← Chapters

ထန်ဖုန်း __ ရှောင်ချန်း၊ ငါ နောက်ဆုံးတော့ မင်းရဲ့အားနည်းချက်ကို ရှာတွေ့သွားပြီ။

Vol. 2 Ch. 16

ထန်ဖုန်း __ ရှောင်ချန်း၊ ငါ နောက်ဆုံးတော့ မင်းရဲ့အားနည်းချက်ကို ရှာတွေ့သွားပြီ။

Vol. 2 Ch. 16

“စီနီယာအစ်ကိုထန်၊ ညသန်းခေါင်ကြီး ကျွန်တော့်ကို ဘာလို့ ဒီကို ခေါ်လိုက်တာလဲ။”

အရပ်ရှည်ရှည် ဗလကောင်းကောင်းနှင့် တစ်ယောက်က မေးလိုက်သည်။ အခြားတစ်ယောက်မှာ ထန်ဖုန်းဖြစ်သည်။

ထန်ဖုန်းက အေးအေးလူလူပင် စကားဆိုလာသည်။ “ရှီချန်း၊ မနက်ဖြန်ကျရင် မင်း ရှောင်ချန်းနဲ့ ရင်ဆိုင်ရတော့မယ်။ မင်း သူ့ကို အနိုင်ရဖို့ ယုံကြည်ချက်ရှိလား။”

“လုံးဝ ယုံကြည်ချက် မရှိဘူး။” ရှီချန်းက ရိုးသားစွာ ပြန်ဖြေသည်။ “စီနီယာအစ်ကို ရှောင်ချန်းက ဓားဆန္ဒ ခုနစ်ပုံအထိ နားလည်ထားတယ်။ ကျွန်တော် သူ့ကို မယှဉ်နိုင်တော့ဘူး။”

မနက်ဖြန်ရင်ဆိုင်ရမည့် ပြိုင်ဘက်အကြောင်း တွေးလိုက်ရုံနှင့် ရှီချန်းသည် သူ၏စွမ်းအားမဲ့မှုကို ခံစားရသည်။

ခန္ဓာကိုယ်ကျင့်ကြံခြင်းဌာနတွင် သူသည် ထိပ်သီးငါးဦးစာရင်းဝင် ဖြစ်သည်။ ပုံမှန်ဆိုလျှင် သူ၏ ခွန်အားနှင့် ထိပ်သီး ၁၀၀ စာရင်းဝင်ရန်မှာ ပြဿနာမရှိပေ။

“ဒါပေမဲ့ မင်းမှာ ဒါရှိနေရင်ရော။” ထန်ဖုန်းက သူ၏ သိုလှောင်အိတ်ထဲမှ တစ်စုံတစ်ခုကို ထုတ်ယူကာ ရှီချန်း၏ ရှေ့၌ ချပေးလိုက်သည်။

“စီနီယာအစ်ကိုထန်၊ခင်ဗျား ဒါကို ကျွန်တော့်ကို ပေးတာလား။”

ရှီချန်းမှာ မှင်တက်သွား၏။ ထန်ဖုန်းက ဤမျှ တန်ဖိုးရှိသည့်အရာကို သူ့အား ပေးလိမ့်မည်ဟု မထင်ထားသဖြင့် သူ့မှာ အာစေးမိသွားရ၏။

ထန်ဖုန်းက တည်ငြိမ်စွာ မေးလိုက်သည်။ “ဒီရတနာသာ မင်းလက်ထဲမှာ ရှိနေရင် ရှောင်ချန်းကို အနိုင်ယူနိုင်မယ်လို့ မင်း ထင်လား။”

“ဒါရှိရင်တော့ သေချာပေါက် နိုင်တာပေါ့။” ရှီချန်း၏ အသံမှာ စိတ်လှုပ်ရှားမှုကြောင့် မြင့်တက်လာသည်။ “ရှောင်ချန်းက ဓားဆန္ဒကြောင့် သန်မာနေတာပါ။ အပြင်စည်းတပည့် အများစုက သူ့ရဲ့တိုက်ကွက်တစ်ကွက်ကိုတောင် မခံနိုင်ကြဘူး။”

“ဒါပေမဲ့ ကျွန်တော်က သူတို့နဲ့ မတူဘူး။ ကျွန်တော်က ခန္ဓာကိုယ်ကျင့်ကြံသူလေ။ ဒီရတနာရဲ့ အကူအညီနဲ့ဆိုရင် ရှောင်ချန်းက ကျွန်တော့်ရှေ့မှာ သာမန် တာအိုတည်ဆောက်ခြင်း ဒုတိယအဆင့် ကျင့်ကြံသူ တစ်ယောက်ပါပဲ။”

“ကောင်းတယ်။” ထန်ဖုန်း၏ နှုတ်ခမ်းများက ကျေနပ်သည့် အပြုံးတစ်ခုအဖြစ် ကွေးညွတ်သွားသည်။ “ဒါဆိုရင် ဒါကို မင်းလက်ထဲမှာ ထားခဲ့မယ်။”

ရှီချန်းက အရူး မဟုတ်ပေ။ သူက ချက်ချင်းပင် ကြေညာလိုက်သည်။ “အခုကစပြီး ကျွန်တော်က စီနီယာအစ်ကိုထန် ဦး‌ဆောင်မှု‌နောက်ပါ့မယ်။ မနက်ဖြန်ကျရင် စင်မြင့်ပေါ်မှာ ရှောင်ချန်းကို နောက်တစ်ခါ ထပ်ပြီး မသန်မစွမ်း ဖြစ်သွားအောင် လုပ်ပြမယ်။ ဝမ်တောက်ကျောင်းတော်ကနေ သူ့ကို လေးဖက်ထောက်ပြီး ထွက်သွားရစေမယ်။”

ထန်ဖုန်းက သူ၏ပုခုံးကို ပုတ်ကာ ဆိုသည်။ “ငါက မင်းလို ထက်မြက်တဲ့သူတွေကို သဘောကျတယ်။ မနက်ဖြန်ကျရင် ငါ မင်းဆီကနေ သတင်းကောင်းကို စောင့်နေမယ်။”

“စိတ်ချပါ စီနီယာအစ်ကို၊ ကျွန်တော် ခင်ဗျားကို စိတ်မပျက်စေရပါဘူး။” ရှီချန်းက ထိုရတနာကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားလိုက်သည်။

စကားအနည်းငယ် ပြောဆိုပြီးနောက် ရှီချန်းက အမှောင်ရိပ်ထဲသို့ ပျောက်ကွယ်သွားခဲ့သည်။

သူ ထွက်သွားသည်နှင့် အရိပ်ထဲမှ နောက်ထပ် လူတစ်ယောက် ထွက်လာသည်။

“စီနီယာအစ်ကိုထန်၊ အဲဒီ ဗလကြီးပြီး ဦးနှောက်မပါတဲ့ကောင်က ရှောင်ချန်းကို တကယ် အနိုင်ယူနိုင်မယ်လို့ ထင်လား။ သူကြည့်ရတာ ရူးတူးတူးပေါတောတောနဲ့။”

ထန်ဖုန်းက ရယ်မောကာဆိုသည်။ “ရှီချန်းက ဉာဏ်မ‌ ပြေးပေမဲ့၊ သူက တာအိုတည်ဆောက်ခြင်းအဆင့်မှာ ရုပ်ခန္ဓာ နိုးထလာတဲ့ လူနည်းစုထဲက တစ်ယောက်ပဲ။ သူ့ရဲ့ ရုပ်ခန္ဓာက နွားရိုင်းခန္ဓာလေ။ အရေပြားက ထူသလို ခံနိုင်ရည်ကလည်း အံ့မခန်းပဲ။”

“သူက ရှောင်ချန်းကို မနိုင်ရင်တောင်၊ သူ့ကို ဘယ်လို အနိုင်ယူရမလဲဆိုတဲ့ နည်းလမ်းကို ရှာပေးနိုင်တယ်။”

“စီနီယာအစ်ကိုက တကယ် ထက်မြက်တာပဲ။”

“ဟမ့်” ထန်ဖုန်းက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ “မနက်ဖြန်ကျရင် ပြပွဲကောင်းကောင်းလေးတစ်ခုကို ကြည့်ကြတာပေါ့။”

နောက်တစ်နေ့ မနက်ခင်းတွင်။

ရင်ပြင်တွင် တပည့်များဖြင့် ပြည့်နှက်နေခဲ့သည်။ ယနေ့တွင် အပြင်စည်းဂိုဏ်း၏ ထိပ်သီး ၁၀၀ ကို ဆုံးဖြတ်တော့မည် ဖြစ်သည်။

ဤတစ်ရာမှာ အတွင်းစည်းဂိုဏ်းသို့ ဝင်ရောက်နိုင်ရန် သေချာသလောက် ရှိနေသူများ ဖြစ်သည်။ အကယ်၍ ဤအကြိမ်တွင် ဝင်ရောက်ခွင့် မရသေးလျှင်ပင် မမျှော်လင့်ဘဲ အသက်ဆုံးရှုံးသွားခြင်းမျိုး မရှိလျှင် ကျောင်းတော်၏ သတ်မှတ်အချိန်အတွင်း အတွင်းစည်းသို့ ဝင်ရောက်နိုင်ရန် သူတို့အတွက် မခက်ခဲပေ။

ဝမ်တောက်ကျောင်းတော်တွင် အပြင်စည်းတပည့်များကို ဆယ်နှစ်အထိ နေထိုင်ခွင့် ပြုထားသည်။

အကယ်၍ ဆယ်နှစ်အတွင်း စစ်မှန်ကံကြမ္မာအဆင့်သို့ မရောက်ရှိဘဲ အတွင်းစည်းဂိုဏ်းသို့ မတက်လှမ်းနိုင်လျှင် နှင်ထုတ်ခံရမည်ဖြစ်ပေသည်။

သို့သော် အပြင်စည်းတပည့် ထောင်နှင့်ချီ ရှိသည့်အနက် သုံးပုံတစ်ပုံခန့်သာ တက်လှမ်းနိုင်ကြသည်။

အတွင်းစည်းဂိုဏ်းသို့ ရောက်ရှိသွားလျှင် ပညာသင်ကြားရန် နောက်ထပ် ဆယ်နှစ် ရရှိမည်ဖြစ်သည်။ အကယ်၍ သူတို့က အဓိကတပည့် စမ်းသပ်မှုကို အောင်မြင်ပါက ကျောင်းတော်တွင် ဆက်လက် ကျင့်ကြံနိုင်မည်ဖြစ်သည်။

မဟုတ်ပါက သူတို့တွင် ရွေးချယ်စရာ နှစ်မျိုးရှိသည်။ ကျောင်းတော်မှ ဆန္ဒအလျောက် ထွက်ခွာခြင်း သို့မဟုတ် ပြင်ပရေးရာခန်းမသို့ ဝင်ရောက်ပြီး တာဝန်များကို ထမ်းဆောင်ရင်း ကျင့်ကြံခြင်း အရင်းအမြစ်များအတွက် အမှတ်များလဲလှယ်ခြင်းတို့ ဖြစ်သည်။

အပြင်စည်းတပည့်များအတွက် သုံးနှစ်တစ်ကြိမ် ကျင်းပသည့် ပြိုင်ပွဲမှာ အလွန်ပင် အရေးကြီးသည်။

ထိပ်သီး ၁၀ ဦးစာရင်းတွင် မပါဝင်နိုင်လျှင်ပင် ထိပ်သီး ၁၀၀ ထဲ ဝင်ရောက်ခြင်းမှာ ပိုမိုကောင်းမွန်သည့် အရင်းအမြစ်များကို ရရှိမည်ဟု ဆိုလိုခြင်းဖြစ်သည်။

ချူဖုန်းနှင့် ရှောင်ချန်းတို့သည် ရင်ပြင်သို့ ရောက်ရှိလာကြသည်။

ချူဖုန်းက ဘာမှ အများကြီး မပြောပေ။ သူသည် ကြည့်ရှုသည့် စင်မြင့်ထက်သို့သာ လျှောက်သွားလိုက်သည်။

ပြိုင်ပွဲများကို ကြည့်ရှုခြင်းမှာ သူ၏ နေ့စဉ်လုပ်ငန်းဆောင်တာထဲတွင် ပျော်စရာ အစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့ပြီဖြစ်သည်။

မကြာမီမှာပင် တခြားဌာနမှူးများလည်း တစ်ယောက်ပြီး တစ်ယောက် ရောက်ရှိလာကြသည်။

ချူဖုန်း၏ ဘေးတွင် ထိုင်နေကျသူက လူအိုကြီးရွှမ်ဟော့ပင် ဖြစ်သည်။

“မင်္ဂလာနံနက်ခင်းပါ စီနီယာ။”

“အေး ဖုန်းလေး။”

ရက်အနည်းငယ်မျှ ဆက်ဆံပြီးနောက် ချူဖုန်းနှင့် ဆေးဘုရင်တို့၏ ဆက်ဆံရေးမှာ ရင်းနှီးသည်ဟု မဆိုနိုင်သော်လည်း ရန်လိုသည့်အနေအထားတော့ မဟုတ်တော့ပေ။ သို့သော် အမြင်ချင်းဖလှယ်သည့် မိတ်ဆွေအဆင့်လောက်သာ ရှိပါသေးသည်။ သူတို့ကြားမှ ကျင့်ကြံခြင်း အဆင့်အတန်း ကွာခြားချက်မှာ ခင်မင်ရင်းနှီးမှု ဖြစ်ပေါ်ရန်အတွက် အလွန်ပင် ကြီးမားလွန်းပါသည်။

ဒိုင်လူကြီးများသည် သူတို့၏ နေရာအသီးသီး တွင် ဝင်ရောက် နေရာယူပြီးသည်နှင့် ပြိုင်ပွဲ၏ နောက်ထပ်အဆင့်က စတင်လေတော့သည်။

“နံပါတ်ကိုးကွင်းရဲ့ နောက်ထပ်ပွဲစဉ်၊ ပြိုင်ပွဲဝင်နှစ်ဦး စင်မြင့်ပေါ် တက်ပေးပါ။”

ရှောင်ချန်းသည် စကားတစ်လုံးမှ မဆိုဘဲ စင်မြင့်ပေါ်သို့ ခုန်တက်လိုက်သည်။ အခြားတစ်ဖက်တွင်မူ ရှီချန်းသည် ဖြည်းညင်းစွာ တစ်လှမ်းချင်း လျှောက်တက်လာသည်။ သူ၏ ခြေလှမ်းများမှာ မမြန်သော်လည်း ခြေလှမ်းတိုင်းမှာ မိုးခြိမ်းသံများ ဟိန်းထွက်နေပြီး အလွန်လေးလံသော ဖိအားများကို ပေးစွမ်းနေသည်။

ချူဖုန်းက လက်ဖက်ရည်ကို ဖြည်းဖြည်းချင်း သောက်ရင်း တွေးတောနေသည်။

‘ရှောင်ချန်းတော့ တကယ့်ပြိုင်ဘက်ကောင်းနဲ့ တွေ့ပြီပဲ။ အဲဒီ လူသန်ကြီးက ဘယ်နှချက်လောက် ခံနိုင်မလဲ ကြည့်ရတာပေါ့။’

“စီနီယာအစ်ကိုရှောင်၊ ကျေးဇူးပြုပြီး။”

“ဂျူနီယာညီလေးရှီ၊ ကျေးဇူးပြုပြီး။”

သူတို့နှစ်ယောက်မှာ ယခင်က ထိတွေ့ဆက်ဆံမှု နည်းပါးသဖြင့် ပုံမှန်အတိုင်းပင် ယဉ်ယဉ်ကျေးကျေး နှုတ်ဆက်လိုက်ကြသည်။

“စ။”

ဒိုင်လူကြီး၏ အသံအဆုံးတွင် ရှောင်ချန်းက တုံ့ဆိုင်းမနေတော့ပေ။ သူသည် ဓားရှည်ကို ဆွဲထုတ်ကာ ပေါ့ပေါ့ပါးပါးပင် ခုတ်ချလိုက်သည်။

ကလန်။

မျက်စိဖြင့် မလိုက်နိုင်လောက်အောင် မြန်ဆန်လှသော ဓားအလင်းတန်းတစ်ခု လွင့်ပျံထွက်လာခဲ့သည်။

ကြည့်နေကြသူတိုင်းမှာ ၎င်းအကွက်ကို အကြိမ်ကြိမ် မြင်ဖူးနေပြီ ဖြစ်သော်လည်း အကြိမ်တိုင်းတွင် ထိုဓား၏ ပြင်းထန်လှသော စွမ်းအားက သူတို့၏ နှလုံးသားကို အေးစိမ့်သွားစေဆဲ ဖြစ်သည်။

ဓားအလင်းတန်းက ရှီချန်းကို ထိမှန်တော့မည့် အခိုက်တွင် ရွှေရောင် အတားအဆီးတစ်ခုက သူ၏ ခန္ဓာကိုယ်ကို လွှမ်းခြုံကာ ပေါ်ထွက်လာသည်။

ဘုန်း။

ဓားချက်က အတားအဆီးကို ထိမှန်သွားသော်လည်း အက်ကွဲကြောင်း အနည်းငယ်သာ ထွက်ပေါ်လာသည်။ ရှီချန်းမှာမူ ထိခိုက်မှုမရှိဘဲ ရပ်နေဆဲဖြစ်သည်။

လူအုပ်ကြီးမှာ အံ့ဩတုန်လှုပ်လျက် ဟင်ခနဲ ဖြစ်သွားကြသည်။

“လက်ရွေးစင်အဆင့် ဗာဂျာရာအဆောင်ပဲ။”

“စီနီယာအစ်ကိုရှီမှာ ဒီလို ရတနာမျိုး ရှိလိမ့်မယ်လို့ မထင်ထားဘူး။ ဒါက နည်းနည်းတော့ အလဟဿ ဖြစ်လွန်းမနေဘူးလား။”

“ဒါက ဘာလို့ အလဟဿ ဖြစ်ရမှာလဲ။ ဒီပွဲနိုင်ရင် ထိပ်သီး ၁၀၀ ထဲ ဝင်မှာလေ။ ရမဲ့ကျင့်ကြံခြင်း အရင်းအမြစ်တွေက အဆောင် တစ်ခုထက် အများကြီး ပိုပြီးတန်ဖိုးရှိတယ်။”

လူအုပ်ကြီး အော်ဟစ်နေကြစဉ်မှာပင် ရှီချန်းက ရှေ့သို့ ပြေးဝင်လာပြီး ရှောင်ချန်းထံသို့ လက်သီးဖြင့် ထိုးနှက်လိုက်သည်။

“နွားရိုင်းလက်သီး။”

ထိုလက်သီးချက်မှာ ဒေါသထွက်နေသည့် နွားရိုင်းအုပ်လိုက်ကြီး တစ်ပြိုင်နက် ပြေးဝင်လာသကဲ့သို့ တားဆီး၍မရသော စွမ်းအားအရှိန်အဟုန်ဖြင့် ထွက်လာသည်။

လက်သီးချက်က မထိမှန်သေးသော်လည်း ၎င်း၏ စွမ်းအားက စင်မြင့်ထက်သို့ ရောက်ရှိနေပြီဖြစ်သည်။

ပရိသတ်ထဲတွင် ထန်ဖုန်း၏ နှုတ်ခမ်းများမှာ အထက်သို့ ကွေးညွတ်သွားခဲ့သည်။

‘ရှောင်ချန်း၊ငါ နောက်ဆုံးတော့ မင်းရဲ့ အားနည်းချက်ကို ရှာတွေ့သွားပြီ။’

မလှမ်းမကမ်းတွင် လွီယွဲ့အာမှာ သူမ၏ နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး ရင်တထိတ်ထိတ် ဖြစ်သွားသည်။

‘စီနီယာအစ်ကို... သတိထား။’

စင်မြင့်ထက်တွင်မူ ဌာနမှူးအချို့က စိတ်ဝင်စားသွားသည်။ နှေးကွေးပြီး ဉာဏ်နည်းဟန် ရသည့် လူသန်ကြီးက ယခုကဲ့သို့ ပါးနပ်လိမ့်မည်ဟု မည်သူမှ မထင်ထားခဲ့ပေ။

ထိပ်တန်းအဆင့် ဗာဂျာရာ အဆောင်ကို ခုခံရေးအတွက် အသုံးပြုခြင်းမှာ ရှောင်ချန်း၏ ဓားဆန္ဒကို ဖြေရှင်းရန် အကောင်းဆုံး နည်းလမ်းပင် ဖြစ်သည်။

ဆေးဘုရင်က ချူဖုန်း မည်သို့သော အမူအရာ ရှိနေမည်ကို သိလိုသဖြင့် လှည့်ကြည့်လိုက်သည်။

သူ့ကို အံ့ဩသွားစေသည်မှာ ချူဖုန်းသည် တည်တည်ငြိမ်ငြိမ်ပင် ရှိနေပြီး သူ၏တပည့် ရှုံးနိမ့်သွားမည်ကို စိုးရိမ်သည့် အရိပ်အယောင် မပြပေ။

‘ရှောင်ချန်းမှာ တခြား ဝှက်ဖဲတွေ ရှိနေသေးတာလား။’

စင်မြင့်ပေါ်တွင်မူ ရှောင်ချန်းသည် သူ၏ ပထမဆုံး တိုက်ခိုက်မှု မအောင်မြင်သော်လည်း မျက်လုံးများမှာ တည်ငြိမ်နေဆဲဖြစ်သည်။ သူ၏ အမူအရာတွင် တုန်လှုပ်ခြင်း၊ တုံ့ဆိုင်းခြင်း သို့မဟုတ် ထိတ်လန့်ခြင်း အစအနမျှ မရှိပေ။

ရှီချန်း၏ ပြေးဝင်လာသော လက်သီးချက်ကို ရင်ဆိုင်လျက် သူသည် ဓားကို ထပ်မံ မြှောက်လိုက်ပြီး ခုတ်ချလိုက်လေတော့သည်။

All Chapters