အခန်း (၉၈၇-၉၈၈)
Vol. 61 Ch. 987-988
အခန်း ၉၈၇ ။ စီမံကိန်းကို မဖြစ်မနေ ရပ်ဆိုင်းရမည်
ရှောင်လင်းယွီကို နာမည်ပျက်စေပြီး Green Freshအုပ်စုကို အကြီးအကျယ် ထိခိုက်စေရန် စီစဉ်ထားသော မိုက်ကယ်၏ ပြီးပြည့်စုံသည်ဟု ထင်ထားသော အစီအစဉ်သည် ယခုအချိန်တွင် ရယ်စရာ ဖြစ်နေသည်။
မှန်ပါသည်... ရှောင်လင်းယွီ နာမည်ပျက်သွားသဖြင့် Green Freshအုပ်စုပါ လိုက်ပါ ထိခိုက်ခဲ့ပြီး ပြင်းထန်သော အခြေအနေကို ရင်ဆိုင်နေရကာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အပန်းဖြေစခန်းများနှင့် ဆိုင်ခွဲများကို ပိတ်သိမ်းခဲ့ရသည်။
ဒါပေမဲ့ ပြဿနာက သူမ ပိတ်သိမ်းလိုက်တဲ့ ဆိုင်ခွဲတွေက ဟွာရှ ပြည်တွင်းက ဆိုင်ခွဲတွေပဲ။ နိုင်ငံခြား ရုံးခွဲတွေကတော့ ပြည်တွင်းက ကောလဟာလတွေနဲ့ မသက်ဆိုင်လို့ ပိတ်သိမ်းစရာ မလိုပါဘူး။
အရင်တုန်းက သူ ထင်ခဲ့တာက ရှောင်လင်းယွီ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဆိုင်ခွဲတွေ ပိတ်လိုက်ရင် ကုန်ပစ္စည်းတွေ ပုံနေမှာ သေချာတယ်၊ အထားမခံတဲ့ ပစ္စည်းတွေ ဆိုရင် အရှုံးပေါ်မှာ သေချာတယ်လို့ ထင်ခဲ့တာ။
ဒါပေမဲ့ သူများက လှည့်ထွက်ပြီး ပုံနေတဲ့ ပစ္စည်းတွေ အကုန်လုံးကို ကမ္ဘာအနှံ့က ရုံးခွဲတွေဆီ ပို့လိုက်တယ်။
ဒီလိုဆိုရင် ဘယ်မှာ ကုန်ပစ္စည်း ပုံနေဦးမှာလဲ။
ကုန်ပစ္စည်း ပုံနေတာက သူတို့ ဟွမ်လင်းအုပ်စုရဲ့ ဒေသအသီးသီးက ရုံးခွဲတွေ ဖြစ်နေတယ်။ ပြောင်းပြန် ဖြစ်နေတာက သူတို့ ဟွမ်လင်းအုပ်စုက ဟွာရှမှာ ရုံးခွဲ မရှိတော့တာပဲ။
အရင်တုန်းက Green Freshအုပ်စုရဲ့ ကုန်ပစ္စည်း ရောင်းချမှု လမ်းကြောင်းက အဆင့်မြင့် ဇိမ်ခံလမ်းကြောင်းပဲ ဖြစ်လို့ ဟွမ်လင်းအုပ်စုရဲ့ အဆင့်မြင့် ဈေးကွက် အများစုကို လုယူသွားခဲ့တယ်၊ ဆုံးရှုံးမှုလည်း ကြီးမားခဲ့တယ်။ ဒါပေမဲ့ သူတို့က အလယ်အလတ် ဈေးကွက်ကို အများစု သိမ်းပိုက်ထားနိုင်လို့ ဟွမ်လင်းအုပ်စု အနေနဲ့ ဆုံးရှုံးမှု သိပ်မကြီးမားခဲ့ဘူး။
ဒါပေမဲ့ အခုတော့ Green Freshအုပ်စုက အလယ်အလတ် ဈေးကွက်ကိုပါ လိုက်လုနေပြီ၊ သူ့အတွေ့အကြုံအရ ဆိုရင် သူတို့မှာ ထိန်းထားနိုင်တဲ့ အားသာချက် ဘာရှိဦးမလဲ၊ စီးပွားရေး အလုခံရမှာ သေချာတယ်။
သူ စုံစမ်းရသလောက် ဆိုရင် Green Freshအုပ်စု ကုန်ပစ္စည်းတွေက ပြည်တွင်းမှာ ရောင်းချရင် သာမန် လမ်းကြောင်းပဲ သွားတယ်၊ ဒါပေမဲ့ နိုင်ငံခြား အဆင့်မြင့် ဈေးကွက်မှာ ရောင်းချရင် ဈေးနှုန်းက မယုံနိုင်လောက်အောင် ကြီးမြင့်တယ်။
ဟုတ်ပါတယ်... ဇိမ်ခံဈေးကွက်က ပစ္စည်းတွေရဲ့ ဈေးနှုန်းနဲ့ တန်ဖိုးက အထက်တန်းလွှာတွေနဲ့ ကိုက်ညီရမှာပေါ့။ ဟွမ်လင်းအုပ်စုရဲ့ အဆင့်မြင့် ဈေးကွက်က ပစ္စည်း ဈေးနှုန်းတွေကလည်း မလျော့ပါဘူး။
ဒါပေမဲ့ Green Freshအုပ်စုက ဟွမ်လင်းအုပ်စုနဲ့ အဆင့်မြင့် ဈေးကွက် ယှဉ်ပြိုင်တဲ့အခါ ဈေးနှုန်းနဲ့ ယှဉ်တာ မဟုတ်ဘူး၊ ပြောင်းပြန် အနေနဲ့ သူတို့ ပစ္စည်း ဈေးနှုန်းက ဟွမ်လင်းအုပ်စု ပစ္စည်း ဈေးနှုန်းထက် ပိုမြင့်တယ်၊ ဒါပေမဲ့ သူတို့ ပစ္စည်းတွေက အထက်တန်းလွှာတွေရဲ့ နှစ်သက်မှုကို ပိုရရှိထားတယ်၊ သဘာဝကျကျပဲ ဟွမ်လင်းအုပ်စုမှာ အားသာချက် မရှိတော့ဘူး။
ဒါကြောင့် အဆင့်မြင့် ဈေးကွက် အလုခံလိုက်ရပြီး ဟွမ်လင်းအုပ်စု ဆုံးရှုံးမှု ကြီးမားလာလို့ ရုံးချုပ်က မိုက်ကယ်က ရှောင်လင်းယွီနဲ့ Green Freshအုပ်စုကို ဖြိုချချင်ခဲ့တာ။
Green Freshအုပ်စုကို ဖြိုချနိုင်မှသာ ဟွမ်လင်းအုပ်စုက အဆင့်မြင့် ဈေးကွက်ကို ပြန်လည် ရယူနိုင်ပြီး ပြန်လည် ထွန်းတောက်လာနိုင်မှာ။
အခု ဟွာရှကနေ သူ ရရှိတဲ့ သတင်းကောင်းက ရှောင်လင်းယွီ နာမည်ပျက်လုနီးပါး ဖြစ်နေပြီ၊ Green Freshအုပ်စု ထိခိုက်မှု ကြီးမားတယ်၊ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဆိုင်ခွဲတွေ ပိတ်ထားရတယ်၊ ဒီအတိုင်း ဆက်သွားရင် Green Freshအုပ်စု ဒေဝါလီခံရဖို့ မဝေးတော့ဘူး ဆိုတာပါပဲ။
ဒါပေမဲ့ သူ ထည့်မတွက်မိတာက Green Freshအုပ်စုက ဟွာရှ ဆိုင်ခွဲတွေ ပိတ်ထားပေမဲ့ နိုင်ငံခြား ရုံးခွဲတွေကရော...
ဒီရုံးခွဲတွေက ပြည်တွင်းက ကောလဟာလတွေနဲ့ မသက်ဆိုင်ဘူး၊ လည်ပတ်မြဲ လည်ပတ်နေတုန်းပဲ၊ မဟုတ်ပါဘူး... ပိုတောင် တိုးချဲ့လာသေးတယ်... အလယ်အလတ် ဈေးကွက်လေ။
Green Freshအုပ်စု လုယူမယ့် ဈေးကွက်တိုင်းမှာ ဟွမ်လင်းအုပ်စု ထိခိုက်မှု ကြီးမားမှာ သေချာတယ်။
ပိုပြီး စိတ်ပျက်စရာ၊ ဒေသောထွက်စရာ၊ ရင်နာစရာ ကောင်းတာက Green Freshအုပ်စုက ပြည်တွင်းမှာ အထိခိုက်ဆုံး ဖြစ်နေပေမဲ့ ဟွမ်လင်းအုပ်စုကတော့ ဟွာရှ ဈေးကွက်ကနေ ထွက်ခွာသွားခဲ့ရပြီ၊ အခွင့်ကောင်း ယူဖို့ မပြောနဲ့၊ ဟင်းရည်တစ်ခွက်တောင် သောက်လို့ မရတော့ဘူး။
မိုက်ကယ် ရုံးခန်းထဲတွင် ဒေါသထွက်ပြီးနောက် စိုးရိမ်ပူပန်လာပြီး ပြောလိုက်သည်။ "မဖြစ်ဘူး... ဒီအတိုင်း ဆက်သွားလို့ မရဘူး။ စီမံကိန်းကို ချက်ချင်း ရပ်ဆိုင်းရမယ်။ မဟုတ်ရင် ဒီအတိုင်း ဆက်စောင့်နေရင် ဟွမ်လင်းအုပ်စုရဲ့ အလယ်အလတ် ဈေးကွက်တွေ အကုန်လုံး Green Freshအုပ်စု လက်ထဲ ပါသွားလိမ့်မယ်။ အဲဒီကျရင် ဟွမ်လင်းအုပ်စုက ပထမတန်းစား အမှတ်တံဆိပ်ကနေ ဒုတိယတန်းစား အမှတ်တံဆိပ်အဖြစ် တကယ် ရောက်သွားလိမ့်မယ်"
စဉ်းစားမိတာနဲ့ သူ ကြမ်းပြင်ပေါ်ကနေ ကုန်းထလာပြီး ရုံးခန်းစားပွဲဆီ အမြန် လျှောက်သွားကာ ဖုန်းခေါ်ဖို့ ပြင်လိုက်ပေမဲ့ ဖုန်းနဲ့ တယ်လီဖုန်းကို သူ ရိုက်ခွဲပစ်လိုက်မှန်း သတိရသွားတယ်။
သူ အတွင်းရေးမှူးကို အသံကျယ်ကြီးနဲ့ လှမ်းခေါ်လိုက်တယ်။
အတွင်းရေးမှူးက မိုက်ကယ် ရုံးခန်းထဲ ဝင်လာပြီး ရှုပ်ပွနေတဲ့ ရုံးခန်းကို တွေ့လိုက်ပေမဲ့ မျက်မှောင်မကြုတ်ဘဲ လေးစားစွာ မေးလိုက်သည်။ "မစ္စတာ မိုက်ကယ်... ဘာခိုင်းစရာ ရှိပါသလဲ"
မိုက်ကယ်က လက်ဆန့်တန်းပြီး စိုးရိမ်တကြီး ပြောလိုက်သည်။ "မြန်မြန်... မင်းဖုန်း ငါ့ကို ပေး"
မိုက်ကယ် ဖုန်းတောင်းတာ ကြားတော့ အတွင်းရေးမှူးက ဘာမှ မပြောဘဲ မိုက်ကယ်ကို တန်းပေးလိုက်တယ်။
ထို့နောက် မိုက်ကယ် ဖုန်းနံပါတ်တစ်ခုကို အမြန် ခေါ်ဆိုလိုက်ပြီး တစ်ဖက်က ဖုန်းကိုင်တာနဲ့ အသံကျယ်ကျယ်၊ စိတ်လောကြီးစွာ ပြောလိုက်သည်ကို သူမ တွေ့လိုက်ရသည်။ "ဟွာရှဘက်နဲ့ အမြန် ဆက်သွယ်လိုက်၊ စီမံကိန်းအားလုံး ချက်ချင်း ရပ်ဆိုင်းလိုက်"
ဖုန်းထဲကလူက မေးခွန်းထုတ်နေပုံရသည်။ "ဘာဖြစ်လို့လဲ"
"ဘာဖြစ်လို့လဲ မရှိဘူး" မိုက်ကယ် အသံကျယ်ကြီးဖြင့် ပြောလိုက်သည်။ "အခု ချက်ချင်း စီမံကိန်း အားလုံး ရပ်ဆိုင်းရမယ်"
ပြောပြီးတာနဲ့ သူ ဖုန်းချလိုက်သည်။
အတွင်းရေးမှူးက မိုက်ကယ်ရဲ့ ပုံစံကို ကြည့်ပြီး သံသယတွေ ရှိနေပေမဲ့ အတွင်းရေးမှူး တာဝန်အရ မမေးသင့်တာ မမေးဘဲ ပါးစပ်ပိတ်နေလိုက်တယ်။
မိုက်ကယ်လက်ထဲက ဖုန်းပြန်ယူပြီးနောက် အတွင်းရေးမှူးက တာဝန်ကျေပွန်စွာ မေးလိုက်သည်။ "မစ္စတာ မိုက်ကယ်... တခြား မှာစရာ ရှိပါသေးလား"
မိုက်ကယ်က သူမကို မကြည့်ဘဲ လက်ကာပြပြီး တင်းမာစွာ ပြောလိုက်သည်။ "မင်း အရင် သွားတော့။ ကိစ္စရှိရင် ငါ ခေါ်လိုက်မယ်"
"ကောင်းပါပြီ မစ္စတာ မိုက်ကယ်၊ ကျွန်မ အရင် သွားလိုက်ပါဦးမယ်" ထို့နောက် အတွင်းရေးမှူး လှည့်ထွက်သွားသည်။
အတွင်းရေးမှူး ထွက်သွားပြီးနောက် မိုက်ကယ် ကုလားထိုင်ပေါ် ပြန်ထိုင်ချလိုက်ပြီး အမူအရာက ပြောမပြတတ်အောင် ဖြစ်နေသည်။
စီမံကိန်းရပ်ဆိုင်းဖို့ကိစ္စကို သူ မှာကြားပြီးပြီ၊ အခု ဟွာရှဘက်က တုံ့ပြန်မှုကိုပဲ စောင့်ရတော့မယ်။
…..
ဒါပေမဲ့ မိုက်ကယ် မသိလိုက်တာက ဒီအချိန်ရောက်မှတော့ ဒီစီမံကိန်းက သူ ရပ်ချင်တိုင်း ရပ်လို့ရတာ မဟုတ်တော့ဘူး ဆိုတာပါပဲ။
တကယ်လို့ သူက ဝမ်ကျင်းကျင်း တစ်ယောက်တည်းနဲ့ ပူးပေါင်းဆောင်ရွက်တာဆိုရင် ဝမ်ကျင်းကျင်းက အာဏာမရှိ၊ အရှိန်အဝါ မရှိလို့ အမိန့်ပေး ထိန်းချုပ်ရတာ လွယ်ကူမှာပါ။
ဒါပေမဲ့ အခု သူ ပူးပေါင်းဆောင်ရွက်နေတာ နောက်တစ်ယောက် ရှိသေးတယ်၊ အဲဒါက လျန်ဖျောင့်ရွှယ်။
လျန်ဖျောင့်ရွှယ်၏နောက်ခံ မိသားစုက ဟွာရှမှာ ဂုဏ်ဒြပ်ရှိတယ်၊ အာဏာရှိတယ်၊ ပြီးတော့ မိသားစုထဲမှာ သူမရဲ့ နေရာက ဟွမ်လင်းအုပ်စုရဲ့ မိုက်ကယ် ဥက္ကဌလေး တစ်ယောက် အမိန့်ပေးလို့ ရတဲ့ နေရာ မဟုတ်ဘူး။
သူမ မိုက်ကယ်နဲ့ ပူးပေါင်းဆောင်ရွက်တာက ရှောင်လင်းယွီနဲ့ ကုန်းထျန်းဟောက် ဇနီးမောင်နှံ၊ ဪ... အဓိကကတော့ ရှောင်လင်းယွီကို မုန်းတီးလွန်းလို့၊ ရှောင်လင်းယွီကို အပိုင်းပိုင်း ခုတ်ပစ်ချင်လောက်အောင် မုန်းတီးလွန်းလို့ပါ။
အခု ရှောင်လင်းယွီကို ဒုက္ခပေးမယ့် အခွင့်အရေး ရနေပြီ ဆိုတော့ သူမက ဒီအခွင့်အရေးကို လက်လွှတ်ခံပါ့မလား။
လျန်ဖျောင့်ရွှယ် ဖုန်းကိုင်လိုက်ပြီး အေးစက်စွာ ရယ်မောကာ ပြောလိုက်သည်။ "နင်တို့က ငါ လျန်ဖျောင့်ရွှယ်ကို ဘာမှတ်နေလဲ။ အသုံးချလို့ရတဲ့ ကိရိယာ ထင်နေလား။ နင်တို့ သခင်ကို ပြန်ပြောလိုက်၊ ဒီစီမံကိန်းက စတင်နေပြီမို့လို့ ဘယ်အချိန် ရပ်မလဲဆိုတာ ငါပဲ ဆုံးဖြတ်မယ်။ မကျေနပ်ရင် နင်တို့ သခင်ကို ဟွာရှ လာပြီး ငါ့ကို လာရှာခိုင်းလိုက်"
ပြောပြီးတာနဲ့ ဟိုဘက်က ဘာပြန်ပြောမလဲ ဆိုတာ မစောင့်တော့ဘဲ ဖုန်းချလိုက်တယ်။
ထို့နောက် သူမ မျက်နှာပေါ်တွင် သရော်ပြုံး တစ်ခု ပေါ်လာပြီး ပြောလိုက်သည်။ "ဟွန့်... ဟွမ်လင်းအုပ်စု ဆိုတာက တကယ်ပဲ ငါ့ကို ငှားပြီး ရှောင်လင်းယွီကို ဒုက္ခပေးခိုင်းရလောက်အောင် မျက်နှာရှိတယ် ထင်နေတာလား။ ငါကိုယ်တိုင် ရှောင်လင်းယွီကို ဒုက္ခပေးချင်လို့ မဟုတ်ရင် ငါ သူတို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူပါ့မလား။ အခု စီမံကိန်း အောင်မြင်လုနီးပါး ဖြစ်နေပြီ၊ ရှောင်လင်းယွီ နာမည်ပျက်ပြီး စွန့်ပစ်ခံရတော့မှာကို မြင်နေရပြီ၊ ငါက ဘယ်လိုလုပ် စီမံကိန်းကို ရပ်ဆိုင်းလိုက်မှာလဲ"
ဝမ်ကျင်းကျင်းလည်း ဟိုဘက်က ဖုန်းကို လက်ခံရရှိတယ်၊ သူမကတော့ ယဉ်ယဉ်ကျေးကျေး ငြင်းပယ်လိုက်တယ်။
အစတုန်းက ဟွမ်လင်းအုပ်စုက သူမကို လာရှာပြီး ရှောင်လင်းယွီကို အတူတူ ဒုက္ခပေးဖို့ ပူးပေါင်းဆောင်ရွက်ခိုင်းတုန်းက သူမရဲ့ အားနည်းချက်ကို ကိုင်ထားပြီး မြှူဆွယ်ခဲ့တာ။ တကယ်တမ်းကျတော့ ဟွမ်လင်းအုပ်စု လာမရှာရင်တောင် သူမက နိုင်ငံပြန်ပြီး ရှောင်လင်းယွီ လက်ထဲက အရာအားလုံးကို ပြန်လုယူဖို့ ပြင်ဆင်နေပြီးသား။
ဟွမ်လင်းအုပ်စု လာရှာတာက အိပ်ချင်နေတုန်း ခေါင်းအုံးလာပေးသလို ဖြစ်သွားတာပေါ့၊ သူတို့နဲ့ ပူးပေါင်းလိုက်ရင် သူမ နောက်ကွယ်မှာ အင်အားစုတစ်ခုရှိသွားပြီ မဟုတ်လား၊ ဒါဆိုရင် အရာအားလုံး ပြန်လုယူဖို့ ပိုလွယ်ကူသွားမှာပေါ့။
ဒါပေမဲ့ ဝမ်ကျင်းကျင်း မထင်မှတ်ထားတာက ဟွမ်လင်းအုပ်စုက သူမကို လာရှာတာတင် မကဘူး၊ လျန်ဖျောင့်ရွှယ်ကိုပါ သွားရှာခဲ့တာ။
လျန်ဖျောင့်ရွှယ်ရဲ့ မိသားစု နောက်ခံ အခြေအနေကို သူမ ကောင်းကောင်း သိပါတယ်။
သူမတို့ နှစ်ယောက်က နိုင်ငံခြားမှာတုန်းက သူငယ်ချင်းကောင်းတွေ ဖြစ်ခဲ့ကြတာ၊ အခု ရည်ရွယ်ချက် တူညီနေပြီ ဆိုတော့ ပူးပေါင်းဆောင်ရွက်တာက ပိုပျော်ရွှင်စရာ ကောင်းတာပေါ့။
အခု ရှောင်လင်းယွီရဲ့ သနားစရာ ကောင်းတဲ့ ဇာတ်သိမ်းကို မြင်ရတော့မယ်၊ ရည်မှန်းချက် အောင်မြင်တော့မယ် ဆိုကာမှ ဟွမ်လင်းအုပ်စုက ရုတ်တရက် ဖုန်းဆက်လာပြီး စီမံကိန်း ရပ်ဆိုင်းခိုင်းတာ လုံးဝ မဖြစ်နိုင်ဘူး။
ဝမ်ကျင်းကျင်းက ဟွမ်လင်းအုပ်စုကို တိုက်ရိုက် ငြင်းပယ်ဖို့ အားမရှိသေးတော့ ယဉ်ယဉ်ကျေးကျေးပဲ ပြောလိုက်သည်။ "ဆောရီးပါ... ဒီစီမံကိန်းက ကျွန်မ ရပ်ချင်တိုင်း ရပ်လို့ရတာ မဟုတ်တော့ပါဘူး"
ဒါပေမဲ့ လျန်ဖျောင့်ရွှယ်က မတူဘူး၊ သူမမှာ အားရှိတယ်၊ သဘာဝကျကျပဲ ဟွမ်လင်းအုပ်စုရဲ့ တောင်းဆိုမှုကို တိုက်ရိုက် ငြင်းပယ်လိုက်တယ်။
ဝမ်ကျင်းကျင်းက လျန်ဖျောင့်ရွှယ်ကို ကြည့်ပြီး စိုးရိမ်တကြီး မေးလိုက်သည်။ "ဖျောင့်ရွှယ်... ငါတို့ ဟွမ်လင်းအုပ်စုကို ဒီအတိုင်း တိုက်ရိုက် ငြင်းပယ်လိုက်တာ၊ သူတို့နဲ့ ပူးပေါင်းဆောင်ရွက်မှု ဖြတ်တောက်လိုက်သလို ဖြစ်နေပြီ၊ ကောင်းပါ့မလား။ သူတို့ ပြဿနာ လာရှာမှာ မဟုတ်ဘူးလား"
လျန်ဖျောင့်ရွှယ်က မောက်မာစွာ ပြောလိုက်သည်။ "ဟွန့်... ဘာကြောက်စရာ ရှိလဲ။ ဒီနေရာက ဟွာရှ၊ ငါ လျန်ဖျောင့်ရွှယ်ရဲ့ နယ်မြေ၊ ဟွမ်လင်းအုပ်စု စွမ်းရည် ရှိရင် ဟွာရှ လာပြီး ငါ့ကို လာရှာလေ၊ ငါက သူတို့ကို မကြောက်ပါဘူး"
ဤနေရာသို့ ရောက်သောအခါ သူမ ခနရပ်လိုက်ပြီး မောက်မာစွာ ပြောလိုက်သည်။ "ငါတို့ကို ပူးပေါင်းဆောင်ရွက်ခိုင်းရင် ပူးပေါင်းဆောင်ရွက်ရမယ်၊ ရပ်ဆိုင်းခိုင်းရင် ရပ်ဆိုင်းရမယ်၊ ငါတို့ကို ဘာမှတ်နေလဲ၊ သူတို့ အသုံးချလို့ ရတဲ့ ကိရိယာ ထင်နေလား။ ဟဟ... ငါ လျန်ဖျောင့်ရွှယ်က အဲဒီလောက် အသုံးချရ လွယ်ကူလို့လား"
ထို့နောက် လျန်ဖျောင့်ရွှယ်က ဝမ်ကျင်းကျင်းကို စောင်းကြည့်လိုက်ပြီး နှစ်သိမ့်လိုက်သည်။ "ကျင်းကျင်း... စိတ်အေးအေးထား၊ ငါ ရှိတယ်။ ငါ ကာကွယ်ပေးထားရင် ဟွမ်လင်းအုပ်စုက နင့်ကို လာဒုက္ခပေးရဲမှာ မဟုတ်ဘူး"
ဝမ်ကျင်းကျင်း ကြားလိုက်ရတော့ စိုးရိမ်စိတ်တွေ ပျောက်ကွယ်သွားပြီး ပြုံးလျက် ပြောလိုက်သည်။ "အင်း... ကျေးဇူးပါ ဖျောင့်ရွှယ်"
ဤနေရာသို့ ရောက်သောအခါ သူမ လျန်ဖျောင့်ရွှယ်ကို လေးနက်စွာ ကြည့်ပြီး ရိုးသားသော မျက်နှာထားဖြင့် ပြောလိုက်သည်။ "ဖျောင့်ရွှယ်... နင်နဲ့ သိကျွမ်းခွင့် ရတာ၊ နင့်သူငယ်ချင်းကောင်း ဖြစ်ခွင့်ရတာ ငါ ဝမ်ကျင်းကျင်း တကယ် ကံကောင်းတာပဲ"
ဝမ်ကျင်းကျင်းက မိတ်ဆွေဖွဲ့တဲ့ ကံတရားတော့ မဆိုးပါဘူး။
သူမက သာမန် မိန်းကလေး တစ်ယောက် ဖြစ်ပေမဲ့ ကုန်းထျန်းဟောက်၊ လျန်ဖျောင့်ရွှယ် တို့နဲ့ ပတ်သက်ခွင့် ရခဲ့တာက အရည်အချင်းကြောင့် မဟုတ်ဘဲ ကံကောင်းလို့ပါပဲ။
ဒါပေမဲ့ သူမရဲ့ ရည်မှန်းချက်နဲ့ အမြင်က မလိုက်ဖက်ညီလို့ သူမ အနာဂတ်ကို ကန့်သတ်လိုက်သလို ဖြစ်သွားတယ်။
မဟုတ်ရင် ဒီနေ့ သူမ ကုန်းကတော် မဖြစ်ရင်တောင် ကုန်းထျန်းဟောက် စိတ်ထဲမှာ နေရာတစ်နေရာတော့ ရနေမှာ သေချာတယ်။
သူမလို သာမန် မိန်းကလေး တစ်ယောက် ကုန်းထျန်းဟောက်ရဲ့ ပံ့ပိုးမှုရခဲ့ရင် ကောင်းကင်ဘုံ ရောက်သွားသလိုပဲ၊ မြို့တော် အထက်တန်းလွှာ အသိုင်းအဝိုင်းထဲ စောစောစီးစီး ရောက်ရှိနေပြီး ဂုဏ်သတင်းကျော်ကြားမှုတွေနဲ့ စည်းစိမ်ချမ်းသာတွေကို ခံစားနေရမှာ။
ဒါပေမဲ့ သူမ အရာအားလုံး လက်လွှတ်လိုက်ရတယ်။ ဒါကြောင့် အခု သူမ အရာအားလုံး ပြန်လုယူချင်နေတာ။
ဒါပေမဲ့ ဆုံးရှုံးသွားတဲ့ အရာတွေကို လုယူချင်တိုင်း လုယူလို့ ရပါ့မလား။ ပြီးတော့ သူမ ပြန်လုယူချင်တဲ့ အရာတွေက ပစ္စည်း မဟုတ်ဘူး၊ သံယောဇဉ်လေ။
ဝမ်ကျင်းကျင်းက အရင်တုန်းက မှားယွင်းတဲ့ ရွေးချယ်မှုအကြောင်း မစဉ်းစားချင်တော့ဘဲ အာဏာနဲ့ အာဏာက ပေးစွမ်းတဲ့ စည်းစိမ်ချမ်းသာတွေကိုပဲ လိုချင်နေတယ်။
လျန်ဖျောင့်ရွှယ်က ဝမ်ကျင်းကျင်းရဲ့ စကားကို ကြားတော့ မျက်နှာပေါ်မှာ မသိမသာ အေးစက်တဲ့ အပြုံးတစ်ခု ပေါ်လာတယ်။ ထို့နောက် သူမ ဖော်ရွေစွာ ပြုံးပြီး ပြောလိုက်သည်။ "ကျင်းကျင်း... နင် ပြောတာ ဘာစကားလဲ။ ငါတို့က သူငယ်ချင်းကောင်းတွေလေ၊ ငါ နင့်ကို မကူညီရင် ဘယ်သူ့ကို ကူညီရမှာလဲ"
ဤနေရာသို့ ရောက်သောအခါ သူမ ခနရပ်လိုက်ပြီး ဝမ်ကျင်းကျင်းကို မျက်စိမှိတ်ပြကာ ပြုံးလျက် ပြောလိုက်သည်။ "ဒါပေမဲ့ ကျင်းကျင်း... နောက်ကျ နင် ကုန်းကတော်၊ ကုန်းမိသားစု သခင်မကြီး ဖြစ်လာရင် ငါ့လို သူငယ်ချင်းကောင်းကို မမေ့နဲ့နော်"
လျန်ဖျောင့်ရွှယ်ရဲ့ ထပ်မံ သတိပေးမှုကို ဝမ်ကျင်းကျင်းက မတတ်သာသလို ပြုံးပြီး ပြောလိုက်သည်။ "ဖျောင့်ရွှယ်... နင် ပြောတာ ဘယ်လို စကားလဲ။ နောက်ကျ ငါ ကုန်းကတော်၊ ကုန်းမိသားစု သခင်မကြီး ဖြစ်လာရင်တောင် ငါ အားကိုးရမှာ၊ မှီခိုရမှာက နင်ပဲလေ"
တကယ်လို့ လျန်ဖျောင့်ရွှယ်က ကျန်းထောင်ကို လက်ထပ်နိုင်ခဲ့ရင် သူမက ကျန်းကတော်၊ ကျန်းမိသားစု သခင်မကြီး ဖြစ်လာမယ်၊ နောက်ထပ် ဂုဏ်ပုဒ် တစ်ခုက လျန်မိသားစု သခင်မလေး အဖြစ် တည်ရှိနေဦးမယ်။
နောက်ခံ အင်အားစုကြီး နှစ်ခု ရှိနေတဲ့ လျန်ဖျောင့်ရွှယ်ကို ဝမ်ကျင်းကျင်း ကုန်းမိသားစု သခင်မကြီး ဖြစ်လာရင်တောင် အထင်သေးရဲမှာ မဟုတ်ဘူး။
ဝမ်ကျင်းကျင်းရဲ့ မြှောက်ပင့်မှုကို လျန်ဖျောင့်ရွှယ် တော်တော် သဘောကျသွားတယ်။
ထို့နောက် သူမ ဝမ်ကျင်းကျင်း ဘေးနား ဝင်ထိုင်လိုက်ပြီး သူမလက်ကို ဆွဲကာ လက်ဖမိုးကို ပုတ်ပေးရင်း အလွန် လေးနက်စွာ ပြောလိုက်သည်။ "စိတ်ချပါ ကျင်းကျင်း... ဒီတစ်ခေါက် ငါ နင့်ကို ရှောင်လင်းယွီ လက်ထဲကနေ ကုန်းထျန်းဟောက်ကို ပြန်လုပေးမယ်၊ ပြီးရင် ကုန်းထျန်းဟောက် နင့်ကို ဂုဏ်ရှိရှိ ဇနီးမယားအဖြစ် ပေါင်းသင်းမယ့် အချိန်ကို စောင့်နေလိုက်၊ ကောင်းကောင်း ကုန်းကတော် လုပ်လိုက်တော့။
ရှောင်လင်းယွီ ကိစ္စကတော့ ဟွန့်... သူများဆီက လုယူထားတဲ့ အရာတွေကို ပြန်ပေးဆပ်ရမှာပဲ၊ ပြီးတော့ ဝဋ်လည်မှာ သေချာတယ်၊ ဇာတ်သိမ်း မကောင်းဘူး၊ ငါတို့ အခု သူ ကုန်းထျန်းဟောက်ရဲ့ စွန့်ပစ်တာ ခံရမယ့် အချိန်ကို စောင့်ကြည့်ကြတာပေါ့"
ဒီစကား ပြောနေတုန်း သူမ မျက်လုံးထဲမှာ စူးရှတဲ့ အမုန်းတရားတွေ၊ ရက်စက်မှုတွေ ပါဝင်နေတယ်၊ ထို့နောက် ဆက်ပြောသည်။ "ဒီနေ့ရက်တွေ သိပ်မလိုတော့ပါဘူး"
ဝမ်ကျင်းကျင်း ခေါင်းညိတ်လိုက်သည်။ "အင်း"
ဝမ်ကျင်းကျင်း ဒီလို ထောက်ခံလိုက်ပေမဲ့ ဘာကြောင့်မှန်း မသိ သူမ ရင်ထဲမှာ စိုးရိမ်စိတ်တွေ ရှိနေတုန်းပဲ။
အခြေအနေတွေက ပုံမှန် မဟုတ်ဘူးလို့ သူမ ခံစားနေရတယ်။
ရုတ်တရက် သူမ တစ်ခုခုကို စဉ်းစားမိပြီး မေးလိုက်သည်။ "ဪ... ဟုတ်သားပဲ ဖျောင့်ရွှယ်၊ ဟွမ်လင်းအုပ်စုက ဘာလို့ ရုတ်တရက်ကြီး ငါတို့ကို စီမံကိန်း ရပ်ဆိုင်းခိုင်းရတာလဲ နင် သိလား"
***
စိုက်ပျိုးရေးနေရာလွတ်က ငါ့ကိုချမ်းသာလာစေတယ်
အခန်း ၉၈၈ ။ ဘယ်အချိန်မှ အချိန်တန်မှာလဲ
ရှောင်လင်းယွင် တံခါးခေါက်လိုက်ပြီး အတွင်းက ဝင်ခဲ့ပါလို့ ပြောမှ ဝင်သွားလိုက်သည်။ သူမ မျက်နှာတွင် အပြုံးများ ဝေဆာနေသည်။
အပြုံးပန်းတွေ ဝေဆာနေတဲ့ ရှောင်လင်းယွင် ဝင်လာတာ မြင်တော့ ရှောင်လင်းယွီက ရယ်ချင်သလို မေးလိုက်သည်။ "မန်နေဂျာရှောင်... ဘာကိစ္စကောင်း ရှိလို့လဲ"
ပြောပြောဆိုဆိုနှင့် သူမ မျက်လုံးများက ရှောင်လင်းယွင် ဗိုက်ဆီ ရောက်သွားသည်။
ဒီမှာ ရှိနေပြီလား။
ရှောင်လင်းယွီ၏ ထူးဆန်းသော အကြည့်ကို မြင်သောအခါ ရှောင်လင်းယွင် စိတ်လှုပ်ရှားသွားပြီး ချက်ချင်း ရှင်းပြလိုက်သည်။ "ဟေ့... နင် ဘယ်ကြည့်နေတာလဲ"
ရှောင်လင်းယွီ မျက်တောင်ခတ်ပြီး ပြောလိုက်သည်။ "ငါ ဘယ်တော့ တူလေး၊ တူမလေး ရမလဲလို့ ကြည့်နေတာလေ"
ရှောင်လင်းယွင် မျက်နှာ ရဲသွားပြီး ရှက်ရွံ့စွာ ခြေဆောင့်ကာ ပြောလိုက်သည်။ "ညီမလေး... နင် ကလေးလိုချင်ရင် ကိုယ့်ဘာသာ မွေးလေ၊ ငါ့ဗိုက်ကို ဘာလို့ လာကြည့်နေတာလဲ။ ငါ့မှာ သမီးနှစ်ယောက် ရှိနေပြီ၊ နောက်ထပ် မွေးပြီး သူတို့ကို စိတ်ဆင်းရဲ မခံစေချင်တော့ဘူး"
ရှောင်လင်းယွီ ခေါင်းခါပြီး ရယ်မောကာ ပြောလိုက်သည်။ "ကောင်းပါပြီ... အစ်မ မွေးချင်ရင်မွေး၊ မမွေးချင်ရင် မမွေးနဲ့ပေါ့။ ဒါပေမဲ့ အစ်မရေ... မွေးမယ် မမွေးဘူး ဆိုတာ ယောက်ျားနဲ့ သေချာ တိုင်ပင်ရဦးမယ်။ ခဲအိုက အစ်မကို တကယ် ချစ်တယ်၊ ဒါပေမဲ့ အစ်မက သူ့အချစ်ကို အခွင့်ကောင်းယူပြီး သူ့ခံစားချက်ကို ထည့်မစဉ်းစားဘဲ နေလို့ မဖြစ်ဘူးနော်"
ကုန်းယင်ရှုန်းက ရှောင်လင်းယွင်ကို အရမ်းချစ်တယ်၊ ဒါ မျက်လုံးရှိတဲ့သူတိုင်း မြင်နိုင်ပါတယ်။
ဒါပေမဲ့ ယောက်ျားတစ်ယောက်အနေနဲ့ ချစ်သူနဲ့ ရတဲ့ ကလေးတစ်ယောက် လိုချင်မှာ သေချာတယ်။
ရှောင်လင်းယွင် စဉ်းစားပြီး လေးနက်စွာ ခေါင်းညိတ်လိုက်သည်။ "အင်း... ညီမလေး၊ အစ်မ စဉ်းစားပါ့မယ်"
"ဒါနဲ့... မန်နေဂျာရှောင်၊ ဘာကိစ္စကြောင့် ဒီလောက် ပျော်နေရတာလဲ" ရှောင်လင်းယွီ မေးလိုက်သည်။
အကြောင်းအရာ ပြန်ရောက်သွားတော့ ရှောင်လင်းယွင် မျက်နှာ ပြန်လည် ဝင်းပလာပြီး ရယ်မောကာ ပြောလိုက်သည်။ "ဥက္ကဌရှောင်... ကျွန်မ အစီရင်ခံစာ ရထားတယ်၊ အစက ကျွန်မတို့က အဆင့်မြင့် ဇိမ်ခံလမ်းကြောင်းကိုပဲ သွားပြီး ဟွမ်လင်းအုပ်စုရဲ့ အဆင့်မြင့် ဈေးကွက်ကို လုယူမလို့ လုပ်ထားတာ။
ဘယ်သူ ထင်ထားမလဲ၊ ကျွန်မတို့ ကမ္ဘာအနှံ့ ရုံးခွဲတွေရဲ့ ကုန်ပစ္စည်း အရင်းအမြစ် ရုတ်တရက် တိုးလာတော့ အလယ်အလတ် ဈေးကွက်ကိုပါ စတင် ရောင်းချလာတယ်၊ ဒီလိုနဲ့ ကျွန်မတို့က ဟွမ်လင်းအုပ်စုရဲ့ အဆင့်မြင့် ဈေးကွက်ကို လုယူရုံတင် မကဘူး၊ သူတို့ရဲ့ အလယ်အလတ် ဈေးကွက်ကိုပါ လုယူနေပြီ။
ဟားဟား... ဒီတစ်ခါတော့ ကောင်းပါပြီ၊ ဟွမ်လင်းအုပ်စုက ကျွန်မတို့ကို ဒုက္ခပေးချင်တာ၊ ရလဒ်ကတော့ ကိုယ့်ခြေထောက် ကိုယ်ကျောက်တုံးနဲ့ ထုသလို ဖြစ်သွားပြီ။ ပိုရယ်စရာ ကောင်းတာက ဟွမ်လင်းအုပ်စုက ကမ္ဘာအနှံ့မှာ ရုံးခွဲတွေရှိပေမဲ့ ဟွာရှမှာ ရုံးခွဲ မရှိတော့တာပဲ။
ကျွန်မတို့ ဟွာရှ ပြည်တွင်းက ဆိုင်ခွဲတွေ အခု အားလုံး ယာယီ ပိတ်ထားရတယ်၊ ဒါက ဟွာရှ ဈေးကွက်ကြီး တစ်ခုလုံးကို သူတို့ ကြည့်နေရုံကလွဲရင် ဘာမှ မတတ်နိုင်ဘူး ဆိုတဲ့ သဘောပဲ၊ တခြားနေရာက ဈေးကွက်ကြီးတွေကိုလည်း သူတို့ ကျွန်မတို့နဲ့ မယှဉ်နိုင်ဘူး။ ဟားဟား... တကယ် ရယ်စရာ ကောင်းလိုက်တာ"
ဒီသတင်းကို ရှောင်လင်းယွီ စောစောစီးစီး သိပြီးသားမို့လို့ သူမ မျက်နှာပေါ်မှာ အပြုံးတစ်ခု ပေါ်လာပြီး ပြောလိုက်သည်။ "ဟဟ... သူတို့က အရှေ့မှာ ငါတို့ကို ထောင်ချောက်ဆင်ပြီး ဒုက္ခပေးချင်တာ၊ ငါတို့က အနောက်ကနေ သူတို့ကို ကျင်းထဲ တွန်းချပစ်လိုက်တာ။ ငါ ထင်တာတော့ အခု သူတို့ သေချာပေါက် နောင်တရနေလောက်ပြီ"
သူမကို မဟုတ်မမှန် လုပ်ကြံဖန်တီးပြီး စွပ်စွဲတယ်၊ ကုန်းထျန်းဟောက်နဲ့ လက်ထပ်ဖို့ နည်းလမ်းတွေ သုံးခဲ့တယ် ဆိုပြီး ပြောတယ်၊ ဝမ်ကျင်းကျင်း ပေါ်လာတော့ သူမကို လူတိုင်း ရိုက်နှက်ချင်တဲ့ မယားငယ် အဖြစ် ပုံဖော်လိုက်တယ်၊ အွန်လိုင်း မုန်တိုင်းရဲ့ ထိပ်ဆုံး ရောက်အောင် တင်ပေးလိုက်တယ်။
ဒါတွေက ပြည်တွင်း စီးပွားရေးကို ထိခိုက်စေတာ အမှန်ပါပဲ၊ ဒါပေမဲ့ နိုင်ငံခြားကတော့ သက်ရောက်မှု မရှိဘဲ ရုံးခွဲတွေက ပုံမှန် လည်ပတ်နေတုန်းပါပဲ။
ပြီးတော့ နိုင်ငံခြား ရုံးခွဲတွေရဲ့ ရောင်းချမှု လမ်းကြောင်းက အဆင့်မြင့်ဆုံး ဇိမ်ခံလမ်းကြောင်းတွေ၊ ကုန်ပစ္စည်း ဈေးနှုန်းတွေက သာမန်လူတွေ အမြင်မှာတော့ မယုံနိုင်လောက်အောင် ဈေးကြီးတယ်။
သူမက ဟွာရှ စီးပွားရေးသမား တစ်ယောက်အနေနဲ့ ဟွာရှ ပြည်သူတွေအတွက် ထည့်သွင်းစဉ်းစားပေးလို့ ရတယ်၊ ရောင်းတဲ့ ပစ္စည်းတွေက သာမန်လူတွေ တတ်နိုင်တဲ့ ဈေးနှုန်းတွေပါ။
ဒါပေမဲ့ နိုင်ငံခြား စီးပွားရေးမှာတော့ သူမက စီးပွားရေးသမား စစ်စစ်ပါပဲ။ စီးပွားရေးသမား ဆိုတာက အကျိုးအမြတ်ကို အဓိက ထားရတာလေ။
သူမရဲ့ ကုန်ပစ္စည်း အရည်အသွေးက အကောင်းဆုံး အမှတ်တံဆိပ်ပဲ၊ ကုန်ပစ္စည်း အရသာနဲ့ အာနိသင်က အကောင်းဆုံး ဂုဏ်သတင်းပဲ။ အဲဒီ ထိပ်တန်း အထက်တန်းလွှာ သူဌေးတွေက ပိုက်ဆံမရှားပါဘူး၊ ကိုယ့်ကိုယ်ကိုယ် ပိုကောင်းအောင် လုပ်နိုင်မယ့် ရွေးချယ်မှုမျိုး ဆိုရင် သူတို့က ကိုယ့်ကိုယ်ကိုယ် ပိုစံစားရမယ့် ကုန်ပစ္စည်းကောင်းကိုပဲ ရွေးချယ်မှာ သေချာတယ်။
နှိုင်းယှဉ်ကြည့်ရင် ဒီအချက်မှာ ဟွမ်လင်းအုပ်စုက ဘာအားသာချက်မှ မရှိတော့ဘူး။
မူလက သူမ အဆင့်မြင့် လမ်းကြောင်းပဲ သွားဖို့၊ ဟွမ်လင်းအုပ်စုနဲ့ အဆင့်မြင့် ဈေးကွက်ပဲ ယှဉ်ပြိုင်ဖို့ ရည်ရွယ်ထားတာ။
ဒါပေမဲ့ ဘယ်သူ ထင်ထားမလဲ၊ ဟွမ်လင်းအုပ်စုက ဒီလောက် ယုတ်မာလိမ့်မယ်လို့၊ သူမရဲ့ Green Freshအုပ်စုကို ဖြိုချဖို့အတွက် သူမ နာမည်ဂုဏ်သတင်းကို အသုံးချပြီး ကစားလိမ့်မယ်လို့။
ဒီလိုဆိုမှတော့ သူမ သေချာပေါက် ပြန်ပေးဆပ်ရမှာပေါ့။
သူမ မှတ်မိတာတော့ ဟွမ်လင်းအုပ်စုက အလယ်အလတ် ဈေးကွက်မှာ နေရာတော်တော်များများ ရထားတယ်၊ သဘာဝကျကျပဲ အလယ်အလတ် ဈေးကွက်ကိုလည်း သူမ ကောင်းကောင်း လုယူရမှာပေါ့။
ဒီမှာ ဟွာရှ ဆိုင်ခွဲတွေ ပိတ်ထားရတော့ ပုံနေမယ့် ကုန်ပစ္စည်းတွေကို နိုင်ငံခြားကို အကုန် ပို့လိုက်တာ၊ ကုန်ကျစရိတ် နည်းနည်း တိုးလာပေမဲ့ အမြတ်အစွန်းကလည်း ကြီးမားတယ်၊ ဟွာရှထက် အမြတ်အစွန်း ပိုများတယ်။
ရှောင်လင်းယွင်က ရှောင်လင်းယွီကို လက်မထောင်ပြပြီး ချီးကျူးလိုက်သည်။ "ဥက္ကဌရှောင်... မင်းက တကယ် ဉာဏ်ကောင်းတာပဲ။ ဟဟ... ကျွန်မတို့ တစ်နိုင်ငံလုံးက ဆိုင်ခွဲတွေ ပိတ်ထားရပေမဲ့ ကျွန်မတို့ ကုန်ပစ္စည်းတွေ ရောင်းထွက်နေတုန်းပဲ။ ကုန်ကျစရိတ် နည်းနည်း တိုးလာပေမဲ့ အမြတ်အစွန်းကလည်း နှစ်ဆတိုးလာတယ်"
ရှောင်လင်းယွီ နှိမ့်ချစွာ ပြောလိုက်သည်။ "ကဲပါ... ကိုယ့်ဘာသာ သိရင် ပြီးတာပါပဲ။ မန်နေဂျာရှောင်... အစ်မ ဝင်လာတာ ဒီကိစ္စ ပြောဖို့လား"
ရှောင်လင်းယွင် ခေါင်းညိတ်လိုက်သည်၊ ပြီးတော့ ခေါင်းခါလိုက်သည်။
"..." ရှောင်လင်းယွီ ချက်ချင်း လေးနက်စွာ ပြောလိုက်သည်။ "မန်နေဂျာရှောင်... အစ်မ အစီရင်ခံချင်တာ ဘာကိစ္စလဲ"
အလုပ်က အလုပ်၊ ကိုယ်ရေးကိုယ်တာက ကိုယ်ရေးကိုယ်တာ။
ရှောင်လင်းယွင် စဉ်းစားပြီး မေးလိုက်သည်။ "ယွီအာ... အွန်လိုင်းမှာ နင့်အကြောင်း သတင်းတွေက ဆက်တိုက် ပျံ့နှံ့နေတယ်၊ ဒီအတိုင်း ဆက်သွားရင် ငါတို့ ကုမ္ပဏီ တကယ်ပိတ်သိမ်းရတော့မယ်"
ဤနေရာသို့ ရောက်သောအခါ သူမ ခနရပ်လိုက်ပြီး ရှောင်လင်းယွီ၏ မျက်နှာထားကို အကဲခတ်ကာ ဆက်ပြောသည်။ "ရှင်းရှင်း ငါ့ကို ပြောတယ်၊ ဒီကိစ္စကို နင်က သူတို့ ပြည်သူ့ဆက်ဆံရေး ဌာနကို ဂရုစိုက်စရာ မလိုတော့ဘူးလို့ ပြောတယ်တဲ့၊ တာဝန်ယူမယ့်သူ ရှိတယ်တဲ့၊ အဲဒီလူက ယောက်ျားလေးတဲ့၊ ဒါပေမဲ့ ကိစ္စဖြစ်တာ ဒီလောက် ကြာနေပြီ၊ မတ်လေးဘက်က လှုပ်ရှားတာ မမြင်ရသေးဘူး။
ဒီအတိုင်း ဆက်သွားရင် နင့်နာမည်ဂုဏ်သတင်း လုံးဝ ပျက်စီးသွားတော့မယ်၊ ကုမ္ပဏီက လူတွေ စိတ်ပူနေတာတင် မကဘူး၊ ငါတို့ မိသားစုဝင်တွေလည်း အရမ်း စိတ်ပူနေကြတယ်"
ကိစ္စ စဖြစ်ကတည်းက အိမ်ကလူတွေ ရှောင်လင်းယွီကို မမေးမြန်းကြပေမဲ့ သူတို့ အမူအရာနဲ့ မျက်လုံးထဲက စိုးရိမ်ပူပန်မှုတွေကို ရှောင်လင်းယွီ သေချာပေါက် ခံစားမိပါတယ်။
ဘာပဲပြောပြော အွန်လိုင်းပေါ်က သူမကို တိုက်ခိုက်တဲ့ ကောလဟာလတွေ ဆက်တိုက် ပျံ့နှံ့နေတာကြောင့် စိတ်လိုက်မာန်ပါ ရှိသူ တချို့က ထောင်ယွမ်ရွာအထိလာပြီး ရန်ရှာကြတယ်၊ သေချာပေါက် စိတ်ပူစရာ ကောင်းတာပေါ့။
ရှောင်လင်းယွီက အိမ်ကလူတွေကို ဘာမှ မဖြစ်ဘူး၊ သူမ ဖြေရှင်းနိုင်တယ်လို့ပဲ နှစ်သိမ့်နိုင်ခဲ့တယ်။
ဒါပေမဲ့ ဒီကိစ္စမှာ ဟွမ်လင်းအုပ်စု တစ်ခုတည်း ဆိုရင် သူမ အမြန်ဆုံးနဲ့ အကောင်းဆုံး ဖြေရှင်းနိုင်မှာပါ။ ဒါပေမဲ့ ပြဿနာက ဒီနောက်ကွယ်မှာ မြို့တော်က မိသားစုကြီး တစ်ခုရဲ့ အင်အားစု ပါဝင်နေတာ၊ ဒါ သူမ အရည်အချင်းနဲ့ ဖြေရှင်းနိုင်တာ မဟုတ်ဘူး။
ရှောင်လင်းယွီ ကြားလိုက်ရတော့ သက်ပြင်းချလိုက်ပြီး ပြောလိုက်သည်။ "ဒီကိစ္စကို ငါ သိပြီ၊ အစ်မတို့ စိတ်မပူပါနဲ့။ စိတ်ချပါ... ထျန်းဟောက် သေချာပေါက် ကောင်းကောင်း ဖြေရှင်းပေးမှာပါ။ ဒါပေမဲ့ အခု အချိန်မတန်သေးလို့ပါ"
"ဘယ်တော့မှ အချိန်တန်မှာလဲ။ နင် နာမည်ပျက်သွားတဲ့အထိ စောင့်နေရမှာလား" ရှောင်လင်းယွင် မျက်နှာထား လေးနက်စွာ ပြောလိုက်သည်။ "အွန်လိုင်းက လူတချို့ ပြောသလိုပဲ ကုန်းထျန်းဟောက်က အခွင့်အရေး စောင့်နေတာများလား၊ ဇနီးမယားကို စွန့်ပစ်ဖို့၊ ဒါပေမဲ့ အပြစ်ပြောမခံရမယ့် အခွင့်အရေးကို စောင့်နေတာလား။ သူ တကယ်ပဲ သူ့ရဲ့ ချစ်သူဟောင်း ဆိုသူနဲ့ ပြန်ပေါင်းထုတ်ချင်လို့ နင့်ကိစ္စကို လစ်လျူရှုထားတာလား"
ဒီမေးခွန်းတွေက ရှောင်လင်းယွင် စိုးရိမ်နေတာတွေပါ၊ ရှောင်မိသားစု စိုးရိမ်နေတာတွေပါ။
အဘိုးကုန်း ပြောထားတယ်၊ ကုန်းထျန်းဟောက် ဒီလိုကိစ္စမျိုး လုံးဝ လုပ်မှာ မဟုတ်ဘူးတဲ့။ တကယ်လို့ သူ တကယ်ပဲ တိရစ္ဆာန်ထက် ဆိုးတဲ့ ကိစ္စမျိုး လုပ်ရင် သူ ကိုယ်တိုင် ခြေထောက် ရိုက်ချိုးပြီး မောင်းထုတ်ပစ်လိုက်မယ်တဲ့၊ သူက ရှောင်လင်းယွီ ဆိုတဲ့ မြေးချွေးမ တစ်ယောက်တည်းကိုပဲ အသိအမှတ်ပြုတယ်တဲ့။
ဒါပေမဲ့ ဒီလောက် ကြာနေတာတောင် ကုန်းထျန်းဟောက် ဘာမှ မလှုပ်ရှားတာက ရှောင်မိသားစုကို တကယ် စိုးရိမ်စေတယ်၊ ဒါပေမဲ့ ဒီစိုးရိမ်မှုတွေကို ရှောင်လင်းယွီ မမြင်ကွယ်ရာမှာပဲ ထုတ်ပြရဲကြတယ်။
ရှောင်လင်းယွီက ရှောင်လင်းယွင်ရဲ့ မေးခွန်းကို ကြားတော့ မတတ်သာသလို ရယ်မောပြီး ပြောလိုက်သည်။ "အစ်မ... အစ်မ တွေးတာ များနေပြီ။ ကိစ္စက အစ်မတို့ ထင်သလို မဟုတ်ပါဘူး။ အဲဒီ ဝမ်ကျင်းကျင်းက ထျန်းဟောက်ရဲ့ ချစ်သူဟောင်း မဟုတ်ပါဘူး။ ဒါပေမဲ့ အခု တကယ် အချိန်မတန်သေးလို့ပါ"
ဒီတစ်ခါတော့ ရှောင်လင်းယွင်က လက်မလျှော့ဘဲ မေးလိုက်သည်။ "အချိန်မတန်သေးဘူး ဟုတ်လား။ ဒါဆို ဘယ်အချိန်မှ အချိန်တန်မှာလဲ၊ ငါတို့ကို သေချာတဲ့ အဖြေတစ်ခု ပေးသင့်တယ် မဟုတ်လား။ မဟုတ်ရင် ငါတို့ အကုန်လုံး စိတ်ပူနေရမှာ"
ရှောင်လင်းယွီ မတတ်သာသလို ရယ်မောပြီး ပြောလိုက်သည်။ "ကောင်းပါပြီ... ဒီည ငါ ထျန်းဟောက်ကို မေးကြည့်လိုက်ပါ့မယ်"
...
ဝမ်ကျင်းကျင်း ရုတ်တရက် ဒီလိုမေးလိုက်တာ ကြားတော့ လျန်ဖျောင့်ရွှယ် မျက်နှာထား အနည်းငယ် ကြောင်အသွားတယ်၊ ပြီးတော့ သူမ ခေါင်းခါပြီး ပြောလိုက်သည်။ "ငါ မသိဘူး"
"ငါလည်း မသိဘူး" ဝမ်ကျင်းကျင်း ထူးဆန်းသလို ပြောလိုက်သည်။ "ကောင်းကောင်းမွန်မွန်နေရင်းနဲ့ သူတို့ဘက်က ဘာလို့ ရုတ်တရက်ကြီး ဖုန်းဆက်ပြီး စီမံကိန်း ရပ်ဆိုင်းခိုင်းရတာလဲ။ အစကတည်းက ဒီစီမံကိန်းက သူတို့ အဆိုပြုခဲ့တာပဲလေ။ တစ်ခုခု ဖြစ်လို့များလား"
ဒီအချိန်မှာ လျန်ဖျောင့်ရွှယ်လည်း ထူးဆန်းတယ်လို့ ခံစားလိုက်ရတယ်၊ သူမ သံသယဖြင့် ပြောလိုက်သည်။ "ဟုတ်တယ်... ဟွမ်လင်းအုပ်စုက ဘာလို့ ရုတ်တရက် စီမံကိန်း ရပ်ဆိုင်းခိုင်းရတာလဲ။ တကယ်ပဲ တစ်ခုခုဖြစ်လို့များလား"
ဝမ်ကျင်းကျင်း မျက်နှာထား အနည်းငယ် တွန့်ဆုတ်သွားပြီး ပြောလိုက်သည်။ "ဖျောင့်ရွှယ်... ငါတို့ မေးကြည့်ကြမလား"
သူမ ရင်ထဲမှာ အခြေအနေ သိပ်မဟန်ဘူးလို့ ခံစားနေရတယ်၊ သေချာ မေးကြည့်မှ စိတ်အေးရမယ်လို့ ထင်တယ်။
လျန်ဖျောင့်ရွှယ်လည်း အခြေအနေ မဟန်ဘူးလို့ ခံစားလိုက်ရတယ်၊ စဉ်းစားပြီး ပြောလိုက်သည်။ "ဒါဆိုရင် ငါ တိုက်ရိုက် ဖုန်းဆက်မေးလိုက်မယ်"
ထို့နောက် သူမ ဖုန်းတစ်ချက် ခေါ်လိုက်တယ်၊ ဟိုဘက်က ဖုန်းကိုင်တာနဲ့ သူမ တိုက်ရိုက် မေးလိုက်သည်။ "နင်တို့ ဘာလို့ ငါတို့ကို စီမံကိန်း ရပ်ဆိုင်းခိုင်းရတာလဲ"
ဒါပေမဲ့ ဟိုဘက်က ဘာပြန်ပြောလိုက်လဲ မသိဘူး၊ လျန်ဖျောင့်ရွှယ် မျက်နှာထား ချက်ချင်း ရုပ်ဆိုးသွားတယ်၊ သူမ ဒေါသတကြီး မေးလိုက်သည်။ "မသိဘူး ဟုတ်လား။ မသိဘူးဆိုရင် နင်တို့က ငါတို့ကို စီမံကိန်း ရပ်ဆိုင်းခိုင်းသေးတယ်လား။ နင်တို့ ငါ လျန်ဖျောင့်ရွှယ်ကို မျောက်လို ကစားနေတာလား။
ကောင်းပြီ... နင် မသိရင် သိတဲ့ အထက်လူကြီးကို ငါ့ဆီ ဖုန်းဆက်ခိုင်းပြီး ဒီကိစ္စကို ရှင်းပြခိုင်းလိုက်။ ရှင်းရှင်းလင်းလင်း မရှင်းပြရင် ငါ နင်တို့ကို ပြောလိုက်မယ်၊ စီမံကိန်း ရပ်ဆိုင်းဖို့ စိတ်မကူးနဲ့"
ပြောပြီးတာနဲ့ ဟိုဘက်က ဘာပြန်ပြောမလဲ မစောင့်တော့ဘဲ "ဒုန်း" ခနဲ ဖုန်းချလိုက်တယ်။
ဒါပေမဲ့ လျန်ဖျောင့်ရွှယ် မျက်နှာပေါ်က ဒေါသတွေ မပြေသေးဘူး။
သူမ ဒေါသတကြီး ပြောလိုက်သည်။ "ဟွန့်... သူတို့က ငါတို့ကို သစ်သားရုပ်တွေလို့ တကယ် ထင်နေတာလား။ အသုံးချလို့ ရတဲ့အချိန်ကျတော့ ကြိုးဆွဲပြီး ကစားတယ်၊ မသုံးချင်တော့တဲ့ အချိန်ကျတော့ တိုက်ရိုက် လွှင့်ပစ်ချင်နေတယ်"
လျန်ဖျောင့်ရွှယ် ဒေါသထွက်နေတာ မြင်တော့ ဝမ်ကျင်းကျင်းက ဘေးနားကနေ နှစ်သိမ့်လိုက်သည်။ "ဖျောင့်ရွှယ်... စိတ်လျှော့ပါ၊ ဒေါသ မထွက်ပါနဲ့။ ကျန်းမာရေး ထိခိုက်လိမ့်မယ်။ ငါ ထင်တာတော့ ဟိုဘက်က ငါတို့ကို စီမံကိန်း ရပ်ဆိုင်းခိုင်းတာ အကြောင်းရင်းတစ်ခုခု ရှိလောက်တယ်။
ငါတို့ အခု ဟိုဘက်က ရှင်းပြတာကို စောင့်နေရုံပဲရှိတာ။ ဘာလို့ ဒီလောက် ဒေါသကြီး ထွက်နေရတာလဲ။ ပြောရရင် ငါတို့နဲ့ ဟွမ်လင်းအုပ်စုက ပူးပေါင်းဆောင်ရွက်တဲ့ ဆက်ဆံရေး၊ တကယ်တမ်းကျတော့ ငါတို့ ဆက်ဆံရေးက အပြန်အလှန် အသုံးချတဲ့ ဆက်ဆံရေးပဲ။ ဒါ သူတို့ ရပ်ဆိုင်းချင်တိုင်း ရပ်ဆိုင်းလို့ ရတာ မဟုတ်ဘူး၊ ငါတို့ကလည်း အဲဒီလောက် အသုံးချရ လွယ်ကူတာ မဟုတ်ဘူး"
လျန်ဖျောင့်ရွှယ် ခေါင်းညိတ်လိုက်သည်။ "ဟုတ်တာပေါ့"
***