← Chapters

ရှောင်ချန်း၊ ကျုပ် ခင်ဗျားရဲ့အားနည်းချက်ကိုရှာတွေ့ပြီ။

Vol. 2 Ch. 19

ရှောင်ချန်း၊ ကျုပ် ခင်ဗျားရဲ့အားနည်းချက်ကိုရှာတွေ့ပြီ။

Vol. 2 Ch. 19

နောက်တစ်နေ့ နေ့လည်ခင်း။

ဝမ်တောက်ကျောင်းတော်၏ ရင်ပြင်တစ်ခုလုံးတွင် လူများဖြင့် ပြည့်နှက် နေသည်။

လူတိုင်းသည် ပထမဆုံး ပဏာမအကြို ပွဲစဉ်ဖြစ်သည့် ရှောင်ချန်းနှင့် ထန်ဖုန်းတို့၏ တိုက်ပွဲကို ကြည့်ရှုရန် စင်မြင့်ကို ဝိုင်းရံထားကြသည်။

ပဏာမအကြိုပွဲစဉ်မှစတင်ကာ ပွဲစဉ်အားလုံးကို စင်မြင့်တစ်ခုတည်းတွင်သာ ကျင်းပခြင်းဖြစ်ရာ လူတိုင်းအနေနှင့် ထိပ်သီးများ၏ အားပြိုင်မှုကို မျက်ဝါးထင်ထင် မြင်တွေ့နိုင်မည်ဖြစ်သည်။

စင်မြင့်ထက်တွင်မူ။

ထန်ဖုန်း၏ဝတ်ရုံမှာ စုတ်ပြတ်သတ်နေပြီး အတော်‌ ‌ လေး အထိနာထားဟန်ပင်။

သူသည် မလှမ်းမကမ်းတွင် ဓားရှည်ကိုကိုင်ကာ မလှုပ်မယှက် ရပ်နေသည့် ရှောင်ချန်းကို စိုက်ကြည့်နေမိ၏။ သူ၏ စိတ်ထဲတွင် မကျေနပ်မှုများ ပြည့်နှက်နေသော်လည်း နောက်ဆုံးတွင် သူ၏မျက်လုံးများကို မှိတ်လိုက်ပြီး ပြောလိုက်ရသည်။

“ကျုပ် ရှုံးပြီ။”

ထိုစကားကို ကြားသည်နှင့် ဒိုင်လူကြီးက အော်ဟစ်ကြေညာလိုက်သည်။”ဒီပွဲရဲ့ အနိုင်ရရှိသူကတော့ ရှောင်ချန်းဖြစ်ပါတယ်။”

စင်မြင့်အောက်မှ အော်ဟစ်အားပေးသံများသည် လှိုင်းလုံးကြီးပမာ ထွက်ပေါ်လာတော့သည်။

“စီနီယာအစ်ကိုရှောင်က အံ့ဩဖို့ကောင်းတာပဲ။ စီနီယာအစ်ကိုထန်ကို ဓားသုံးချက်တည်းနဲ့ အနိုင်ယူလိုက်တယ်။”

“စီနီယာအစ်ကိုရှောင် သေချာပေါက် ပထမရမှာ။”

“…”

ထန်ဖုန်းသည် လုံးဝ အရေးနိမ့်သွားသည့် အမူအရာဖြင့် စင်မြင့်ပေါ်မှ ယိုင်တိယိုင်တိုင် ဆင်းလာလိုက်သည်။ ဤတိုက်ပွဲအတွက် သူသည် တန်ဖိုးများစွာ ပေးခဲ့ရသည်။

ထိပ်တန်းအဆင့် ဗာဂျာရာ အဆောင်အပြင်၊ သူသည် အဆင့်မြင့် ခုခံရေး ပစ္စည်းတစ်ခုကိုလည်း ယူဆောင်လာခဲ့သည်။ သူ ဝတ်ဆင်ထားသည့် အဝတ်အစားများမှာပင် အလယ်အလတ်အဆင့် မှော်ဝတ်ရုံဖြစ်သည်။

သို့သော်လည်း သူသည် ရှောင်ချန်းနှင့် ရင်ဆိုင်ရာတွင် ဓားချက် သုံးချက်သာ ခုခံနိုင်ခဲ့၏။ ဗာဂျာရာ အဆောင်နှင့် အဆင့်မြင့် မှော်ပစ္စည်းတို့မှာ လုံးဝ ပျက်စီးသွားခဲ့သည်။

စင်မြင့်နှင့် မလှမ်းမကမ်းတွင်။

လင်းချင်းယွီနှင့် ကျင်းဂန်တို့သည်လည်း ထိုတိုက်ပွဲကို စောင့်ကြည့်နေကြသည်။

သူတို့နှစ်ဦးစလုံးမှာ ရှောင်ချန်းကို ကြောက်မက်ဖွယ်ရာ ပြိုင်ဘက်အဖြစ် သတ်မှတ်ထားကြသည်။

“ကျင်းဂန်၊ မနက်ဖြန်ပွဲမှာ မင်း ရှောင်ချန်းကို အနိုင်ယူဖို့ ယုံကြည်မှု ရှိလား။” လင်းချင်းယွီက အရင် စကားစလိုက်သည်။

“သေချာပေါက် ရှိတာပေါ့။ ရှောင်ချန်းက အခုချိန်မှာ ဘယ်သူမှ တားဆီးလို့မရတော့တဲ့ အရှိန်အဝါမျိုး ရှိနေပေမဲ့ သူ့ရဲ့ အားနည်းချက်ကတော့ ပေါ်သွားပြီ။”

ကျင်းဂန်က ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။

လင်းချင်းယွီက ပြုံးကာဆိုသည်။ “မင်းလည်း သတိထားမိတာပဲလား။ ရှောင်ချန်းရဲ့ ဓားချက် သုံးချက်စလုံးက အခြေခံ ဓားကွက်တွေကိုပဲ သုံးသွားတာလေ။ အကြိမ်တိုင်းမှာ ထပ်တူညီတဲ့ ခုတ်ချက်တွေချည်းပဲ။ သူက သောင်းပြောင်းပညာရပ်ဌာနမှာ အဲဒီဓားကွက် တစ်ကွက်တည်းပဲ သင်ခဲ့ရပုံရတယ်။”

“ဓားပညာဌာနကဆိုတဲ့အတိုင်းပဲ။ ရှောင်ချန်းရဲ့ အားနည်းချက်ကို ရှာတွေ့ဖို့ ဓားချက် သုံးချက်ပဲ ကြည့်လိုက်ရတယ်။ ဒါပေမဲ့ ခင်ဗျားအတွက်တော့ ဝမ်းနည်းစရာပဲ။ ဒီပြိုင်ပွဲရဲ့ ပထမနေရာက ကျုပ်အတွက်ပဲ ဖြစ်လာမှာ။”

ထိုသို့ ပြောပြီးနောက် ကျင်းဂန်က လှည့်ထွက်သွားတော့သည်။

လင်းချင်းယွီသည် လူအုပ်ထဲသို့ ပျောက်ကွယ်သွားသည့် သူ၏ ကျောပြင်ကို ကြည့်ရင်း အနည်းငယ် ပြုံးလိုက်မိကာ စိတ်ထဲမှ တွေးတောနေသည်။

‘ကျင်းဂန်၊ မင်း ရှောင်ချန်းရဲ့ ဓားချီကို ဘယ်လိုနည်းနဲ့ တားဆီးမလဲဆိုတာ ငါ တကယ်ပဲ မြင်ချင်သေးတယ်။’

‘မင်းတို့ နှစ်ယောက်စလုံး ဒဏ်ရာဒဏ်ချက်တွေနဲ့ အလူးအလဲ ခံစားနေရတဲ့ အချိန်ကျရင်တော့၊ ပထမက ငါ့လက်ထဲကို အလိုလို ရောက်လာမှာပဲ။’

ကြည့်ရှုသည့် စင်မြင့်ထက်တွင်လည်း ဌာနမှူးများသည် ရှောင်ချန်း၏ အားနည်းချက်ကို သတိပြုမိကြသော်လည်း မည်သူမျှ ထုတ်ဖော် မပြောဆိုကြပေ။

လက်ရှိတွင် လူတိုင်းမှာ ရှောင်ချန်းကို မိမိတို့ဌာနသို့ ဆွဲဆောင်ရန်အတွက် တိတ်တဆိတ် ပြိုင်ဆိုင်နေကြသည်။

ရှောင်ချန်းတွင် အားနည်းချက် ရှိနေခြင်းက အမှန်တကယ်တော့ ကောင်းသည့်အရာပင် ဖြစ်သည်။ ၎င်းက သူ့ကို ဆွဲဆောင်နိုင်မည့် နည်းလမ်းများကို ရှာဖွေရာတွင် သူတို့အတွက် အခွင့်အသာစေနိုင်သောကြောင့်ဖြစ်သည်။

စင်မြင့်ထက်တွင်မူ ပဏာမအကြိုပွဲစဉ်များ ဆက်လက် ကျင်းပနေခဲ့သည်။

မမျှော်လင့်ထားသည့်အရာများ ဖြစ်မလာဘဲ လင်းချင်းယွီ၊ ကျင်းဂန်နှင့် မော့ချင်းဝူတို့မှာ အကြိုဗိုလ်လုပွဲသို့ အေးအေးဆေးဆေး တက်လှမ်းသွားကြသည်။

ရလဒ်များမှာ လူအများ မျှော်လင့်ထားသည့်အတိုင်းပင်။

သူတို့၏ နောက်လိုက်များမှာ ကြိုတင် အောင်ပွဲခံနေကြပြီဖြစ်သလို၊ သူတို့၏ ခေါင်းဆောင်များ ဗိုလ်လုပွဲတွင် နိုင်ပြီးနောက် ဘယ်နေရာမှာ သွားသောက်ကြမလဲ ဆိုသည်ကိုပင် ဆုံးဖြတ်နေကြပြီ ဖြစ်သည်။

စကားပုံတစ်ခု ရှိ‌သေးသည်။ အချို့က ပျော်ရွှင်နေကြသော်လည်း အချို့မှာမူ စိုးရိမ်ပူပန်နေကြသည်။

ဆေးပညာဌာနတွင်မူ။

ချောင်ရို့ချန်သည် စိုးရိမ်ပူပန်နေသည့် အမူအရာဖြင့် သူ၏ မျိုးနွယ်စု ဘိုးဘေးထံသို့ ချဉ်းကပ်လာသည်။

“ဒီမြေးက အဘိုးကို ဂါရဝပြုပါတယ်။”

ဆေးဘုရင် ရွှမ်ဟော့သည် သူ၏ ငယ်ဘဝတုန်းကနှင့် တစ်ပုံစံတည်း တူလှသော ရှေ့မှ လူငယ်လေးကို ကြည့်လိုက်ပြီး သူ၏ စိတ်အခြေအနေမှာ ချက်ချင်းပင် ကောင်းမွန်သွားခဲ့သည်။

“မင်း ဒီနေ့ ငါ့ဆီ လာလည်တာလား ချန်အာ။ မင်း စစ်မှန်ကံကြမ္မာအဆင့်ကို ချိုးဖောက်ဖို့ ပြင်ဆင်နေပြီလား။”

သူ့ခေတ်သူ့အခါတွင် ဆေးပညာရှင်ကြီး တစ်ဦးအနေနှင့် ဂျူနီယာ တစ်ဦးကို စစ်မှန်ကံကြမ္မာအဆင့်သို့ ချိုးဖောက်နိုင်ရန် ဆေးလုံးအချို့ ပေးရသည်မှာ ဘာမှ ခက်ခဲသည့် ကိစ္စမဟုတ်ပေ။

အကယ်၍ သူသာ အလိုရှိပါက ဤကလေးကို ကောင်းကင်ဇာစ်မြစ်အဆင့်သို့ ရောက်သွားစေမည့် ဆေးလုံးများ ပေးနိုင်သေးသည်။

သို့သော်လည်း ထိုကောင်လေးက မတောင်းဆိုသဖြင့် အဘိုးဖြစ်သူကလည်း ပေးလိမ့်မည်မဟုတ်ပေ။

ဘာပဲဖြစ်ဖြစ် ဖန်လုံအိမ်ထဲတွင် ကြီးပြင်းလာသည့် ပန်းတစ်ပွင့်မှာ တကယ့် လေဒဏ် မိုးဒဏ်ကိုမခံနိုင်ပေ။

“မဟုတ်ပါဘူး...”

ချောင်ရို့ချန်က သနားစရာကောင်းသည့် အမူအရာဖြင့် ခေါင်းယမ်းလိုက်သည်။ “အဘိုး ဒီမြေးက အဲဒီ ရှောင်ချန်းဆိုတဲ့သူက ပြိုင်ပွဲမှာ ပထမရဖို့ အခွင့်အရေး ရှိနေလားဆိုတာ လာမေးတာပါ။”

“မင်းက ရှောင်ချန်းကို မနိုင်စေချင်ဘူးလား။” ဆေးဘုရင် ရွှမ်ဟော့က သူ၏ မြေးကို အနည်းငယ် ဇဝေဇဝါဖြင့် ကြည့်လိုက်သည်။

“အမှန်အတိုင်း ပြောရရင်တော့ အဘိုး..”

ထို့နောက် ချောင်ရို့ချန်သည် ရှောင်ချန်းနှင့် လုပ်ခဲ့သည့် အလောင်းအစားအကြောင်းကို ပြောပြလိုက်လေသည်။

“ဒါပဲလား။”

ဆေးဘုရင် ရွှမ်ဟော့က ဆူပူလိုက်၏။”စိတ်ဝိညာဉ်ကျောက်တုံး အနည်းငယ်ပဲဥစ္စာ။ မင်း အကုန်လုံး ပြန်မပေးနိုင်ရင်တောင် ငါက မင်းကို တစ်ဝက်လောက်တော့ ကူညီပေးနိုင်တာပဲ။ ဒါပေမဲ့ မင်းရဲ့ ပိုင်ဆိုင်မှု အားလုံးကို စားပွဲပေါ် တင်ထားဖို့တော့ ပြင်ထားလိုက်တော့။ ချောင်မိသားစုက လူတွေက မတရားဘူးလို့တော့ အပြောမခံနိုင်ဘူး။”

“…”

ချောင်ရို့ချန်မှာ ဆွံ့အသွားသည်။ ‘အဘိုးက အဲဒီကိစ္စကိုပဲ အာရုံထဲထည့်တာလား။’

သူ့မြေး၏ အမူအရာကို ကြည့်ပြီး ဆေးဘုရင် ရွှမ်ဟော့မှာ မပြုံးဘဲ မနေနိုင်တော့ပေ။ “ကောင်းပြီ၊ ရှောင်ချန်းဆိုတဲ့ ကောင်လေးက အခုချိန်မှာ ဘယ်သူမှ ယှဉ်လို့မရတဲ့ ပုံစံမျိုး ပေါက်နေပေမဲ့ သူ ပထမရလာမယ်လို့တော့ သေချာပေါက် ပြောလို့မရသေးဘူး။”

“ငါ အကဲခတ်တာ မမှားဘူးဆိုရင်၊ ကျင်းဂန်၊ လင်းချင်းယွီနဲ့ မော့ချင်းဝူတို့က သူ့ရဲ့ အားနည်းချက်ကို သတိထားမိနေကြပြီ။”

“ရှောင်ချန်းအတွက်တော့ ပထမနေရာကို ရဖို့ဆိုတာ မလွယ်ကူလှပါဘူး။”

ဟူး။

၎င်းကို ကြားလိုက်ရသည့်အခါ ချောင်ရို့ချန်မှာ စိတ်အေးသွားကာ သက်ပြင်းရှည်ကြီး ချလိုက်မိသည်။ အကယ်၍ အဘိုးကတောင် ခက်ခဲလိမ့်မည်ဟု ပြောလျှင် ရှောင်ချန်းအနေနှင့် အခွင့်အရေး ရှိတော့မည် မဟုတ်ပေ။

“လမ်းညွှန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အဘိုး။ ဒီမြေးကို သွားခွင့်ပြုပါဦး။”

“အင်း၊ သွားတော့။”

ဆေးဘုရင် ရွှမ်ဟော့က လက်ဝေ့ယမ်းလိုက်သည်။ သူ၏ မြေး ထွက်သွားသည်ကို ကြည့်ရင်း သူ၏ မျက်နှာမှာ အတွေးနက်သွားသည်။ မကြာမီမှာပင် သူ၏ မျက်လုံးများမှာ တောက်ပသွားပြီး မြေခွေးတစ်ကောင်ကဲ့သို့ ပြုံးလိုက်တော့သည်။

“တကယ်လို့ ရှောင်ချန်းဆိုတဲ့ ကောင်လေးက ပထမရသွားခဲ့ရင်၊ ငါ ဒီလို လုပ်ရတာ ပေါ့။”

…

နောက်တစ်နေ့ မနက်ခင်း။

အပြင်စည်းဂိုဏ်း ပြိုင်ပွဲကြီး၏ အကြိုဗိုလ်လု ပွဲစဉ်များမှာ တရားဝင် စတင်ခဲ့ပြီ ဖြစ်သည်။

ပထမဆုံး ပွဲစဉ်မှာ ကျင်းဂန်နှင့် ရှောင်ချန်းတို့ ဖြစ်သည်။

အပြင်စည်းတပည့် အားလုံးနီးပါးမှာ နေရာတွင် စုဝေးနေကြသည်။

အတွင်းစည်းတပည့် အချို့ပင် ရင်ပြင်သို့ ရောက်ရှိလာကြသည်။

ကြည့်ရှုသည့် စင်မြင့်ထက်တွင် ဌာနမှူး ကိုးဦးအပြင်၊ အတွင်းစည်း အကြီးအကဲများစွာလည်း တက်ရောက်လာကြသည်။

၎င်းက လူတိုင်း၏ အာရုံကို ဆွဲဆောင်ထားသည့် ပွဲစဉ်တစ်ခုပင် ဖြစ်သည်။

ဆေးဘုရင် ရွှမ်ဟော့သည် စင်မြင့်ထက်မှ လူနှစ်ဦးကို ကြည့်လိုက်ပြီး ချူဖုန်းဘက်သို့ လှည့်ကာ ပြုံးလျက် မေးလိုက်သည်။ “ဖုန်းလေး၊ မင်း ဘယ်လို ထင်လဲ။ ရှောင်ချန်းက ဒီတစ်ခေါက်ရော ကျော်ဖြတ်နိုင်ပါ့မလား။”

ချူဖုန်းက ပြုံးကာ ပြန်ဖြေသည်။ “သေချာတာပေါ့။ ရှောင်ချန်းကသာ အလေးအနက် ထားမယ်ဆိုရင် ကျင်းဂန်ကို အနိုင်ယူဖို့က ပြဿနာ မဟုတ်ပါဘူး”

သူ၏ စကားများကြောင့် ခန္ဓာကိုယ်ကျင့်ကြံခြင်းဌာန၏ အကြီးအကဲများထံမှ ဒေါသတကြီး အကြည့်များမှာ ချက်ချင်းပင် ရောက်ရှိလာသည်။

ချူဖုန်းမှာမူ လုံးဝ ဂရုမစိုက်ပေ။ သူသည် နေရာတွင်ပင် အေးအေးလူလူ ထိုင်ကာ လက်ဖက်ရည် သောက်နေခဲ့သည်။

‘ရလဒ်တွေက မကြာခင်မှာ ရှင်းရှင်းလင်းလင်း သိရတော့မှာပဲ။ အခုချိန်မှာ ငြင်းခုံနေလို့လည်း ဘာမှ မထူးဘူး။’

စင်မြင့်ထက်တွင်မူ။

ကျင်းဂန်သည် ရှောင်ချန်းထံသို့ မာနထောင်လွှားသော ပုံစံဖြင့် လက်သီးဆုပ်ကာ နှုတ်ဆက်လိုက်သည်။ “စီနီယာအစ်ကိုရှောင်၊ ကျေးဇူးပြုပြီး လမ်းညွှန်ပေးပါဦး။”

ရှောင်ချန်းကလည်း ပြန်လည် နှုတ်ဆက်လိုက်၏။ “ဂျူနီယာညီလေးကျင်း၊ ကျေးဇူးပြုပြီး အလျှော့ပေးပါဦး။”

မိတ်ဆက်ပြီးနောက် ဒိုင်လူကြီးက ကြေညာလိုက်သည်။”စတင်ကြစို့”

ကလန်။

ရှောင်ချန်းသည် သူ၏ ဓားရှည်ကို ချက်ချင်း ဆွဲထုတ်လိုက်သည်။

ဓားချီလှိုင်းလုံးကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။

“ဟမ့်”

ကျင်းဂန်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ သူသည် နေရာတွင်ပင် မြင်းထိုင်ထိုင်သည့်ဟန်ဖြင့် ရပ်လိုက်ပြီး သူ၏ လက်သီးများကို အသင့်အနေအထားဖြစ်အောင် မြှင့်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူ၏ ပတ်ပတ်လည်တွင် ရွှေရောင် အလင်းတံတိုင်း အတားအဆီးတစ်ခု ပေါ်ထွက်လာသည်။

ဘုန်း။

ဓားချက် တစ်ချက်တည်းနှင့် ကျင်းဂန်၏ ရွှေခေါင်းလောင်း အတားအဆီးမှာ အစိတ်စိတ်အမွှာမွှာ ပျက်စီးသွားသည်။

သူသည် ခြေလှမ်းအနည်းငယ်မျှ အနောက်သို့ ဆုတ်လိုက်ရသည်။ ဓားချီက သူ၏ ခန္ဓာကိုယ်ကို ထိမှန်တော့မည့် အခိုက်တွင် မမျှော်လင့်ထားသည့် အရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ရွှေရောင်အလင်းတန်း တစ်ခုက သူ့ကို ရုတ်တရက် လွှမ်းခြုံသွားပြန်ပြီး ဓားချီကို လမ်းကြောင်းလွှဲလိုက်သည်။

“အဲဒီ အကွက်ပဲလား။”

ရှောင်ချန်းက ရေရွတ်လိုက်ပြီး သူ၏ ဓားကို နောက်တစ်ကြိမ် လွှဲယမ်းလိုက်ပြန်သည်။

ကလန်။ကလန်။

နောက်ထပ် ဓားချက် နှစ်ချက် ကျရောက်သွားသော်လည်း ကျင်းဂန်၏ ပတ်လည်မှ ရွှေရောင်အလင်းမှာ ပျက်စီးခြင်းမရှိဘဲ တည်ရှိနေဆဲ ဖြစ်သည်။ ထိုသူ၏ နှုတ်ခမ်းထောင့်တွင် လှောင်ပြုံးတစ်ခု ပေါ်ထွက်လာသည်။

“ရှောင်ချန်း၊ ကျုပ် ခင်ဗျားရဲ့ အားနည်းချက်ကို ရှာတွေ့သွားပြီ။ ပြိုင်ဘက်ကင်း လက်သီးချက်။”

စကားဆုံးသည်နှင့် သူသည် လက်သီးနှစ်ဖက်စလုံးကို ရှေ့သို့ ရုတ်တရက် ပစ်လွှတ်လိုက်သည်။ ကြောက်မက်ဖွယ်ကောင်းလှသော စွမ်းအားတစ်ခုမှာ ပေါက်ကွဲထွက်လာပြီး ရှောင်ချန်း၏ သေကွင်းသေကွက်များထံသို့ တည့်တည့်မတ်မတ် ပြေးဝင်သွားတော့သည်။

All Chapters