၊ ဂိုဒေါင်ထဲက ကုန်ပစ္စည်းတွေ ပုံနေတော့မယ်၊ အဲဒါ..."

ရှောင်လင်းယွီ ခေါင်းခါလိုက်သည်။ "ပုံနေမှာ မဟုတ်ပါဘူး။ အစ်မ မေ့နေပြီလား၊ ငါတို့ရဲ့ နိုင်ငံခြား ရုံးခွဲတွေက မပိတ်ရသေးဘူးလေ။ အခု ကုန်ပစ္စည်း ဘယ်လောက်ရှိရှိ နိုင်ငံခြားကို တန်းပို့လို့ ရပါတယ်"

ရှောင်လင်းယွင် "..." ဟဟ... သူမက အရောင်းဌာန တာဝန်ခံဖြစ်ပြီး ဒီအချက်ကို မေ့နေခဲ့တာ၊ တကယ် ရှက်စရာ ကောင်းလိုက်တာ။

***

All Chapters