← Chapters

ချူဖုန်း__အနာပေါ်ဆားဖြူးတာထက်ပိုဆိုးနေပြီ။

Vol. 2 Ch. 12

ချူဖုန်း__အနာပေါ်ဆားဖြူးတာထက်ပိုဆိုးနေပြီ။

Vol. 2 Ch. 12

“ဆရာက ကျွန်တော့်အတွက် ဒီလောက်တောင် အနစ်နာခံပေးမယ်လို့ မထင်ထားခဲ့ဘူး။”

ရှောင်ချန်းသည် မျက်ရည်များ ဝေ့ဝဲလျက်ဆိုသည်။

ချူဖုန်းသည် ကြောင်အသွားရသည်။

‘ငါက သူကို ဖြီးလိုက်တာလေ။ ဘယ်လိုလုပ်ပြီး မဟာအနစ်နာခံမှုကြီးဖြစ်သွားရတာလဲ။’

သို့သော် ရှောင်ချန်းသည် ဆရာသခင်တစ်ပါးအနေဖြင့် သူ၏ပုံရိပ်ကို ထိန်းသိမ်းရပေမည်။

“မင်း အများကြီး စဉ်းစားနေစရာမလိုဘူး။ ပြိုင်ပွဲမှာ ပထမရအောင်သာယူ။ ဒါဆို ဆရာလည်း ဂုဏ်ရှိတာပေါ့။”

“ကျွန်တော် သေချာပေါက် ပထမရအောင် ယူပါမယ်ဆရာ။” ရှောင်ချန်းသည် မယိမ်းယိုင်သည့် ယုံကြည်မှုများဖြင့် ပြော၏။

“ကောင်းတယ်။”

ချူဖုန်းသည် သူ၏ခြေလှမ်းများကို မသိစိတ်ဖြင့် မြန်လိုက်မိသည်။ ယခု သူ့တွင် ကျင့်ကြံခြင်းရှိပြီဖြစ်၍ သူ၏ခြေလှမ်းများသည် ယခင်ကထက် များစွာ မြန်လာပြီဖြစ်သည်။

သူတို့ နာရီဝက်ကြာ လျှောက်ရမည့် ခရီးကို မိနစ်နှစ်ဆယ်ဖြင့် ရောက်သွားသည်။ ပြိုင်ပွဲကို ဝမ်တောက်ကျောင်းတော်၏ အဓိကရင်ပြင်တွင် ကျင်းပမည်ဖြစ်၏။

ယခုအချိန်တွင် ရင်ပြင်၌ လူများဖြင့် ပြည့်နှက်နေလေပြီ။

လူတိုင်းသည် ပြိုင်ပွဲတွင် မည်သူပထမရမည်အား ‌ဆွေးနွေးနေကြသည်။

ချူဖုန်းနှင့်ရှောင်ချန်းသည် ထိုစကားဝိုင်းများကို ဂရုမစိုက်ပေ။

ထိုစဉ် ရုတ်တရက်ကြီး လူအုပ်ထဲမှ အသံကျယ်ကြီး ထွက်လာသည်။

“ပြိုင်ပွဲအတွက် လောင်းကြေးကို စဖွင့်ပြီဟေ့။ ဓားပညာဌာနက လင်းချင်းယွီဆို တစ်ဆ။ ခန္ဓာကိုယ်ကျင့်ကြံခြင်းဌာနက ကျင်းဂန်ဆို တစ်ဆခွဲ။ မန္တာန်ပညာဌာနက မော့ချင်းဝူဆို နှစ်ဆပါဗျို့။”

ကြေညာချက်သည် လူတိုင်း၏အာရုံကို တစ်ခဏအတွင်း ဆွဲယူသွားသည်။

လူတိုင်းသည် ထိုအသံထံသို့ ပြေးတော့၏။

“ငါ လင်းချင်းယွီကို လောင်းမယ်။”

“ငါကတော့ မော့ချင်းဝူကို လောင်းမယ်ဟေ့။”

“…”

ချူဖုန်းနှင့်ရှောင်ချန်းသည် တစ်ယောက်ယောက် မအော်ခင်အထိ လောင်းကစားပွဲကို စိတ်မဝင်စားပေ။

“နေဦး။ ခင်ဗျားတို့က ရှောင်ချန်းကို စာရင်းထဲထည့်ထားတာလား။”

“အစ်ကိုရှောင်ချန်းက ဝမ်တောက်ကျောင်းတော်မှာ နာမည်ကြီးတဲ့သူပဲကို။ သူက စာရင်းထဲဝင်ဖို့ အရည်အချင်းရှိတာပေါ့။ သူက အဆတစ်ထောင်လေ။ မဆိုးဘူးမလား။”

“ခင်ဗျားတို့က သူ့ကို ပေါ်တင်ကြီးလှောင်နေတာပဲ။”

‌ချူဖုန်းသည် ထိုအခိုက် သူ၏ခြေလှမ်းများကို ရပ်တန့်လိုက်သည်။

ရှောင်ချန်းသည် သူ၏ဆရာက ထိုကိစ္စကြောင့် ဒေါသထွက်သွားသည်ဟု ထင်သွားသည်။

“ဆရာ ဒေါသမထွက်ပါနဲ့။ ပြိုင်ပွဲပြီးရင် သူတို့တွေ ဒီလောင်းကြေးအတွက် နောင်တရစေရမယ်။”

ချူဖုန်းသည် ပြုံး၏။ “မင်းက သူတို့ကို ဘယ်လိုနောင်တရအောင် လုပ်မှာလဲ။”

“ပထမနေရာကို ယူပြီးတော့ပေါ့။ သူတို့တွေရဲ့မျက်နှာကို ဒီနည်းနဲ့ ဖြတ်ရိုက်ရမယ်။” ရှောင်ချန်းသည် ယုံကြည်ချက်ရှိစွာ ပြောသည်။

သူသည် ပထမနေရာ ရသွားပါက လောင်းကြေးသည် ရယ်စရာဟာသတစ်ခုဖြစ်လာပေမည်။ ၎င်းက အကောင်းဆုံးလက်စားချေခြင်းတစ်ခုပေ။

“မရသေးဘူး။”

ချူဖုန်း၏အမူအရာသည် ရုတ်တရက် လေးနက်သွားသည်။

သို့ဖြစ်၍ ရှောင်ချန်းက မေးလိုက်သည်။ “ဒါဆို ကျွန်တော် ဘာလုပ်သင့်လဲ ဆရာ။”

ချူဖုန်းသည် ပြောလာခဲ့သည်။ “ သူတို့တွေက လောင်းကစားဝိုင်းထောင်ပြီး ငွေရှာနေတဲ့ကောင်တွေ။ သူတို့ ဂရုအစိုက်ဆုံးက ဘာဖြစ်မယ်ထင်လဲ။”

“စိတ်ဝိညာဉ်ကျောက်တုံး”

ရှောင်ချန်းသည် ခဏမျှရပ်ပြီး ဆက်ပြောသည်။ “လောင်းကစားဝိုင်းကိုထောင်ထားတဲ့သူက ချောင်ရို့ချန်ပဲ။ သူက ဆေးပညာဌာနရဲ့ ဌာနမှူးမြေးပဲ။သူက စစ်မှန်ကံကြမ္မာ တစ်ဝက်အဆင့်ကိုရောက်နေပြီ။ ဒါပေမဲ့ သူက အသုံးမကျတဲ့ သခင်လေးတစ်ယောက်။ မန္တာန်ကျင့်ကြံခြင်း၊ သားရဲထိန်းကျောင်းခြင်းတို့လည်း မတက်ဘူး။ ဆေးပညာလည်း မတက်ဘူး။ သူက မျှော်လင့်ချက်မဲ့နေပြီ။ ဒါပေမဲ့ သူက ကိုငွေခင်တစ်ယောက်။ အကျိုးအမြတ်ရမဲ့ ကိစ္စတစ်ခုခုရှိပြီဆို အဲဒီနေရာမှာ သူရှိတယ်။ သူ့ကို ဝမ်တောက်ကျောင်းတော်ရဲ့အပြင်စည်းဂိုဏ်းမှာ အချမ်းသာဆုံးသူလို့ ပြောလို့ရတယ်။”

“ဒီကောင်လေးမှာ ပါရမီပါတဲ့နေရာတော့ ရှိသေးသားပဲ။” ချူဖုန်းသည် ရယ်မော၏။ “ဒါဆို ပိုက်ဆံမက်တဲ့သူတစ်ယောက် အကြောက်ရွံ့ဆုံးက ဘာဖြစ်မယ်ထင်လဲ။ ပြောကြည့်။”

“သေချာပေါက် သူ့ပိုက်ဆံ ကုန်မှာကိုပဲ။”

ရှောင်ချန်းသည် တုံ့ဆိုင်းမနေဘဲ ပြန်ဖြေ၏။

“ရိုးရိုးလေးပဲ။”

ချူဖုန်းသည် ပြော၏။ “မင်းကိုယ်မင်း ရှိတာအကုန်ထုတ်လောင်းလိုက်။ မင်းသာ ပထမရလာရင် သူတို့တွေရဲ့ မျက်နှာကို ဖြတ်ရိုက်နိုင်မဲ့အပြင် သူတို့ပိုက်ဆံတွေကိုလည်း ခြစ်ထုတ်လို့ရတယ်။ အဲဒီနာကျင်မှုက အနာပေါ်ဆားဖြူးတာထက် ပိုနာရလိမ့်မယ်။”

ဟူးလားလား။

ရှောင်ချန်းသည် အသက်ပြင်းပြင်းရှူသွင်းမိ၏။ သူသည် ဘယ်သောအခါမှ သူ၏အန္တာရာယ်ကင်းဟန်ရသည့်ဆရာက ဤမျှ ရက်စက်တက်မည်ဟု မထင်ခဲ့ပေ။

သို့သော် သူသည် ဤနည်းလမ်းကို လုံးဝဉဿုံထောက်ခံပေသည်။

ထိုသူများက သူ၏မျက်နှာကို တက်နင်းနေချင်ကြသူများဖြစ်သည်။ သူသာ ပြင်းပြင်းထန်ထန် ပြန်မတုံ့ပြန်ရင် သူတို့က သူ့ကို အနိုင်ကျင့်လို့ လွယ်မည့်သူဟု ထင်သွားပေမည်။

“ကျွန်တော်အခု ဘာလုပ်ရမလဲဆိုတာ သိပြီ။”

“ဒါဆိုသွားတော့။”ချူဖုန်းသည် ပြုံးကာပြောသည်။

ရှောင်ချန်းသည် လူအုပ်ထဲသို့ တိုးဝင်သွားသည့်အခိုက်။

ထိတ်လန့်မင်သက်မှုလှိုင်းလုံးကြီးသည် ချက်ချင်းပင် ပျံ့နှံ့သွားသည်။

“ရှောင်ချန်းရောက်လာပြီ။”

“ဒီအသုံးမဝင်တော့တဲ့ကောင်က ဘာလို့ ပြိုင်ပွဲမှာ ပေါ်လာတာလဲ။”

“မင်း မသိသေးဘူးလား။ ငါကြားတာတော့ သောင်းပြောင်းပညာရပ်ဌာနက ကျင့်ကြံခြင်းအရင်းအမြစ်ရဖို့ ပြိုင်ပွဲမှာ အတင်းအကြပ်ပါရမယ်တဲ့။”

“ဒါဆို ရှောင်ချန်းက ပထမအကျော့မှာတင် အထုတ်ခံရရင် သူတို့ရဲ့ဌာနက ဘာမှမရတော့ဘူးပေါ့။”

“ဟုတ်တာပေါ့။ ပထမအကျော့မှာ ဘယ်ဖိုးကံကောင်းကများ သူနဲ့တွေ့မလဲ မသိဘူး။”

အစကတော့ လူတိုင်းသည် တစ်ချိန်က ပါရမီရှင်ဖြစ်ခဲ့ဖူးသော ရှောင်ချန်းက ထိုလှောင်ပြောင်သရော်မှုများကို ဒေါသတကြီး ပြန်လည်တုံ့ပြန်မည်ဟုပင်။

သို့သော် သူတို့ကို အံ့ဩသွားစေသည်က ရှောင်ချန်းသည် ထိုစကားလုံးများကို လျစ်လျူရှူကာ လောင်းကစားစားပွဲဝိုင်းသို့ သွားလိုက်သည်။

လူအုပ်ကြီး၏အကြည့်များသည် သူ၏နောက်သို့ စူးစမ်းစွာ လိုက်ပါလာသည်။

ချောင်ရို့ချန်သည် စားပွဲနောက်တွင် ထိုင်လျက် ပြုံးကာမေးသည်။ “စီနီယာအစ်ကိုရှောင်က ဘယ်သူ့ကို လောင်းချင်တာလဲ။”

ရှောင်ချန်းသည် တည်ငြိမ်စွာ ပြန်ဖြေ၏။ “ငါ့ကိုယ်ငါ ပြိုင်ပွဲမှာ ပထမရမယ်လို့ လောင်းတယ်။”

ရင်ပြင်တစ်ခုလုံး သေလောက်အောင် တိတ်ဆိတ်သွားသည်။

လူတိုင်းသည် ရှောင်ချန်းကို မယုံကြည်နိုင်စွာ ကြည့်လာကြသည်။

ဖွီး

လူအုပ်ထဲက တစ်ယောက်သည် မထိန်းနိုင်တော့ဘဲ ရယ်မောလေတော့သည်။

ထို့နောက် အရပ်မျက်နှာအနှံ့သို့ ရယ်ကြောက ကူးစက်သွားတော့သည်။

“ဟားဟားဟား”

ချောင်ရို့ချန်ပင် မထိန်းနိုင်တော့ဘဲ ကျယ်လောင်စွာ ရယ်မောတော့သည်။ “ဟားဟား...စီနီယာအစ်ကိုရှောင်ချန်း ဟာသမလုပ်ပါနဲ့။”

ရှောင်ချန်းက မေးသည်။ “ဘာလို့လဲ။ ကိုယ့်ကိုယ်ကိုယ်လောင်းကြေးထပ်လို့မရဘူးလား။”

“ရပါတယ်ဗျ” ချောင်ရို့ချန်က စပ်ဖြီးဖြီးပြုံးရင်း ပြောလိုက်သည်။သူက ပိုက်ဆံလာဖြုန်းသည့်သူကို ဘယ်တော့မှ ငြင်းမည်မဟုတ်ပေ။

“ဒါနဲ့ စီနီယာအစ်ကိုက ဘယ်လောက်လောင်းမှာလဲ။”

ရှောင်ချန်းသည် သူ၏ သိုလှောင်အိတ်ကို ဖြည်းညှင်းစွာ ထုတ်ယူလိုက်ပြီး သွန်ချလိုက်သည်။

ချက်

စိတ်ဝိညာဉ်ကျောက်တုံးအပုံကြီးနှင့် စစ်မှန်ကံကြမ္မာအဆင့် သားရဲအမြူတေများသည် စားပွဲပေါ်သို့ ကျလာသည်။

“ စုစုပေါင်း စိတ်ဝိညာဉ်ကျောက်တုံး တစ်သောင်းပြည့်လားလို့ ရေလိုက်။ ပိုတာရှိရင် ပြန်ပေး။”

ချောင်ရို့ချန်သည် ရှောင်ချန်းတွင် ဤမျှလောက်များသော ပိုက်ဆံများ ရှိနေလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူသည် နောက်လိုက်တစ်ယောက်ကို ချက်ချင်း ရေတွက်ခိုင်းလိုက်သည်။

ခဏအကြာတွင် သူတို့သည် သားရဲအမြူတေ တစ်ခုကို ပြန်ပေးကာ ပြောလာသည်။ “စီနီယာအစ်ကိုရှောင်၊ ဒါ မပါဘဲဆိုရင် စုစုပေါင်းတန်ဖိုးက စိတ်ဝိညာဉ်ကျောက်တုံး တစ်သောင်းတိတိပါပဲ။ အဲဒါအားလုံးကို ကိုယ့်ကိုယ်ကိုယ် ပထမရမယ်ဆိုပြီး လောင်းမှာ သေချာလားဗျ။”

“ဘာလဲ၊ မင်းက အလောင်းအစားလက်ခံဖို့ ကြောက်နေတာလား။” ရှောင်ချန်းက တည်ငြိမ်စွာ မေးလိုက်သည်။

“ကြောက်ရမှာလား၊ လုံးဝပါပဲ။ ကျွန်တော်က စီနီယာအစ်ကိုရှောင် နောက်မှ နောင်တရမှာစိုးလို့ပါ။”

ချောင်ရို့ချန်သည် စိတ်ထဲမှ လှောင်ပြုံးပြုံးလိုက်၏။ ‘ဘယ်သူက ဒီကောင့်ကို ကိုယ့်ကိုယ်ကိုယ်လောင်းဖို့ သတ္တိတွေ ပေးလိုက်တာလဲ။ သူက ဒုက္ခိတတစ်ယောက်ဖြစ်‌နေပြီဥစ္စာ။ သူရဲ့အကောင်းဆုံးအချိန်မှာတောင် သူက စီနီယာအစ်ကိုလင်းကို ယှဉ်နိုင်တာ မဟုတ်ဘူး။’

လင်းချင်းယွီသည် ဓားဆန္ဒကို (၅၀) ရာခိုင်နှုန်းမျှ နားလည်သဘောပေါက်နေပြီဟု သူကြားထားသည်။ ထို့အပြင် ဤပြိုင်ပွဲသည် ဟန်ပြသက်သက်သာ ဖြစ်သည်။ ပြိုင်ပွဲပြီးသည်နှင့် စီနီယာအစ်ကိုလင်းသည် ဓားပညာဌာန၏ဌာနမှူး၏ အမည်ခံ တပည့်ဖြစ်လာပေမည်။သူက ဓားဆန္ဒကို ကျွမ်းကျင်သွားပြီးနောက်တော့ တပည့်ရင်းတစ်ယောက် ဖြစ်လာပေလိမ့်မည်။

လင်းချင်းယွီသည် တရားဝင်မဟုတ်သော်လည်း သတ်မှတ်ပြီးသား ချန်ပီယံဖြစ်သည်။ ရှောင်ချန်းသည် သူအကောင်းဆုံးအချိန်တုန်းကပင် ဓားဆန္ဒကို (၃၀) ရာခိုင်နှုန်းသာ နားလည်ခဲ့သည်မဟုတ်ပါ‌ လော။ ထိုအချိန်ကတောင် သူသည် တကယ့်တိုက်ပွဲတွင် စီနီယာအစ်ကိုလင်းနှင့် မယှဉ်နိုင်ခဲ့ပေ။

ရှောင်ချန်းက ပြန်ပြောလိုက်သည်။ “ငါက ဘယ်တုန်းကမှ ငါ့ရဲ့ ရွေးချယ်မှုတွေအတွက် နောင်တမရဖူးဘူး။”

“အရမ်းကို ပြတ်သားတာပဲ။ ကျွန်တော်လေးစားမိပါတယ်”

ချောင်ရို့ချန်သည် အလောင်းအစားပမာဏ၊ အလောင်းအစားပြုလုပ်သူနှင့် အနိုင်ရရှိမည့် အချိုးအစားတို့ကို ကျောက်စိမ်းပြားတစ်ခုပေါ်တွင် ရေးထိုးလိုက်သည်။ “ စီနီယာ အစ်ကိုရှောင် ဒီကျောက်စိမ်းပြားကို သေချာသိမ်းထားပါ။”

ရှောင်ချန်းသည် မှန်ကန်ကြောင်း အတည်ပြုရန် သူ၏ နတ်ဘုရားအာရုံဖြင့် စစ်ဆေးကြည့်လိုက်သည်။ ထို့နောက် သူသည် ကျောက်စိမ်းပြားကို ဆုပ်ကိုင်ကာ ဘာစကားတစ်ခွန်းမှ ထပ်မပြောတော့ဘဲ လှည့်ထွက်သွားလေတော့သည်။

All Chapters