ရှောင်ချန်း၏ ပထမဆုံးအောင်ပွဲ
Vol. 2 Ch. 14
“အလောင်းအစားလုပ်မှာလား။”
ဆေးဘုရင် ရွှမ်ဟော့သည် ခေတ္တမျှ ကြောင်အသွားသည်။ သူသည် အခြားလူအိုကြီးများနှင့် စကားများရသည်မှာ ငြီးငွေ့လာသဖြင့် ချူဖုန်းနှင့် စကားစမြည် ပြောဆိုနေခြင်းဖြစ်သည်။ ထိုလူအိုကြီးများက သူတို့၏တပည့်များသာအတော်ဆုံးဟု ယုံကြည်နေကြသူများပေ။
အဆုံးမရှိ ငြင်းခုံနေမည့်အစား သူကတော့ ပြင်ပလူတစ်ယောက်၏ အမြင်ကို နားထောင်ရသည်မှာ ပို၍ ကောင်းမည်ဟု ယူဆသည်။ ကောင်းကင်စိတ်ဝိညာဉ်ဌာနမှ မြေခွေးအိုကြီးမှာလည်း ပြောရဆိုရမလွယ်၍ သူက ချူဖုန်းဘက်သို့ လှည့်လိုက်ခြင်းဖြစ်သည်။
သို့သော် ချူဖုန်းက ပါးစပ်ဟလိုက်သည်နှင့် မည်သည့်ဌာနကိုမျှ အရေးမလုပ်ကြောင်း သိသာလွန်းသည့် စကားမျိုး ပြောလာလိမ့်မည်ဟု မထင်ထားပေ။
ထိုစဉ်မှာပင် ဓားပညာဌာန၏ ဓားဘုရင်က ရုတ်တရက် ကြားဝင်ပြောဆိုလာသည်။ “လူအိုကြီးရွှမ်ဟော့၊ အဲဒီကောင်လေးနဲ့ လောင်းလိုက်စမ်းပါ။ မင်း ကြောက်နေတာတော့ မဟုတ်ဘူးမလား။”
ဓားကျင့်ကြံသူများသည် မာနကြီးကြသည်။ ဓားပညာဌာန၏ ဌာနမှူးအနေနှင့် ဓားဘုရင်သည်လည်း ခြွင်းချက်မဟုတ်ပေ။ သူသည် တခြားဌာနများကို အမြဲအထင်သေးခဲ့သလို ချူဖုန်း၏ သောင်းပြောင်းပညာရပ်ဌာနနှင့် ဓားပညာဌာနမှ နှင်ထုတ်ခံခဲ့ရသည့် တပည့်ဟောင်း ရှောင်ချန်းကိုလည်း ပို၍ပင် အထင်သေးထားသူဖြစ်သည်။
သို့သော် ရှောင်ချန်းသာ ပြိုင်ပွဲတွင် တကယ်ကြီး ပထမရသွားပါက ၎င်းသည် ဓားဘုရင်၏ မျက်နှာကို ဖြတ်ရိုက်လိုက်သကဲ့သို့ ဖြစ်ပေလိမ့်မည်။
မဟုတ်သေးပေ။ ချူဖုန်းက ရှောင်ချန်းကို တပည့်အဖြစ် လက်ခံလိုက်သည့် အချိန်ကတည်းက ဓားပညာဌာန၏ မျက်နှာကို ပေါ်တင် ဖြတ်ရိုက်လိုက်ခြင်းပင်။
ဆေးဘုရင် ရွှမ်ဟော့သည် သူ၏မုတ်ဆိတ်ကို ပွတ်သပ်ရင်း ချူဖုန်းကို ပြုံး၍ ကြည့်လိုက်သည်။ “မလောင်းနိုင်စရာတော့ မရှိပါဘူး။ ဒါပေမဲ့ မင်းမှာ ငါနဲ့ လောင်းကြေးထပ်ဖို့ ဘာရှိလို့လဲ။”
သူသည် ဆေးပညာဌာန၏ ဌာနမှူးဖြစ်သလို နီဗားနားရှင်သန်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦးလည်း ဖြစ်သည်။ ချူဖုန်းကဲ့သို့ သာမန်ကျင့်ကြံသူတစ်ဦးနှင့် လောင်းကြေးထပ်ရသည်မှာ သူ့ကိုယ်သူ အဆင့်နှိမ့်ချလိုက်သကဲ့သို့ ခံစားရသည်။
သူ သေချာပေါက် နိုင်မည်ဖြစ်သော်လည်း စိတ်ဝင်စားမှုတော့ မရှိပေ။
ချူဖုန်းက ပြုံးလျက် ပြောလိုက်သည်။ “ကျွန်တော်က လောင်းဖို့ စပြောတဲ့သူဆိုတော့ စည်းကမ်းချက်တွေကို စီနီယာပဲ သတ်မှတ်ပေးပါ။”
ထိုအခိုက် ရွှမ်ဟော့က အံ့ဩသွားသည်။ သူက ချူဖုန်းသည် ရှေ့တစ်လှမ်း တိုးရန် နောက်တစ်လှမ်းဆုတ်တက်သူ ဖြစ်လိမ့်မည်ဟု မထင်ထားခဲ့ပေ။
“ကောင်းပြီ။ တကယ်လို့ မင်းရှုံးရင် ကျောင်းအုပ်ကြီးဆီ သွားပြီး ဝမ်တောက်ကျောင်းတော်ကနေ ဆန္ဒအလျောက် ထွက်ပေးရမယ်။ ဘယ်လိုလဲ။”
ယခင်က သောင်းပြောင်းပညာရပ်ဌာနကို ဖျက်သိမ်းရန် အဆိုပြုချက် ပေါ်လာသည့်အခါ ရွှမ်ဟော့သည်လည်း ထောက်ခံခဲ့သူများထဲမှ တစ်ဦးဖြစ်သည်။ သူ့အတွက်မူ ၎င်းဌာနသည် ဝန်ထုပ်ဝန်ပိုးဟု ခေါ်ရန်ပင် မတန်ဘဲ အမှိုက်ဌာနတစ်ခုမျှသာ ဖြစ်သည်။
ချူဖုန်း၏ ခံစားချက်ကိုမူ ထိုသူများထဲက မည်သူမျှ ဂရုမစိုက်ကြပေ။
ချူဖုန်းက ပြုံးကာ စကားဆိုသည်။ “သဘောတူပါတယ်။ ဒါဆိုဆုံးဖြတ်လိုက်ပြီ။”
ဌာနမှူးများမှာ ချူဖုန်းက ဤမျှ လွယ်လွယ်သဘောတူလိမ့်မည်ဟု မထင်ထားကြပေ။
သူတို့က မှတ်မိနေပါသေးသည်။ ထိုကောင်လေးသည် ဝမ်တောက်ကျောင်းတော်တွင် ဆက်နေနိုင်ရန် ရှောင်ချန်းကဲ့သို့သော မသန်မစွမ်းကိုပင် တပည့်အဖြစ် လက်ခံရန််ဝန်မလေးခဲ့ပေ။
ယခုမူ သူတို့ စဉ်းစားမိလာ၏။ ရှောင်ချန်း၏ ကျင့်ကြံခြင်းက ပြန်လည်ကောင်းမွန်လာခဲ့ပြီလော။
မဖြစ်နိုင်ပေ။ ယင်းက လုံးဝ မဖြစ်နိုင်ပေ။
ရှောင်ချန်း၏ ဒဏ်ရာများက မည်မျှ ပြင်းထန်သည်ကို သူတို့အားလုံး သိကြသည်။ ဒဏ္ဍာရီထဲက မြင့်မြတ်ဆေးလုံးများမပါဘဲ ပြန်လည်ကောင်းမွန်လာရန်မှာ မဖြစ်နိုင်သည့် အရာပေ။
ရွှမ်ဟော့က ရယ်မောလိုက်သည်။ “ကောင်းပြီ၊ ငါကလည်း ကျိုးကြောင်းဆင်ခြင်တတ်တဲ့သူပဲ။ တကယ်လို့ မင်းနိုင်ရင် ဘာလိုချင်လဲ။”
ဘာပဲဖြစ်ဖြစ် သူက အောင်ပွဲကို ရရှိထားပြီးသားဟု ယုံကြည်နေသဖြင့် နောင်တွင် အတင်းအဖျင်း အပြောမခံရအောင် ရက်ရောဟန် ပြလိုက်ပေသည်။
ချူဖုန်းက ပြုံးရင်း ပြန်ဖြေသည်။ “ကျွန်တော့် တောင်းဆိုချက်က ရိုးရိုးလေးပါပဲ။ ဆေးပညာဌာနက စီနီယာရဲ့တပည့်တွေထဲက တစ်ယောက်ကို ကျွန်တော့်ဆီ ပေးရပါမယ်။”
ယခု သူ့တွင် လိုအပ်နေသည်မှာ တပည့်များဖြစ်သည်။ တပည့်သစ်တစ်ယောက် လက်ခံလိုက်ရုံဖြင့် သူသည် ဆယ်စုနှစ်တစ်ခုစာ ကျင့်ကြံခြင်းကို ရရှိမည်ဖြစ်သည်။
သို့သော် ဝမ်တောက်ကျောင်းတော်တွင် တပည့်စုဆောင်းရန်မှာ အလွန်ခက်ခဲသည်။ ရှောင်ချန်းက ပထမရသွားလျှင်ပင် သောင်းပြောင်းပညာရပ်ဌာနသို့ မည်သူမျှ မလာချင်ကြသည့် အချက်က ပြောင်းလဲသွားမည်မဟုတ်ပေ။
သူ၏ဌာနတွင် စကားထဲထည့်ပြောစရာ အမွေအနှစ်ဟူ၍ ဘာမှမရှိပေ။
တပည့်အများစုအတွက်မူ အပြင်စည်းဂိုဏ်း၏ ပထမဆုကပင် ဆွဲဆောင်မှု မရှိပေ။ အတွင်းစည်းဂိုဏ်းသို့ ရောက်သွားဖို့သာ အရေးကြီးသည်။ ထိုသို့ဝင်ရောက်သွားပါက ကျင့်ကြံခြင်းအမြန်နှုန်း ကွာခြားချက်က အလွန်ကြီးမားသွားမည် ဖြစ်သည်။
“ဒါပဲလား။”
ရွှမ်ဟော့သည် ခဏမျှ တန့်သွားသော်လည်း မကြာမီမှာပင် နားလည်သွားသည်။ ချူဖုန်းက သာမန်လူတစ်ယောက်မျှသာ ဖြစ်သဖြင့် အလွန်အကြူးတောင်းဆိုမှုမျိုး လုပ်ရဲမည်မဟုတ်ပေ။
“ကောင်းပြီ၊ ငါ လက်ခံတယ်။”
ပတ်ဝန်းကျင်မှ အခြားဌာနမှူးများမှာ စကားမဆိုကြပေ။ သူတို့ထဲမှ မည်သူမျှ ချူဖုန်းဘက်မှ ပါဝင်ရန် မလိုအပ်ဟု ခံစားကြရသည်။
သူက သာမန်လူတစ်ယောက်မျှသာ ဖြစ်သဖြင့် အာရုံစိုက်နေရန် မလိုပေ။
အထူးသဖြင့် ပြိုင်ပွဲအပြီးတွင် သူသည် ဝမ်တောက်ကျောင်းတော်မှ နှင်ထုတ်ခံရမည် ဖြစ်သလို သောင်းပြောင်းပညာရပ်ဌာနမှာလည်း သမိုင်းအဖြစ်သာ ကျန်ရစ်တော့မည် ဖြစ်သောကြောင့်ဖြစ်သည်။
ဌာနမှူးများ စကားပြောနေကြစဉ်မှာပင် ပဏာမအဆင့်အတွက် မဲနှိုက်မှုများ ပြီးဆုံးသွားခဲ့သည်။
ပြိုင်ပွဲကို ကြီးကြပ်နေသည့် အကြီးအကဲ ချန်ချင်းက ကွင်းဆယ်ခုစလုံးသို့ ဒိုင်လူကြီးများကို စေလွှတ်လိုက်သည်။
ကွင်းတစ်ခုစီမှ ကိုးဦးစီ ရွေးချယ်မည်ဖြစ်သဖြင့် စုစုပေါင်း ထိပ်သီး (၁၀၀) ထွက်ပေါ်လာမည်ဖြစ်သည်။
ဒိုင်လူကြီးများ ရောက်ရှိသွားသည်နှင့် ဌာနမှူးကိုးဦးနှင့် ချူဖုန်းတို့သည် ပြိုင်ကွင်းများဆီသို့ အကြည့်လွှဲ ပြောင်းလိုက်ကြသည်။
ချူဖုန်းက လူအုပ်ထဲတွင် ရှောင်ချန်းကို ရှာလိုက်သည်။ ကျေးဇူးတင်ဖို့ကောင်းသည်က ထိုကလေးတွင် ထူးခြားသည့် အရှိန်အဝါရှိနေသဖြင့် သူ့ကို နံပါတ်ကိုးကွင်း၏ အောက်တွင် အလျင်အမြန် တွေ့သွားသည်။
တမင်သက်သက်လား သို့မဟုတ် မတော်တဆလားတော့ မသိသော်လည်း ထိုစင်မြင့်ပေါ်တွင် ပထမဆုံး ယှဉ်ပြိုင်ရန် ရှောင်ချန်းကို ရွေးချယ်လိုက်ပေသည်။
သူ စင်မြင့်ပေါ်သို့ တက်လိုက်သည့် အခိုက်တွင် တပည့်များကြား၌ စကားသံများ ဆူညံသွားခဲ့သည်။
“ဆေးပညာဌာနက ဟွမ်ချီကိုတော့ တကယ် မနာလိုတာပဲ။ သူက ပထမအဆင့်မှာတင် ရှောင်ချန်းနဲ့ တွေ့တယ်။”
“အေးလို့။ သူကတော့ အလကားရတဲ့ နေ့လည်စာနဲ့တိုးပြီ။။”
ကြည့်ရှုသည့် စင်မြင့်ထက်ရှိ ဌာနမှူးများလည်း စင်မြင့်ပေါ်မှ ရှောင်ချန်းကို သတိထားမိသွားကြသည်။
ဆေးဘုရင် ရွှမ်ဟော့က ရယ်မောလိုက်၏။ “ရှောင်ချန်း မင်းရဲ့ တပည့်ကြီးက ပထမဆုံးပွဲမှာတင် ငါတို့ ဆေးပညာဌာနက လူနဲ့ တွေ့မယ်လို့ မထင်ထားဘူး။”
ချူဖုန်းက ပြန်ဖြေသည်။ “ကျွန်တော်တို့က ရေစက် တော်တော်ပါပုံရတယ်”
လူအိုကြီးရွှမ်ဟော့သည် ချူဖုန်းက ဤမျှယုံကြည်မှုရှိနေလိမ့်မည်ဟု မထင်ထားပေ။ သူ တစ်ခုခု ထပ်ပြောရန် ပြင်လိုက်စဉ်မှာပင် စင်မြင့်ပေါ်မှ ဒိုင်လူကြီးက စကားဆိုလာသည်။
“နောက်တစ်ခုကတော့ နံပါတ်ကိုးကွင်းရဲ့ ပထမဆုံးပွဲစဉ် ဖြစ်ပါတယ်။ စလိုက်ကြရအောင်။”
ဟွမ်ချီသည် သူ၏ဓားရှည်ကို ကိုင်လျက် ရှေ့သို့ တိုးလာပြီး ရှောင်ချန်းကို လက်သီးဆုပ် နှုတ်ဆက်ကာ ယုံကြည်ချက်ရှိစွာ ပြောလိုက်သည်။ “ဂျူနီယာညီလေးရှောင်၊ပထမဆုံးပွဲမှာ မင်းနဲ့ တွေ့ရတဲ့အထိ ငါကံကောင်းမယ်လို့ မထင်ထားဘူး။ ငါနိုင်သွားရင် မင်းကို တစ်ဝိုင်းဒကာခံပါ့မယ်။”
သူက ချွေးတစ်ပေါက်မှ ထွက်စရာမလိုဘဲ ဒုတိယအဆင့်သို့ တက်ရောက်ရမည့်အတွက် အလွန်ဝမ်းသာနေသည်။
ရှောင်ချန်းက ခပ်တန်းတန်းသာ ပြန်လည်နှုတ်ဆက်လိုက်ပြီး အေးစက်စက်သာ ပြောလိုက်သည်။ “ဓားထုတ်စမ်း။”
ဟွမ်ချီသည် ထိုသူက ယခုအချိန်အထိ မာန်တင်းနေဆဲ ဖြစ်လိမ့်မည်ဟု မထင်ထားခဲ့ပေ။
“ဒါဆိုလည်း ငါ့ကိုခွင့်လွှတ်ပါ ဂျူနီယာညီလေး၊ မီးလျှံ တောက်ပဓားပညာ။”
သူက စကားဆုံးသည်နှင့် ဓားကို ဆွဲထုတ်လိုက်ပြီး ရှောင်ချန်းကို ခုတ်ချလိုက်သည်။ နီရဲတောက်လောင်နေသော ဓားချီများက ရှောင်ချန်းထံသို့ တိုးဝင်သွားသည်။
ရှောင်ချန်းက သူ၏ဓားကို ဆွဲထုတ်လိုက်ပြီး ပေါ့ပေါ့ပါးပါးပင် ပြန်လည် လွှဲယမ်းလိုက်၏။
ကလန်။
ကြည်လင်ပြတ်သားသော ဓားမြည်သံနှင့်အတူ ပြင်းထန်လှသော ဓားချီများက စင်မြင့်တစ်ခုလုံးကို လွှမ်းခြုံသွားခဲ့သည်။
၎င်းက နီရဲတောက်လောင်နေသော ဓားချီကို ချက်ချင်းပင် အစိတ်စိတ်အမွှာမွှာ ဖြစ်သွားစေသည်။
ထိုဓားလှိုင်းတွင် ဓားဆန္ဒ၏ အရိပ်အငွေ့ ပါဝင်နေသည်။ ဟွမ်ချီမှာ အလွန်အံ့ဩသွားပြီး နေရာမှာတင် မှင်သက်သွားတော့သည်။
ကံကောင်းထောက်မစွာဖြင့် ဒိုင်လူကြီးက အချိန်မီ တုံ့ပြန်ပြီး ထိုတိုက်ခိုက်မှုကို ကြားဖြတ် ဟန့်တားပေးလိုက်သည်။
ဘုန်း။
ပေါက်ကွဲသံကျယ်ကြီးက စင်မြင့်တစ်ခုလုံးတွင် ပဲ့တင်ထပ်သွားသည်။
ထိုအခိုက် ဒိုင်လူကြီးက ကြေညာလိုက်သည်။ “ရှောင်ချန်း အနိုင်ရပါတယ်။”
ထိုစကားထွက်လာသည်နှင့် ပရိသတ်အားလုံးက တိတ်ဆိတ်သွားကြသည်။
ကြည့်ရှုသူများမှာ မျက်လုံးအဝိုင်းသားနှင့် စင်မြင့်ပေါ်မှ လူနှစ်ယောက်ကို မယုံကြည်နိုင်သလို စိုက်ကြည့်နေကြတော့သည်။
ဒိုင်လူကြီးကိုယ်တိုင်ပင် အံ့ဩတုန်လှုပ်နေပုံ ပေါ်သည်။
သူသည် အစကတည်းက အာရုံစိုက်ထားခြင်းဖြစ်သည်။ အမှန်တကယ်တော့ သူက ရှောင်ချန်းကို အချိန်မရွေး ကယ်တင်ရန် အသင့်ပြင်ထားခြင်းဖြစ်ပါ၏။
သို့သော် ရှောင်ချန်း၏ ပထမဆုံး တိုက်ခိုက်မှုမှာ သေစေနိုင်လောက်သော တိုက်ခိုက်မှု ဖြစ်နေခဲ့သည်။ မည်သည့် တာအိုတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူမျှ ၎င်းကို ခုခံနိုင်မည် မဟုတ်ပေ။
ဒိုင်လူကြီးက ဟွမ်ချီဘက်သို့ လှည့်ကြည့်လိုက်သည်။ “မင်း အရှုံးပေးပြီလား။”
ဟွမ်ချီမှာ နောက်ဆုံးမှ သတိပြန်ဝင်လာပြီး တုန်ရီနေသော အသံဖြင့် ခေါင်းညိတ်ပြလိုက်သည်။
“အရှုံးပေးပါတယ်။ ကျွန်တော် အရှုံးပေးပါတယ်”
ထိုတစ်ချက်တည်းသော တိုက်ခိုက်မှုက သူ့ကို သေမင်းနှင့် လက်တစ်ကမ်းအကွာသို့ ရောက်သွားသကဲ့သို့ ခံစားလိုက်ရစေသည်။ သူ့တွင် အသက်ကယ် အဆောင် ပါရှိနေသော်လည်း အကယ်၍ ထိုဓားသာ ထိမှန်သွားခဲ့ပါက သူ အသက်ရှင်နိုင်မည် မဟုတ်ပေ။
ရှောင်ချန်းက ဘာမှမပြောပေ။ သူသည် စင်မြင့်ပေါ်မှ လှည့်ထွက်သွားခဲ့သည်။
ဟွမ်ချီသည်လည်း သူ၏ဓားကို ပြန်သိမ်းကာ ရင်တထိတ်ထိတ်ဖြင့် စင်မြင့်ပေါ်မှ အလျင်အမြန် ခုန်ဆင်းသွားခဲ့သည်။
‘ငါ ခုနက သွေးလေများ ခြောက်ခြားသွားတာလား။’
ပြိုင်ပွဲဝင်နှစ်ဦးစလုံး ထွက်သွားပြီးနောက် ဒိုင်လူကြီးက ကြေညာလာသည်။ “နောက်ထပ် နှစ်ယောက် စင်ပေါ်ကို တက်လာပေးပါ။”
ထိုအခါမှသာ မှင်သက်နေသော ပရိသတ်များမှာ သတိပြန်ဝင်လာပြီး ကွင်းတစ်ခုလုံးမှာ အံ့ဩတုန်လှုပ်သံများ၊ အော်ဟစ်သံများနှင့် ပြည့်နှက်သွားတော့သည်။