အခန်း (၉၈၅-၉၈၆)
Vol. 61 Ch. 985-986
အခန်း ၉၈၅ ။ အမျိုးသမီး နှစ်ဦး
မြို့တော်ရှိ အဆင့်မြင့် အပန်းဖြေစခန်း တစ်ခု...
ဒီအပန်းဖြေစခန်းကို ဝင်ချင်ရင် အသင်းဝင်ကတ် လိုအပ်တယ်၊ အသင်းဝင်ကတ်ရဖို့အတွက် အနည်းဆုံး ငွေဖြည့်သွင်းရမယ့် ပမာဏက ယွမ် ၅ သန်း။
ဒီအပန်းဖြေစခန်းရဲ့ မှောင်မိုက်နေတဲ့ သီးသန့်ခန်း တစ်ခုထဲမှာ အမျိုးသမီး နှစ်ယောက် ထိုင်နေကြတယ်။
မှောင်မိုက်နေတဲ့ အလင်းရောင်အောက်မှာတောင် ဒီအမျိုးသမီး နှစ်ယောက်က ရုပ်ရည်ချောမောပြီး လှပနေတာကို တွေ့မြင်နေရတယ်။
အမျိုးသမီး တစ်ယောက်က မျက်နှာပေါ်မှာ ကျေနပ်အားရတဲ့၊ လက်တုံ့ပြန်ချင်တဲ့ အပြုံးနဲ့ ပြောလိုက်သည်။ "ရှောင်လင်းယွီက အခု လမ်းပေါ်က ကြွက်စုတ်လို လူတိုင်း ရိုက်နှက်ချင်နေကြပြီ။ ငါတို့ရဲ့ အစီအစဉ်နဲ့ အွန်လိုင်းက လူထုအမြင်ကို အသုံးချပြီး လှုံ့ဆော်လိုက်တာ ရှောင်လင်းယွီက မယားငယ် ဆိုတဲ့ ပုံရိပ် ဖြစ်သွားပြီ။ ဟဟ... မကြာခင် သူမလူ ဖြစ်ဖြစ်၊ သူ့ရဲ့ စီးပွားရေး ဖြစ်ဖြစ် လုံးဝ ပျက်စီးသွားလိမ့်မယ်လို့ ငါ ယုံကြည်တယ်"
ဤနေရာသို့ ရောက်သောအခါ သူမ ခနရပ်လိုက်ပြီး ပြောလိုက်သည်။ "လူတိုင်းရဲ့ ပြစ်တင်ဝေဖန်မှု ခံရပြီး စီးပွားရေးပါ ပျက်စီးသွားတဲ့ မိန်းမတစ်ယောက်ကို ကုန်းထျန်းဟောက်က ဘယ်နှရက်လောက် သည်းခံနိုင်ဦးမလဲ ကြည့်ချင်သေးတယ်"
ယောက်ျားတွေက မျက်နှာ လိုချင်ကြတယ်၊ ကိုယ့်မိန်းမ နာမည်ပျက်သွားတယ်၊ စီးပွားရေး ပျက်စီးသွားတယ် ဆိုရင် ဒီလိုမိန်းမမျိုးက သူ့ကို မျက်နှာပျက်စေပြီ။ တကယ်လို့ ဆက်ပြီး လင်မယားအဖြစ် ပေါင်းသင်းနေရင် သူ့စီးပွားရေးပါ ထိခိုက်လာလိမ့်မယ်။
ယောက်ျားတစ်ယောက် အနေနဲ့ မိန်းမနဲ့ စီးပွားရေး ရွေးချယ်ရရင် အောင်မြင်တဲ့ ယောက်ျားတွေက စီးပွားရေးကိုပဲ ရွေးချယ်ကြတယ်။
ဘာလို့လဲဆိုတော့ စီးပွားရေးရှိတဲ့ ယောက်ျားက ဘယ်လိုမိန်းမမျိုးမဆို ရနိုင်တယ်လေ။
မိန်းမကို ရွေးချယ်လိုက်တဲ့ ယောက်ျားက ဘာမှမရှိဖြစ်သွားနိုင်တယ်။
ကုန်းထျန်းဟောက်က ကမ္ဘာပေါ်မှာ အအောင်မြင်ဆုံး ယောက်ျားတွေထဲက တစ်ယောက် ဖြစ်နေတော့ သူ့စီးပွားရေးကို တိုက်ရိုက် စွန့်လွှတ်လိုက်ဖို့ မဖြစ်နိုင်ဘူး။ ဒါကြောင့် သူ စွန့်လွှတ်နိုင်တာက သူ့မိန်းမ ရှောင်လင်းယွီပဲ ရှိတယ်။
တခြား အမျိုးသမီးက သူမ စကားကို ကြားတော့ မျက်မှောင် အနည်းငယ် ကြုတ်လိုက်ပြီး မျက်နှာပေါ်မှာ စိုးရိမ်ပူပန်တဲ့ အရိပ်အယောင်တွေ ပေါ်လာကာ ပြောလိုက်သည်။ "ငါ... ငါတို့ အစီအစဉ်က ချောမွေ့လွန်းနေတယ်လို့ နင် မထင်ဘူးလား"
လျန်ဖျောင့်ရွှယ်က ဂရုမစိုက်ဘဲ ရယ်မောကာ ပြောလိုက်သည်။ "ဟဟ... ချောမွေ့တာ ကောင်းတာပေါ့။ မချောမွေ့မှာကိုပဲ ကြောက်တာ။ ငါတို့ ရေတပ်တွေ ဝယ်ထားတယ်၊ ငါ့နောက်ကွယ်က အင်အားစုနဲ့ ဟွမ်လင်းအုပ်စုက ဝင်ပါပေးရင် ရှောင်လင်းယွီ ဆိုတဲ့ တောသူမလေးက ဘာမှပြန်မလုပ်နိုင်ပါဘူး"
ဤနေရာသို့ ရောက်သောအခါ သူမ ခနရပ်လိုက်ပြီး တိုက်ရိုက် မေးလိုက်သည်။ "ကျင်းကျင်း... နင် ဘာကို စိုးရိမ်နေတာလဲ" ထို့နောက် ချက်ချင်း နှစ်သိမ့်လိုက်သည်။ "ရှောင်လင်းယွီဆိုတဲ့ မိန်းမက ဘီလီယံ ရာချီ၊ ထောင်ချီ တန်ဖိုးရှိတဲ့ ကုမ္ပဏီ ပိုင်ရှင်ဆိုပေမဲ့ သူမ နောက်ကွယ်မှာ ကုန်းထျန်းဟောက်က ထောက်ခံပေးထားလို့ပါ။ ကုန်းထျန်းဟောက် မရှိရင် ဟွန့်... ဟွန့်... သူမက ဘာမှ မဟုတ်ဘူး။ ဒါကြောင့် နင် စိတ်ပူစရာ မလိုပါဘူး"
သို့သော် ဝမ်ကျင်းကျင်း စိတ်မအေးနိုင်သေးဘဲ မျက်မှောင်ကြုတ်ကာ စဉ်းစားပြီး ပြောလိုက်သည်။ "ဒါပေမဲ့ ဖျောင့်ရွှယ်... ငါ့ရင်ထဲမှာ စိုးရိမ်စိတ်တွေ ရှိနေတယ်။ ကိစ္စတွေက ချောမွေ့လွန်းနေတယ်လို့ ခံစားရတယ်။ ပြီးတော့ အွန်လိုင်းမှာ ရှောင်လင်းယွီကို ခွေးသွေးပက်သလို ဆဲဆိုနေကြပေမဲ့ ရှောင်လင်းယွီက တည်ငြိမ်လွန်းနေတယ်၊ ဘာမှ ပြန်မတုံ့ပြန်ဘူး။ ဒါ ထူးဆန်းတယ်လို့ နင် မထင်ဘူးလား။ ပြီးတော့..."
သူမ မျက်လုံးများက လျန်ဖျောင့်ရွှယ်ကို တိုက်ရိုက် ကြည့်ပြီး သံသယဖြင့် ပြောလိုက်သည်။ "ကုန်းထျန်းဟောက်ကို ငါ နားလည်သလောက် ဆိုရင် သူက သူ့မိန်းမ အနိုင်ကျင့်ခံရတာကို လက်ပိုက်ကြည့်နေမယ့်သူ မဟုတ်ဘူးလေ"
လျန်ဖျောင့်ရွှယ် စဉ်းစားပြီး ပြောလိုက်သည်။ "ဒါ ဘာထူးဆန်းလို့လဲ။ ကုန်းထျန်းဟောက် ဒီကိစ္စကို ဂရုမစိုက်တာက နင်က သူ့ချစ်သူဟောင်း ဖြစ်နေလို့၊ သူ နင့်အပေါ် သံယောဇဉ် အများကြီး ရှိနေသေးလို့ နေမှာပေါ့။
သူ နင်နဲ့ အတူနေချင်ရင် အကြောင်းပြချက်တစ်ခု လိုတယ်လေ။
သူ့ရဲ့ လက်ရှိ အဆင့်အတန်းနဲ့ဆိုရင် ဇနီးမယားကို အကြောင်းမဲ့ စွန့်ပစ်ဖို့ မဖြစ်နိုင်ဘူး။ ဒါကြောင့် အခု ငါတို့က အွန်လိုင်း တိုက်ခိုက်မှုတွေ၊ ရှောင်လင်းယွီကို အွန်လိုင်း အကြမ်းဖက်မှုတွေ လုပ်ပြီး ရှောင်လင်းယွီက မယားငယ် ဆိုတဲ့ ပုံရိပ်ကို လူတွေ စိတ်ထဲ ရောက်အောင် လုပ်လိုက်မယ်။ ကုန်းထျန်းဟောက်ကတော့ နစ်နာသူ၊ တာဝန်သိတဲ့ ယောက်ျားတစ်ယောက်အနေနဲ့ ရှောင်လင်းယွီကို လက်ထပ်ခဲ့ရတာ၊ ဒါက ကုန်းထျန်းဟောက်ကို ဘာမှ မထိခိုက်စေဘူး။
အဲဒီကျရင် ကုန်းထျန်းဟောက်က တရားဝင် အကြောင်းပြချက်နဲ့ ရှောင်လင်းယွီ သားအမိကို စွန့်ပစ်ပြီး ရှောင်လင်းယွီနဲ့ ကွာရှင်းကာ နင့်ကို လက်ထပ်လို့ ရသွားပြီ"
ဤနေရာသို့ ရောက်သောအခါ လျန်ဖျောင့်ရွှယ်က ဝိုင်ခွက်ကို ကိုင်ပြီး ဝမ်ကျင်းကျင်းကို မြှောက်ပြကာ ရယ်မောရင်း ပြောလိုက်သည်။ "ကျင်းကျင်း... နောက်ကျ နင်က ကုန်းထျန်းဟောက်ရဲ့ ဇနီး၊ Imperial Palaceအုပ်စုရဲ့ ဥက္ကဌကတော် ဖြစ်လာဖို့ စောင့်နေလိုက်တော့။ ရှောင်လင်းယွီကတော့..."
ပြောရင်းနဲ့ မျက်နှာပေါ်မှာ အေးစက်တဲ့ အပြုံးတစ်ခု ပေါ်လာပြီး "ဟဟ... အဲဒီကျရင် သူမက စွန့်ပစ်ခံရတဲ့ မယားဟောင်း၊ နာမည်ဂုဏ်သတင်း ပျက်စီးပြီး စီးပွားရေးပါ ပျက်စီးသွားတဲ့ မိန်းမတစ်ယောက် ဖြစ်သွားမှာ၊ သေချာပေါက် နာကျင်ခံစားရမှာ"
လျန်ဖျောင့်ရွှယ် ပြောတာ ကြားတော့ ဝမ်ကျင်းကျင်း မျက်လုံးတွေ အရောင်တောက်လာပြီး မျက်နှာပေါ်မှာလည်း တုန်လှုပ်မှုတွေ ပေါ်လာတယ်။
ကုန်းထျန်းဟောက်က မြို့တော်ရဲ့ တကယ့် အိမ်ရှေ့မင်းသားလေး (သူဌေးသား) ဆိုတာ သိလိုက်ရကတည်းက သူမ ကုန်းထျန်းဟောက်နဲ့ ပြန်ပေါင်းထုတ်ချင်ခဲ့တာ။ အဲဒီတုန်းက သူမက နိုင်ငံခြား ထွက်ဖို့ ရွေးချယ်ပြီးပြီ။ ဒါပေမဲ့ နောက်ပိုင်း ကုန်းထျန်းဟောက်ရဲ့ အဆင့်အတန်းနဲ့ ကိုက်ညီဖို့၊ ကုန်းထျန်းဟောက် ဘေးနားမှာ နေနိုင်ဖို့အတွက် သူမ ကိုယ့်ကိုယ်ကိုယ် ရွှေရောင်လွှမ်းဖို့ လိုအပ်တယ်လို့ ထင်ခဲ့တယ်၊ ဒါကြောင့် ပြတ်ပြတ်သားသား နိုင်ငံခြားဆက်ထွက်ဖို့ ရွေးချယ်ခဲ့တာ။
နိုင်ငံခြား မထွက်ခင် သူမ ကုန်းထျန်းဟောက်ဆီ စာတစ်စောင်ထားခဲ့တယ်၊ သူမကို ၂ နှစ်လောက် စောင့်ပေးဖို့ မျှော်လင့်ကြောင်းပေါ့။
ဒါပေမဲ့ ကုန်းထျန်းဟောက်က အဲဒီစာကို မဖတ်ဘဲ လွှင့်ပစ်လိုက်တယ်။
ကုန်းထျန်းဟောက်အတွက်တော့ ဝမ်ကျင်းကျင်းက နိုင်ငံခြား ထွက်ဖို့အတွက် တခြားယောက်ျား တစ်ယောက်နဲ့ တွဲပြီး သူ့ကို သစ္စာဖောက်ခဲ့တာ၊ ဒါက သူ အမြဲတမ်းတခဲ့တဲ့ ပုံရိပ်ကို ချက်ချင်း ပြိုလဲသွားစေတယ်။
အမေအပေါ် လွမ်းဆွတ်မှုကို ဒီလို ဖောက်ပြန်တတ်တဲ့ မိန်းမတစ်ယောက်အပေါ် ပုံအောထားတာက သူ့အမေကို စော်ကားတာနဲ့ အတူတူပဲ၊ သဘာဝကျကျပဲ ဝမ်ကျင်းကျင်းအပေါ် ထားတဲ့ သံယောဇဉ်တွေ ချက်ချင်း ပျောက်ကွယ်သွားတယ်။ ထားခဲ့တဲ့ စာကို ကုန်းထျန်းဟောက် ဖတ်စရာအကြောင်း မရှိတော့ဘူး။
ဝမ်ကျင်းကျင်းက ကုန်းထျန်းဟောက် အဲဒီတုန်းက သူမကို ချဉ်းကပ်ခဲ့တဲ့ အဖြစ်မှန်ကို မသိခဲ့ဘူး၊ ကုန်းထျန်းဟောက်က သူမကို ချစ်တယ်၊ ဒါကြောင့် သူမ နိုင်ငံခြားထွက်သွားပြီးနောက်မှ အသေအလဲ အရက်သောက်ပြီး ဖြစ်ပျက်ခဲ့တာလို့ ထင်နေတာ။
ဒါကြောင့် တစ်ယောက်ယောက်က သူမကို လာရှာပြီး ကုန်းထျန်းဟောက်ကို ပြန်လည် ရယူပေးနိုင်တယ်လို့ ပြောလာတော့ သူမ ရင်ထဲမှာ လှုပ်ရှားပြီး ပျော်ရွှင်နေမိတယ်။
ကုန်းထျန်းဟောက် ဘေးနားက မိန်းမနေရာ၊ Imperial Palaceအုပ်စု ဥက္ကဌကတော်နဲ့ ကုန်းမိသားစု သခင်မကြီး နေရာက မူလကတည်းက သူမ ပိုင်ဆိုင်တာလေ။
ဒါကြောင့် သူမ ပြန်လည် ရယူတာက သဘာဝကျတယ် မဟုတ်လား။
***
စိုက်ပျိုးရေးနေရာလွတ်က ငါ့ကိုချမ်းသာလာစေတယ်
အခန်း ၉၈၆ ။ ကိုယ့်သေတွင်း ကိုယ်တူးခြင်း
ဟွမ်လင်းအုပ်စု ရုံးချုပ်တွင်...
မိုက်ကယ်သည် ရုံးခွဲအသီးသီးမှ တင်ပြလာသော စွမ်းဆောင်ရည် အစီရင်ခံစာများကို ကြည့်ပြီးနောက် မျက်နှာထား တင်းမာသွားသည်။ ထို့နောက် ချက်ချင်း ဒေါသတကြီး ပြောလိုက်သည်။ "ဒါ ဘယ်လို ဖြစ်တာလဲ။ ငါတို့ ဒီလောက် ကြိုးစားနေတာတောင် ဒီရုံးခွဲတွေရဲ့ အရောင်းပမာဏက ဘာလို့ ဆက်တိုက် ကျဆင်းနေတာလဲ။ ပြီးတော့ ဒီလောက် မြန်မြန်ဆန်ဆန် ကျဆင်းနေတာလား"
ဟွာရှ Green Freshအုပ်စုနဲ့ ရှောင်လင်းယွီ သတင်းတွေကို သူ အမြဲ ဂရုစိုက်နေပြီး သူ့လက်အောက်ငယ်သားတွေကလည်း အမြဲ အစီရင်ခံနေတာ။
သူ သိတာက ရှောင်လင်းယွီ အခု ဟွာရှမှာ နာမည်ပျက်နေပြီ၊ လူတိုင်း ဆဲဆိုနေကြတဲ့ မယားငယ် ဖြစ်နေပြီ၊ အားလုံးက ဝိုင်းပြစ်တင်နေကြပြီ၊ လူအများကြီးက ရုံးချုပ်ကို သွားပြီး ပြဿနာရှာနေလို့ ရှောင်လင်းယွီက ဆိုင်ခွဲတွေကို ပိတ်သိမ်းလိုက်ရတယ် ဆိုတာပဲ။
ရှောင်လင်းယွီ နာမည်ပျက်သွားပြီ ဆိုရင် သူမရဲ့ ကုမ္ပဏီ ပုံရိပ်လည်း သေချာပေါက် ကျဆင်းသွားပြီ။
ခရီးသွား အပန်းဖြေစခန်းပဲ ဖြစ်ဖြစ်၊ စူပါမားကတ် ဆိုင်ခွဲတွေပဲ ဖြစ်ဖြစ် အားလုံး ပိတ်ထားရတယ် ဆိုတော့ ကုန်ပစ္စည်းတွေ သေချာပေါက် ပုံနေမှာပဲ။
မြေပဲ၊ ပဲပိစပ် လိုမျိုး အထားခံတဲ့ ပစ္စည်းတွေက တော်သေးတယ်၊ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးတွေလို အလွယ်တကူ ပုပ်သိုးနိုင်တဲ့ ပစ္စည်းတွေ ဆိုရင် ပုံနေတာနဲ့ ပုပ်သိုးသွားမှာ၊ ပုပ်သိုးသွားရင် အရှုံးပေါ်ပြီပဲ။
Green Freshအုပ်စု တစ်နိုင်ငံလုံး ပိတ်သိမ်းလိုက်ရတာ ဆိုတော့ ပုံနေတဲ့ ကုန်ပစ္စည်းတွေ ဘယ်လောက် များမလဲ စဉ်းစားကြည့်ပါ၊ Green Freshအုပ်စု ဘယ်လောက် ရှုံးမလဲ မသိဘူး၊ မကြာခင် ဒေဝါလီခံရမယ့် နေ့ရက်တွေ ရောက်လာတော့မယ်လို့ ယုံကြည်တယ်။
Green Freshအုပ်စု ဒေဝါလီခံလိုက်ရရင် သူတို့ ဟွမ်လင်းအုပ်စုရဲ့ စီးပွားရေးက သဘာဝကျကျပဲ ပုံမှန် ပြန်ဖြစ်သွားမှာပေါ့။
ဒါပေမဲ့ မိုက်ကယ် လုံးဝ ထင်မှတ်မထားတာက နိုင်ငံအသီးသီးက ရုံးခွဲတွေရဲ့ အရောင်းပမာဏက ဆက်တိုက် ကျဆင်းနေတာပဲ။
"ဒါ ဘယ်လို ဖြစ်တာလဲ" မိုက်ကယ် ထပ်မံ ဒေါသတကြီး အော်ဟစ်မေးမြန်းလိုက်သည်။
သူ့ရင်ထဲမှာ ဒေါသထွက်နေသလို စိတ်လည်း ပူနေတယ်၊ ဒါက သူ မျှော်လင့်ထားတာနဲ့ လုံးဝ ကွဲလွဲနေတယ်။
ဘယ်နေရာမှာ မှားနေလဲ မသိဘူး၊ အခု သူက ပြဿနာ ဘယ်မှာ ရှိလဲ ဆိုတာ အမြန် ရှာဖွေချင်နေတယ်။
Green Freshအုပ်စု စီးပွားရေး လုယူနေတဲ့ ပြဿနာကို မဖြေရှင်းနိုင်ရင် ဟွမ်လင်းအုပ်စုရဲ့ နိုင်ငံတကာ နံပါတ်တစ် အမှတ်တံဆိပ် ဂုဏ်ပုဒ်က ဒုတိယတန်းစား အမှတ်တံဆိပ်ကုမ္ပဏီအဖြစ် ကျဆင်းသွားတော့မယ် ဆိုတာ သူ ကောင်းကောင်း သိတယ်။
မိုက်ကယ်ရဲ့ ပြင်းထန်တဲ့ မေးခွန်းထုတ်မှုကို ကြားရတော့ ရုံးခွဲ ဥက္ကဌတွေက တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး အခြေအနေ မကောင်းဘူးလို့ ခံစားလိုက်ရတယ်။
R နိုင်ငံ ရုံးခွဲ ဥက္ကဌက ရှေ့ထွက်ပြီး ခေါင်းမာမာနဲ့ ပြောလိုက်သည်။ "မစ္စတာ မိုက်ကယ်... Green Freshအုပ်စုက ကျွန်တော်တို့ စီးပွားရေးကို အရမ်း လုယူနေပါတယ်"
ပထမတစ်ယောက် ပြောပြီးတာနဲ့ နောက်ထပ် ရုံးခွဲ ဥက္ကဌ တချို့ကလည်း ဆက်ပြောကြသည်။ "မစ္စတာ မိုက်ကယ်... အရမ်း ထူးဆန်းတယ်၊ Green Freshအုပ်စု ပေါ်လာတာနဲ့ ကျွန်တော်တို့ အဆင့်မြင့် ဈေးကွက်က ထိခိုက်မှု ကြီးမားသွားတယ်၊ ပြီးတော့ အဲဒီ ထိပ်တန်း အထက်တန်းလွှာ မိသားစုတွေက Green Freshအုပ်စုနဲ့ ပူးပေါင်းဆောင်ရွက်မှု စာချုပ် ချက်ချင်း ချုပ်ဆိုလိုက်ကြတယ်"
"ကျွန်တော်တို့ အကုန်လုံး ဒီပြဿနာ ကြုံနေရပါတယ်"
"ကျွန်တော်တို့ရဲ့ လက်ရှိ အဆင့်မြင့် ဈေးကွက်ကို Green Freshအုပ်စုက ၇၀၊ ၈၀ ရာခိုင်နှုန်းလောက် လုယူသွားပြီ၊ ကျွန်တော်တို့ အခု လုပ်လို့ရတဲ့ စီးပွားရေးက အလယ်အလတ်နဲ့ အောက်ခြေ ဈေးကွက်ပဲ ကျန်တော့တယ်"
...
လက်အောက်ငယ်သားတွေ တစ်ယောက်တစ်ပေါက် အစီရင်ခံတာကို နားထောင်ပြီး မိုက်ကယ် နဖူးက သွေးကြောတွေ ထောင်ထလာတယ်၊ နားပိတ်ထားချင်တယ်၊ ဒါမှမဟုတ် သူတို့ကို တစ်ယောက် တစ်ချက် ပါးရိုက်ချင်စိတ် ပေါက်လာတယ်။
ရုံးချုပ်က အောက်က ရုံးခွဲတွေရဲ့ စီးပွားရေးအတွက် Green Freshအုပ်စုနဲ့ ရှောင်လင်းယွီကို တိုက်ခိုက်နေတာ။
အခု ရှောင်လင်းယွီနဲ့ Green Freshအုပ်စုရဲ့ အခြေအနေက သူတို့ မြင်ချင်တဲ့ အခြေအနေပဲ။
ဒါပေမဲ့ သူတို့ ရုံးခွဲတွေရဲ့ စီးပွားရေးက ဆက်လက် ကျဆင်းနေတုန်းပဲ၊ သူတို့ မြင်ချင်တဲ့ အခြေအနေ လုံးဝ မဟုတ်ဘူး။
"တော်ကြတော့... တော်ကြတော့... အကုန်လုံး ပါးစပ်ပိတ်ထားကြ" မိုက်ကယ် ဒေါသတကြီး အော်ဟစ်လိုက်သည်။
ရုံးခွဲ ဥက္ကဌများ ချက်ချင်း ပါးစပ်ပိတ်သွားကြသည်။
သူတို့က အခြေအနေမှန်ကို အစီရင်ခံတာပါ၊ စီးပွားရေး မကောင်းဘူး၊ စွမ်းဆောင်ရည် ကျဆင်းနေတယ် ဆိုရင် မိုက်ကယ် ဒေါသထွက်မှာ သေချာပါတယ်။
"မင်းတို့ အသုံးမကျတဲ့ ကောင်တွေ" မိုက်ကယ် ဆဲဆိုလိုက်သည်။ "မင်းတို့က တာဝန်လွှဲချဖို့ပဲ သိတယ်၊ ကိုယ့်ကိုယ်ကိုယ် ပြဿနာ ပြန်မရှာတတ်ဘူး။ Green Freshအုပ်စုက ငါတို့ စီးပွားရေးကို လုယူတယ် ဆိုရင် ငါတို့က သူတို့ စီးပွားရေးကို ပြန်မလုတတ်ဘူးလား"
သူ့စကားဆုံးသည်နှင့် ရုံးခွဲ ဥက္ကဌ တစ်ယောက်က ချက်ချင်း ဝမ်းနည်းသလို ပြောလိုက်သည်။ "ဒါပေမဲ့ Green Freshအုပ်စု စီးပွားရေး အားလုံးက ကျွန်တော်တို့ဆီက လုယူသွားတာလေ။ ကျွန်တော်တို့က ဒီဖောက်သည်တွေကို ဆွဲထားနိုင်ရင် Green Freshအုပ်စုက လုယူနိုင်ပါ့မလား"
သူ့စကားဆုံးသည်နှင့် အစည်းအဝေး ခန်းမ တစ်ခုလုံး တိတ်ဆိတ်သွားသည်။
မှန်ပါတယ်... Green Freshအုပ်စု စီးပွားရေး အားလုံးက ဟွမ်လင်းအုပ်စု လက်ထဲက လုယူသွားတာချည်းပဲ။
မိုက်ကယ်ရဲ့ ကြည့်ရဆိုးနေတဲ့ မျက်နှာထားက ပိုဆိုးရွားလာသည်။
သူက စူးရှသော မျက်လုံးများဖြင့် စကားပြောသူကို စိုက်ကြည့်ကာ ဒေါသတကြီး ပြောလိုက်သည်။ "ဒါဆို ဘာဖြစ်လဲ။ စီးပွားရေးလောကမှာ ကိုယ့်အရည်အချင်းနဲ့ကိုယ် ယှဉ်ပြိုင်ရတာပဲ။ မင်းတို့ ကုမ္ပဏီ စီးပွားရေး၊ မင်းတို့ လက်ထဲက ဖောက်သည်တွေကို ကိုယ်တိုင် မထိန်းသိမ်းနိုင်ဘဲ သူများ လုယူသွားတာ ခံရတယ် ဆိုတာ မင်းတို့ အရည်အချင်း ညံ့ဖျင်းလို့ပဲ။ ကိုယ့်အရည်အချင်း မပြည့်မီဘဲ အခု ဒီမှာ လာညည်းညူနေရဲသေးတယ်၊ ဘယ်သူက မင်းတို့ကို သတ္တိပေးလိုက်တာလဲ"
မိုက်ကယ်က ဒီလောက် နားထောင်ရခက်တဲ့ စကားတွေ ပြောလိုက်တော့ ရုံးခွဲ ဥက္ကဌတွေ မျက်နှာထား ချက်ချင်း ပျက်ယွင်းသွားတယ်၊ နီလိုက် ပြာလိုက်၊ ဒေါသထွက်လိုက် ရှက်လိုက် ဖြစ်နေတယ်။
တစ်ယောက်က တိုက်ရိုက် မတ်တတ်ရပ်လိုက်ပြီး ဒေါသမျက်နှာထားဖြင့် လေးနက်စွာ ပြောလိုက်သည်။ "မစ္စတာ မိုက်ကယ်... ခင်ဗျား ဒီလိုပြောတာကို ကျွန်တော်တို့ လက်မခံနိုင်ပါဘူး။ ဒါ ကျွန်တော်တို့ အရည်အချင်းကြောင့် လုံးဝ မဟုတ်ပါဘူး၊ ကုန်ပစ္စည်းအရည်အသွေးကြောင့်ပါ။
Green Freshအုပ်စုက စီးပွားရေး လုယူတာ တစ်ခု၊ နှစ်ခု လုယူတာ မဟုတ်ဘူး၊ Green Freshအုပ်စု ရောက်တဲ့ နေရာတိုင်းမှာ ဟွမ်လင်းအုပ်စု စီးပွားရေး သေချာပေါက် အလုခံရတယ်၊ ဒါ ငြင်းလို့မရတဲ့ အမှန်တရားပဲ။ စီးပွားရေး တစ်ခု၊ နှစ်ခုလောက်ပဲ အလုခံရရင် အရည်အချင်းကို မေးခွန်းထုတ်တာ ကျွန်တော် လက်ခံနိုင်ပါတယ်။ အခု ပြဿနာက ရုံးခွဲအားလုံးရဲ့ စီးပွားရေး အလုခံနေရတာ၊ ဒါ ရုံးချုပ်ရဲ့ ပြဿနာပဲ"
ဒီရုံးခွဲ ဥက္ကဌတွေ တကယ် စိတ်ပျက်နေကြတာ။
အရင်တုန်းက ဟွမ်လင်းအုပ်စုက နှစ်တစ်ရာ ဂုဏ်သတင်းနဲ့ နိုင်ငံတကာ နံပါတ်တစ် အမှတ်တံဆိပ် ဂုဏ်ပုဒ်ကို အားကိုးပြီး ဘယ်နေရာသွားသွား ခေါင်းမော့ရင်ကော့ သွားနိုင်ခဲ့တယ်၊ ထိပ်တန်း အထက်တန်းလွှာတွေက သူတို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အပြေးအလွှား လာခဲ့ကြတယ်၊ စီးပွားရေး အနည်းအများနဲ့ အရောင်းပမာဏ ကိစ္စတွေကို သူတို့ ပူပန်စရာ မလိုခဲ့ဘူး။
ဒါပေမဲ့ အခုတော့ Green Freshအုပ်စု ပေါ်လာကတည်းက သူတို့က ဖောက်သည်ဟောင်းတွေကို ပူးပေါင်းဆောင်ရွက်မှု မဖြတ်တောက်ဖို့ တောင်းပန်အသနားခံနေရတယ်၊ ဒါပေမဲ့ အသုံးမဝင်ဘူး။
ဖြတ်တောက်ချင်တာ ဖြတ်တောက်သွားကြတာပဲ၊ အခု လက်ရှိ ဖောက်သည်တွေနဲ့ စီးပွားရေးကို ထိန်းထားနိုင်တာက Green Freshအုပ်စု လုမယူနိုင်လို့ မဟုတ်ဘူး၊ Green Freshအုပ်စုမှာ ကုန်ပစ္စည်း အရင်းအမြစ် ဒီလောက် မရှိလို့၊ ဖောက်သည် ဒီလောက် မလိုအပ်လို့ပဲ။
နောက်ထပ် ရုံးခွဲ ဥက္ကဌ တစ်ယောက်ကလည်း မတ်တတ်ရပ်ပြီး ဒေါသတကြီးနဲ့ သံသယ ဖြစ်နေသလို ပြောလိုက်သည်။ "အရင်တုန်းက Green Freshအုပ်စုက ကျွန်တော်တို့ စီးပွားရေးကို လုယူတာ အဆင့်မြင့် ဈေးကွက်ကိုပဲ ယှဉ်ပြိုင်တာ၊ သူတို့ ကုန်ပစ္စည်း အရင်းအမြစ် အကန့်အသတ် ရှိတယ်လို့ ကြားတယ်၊ ကျွန်တော်တို့ ဆုံးရှုံးမှုကြီးမားပေမဲ့ အနည်းဆုံးတော့ အလယ်အလတ် ဈေးကွက်နဲ့ အဆင့်မြင့် ဈေးကွက် ဖောက်သည်တချို့ကို ထိန်းထားနိုင်သေးတယ်။
ဒါပေမဲ့ ပြီးခဲ့တဲ့အပတ်ကစပြီး ဘာဖြစ်သွားမှန်း မသိဘူး၊ ကုန်ပစ္စည်း အရင်းအမြစ် အမြဲရှားပါးနေတဲ့ Green Freshအုပ်စုက ကုန်ပစ္စည်း ထောက်ပံ့မှုကို တိုးမြှင့်လိုက်တယ်၊ အဆင့်မြင့် ဈေးကွက် ဖောက်သည် အများစုကို လုယူသွားရုံမက အလယ်အလတ် ဈေးကွက် ဖောက်သည်တွေကိုပါ လုယူနေပြီ။
ဒါကြောင့် ကျွန်တော်တို့ ဟွမ်လင်းအုပ်စုရဲ့ စီးပွားရေးက မျဉ်းဖြောင့်အတိုင်း ထိုးကျနေတာပဲ"
"မင်း စောစောက ဘာပြောလိုက်လဲ။ Green Freshအုပ်စုက ကုန်ပစ္စည်း အရင်းအမြစ် အမြဲ ရှားပါးနေလို့ ငါတို့နဲ့ အဆင့်မြင့် ဈေးကွက်ပဲ ယှဉ်ပြိုင်တာ ဟုတ်လား" မိုက်ကယ် ဒီစကားကို မေးလိုက်တဲ့ အချိန်မှာ ရင်ထဲမှာ မကောင်းတဲ့ ခံစားချက်တစ်ခု ရုတ်တရက် ပေါ်လာတယ်။
"ဟုတ်တယ်" Y နိုင်ငံ ကုမ္ပဏီ ဥက္ကဌက သံသယဖြင့် ခေါင်းညိတ်လိုက်သည်။
မိုက်ကယ်က တခြားသူတွေကို ကြည့်ပြီး ထပ်မေးလိုက်သည်။ "မင်းတို့ဘက်ကရော"
တခြား ရုံးခွဲ ဥက္ကဌတွေလည်း ခေါင်းညိတ်လိုက်ကြသည်။ "အတူတူပါပဲ"
ထို့နောက် တစ်ယောက်က ပြောလိုက်သည်။ "မင်ဝေ ပြောသလိုပဲ၊ ပြီးခဲ့တဲ့ အပတ်က စပြီး Green Freshအုပ်စုက ကုန်ပစ္စည်း အရင်းအမြစ်ကို ရုတ်တရက် တိုးမြှင့်လိုက်တယ်၊ ကုန်ပစ္စည်း အလုံအလောက်ရှိလာပြီးနောက် ကျွန်တော်တို့ အလယ်အလတ် ဈေးကွက်ပါ ခြိမ်းခြောက်ခံလာရတယ်။ အခု ကျွန်တော်တို့ အဆင့်မြင့် ဈေးကွက် ဆုံးရှုံးရုံတင် မကဘူး၊ အလယ်အလတ် ဈေးကွက်ပါ ဆုံးရှုံးရတော့မယ် ထင်တယ်"
သူတို့ ပြောတာ ကြားတော့ မိုက်ကယ် မျက်လုံးအိမ် ကျဉ်းမြောင်းသွားပြီး စိတ်လောကြီးစွာ မေးလိုက်သည်။ "ပြီးခဲ့တဲ့ အပတ်က စတာ သေချာလား"
ပြီးခဲ့တဲ့ အပတ် ဆိုတာ Green Freshအုပ်စု တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ စူပါမားကတ်တွေ ပိတ်သိမ်းလိုက်တဲ့ အချိန် မဟုတ်ဘူးလား။
အရင်တုန်းက Green Freshအုပ်စု တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဆိုင်ခွဲတွေ ပိတ်သိမ်းလိုက်လို့ ကုန်ပစ္စည်းတွေ ပုံနေမှာ သေချာတယ်၊ ကုန်ပစ္စည်းတွေ ပုံနေရင် ဆုံးရှုံးမှု ကြီးမားမှာ၊ အထူးသဖြင့် ဟင်းသီးဟင်းရွက်နဲ့ သစ်သီးတွေလို အထားမခံ၊ အလွယ်တကူ ပုပ်သိုးတဲ့ ပစ္စည်းတွေ ဆိုရင် ပိုဆိုးမှာလို့ သူ တွေးပြီး ဝမ်းသာအားရ ဖြစ်နေခဲ့တာ။
မိုက်ကယ်ရဲ့ လေသံ မူမမှန်တာ ကြားတော့ ရုံးခွဲ ဥက္ကဌတွေ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး မိုက်ကယ် ဘာသံသယ ဖြစ်နေလဲ မသိကြဘူး။
အားလုံးက တညီတညွတ်တည်း ခေါင်းညိတ်လိုက်ကြသည်။ "ကျွန်တော်တို့ သေချာပါတယ်၊ ပြီးခဲ့တဲ့ အပတ်က စပြီး Green Freshအုပ်စုက ကုန်ပစ္စည်းအရင်းအမြစ် ရုတ်တရက် တိုးမြှင့်လိုက်တာ၊ ကုန်ပစ္စည်း အလုံအလောက်ရှိလာပြီးနောက်မှာ ကျွန်တော်တို့ အလယ်အလတ် ဈေးကွက်ပါ ခြိမ်းခြောက်ခံလာရတာပါ"
သူတို့ အဖြေကို ကြားတော့ မိုက်ကယ် ထိုးနှက်ချက် ပြင်းပြင်းထန်ထန် ခံလိုက်ရသလို ကုလားထိုင်ပေါ် ပြန်ထိုင်ချလိုက်တယ်၊ မျက်နှာပေါ်က အမူအရာတွေက အမျိုးမျိုး ပြောင်းလဲနေပြီး ပြောမပြတတ်အောင် ဖြစ်နေတယ်။
"ဒီလို ဖြစ်နေတာလား"
သူ အခုမှ သဘောပေါက်သွားတယ်။
မိုက်ကယ် စိတ်ပျက်လက်ပျက် ဖြစ်နေတာ မြင်တော့ ရုံးခွဲ ဥက္ကဌတွေ ပိုပြီး သံသယ ဖြစ်သွားကြတယ်။
မစ္စတာ မိုက်ကယ် ဘာဖြစ်သွားတာလဲ။ ရုတ်တရက်ကြီး ထိုးနှက်ချက် ကြီးကြီးမားမား ခံလိုက်ရသလို ဖြစ်သွားတာ။
ဒါပေမဲ့ စောစောက ကောင်းကောင်းမွန်မွန် ရှိနေတာလေ၊ ဘာလို့ ရုတ်တရက်ကြီး ထိုးနှက်ချက် ကြီးကြီးမားမား ခံလိုက်ရတာလဲ။
ထို့နောက် တစ်ယောက်က သတိထားပြီး မေးလိုက်သည်။ "မစ္စတာ မိုက်ကယ်... အဆင်ပြေရဲ့လား"
မိုက်ကယ် ဘာမှ မပြောဘဲ မေးခွန်းမေးသူကို အေးစက်စွာ ကြည့်လိုက်ပြီး လက်ကာပြကာ ပြောလိုက်သည်။ "ငါ ဘာမှ မဖြစ်ဘူး၊ မင်းတို့ အခု ထွက်သွားကြတော့၊ ငါ တစ်ယောက်တည်း အေးဆေး နေချင်တယ်"
မိုက်ကယ် စကားကြားတော့ လက်အောက်ငယ်သားတွေ ပိုပြီး ထူးဆန်းသလို၊ သံသယ ဖြစ်သလို ခံစားလိုက်ရတယ်။
မိုက်ကယ်က စကားပြောရ လွယ်ကူတဲ့ အထက်လူကြီးလို့ သူတို့ ဘယ်တုန်းကမှ မထင်ခဲ့ဘူး၊ ဒါပေမဲ့ အခု ဘာလို့ ရုတ်တရက်ကြီး စကားပြောရ လွယ်ကူသွားတာလဲ။
အဓိကက သူ့ပုံစံကို ကြည့်ရတာ ထိုးနှက်ချက် ကြီးကြီးမားမား ခံထားရသလိုပဲ။
အခု ပြဿနာက စောစောက သူတို့ စကားပြောတုန်းက ကောင်းကောင်းမွန်မွန် ရှိနေတာ၊ ဘာလို့ ရုတ်တရက်ကြီး ထိုးနှက်ချက် ကြီးကြီးမားမား ခံလိုက်ရတာလဲ။
သူတို့ သံသယ ရှိပေမဲ့ မိုက်ကယ် ဖြေမှာ မဟုတ်ဘူး ဆိုတာ သေချာနေတော့ သံသယတွေနဲ့ပဲ ထွက်ခွာသွားကြတယ်။
ဒီလူတွေ ထွက်သွားတာနဲ့ မိုက်ကယ် မျက်နှာပေါ်က သွေးကြောတွေ ထောင်ထလာပြီး တွားသွားနေတဲ့ သန်ကောင်တွေလို ကြောက်စရာကောင်းလာတယ်။
သူ ဒေါသထွက်လွန်းလို့ မျက်နှာ တစ်ခုလုံး တွန့်လိမ်နေပြီး လက်နှစ်ဖက်က ကုလားထိုင် လက်တန်းကို တင်းတင်းဆုပ်ကိုင်ထားရာ လက်ချောင်းတွေ သားရေထဲ နစ်ဝင်နေပြီး လက်သည်းထိပ်တွေ ဖြူဖျော့နေတယ်။
ခဏကြာတော့ သူ ဒေါသတကြီး ဆဲဆိုလိုက်သည်။ "သောက်ကျိုးနည်း... ခွေးကောင်..." ဆဲဆိုသံတွေ ဆက်တိုက် ထွက်ပေါ်လာပေမဲ့ ရုံးခန်းထဲမှာ ဘယ်သူမှ မရှိတော့ သူ ဘယ်သူ့ကို ဆဲနေလဲ မသိရဘူး။
ဒါပေမဲ့ ပါးစပ်နဲ့ ဆဲရုံနဲ့ မကျေနပ်နိုင်ဘဲ ရုတ်တရက် မတ်တတ်ရပ်ကာ ရုံးခန်းစားပွဲပေါ်က အသစ်လဲထားတဲ့ လက်ဖက်ရည်အိုးအစုံ၊ တယ်လီဖုန်းနဲ့ ပုံထားတဲ့ ဖိုင်တွေကို အကုန်လုံး မြေကြီးပေါ် တွန်းချပစ်လိုက်တယ်။
ဒုန်း...
ခွမ်း...
ဘုန်း...
ပစ္စည်းတွေ ကွဲကြေ ပျက်စီးသံတွေ ထွက်ပေါ်လာတယ်။
…..
အဝေးမရောက်သေးတဲ့ လက်အောက်ငယ်သားတွေ အထဲက အသံကို ကြားတော့ စိတ်ထဲမှာ ပိုထူးဆန်းသွားတယ်။
သူတို့ တိုးတိုးတိတ်တိတ် ပြောလိုက်ကြသည်။ "မိုက်ကယ်က ဒေါသကြီး ထပ်ထွက်နေပြန်ပြီ၊ ထူးဆန်းတာက ဒီတစ်ခေါက် ဒေါသထွက်တာ ဘယ်သူ့ကိုမှ မရည်ရွယ်ဘူး" သူတို့ကို ရှောင်ရှားလိုက်တာ။
"ဟုတ်တယ်... ငါတို့ကို ရှောင်လိုက်တာ၊ မင်းတို့ ထူးဆန်းတယ်လို့ မထင်ဘူးလား"
"အင်း... ငါ ထူးဆန်းတယ်လို့ ထင်တယ်။ အရင်တုန်းက မိုက်ကယ် ရုတ်တရက် ငါတို့ကို ထွက်သွားခိုင်းတုန်းက ငါ ထူးဆန်းတယ် ထင်ခဲ့တာ။ အခု ငါတို့ကို ရှောင်ပြီး ရုံးခန်းထဲမှာ တစ်ယောက်တည်း ဒေါသကြီး ထွက်နေတော့ ပိုပြီး ထူးဆန်းတယ်လို့ ထင်တယ်"
"ဒါပေမဲ့ မိုက်ကယ်က ဘာလို့ ရုတ်တရက်ကြီး ဒီလောက် ထူးဆန်းသွားရတာလဲ" တစ်ယောက်က သံသယဖြင့် မေးလိုက်သည်။ "စောစောက ငါတို့ကို ဒေါသတကြီး အော်ဟစ်နေသေးတာလေ"
"ဪ... ဟုတ်သားပဲ၊ ငါ သတိရပြီ။ မိုက်ကယ်က ငါတို့ကို Green Freshအုပ်စု ဘယ်အချိန် ကုန်ပစ္စည်း အရင်းအမြစ် တိုးမြှင့်လိုက်လဲ မေးတုန်းက ထင်တယ်။ ငါတို့က ပြီးခဲ့တဲ့ အပတ်လို့ ဖြေလိုက်တယ်။ သူ ပြီးခဲ့တဲ့ အပတ်လို့ ကြားတာနဲ့ မျက်နှာထား ချက်ချင်း ပြောင်းလဲသွားတာပဲ"
"အင်း... ဟုတ်လောက်တယ်။ သူ 'ပြီးခဲ့တဲ့ အပတ်' ဆိုတဲ့ စကားလုံး ကြားတာနဲ့ မျက်နှာထား မမှန်တော့ဘူး"
"ဒါ ထူးဆန်းတာပဲ။ ပြီးခဲ့တဲ့ အပတ် ဆိုတဲ့ အချိန်က ဘာမှားနေလို့လဲ"
"ဘယ်သူ သိမှာလဲ" တစ်ယောက်က ပခုံးတွန့်လိုက်ပြီး စိတ်ဝင်တစား ပြောလိုက်သည်။ "ပြီးခဲ့တဲ့ အပတ်က Green Freshအုပ်စု ရုတ်တရက် ကုန်ပစ္စည်း အရင်းအမြစ် တိုးမြှင့်လိုက်ပြီး ငါတို့နဲ့ အလယ်အလတ် ဈေးကွက်ကို စတင် ယှဉ်ပြိုင်လာတာလေ"
ဤနေရာသို့ ရောက်သောအခါ ထိုလူက သံသယဖြင့် ပြောလိုက်သည်။ "Green Freshအုပ်စုက ကုန်ပစ္စည်း အရင်းအမြစ် အမြဲ နည်းပါးတယ်လို့ ကြားထားတာ မဟုတ်ဘူးလား။ ဘာလို့ ပြီးခဲ့တဲ့ အပတ်က ရုတ်တရက် ကုန်ပစ္စည်း အရင်းအမြစ် တိုးမြှင့်လာရတာလဲ"
"ဟုတ်တယ်... ငါလည်း နည်းနည်း ထူးဆန်းတယ်လို့ ထင်တယ်။ Green Freshအုပ်စုက အစတုန်းက အဆင့်မြင့် ဈေးကွက်ကိုပဲ သွားနေတာလို့ ကြားထားတာ၊ ဘာလို့ ရုတ်တရက်ကြီး ငါတို့နဲ့ အလယ်အလတ် ဈေးကွက်ကို လာယှဉ်ပြိုင်ရတာလဲ"
...
အပြင်က လက်အောက်ငယ်သားတွေ ဘယ်လိုပဲ ခန့်မှန်းနေပါစေ၊ မိုက်ကယ်က ရုံးခန်းထဲမှာ ထပ်မံ ရမ်းကားနေပြန်တယ်။
သူ လုံးဝ ထင်မှတ်မထားတာက သူ ထင်ထားတဲ့ ပြီးပြည့်စုံတဲ့ အစီအစဉ်က သူတို့အတွက် ဒီလောက် ဆိုးကျိုးကြီး ဖြစ်လာမယ် ဆိုတာပါပဲ။
သူ ကိုယ့်သေတွင်း ကိုယ်တူးမိလိုက်ပြီ။
မိုက်ကယ် အရမ်း နောင်တရနေမိလေသည်။
***