လူထုအမြင် ပြောင်းလဲသွားခြင်း
Vol. 2 Ch. 15
“ဟ လခွမ်းပဲ... ငါအမြင်မမှားဘူးမလား။ ခုနက ရှောင်ချန်းရဲ့ ဓားချက်က ဓားဆန္ဒ ငါးပုံတောင် ပါတယ်ဟ။”
“မင်း အမြင်မှားတာ မဟုတ်ဘူး။ ဒါပေမဲ့ ရှောင်ချန်းက မသန်မစွမ်း ဖြစ်နေတာ မဟုတ်ဘူးလား။ ဘာတွေဖြစ်ကုန်တာလဲ။ တစ်ယောက်လောက် ရှင်းပြပေးကြပါဦး။”
ရှောင်ချန်းသည် လူအုပ်၏ စကားသံများကို ဂရုမစိုက်ပေ။ သူသည် လူပင်လယ်ကြီးထဲမှ တိုးထွက်ကာ အနားယူရန် ထောင့်တစ်နေရာသို့ လျှောက်သွားသည်။ သူသည် ရေရွတ်ညည်းတွားမိ၏။
“ငါ မထိန်းချုပ်နိုင်သေးဘူးပဲ။ ခုနက ငါ့ရဲ့ ဓားဆန္ဒကို ကောင်းကောင်း မထိန်းချုပ်နိုင်ခဲ့ဘူး။ သူ့ကို ကိုင်တွယ်ဖို့ ဓားဆန္ဒ သုံးပုံဆို လုံလောက်နေပြီကို။”
သူပြောနေတုန်းမှာပင် တစ်စုံတစ်ယောက် ချဉ်းကပ်လာသည်ကို ခံစားလိုက်ရသည်။ ခေါင်းလှည့်ကြည့်လိုက်သည့်အခါ လွီယွဲ့အာ ဖြစ်နေသည်ကို တွေ့လိုက်ရ၏။
“စီနီယာအစ်ကို၊ ဂုဏ်ယူပါတယ်နော်။” လွီယွဲ့အာက အပြုံးဖြင့် ဆိုသည်။
သူမသည် ရှောင်ချန်း၏ ပြိုင်ပွဲဝင်နံပါတ်ကို စုံစမ်းထားပြီးဖြစ်ရာ သူ ပြန်လာမည် နေရာကို ကြိုသိထားသဖြင့် နေရာတွင် ဦးစွာ လာရောက်စောင့်ဆိုင်းနေခြင်းဖြစ်သည်။
ရှောင်ချန်းသည် ပထမဆုံးပွဲစဉ်မှာတင် ဝမ်တောက်ကျောင်းတော်၏ အပြင်စည်းဂိုဏ်းတစ်ခုလုံးကို မှင်တက်သွားစေခဲ့သည်။
“စီနီယာအစ်ကိုက အမြဲတမ်း အတော်ဆုံးပဲ။”
“ဂျူနီယာညီမလေးက မြှောက်ပင့်နေပြန်ပြီ။ ဒါက ပထမဆုံးအဆင့်ပဲ ရှိသေးတာပါ။”
သူ့ရှေ့မှ မိန်းမငယ်လေးကို ကြည့်ရင်း အမြဲလိုလို တည်ငြိမ်ကာ အေးစက်နေတတ်သည့် ရှောင်ချန်းပင် ရှားရှားပါးပါး ပြုံးယောင်သန်းသွားခဲ့သည်။
“ဒါနဲ့ ဂျူနီယာညီမလေးက ဘယ်ကွင်းမှာ ပြိုင်ရမှာလဲ။ ခဏနေရင် စီနီယာအစ်ကို လာအားပေးမယ်လေ။”
ဓားပညာဌာနတွင် အပြင်စည်းတပည့် ထောင်ချီရှိပြီး လူတိုင်းနီးပါး အပြင်စည်းဂိုဏ်းပြိုင်ပွဲတွင် ပါဝင်ကြသည်။ ပြိုင်ကွင်း ဆယ်ခုရှိသော်လည်း ပထမအဆင့် ပြီးဆုံးရန်မှာ အတော်အတန် ကြာဦးမည်ဖြစ်သည်။
လွီယွဲ့အာ၏ မျက်လုံးများမှာ ပျော်ရွှင်မှုကြောင့် တောက်ပသွားသည်။ “ဂျူနီယာညီမလေးက ဘေးကပ်လျက် နံပါတ်တစ်ဆယ်ကွင်းမှာပါ။ ဒါပေမဲ့ ပြိုင်ဖို့ကတော့ ခဏလိုသေးတယ်။ စီနီယာအစ်ကို ပြန်သွားပြီး မကျင့်ကြံတော့ဘူးလား။”
သူမ၏ မှတ်ဉာဏ်ထဲတွင်မူ စီနီယာအစ်ကိုသည် အချိန်တစ်စက္ကန့်ကိုမျှ အလဟဿမဖြစ်စေဘဲ အမြဲတမ်း ကျင့်ကြံနေတတ်သူဖြစ်သည်။
ရှောင်ချန်းက ရယ်မောကာ ဆိုသည်။ “လောစရာမလိုပါဘူး။ ဒီနှစ်တွေအတွင်းမှာ ဂျူနီယာညီမလေး ကျင့်ကြံတဲ့နေရာမှာ အပျင်းတစ်နေလားဆိုတာ စောင့်ကြည့်လိုက်ဦးမယ်။”
သောင်းပြောင်းပညာရပ်ဌာနတွင် လအနည်းငယ်မျှ လေ့ကျင့်ပြီးနောက် သူမ၏ စီနီယာအစ်ကိုမှာ လုံးဝ ပြောင်းလဲသွားသည်ဟု ခံစားလိုက်ရသည်။
သူမက လေးလေးနက်နက် ခေါင်းညိတ်ပြလိုက်သည်။ “ ဒီဂျူနီယာညီမလေးက စီနီယာအစ်ကိုကိုစိတ်မပျက်စေရပါဘူး။”
“ ကောင်းပြီ။ ဒါဆိုလည်း စီနီယာအစ်ကိုက စောင့်ကြည့်နေမယ်။” ရှောင်ချန်းက ပြန်ဖြေလိုက်သည်။
သူတို့နှစ်ယောက်နှင့် မလှမ်းမကမ်းတွင် တစ်စုံတစ်ယောက်က ရှောင်ချန်းကို သတ်ဖြတ်လိုစိတ်များဖြင့် စိုက်ကြည့်နေ၏။
ထိုသူကား ထန်ဖုန်းပင်။
လွီယွဲ့အာကဲ့သို့ပင် သူသည်လည်း နံပါတ်ကိုးကွင်းသို့ စောစီးစွာ ရောက်ရှိနေခြင်းဖြစ်သည်။ သို့သော် သူက တော့ ရှောင်ချန်း ရှုံးနိမ့်သွားသည်ကို ကြည့်ပြီး လူအများရှေ့တွင် အရှက်ခွဲရန် ရည်ရွယ်ကာ စောင့်နေခြင်းဖြစ်၏။
သို့သော် ရှောင်ချန်းက ဓားကွက်တစ်ကွက်တည်းနှင့် အနိုင်ရသွားပြီး ပရိသတ်အားလုံးကို မှင်တက်သွားစေလိမ့်မည်ဟု သူက မထင်ထားခဲ့ပေ။
သူ့ဘေးမှ နောက်လိုက်တစ်ဦးက အလျင်အမြန်ပင် နှစ်သိမ့်နေသည်။ “စီနီယာအစ်ကို၊ အဲဒီ ရှောင်ချန်းဆိုတဲ့ကောင်က ကံကောင်းသွားရုံပါ။ တကယ့်ပြိုင်ဘက်ကောင်းနဲ့ တွေ့ရင်တော့ သူ သွားပြီပဲ။”
အနီးအနားရှိ တခြားသူများကလည်း ဝင်ပြောကြသည်။
“ဟုတ်တယ်၊ သူ့ကံက ဒီတစ်ခေါက်တော့ ကောင်းသွားတယ်။ဒါပေမဲ့ သူ အဝေးကြီးတော့ မရောက်နိုင်ပါဘူး၊ ထိပ်သီး တစ်ရာထဲ ဝင်ဖို့ဆိုတာ ပိုတောင် မဖြစ်နိုင်သေးတယ်။”
“ဟက်” ထန်ဖုန်းက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ “ရှောင်ချန်းရဲ့ နောက်ထပ်ပြိုင်ဘက်တွေက ဘယ်သူတွေလဲဆိုတာ သွားစုံစမ်းကြည့်။ တကယ်လို့ အားကောင်းတဲ့သူ ပါလာရင် သူ့ကို နောက်တစ်ခါ ထပ်ပြီး မသန်မစွမ်းဖြစ်သွားအောင် လုပ်ခိုင်းလိုက်။”
“ဟုတ်ကဲ့ပါ စီနီယာအစ်ကို။”
ထိုနောက်လိုက်က ပြန်ဖြေပြီး အလျင်အမြန် ထွက်သွားသည်။
ကြည့်ရှုသည့် စင်မြင့်ထက်တွင်မူ—
ချူဖုန်းသည် သူ၏တပည့်က ပြိုင်ဘက်ကို ဓားတစ်ကွက်တစ်ကွက်တည်းနှင့် အနိုင်ယူလိုက်သည်ကို အံ့ဩသည့် အရိပ်အယောင် မပြဘဲ ကြည့်နေခဲ့သည်။ အရာအားလုံးက သူ၏ စီစဉ်ထားသည့်အတိုင်း ဖြစ်လာသည့်အလားပင်။
လူအိုကြီးရွှမ်ဟော့က ရယ်မောလိုက်သည်။ “ဖုန်းလေး၊ မင်းတပည့်မှာ အရည်အချင်း တချို့ရှိမယ်လို့ မထင်ထားဘူး။ ဒါပေမဲ့ တာအိုတည်ဆောက်ခြင်းဒုတိယအဆင့်နဲ့ ဓားဆန္ဒ ငါးပုံ နားလည်ထားရုံ လောက်နဲ့တော့ သူ ပထမရဖို့ မဖြစ်နိုင်သေးဘူး။”
ချူဖုန်းက ယဉ်ကျေးစွာ ပြန်ဖြေသည်။ “စီနီယာ ပြောတာ မှန်ပါတယ်။ ရှောင်ချန်းမှာ အဲဒီလောက် ခွန်အားပဲ ရှိတာပါ၊ သူ ပထမရဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ပါဘူး။”
“…”
ရွှမ်ဟော့သည် ခဏမျှ ကြောင်သွားသော်လည်း မြေခွေးအိုကြီးဖြစ်သဖြင့် ချက်ချင်းပင် ရိပ်မိသွားခဲ့သည်။ ချူဖုန်းက သူ၏တပည့်တွင် တခြားဝှက်ဖဲများ ရှိသေးသည်ဟု သွယ်ဝိုက်ပြောဆိုနေခြင်း ဖြစ်သည်။
‘ဒီပြိုင်ပွဲက စိတ်ဝင်စားဖို့ ကောင်းလာတော့မှာပဲ။’
ရွှမ်ဟော့က တွေးတောရင်း ဘေးနားတွင် ထိုင်နေသည့် ဓားဘုရင်ကို မသိစိတ်ဖြင့် လှည့်ကြည့်မိသည်။
ဓားဘုရင်၏ အမူအရာမှာ မည်းသည်းနေပြီး သူ၏ မျက်လုံးများတွင်လည်း သံသယများဖြင့် ပြည့်နှက်နေသည်။
ဓားပညာဌာန၏ ဌာနမှူးအနေနှင့် သူသည် ရှောင်ချန်း၏ အခြေအနေကို မည်သူထက်မဆို ပိုသိသည်။ ရှောင်ချန်း ဓားပညာဌာနမှ ထွက်ခွာသွားစဉ်က ဓားဆန္ဒ သုံးပုံကိုသာ နားလည်ခဲ့ခြင်းဖြစ်သည်။
သို့သော် ယခု လအနည်းငယ်အတွင်းမှာတင် ငါးပုံအထိ ရောက်ရှိသွားသည်လော။
အကယ်၍ ဤအတိုင်းသာ ဆက်သွားနေပါက ရှောင်ချန်းသည် တစ်နှစ်အတွင်းမှာ ဓားဆန္ဒကို နားလည်သဘောပေါက်သွားပြီး သူ၏ကိုယ်ပိုင် ဓားလမ်းစဉ်ကို ဖော်ဆောင်နိုင်တော့မည် မဟုတ်ပါလော။
ဓားဘုရင်ကို အံ့ဩစေသည်မှာ ရှောင်ချန်းက ဓားဆန္ဒ ငါးပုံအထိ နားလည်သွားခြင်းတင် မဟုတ်ပေ။
‘ဒီကောင်လေးက ဘယ်လိုလုပ်ပြီး တာအိုတည်ဆောက်ခြင်းဒုတိယအဆင့်မှာ ရှိနေသေးတာလဲ။’
သူက ရှောင်ချန်း၏ ဒန်ထျန်းကို ပျက်စီးသွားပြီဟု ယူဆထားခြင်းဖြစ်သည်။ ၎င်းကို ထိန်းသိမ်းရန် ဆေးလုံးများကို အားမကိုးပါက ရှောင်ချန်း၏ ကျင့်ကြံခြင်းမှာ ယုတ် လျော့သွားပေလိမ့်မည်။
သို့သော် သောင်းပြောင်းပညာရပ်ဌာနက ဆင်းရဲလွန်းလှသည်။ သူတို့က စိတ်ဝိညာဉ်ဆေးဝါးများကို မဝယ်နိုင်ပေ။
‘ဒါမှမဟုတ် ချူဖုန်းက အလောင်းအစားအတွက် သူ့မှာရှိတာ အကုန်ပုံအောလိုက်တာလား။’
သူသည် သူ၏နောက်မှ တပည့်ထံသို့ ချက်ချင်းပင် အသံလွှင့်ကာ စေခိုင်းလိုက်သည်။
“ငါ့ရဲ့ တံဆိပ်ပြားကို ယူပြီး ပြင်ပရေးရာခန်းမကို သွားစမ်း။ ချူဖုန်း မကြာသေးခင်က စိတ်ဝိညာဉ်ဆေးဝါးတွေ ဝယ်ထားတာ ရှိလားဆိုတာ သွားစစ်ဆေးချေ။”
ပြင်ပရေးရာခန်းမသည် ဝမ်တောက်ကျောင်းတော်၏ မဟာဌာန ဆယ်ခုအနက် တစ်ခုဖြစ်ပြီး ကျန်ကိုးခုမှာ ကောင်းကင်စိတ်ဝိညာဉ်၊ ဓား၊ မန္တာန်၊ ခန္ဓာကိုယ်ကျင့်ကြံခြင်း၊ အစီအရင်၊ သားရဲထိန်းကျောင်းခြင်း၊ ဆေးပညာ၊ လက်နက်သွန်းလုပ်ခြင်းနှင့် သောင်းပြောင်းပညာရပ်ဌာနတို့ ဖြစ်ကြသည်။
သို့သော် ပြင်ပရေးရာခန်းမသည် တပည့်များကို လက်ခံခြင်း သို့မဟုတ် ကျင့်ကြံသူများကို လေ့ကျင့်ပေးခြင်း မလုပ်ဘဲ ကျောင်းတော်၏ စီမံခန့်ခွဲရေး လုပ်ငန်းအားလုံးကို ကိုင်တွယ်ဆောင်ရွက်သည်။ ထို့ကြောင့် သဘာဝကျစွာပင် ၎င်း၏ ဌာနမှူးမှာ ပြိုင်ပွဲတွင် တက်ရောက်ခြင်း မရှိပေ။
“ဟုတ်ကဲ့ပါ ဆရာ။”
ထိုတပည့်က ပြန်ဖြေပြီး ချက်ချင်းပင် ထွက်သွားသည်။
သူ၏ ဆရာသခင်က အဘယ်ကြောင့် ဤ အသေးအဖွဲ့ ကိစ္စလေးကို စုံစမ်းခိုင်းသည်ကို သူ မသိသော်လည်း ဓားဘုရင်၏ အမိန့်ကို လိုက်နာခြင်းက သူ့ကို ဘယ်သောအခါမှ လမ်းမှား မရောက်စေပေ။
တခြားဌာနမှူးများမှာမူ သူတို့၏ အမူအရာများမှာ လျစ်လျူရှုထားသည့်ဟန်ပင်။
ဘာပဲဖြစ်ဖြစ် ရှောင်ချန်းနှင့် သူတို့ကြားတွင် ပတ်သက်မှု မရှိသလို ချူဖုန်းနှင့်လည်း အလောင်းအစား မလုပ်ထားကြပေ။ ရှောင်ချန်း မည်သည့်အဆင့် ရသည်ဖြစ်စေ သူတို့နှင့် မဆိုင်ပေ။
…
နောက်ပိုင်းရက်များတွင်—
ရှောင်ချန်းသည် ပြိုင်ဘက်တိုင်းကို ဓားတစ်ချက်တည်းနှင့် ဆက်လက် အနိုင်ယူလာခဲ့သည်။
သူ့အပေါ် ထားရှိသည့် အများအမြင်မှာလည်း လျင်မြန်စွာ ပြောင်းလဲသွားခဲ့သည်။
တစ်ချိန်က သူ့ကို အနိုင်ကျင့်ရ လွယ်ကူသူဟု ထင်ခဲ့ကြသည့် တပည့်များမှာ ယခုအခါ သူ့ကို ကပ်ရောဂါတစ်ခုလို ရှောင်ရှားနေကြတော့သည်။ သူ မည်မျှ သန်မာသည်ကို မည်သူမှ ခန့်မှန်း၍ မရကြပေ။
သို့သော် သူ၏ လက်ရှိ စွမ်းဆောင်ရည်အရ ထိပ်သီး တစ်ရာထဲ ဝင်ရန်မှာ သေချာသလောက်ပင်။ အချို့ကမူ သူသည် ထိုတစ်ရာထဲတွင် အဆင့်မြင့်မြင့် ရရှိသွားပြီး ပိုမိုကောင်းမွန်သည့် ဆုလာဘ်များနှင့် ကျောင်းတော်၏ အရင်းအမြစ်များကို ရရှိနိုင်လိမ့်မည်ဟုပင် ယုံကြည်နေကြသည်။
အပြင်စည်းဂိုဏ်းပြိုင်ပွဲတွင် ထိပ်သီး တစ်ရာထဲ ဝင်သူတိုင်းမှာ ဆုများ ရရှိကြမည်ဖြစ်ပြီး ပိုနိုင်လေ ပို၍ များပြားသော ဆုလာဘ်များကို ရရှိပေမည်။
မူလက ရှောင်ချန်း ရှုံးမည်ဟု လောင်းထားသူများပင် သူတို့၏ စကားကို အလျင်အမြန် ပြောင်းလဲလိုက်ကြပြီး သူ နိုင်မည်ဟု ပြန်လည် လောင်းကြေးထပ်လာကြသည်။
၎င်းက ချောင်ရို့ချန်ကို အလွန် ထိတ်လန့်သွားစေသဖြင့် သူသည် ပွဲစဉ်တစ်ခု မစမီတွင် ရှောင်ချန်း၏ လောင်းကြေးအချိုးအစားကို ညှိယူနေရတော့သည်။
သူသည် ရှောင်ချန်း၏ ချန်ပီယံဖြစ်နိုင်ခြေ လောင်းကြေးကို ကြည့်လိုက်၏။ရှောင်ချန်း သူ့ကိိုယ်သူ လောင်းကြေးထပ်ခဲ့သည့်နေတုန်းက ထိုသူ၏ မျက်လုံးများထဲမှ အကြည့်ကို ပြန်လည် မြင်ယောင်လာသည်။
‘သူက တကယ်ပဲ ပြိုင်ပွဲမှာ နိုင်သွားနိုင်တာလား။’
‘တကယ်လို့ သူသာ နိုင်သွားရင်... ငါတော့ အရင်းပြုတ်ပြီ။’
ထိုသို့ တွေးမိသည်နှင့် ချောင်ရို့ချန်၏ ကျောရိုးထဲတွင် အေးစိမ့်သွားခဲ့သည်။
…
သောင်းပြောင်းပညာရပ်ဌာနအတွင်း၌—
ရှောင်ချန်းသည် လက်ရှိတွင် သူ၏ဓားဖြင့် ထင်းခုတ်နေသည်။
‘ဒါဆို သူဘာလို့ ထင်းခွဲနေတာလဲ။’
အဘယ်ကြောင့်ဆိုသော် သူ၏ ဆရာသခင်က ပြောထားသောကြောင့်ပေ။ “မင်း ဓားဆန္ဒကို အပြည့်အဝ မထိန်းချုပ်နိုင်သေးဘူး။ အဲ့တော့ မီးဖိုချောင်ကို ထိတွေ့ဖို့ မထိုက်တန်သေးဘူး။”
နာရီဝက်အကြာတွင်—
မွှေးကြိုင်ပြီး အငွေ့တထောင်းထောင်း ထနေသည့် ဟင်းလျာများမှာ စားပွဲပေါ်သို့ ရောက်ရှိလာသည်။
ချူဖုန်းသည် စားပွဲတွင် ထိုင်ကာ သူ၏ ချစ်လှစွာသော ပထမဆုံး တပည့်ကြီးကို ကြည့်ပြီး ပြုံးပြလိုက်သည်။
“မနက်ဖြန်က ပဏာမအဆင့်ရဲ့ နောက်ဆုံးပွဲစဉ်ပဲ။ အဲဒါ နိုင်ရင် မင်း ထိပ်သီး တစ်ရာထဲ ရောက်ပြီ။ များများစားထား။”
“ကျေးဇူးတင်ပါတယ် ဆရာ။”
ရှောင်ချန်းသည် ပျော်ပျော်ရွှင်ရွှင်ပင် အစားအသောက်များကို စားလိုက်သည်။ မနက်ဖြန်ပွဲအတွက်လည်း သူ့တွင် ဘာဖိအားမျှ မရှိပေ။သူသည် ထိပ်သီး တစ်ရာသို့ ဝင်ရန်မှာ လက်တစ်ကမ်းအကွာတွင် ရောက်နေပေပြီ။
သို့သော် ရှောင်ချန်းကို ထိပ်သီး တစ်ရာထဲသို့ မရောက်စေချင်သူများလည်း ရှိနေသည်။
ထိုညတွင် ဓားပညာဌာန၏ နောက်ဘက်တောင်ကုန်းတွင် အရိပ်နှစ်ခု ပေါ်လာခဲ့သည်...