← Chapters

ရှောင်ချန်း — ဂျူနီယာညီလေးကျင်းဂန်၊ ငါ့ရဲ့ အကြမ်းဆုံးအကွက်ကို သုံးခွင့်ပေးတဲ့အတွက် ကျေးဇူးပဲ။

Vol. 2 Ch. 20

ရှောင်ချန်း — ဂျူနီယာညီလေးကျင်းဂန်၊ ငါ့ရဲ့ အကြမ်းဆုံးအကွက်ကို သုံးခွင့်ပေးတဲ့အတွက် ကျေးဇူးပဲ။

Vol. 2 Ch. 20

ကလန်။

ရှောင်ချန်းသည် လက်ကောက်ဝတ်ကို တစ်ချက်လှည့်ကာ ဓားတစ်ချက်တည်းဖြင့် ပြန်လည်ခုခံလိုက်သည့်အခါ ကျင်းဂန်၏ ပြိုင်ဘက်ကင်းလက်သီးချက်မှာ အလွယ်တကူပင် လွင့်ပြယ်သွားခဲ့သည်။ ထို့နောက် သူသည် ကျင်းဂန်ကို တည်ငြိမ်စွာ ကြည့်ပြီး မေးလိုက်၏။

“နောက်ထပ် ဗာဂျာရာ အဆောင်လား။”

သူ၏တိုက်ခိုက်မှု လွဲချော်သွားသည်ကို မြင်သော်လည်း ကျင်းဂန်မှာ အလျင်စလို ထပ်မံ တိုက်ခိုက်ခြင်း မပြုပေ။ ခုနက လက်သီးချက်မှာ စမ်းသပ်ခြင်းသာဖြစ်ပြီး သူ၏ လက်သီးဆန္ဒ ပါဝင်ခြင်း မရှိသေးပေ။

သို့သော် ၎င်းက သူ၏ သံသယကို အတည်ပြုပေးလိုက်သည်။ ရှောင်ချန်းမှာ ဓားကွက် တစ်ကွက်တည်းကိုသာ တက်ကျွမ်းသေးသည်။

“သေချာပေါက် မဟုတ်ဘူး။ ဗာဂျာရာ အဆောင်လေးနဲ့ ကျုပ်ရဲ့ ရွှေခေါင်းလောင်း အတားအဆီး ပေါင်းစပ်ထားတာတောင် ခင်ဗျားရဲ့ ဓားချက် နည်းနည်းကိုပဲ ခံနိုင်မှာ။”

“နောက်ပြီး ခင်ဗျားရဲ့ဓားက ကျုပ်လက်သီးတွေထက် ပိုမြန်နေတော့၊ ဒီလို လှည့်ကွက်အပေါစားတွေနဲ့ ခင်ဗျားကို တိုက်ခိုက်နိုင်မှာ မဟုတ်ဘူး။”

ရှောင်ချန်း၏ မျက်နှာမှာ ဘာခံစားချက်မျှ မပြပေ။ သို့သော် သူ၏ မျက်ခုံးမှာ အသာအယာပင့်တက်သွားပြီး တစ်ခုခုကို သဘောပေါက်သွားသည့် အမူအရာ ပေါ်လာသည်။

“ဒါဆို မင်းပြောချင်တာက... မင်းက အဆောင်ရတနာ တစ်ခုကို သုံးနေတာပေါ့။”

သူ ထိုသို့ ပြောလိုက်သည်အခိုက် လူအုပ်ကြီးထံမှ အံ့ဩတုန်လှုပ်သံများ ထွက်ပေါ်လာသည်။

“စီနီယာအစ်ကိုကျင်းဂန်က အဆောင် ရတနာကိုတောင် သုံးထားတာလား။ ကြည့်ရတာ ဒီတစ်ခေါက်တော့ စီနီယာအစ်ကိုရှောင်အတွက် အခြေအနေ မကောင်းတော့ဘူး။”

“မလိုအပ်တာကြီးကို။ အဆောင်ရတနာတွေက စွမ်းအင်ပြန်ဖြည့်လို့ရတယ်။ ဗာဂျာရာအဆောင်ရတနာက ဗာဂျာရာ အဆောင် အခုတစ်ရာစာလောက် ရှိတာမှန်ပေမဲ့၊ စီနီယာအစ်ကိုရှောင်သာ သူ့ရဲ့ အပြင်းထန်ဆုံးတိုက်ကွက်ကို သုံးပြီး အတွင်းက စွမ်းအင်တွေကို ကုန်ဆုံးစေနိုင်ရင် အဲဒီခုခံမှုကို ဖောက်ထွက်နိုင်မှာပဲ။”

“မင်းပြောသလောက် လွယ်ပါဦးမလား။ စီနီယာအစ်ကိုရှောင်က တာအိုတည်ဆောက်ခြင်း ဒုတိယအဆင့်ပဲ ရှိသေးတာကို ထားဦး၊ စစ်မှန်ကံကြမ္မာအဆင့် ကျင့်ကြံသူတစ်ယောက်တောင် အဆောင် ရတနာတစ်ခုကို အမြန်ချိုးဖောက်ဖို့ဆိုတာ ခက်ခဲလိမ့်မယ်။”

“…”

ကျင်းဂန်က ရှောင်ချန်း၏ စကားကို လှောင်ပြုံးပြုံးကာ ဆိုလိုက်သည်။ “မှန်တယ်။ ကျုပ်က အဆောင်ရတနာကို သုံးနေတာ။ ခင်ဗျားသာ ကျုပ်ရဲ့ အဆောင်ရတနာကို ချိုးဖောက်နိုင်ရင် ပထမဆုက ခင်ဗျားအပိုင်ပဲ။ ဒါပေမဲ့ ခင်ဗျား မချိုးဖောက်နိုင်ရင်တော့ ခင်ဗျားရဲ့ ဒဏ္ဍာရီက ဒီမှာတင် အဆုံးသတ်ပြီ။”

“ဪ... ဒါဆိုလည်း ငါ ဒီနေ့ မင်းရဲ့ လိပ်ခွံက ဘယ်လောက်တောင် မာမလဲဆိုတာ ကြည့်ကြသေးတာပေါ့။”

ရှောင်ချန်းက ပြောရင်း သူ၏ ဓားကို နောက်တစ်ကြိမ် လွှဲယမ်းလိုက်ပြန်သည်။

ကျင်းဂန်မှာမူ သူ၏ နေရာတွင်ပင် မြဲမြံစွာ ရပ်ကာ စွမ်းအင်များကို ထပ်မံ စုစည်းနေပြီး တိုက်နိုင်ရင် တိုက်စမ်း ဆိုသည့် ပုံစံဖြင့် ရပ်နေသည်။

ရှောင်ချန်း၏ ဓားချက် ကျရောက်ပြီးနောက် ကျင်းဂန်က ချက်ချင်း ပြန်လည် တိုက်ခိုက်လိုက်၏။ သူက ၎င်းနည်းဖြင့် ရှောင်ချန်း၏ စိတ်ဝိညာဉ်စွမ်းအင်များကို ကုန်ဆုံးစေရန် ကြိုးစားနေသည်။

ရှောင်ချန်း၏ စိတ်ဝိညာဉ်စွမ်းအင်များ ကုန်သွားသည်နှင့် သူအတွက် တန်ပြန်တိုက်စစ်ဆင်မည့် အခွင့်အရေးက ရောက်လာပေလိမ့်မည်။

စင်မြင့်အောက်မှ တပည့်များမှာမူ လုံးဝ မှင်တက်နေကြသည်။

ပြင်းထန်လှသော တိုက်ခိုက်မှုများကြောင့် လူသိများသည့် စီနီယာအစ်ကိုကျင်းဂန်က ယခုကဲ့သို့ အရှက်မရှိသော တိုက်ခိုက်ရေးပုံစံမျိုးကို အသုံးပြုလိမ့်မည်ဟု မည်သူမှ မထင်ထားကြပေ။

ကြည့်ရှုသည့် စင်မြင့်ထက်တွင်မူ။

ထိုနှစ်ယောက်၏ စကားကို ကြားပြီးနောက် ဌာနမှူးများ၏ အမူအရာများမှာ ရှုပ်ထွေးသွားသည်။

ခန္ဓာကိုယ်ကျင့်ကြံခြင်းဌာန၏ ဌာနမှူးက ကျယ်လောင်စွာ ရယ်မောလိုက်သည်။ “ကျင်းဂန်ကတော့ မျှော်လင့်ထားတဲ့အတိုင်းပါပဲ။ သူက အပြင်စည်းဂိုဏ်းရဲ့ အထူးချွန်ဆုံး တပည့်တွေထဲက တစ်ယောက်ပဲ။ သူက ပါရမီပါရုံတင်မကဘူး၊ ဉာဏ်လည်း အတော်လေး ကောင်းတယ်။”

ယခင်က တခြားဌာန ခုနစ်ခုမှာ ခန္ဓာကိုယ်ကျင့်ကြံခြင်းဌာနမှ တပည့်များသည် ဦးနှောက်မပါသော ဗလကြီးသည့်ကောင်များသာ ဖြစ်သည်ဟု မကြာခဏ လှောင်ပြောင်လေ့ ရှိကြသည်။

ယခုမူ သူတို့ကို ဗလပဲရှိပြီး ဦးနှောက်မရှိဘူးဟု မည်သူက ပြောရဲတော့မည်နည်း။

သူတို့သာ ဦးနှောက်မရှိလျှင် ၎င်းနည်းဗျူဟာမျိုးကို စဉ်းစားနိုင်မည်မဟုတ်ပေ။

“ဟက်။”

သားရဲထိန်းကျောင်းခြင်းဌာနမှ ဌာနမှူးက နှာခေါင်းရှုံ့လိုက်သည်။ “ပြိုင်ပွဲမှာ အဆောင်ရတနာကို သုံးတာကို မင်းက ဂုဏ်တောင် ယူနေသေးတယ်ပေါ့။”

ခန္ဓာကိုယ်ကျင့်ကြံခြင်းဌာန၏ ဌာနမှူးက သူ့ကို လျစ်လျူရှုကာ ကျေနပ်အားရသော ပုံစံဖြင့် ပြုံးလိုက်သည်။

ဆေးဘုရင် ရွှမ်ဟော့ အပါအဝင် လူအနည်းငယ်သာ ချူဖုန်းဘက်သို့ လှည့်ကြည့်လိုက်ကြသည်။

ထိုကောင်လေးမှာ လက်ဖက်ရည်ကို အေးအေးဆေးဆေးပင် သောက်နေဆဲ ဖြစ်သည်ကို မြင်ရသည့်အခါ သူတို့အားလုံး အနည်းငယ် ဇဝေဇဝါ ဖြစ်သွားကြသည်။

‘ဒီကောင်လေးကတော့ လုံးဝကို လက်လျှော့လိုက်ပြီ ထင်တယ်။’

သူ့တပည့်မှာ ဤမျှ ခက်ခဲသော အခြေအနေနှင့် ရင်ဆိုင်နေရသော်လည်း သူကတော့ ဘာမှမဖြစ်သည့်အလားနှယ်။

ဆေးဘုရင် ရွှမ်ဟော့က ရယ်မောကာ ဆိုသည်။ “ဖုန်းလေး၊ မင်းတပည့်တော့ ရှုံးတော့မယ် ထင်တယ်။”

ချူဖုန်းက ပုခုံးတွန့်လိုက်ပြီး ပြန်ဖြေ၏။”ဘယ်သူက ပြောတာလဲ။ ရှောင်ချန်းက ခုမှ သွေးပူလေ့ကျင့်ခန်းလုပ်နေတုန်းပဲ ရှိသေးတာပါ။ အဲဒါပြီးရင်တော့ ကျင်းဂန် သေချာပေါက် ရှုံးလိမ့်မယ်။”

ဌာနမှူးများနှင့် အကြီးအကဲများမှာ နားရော မျက်စိရောကောင်းကြသည်ဖြစ်ရာ ချူဖုန်း၏ စကားတစ်ခွန်းမျှ သူတို့ထံမှ လွတ်သွားခြင်း မရှိပေ။

ချူဖုန်း၏ စကားကို ကြားပြီးနောက် သူတို့၏ စိတ်ထဲတွင် မေးခွန်းများ ပေါ်ထွက်လာကြ၏။

“ဖုန်းလေး၊ မင်း ငါတို့ကို နောက်တစ်ခါ ထပ်ပြီး လှည့်စားဖို့ ကြိုးစားနေတာလား။”

ဆေးဘုရင် ရွှမ်ဟော့ကတော့ လုံးဝ မယုံကြည်ပေ။

ချူဖုန်းက လက်ဖက်ရည်ကို တစ်ငုံ သောက်လိုက်ပြီး အလွန်အမင်း ကျေနပ်နေသည့် အမူအရာမျိုး ပြလိုက်သည်။ ထို့နောက် သူက ဖြည်းညှင်းစွာ ပြောလိုက်သည်။ “လောစရာမလိုပါဘူး စီနီယာတို့။ ရလဒ်က ခဏနေရင် ရှင်းရှင်းလင်းလင်း သိရတော့မှာပါ။”

စင်မြင့်ထက်တွင်မူ။

ရှောင်ချန်းနှင့် ကျင်းဂန်တို့မှာ အပြန်အလှန် တိုက်ခိုက်နေကြဆဲ ဖြစ်သည်။

ကျင်းဂန်၏ လိပ်ခွံကဲ့သို့ ခုခံမှုကို ရင်ဆိုင်နေရသော်လည်း ရှောင်ချန်းမှာ တည်ငြိမ်နေဆဲ ဖြစ်ပြီး သူ၏ ခြေထောက်များကို တစ်ချက်မျှပင် မရွှေ့ခဲ့ပေ။

ကျင်းဂန်၏ တန်ပြန်တိုက်စစ်တိုင်းကိုလည်း ရှောင်ချန်းက အားအနည်းစိုက်ထုတ်ရုံဖြင့်သာ ဖယ်ရှားနိုင်ခဲ့သည်။

အပြန်အလှန် တိုက်ခိုက်မှု အကြိမ်ပေါင်းများစွာ ပြုလုပ်ပြီးနောက်။

ရှောင်ချန်းသည် ကျင်းဂန်၏ လက်သီးချက် တစ်ခုကို ဓားတစ်ချက်နှင့် ဖယ်ရှားလိုက်ပြီးနောက် ပြုံးကာ ပြောလိုက်သည်။

“ကျေးဇူးတင်ပါတယ် ဂျူနီယာညီလေးကျင်းဂန်။”

“…”

ကျင်းဂန်နှင့် လူအုပ်ကြီးမှာ ကြောင်အသွားကြသည်။

“စီနီယာအစ်ကိုရှောင်၊ ခင်ဗျားက ကျုပ်အာရုံကို အဲဒီလိုစကားမျိုးနဲ့ လွှဲဖို့ ကြိုးစားနေတာလား။ ဒါက အဆောင်ရတနာလေ၊ ရွှေခေါင်းလောင်း အကာအကွယ်လည်း မဟုတ်ဘူး။ ကျုပ် ဒီမှာ ခင်ဗျားနဲ့ ရပ်ပြီး စကားပြောနေရင်တောင် အဲဒါက သူ့အလိုလို ပိတ်သွားမှာ မဟုတ်ဘူး။”

ကျင်းဂန်က ပြုံးလျက် ပြောလိုက်သည်။

“ငါ သိပါတယ်။”

ရှောင်ချန်းက သူ၏ ဓားကို ဖြည်းညှင်းစွာ မြှောက်လိုက်သည်။ “ငါ သောင်းပြောင်းပညာရပ်ဌာနမှာ ဓားဆန္ဒကို နားလည်ခဲ့ပြီးကတည်းက ဘယ်သူမှ ငါ့ကို အစွမ်းကုန် ထုတ်သုံးလာအောင် မလုပ်နိုင်ခဲ့ဘူး။ စစ်မှန်ကံကြမ္မာအဆင့် မိစ္ဆာသားရဲ တစ်ကောင်တောင် ငါ့ရဲ့ တိုက်ခိုက်မှု နှစ်ချက်သုံးချက်လောက်မှာတင် သေသွားခဲ့တာ။”

“ဒီနေ့တော့ ငါ သောင်းပြောင်းပညာရပ်ဌာနရဲ့ အထွတ်အထိပ်တိုက်ကွက်ကို ပြသခွင့် ရပြီပေါ့။”

အဲဒါက ဘာကြီးလဲ။

နောက်နေတာလား။

သောင်းပြောင်းပညာရပ်ဌာနမှာ အထွတ်အထိပ်နည်းစနစ်ရှိသေးတာလား။

ကျင်းဂန် အပါအဝင် လူတိုင်းမှာ သူတို့၏ ကမ္ဘာကြီးတစ်ခုလုံး ပြောင်းပြန်လည်သွားသကဲ့သို့ ခံစားလိုက်ရသည်။

ချူဖုန်း တစ်ယောက်တည်းသာ လက်ဖက်ရည်ခွက်ကို ကိုင်ရင်း ဆွံ့အလျက် ရှိနေသည်။ ‘ဒီကောင်လေး... ဓားတစ်သောင်းတို့အပြန်ကို သောင်းပြောင်းပညာရပ်ဌာနရဲ့ အထွတ်အထိပ်နည်းစနစ်လို့ ထင်နေတာလား’

လူတိုင်း မှင်တက်နေကြစဉ်မှာပင် ရှောင်ချန်းသည် လေထဲသို့ ခုန်တက်လိုက်ပြီး ကျော့ရှင်းသော လှုပ်ရှားမှုဖြင့် သူ၏ ဓားကို ဝှေ့ယမ်းကာ ရှေ့သို့ ခုတ်ချလိုက်လေသည်။

“ဓားတစ်သောင်းတို့အပြန်။”

ထိုအသံနှင့်အတူ ဓားချက်က လိုက်ပါလာခဲ့သည်။

ထိုအခိုက်တွင် ရေတွက်၍မရနိုင်သော ဓားချီလှိုင်းလုံးများမှာ ရှောင်ချန်း၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီး မိုးသည်းထန်စွာ ရွာသွန်းသည့်ပမာ ကျင်းဂန်ထံသို့ ကျရောက်သွားတော့သည်။

ချလွမ်း၊ ချလွမ်း၊ ချလွမ်း။

ဓားချက် တိုင်းသည် အဆောင်ရတနာကို ထိမှန်သွားသည်။

ကျင်းဂန်၏ ပတ်ပတ်လည်မှ အဆောင်ရတနာ၏ စွမ်းအင်များမှာ သိသိသာသာပင် အလျင်အမြန် ကုန်ဆုံးသွားသည်။

သူ၏ပတ်လည်မှ ရွှေရောင်အလင်းမှာ တဖြည်းဖြည်း မှေးမှိန်လာခဲ့သည်။

စင်မြင့်အပြင်ဘက်တွင်မူ တိတ်ဆိတ်သွားခဲ့သည်။

လူတိုင်းမှာ သူတို့၏ နေရာတွင်ပင် တောင့်တောင့်ကြီး ရပ်နေကြပြီး၊ သူတို့ရှေ့မှ မြင်ကွင်းကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေကြတော့သည်။

ဓားဘုရင်မှာ အံ့ဩတုန်လှုပ်လျက် ပထမဆုံး မတ်တပ်ရပ်လာခဲ့သည်။ “ဒါက ဘယ်လို နည်းစနစ်မျိုးလဲ။”

ချောင်ရို့ချန်မှာ မြေပြင်ပေါ်သို့ လဲကျသွားခဲ့သည်။ “သွားပြီ၊ သွားပြီ... သောင်းပြောင်းပညာရပ်ဌာနရဲ့ အထွတ်အထိပ်နည်းစနစ်က ဒီလောက်တောင် ကြောက်ဖို့ကောင်းတာလား။”

ချူဖုန်းမှာမူ တွေးနေ၏။’မင်းတို့တွေက ဒါလေးနဲ့တင် အံ့ဩနေကြတာလား။’

ကြည့်ရှုသူ လူအုပ်ကြီးမှာမူ။ w(゚Д゚)w

ဘုန်း။

ကျယ်လောင်လှသော ပေါက်ကွဲသံကြီးနှင့်အတူ။

ကျင်းဂန်၏ အဆောင်ရတနာမှ စွမ်းအင်များမှာ လုံးဝ ကုန်ဆုံးသွားသည်။

သို့သော်လည်း ကောင်းကင်ယံမှ ဓားချီများမှာ ပြယ်လွင့်သွားခြင်း မရှိသေးပေ။ ထိုအခိုက်တွင် ကျင်းဂန်မှာ အလွန်အမင်း ထိတ်လန့်သွားသဖြင့် သူ၏ ရွှေခေါင်းလောင်း အတားအဆီးဖြင့် ခုခံရန်ပင် လုံးဝ မေ့လျော့သွားခဲ့သည်။ သူ လုပ်နိုင်သည်မှာ မသိစိတ်ဖြင့် အော်ဟစ်လိုက်ခြင်းသာ ဖြစ်သည်။

“ဆရာသခင်၊ ကျွန်တော့်ကို ကယ်ပါဦး။”

သူ ထိုသို့ ပြောလိုက်သည်နှင့် စင်မြင့်ဘေးမှ ဒိုင်လူကြီးမှာ သူ၏ တာဝန်ကို ချက်ချင်း သတိရသွားသည်။ သူသည် စင်မြင့်ပေါ်သို့ ခုန်တက်လိုက်ပြီး ပြင်းထန်သော လက်ဝါးချက်တစ်ခုဖြင့် ရိုက်ထုတ်ကာ၊ ကျန်ရှိနေသော ဓားအရှိန်အဝါများကို ကျင်းဂန်ထံသို့ မကျရောက်မီ ဖယ်ရှားပေးလိုက်သည်။

သို့သော်ငြားလည်း၊ ဓားချီလှိုင်းအချို့မှာ ကျင်းဂန်ကို ဖောက်ထွက်သွားခဲ့ပြီး ဖြစ်သည်။

ကံကောင်းထောက်မစွာဖြင့်၊ မည်သည့်အရာမျှ အသက်‌ သွေးကြောနေရာများကို ထိမှန်ခြင်း မရှိပေ။ ကျင်းဂန်မှာ သွေးများစိုရွှဲနေသော်လည်း၊ ယခုလေးတင် စင်ပေါ်သို့ ပြန်လည် ဆင်းသက်လာသည့် ရှောင်ချန်းကို မယုံကြည်နိုင်စွာ စိုက်ကြည့်ရင်း မှင်တက်ကာ ရပ်နေဆဲ ဖြစ်သည်။

တစ်ဖက်တွင်မူ၊ ရှောင်ချန်းမှာ သူ၏ ဓားရှည်ကို တိတ်ဆိတ်စွာ ကိုင်ထားသည်။ ထိုနောက်ဆုံး တိုက်ခိုက်မှုက သူ၏စိတ်ဝိညာဉ်စွမ်းအင် အမြောက်အမြားကို ကုန်ဆုံးစေခဲ့သည်။

‘ငါ မသန်မာသေးဘူးပဲ။ ဓားချီ အခုတစ်ရာလောက်နဲ့တင် ငါ့ရဲ့ စွမ်းအင်တွေ ကုန်လုနီးပါး ဖြစ်သွားပြီ။’

ရှောင်ချန်း၏တိုက်ခိုက်မှု ရပ်တန့်သွားသည်ကို မြင်လျှင် ဒိုင်လူကြီးက ချက်ချင်းပင် အသံမြှင့်ကာ ကြေညာလိုက်သည်။”ဒီပွဲရဲ့ အနိုင်ရရှိသူကတော့ ရှောင်ချန်း ဖြစ်ပါတယ်။ ကျင်းဂန်၊ မင်းမှာ ကန့်ကွက်စရာ ရှိလား။”

ကျင်းဂန်မှာ နောက်ဆုံးမှ သတိပြန်ဝင်လာသည်။ ခုနက မြင်ကွင်းကို ပြန်လည် မြင်ယောင်ပြီး သူ၏ နှလုံးသားမှာ တုန်လှုပ်သွားခဲ့ပြီး စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်သည်။ “ဒီတပည့် အရှုံးပေးပါတယ်။ ကန့်ကွက်စရာ မရှိပါဘူး။”

သူ ထိုသို့ ပြောလိုက်သည်နှင့် စင်မြင့်အောက်မှ လူအုပ်ကြီး၏အသံမှာ ဒီရေလှိုင်းလုံးကြီးပမာ ဟိန်းထွက်လာတော့သည်။

All Chapters