← Chapters

ချူဖုန်း__ကြည့်ရတာ ငါထပ်ပြီး ရွှီးရတော့မယ်ထင်တယ်

Vol. 2 Ch. 11

ချူဖုန်း__ကြည့်ရတာ ငါထပ်ပြီး ရွှီးရတော့မယ်ထင်တယ်

Vol. 2 Ch. 11

“ဆရာ ဒီတပည့် ပြန်ရောက်လာပါပြီ။”

ရှောင်ချန်းသည် ခြံဝန်းထဲတွင် ရပ်ကာ ချူဖုန်းအား လေးစားစွာ ဦးညွတ်လာသည်။

ဤခရီးစဉ်က သူမည်မျှသန်မာသည်ကို ပို၍နားလည်စေခဲ့သည်။ ထို့ကြောင့် သူသည် ချူဖုန်းကို ပို၍ လေးစားလာခဲ့သည်။

ချူဖုန်းသည် ပြုံး၏။ “မဆိုးဘူး။ မင်းသွားတာ တစ်လပဲရှိသေးတယ်။ အဆင့်သေးတစ်ဆင့်တက်သွားတာပဲ။ ကြည့်ရတာ မင်း ကံအခွင့်အလမ်းတချို့ ရခဲ့တယ်ထင်တယ်။”

ရှောင်ချန်းသည် ပြန်ဖြေ၏။ “ဆရာ့ကို တင်ပြပါတယ်။ တပည့်က ဒီတစ်ကြိမ်ကံမကောင်းခဲ့ပါဘူး။ ဒါပေမဲ့ စစ်မှန်ကံကြမ္မာအဆင့်က သားရဲတချို့ကို သတ်ပြီးတော့ စိတ်ဝိညာဉ်အပင်နည်းနည်းလောက် ရခဲ့ပါတယ်။”

“အိုး” ချူဖုန်းသည် မျက်ခုံးပင့်လိုက်သည်။ “ဒါဆို မင်း စစ်မှန်ကံကြမ္မာအဆင့်အသားကို ပြန်ယူခဲ့တယ်ပေ့ါ။”

စစ်မှန်ကံကြမ္မာအဆင့်သားရဲ၏အသားသည် ထိပ်တန်းအဆင့်အရသာရှိသည်။

ယခင်ဌာနမှူးရှိခဲ့စဉ်အခါက ချူဖုန်းသည် အသားအနည်းငယ် မြည်းစမ်းခဲ့ဖူးသည်။ သူသည် ယင်းအရသာကို ယခုထိတိုင်မှတ်မိနေဆဲဖြစ်သည်။

ထိုလူအိုကြီးထွက်သွားပြီးနောက် ချူဖုန်းသည် တာအိုတည်ဆောက်ခြင်းအဆင့်သားရဲကို တရားဝင် လွှဲပြောင်းရရှိခဲ့သည်။ သို့သော် အရသာက နေ့နှင့်ညအလားပင်။

“ကျွန်တော် နည်းနည်းပြန်ယူခဲ့ပါတယ်။” ရှောင်ချန်းသည် ရိုးသားစွာ ပြန်ဖြေ၏။ သို့သော် သူသည် ဆရာက အဘယ်ကြောင့် ဆေးပင်နှင့်သားရဲအမြူတေထက် အသားကို ပိုဂရုစိုက်နေလဲ မသိခဲ့ပေ။

“ကောင်းပြီ။ မင်းရဲ့ဆရာက အစားကောင်းကြိုက်တာကလွဲရင် တခြားဝါသနာမရှိပါဘူးကွာ။ ထုတ်လိုက်။ ဆရာက မင်းအတွက် အရသာရှိတာလေး ချက် ကျွေးမယ်။”

ချူဖုန်း၏မျက်လုံးများသည် စိတ်လှုပ်ရှားမှုကြောင့် လင်းလက်သွားသည်။

“ဆရာက ဘယ်လိုချက်ရမလဲ သိတာလား။”

ရှောင်ချန်းသည် အံ့ဩသွားဟန်ပင်။

“ချက်တက်တာပေါ့။ ငါတို့ သောင်းပြောင်းပညာရပ်ဌာနမှာ စာအုပ်အမျိုးအစား မျိုးစုံရှိတယ်။ ငါ့အတွက် သားရဲအသားကို ချက်တာပြုတ်တာလောက်ကတော့ မူကြိုအဆင့်ပဲရှိတယ်။”

ချူဖုန်းသည် သဘာဝအတိုင်း သူ၏တပည့်ကို သူ ဤနေရာ၌ အသက်ရှင်ရပ်တည်နိုင်ရန် အချက်အပြုတ်သင်ခဲ့ရသည်ကို ပြောမည်မဟုတ်ပေ။ သို့သော် သူ၏အချက်အပြုတ်စကေးက ယခင်ဘဝတုန်းကလည်း ကောင်းမွန်ခဲ့ပေသည်။

“ကျွန်တော် နားလည်ပါပြီဆရာ။ အခုပဲ အသားတွေကို ထုတ်လိုက်ပါ့မယ်။”

ရှောင်ချန်းသည် သူ၏သိုလှောင်အိတ်ကို ဖွင့်သည်။

တစ်ခဏအတွင်းမှာ အသားပုံကြီးသည် တောင်ပူစာတစ်ခုပမာ သေးငယ်သည့် ခြံဝန်းလေးထဲတွင် ပြည့်နှက်သွားတော့၏။

ချူဖုန်းသည် ထိုအသားပုံကြီးကို သေချာစွာ လှည့်ပတ်ကြည့်ရှူပြီး အကောင်းမွန်ဆုံးအသားကို ရွေးချယ်လိုက်၏။

“လာခဲ့။ ဆရာ မင်းကို အသားဘယ်လိုပြင်ရမလဲပြမယ်။”

ရှောင်ချန်းသည် မျက်ခုံးပင့်လိုက်သည်။ “ဆရာ သောင်းပြောင်းပညာရပ်ဌာနမှာ ဒီလိုပညာတွေကိုပါ သင်ရတာလား။”

ချူဖုန်းသည် ရယ်မော၏။ “ငါတို့ သောင်းပြောင်းပညာရပ်ဌာနမှာ အရာအားလုံးကို သင်ယူရတယ်။ ပြီးတော့ ချက်ပြုတ်ခြင်းဆိုတာကလည်း ကျင့်ကြံခြင်းပုံစံတစ်ခုပဲ။ မဆင်မခြင် လေ့ကျင့်နေရင် ချီသွေးဖီတာတွေ ဖြစ်လာတက်တယ်။ အနားယူတာနဲ့ ကျင့်ကြံတာကို ညီမျှအောင်ထားမှ ပိုပြီးသန်မာလာမှာ။”

ရှောင်ချန်းသည် ချက်ပြုတ်ခြင်းတွင် ထိုမျှနက်နဲသည့် သဘောတရားများ ရှိမည်ဟုမထင်ခဲ့ပေ။

‘ဆရာက မဟုတ်ဘဲ ပြောမှာမဟုတ်ဘူး။’

ရှောင်ချန်းသည် သံသယများကို လျင်မြန်စွာ ဖယ်ရှားပြီး ဆရာ့နောက်သို့ အသားပြင်ဆင်ရန် လိုက်သွားသည်။

သိပ်မကြာခင်မှာ သူတို့နှစ်ဦး မီးဖိုခန်းထဲတွင် အလုပ်ရှုပ်နေကြတော့သည်။

ထိုအခိုက် ရှောင်ချန်းသည် ချူဖုန်း၏ဓားကိုင်စကေးကြောင့် မှင်သက်သွားသည်။

သူ၏လှုပ်ရှားမှုများသည် ခန့်ညားကာ တင့်တယ်ပေသည်။ ယင်းက အသားလှီးနေသည်နှင့်မတူပေ။ အနုပညာဖန်တီးနေသည့်အလားပင်။

ချူဖုန်း၏ဓားချက်တိုင်းက ထူးဆန်းသည့် ဆန္ဒတစ်ခုကို သယ်ဆောင်ထားပုံရသည်။

ချူဖုန်း အသားလှီးပြင်ဆင်ပြီးသည့်အခါ ရှောင်ချန်းသည် သူ့အား လေးစားသည့် မျက်ဝန်းများဖြင့် ကြည့်နေ၏။

“ဘာဖြစ်တာလဲ။ ငါက အသားလှီးနေရုံပဲဟ။ ငါ့ကို အဲလိုကြီး ကြည့်မနေနဲ့။”

ရှောင်ချန်းသည် ပြော၏။ “ဆရာ့ရဲ့ဓားနည်းစနစ်က အရမ်းကို အံ့ဩဖို့ကောင်းမယ်လို့ မထင်ထားလို့ပါ။ဆရာက အသားလှီးနေတာတောင် ဓားမဆန္ဒကို ထည့်သွင်းနိုင်မယ်လို့ မထင်ထားဘူး။”

“ဒါက ဓားမဆန္ဒမဟုတ်ဘူး။” ချူဖုန်းသည် လက်ဝှေ့ယမ်းလိုက်၏။ “ငါ့ရဲ့ဓားဆန္ဒက ပြီးပြည့်စုံခြင်းအဆင့် ရောက်နေလို့ အဲဒီလိုထင်ရတာ။အဲဒါကြောင့် အသားလှီးတာတောင် ဓားဆန္ဒက ပါနေတာ။”

“ဆရာရဲ့ဓားသမားလမ်းစဉ်က ပိုမြင့်တဲ့ အဆင့်ကို ရောက်တော့မှာလား။”

ရှောင်ချန်းသည် လေးစားစွာ မေးလိုက်သည်။

“လိုပါသေးတယ်။” ချူဖုန်းသည် အဓိပ္ပာယ်ဖော်ရခက်သည့် အပြုံးဖြင့် ပြုံးပြလိုက်သည်။

“ဆရာ ဓားဆန္ဒကို ပြီးပြည့်စုံခြင်းအဆင့်ရောက်အောင် ဘယ်လိုလေ့ကျင့်ခဲ့တာလဲ။”

ရှောင်ချန်းသည် သိလိုစွာ မေး၏။

ချူဖုန်းသည် ခဏမျှ ရပ်တန့်သွားသည်။ သူသည် ‘အိုး မင်းဆရာက လေ့ကျင့်ထားတာမဟုတ်ဘူး။ စနစ်က ပေးထားတယလေလို့။’ သေချာပေါက် ဖြေလို့မရပါပေ။

ဆရာတစ်ယောက်၏ဂုဏ်ရည်နှင့် သင့်တော်စေရန် သူသည် တစ်ခုခု ပြုလုပ်ပေးရန်မှတစ်ပါး အခြားမရှိတော့ပေ။

“ရိုးရိုးလေးပါပဲ။ ဘဝရဲ့အနှစ်သာရကို ခံစားကြည့်ပါတဲ့။ ဒါဆို မဟာတာအိုကို သဘာဝအတိုင်း နားလည်လာလိမ့်မယ်။”

ရှောင်ချန်းသည် စိတ်ရှုပ်ထွေးသွား၏။ “ဆရာ ဒီတပည့်က ဉာဏ်နည်းပါတယ်။ ကျေးဇူးပြုပြီး ရှင်းပြပေးပါ။”

ချူဖုန်းသည် အရာရာကို နားလည်ချင်နေသည့် အလွန်ကြိုးစားသည့်တပည့်တစ်ဦးကို လက်ခံမိမည်ဟု မထင်ထားခဲ့ပေ။

‘ကြည့်ရတာ ငါဆက်ရွှီးနေရမယ် ထင်တယ်။’

“ဘဝရဲ့အနှစ်သာရကို ခံစားကြည့်ပါတဲ့။ ဒါဆို မဟာတာအိုကို သဘာဝအတိုင်း နားလည်လာလိမ့်မယ် ဆိုတဲ့စကားမှာ။”

“ဘဝရဲ့အနှစ်သာရကို ခံစားကြည့်ပါက ဓားဆန္ဒကို ဘဝရဲ့သမာရိုးကျအဆန်းဆုံး လုပ်ရက်တွေနေတောင် လေ့လာဆင်ခြင်ပါတဲ့။”

“ဥပမာအနေနဲ့” ချူဖုန်းသည် လေးနက်စွာပြောသည်။ “ မင်း ထင်းခွဲတာဖြစ်ဖြစ် အသားလှီးတာဖြစ်ဖြစ် မင်းရဲ့ဓားချက်တိုင်းကို ဓားဆန္ဒတွေ ပေါင်းစပ်နိုင်ရမယ်။ ဒါပေမဲ့ ပြီးပြည့်စုံတဲ့အထိလည်း ထိန်းချုပ်နိုင်ရမယ်။ ဓားဆန္ဒက အသား ဒါမှမဟုတ် ထင်းတုံးကို ကြေမွပျက်စီးသွားအောင် မလုပ်မိစေနဲ့။ မင်းသာ အဲဒီလို လုပ်နိုင်ရင် မင်းရဲ့ဓားဆန္ဒက နောက်တစ်ဆင့်ရောက်သွားလိမ့်မယ်။”

“မဟာတာအိုကို သဘာဝအတိုင်း နားလည်လာလိမ့်မယ်ကတော့ ပိုတောင် ရိုးရှင်းသေးတယ်။ ဆရာတို့ ဒီနေ့ ခေတ်မှာ သုံးနေတဲ့ ကျင့်စဉ်တိုင်း သိုင်းကျမ်းတိုင်းက ရှေးက သူတော်စင်တွေက သူတို့အနားက ကမ္ဘာကြီးကို လေ့လာရင်း သဘာဝတရားကြီးဆီကနေ ဉာဏ်အလင်းရပြီး ဖန်တီးခဲ့ကြတာ။ မင်းလည်း မိုးမြေကို ဆင်ခြင်ပြီး နောက်ကွယ်က နိယာမတွေကို ထိုးထွင်းသိမြင်နိုင်မယ်ဆိုရင် ဓားလမ်းစဉ်က တိုးတက်လာလိမ့်မယ်။”

ဟူးလားလား။

ရှောင်ချန်းသည် အသက်ပြင်းပြင်းရှူလိုက်မိသည်။ သူ့ဆရာ၏စကားလုံးများသည် တိုတောင်းသော်လည်း လိုရင်းသို့ ရောက်ပေသည်။ တစ်လုံးချင်းစီတိုင်းက နက်နဲသည့်နိယာမများနှင့် ပြည့်နှက်နေသည်။

“ဆရာ့ရဲ့ လမ်းညွှန်ပေးမှုအတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော် ဆရာ့ကို စိတ်မပျက်စေရပါဘူး။”

ချူဖုန်းသည် ပြုံးကာ ရှောင်ချန်း၏ပခုံးကို ပုတ်ပေးလိုက်သည်။ “ကောင်းတယ်။ ဆရာ မင်းကို အများကြီး မျှော်မှန်းထားတယ်။”

‘ဘာပဲဖြစ်ဖြစ် ဆရာကတော့ မင်းကို အခုပြောလိုက်တာတွေက ရွှီးထားတာကို ဝန်ခံမှာမဟုတ်ဘူး။ အဲဒီကနေ နားလည်မလား မလည်ဘူးလားဆိုတာကတော့ မင်းရဲ့ပါရမီနဲ့ဆိုင်သွားပြီ ငါ့တပည့်လေးရေ။’

နာရီဝက်ကြာပြီးနောက်။

စားပွဲတစ်ခုလုံး အရသာရှိသည့်အစားအစာများဖြင့် ပြည့်နှက်သွားသည်။

ရှောင်ချန်းသည် သူ၏နှာခေါင်းထိပ်သို့ ရစ်ဝဲလာသော အနံ့များကြောင့် သွားရည်ကျလာသည်။

‘ဆရာက တကယ့်ကို မလိမ်ဘူးပဲ။’

ချူဖုန်းသည် ထိုင်ခုံတွင်ထိုင်လိုက်ပြီး သူ၏တူကို မြှောက်လိုက်သည်။ “သွားရည်ကျမနေနဲ့။ လာစားတော့။”

“ဟုတ်ကဲ့” ရှောင်ချန်းသည် ဟန်မဆောင်တော့ပေ။ သူ့ဆရာ၏စကားဆုံးတာနှင့် သူသည် တုံ့ဆိုင်းမနေဘဲ ဝင်ထိုင်လိုက်တော့သည်။

သူသည် အစပိုင်းတွင် ယဉ်ကျေးစွာ စားနေသေးသည်။ သို့သော် နောက်ပိုင်းတွင် ထိုဟန်ဆောင်ပန်ဆောင်အမူအရာများမှာ လွင့်စင်သွားတော့သည်။ သူသည် ပလုတ်ပလောင်းစားကာ သူ၏ပုံရိပ်ကို ဂရုစိုက်မနေတော့ပေ။

…

မျက်စိတစ်မှိတ်အတွင်းမှာ အချိန်ကုန်ဆုံးသွားပြီး ဝမ်တောက်ကျောင်းတော်၏ အပြင်စည်းဂိုဏ်းပြိုင်ပွဲသို့ ရောက်ရှ်ိလာ၏။

ယနေ့မနက်တွင်တော့ ချူဖုန်းသည် ရှားရှားပါးပါး စောစောနိုးလာသည်။

ရှောင်ချန်းသည် သောင်းပြောင်းပညာရပ်ဌာန၏ဝတ်စုံကို ‌ဂရုတစိုက် ဝတ်ဆင်ထားသည်။

ယနေ့တွင်တော့ သူသည် သူ၏ဌာနကို ကိုယ်စားပြုနေသည်။ ထို့ကြောင့် သူသည် ဖြစ်ကတတ်ဆန်း ဝတ်ဆင်၍မရပေ။

ချူဖုန်းသည် သူ့ကို သေချာကြည့်ပြီး စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ သူသည် သူ့ထက် ရုပ်ရည်အနည်းငယ်သာ လျော့သည့် တပည့်ကို စိတ်ကျေနပ်သွားသည်။

“သွားကြစို့”

ထို့နောက် သူသည် တောင်အောက်သို့ ဆင်းတော့သည်။

“အား ဆရာ” ရှောင်ချန်းသည် ရုတ်တရက် ထခေါ်လာသည်။

“ဘာလဲ” ချူဖုန်းသည် ပြန်လှည့်ကာ ဖြေလာသည်။

“ကျွန်တော်တို့ ဓားပျံမစီးသွားဘူးလား။” ရှောင်ချန်းသည် စိတ်ရှုပ်ထွေးစွာ မေးသည်။

‘သေလိုက်ပါတော့။ ငါဓားပျံစီးနည်းသင်ဖို့ မေ့သွားတယ်။’

“တပည့် ဆရာ မင်းကို မေးမယ်။ ငါတို့ သောင်းပြောင်းပညာရပ်ဌာနရဲ့ ဂုဏ်သတင်းကို သိလား။”

“မကျင့်ကြံနိုင်တဲ့ ဌာန။” ရှောင်ချန်းသည် အလိုအလျောက် ပြန်ဖြေမိသည်။

နောက်ဆုံးမှာတော့ လူတိုင်း၏အမြင်တွင် သူတို့သည် အသုံးမဝင်သည့် ဆရာတပည့်နှစ်ဦးသာ။

ချူဖုန်းသည် ပြုံး၏။ “သေချာပေါက်ပေါ့။ ငါတို့သာ ဓားပျံစီးသွားရင် အကုန်ပေါ်ကုန်မှာ။ အဲဒါကြောင့် ဆရာတို့တွေ ဒီနေ့ လမ်းလျှောက်ရမယ်။ မင်းသာ ပြိုင်ပွဲမှာ အရည်အချင်းကို ထုတ်ပြပြီးရင် ဆရာတို့တွေ လုံးဝကို ဂုဏ်ယူဝံ့ကြွားလို့ရပြီ။”

ထိုအခိုက် ရှောင်ချန်းသည် နက်နဲသည့် ခံစားချက်များ ဖုံးလွှမ်းသွားရသည်။

All Chapters