← Chapters

ဓားတစ်ချက်တည်းနှင့် လူအုပ်ကြီးကို တုန်လှုပ်စေခြင်း

Vol. 2 Ch. 17

ဓားတစ်ချက်တည်းနှင့် လူအုပ်ကြီးကို တုန်လှုပ်စေခြင်း

Vol. 2 Ch. 17

ကလန်။

ရှောင်ချန်း၏ဓားသည် ရှည်လျားသည့် ဓားအလင်းတန်းတစ်ခုပမာ မီတာရာချီကျယ်သည့် စင်မြင့်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။ ရှီချန်း၏ အားအင်အပြည့်ပါသော လက်သီးချက်မှာ ထိုဓားသွားအောက်တွင် ချက်ချင်းပင် ပျောက်ကွယ်သွားတော့သည်။

ဘုန်း။

ထို့နောက် နားပင်စေလောက်သော အသံကျယ်ကြီး ထွက်ပေါ်လာ၏။

ရှီချန်း၏ ထိပ်တန်းအဆင့် ဗာဂျာရာအဆောင်မှ ထွက်ပေါ်လာသော အကာအကွယ်ဒိုင်းမှာ စက္ကူရွက်ပမာ အစိတ်စိတ်အမွှာမွှာ ပျက်စီးသွားခဲ့သည်။ သူ၏ခန္ဓာကိုယ်မှာ ကြိုးပြတ်သွားသော စွန်တစ်ခုနှယ် လွင့်ထွက်သွားပြီး စင်မြင့်ထက်သို့ အရှိန်ဖြင့် ပြန်လည်ကျဆင်းလာသည်။

ဘုန်း။

ရှီချန်းသည် တစ်ကိုယ်လုံး သွေးချင်းနီလျက် မြေပြင်ပေါ်တွင် မလှုပ်မယှက် လဲကျသွားသည်။ သူသည် မယုံကြည်နိုင်မှုကြောင့် မျက်လုံးများ ပြူးကျယ်နေသည်ကို မမြင်ရလျှင် လူတိုင်းက သူသေသွားပြီဟုပင် ထင်မှတ်ကြပေလိမ့်မည်။

ဟူးလားလား။

အပြင်စည်းတပည့်များသည် အံ့ဩတုန်လှုပ်မှုကြောင့် အသက်ရှူသံများပင် ရပ်တန့်သွားကြသည်။

“အဲဒါ ဓားဆန္ဒပဲ... ရှောင်ချန်းရဲ့ ကိုယ်ပိုင်ဓားဆန္ဒပဲ။”

တိတ်ဆိတ်မှုကြားတွင် အသံတစ်သံ ထွက်ပေါ်လာသည်။

ထိုအခါမှသာ လူအုပ်ကြီးမှာ သတိပြန်ဝင်လာတော့သည်။

“တကယ်ကြီး ဓားဆန္ဒပဲဟ။”

“ရှောင်ချန်းက ဓားဆန္ဒကို ဘယ်လိုနားလည်သွားတာလဲ။ သူရဲ့ဒန်ထျန်းက ပျက်စီးသွားပြီ မဟုတ်ဘူးလား။”

“ဒီလိုကိစ္စမျိုးကို အတုလုပ်ရဲတဲ့သူ‌တော့ ရှိမှာမဟုတ်ဘူး။”

ကြည့်ရှုသည့်စင်မြင့်ထက်တွင်လည်း ဌာနမှူးများမှာ ထိုမြင်ကွင်းကြောင့် မှင်တက်နေကြသည်။

ဓားဆန္ဒကို နားလည်သဘောပေါက်ခြင်းမှာ သူတို့အတွက် ကိစ္စကြီးမဟုတ်သော်လည်း မသန်မစွမ်းဖြစ်နေသော တပည့်တစ်ယောက်က ဓားဆန္ဒကို နားလည်သွားခြင်းမှာမူ ဝမ်တောက်ကျောင်းတော်တွင် အကြီးအကျယ် ဟိုးလေးတကျော်ဖြစ်မည့် ကိစ္စရပ်ပင်ဖြစ်သည်။

“ဒါ... ဒါမဖြစ်နိုင်ဘူး။”

ဓားဘုရင်၏ မျက်နှာတွင် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။

အခြားဌာနမှူးများမှာလည်း အဓိပ္ပာယ်ပါသော အကြည့်များဖြင့် အချင်းချင်း ဖလှယ်လိုက်ကြသည်။

ဆေးဘုရင်သည် ချူဖုန်းဘက်သို့ လှည့်ကြည့်လိုက်ရာ အရာအားလုံးကို ထိန်းချုပ်ထားနိုင်သည့်နှယ် လက်ဖက်ရည်ကို အေးအေးလူလူ သောက်နေသည်အား တွေ့လိုက်ရသည်။

“သူ ဓားဆန္ဒကို နားလည်ထားတာ မင်းသိနေတယ်မလား ဖုန်းလေး။”

“သိတာပေါ့ဗျာ။”

ချူဖုန်းက တုံ့ဆိုင်းမှုမရှိဘဲ ပွင့်ပွင့်လင်းလင်းပင် ဝန်ခံလိုက်သည်။

“ဒါကြောင့်လည်း သူ ပြိုင်ပွဲမှာ နိုင်မယ်လို့ မင်း ဒီလောက် ယုံကြည်မှုရှိနေတာကိုး။”

ဆေးဘုရင်၏အသံမှာ တိုးငြင်းသော်လည်း ဌာနမှူးအားလုံး ကြားနိုင်လောက်အောင် ကျယ်လောင်လှသည်။ ထို့နောက် သူက ဓားဘုရင်ကို သိမ်မွေ့သော်လည်း အဓိပ္ပာယ်ပါသော အကြည့်ဖြင့် ကြည့်လိုက်သည်။

ဓားဘုရင်က မတ်တပ်ရပ်လိုက်ပြီး ချူဖုန်းကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။

“ချူဖုန်း၊ ဒါတွေက ဘာတွေလဲဆိုတာ ရှင်းပြစမ်း။”

ချူဖုန်းက လက်ကာပြလျက် ဆိုသည်။ “စီနီယာကျွန်တော်က ခင်ဗျားရဲ့ အလားအလာရှိတဲ့တပည့်ကို ခိုးတယ်လို့ မထင်လိုက်ပါနဲ့။ ရှောင်ချန်းကို ခင်ဗျားတို့ရဲ့ ဓားပညာဌာနကပဲ နှင်ထုတ်ခဲ့တာ မလား။”

“မင်းပြောချင်တာက ရှောင်ချန်းက တကယ်တော့ မသန်မစွမ်းဖြစ်မသွားဘူးလို့လား။”

ဓားဘုရင်၏ အကြည့်များမှာ ချူဖုန်း၏ဝိညာဉ်ကို ထိုးဖောက်တော့မည့်နှယ် စူးရှလှသည်။

“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။”

ချူဖုန်းက ပြုံးကာ ဆိုသည်။ “ရှောင်ချန်းက တကယ်ပဲ သူ့ရဲ့ကျင့်ကြံခြင်းတွေ ဆုံးရှုံးမသွားခဲ့ဘူးဆိုရင် အခုအချိန်မှာ သူက စစ်မှန်ကံကြမ္မာအဆင့်ကို ချိုးဖောက်ပြီးလောက်ပြီ။ စီနီယာက ကျွန်တော့်ကို မယုံဘူးဆိုရင် နောက်မှ သူ့ကို ဒီကိုခေါ်လာခဲ့မယ်။ စီနီယာဘာသာ စစ်ဆေးကြည့်ပေါ့။”

၎င်းက ခြေတစ်လှမ်းတိုးရန် ရည်ရွယ်ချက်ရှိရှိ နောက်တစ်လှမ်းဆုတ်သည့်ဗျူဟာပင်။

ဓားဘုရင်ကဲ့သို့သော ဌာနမှူးသည် ကျောင်းတော်တစ်ခုလုံး၏ရှေ့မှောက်တွင် ရှောင်ချန်း၏ခန္ဓာကိုယ်ကို စစ်ဆေးခြင်းဖြင့် မိမိကိုယ်ကိုယ် အရှက်ခွဲမည့်သူ မဟုတ်ပေ။

“ဟန့်။”

ဓားဘုရင်က နှာခေါင်းရှုံ့ကာ ပြန်ထိုင်လိုက်သည်။

သူတို့နှစ်ဦး စကားပြောနေကြစဉ်မှာပင် စင်မြင့်ထက်မှ ဒိုင်လူကြီးက နောက်ဆုံးတွင် စကားဆိုလာသည်။

“ဒီပွဲရဲ့ အနိုင်ရရှိသူကတော့ ရှောင်ချန်းဖြစ်ပါတယ်။”

ထိုစကားကြောင့် လူအုပ်ကြီးမှာ နောက်တစ်ကြိမ် ဆူညံပွက်လောရိုက်သွားပြန်သည်။

“စီနီယာအစ်ကိုရှောင်ချန်းက တကယ့်ကို အံ့ဩဖို့ကောင်းတာပဲ။”

“သူက အရမ်းသန်မာတာပဲ။”

ရှောင်ချန်းသည် ထိုအော်ဟစ်အားပေးသံများကို လျစ်လျူရှုကာ တည်ငြိမ်စွာပင် စင်မြင့်ပေါ်မှ ဆင်းလာခဲ့သည်။

အဝေးတစ်နေရာတွင် ထန်ဖုန်းမှာ နေရာ၌ပင် တောင့်တောင့်ကြီး ရပ်နေပြီး မယုံကြည်နိုင်စွာ တီးတိုး ရေရွတ်နေသည်။

“မဖြစ်နိုင်ဘူး... မဖြစ်နိုင်ဘူး... ရှောင်ချန်းက ဓားဆန္ဒကို နားလည်နိုင်စရာ အကြောင်းမရှိဘူး။ ဒါတွေက အတုတွေပဲဖြစ်ရမယ်။”

လက်ရှိအချိန်တွင် သူ၏နောက်လိုက်များထဲမှ မည်သူမျှ စကားမပြောရဲကြပေ။ ထန်ဖုန်းမှာ သိသိသာသာပင် ရူးသွပ်လုနီးပါး ဖြစ်နေပြီဖြစ်ရာ ယခုအချိန်တွင် စကားပြောမိသူမှာ ပြဿနာကို မီးထွန်းရှာဖွေနေသကဲ့သို့ ဖြစ်ပေလိမ့်မည်။

“စီနီယာအစ်ကို။”

လွီယွဲ့အာသည် ရှောင်ချန်း၏အနားသို့ ပျော်ရွှင်စွာ ပြေးလာသည်။

“ဂျူနီယာညီမလေးလည်း အကောင်းဆုံးကြိုးစားပါ။ ညီမလေး ထိပ်သီးတစ်ရာအတွက် ယှဉ်ပြိုင်တဲ့အခါ စီနီယာအစ်ကိုလာကြည့်မယ်။”

ရှောင်ချန်းက သူ၏မျက်လုံးများထဲတွင် နူးညံ့မှုများဖြင့် ခပ်ဖွဖွ ပြုံးပြလိုက်သည်။

“အင်း၊ ကျွန်မ စီနီယာအစ်ကိုကို စိတ်မပျက်စေရပါဘူး။”

လွီယွဲအာက သူမ၏ လက်သီးလေးများကို ကျစ်ကျစ်ပါအောင် ဆုပ်လျက် အလေးအနက် ပြောလိုက်သည်။

တပည့်များ၏ အော်ဟစ်အားပေးသံများမှာ ကြာရှည်မခံခဲ့ပေ။

မကြာမီမှာပင် နောက်တစ်ပွဲ စတင်ခဲ့ပြီး လူတိုင်း၏အာရုံမှာ စင်မြင့်ထက်သို့ လျင်မြန်စွာ ပြန်လည်ရောက်ရှိသွားသည်။

သို့သော်လည်း ကြည့်ရှုသည့်စင်မြင့်ထက်ရှိ ဌာနမှူးများမှာမူ ပြိုင်ပွဲကို ဆက်လက်ကြည့်ရှုရန် စိတ်မပါကြတော့ပေ။

ခုနက ရှောင်ချန်းပြသသွားသော ပါရမီနှင့် တိုက်ခိုက်ရေးစွမ်းရည်မှာ အလွန် ထိတ်လန့်စရာ ကောင်းလွန်းလှသည်။

မသန်မစွမ်းဟု အမည်တပ်ခံထားရသူတစ်ဦးက လအနည်းငယ်အတွင်းမှာတင် ဓားဆန္ဒကို ပိုင်ဆိုင်သွားသည်။

ဝမ်တောက်ကျောင်းတော်ကို မဆိုနှင့်ဦး။ တိုက်ကြီးတစ်ခုလုံးတွင်ပင် ဤကဲ့သို့သော ကိစ္စမျိုးကို သူတို့ တစ်ခါမျှ မကြားဖူးပေ။

ဆေးဘုရင်က မနေနိုင်ဘဲ မေးလိုက်သည်။ “ဖုန်းလေး၊ ရှောင်ချန်းကို ဓားဆန္ဒ နားလည်အောင် မင်းကိုယ်တိုင် လမ်းညွှန်ပေးခဲ့တာလား။”

စကားဆုံးသည်နှင့် ဆေးဘုရင်သည် မိမိကိုယ်မိမိ ပါးရိုက်ချင်စိတ် ပေါက်သွားသည်။

အကယ်၍ ချူဖုန်းတွင် ထိုကဲ့သို့သော အရည်အချင်းရှိလျှင် သောင်းပြောင်းပညာရပ်ဌာနမှာ ဖျက်သိမ်းခံရမည့် ဘေးနှင့် ကြုံတွေ့နေရမည်မဟုတ်ပေ။

“စီနီယာရဲ့ အမြင်က တကယ့်ကို စူးရှတာပဲ။”

ချူဖုန်းက သူ့ကို ခေါင်းညိတ်ပြကာ ထောက်ခံလိုက်၏။ “ကောင်းပြီလေ။ကျွန်တော်လည်း ဆက်မဖုံးကွယ်တော့ပါဘူး၊ ဒါတွေအားလုံးရဲ့ နောက်ကွယ်မှာ ကျွန်တော်ရှိနေတာပါ။”

ဆေးဘုရင်မှာ မှင်တက်သွားသည်။ သူက စနောက်ပြီး မေးလိုက်ခြင်းဖြစ်သော်လည်း အမှန်တကယ် ဖြစ်နေခဲ့သည်။

“ ကောင်စုတ်လေး မင်း... ဘယ်လိုလုပ်လိုက်တာလဲ။”

ကျန်ရှိသော ဌာနမှူးခုနစ်ဦးစလုံးမှာလည်း လျှို့ဝှက်ချက်ကို သိရှိလိုသဖြင့် နားစွင့်နေကြသည်။

‘ ငါဖြီးလိုက်တယ်လို့တော့ သူတို့ကို ပြောလို့မရဘူး။’

ချူဖုန်း၏ စိတ်ထဲတွင် အတွေးတစ်ခု လက်ခနဲ ပေါ်လာသည်။ သူသည် အလေးအနက်ထားကာ ပြောလာ၏။ “ကျွန်တော်တို့ရဲ့ သောင်းပြောင်းပညာရပ်ဌာနမှာ ထူးဆန်းတဲ့ စာအုပ်အမျိုးမျိုးရှိတယ်။ ကျွန်တော် အဲဒါတွေကို လေ့လာပြီး ထူးခြားတဲ့ ကျင့်ကြံခြင်းနည်းလမ်းတစ်ခုကို ဖန်တီးခဲ့တာပါ။ ရှောင်ချန်းက ကျင့်ကြံခြင်းတွေ ဆုံးရှုံးသွားပြီဆိုတော့ စမ်းကြည့်လို့ရတယ်လို့ တွေးမိခဲ့တယ်။ တကယ်တော့ သေခါနီး မြင်းကို ပြန်ရှင်နိုင်မလားဆိုတဲ့ မျှော်လင့်ချက်နဲ့ ကုသလိုက်တဲ့သဘောမျိုးပါပဲ။”

“ဒါပေမဲ့ ဘယ်သူက ထင်ထားမှာလဲ၊ သုံးလအတွင်းမှာပဲ သူက ဓားဆန္ဒကို တကယ်ကြီး နားလည်သွားတယ်လေ။”

တိတ်ဆိတ်ခြင်း။

ကြည့်ရှုသည့် စင်မြင့်တစ်ခုလုံး သေလောက်အောင် တိတ်ဆိတ်သွားသည်။

မည်သည့်ဌာနမှူးကမျှ ဤမျှ ရယ်စရာကောင်းလှသော အဖြေမျိုးကို မျှော်လင့်မထားကြပေ။

သူတို့သည် ချူဖုန်း၏ အလွန် လေးနက်သည့် မျက်နှာပေးကို ကြည့်ရင်း သူတို့၏မျက်နှာများမှာ ရှက်စိတ်ကြောင့် ပူထူလာကြသည်။

သူတို့အားလုံးမှာ ကိုယ်ပိုင်နယ်ပယ်တွင် အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်များ ဖြစ်ကြသော်လည်း ထိုပြဿနာကို မဖြေရှင်းနိုင်ခဲ့ပေ။သို့သော် ကျင့်ကြံခြင်းအခြေခံမရှိသော လူငယ်လေးတစ်ဦးကမူ ၎င်းကို လုပ်ဆောင်နိုင်ခဲ့သည်။

အကယ်၍ ဤသတင်းသာ ပြင်ပသို့ ပျံ့နှံ့သွားပါက သူတို့သည် တိုက်ကြီးတစ်ခုလုံး၏ လှောင်ပြောင်ခြင်းကိုခံရပေမည်။

“လူငယ်လေး၊ မင်းမှာ ဒီလို ကျင့်ကြံခြင်းနည်းလမ်းရှိရင် ကျောင်းတော်ကို ဘာလို့ မလွှဲပေးတာလဲ။”

အစီအရင်ဌာနမှူးက ပထမဆုံး စတင်ပြောဆိုလိုက်ပြီး သူ၏အကြည့်များမှာ ချူဖုန်းကို ဖိအားပေးနေသကဲ့သို့ပင်။

သို့သော် ချူဖုန်းမှာ တုန်လှုပ်ခြင်းမရှိဘဲ ပြုံးလျက် ပြန်ဖြေသည်။ “စီနီယာ၊ ကျွန်တော်သာ အရင်က ဒါကို လွှဲပေးခဲ့ရင် ခင်ဗျားတို့ကကော လက်ခံရဲကြလို့လား။”

ထိုတစ်ခွန်းတည်းနှင့်ပင် အစီအရင်ဌာနမှူးမှာ နှုတ်ဆိတ်သွားခဲ့သည်။

သူက ပြန်လည်ချေပရန် ပြင်လိုက်စဉ်မှာပင် အလယ်ဗဟိုခုံတွင် ထိုင်နေသော ဓားဘုရင်ရှောင်ယောင်က ရုတ်တရက် ကြားဝင်ပြောဆိုလာသည်။

“ဖုန်းလေး ပြောတာလည်း ဟုတ်တာပဲ။ ဒါ့အပြင် ငါတို့ ဝမ်တောက်ကျောင်းတော်မှာ ကိုယ်ပိုင်နည်းစနစ်တွေကို အတင်းအကြပ် လွှဲပြောင်းပေးရမယ်ဆိုတဲ့ ထုံးစံလည်း မရှိဘူး။”

ထိုအခါမှသာ ကျန်သော ဌာနမှူးများမှာ နောက်ဆုတ်သွားကြတော့သည်။

သို့သော်လည်း ဓားဘုရင်က အကြောင်းအရာကို လျင်မြန်စွာ ပြောင်းလဲလိုက်သည်။ “ဒါပေမဲ့ သောင်းပြောင်းပညာရပ်ဌာနမှာ အတွင်းစည်းဂိုဏ်း မရှိတဲ့အတွက် ရှောင်ချန်းအနေနဲ့ နောက်ထပ် ဘယ်ဌာနကို ဝင်ရမလဲဆိုတာ ငါတို့ ဆွေးနွေးသင့်တယ်။”

သူ ပြောလိုက်သည်နှင့် တခြားသူများ၏ မျက်လုံးများမှာ ဝင်းခနဲ ဖြစ်သွားကြပြီး သူတို့၏ စိတ်ပျက်မှုများမှာလည်း ပျောက်ကွယ်သွားတော့သည်။

ကျင့်ကြံခြင်းနည်းလမ်းက တစ်ကဏ္ဍသာဖြစ်၏။အကယ်၍ သူတို့က ရှောင်ချန်းကို သူတို့၏ဌာနထဲသို့ ခေါ်ဆောင်နိုင်ခဲ့လျှင် စွမ်းရည်များ၊ နည်းလမ်းများနှင့် ပါရမီများမှာ သဘာဝကျစွာပင် သူတို့အပိုင်ဖြစ်လာပေမည်။

ချူဖုန်းမှာမူ ဤသို့ဖြစ်လာမည်ကို ကြိုတင်မျှော်လင့်ထားပြီးသားဖြစ်သည်။ သူ၏ နှုတ်ခမ်းထောင့်တွင် လှောင်ပြုံးတစ်ခု ပေါ်လာသည်။ သူက ဝင်ရောက်ပြောဆိုခြင်း သို့မဟုတ် ကန့်ကွက်ခြင်းမျိုး မလုပ်ခဲ့ပေ။

‘ဒီမြေခွေးအိုကြီးက တခြားသူရဲ့ အောင်မြင်မှုကို အပိုင်စီးဖို့ တကယ်ကို နည်းလမ်းမျိုးစုံ သုံးတတ်တာပဲ။’ သူက တွေးတောနေမိသည်။

ဓားဘုရင်က ပထမဆုံး စတင်ပြောဆိုသည်။ “ရှောင်ချန်းက မွေးရာပါ ဓားကျင့်ကြံသူတစ်ယောက်ပဲ။ သဘာဝကျကျပဲ သူက ငါတို့ရဲ့ ဓားပညာဌာနကို ပြန်လာသင့်တယ်။”

ထိုစကားဆုံးသည်နှင့် တစ်စုံတစ်ယောက်က ချက်ချင်း ကန့်ကွက်တော့သည်။

“ဓားဘုရင်အိုကြီး၊ ခင်ဗျားမှာ အရှက်မရှိဘူးလား။ ခင်ဗျားတို့ပဲ သူ့ကို နှင်ထုတ်ခဲ့တာ မဟုတ်ဘူးလား၊ အခုကျမှ ပြန်လာဖို့ ပြောရဲသေးတယ်ပေါ့။”

“ဟုတ်တယ်။ ငါ မျက်နှာပြောင်တဲ့သူတွေ အများကြီး မြင်ဖူးပေမဲ့ ဒီလောက်အထိတော့ မဟုတ်ဘူး။”

“…”

အခြားဌာနမှူးများမှာလည်း ကျယ်လောင်စွာ ငြင်းခုံနေကြသည်။ မည်သူမျှ နောက်မဆုတ်ကြပေ။

ဓားဘုရင်၊ ဆေးဘုရင်နှင့် ချူဖုန်းတို့ သုံးဦးသာ တိတ်ဆိတ်နေကြသည်။

ငြင်းခုံသံများ အနည်းငယ် တိတ်သွားသောအခါ ဓားဘုရင်က ထပ်မံ ပြောဆိုလာသည်။

“ချူဖုန်း၊ ရှောင်ချန်းက မင်းရဲ့တပည့်ပဲ။ သူ့ရဲ့ဆရာတစ်ယောက်အနေနဲ့ သူ ဘယ်ဌာနကို ဝင်သင့်တယ်လို့ မင်းထင်လဲ။”

အကြည့်အားလုံးမှာ ချူဖုန်းထံသို့ ချက်ချင်းပင် ရောက်ရှိလာကြတော့သည်။

All Chapters