မဟာဌာနမှူး ၈ ဦး
Vol. 2 Ch. 13
ရှောင်ချန်းသည် အပြင်စည်းဂိုဏ်းပြိုင်ပွဲတွင် ပထမရမည့်သူမှာ သူဟု စိတ်ဝိညာဉ်ကျောက်တုံး တစ်သောင်း လောင်းခဲ့သည့်သတင်းသည် ဝမ်တောက်ကျောင်းတော်တစ်ခုလုံးတွင် တောမီးပမာ ပျံ့နှံ့သွားခဲ့သည်။
လူများစုဝေးမိသည့်အခါ၌ ဤအကြောင်းကသာ အဓိကဆွေးနွေးစရာ ဖြစ်လာ၏။ သို့သော်လည်း ထွက်ပေါ်လာသည့် စကားများသည် လှောင်ပြောင်သရော်မှုများသာ ဖြစ်၏။
“သူ့လို ဒုက္ခိတမျိုးကသာ ပထမရမယ်ဆိုရင် ငါတို့ နှစ်ပေါင်းများစွာ ကြိုးစားခဲ့တဲ့ ကျင့်ကြံခြင်းတွေက အလကားဖြစ်ကုန်မှာပေါ့။”
ထိုသို့ လှောင်ပြောင်နေကြသည့်သူများကြားတွင် လွီယွဲ့အာသည် တိတ်ဆိတ်စွာ ရပ်နေ၏။ ထူးဆန်းသည်မှာ ယခုတစ်ကြိမ်တွင် သူမသည် မည်သူ့ကိုမျှ ပြန်လည်မချေပခဲ့ပေ။
“ဘာလို့ စီနီယာအစ်ကိုက ဒီလို ထူးဆန်းတဲ့ကိစ္စမျိုး လုပ်ရတာလဲ”သူမက တိုးတိုးလေး ရေရွတ်မိသည်။
“ဟက်” ထန်ဖုန်းက သူမဘေးနားမှ နှာခေါင်းရှုံ့လိုက်ရင်းဆိုသည်။ “ငါ့အထင်တော့ စီနီယာအစ်ကိုရှောင်က ရူးသွားပြီ ထင်တယ်၊ မဟုတ်ရင် ဒီလိုမျိုး အဓိပ္ပာယ်မရှိတာမျိုးတွေ လုပ်မှာမဟုတ်ဘူး”
သူက မထီမဲ့မြင် ပြောဆိုနေသော်လည်း စိတ်ထဲတွင်မူ ပထမအကျော့တွင် ရှောင်ချန်းနှင့် မည်သို့ရင်ဆိုင်ရမည်နည်းဆိုသည်ကို ကြံထားပြီးသားဖြစ်၏။
အကယ်၍ သူသာ လူအားလုံးရှေ့တွင် ရှောင်ချန်းကို အပြတ်အသတ် ချေမှုန်းပြနိုင်လျှင် လွီယွဲ့အာသည် ထိုသူ့အပေါ် ထားရှိသည့် သံယောဇဉ်များကို လက်လွှတ်သွားနိုင်ပေသည်။
လွီယွဲ့အာက မျက်မှောင်ကြုတ်လိုက်ပြီး ပြတ်သားစွာ ပြောလိုက်သည်။”စီနီယာအစ်ကိုရှောင်ချန်းရဲ့ကိစ္စတွေကို ရှင် ဝင်ပြောစရာ မလိုပါဘူး။”
ထိုသို့ပြောပြီးနောက် သူမသည် ရှောင်ချန်းကို ရှာရန် လူအုပ်ထဲသို့ တိုးဝင်ကာ ထွက်ခွာသွားတော့သည်။
သူမ ထွက်သွားသည်ကို ကြည့်ရင်း ထန်ဖုန်း၏ မျက်လုံးများသည် မနာလိုဝန်တိုမှုနှင့် ဒေါသတို့ကြောင့် မှောင်မိုက်သွားခဲ့သည်။
အပြင်စည်းဂိုဏ်းတပည့်များ စကားဖောင်ဖွဲ့နေကြစဉ်မှာပင်—
ရုတ်တရက် ကောင်းကင်ယံ၌ လူရိပ်အချို့ ပျံသန်းလာပါသည်။
သူတို့ ပေါ်လာသည့် ခဏမှာပင် လူအုပ်ကြီးသည် တိတ်ဆိတ်သွားပြီး အပေါ်သို့ မော့ကြည့်လာကြသည်။
“ကြည့်ကြစမ်း၊ အဲဒါ ဌာနမှူးတွေပဲ။”
“ဝမ်တောက်ကျောင်းတော်ကို ရောက်တာ နှစ်နှစ်ခွဲရှိပြီ။ ဒါပေမဲ့ အခုမှပဲ မဟာဌာနမှူး ရှစ်ဦးစလုံးကို တစ်နေရာတည်းမှာ မြင်ဖူးတော့တယ်။”
“နေဦး၊ ဘာလို့ ရှစ်ယောက်လဲ။ ကိုးယောက် ဖြစ်ရမှာ မဟုတ်ဘူးလား။”
“သောင်းပြောင်းပညာရပ်ဌာနက ဌာနမှူးကိုပါ ထည့်ပြောနေတာလား။ သူ့ကို ပြောနေလို့ ဘာထူးမှာလဲ၊ တိုက်ခိုက်ကြရင် ငါကတောင် သူ့ကို အနိုင်ရဦးမယ်။”
“…”
ထိုလူရိပ်များသည် စင်မြင့်ထက်သို့ တစ်ပြိုင်နက်တည်း ဆင်းသက်လိုက်ကြသည်။
သူတို့ ဆင်းသက်လိုက်သည်နှင့် နောက်ထပ် လူရိပ်တစ်ခုကလည်း လေထဲမှ ပျံသန်းလာပြီး သူတို့၏ဘေး၌ ဆင်းသက်လိုက်သည်။
ထိုသူမှာ ချူဖုန်းပင် ဖြစ်သည်။
သူသည် တခြားသူများကဲ့သို့ လှေကားမှ မတက်ဘဲ ထိုဌာနမှူးများ ရောက်လာသည်အထိ စောင့်နေပြီးမှ တစ်ချက်တည်းနှင့် ခုန်တက်လိုက်ခြင်းဖြစ်သည်။
သို့သော် အောက်က တပည့်များထဲမှ မည်သူမျှ ၎င်းကို သတိမထားမိကြပေ။ သူတို့၏ အကြည့်များမှာ လူရှစ်ယောက်ထံ၌သာ ကပ်ညှိနေပါ၏။
ဖိနှိပ်သည့် အရှိန်အဝါများ ထွက်ပေါ်နေသော ဌာနမှူးရှစ်ယောက်ဘေးတွင် ရပ်နေသည့် ချူဖုန်းမှာ ဆယ်စုနှစ်အနည်းငယ်မျှသာ ကျင့်ကြံခြင်းရှိသောကြောင့် ဝံပုလွေအုပ်ထဲသို့ ရောက်နေသည့် ဟက်စကီး ခွေးလေးတစ်ကောင်နှင့် တူနေသည်။
မဟာဌာနမှူးရှစ်ဦး ပေါ်လာသည်နှင့် အောက်က တပည့်များသည် ဦးညွှတ်ဂါရဝပြုလာကြသည်။
“ကျွန်တော်တို့ ဌာနမှူးတွေကို ဂါရဝပြုပါတယ်။”
“ထကြတော့။”
ထိုသို့ ပြောလိုက်သူမှာ ဓားပညာဌာနမှူး ဓားဘုရင်ရှောင်ယောင် ပင် ဖြစ်သည်။
သူသည် အသက်ရာဂဏန်း ရှိနေပြီဖြစ်သော်လည်း နီဗားနားရှင်သန်ခြင်းအဆင့် သို့ ရောက်ရှိထားသူဖြစ်သည်။ သို့သော် သူ၏ ခန္ဓာကိုယ်မှာ ဒုတိယအကြိမ် အသွင်ပြောင်းလဲမှု ပြုလုပ်ထားသဖြင့် အသက် ၄၀ သို့မဟုတ် ၅၀ အရွယ် လူတစ်ယောက်ကဲ့သို့သာ မြင်တွေ့ရသည်။
ဓားဘုရင်ရှောင်ယောင်က လူအုပ်ကြီးကို ဝေ့ကြည့်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။ “ဝမ်တောက်ကျောင်းတော်ရဲ့ အပြင်စည်းဂိုဏ်းပြိုင်ပွဲကို စတင်ကြောင်း ကြေညာအပ်ပါတယ်။ အကြီးအကဲ ချန်ချင်းက ပွဲစဉ်တွေကို ကြီးကြပ်ပေးပါလိမ့်မယ်။”
ထို့နောက် သူသည် ကုလားထိုင် ကိုးလုံးအနက် အလယ်ဗဟိုက ကုလားထိုင်တွင် ဝင်ထိုင်လိုက်သည်။
ချူဖုန်းမှာမူ ဘေးအစွန်ဆုံးကုလားထိုင်တွင် တိတ်တဆိတ် ဝင်ထိုင်လိုက်၏။ သူသည် ဘယ်သူနှင့်မျှ စကားမပြောပေ။ ပထမအချက်မှာ သူသည် တခြားသူများနှင့် မရင်းနှီးသောကြောင့်ဖြစ်ပြီး ဒုတိယအချက်မှာ အခြားဌာနမှူး ရှစ်ဦးစလုံးက သူ့ကို သိသိသာသာ အထင်သေးနေကြခြင်းကြောင့်ဖြစ်သည်။
အကြီးအကဲ ချန်ချင်းက ဓားဘုရင်ရှောင်ယောင်ကို လေးစားစွာ ခေါင်းညိတ်ပြလိုက်ပြီး စင်မြင့်ရှေ့သို့ ထွက်ကာ လူအုပ်ကြီးကို စကားဆိုလိုက်သည်။
“တပည့်တို့၊ သုံးနှစ်တစ်ကြိမ် ကျင်းပတဲ့ အပြင်စည်းဂိုဏ်းပြိုင်ပွဲကို မင်းတို့ စောင့်မျှော်နေကြတာ ကြာပြီလို့ ငါယုံကြည်တယ်။”
“အခု စည်းမျဉ်းတွေကို ရှင်းပြမယ်။ ဒီပြိုင်ပွဲရဲ့ ထိပ်သီး ၁၀ ယောက်က အတွင်းကျောင်းတော်ကို တက်ရောက်ပြီး ဆက်လက်ကျင့်ကြံခွင့် ရရှိမှာ ဖြစ်ပါတယ်...”
သူသည် နာရီဝက်တိတိ စကားများ ပြောနေခဲ့သည်။ ဤသည်မှာ ကျောင်းအုပ်ချုပ်ရေးပိုင်းမှ လူများသာ ပြောနိုင်သည့် ရှည်လျားထွေပြားလှသော မိန့်ခွန်းမျိုးပင်။
“ ကဲဒါဆိုလည်း မဲစနှိုက်ကြတာပေါ့။”
ထိုသို့ပြောပြီးနောက် အကြီးအကဲ ချန်ချင်းသည် သူ၏နေရာတွင် ပြန်လည်ထိုင်လိုက်သည်။
တစ်ချိန်တည်းမှာပင် မဲနှိုက်သည့် လုပ်ငန်းစဉ်က တရားဝင် စတင်လေတော့သည်။
စင်မြင့်ပေါ်တွင်မူ ဌာနမှူးအသီးသီးသည် အချင်းချင်း စကားစမြည် ပြောဆိုနေကြ၏။
“အားလုံးပဲ ဒီပြိုင်ပွဲမှာ ဘယ်သူနိုင်မယ်လို့ ထင်ကြလဲ။”
“ဒါက သိသာနေတာပဲ မဟုတ်ဘူးလား၊ ဓားပညာဌာနက လင်းချင်းယွီပဲ ဖြစ်မှာပေါ့။”
ဓားပညာဌာန၏ ဌာနမှူးက ပြုံးပြုံးကြီး ပြောလိုက်သည်။
သူ၏စကားလည်း ဆုံးရော တခြားဌာနမှူးများကလည်း ပြောဆိုလာကြ၏။
“လူအိုကြီး ရှောင်၊ မင်းပြောပုံအရဆို ငါတို့ တပည့်တွေက စကားထဲထည့်ပြောဖို့တောင် မတန်ဘူးလို့ ဆိုလိုတာလား။”
“အေးဆို။ လင်းချင်းယွီက သန်မာတာတော့ အမှန်ပဲ၊ ဒါပေမဲ့ အဲဒါနဲ့ပဲ သူက မျိုးဆက်သစ်တွေထဲမှာ အသန်မာဆုံးလို့တော့ မဆိုလိုဘူးလေ။”
“အမှန်ပဲ။”
ချူဖုန်းသည် သူတို့ ကြွားလုံးထုတ်နေသည်ကို ဝင်ပါရန် စိုးစဉ်းမျှ စိတ်မကူးဘဲ နားသာထောင်နေခဲ့သည်။ သူသည် အေးအေးဆေးဆေးပင် မျက်လုံးကို မှိတ်ထားပြီး ကြိမ်ကုလားထိုင်ပေါ်၌ ပျင်းရိစွာ မှီထားလိုက်သည်။
သို့သော် ဤကဲ့သို့သော အမူအရာမျိုးသည် ထိုင်နေသည့် ဌာနမှူးများ၏ အာရုံမှ မည်သို့လွတ်နိုင်ပါမည်နည်း။
အခြားဌာနမှူးများသည် သောင်းပြောင်းပညာရပ်ဌာနအပေါ် အမြင်မကြည်လင်မှုများ ရှိနှင့်နေပြီးသား ဖြစ်သည်။ သူတို့အတွက်မူ ချူဖုန်းသည် ကံကောင်းလွန်းသဖြင့် သူတို့နှင့်အတူ ထိုင်ခွင့်ရသည့် ဂျူနီယာတစ်ယောက်မျှသာ ဖြစ်သည်။
သူတို့ထံ မနှုတ်ဆက်သည်ကိုပင် လက်ခံနိုင်သေးသည်။
ကျင့်ကြံခြင်း အဆင့်နိမ့်နေသည်ကိုတောင် သည်းခံနိုင်ပါသေးသည်။
သို့သော် ယဉ်ကျေးမနေဘဲ ဟန်ပင်မဆောင်ဘဲ ဘာစည်းကမ်းမျှ မရှိသကဲ့သို့ ပျင်းပျင်းရိရိ မှီထိုင်နေသည်ကိုမူ။
အောက်တွင် တပည့်များစွာ ရှိမနေပါက သူတို့ထဲမှ အချို့သည် သူ့ကို သင်ခန်းစာ ပေးနှင့်ပြီးလောက်ပြီ ဖြစ်သည်။
“ဖုန်းလေး၊ မင်းက ပြိုင်ပွဲကို စိတ်မဝင်စားဘူးလို့တော့ မပြောနဲ့နော်။”
ထိုအသံ ထွက်ပေါ်လာသည်နှင့် အကြည့်အားလုံးက ချူဖုန်းထံသို့ ရောက်လာသည်။
သူက အသံလာရာသို့ ကြည့်လိုက်ရာ အဘိုးအိုတစ်ယောက်က သူ့ကို ပြုံး၍ ကြည့်နေသည်ကို တွေ့လိုက်ရသည်။
သူသည် ထိုသူကို မှတ်မိ၏။ သူကား ဆေးဖော်စပ်ခြင်းဘုရင် ရွှမ်ဟော့ ပင် ဖြစ်သည်။ သူသည် ဆေးပညာဌာန၏ ဌာနမှူးဖြစ်ပြီး ဝမ်တောက်ကျောင်းတော်၏ နံပါတ်တစ် ဆေးပညာရှင်လည်း ဖြစ်သည်။ သူသည် ဆေးဖော်စပ်ရာ၌ ထူးချွန်ရုံသာမက ထူးဆန်းသော မီးလျှံတစ်ခုကိုလည်း ပိုင်ဆိုင်ထားသဖြင့် ဆေးပညာနှင့် သိုင်းပညာ နှစ်ရပ်စလုံးတွင် ကျွမ်းကျင်သူတစ်ယောက် ဖြစ်သည်ဟု ဆိုရမည်။
ပုံမှန်ဆိုလျှင်မူ ဤသို့ အဆင့်အတန်းရှိသည့်သူတစ်ဦးက သူ့ကို အရင်စကားပြောလာပါက ချူဖုန်းအနေနှင့် အလွန်အမင်း နှိမ့်ချစွာ ပြန်လည်တုံ့ပြန်ရပေလိမ့်မည်။
သို့သော် ယခု ဆေးဘုရင်၏ မျက်နှာပေါ်မှအပြုံးကို မြင်လိုက်ရသည့်အခါ ချူဖုန်း၏ စိတ်ထဲတွင် အတွေးတစ်ခုသာ ပေါ်လာတော့သည်။’ဒီမြေခွေးအိုကြီးက တစ်ခုခု မကောင်းကြံတော့မှာပဲ။’
“စိတ်ဝင်စားပါတယ်။” ချူဖုန်းက ပျင်းရိစွာ ပြုံးလျက် ပြန်ဖြေလိုက်သည်။ “ဒါပေမဲ့ ပြိုင်ပွဲက မစသေးဘူးလေ။ နောက်ပြီး ကျွန်တော်က ဂျူနီယာတစ်ယောက်အနေနဲ့ စီနီယာတွေရဲ့ စကားဝိုင်းထဲကို မဝင်ရဲလို့ပါ။”
“အဲဒီလောက်လည်း တွေးမနေနဲ့။ ရဲရဲတင်းတင်းသာပြော။”
ဆေးဘုရင်က ပြုံး၍ ပြောလိုက်သည်။ “ငါတို့အားလုံးက အပျင်းပြေ စကားပြောနေကြတာလေ။ မင်းရော ပြောပါဦး၊ ဒီတစ်ခေါက် ဘယ်သူက အနိုင်ရဖို့ အခွင့်အရေး အများဆုံးလို့ ထင်လဲ။”
‘ဪ၊ ဒီလိုကစားချင်တာပေါ့၊ သူက ငါ့ကို ဒီကိစ္စထဲ ဆွဲသွင်းချင်တာလား။’
ခုနလေးကပင် ကောင်းကင်စိတ်ဝိညာဉ်ဌာနမှ ဌာနမှူးမှလွဲ၍ တခြားဌာမှူးများသည် တစ်ယောက်နှင့်တစ်ယောက် အပြိုင်အဆိုင် အကဲစမ်းနေကြခြင်း ဖြစ်သည်။ အကယ်၍ ချူဖုန်းက ယခုတွင် တစ်ဖက်ဖက်ကို ရွေးလိုက်ပါက သူသည် တစ်ဖက်၏ငြိုငြင်ခံရမည်မှာ သေချာပေသည်။
သို့သော် ချူဖုန်းသည် ရန်ပွဲမှ နောက်ဆုတ်မည့် အမျိုးအစား မဟုတ်ပေ။
သူက ပြုံး၍ ပြောလိုက်သည်။ “သဘာဝအတိုင်းပေါ့၊ ကျွန်တော့်ရဲ့ တပည့်ကြီး ရှောင်ချန်းအပေါ်မှာပဲ မျှော်လင့်ချက် ထားပါတယ်။ ဘာပဲဖြစ်ဖြစ် သူက ဓားပညာဌာနရဲ့ ထိပ်သီးပါရမီရှင်တွေထဲက တစ်ယောက် ဖြစ်ခဲ့ဖူးတာလေ၊ အခု ကျွန်တော့်ရဲ့ ကိုယ်တိုင်လမ်းညွှန်မှုအောက်မှာ သူသာ မနိုင်ဘူးဆိုရင်တော့ ထူးဆန်းနေမှာပေါ့။”
စကားဆုံးသည်နှင့် တိတ်ဆိတ်သွားခဲ့သည်။
ဌာနမှူးအားလုံးက သူ့ကို မယုံကြည်နိုင်သလို စိုက်ကြည့်နေကြသည်။
ဆေးဘုရင်က သူ၏မုတ်ဆိတ်ကို သပ်ရင်း ရယ်မောလိုက်သည်။ “မင်းက တကယ် ကြွားတက်တာပဲ။ ငါကိုယ်တိုင်တောင် ရှောင်ချန်းရဲ့ ဒဏ်ရာတွေကို မကုသပေးနိုင်ခဲ့ဘူး။ အဲဒီကောင်လေးမှာ ကျင့်ကြံခြင်းဆိုလို့ အစအနတောင် ကျန်မှာမဟုတ်တော့ဘူး။”
“သူက ခန္ဓာကိုယ်ကျင့်ကြံသူလည်း မဟုတ်ဘူး။ ပထမအဆင့်ကို ကျော်ဖြတ်ဖို့တောင် ခက်ခဲလိမ့်မယ်၊ ပထမနေရာကို ရဖို့ဆိုတာ ဝေးပါသေးတယ်။”
အပြင်စည်းဂိုဏ်းပြိုင်ပွဲသည် ရှုံးလျှင်ထွက်ရသည့် စနစ်ဖြစ်သည်။ တစ်ပွဲရှုံးသည်နှင့် ပြိုင်ပွဲမှ ထွက်ရမည် ဖြစ်သည်။
ပထမအဆင့်ကို ကျော်ဖြတ်ခွင့်ရသည့် အထူးအခွင့်အရေးရသူ ထိပ်သီး (၁၀)ယောက်မှလွဲ၍ ကျန်သည့်သူအားလုံးသည် အစမှ စတင်တိုက်ခိုက်ရမည် ဖြစ်သည်။
ဌာနမှူးများက ထပ်ပြီး အငြင်းမပွားတော့ပေ။ ထိုအစား သူတို့သည် ချူဖုန်းကို အရေးမပါသလို ကြည့်လိုက်ကြသည်။ သူ့ကို တစ်ခွန်းထပ်ပြောလျှင်ပင် သူတို့၏ အဆင့်အတန်း နိမ့်ကျသွားမည်ဟု ထင်နေပုံရသည်။
ချူဖုန်းကမူ ဂရုမစိုက်ဘဲ ပြုံးလျက် ပြောလိုက်သည်။ “တကယ်လို့ ဆေးဘုရင်က ကျွန်တော့်ကို မယုံဘူးဆိုရင် အလောင်းအစားလေးတစ်ခုလောက် လုပ်ကြည့်မလား။”