← Chapters

ပြိုင်ဆိုင်မှု ပြင်းထန်လာခြင်း၊ ရှောင်ချန်း ထိပ်သီးဆယ်ယောက်ထဲသို့ ဝင်ရောက်ခြင်း

Vol. 2 Ch. 18

ပြိုင်ဆိုင်မှု ပြင်းထန်လာခြင်း၊ ရှောင်ချန်း ထိပ်သီးဆယ်ယောက်ထဲသို့ ဝင်ရောက်ခြင်း

Vol. 2 Ch. 18

‘သေစမ်း’

‘ဒီမြေခွေးအိုကြီးက ငါ့ကို တကယ်ပဲ အခက်တွေ့အောင် လုပ်နေတာပဲ။’

ချူဖုန်းက စိတ်ထဲမှ ကြိတ်၍ ရေရွတ်လိုက်ပြီးနောက် စကားဆိုလာသည်။ “စီနီယာ၊ ပြိုင်ပွဲပြီးလို့ ရှောင်ချန်း အတွင်းစည်းရဲ့ ဘယ်ဌာနကို ဝင်မလဲဆိုတာကို ကျွန်တော် ဝင်မစွက်ဖက်ပါဘူး။”

“ဒါပေမဲ့ ကျွန်တော့်မှာ တောင်းဆိုချက် တစ်ခုပဲ ရှိပါတယ်။ စီနီယာတို့အားလုံး ရှောင်ချန်းကို ကိုယ့်ဌာနထဲဝင်ဖို့ ဖျောင်းဖျလို့ရပေမဲ့ အတင်းအကြပ် ဖိအားပေးတာမျိုး ဒါမှမဟုတ် လှည့်ဖျားတာမျိုးတော့ မလုပ်ပါနဲ့။”

ချူဖုန်း၏ ရက်ရောလှသော သဘောထားကြောင့် လူတိုင်းမှာ အံ့ဩသွားကြရသည်။

သူတို့က ဖိအားပေးပြောဆိုရန်ပင် အခွင့်အရေး မရလိုက်ပေ။

သို့သော် တစ်ဖက်က ပြန်စဉ်းစားကြည့်လျှင်လည်း ထိုကောင်လေးက ကျင့်ကြံခြင်းအကြောင်း ဘာမှနားမလည်ပေ။ ရှောင်ချန်းကို အတင်းဆွဲထားလျှင်အလားအလာရှိသော ပါရမီရှင်တစ်ဦးကို ဖျက်ဆီးသလိုသာ ဖြစ်ပေလိမ့်မည်။

“ဒါပေါ့။” ဓားဘုရင်ရှောင်ယောင်က အလေးအနက် ပြောလိုက်သည်။ ချူဖုန်းက အခြေအနေမှန်အားနားလည်သည်ကို မြင်ရသဖြင့် သူသည် ထိုကောင်လေးအပေါ် အနည်းငယ် လေးစားမိသွားသည်။

“မင်းက ရှောင်ချန်းလို ပါရမီရှင်တစ်ယောက်ကို ပျိုးထောင်ပေးခဲ့တာပဲ။ ဒီပြိုင်ပွဲရဲ့ ရလဒ်က ဘယ်လိုပဲဖြစ်ဖြစ် မင်းရဲ့ သောင်းပြောင်းပညာရပ်ဌာနကို ဆက်ပြီး ထိန်းသိမ်းထားပေးမှာဖြစ်သလို တပည့်ဦးရေအပေါ် မူတည်ပြီးတော့လည်း အရင်းအမြစ်တွေ ခွဲဝေပေးသွားမှာပါ။”

“စီနီယာက တကယ်ကို တရားမျှတပါပေတယ်။”

ချူဖုန်းက သူ့ကို လက်သီးဆုပ်ကာ ဂါရဝပြုလိုက်သည်။

တခြားသော ဌာနမှူးများကလည်း မကန့်ကွက်ကြပေ။ သောင်းပြောင်းပညာရပ်ဌာနသည် ၎င်း၏ တန်ဖိုးကို သက်သေပြပြီးသား ဖြစ်သည်။ ထို့အပြင် အရင်းအမြစ် ခွဲဝေမှုမှာလည်း တပည့်အရေအတွက်အပေါ်မူတ‌ည်နေခြင်းပေ။

အကယ်၍ သောင်းပြောင်းပညာရပ်ဌာနမှာ တပည့်မရှိလျှင် ခွဲဝေပေးစရာ အရင်းအမြစ်လည်း ရှိမည်မဟုတ်ပေ။ ထို့ကြောင့် ထိုဌာန ရှိနေသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဘာမျှ ထူးခြားမည်မဟုတ်ပေ။

ဤနည်းဖြင့် သူတို့အားလုံးလည်း မျက်နှာသာ ပေးခြင်းဖြစ်ကြောင်း ဖော်ပြ၍ရသည်။

ဌာနအသီးသီးမှ ဌာနမှူးများသည် ရှောင်ချန်းကို စည်းရုံးရန်အတွက် မည်သည့် ကမ်းလှမ်းချက်များ ပေးရမည်ကို စတင် စဉ်းစားနေကြပြီ ဖြစ်သည်။

တာအိုတည်ဆောက်ခြင်းအဆင့်မှာတင် ဓားဆန္ဒကို နားလည်သဘောပေါက်ခြင်းမှာ ဝမ်တောက်ကျောင်းတော်အတွက် နှစ်တစ်ရာ၊ သို့မဟုတ် နှစ်တစ်ထောင်မှ တစ်ယောက်သာ ပေါ်ထွန်းတတ်သည့် ပါရမီရှင်မျိုးပင်။

မည်မျှပင် ကုန်ကျပါစေ၊ စည်းရုံးရကျိုး နပ်ပေလိမ့်မည်။

အခြားတစ်ဖက်တွင်မူ ချူဖုန်းမှာ တံငါသည်တစ်ဦးနှယ် အေးအေးလူလူ ထိုင်နေပြီး ရှောင်ချန်းကို တခြားသူများ ခေါ်ဆောင်သွားမည်ကို မစိုးရိမ်ပေ။

ယခု သူ စဉ်းစားနေသည်မှာ မကြာမီ တပည့်အဖြစ် ရောက်လာမည့် သူများအတွက် မည်သည့် အဓိပ္ပာယ်မရှိသော ကျင့်စဉ်မျိုးကို ဖန်တီးပေးရမည်နည်း ဆိုသည်ပင်။

ရှောင်ချန်းဟူသော နမူနာကောင်း ရှိနေပြီဖြစ်သဖြင့် သူ၏ သောင်းပြောင်းပညာရပ်ဌာနမှာ သေချာပေါက် တပည့်များစွာကို ဆွဲဆောင်နိုင်လိမ့်မည်။

အနည်းဆုံးတော့ ဆေးပညာဌာနက တစ်ယောက် လွှတ်ပေးမည်မှာ သေချာသည်ဖြစ်ရာ ကျင့်ကြံခြင်း ဆယ်နှစ်စာကို ဆုလာဘ်အဖြစ် ရရှိပေလိမ့်မည်။

အကယ်၍ ရှစ်ယောက်၊ ကိုးယောက်လောက် တစ်ပြိုင်နက်တည်း ရောက်လာလျှင်မူ သူ ပိုမို၍ပင်ပျော်ရပေလိမ့်မည်။

သူသည် ကျင့်ကြံခြင်း အနှစ်ရှစ်ဆယ်၊ ကိုးဆယ်ခန့်ကို တစ်ကြိမ်တည်းနှင့် ရရှိနိုင်မည်ဖြစ်သည်။ ထိုအချိန်ကျလျှင် နှစ်တစ်ရာစာ ကျင့်ကြံခြင်းကို ပိုင်ဆိုင်သွားပြီဖြစ်သဖြင့် ဌာနမှူးများက သူ့ကို အခက်တွေ့အောင် လုပ်လိုလျှင်ပင် နှစ်ခါပြန် စဉ်းစားရပေလိမ့်မည်။

ဤသို့ တွေးမိသည်နှင့် ချူဖုန်းမှာ အနည်းငယ် ပြုံးယောင်သန်းသွားခဲ့သည်။

သူက ဌာနမှူးများကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး တွေးနေမိသည်။ ‘ခင်ဗျားတို့က ကျုပ်တပည့်ကို မျက်စိကျနေတာမလား၊ ကျုပ်ကကော ခင်ဗျားတို့ တပည့်တွေကို မျက်စိမကျဘူးလို့ ထင်နေလား’

အပြင်စည်းဂိုဏ်းပြိုင်ပွဲကို ဆက်လက် ကျင်းပနေခဲ့သည်။

ထိပ်သီး ၁၀၀ ကို ဆုံးဖြတ်ပြီးနောက်။

နောက်ဆက်တွဲ ရှုံးထွက်ပွဲစဉ်များမှာ လူတိုင်း၏ အာရုံစိုက်ရာ ဖြစ်လာခဲ့သည်။

ရှောင်ချန်းသည် လေးပွဲဆက်တိုက် အနိုင်ရရှိပြီး ထိပ်သီး ၁၀ ဦးစာရင်းထဲသို့ တိုက်ရိုက် ဝင်ရောက်သွားခဲ့သည်။ ထိုလေးပွဲစလုံးတွင် သူသည် ပြိုင်ဘက်များကို ဓားတစ်ချက်တည်းနှင့် သာသာယာယာ အနိုင်ယူခဲ့ခြင်းဖြစ်သည်။ မည်သူနှင့် တွေ့သည်ဖြစ်စေ ဒုတိယတစ်ချက် မလိုအပ်ခဲ့သဖြင့် စင်မြင့်ထက်မှ ဌာနမှူးများကို အလွန်ပင် ကျေနပ်သွားစေသည်။

အောက်မှ ကြည့်ရှုနေသော တပည့်များမှာ မှင်တက်နေကြသော်လည်း ပြိုင်ပွဲတွင် ကျန်ရှိနေသေးသူများမှာမူ ရှောင်ချန်းကို မည်သို့ ကိုင်တွယ်ရမည်နည်း ဆိုသည်ကို စတင်၍ တွေးတောနေကြပြီ ဖြစ်သည်။

ထိပ်သီး ၁၀၀ ရှုံးထွက်ပွဲစဉ်၏ တတိယအဆင့် ရောက်သောအခါ တပည့် (၁၃) ဦးသာ ကျန်ရှိတော့သည်။

မဲနှိုက်ပြီး ထိပ်သီး ၁၀ ဦးစာရင်းထဲသို့ တိုက်ရိုက်ဝင်သွားသည့် ကံကောင်းသော ပြိုင်ပွဲဝင် တစ်ဦးမှလွဲ၍ ကျန် ၁၂ ဦးမှာ တစ်တွဲစီ ထပ်မံယှဉ်ပြိုင်ကြရ ပေမည်။ အနိုင်ရသူများမှာ ထိပ်သီး ၁၀ ဦးစာရင်းသို့ တက်လှမ်းရပြီး ရှုံးနိမ့်သူများမှာမူ အနိမ့်ပိုင်းပွဲစဉ် တွင် ဆက်လက် ယှဉ်ပြိုင်ရသည်။ ထိုပွဲတွင် အနိုင်ရသူသည်လည်း ထိပ်သီး ၁၀ ဦးစာရင်းတွင် နေရာတစ်နေရာ ရရှိမည်ဖြစ်သည်။

အနိမ့်ပိုင်းပွဲစဉ် ပြီးဆုံးသွားသည့်အခါ အပြင်စည်းဂိုဏ်းပြိုင်ပွဲ၏ နောက်ဆုံးအဆင့် ထိပ်သီး (၁၀) ဦးစာရင်းမှာ ထွက်ပေါ်လာခဲ့သည်။

ရှောင်ချန်းအပြင် ပထမဆုအတွက် အကြီးမားဆုံး ပြိုင်ဘက် သုံးဦးဖြစ်သည့် ဓားပညာဌာနမှ လင်းချင်းယွီ၊ မန္တာန်ပညာဌာနမှ မော့ချင်းဝူနှင့် ခန္ဓာကိုယ်ကျင့်ကြံခြင်းဌာနမှ ကျင်းဂန်ဟု အမည်ရသည့် တပည့်တို့မှာလည်း အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ကြသည်။

ကျန်ရှိသော နေရာ ခြောက်နေရာကိုမူ ဓားပညာဌာနမှ ထန်ဖုန်း၊ သားရဲထိန်းကျောင်းခြင်းဌာနမှ လွီရှု၊ ဆေးပညာဌာနမှ ချောင်ရို့တိ၊ လက်နက်သွန်းလုပ်ခြင်းဌာနမှ ထျဲရှင်း၊ အစီအရင်ဌာနမှ ကျူးကောကျို့နှင့် မန္တန်ပညာဌာနမှ ချန်ရွှီတို့က ရရှိသွားကြသည်။

စင်မြင့်ထက်တွင် ဓားဘုရင်ရှောင်ယောင်သည် မတ်တပ်ရပ်၍ ဖြည်းညှင်းစွာ ကြေညာလိုက်သည်။ “ရက်အတော်ကြာ ပြိုင်ပွဲတွေ အပြင်းအထန် ပြိုင်ဆိုင်ပြီး နောက်မှာ၊ သုံးနှစ်တစ်ကြိမ် ကျင်းပတဲ့ ဒီပြိုင်ပွဲကြီးဟာ အစိတ်လှုပ်ရှားဖို့ အကောင်းဆုံး အဆင့်ဖြစ်တဲ့ ထိပ်သီး ၁၀ ဦး ပြိုင်ပွဲကို ရောက်ရှိလာပြီ ဖြစ်ပါတယ်။”

“ဒီပြိုင်ပွဲရဲ့ ထိပ်သီး သုံးဦးဟာ အတွင်းစည်းတပည့်အဖြစ် တိုးမြှင့်ခံရမယ့်အပြင် ရက်ရောတဲ့ ဆုလာဘ်တွေကိုလည်း ရရှိမှာ ဖြစ်ပါတယ်။ ပထမက အလယ်အလတ်အဆင့် ရတနာလက်နက်တစ်ခုကို ရွေးချယ်နိုင်မှာဖြစ်ပြီး ဒုတိယနဲ့ တတိယရသူတွေကတော့ အဆင့်နိမ့် ရတနာလက်နက်တစ်ခုစီကို ရွေးချယ်ခွင့် ရရှိမှာ ဖြစ်ပါတယ်။”

၎င်းကို ကြားလိုက်ရသည့်အခါ အပြင်စည်းတပည့်များ၏ မျက်နှာတွင် မနာလိုအားကျသည့် အမူအရာများ ပေါ်ထွက်လာကြသည်။

‘ရတနာလက်နက်တွေကို ထားပါဦး။ ထိပ်တန်းအဆင့် မှော်လက်နက်တစ်ခု ရရင်တောင် သူတို့မှာ အိပ်မပျော်နိုင်လောက်ဘူး။’

အိပ်ရာ နိုးလာသည့်အခါ တန်ဖိုးကြီး မှော်လက်နက် များ ပျောက်ကွယ်သွားမှာကို စိုးရိမ်နေကြရပေသည်။

စင်မြင့်ထက်ရှိ တပည့် ၁၀ ဦးမှာမူ မတူညီသည့်အမူအရာရှိနေကြသည်။

လင်းချင်းယွီ၊ ကျင်းဂန်၊ မော့ချင်းဝူနှင့် ရှောင်ချန်းတို့မှာ အနိုင်ရရန် ဆုံးဖြတ်ချက်ချထားသည့် ပုံစံမျိုး ရှိနေကြသည်။

ကျန်ရှိသော ခြောက်ဦးမှာမူ စိတ်လှုပ်ရှားနေသူ သို့မဟုတ် လုံးဝ ဂရုမစိုက်သူ စသည်ဖြင့် အမျိုးမျိုး ရှိနေကြသည်။

ဓားဘုရင်ရှောင်ယောင်က ဆက်လက်၍ ပြောလာသည်။ “ထုံးစံအတိုင်းပဲ၊ ဆယ်ယောက်ကနေ ရှစ်ယောက်အထိ ဖယ်ထုတ်မယ့် ဖယ်ထုတ်ခြင်းပွဲစဉ်တွေကို မနက်ဖြန် မနက်မှာ ကျင်းပမှာ။ မွန်းလွဲပိုင်းမှာတော့ ပဏာမအကြိုပွဲစဉ်တွေ စတင်ပါလိမ့်မယ်။ အခု မဲဆက်နှိုက်ကြမယ်။”

၎င်းက တပည့်တစ်ယောက်အနေနှင့် ကံကောင်းမှုသက်သက်ဖြင့် ဗိုလ်လုပွဲအထိ တက်လှမ်းသွားပြီးပထမဆုကို ရယူသွားခြင်းမျိုး ရှောင်ရှားရန်အတွက် ဖြစ်သည်။

ထို့ကြောင့် အပြင်စည်းဂိုဏ်း၏ ထိပ်သီး ၁၀ ဦး ပြိုင်ပွဲမှာ တစ်ဦးချင်း ဖယ်ထုတ်သည့်စနစ် မဟုတ်ပေ။ ထိုစနစ်သာဆိုလျှင် တစ်ပွဲပြီးသည်နှင့် ငါးဦးသာ ကျန်ရှိပေလိမ့်မည်။

ယင်းအစား အနိမ့်ပိုင်းပွဲစဉ်မှ တက်လာသော သုံးဦးနှင့် (၁၃)ဦးအဆင့်မှ တိုက်ရိုက်တက်လာသော ကံကောင်းသူ တစ်ဦးတို့သည် နောက်ထပ် အဆင့်တက်ရန် နေရာနှစ်နေရာအတွက် ယှဉ်ပြိုင်ကြရသည်။ ထိုနှစ်ဦးမှာ ကျန်ရှိနေသော ခြောက်ဦးနှင့် ပူးပေါင်းကာ ပထမဆုအတွက် ဆက်လက် ယှဉ်ပြိုင်ကြရခြင်း ဖြစ်သည်။

အကြီးအကဲ ချန်ချင်းသည် ၁၀ ယောက်မှ ၈ ယောက်ဖယ်ထုတ်မည့် ဖယ်ထုတ်ခြင်းပွဲစဉ်နှင့် ပဏာမအကြို ပွဲစဉ်များအတွက် မဲနှိုက်ခြင်းကို စတင် ကြီးကြပ်လေသည်။

မဲနှိုက် ပြီးနောက် လူအုပ်ကြီးမှာ တဖြည်းဖြည်း လူစုကွဲသွားတော့သည်။

ရှောင်ချန်းသည် ချူဖုန်းကို ချက်ချင်းပင် လာရှာသည်။ “ဆရာသခင်၊ ကျွန်တော် ထိပ်သီး ရှစ်ဦးစာရင်းထဲ ဝင်သွားပါပြီ။”

ချူဖုန်းက ရှောင်ချန်း၏ ပုခုံးကို ပုတ်လိုက်ပြီး ပြောလိုက်သည်။ “မင်းရဲ့ ဆရာတစ်ယောက်အနေနဲ့၊ ငါ မင်းကို ရွေးချယ်ခဲ့တာ မမှားဘူးဆိုတာ သိပြီးသား။ နောက်သုံးရက်နေရင် မင်း ပထမဆု ယူတာကို ငါ မြင်ချင်တယ်။”

“ဟုတ်ကဲ့ပါ။”

ရှောင်ချန်းမှာ ယုံကြည်မှုများဖြင့် ပြည့်နှက်နေသည်။ ထိပ်သီး ရှစ်ဦးထဲတွင် လင်းချင်းယွီ၊ ကျင်းဂန်နှင့် မော့ချင်းဝူတို့မှလွဲ၍ ကျန်သူများမှာ သူ့ကို ဓားချက်နောက်တစ်ချက် ထုတ်ခိုင်းရန်ပင် အရည်အချင်း မရှိကြပေ။

သူ့၏ အစွမ်းထက်ဆုံး အကွက်ဖြစ်သည့် ဓားတစ်သောင်းတို့အပြန်ကိုပင် ထည့်မသုံးရသေးပေ။

ချူဖုန်းက ပြုံးပြီး ပြေလိုက်သည်။”ယုံကြည်မှုရှိတာ ကောင်းပါတယ်။ ဒါပေမဲ့ ပေါ့ဆလို့တော့ မဖြစ်ဘူး။”

ရှောင်ချန်းက ခေါင်းညိတ်ပြလိုက်သည်။ “ဟုတ်ကဲ့ ပါဆရာ။ ကျွန်တော် နားလည်ပါတယ်။”

ဆရာနှင့် တပည့်နှစ်ဦးမှာ စကားပြောဆိုရင်း ရင်ပြင်မှ ထွက်ခွာသွားကြသည်။

သူတို့နှစ်ဦး အဝေးသို့ ပျောက်ကွယ်သွားသည်ကို ကြည့်ပြီးနောက် ထန်ဖုန်းသည် နောက်တစ်နေ့ မွန်းလွဲပိုင်းတွင် ရှောင်ချန်းကို မည်သို့ ကိုင်တွယ်ရမည်နည်း ဆိုသည်ကို စတင် စဉ်းစားတော့သည်။

သူသည် မနက်ပိုင်းတွင် အစီအရင်ဌာနမှ ကျူးကောကျို့နှင့် ရင်ဆိုင်ရမည် ဖြစ်သော်လည်း ကျူးကောကျို့မှာ အနိမ့်ပိုင်းပွဲစဉ်တွင် စွမ်းအင်များစွာ အသုံးပြုထားခဲ့ရပြီး ဖြစ်သည်။ မမျှော်လင့်ထားသည့် အရာတစ်ခုခု ဖြစ်မလာပါက ထန်ဖုန်းအနေနှင့် နောက်တစ်ဆင့်သို့ တက်ရောက်ပြီး ရှောင်ချန်းနှင့် ရင်ဆိုင်ရမည်ဟု ယုံကြည်ထားသည်။

ထိုစဉ်မှာပင် ရင်းနှီးသော အသံတစ်ခု သူ၏ နားထဲသို့ ဝင်ရောက်လာခဲ့သည်။

“ထိပ်သီး ၁၀ ဦးစာရင်းထဲ ဝင်သွားတဲ့အတွက် ဂုဏ်ယူပါတယ်။ ဂျူနီယာညီလေးထန်။”

၎င်းကို ကြားလိုက်ရသည့်အခါ ထန်ဖုန်း၏ အမူအရာမှာ အနည်းငယ် ပြောင်းလဲသွားသည်။ သူသည် လေးစားစွာဖြင့် လှည့်ကြည့်လိုက်ပြီး ဂါဝရပြုလိုက်သည်။ “ စီနီယာအစ်ကိုလင်းကို အရိုအသေပြုပါတယ်။”

ပြောလိုက်သူမှာ အခြားသူမဟုတ်ဘဲ လက်ရှိ ဓားပညာဌာန၏ နံပါတ်တစ် အပြင်စည်းတပည့်ဖြစ်သူ လင်းချင်းယွီပင် ဖြစ်သည်။

“ယဉ်ကျေးနေစရာ မလိုပါဘူး။”

လင်းချင်းယွီက ပြုံးကာ မေးလာ၏။ “မနက်ဖြန် မွန်းလွဲပိုင်းမှာ ရှောင်ချန်းကို သူ့ရဲ့ အစွမ်းကုန် ထုတ်သုံးလာအောင် လုပ်နိုင်ဖို့ မင်းမှာ ယုံကြည်ချက် ရှိလား။”

သူသည် ရှောင်ချန်းနှင့် ဓားချင်းယှဉ်ခဲ့သည်မှာ နှစ်ပေါင်းများစွာ ရှိပြီဖြစ်သည်။ ယခင်က သူသည် ရှောင်ချန်းအကြောင်းကို အူမချေးခါးမကျန် အကုန်သိခဲ့သည်။ သို့သော် ရှောင်ချန်းမှာ သောင်းပြောင်းပညာရပ်ဌာနသို့ ပြောင်းသွားပြီးကတည်းက သူသည် လုံးဝ ပြောင်းလဲသွားခဲ့သည်။

လင်းချင်းယွီသည် တစ်ဖက်သူကို ထိုးဖောက်၍ မမြင်နိုင်တော့ပေ။ ထို့ကြောင့် လင်းချင်းယွီသည် ဤအပြင်စည်းဂိုဏ်းပြိုင်ပွဲတွင် ပထမနေရာကို ရယူရန် ဆုံးဖြတ်ချက်ချထားခြင်းဖြစ်သည်။

ထန်ဖုန်းသည် ထက်မြက်သူဖြစ်သဖြင့် လင်းချင်းယွီ၏ စကားထဲမှ ဆိုလိုရင်းကို ချက်ချင်း နားလည်သွားသည်။ သူသည် အံကို တင်းတင်းကြိတ်ကာ ဆိုသည်။”ကျွန်တော်မှာ ရှိသမျှ အစွမ်းကုန် ထုတ်သုံးပါ့မယ်။”

“ငါ မင်းကို ယုံကြည်ပါတယ်။”

လင်းချင်းယွီက ပြုံးလိုက်ပြီး ဘာမှ ထပ်မပြောတော့ပေ။

“စီနီယာအစ်ကို၊ ဒါဆိုလည်း ကျွန်တော့်ကို သွားခွင့်ပြုပါဦး။”

ထန်ဖုန်းက ဂါရဝပြုလိုက်ပြီးနောက် လှည့်ထွက်သွားခဲ့သည်။

လင်းချင်းယွီ၏ နောက်ကွယ်တွင် ရပ်နေသော တပည့်တစ်ဦးက ပြောလိုက်သည်။”စီနီယာအစ်ကို၊ အဲဒီ ထန်ဖုန်းဆိုတဲ့ လူက သာမန်ခန္ဓာ ကိုပဲ ပိုင်ထားတာလေ။ သူက မွေးရာပါခန္ဓာကို မပိုင်ဆိုင်ထားဘူး။ ဓားဆန္ဒကိုလည်း နားမလည်ထားဘူး။ သူက ရှောင်ချန်းကို တကယ်ပဲ အစွမ်းကုန် ထုတ်သုံးလာအောင် လုပ်နိုင်ပါ့မလား။”

လင်းချင်းယွီက ရယ်မောလိုက်သည်။ “သူ မလုပ်နိုင်ရင်လည်း ဘာမှ မဖြစ်ပါဘူး။ လိပ်ခွံလို မာကျောတဲ့ ကျင်းဂန် ရှိနေသေးတာပဲ မဟုတ်လား။ တာအိုတည်ဆောက်ခြင်း ဒုတိယအဆင့်ရယ်၊ ဓားဆန္ဒရယ် ၊အဆင့်မြင့် မှော်ဓားတစ်လက်ရယ်နဲ့တော့ ကျင်းဂန်ရဲ့ ရွှေခေါင်းလောင်း အတားအဆီးကို ချိုးဖောက်ဖို့ဆိုတာ မဖြစ်နိုင်သေးဘူး။”

“ရှောင်ချန်း၊ ဒီတစ်ခေါက်တော့ မင်း ငါ့ကို ဘယ်လိုအံ့ဩစရာတွေ ပေးမလဲဆိုတာ တကယ်ပဲ မြင်ချင်နေပြီ။”

All Chapters