အခန်း (၉၉၇-၉၉၈)
Vol. 61 Ch. 997-998
အခန်း ၉၉၇ ။ ခင်ဗျားတို့က သမီးကို အလိုလိုက်နေတာကိုး၊ ဒါဆို ငါလည်း ငါ့မိန်းမကို အလိုလိုက်ရမှာပေါ့
ကုန်းထျန်းဟောက်သည် ရုံးခန်းထဲတွင် ထိုင်နေပြီး လျန်မိသားစု သားအဖကို အေးစက်သော မျက်နှာထားဖြင့် ကြည့်နေသည်။ လျန်စစ်ချန် အနေခက်နေပြီး စိတ်ထဲတွင်လည်း မကျေမနပ် ဖြစ်နေသော်လည်း ပြုံး၍ ပြောလိုက်သည်။ "ထျန်းဟောက်... ငါ့သမီးလေးက သူ့အမှား သူ သိသွားပါပြီ၊ အခု မင်းကို တောင်းပန်ဖို့ အထူး ခေါ်လာခဲ့တာပါ။ လူကြီးလူကောင်း ပီသစွာ ခွင့်လွှတ်ပေးလိုက်ပါကွာ"
ပြောပြီးသည်နှင့် သမီးဖြစ်သူကို ကြမ်းတမ်းသော လေသံဖြင့် ပြောလိုက်သည်။ "ရွှယ်အာ... မင်းအစ်ကိုကုန်းကို မြန်မြန် တောင်းပန်လိုက်၊ တောင်းပန်ပါတယ်လို့ ပြောလိုက်"
လျန်ဖျောင့်ရွှယ်က မကျေမနပ်ဖြင့် ပြောလိုက်သည်။ "အစ်ကိုကုန်း... တောင်းပန်ပါတယ်၊ ကျွန်မ နားမလည်လို့ အစ်ကို့ကို ဒုက္ခပေးမိပါတယ်။ လူကြီးလူကောင်း ပီသစွာ ကျွန်မကို ခွင့်လွှတ်ပေးပါ"
သမီးဖြစ်သူ လိမ္မာနေသည်ကို မြင်သောအခါ လျန်စစ်ချန် စိတ်ကျေနပ်သွားသည်။ သမီး တောင်းပန်ပြီးတာနဲ့ သူက ပြုံးပြီး ပြောလိုက်သည်။ "ထျန်းဟောက်... ကြည့်ပါဦး၊ ရွှယ်အာလည်း တောင်းပန်ပြီးပြီ ဆိုတော့ ငါတို့ ကုမ္ပဏီနှစ်ခု ပူးပေါင်းဆောင်ရွက်မှု ပြန်စလို့ ရပြီ မဟုတ်လား"
ကုန်းထျန်းဟောက် သူတို့ ပြောတာ ကြားတော့ အေးစက်တဲ့ မျက်နှာပေါ်မှာ အေးစက်တဲ့ အပြုံးတစ်ခု ပေါ်လာပြီး ပြောလိုက်သည်။ "ဦးလေးလျန်... ဒါ ခင်ဗျားတို့ တောင်းပန်တဲ့ စေတနာလား"
လျန်စစ်ချန် မျက်နှာထား တောင့်တင်းသွားပြီးနောက် အပြုံးတစ်ခု ဖန်တီးကာ ပြောလိုက်သည်။ "ထျန်းဟောက်... ကြည့်ပါဦး၊ ငါ့သမီး ရွှယ်အာက ရိုးရိုးသားသား လာတောင်းပန်တာပါ"
ထို့နောက် သူ လျန်ဖျောင့်ရွှယ်ကို မျက်ရိပ်ပြလိုက်သည်။ လျန်ဖျောင့်ရွှယ်က အဖေဖြစ်သူရဲ့ မျက်ရိပ်ကို မြင်တော့ မကျေနပ်ပေမဲ့ အခြေအနေအရ ခေါင်းငုံ့ပြီး တောင်းပန်လိုက်ရသည်။ "အစ်ကိုကုန်း... တောင်းပန်ပါတယ်၊ ကျွန်မ မှားသွားပါတယ်၊ ခွင့်လွှတ်ပေးပါ"
ကုန်းထျန်းဟောက် ကြည့်ပြီးနောက် မျက်နှာထား မည်းမှောင်သွားကာ လေးနက်စွာ ပြောလိုက်သည်။ "လူတိုင်း မှားတာ လုပ်မိလို့ တောင်းပန်ပါတယ် တစ်ခွန်းပြောရုံနဲ့ ပြီးသွားမယ်၊ ခွင့်လွှတ်ပေးရမယ်ဆိုရင် ရဲတွေ ဘာလုပ်ဖို့ ထားဦးမှာလဲ"
လျန်စစ်ချန် မျက်လုံးအိမ် ကျဉ်းမြောင်းသွားပြီး သံသယဖြင့် မေးလိုက်သည်။ "ဒါဆို ထျန်းဟောက်... မင်းက ငါတို့ကို ဘာလုပ်စေချင်တာလဲ"
"ဟဟ..." ကုန်းထျန်းဟောက် မျက်နှာပေါ်မှာ သရော်ပြုံး ပေါ်လာပြီး ပြောလိုက်သည်။ "ဦးလေးလျန်... ကြည့်ရတာ ခင်ဗျားတို့ ကိုယ့်အမှား ကိုယ် မသိသေးဘူး ထင်တယ်။ ဒီလိုလုပ်ပါ... ခင်ဗျားတို့ ကိုယ့်အမှား ကိုယ် သိတဲ့အချိန်ကျမှ ပြန်လာတောင်းပန်ကြတော့။ Imperial Palaceအုပ်စုနဲ့ လျန်အုပ်စု ပူးပေါင်းဆောင်ရွက်မှု ဆက်လုပ်မလား၊ မလုပ်ဘူးလား ဆိုတာကိုတော့ ကျွန်တော် စဉ်းစားရဦးမယ်"
"ဘာ..." လျန်စစ်ချန် ချက်ချင်း နားမလည်နိုင် ဖြစ်သွားသည်။ သို့သော် ချက်ချင်းဆိုသလို မျက်နှာထား ဆိုးရွားသွားပြီး လေသံလည်း မာထန်လာသည်။ "ထျန်းဟောက်... ခွင့်လွှတ်ပေးနိုင်ရင် ခွင့်လွှတ်ပေးလိုက်ပါ။ ငါ့သမီး ရွှယ်အာက မင်းကို တောင်းပန်ပြီးပြီပဲ၊ မင်းက ဘာလိုချင်သေးတာလဲ။ သူ့ကို ဒူးထောက်ပြီး တောင်းပန်ခိုင်းစေချင်တာလား"
ဤနေရာသို့ ရောက်သောအခါ သူ ခနရပ်လိုက်ပြီး စူးရှသော မျက်လုံးများဖြင့် ကုန်းထျန်းဟောက်ကို စိုက်ကြည့်ကာ ဆက်ပြောသည်။ "ကုန်းထျန်းဟောက်... ဘာပဲပြောပြော ငါ လျန်စစ်ချန်က မင်းရဲ့ လူကြီးလေ၊ ငါတို့ မိသားစုနှစ်ခုရဲ့ ဆက်ဆံရေးက ရှိနေသေးတယ်၊ မင်းက ဒီလောက်ထိ အညှိုးထားနေရတာလား"
လျန်စစ်ချန်ရဲ့ ဆူပူမှုကို ခံရပေမဲ့ ကုန်းထျန်းဟောက် လျှော့မပေးဘဲ ခေါင်းငုံ့နေတဲ့ လျန်ဖျောင့်ရွှယ်ကို တစ်ချက် ကြည့်လိုက်တယ်။ ပြီးတော့ လျန်စစ်ချန်ကို ပြုံးတုံ့တုံ့ ကြည့်ပြီး အေးဆေးစွာ ပြောလိုက်သည်။ "ဦးလေးလျန်... ကျွန်တော် စောစောက ပြောသလိုပဲ၊ ခင်ဗျားတို့က ရိုးရိုးသားသား လာတောင်းပန်တာ ဟုတ်ရဲ့လား"
လျန်စစ်ချန် တစ်ခုခု ပြောဖို့ ပြင်လိုက်စဉ် ကုန်းထျန်းဟောက်ရဲ့ နောက်ထပ် စကားကြောင့် ပါးစပ်ပိတ်သွားရသည်။
ကုန်းထျန်းဟောက် ပြောလိုက်သည်။ "ခင်ဗျားတို့က တောင်းပန်ရမယ့်သူ ဘယ်သူလဲ ဆိုတာတောင် သေချာမသိဘဲနဲ့ ခွင့်လွှတ်ပေးဖို့ ပြောနေကြတယ်။ ဦးလေးလျန်... ခင်ဗျားက ကုန်းမိသားစုကို မျက်လုံးထဲ မထည့်တာလား၊ ကျွန်တော် ကုန်းထျန်းဟောက်ကို မျက်လုံးထဲ မထည့်တာလား၊ ဒါမှမဟုတ် ကျွန်တော့်ဇနီးကို မျက်လုံးထဲ မထည့်တာလား"
"ကျွန်တော့်ဇနီး ခေါင်းပေါ်ကို ခင်ဗျားရဲ့ ရတနာ သမီးလေးက လျန်မိသားစု အာဏာကို သုံးပြီး ရေပုပ်ရေစပ်တွေ လောင်းချခဲ့တာ၊ နာမည်ဂုဏ်သတင်း ဖျက်ဆီးခဲ့တာ၊ ခင်ဗျားတို့က ဒီလိုလေး လာတောင်းပန်ပြီး ကျွန်တော်တို့ကို အညှိုးထားတယ်လို့ ပြောနေကြတယ်။ ပြီးတော့ ကျွန်တော် စောစောက ပြောသလိုပဲ၊ 'တောင်းပန်ပါတယ်' ဆိုတဲ့ စကားလုံးလေးနဲ့ ပြီးသွားမယ်ဆိုရင် ရဲတွေ ဘာလုပ်ဖို့ ထားဦးမှာလဲ"
လျန်စစ်ချန် ကြားလိုက်ရတော့ မျက်နှာ မည်းမှောင်သွားပြီး စိတ်ထဲမှာ ဒေါသထွက်မိသော်လည်း ငြင်းချင်ပေမဲ့ ကုန်းထျန်းဟောက် ပြောတာက အကြောင်းအကျိုး ညီညွတ်နေတယ်။
ဒါပေမဲ့ သူ ထင်တာက လျန်ဖျောင့်ရွှယ်ကို ခေါ်လာပြီး ကုန်းထျန်းဟောက်ကို တောင်းပန်ခိုင်းရင် ရပြီ ထင်နေတာ၊ ကုန်းထျန်းဟောက်ရဲ့ ဇနီးသည် ရှောင်လင်းယွီကို သူ မေ့နေခဲ့တာ။
သူ့စိတ်ထဲမှာ အမြဲ ရှိနေတာက ရှောင်လင်းယွီက ကုန်းမိသားစုထဲ ဝင်ရောက်လာပြီး ကုန်းမိသားစု သခင်မ ဖြစ်နေပေမဲ့ သူမရဲ့ ဇာစ်မြစ်က ကျေးလက်က လာတဲ့ တောသူမလေးပါပဲ၊ အဆင့်အတန်း နိမ့်ကျတယ်၊ သူတို့ လျန်မိသားစု သခင်မလေးက တောင်းပန်စရာ မလိုဘူးလို့ ထင်နေတာ။
တစ်ချိန်တည်းမှာပဲ သူ ထင်တာက ကုန်းထျန်းဟောက်လို ကုမ္ပဏီကြီး တစ်ခုကို စီမံခန့်ခွဲနေတဲ့သူက စိတ်သဘောထား ကြီးမားပြီး မိန်းမတစ်ယောက်နဲ့ စာဖွဲ့နေမှာ မဟုတ်ဘူးလို့ ထင်ခဲ့တာ။
ဒါပေမဲ့ ကုန်းထျန်းဟောက်က တကယ် စာဖွဲ့နေတယ်၊ ပြီးတော့ သူ့မျက်နှာကိုတောင် မထောက်ဘူး။
ကုန်းထျန်းဟောက်က တိုက်ရိုက် ထုတ်ပြောလိုက်ပြီ ဆိုတော့ လျန်စစ်ချန်လည်း ဟန်ဆောင်နေလို့ မရတော့ဘူး။ ပြီးတော့ ကုန်းထျန်းဟောက်က မိသားစုနှစ်ခုရဲ့ ပူးပေါင်းဆောင်ရွက်မှု ကိစ္စနဲ့ ခြိမ်းခြောက်နေသေးတယ်။
လျန်စစ်ချန်က ရယ်မောရင်း ပြောလိုက်သည်။ "ငါ စိတ်လောပြီး မေ့သွားတယ်။ ရွှယ်အာ အမှားလုပ်မိတာ သိတာနဲ့ သူ့ကို ခေါ်ပြီး မင်းဆီ တန်းလာတောင်းပန်ခိုင်းတာ"
ကုန်းထျန်းဟောက်က သူ့ကို မျက်နှာသေဖြင့် ကြည့်နေပြီး ဘာမှ ပြန်မပြောပေ။
ကုန်းထျန်းဟောက်က သူ့ကို ထွက်ပေါက် မပေးတော့ လျန်စစ်ချန် စိတ်ထဲမှာ ဒေါသထွက်ပေမဲ့ သည်းခံလိုက်ပြီး ပြောလိုက်သည်။ "ဒီလိုလုပ်... ထျန်းဟောက်၊ ငါ ရွှယ်အာကို မင်းမိန်းမဆီ တိုက်ရိုက် သွားတောင်းပန်ခိုင်းလိုက်မယ်၊ မင်းမိန်းမ အခု ဘယ်မှာလဲ"
"အဖေ..." လျန်ဖျောင့်ရွှယ်က အဖေဖြစ်သူ ရှောင်လင်းယွီကို တောင်းပန်ခိုင်းမယ်ဆိုတာ ကြားလိုက်ရတော့ မယုံကြည်နိုင် ဖြစ်သွားပြီး မျက်လုံးထဲမှာ မကျေနပ်မှုတွေ၊ ငြင်းဆန်မှုတွေ၊ ဒေါသတွေ ပြည့်နှက်နေသည်။
သမီးဖြစ်သူရဲ့ အသံကို ကြားတော့ လျန်စစ်ချန်က သူမကို အေးစက်စွာ စိုက်ကြည့်ကာ လေးနက်စွာ ပြောလိုက်သည်။ "ဘာလဲ... မင်း ကုန်းကတော်ကို မတောင်းပန်သင့်ဘူးလား။ မင်းမှာ ဘာအကြောင်းပြချက်ပဲ ရှိရှိ ဒီတစ်ခေါက် မင်း အမှားကြီး လုပ်မိပြီ၊ မင်း ကုန်းကတော်ကို မဖြစ်မနေ တောင်းပန်ရမယ်"
လျန်ဖျောင့်ရွှယ် ရင်ထဲမှာ ဒေါသတွေ၊ မကျေနပ်မှုတွေ ထွက်ပေါ်လာပြီး အသံကျယ်ကြီးနဲ့ ပြောလိုက်သည်။ "အဲဒီ မိန်းမယုတ်ကို သမီး ဘာလို့ တောင်းပန်ရမှာလဲ၊ သမီး ဘာမှ မမှားဘူး" ရှောင်လင်းယွီ အကြောင်း ပြောလိုက်တာနဲ့ သူမ ရူးသွပ်သွားသလိုဖြစ်ပြီး အသိစိတ်လွတ်သွားကာ စကားပြောတာ ဦးနှောက်မပါတော့ပေ။
"မိန်းမယုတ်" ဆိုတဲ့ စကားလုံး ကြားလိုက်တာနဲ့ ကုန်းထျန်းဟောက် မျက်လုံးထဲမှာ ဒေါသတွေ ထွက်ပေါ်လာပြီး လက်ထဲက ဘောပင်ကို ပြင်းပြင်းထန်ထန် ပစ်လွှတ်လိုက်ရာ လျန်ဖျောင့်ရွှယ် နားရွက်ဖျားကို ရှပ်ထိသွားတယ်။ ဒါက သားအဖနှစ်ယောက်လုံးကို မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်သွားစေတယ်။
တကယ်လို့ ကုန်းထျန်းဟောက်က ဘောပင်ကို လျန်ဖျောင့်ရွှယ် မျက်နှာ သို့မဟုတ် နားရွက်ပေါ် တည့်တည့် ပစ်လိုက်ရင် ရုပ်ပျက်သွားမှာ မဟုတ်ဘူးလား။
လျန်ဖျောင့်ရွှယ်လည်း လန့်ဖျပ်သွားပြီး နှလုံးခုန် မြန်လာတယ်။
ကုန်းထျန်းဟောက်က ဒေါသမထွက်ဘဲ သရော်ပြုံး ပြုံးကာ မေးလိုက်သည်။ "ဦးလေးလျန်... ဒါ ခင်ဗျားတို့ရဲ့ ရိုးရိုးသားသား လာတောင်းပန်တာလား။ ခင်ဗျားရဲ့ ရတနာ သမီးလေးက ကျွန်တော့်ရှေ့မှာတင် ကျွန်တော့်မိန်းမကို ဆဲရဲနေပြီ ဆိုတော့ ကွယ်ရာမှာ ကျွန်တော့်မိန်းမကို ပစ်မှတ်ထားတဲ့ ကိစ္စတွေ လုပ်တာ မဆန်းတော့ပါဘူး။
ဒါပေမဲ့ ဟုတ်ပါတယ်လေ... ခင်ဗျားသမီးက လျန်မိသားစု သခင်မလေး၊ ဂုဏ်ရည် မြင့်မားတယ်၊ ကျွန်တော့်မိန်းမက ကျေးလက်က လာတဲ့ မိန်းကလေး တစ်ယောက်ပဲလေ၊ ခင်ဗျားတို့ ဂုဏ်သိက္ခာကို နှိမ့်ချပြီး မတောင်းပန်ချင်ကြတာ အပြစ်မဆိုသာပါဘူး၊ ဟုတ်တယ်မလား"
လျန်စစ်ချန် ကုန်းထျန်းဟောက် ပြောတာ ကြားတော့ မျက်နှာထား နီလိုက် ပြာလိုက် ဖြစ်သွားတယ်။ သူ စိတ်ထဲမှာ အဲဒီလို တွေးမိပေမဲ့ ကုန်းထျန်းဟောက်က ထုတ်ပြောလိုက်တော့ အပြစ်ရှိသလို ခံစားလိုက်ရတယ်။
"ဖြောင်း..."
လျန်စစ်ချန် စဉ်းစားမနေဘဲ လျန်ဖျောင့်ရွှယ်ကို ပါးတစ်ချက် ပြင်းပြင်းထန်ထန် ရိုက်လိုက်သည်။
ရုတ်တရက် အရိုက်ခံလိုက်ရတဲ့ လျန်ဖျောင့်ရွှယ်က လက်တစ်ဖက်နဲ့ အရိုက်ခံရတဲ့ မျက်နှာတစ်ခြမ်းကို အုပ်ထားပြီး မျက်လုံးထဲမှာ မယုံကြည်နိုင်တဲ့ အရိပ်အယောင်တွေ ပေါ်လာကာ ပြောလိုက်သည်။ "အဖေ... သမီးကို ထပ်ရိုက်ပြန်ပြီ"
လျန်စစ်ချန် အေးစက်စွာ ပြောလိုက်သည်။ "စကားမှားပြောတယ်၊ အလုပ်မှားလုပ်တယ်၊ မင်းကို မရိုက်ရင် ဘယ်သူ့ကို ရိုက်ရမလဲ"
ထို့နောက် သူ ကုန်းထျန်းဟောက် ဘက် လှည့်ပြီး ပြောလိုက်သည်။ "ထျန်းဟောက်... ငါ ရွှယ်အာကို ကောင်းကောင်း မဆုံးမမိလို့ အခုလို အတိုင်းအဆ မသိဘဲ ကုန်းကတော်ကို ရိုင်းပြမိသွားတယ်။ ဒီနေရာကနေ ငါ မင်းကို တောင်းပန်ပါတယ်။
တကယ်တော့ ရွှယ်အာက စိတ်ရင်း မဆိုးပါဘူး၊ မိသားစုက အလိုလိုက်လွန်းလို့ ဖြစ်သွားတာပါ။ ဒီတစ်ခေါက် ပြန်ရောက်ရင် ငါ သူ့ကို ကောင်းကောင်း ဆုံးမပါ့မယ်၊ သူ ဒီတစ်ခေါက် စိတ်ရင်းမပါဘဲ ပြောမိတာကို ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်"
လျန်စစ်ချန်က လျန်ဖျောင့်ရွှယ်အတွက် ဆင်ခြေပေးဖို့ "စိတ်ရင်းမပါဘဲ ပြောမိတာ" ဆိုတဲ့ စကားလုံးကိုပဲ စဉ်းစားမိတယ်။
"ဟဟ... စေတနာမပါဘဲ ပြောမိတာ ဟုတ်လား" ကုန်းထျန်းဟောက်က မျက်နှာသာ လုံးဝ မပေးဘဲ အေးစက်စွာ ရယ်မောလိုက်သည်။ "အရှေ့မှာက မီဒီယာတွေကို ကြိုးကိုင်ပြီး ကျွန်တော့်မိန်းမ ခေါင်းပေါ် ရေပုပ်ရေစပ် လောင်းချတယ်၊ နာမည်ဂုဏ်သတင်း ဖျက်ဆီးတယ်၊ အနောက်မှာက ကျွန်တော့်ရှေ့မှာတင် ကျွန်တော့်မိန်းမကို ဆဲတယ်၊ စိတ်ရင်းမပါဘဲပြောမိတာဆိုတဲ့ စကားလုံးလေးနဲ့တင် ဆင်ခြေပေးလို့ ကောင်းလိုက်တာနော်"
ကုန်းထျန်းဟောက်က လျန်စစ်ချန်ကို မျက်နှာပျက်စေပြီး စကားပြန်မပြောနိုင်အောင် လုပ်လိုက်တယ်။
"စိတ်ရင်းမပါဘဲ ပြောမိတာ၊ အလိုလိုက်လွန်းလို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ လူတစ်ယောက်ရဲ့ နာမည်ဂုဏ်သတင်းကို စိတ်ကြိုက် ဖျက်ဆီးလို့ရတယ်၊ ကျွန်တော့်မိန်းမရဲ့ ကုမ္ပဏီပိုင် အပန်းဖြေစခန်းနဲ့ တစ်နိုင်ငံလုံးက ဆိုင်ခွဲတွေကို ပိတ်သိမ်းစေခဲ့တယ်၊ ဆုံးရှုံးမှု မရေမတွက်နိုင်အောင် ဖြစ်စေခဲ့တယ်၊ ဟွာရှက ဝန်ထမ်း သောင်းချီ အလုပ်လက်မဲ့ ဖြစ်လုနီးပါး ဖြစ်စေခဲ့တယ်။ ဦးလေးလျန်... ဒါက ခင်ဗျားတို့ လျန်မိသားစုရဲ့ အလိုလိုက်ခံထားရတဲ့ သမီးလေးလား" ကုန်းထျန်းဟောက်က သရော်လှောင်ပြောင်ပြီး ပြောလိုက်သည်။ "ဒီလိုဆိုမှတော့ ကျွန်တော့်မိန်းမကို ကျွန်တော် အလိုလိုက်ထားတဲ့ အရသာကို ခင်ဗျားတို့ကို မြည်းစမ်းခိုင်းလိုက်မယ်"
လျန်စစ်ချန် ကြားလိုက်ရတော့ မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်သွားပြီး ကုန်းထျန်းဟောက်ကို မယုံကြည်နိုင်စွာ ကြည့်ကာ မေးလိုက်သည်။ "ကုန်းထျန်းဟောက်... မင်း ဘာလုပ်ချင်လဲ"
ကုန်းထျန်းဟောက် မျက်လုံးထဲတွင် အထင်အမြင်သေးသော အရိပ်အယောင်များ ပေါ်လာပြီး အေးစက်စွာ ပြုံး၍ ပြောလိုက်သည်။ "ဦးလေးလျန်... ခင်ဗျားတို့က တောင်းပန်ဖို့ စိတ်ရင်းမရှိမှတော့ ကျွန်တော် ဘာလုပ်မယ် ထင်လဲ။ သေချာပေါက် ကျွန်တော့်မိန်းမကို အလိုလိုက်မှာပေါ့"
"မင်း... မင်း ငါတို့ လျန်အုပ်စုကို ဒေဝါလီခံစေချင်နေတာလား" လျန်စစ်ချန် တုန်ရီစွာ မေးလိုက်သည်။
"ဒါကတော့ လျန်မိသားစုအပေါ် မူတည်တာပေါ့" ကုန်းထျန်းဟောက်က အေးစက်စွာ ပြောလိုက်ပြီး "ဦးလေးလျန်... ဆောရီးပါ၊ ကျွန်တော် အခု အလုပ်ရှုပ်နေလို့ ဆက်မဧည့်ခံနိုင်တော့ဘူး၊ ပြန်ကြပါတော့"
ဒါက သားအဖနှစ်ယောက်ကို နှင်ထုတ်လိုက်တာပဲ။
ကုန်းထျန်းဟောက်ရဲ့ အရှက်ခွဲမှု၊ ခြိမ်းခြောက်မှုတွေကို ခံလိုက်ရတဲ့ လျန်မိသားစု သားအဖနှစ်ယောက် သနားစရာ ကောင်းလောက်အောင် Imperial Palaceအုပ်စုကနေ ထွက်ခွာသွားကြတယ်။
သားအဖနှစ်ယောက် လန်အိမ်ပြန်ရောက်တော့ လျန်မိသားစုက မျက်နှာ ဖူးရောင်နေတဲ့ လျန်ဖျောင့်ရွှယ်ကို မြင်ပြီး မမှတ်မိနိုင်လောက်အောင် ဖြစ်သွားကြတယ်။
"အို... ဘုရားရေ၊ ဒါ ဘာဖြစ်တာလဲ" လျန်ကတော်က သူမရဲ့ ရတနာ သမီးလေး ဒီလို ဖြစ်နေတာ မြင်တော့ အံ့သြသွားပြီး ချက်ချင်း ဒေါသတကြီး မေးလိုက်သည်။ "ဒါ ဘယ်သူ ရိုက်တာလဲ။ ငါ့သမီးလေးကို ရိုက်ရဲတယ်၊ အသက်မချစ်တော့ဘူးလား"
ဘေးနားက လျန်စစ်ချန်က အေးစက်စွာ ပြောလိုက်သည်။ "ငါ ရိုက်တာ၊ ဘာလဲ... မင်းက ငါ့အသက်ကို ယူပြီး သူမကို လျော်ပေးချင်နေတာလား"
သူ့စကား ကြားတော့ လျန်ကတော် လန့်ဖျပ်သွားပြီး မေးလိုက်သည်။ "ရှင် ဘာလို့ သူ့ကို ရိုက်တာလဲ။ ဒီလောက်ထိ ရိုက်ရသလား။ ရှင် မသနားဘူးလား"
သမီးကို ဝက်ခေါင်းဖြစ်အောင် ရိုက်တဲ့ တရားခံက ယောက်ျား ဖြစ်နေတယ်။ ပုံမှန်ဆို ငယ်ငယ်ကတည်းက အော်တောင်မအော်ရက်တဲ့သူက ဘာလို့ လက်ပါသွားရတာလဲ။
လျန်စစ်ချန် အေးစက်စွာ နှာခေါင်းရှုံ့ပြီး ပြောလိုက်သည်။ "ဟွန့်... သူမ ဘာအမှား လုပ်ခဲ့လဲ မကြည့်ဘူးလား"
"ဘာအမှားပဲလုပ်လုပ် ရှင် လူမရိုက်သင့်ဘူးလေ" လျန်ကတော်က အပြစ်တင်လိုက်သည်။ "သမီးကို ဒီလောက်ထိ ရိုက်ထားတာ၊ လူကို ထိခိုက်သွားရင် ဘယ်လိုလုပ်မလဲ"
လျန်စစ်ချန် ဒေါသတကြီး ပြောလိုက်သည်။ "ငါ မင်းကို ပြောလိုက်မယ်၊ ငါ အခု သူ့ကို မရိုက်ရင် နောက်ကျ သူမကို ရိုက်မယ့်သူတွေ အများကြီး ရှိလာလိမ့်မယ်။ မင်း သိလား... ငါတို့ လျန်မိသားစု ဒေဝါလီခံရတော့မယ်၊ သူ့ရဲ့ ဆိုးသွမ်းမှု၊ သူ့ရဲ့ အမှားကြောင့်ပဲ"
ခင်ပွန်းသည် ပြောတာ ကြားတော့ လျန်ကတော် လန့်ဖျပ်သွားတယ်။ တစ်ချိန်တည်းမှာပဲ မြေးမလေး အရိုက်ခံရလို့ ဝက်ခေါင်းဖြစ်နေတယ် ဆိုတာ ကြားလို့ အခန်းထဲက ထွက်လာတဲ့ အဘိုးလျန်ကလည်း သားဖြစ်သူ ပြောတာ ကြားလိုက်တယ်။
"ဒေဝါလီခံ... ဒေဝါလီခံရမယ် ဟုတ်လား။ ဒါ... ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ" လျန်ကတော် ရင်ထဲ ဒိတ်ခနဲ ဖြစ်သွားပြီး မေးလိုက်သည်။ "ယောကျ်ား... ဘာဖြစ်တာလဲ"
အဘိုးလျန်က တုတ်ကောက်ထောက်ပြီး လေးနက်စွာ မေးလိုက်သည်။ "စစ်ချန်... ဒါ ဘယ်လို ဖြစ်တာလဲ"
လျန်ဖျောင့်ရွှယ် အဘိုးလျန်ကို မြင်တာနဲ့ မျက်ရည်တွေ ကျလာပြီး ငိုယိုပြောဆိုလိုက်သည်။ "အဘိုး... အီးဟီး..."
အဘိုးလျန်က မြေးမလေး ငိုနေတာ မြင်တော့ ချက်ချင်း သနားသွားသည်။ "အို... ငါ့မြေးမလေး၊ မငိုနဲ့ မငိုနဲ့၊ အဘိုး ရှိတယ်"
ထို့နောက် သူ တုတ်ကောက်နဲ့ သားဖြစ်သူကို ရွယ်လိုက်ပြီး ဒေါသတကြီး ပြောလိုက်သည်။ "လျန်စစ်ချန်... မင်း ရွှယ်အာကို ဘယ်လို ရိုက်လိုက်တာလဲ ကြည့်ပါဦး၊ အဖေတစ်ယောက်အနေနဲ့ ဒီလို လုပ်သင့်သလား။ ကြည့်ပါဦး... ငါ့မြေးမလေး ဘယ်လောက် နစ်နာသွားလဲဆိုတာ"
လျန်ဖျောင့်ရွှယ် နစ်နာတယ်၊ အရိုက်ခံရတဲ့ လျန်စစ်ချန်က ပိုနစ်နာတယ်။
သူ အရိုက်ခံရတာ ရှောင်မပြေးရဲဘူး၊ ဒါပေမဲ့ လေးနက်စွာ ပြောလိုက်သည်။ "အဖေ... အဖေ သိလား၊ ဒီတစ်ခေါက် ရွှယ်အာ လုပ်လိုက်တဲ့ အမှားက ကျွန်တော်တို့ လျန်မိသားစုကို ဘယ်လောက် ကြီးတဲ့ ကပ်ဘေးကြီးသင့်စေလဲ ဆိုတာ။ Imperial Palaceအုပ်စုက ကျွန်တော်တို့ လျန်အုပ်စုနဲ့ ပူးပေါင်းဆောင်ရွက်မှု ရပ်ဆိုင်းလိုက်တာ နှစ်ရက် ရှိပြီ။ ကျွန်တော်တို့ လျန်အုပ်စု တစ်ရက် ဆုံးရှုံးမှုက သန်းချီ ရှိတယ်၊ ဒီအတိုင်း ဆက်သွားရင် ကျွန်တော် လျန်အုပ်စု မကြာခင် ဒေဝါလီခံရတော့မယ်"
အဘိုးလျန် ကြားလိုက်ရတော့ မျက်မှောင်ကြုတ်ပြီး သံသယဖြင့် မေးလိုက်သည်။ "Imperial Palaceအုပ်စုက လျန်အုပ်စုနဲ့ ပူးပေါင်းဆောင်ရွက်မှု ရပ်ဆိုင်းတာ ရွှယ်အာနဲ့ ဘာဆိုင်လို့လဲ"
"ရွှယ်အာ... မင်း အဘိုးကိုကိုယ်တိုင် ပြောပြလိုက်" လျန်စစ်ချန် နဖူးကို ပွတ်ပြီး ပြောလိုက်သည်။
အားလုံးက လျန်ဖျောင့်ရွှယ်ကို ကြည့်လိုက်ကြသည်။
လျန်ဖျောင့်ရွှယ် ချက်ချင်း နစ်နာသလို ပြောလိုက်သည်။ "သမီး... သမီးက သူငယ်ချင်းကောင်း တစ်ယောက်အတွက် မကျေနပ်လို့ ကုန်းထျန်းဟောက် မိန်းမ ခေါင်းပေါ် ရေပုပ်နည်းနည်း လောင်းချလိုက်တာပါ၊ ဘယ်သူ ထင်ထားမလဲ၊ ကုန်းထျန်းဟောက်က သွေးအေးရက်စက်ပြီး သမီးတို့ လျန်မိသားစုနဲ့ ပူးပေါင်းဆောင်ရွက်မှုကို တိုက်ရိုက် ရပ်ဆိုင်းလိုက်လိမ့်မယ်လို့"
လျန်စစ်ချန် ကြားလိုက်ရတော့ ဒေါသထွက်ပြီး မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်သွားတယ်၊ သူ လျန်ဖျောင့်ရွှယ်ကို လက်ညှိုးထိုးပြီး အော်ဟစ်လိုက်သည်။ "ရေပုပ်နည်းနည်း လောင်းချလိုက်တာ ဟုတ်လား။ လျန်ဖျောင့်ရွှယ်... မင်း ကိုယ်လုပ်တဲ့ အမှားကို သေချာ မသိသေးဘူးပဲ"
"တော်တော့" အဘိုးလျန်က လေးနက်စွာ ဟန့်တားလိုက်သည်။ "လျန်စစ်ချန်... ငါတို့ ရွှယ်အာက ဒီလောက် လိမ္မာရေးခြား ရှိတဲ့ မိန်းကလေး၊ အမှား နည်းနည်းလေး လုပ်မိတာ ဘာဖြစ်လို့လဲ"
"ဟုတ်တယ် ယောကျ်ား" လျန်ကတော်ကလည်း ပြောလိုက်သည်။ "ရွှယ်အာက ကုန်းထျန်းဟောက် မိန်းမ ခေါင်းပေါ် ရေပုပ်ရေစပ် နည်းနည်း လောင်းချလိုက်တာလေ၊ သူငယ်ချင်းကောင်း အတွက်ပဲဟာ၊ ဒါ ဘယ်လောက် ကောင်းလဲ၊ သံယောဇဉ်ကြီးတာပေါ့"
လျန်မိသားစုက ဒီလို အကြောင်းပြချက် မရှိဘဲ အလိုလိုက်တာပဲ။
လျန်စစ်ချန် ဒေါသထွက်လွန်းလို့ မျက်နှာ ပြာနှမ်းသွားတယ်၊ သူ အသံကျယ်ကြီးနဲ့ ပြောလိုက်သည်။ "မင်းတို့ ကာကွယ်ပေးကြ၊ ကာကွယ်ပေးကြ၊ ငါတို့ လျန်အုပ်စု ဒေဝါလီခံရတဲ့အထိ ကာကွယ်ပေးကြ၊ အဲဒီကျမှ ဒါက သံယောဇဉ်ကြီးတာလို့ ထင်ကြလိမ့်မယ်။ မင်းတို့ မမေးကြဘူးလား၊ သူမ ကုန်းထျန်းဟောက် မိန်းမ ခေါင်းပေါ် ဘာရေပုပ်တွေလောင်းချလိုက်လဲ ဆိုတာ၊ ကုန်းထျန်းဟောက် ဒေါသထွက်ပြီး ငါတို့ လျန်အုပ်စုနဲ့ ပူးပေါင်းဆောင်ရွက်မှု ရပ်ဆိုင်းလိုက်တဲ့အထိ ဖြစ်သွားတာလေ"
လျန်ကတော် မေးလိုက်သည်။ "ရွှယ်အာ... ကုန်းထျန်းဟောက် မိန်းမ ခေါင်းပေါ် ဘာရေပုပ်တွေ လောင်းချလိုက်တာလဲ"
***
စိုက်ပျိုးရေးနေရာလွတ်က ငါ့ကိုချမ်းသာလာစေတယ်
အခန်း ၉၉၈ ။ အလိုလိုက်တာများ ဘယ်သူကမတတ်လို့လဲ
"အဘိုး... အဘိုး ဘာဖြစ်လို့လဲ၊ ကြည့်ရတာ အရမ်း ဒေါသထွက်နေသလိုပဲ" ရှောင်လင်းယွီက အဘိုးကုန်း ဒေါသထွက်နေတာ မြင်တော့ ချက်ချင်း ပြောလိုက်သည်။ "အဘိုး... ပြောစရာရှိရင် ပြောပါ၊ ဒေါသမထွက်ပါနဲ့၊ ဒေါသထွက်ရင် ကျန်းမာရေး ထိခိုက်တယ်"
အဘိုးကုန်း ကြားလိုက်ရတော့ အသက်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး ခေါင်းညိတ်ကာ ပြောလိုက်သည်။ "ဟုတ်တယ်... ငါ ဒေါသမထွက်ဘူး။ ဒေါသထွက်ရင် ကျန်းမာရေး ထိခိုက်တယ်၊ မတန်ဘူး"
ရှောင်လင်းယွီက အဘိုးကုန်း ကျောကို ပွတ်ပေးပြီး ရေတစ်ခွက် ငှဲ့ပေးကာ ကမ်းပေးရင်း ပြုံးလျက် ပြောလိုက်သည်။ "အဘိုး... ရေလေး အရင် သောက်လိုက်ပါဦး" စမ်းရေ သောက်လိုက်ရင် စိတ်လှုပ်ရှားမှုတွေ ငြိမ်သက်သွားလိမ့်မယ်။
အဘိုးကုန်း ရေခွက် ယူပြီး ချက်ချင်း သောက်လိုက်တယ်၊ ပြီးတော့ ပြုံးလျက် ပြောလိုက်သည်။ "ယွီအာ... မင်း ငှဲ့ပေးတဲ့ ရေက အကောင်းဆုံးပဲ" ဒီသန့်ရှင်းတဲ့ စမ်းရေ သောက်ရတာ မတူဘူး။
ရှောင်လင်းယွီ ပြုံးပြီး ပြောလိုက်သည်။ "အဲဒါက အဘိုးက သမီးကို ချစ်လို့လေ၊ သမီးကို အမြင်ကြည်နေလို့၊ သမီး ဘာလုပ်လုပ်ကောင်းတယ် ထင်နေတာ"
အဘိုးကုန်း ပြုံးပြီး ခေါင်းညိတ်လိုက်သည်။ "မင်းက ငါ့ရဲ့ ရတနာ မြေးချွေးမလေးလေ၊ သေချာပေါက် ချစ်ရမှာပေါ့"
ထို့နောက် ရှောင်လင်းယွီက သံသယဖြင့် မေးလိုက်သည်။ "အဘိုး... စောစောက ဘာလို့ ဒေါသထွက်နေရတာလဲ"
ဒီအကြောင်း ပြောလိုက်တာနဲ့ အဘိုးကုန်း စိတ်ငြိမ်သွားပြီ ဖြစ်ပေမဲ့ ဒေါသထွက်နေတုန်းပဲ၊ သူ ပြောလိုက်သည်။ "ဟို သခင်ကြီးလျန်ကြောင့်ပေါ့၊ သူ ဖုန်းဆက်လာပြီး ထျန်းဟောက်ကို Imperial Palaceအုပ်စုနဲ့ လျန်အုပ်စု ပူးပေါင်းဆောင်ရွက်မှု ပြန်စဖို့ နားချပေးပါဦးတဲ့။ သူ ပြောတာ ကြားတော့ ငါ အစတုန်းက နားမလည်ဘူး၊ ကုမ္ပဏီနှစ်ခု ပူးပေါင်းဆောင်ရွက်မှု ကောင်းနေတာ၊ ထျန်းဟောက်က ဘာလို့ ရုတ်တရက်ကြီး ရပ်ဆိုင်းလိုက်ရတာလဲ။ နောက်တော့ မေးကြည့်လိုက်မှ..."
ဤနေရာသို့ ရောက်သောအခါ အဘိုးကုန်း ဒေါသထွက်သလို ထပ်ပြောလိုက်သည်။ "သူ့ရဲ့ အဖိုးတန်မြေးမလေးက ငါ့မြေးချွေးမလေး ခေါင်းပေါ် ရေပုပ်တွေလောင်းချလိုက်လို့ ထျန်းဟောက် ဒေါသထွက်သွားတာတဲ့"
ရှောင်လင်းယွီ မျက်တောင်ခတ်လိုက်တယ်၊ ဘာဖြစ်လဲဆိုတာ အကြမ်းဖျင်း သိသွားပြီ။
"ငါ သိချင်လို့ မေးလိုက်တယ်၊ မင်းရဲ့ အဖိုးတန်မြေးမလေးက ငါ့မြေးချွေးမလေး ခေါင်းပေါ် ဘာရေပုပ်တွေလောင်းချလိုက်လို့ ထျန်းဟောက် ဒီလောက် ဒေါသထွက်သွားရတာလဲလို့"
အဘိုးကုန်း ဆက်ပြောသည်။ "သူ ပြောတာက သူ့အဖိုးတန်မြေးမလေးက သူငယ်ချင်းကောင်း တစ်ယောက်ရဲ့ တစ်ဖက်သတ် စကားကို နားထောင်ပြီး မင်းက နည်းလမ်းတွေသုံးပြီး နေရာရယူခဲ့တယ်လို့ အထင်လွဲသွားလို့၊ အဲဒီမြေးမလေးက ကြည့်မရလို့ အွန်လိုင်းမှာ မင်းအကြောင်း ဖွင့်ချလိုက်တာတဲ့။
ဒါကို ကြားတော့ ငါ ဒေါသထွက်သွားတယ်။ ငါ ဘာမှ နားမလည်တော့တာ မဟုတ်ဘူး၊ ငါ့မြေးချွေးမလေး ဒီရက်ပိုင်း ကြုံတွေ့နေရတဲ့ မုန်တိုင်းတွေက သူ့ရဲ့ အဖိုးတန်မြေးမလေးလုပ်တာ ဖြစ်နေတာကိုး"
အဘိုးကုန်းက ဉာဏ်ကောင်းတဲ့ လူကြီးပါ၊ သခင်ကြီးလျန်က မြေးမလေး လုပ်ခဲ့တဲ့ အမှားကို ပေါ့ပေါ့ပါးပါး ဖုံးကွယ်ချင်နေပေမဲ့ အဘိုးကုန်းက ရှောင်လင်းယွီရဲ့ လတ်တလော အခြေအနေနဲ့ တွဲကြည့်လိုက်တော့ ဘာမှ နားမလည်စရာ မရှိတော့ဘူး။
"ဟွန့်... သူ့မြေးမလေးက ရတနာ ဟုတ်လား" အဘိုးကုန်း ဒေါသတကြီး ဆက်ပြောသည်။ "ငါ့မြေးချွေးမလေးကလည်း ငါတို့ ကုန်းမိသားစုရဲ့ ရတနာပဲ။ အကြောင်းမဲ့ သူ့မြေးမလေးရဲ့ ရေပုပ်တွေလောင်းချတာ ခံရတယ်၊ နာမည်ဖျက်တာ ခံရတယ်၊ လူတိုင်းက အွန်လိုင်းမှာ ဝိုင်းဆဲနေကြတယ်၊ ဆိုင်ခွဲတွေ၊ အပန်းဖြေစခန်းအထိ လာပြီး ရန်ရှာကြတယ်၊ မင်းက ဆိုင်ခွဲတွေ ပိတ်သိမ်းလိုက်ရတယ်၊ ဆုံးရှုံးမှု ကြီးမားတယ်။
ဒီအဘိုးကြီးလျန်ကတော့ သူ့မြေးမလေးက ငယ်သေးတယ်၊ သူများ သွေးထိုးတာ ခံလိုက်ရတယ်၊ အမှားလုပ်မိတာ ခွင့်လွှတ်ပေးပါ ဆိုပြီး စကားတစ်ခွန်းတည်းနဲ့ ပြီးသွားတယ်။ ဟဟ... ဒီကိစ္စက ဒီလောက် လွယ်ကူလို့လား"
အဘိုးကုန်း ပိုပို ဒေါသထွက်လာတာ မြင်တော့ ရှောင်လင်းယွီ ကျောကို ပွတ်ပေးပြီး နှစ်သိမ့်လိုက်သည်။ "အဘိုး မဒေါသထွက်ပါနဲ့၊ မဒေါသထွက်ပါနဲ့။ သူတို့က ဒေါသထွက်ရကျိုး မနပ်ပါဘူး။ ကျန်းမာရေး ထိခိုက်ဦးမယ်"
သခင်ကြီးလျန်က မြေးမလေးကို ချစ်ပေမဲ့ သူ့လုပ်ရပ်ကတော့ သိပ်မကောင်းလှဘူး။
သူများတွေကို ထိခိုက်နစ်နာမှု ကြီးမားအောင် လုပ်ထားပြီးတော့ ငယ်သေးတယ်၊ သူများ သွေးထိုးတာ ခံလိုက်ရတယ် ဆိုတဲ့ စကားလုံးလေးနဲ့ ပြီးသွားမယ် ထင်နေတာလား။
လူကိုယ်တိုင် လာပြီး ရိုးရိုးသားသား တောင်းပန်သင့်တာ မဟုတ်ဘူးလား။
ဒါပေမဲ့ ကုန်းထျန်းဟောက်က အခု လှုပ်ရှားနေပြီဆိုတော့ လျန်မိသားစုကို ဒီလောက် လွယ်လွယ်ကူကူ လွှတ်ပေးမှာ မဟုတ်ဘူး၊ လျန်ဖျောင့်ရွှယ်က ငယ်သေးတယ်၊ သူများ သွေးထိုးတာ ခံလိုက်ရတယ် ဆိုရင်တောင် အမှားလုပ်ရင် အမှားပဲ၊ အမှားလုပ်ရင် အမှားအတွက် တန်ဖိုးပေးဆပ်ရမယ်။
မဟုတ်ရင် ပေါ့ပေါ့ပါးပါး စကားတစ်ခွန်းနဲ့ ကိစ္စအားလုံး ပြီးသွားမယ်ဆိုရင် နောက်ကျရင် သူမကို ကြည့်မရတဲ့သူတိုင်း သူမခေါင်းပေါ် တက်နင်းကြတော့မှာပေါ့။
ပြီးတော့ လျန်ဖျောင့်ရွှယ်က ရောဂါရနေတာ၊ သူမကို ပစ်မှတ်ထားတာ တစ်ကြိမ်တည်း မဟုတ်တော့ဘူး။
အရင်တုန်းက သူမကို ပစ်မှတ်ထားဖို့အတွက် လူတောင် သတ်ခဲ့တယ်၊ သူမနဲ့ ကုန်းထျန်းဟောက်ကို စွပ်စွဲခဲ့သေးတယ်။
ဟဟ... လူတောင် သတ်ရဲနေပြီ၊ ငယ်သေးတယ် ဆိုတဲ့ အကြောင်းပြချက် ပေးလို့ ရသေးလား။
အရင်တုန်းက လူသတ်တာ သက်သေအထောက်အထား မပြနိုင်ခဲ့ဘူး၊ လျန်ဖျောင့်ရွှယ်က ကိုယ်ဖျောက်ပြီး သတ်ခဲ့တာမို့လို့ သူမကို တစ်ကြိမ် လွှတ်ပေးခဲ့တယ်။
အရင်တုန်းက လွှတ်ပေးခဲ့တာက ဒီတစ်ခေါက် သူမ ပြဿနာရှာတာကို ထပ်လွှတ်ပေးမယ်လို့ မဆိုလိုပါဘူး၊ အဲဒါဆို သူတို့က သူတော်ကောင်းတွေ ဖြစ်နေမှာပေါ့။
ရှောင်လင်းယွီ အဘိုးကုန်းကို စိတ်ငြိမ်အောင် လုပ်ပေးလိုက်တော့ အဘိုးကုန်း ဆက်ပြောသည်။ "ဒီသခင်ကြီးလျန်က တကယ်ပဲ အသက်ကြီးလေ ပြန်ငယ်လေ ဖြစ်နေတယ်။ ကလေးတွေတောင် သိတယ်၊ အမှားလုပ်ရင် တောင်းပန်ရမယ် ဆိုတာ။ သူကတော့ လျန်ဖျောင့်ရွှယ် အမှားကြီး လုပ်ထားတာကို အကာအကွယ် ပေးချင်နေတယ်၊ ဖုံးကွယ်ချင်နေတယ်၊ ပေါ့ပေါ့ပါးပါး လွှတ်ပေးစေချင်နေတယ်။ ကျွတ် ကျွတ်... သူ တကယ်ပဲ ကလေး ကစားစရာလို့ ထင်နေတာလား"
ရှောင်လင်းယွီ နားထောင်ရုံပဲ နားထောင်ပြီး ဘာမှ ဝင်မပြောဘူး။
အဘိုးကုန်း ခဏ ပြောပြီးနောက် ရှောင်လင်းယွီကို ကြည့်ကာ သနားစရာကောင်းသလို ပြောလိုက်သည်။ "ယွီအာ... ဒီရက်ပိုင်း အွန်လိုင်းမှာ မင်း အဆဲခံနေရတာ လျန်မိသားစုက ကောင်မလေး လက်ချက်ဆိုတာ အခုမှ သိလိုက်ရတယ်။ စိတ်မပူပါနဲ့၊ ဘယ်လိုပဲ ဖြစ်ဖြစ် အဘိုး မင်းအတွက် တရားမျှတမှု ရအောင် ယူပေးမယ်။ သူတို့အိမ်က ကောင်မလေးက ရတနာဆိုရင် ငါတို့ ကုန်းမိသားစုက မြေးချွေးမလေးကလည်း ငါတို့ ကုန်းမိသားစုရဲ့ ရတနာပဲ"
ရှောင်လင်းယွီ ငြင်းပယ်ခြင်း မရှိဘဲ ပြောလိုက်သည်။ "ကျေးဇူးတင်ပါတယ် အဘိုး"
ဒါပေမဲ့ ချက်ချင်း စကားလမ်းကြောင်း လွှဲလိုက်ပြီး ဆက်ပြောသည်။ "ဒါပေမဲ့ အဘိုးက အသက်ကြီးနေပြီ၊ ဒီကိစ္စတွေကို စိတ်ပူစရာ မလိုပါဘူး။ အဘိုးမြေး ထျန်းဟောက်က သမီးအတွက် တရားမျှတမှု ရအောင် ယူပေးနိုင်မှာပါ"
အဘိုးကုန်း အစတုန်းက ကြောင်သွားပြီးနောက် ရယ်မောကာ ပြောလိုက်သည်။ "ဟုတ်သားပဲ... မင်းက သူ့မိန်းမလေ၊ မိန်းမ အနိုင်ကျင့်ခံရတာ မိန်းမအတွက် တရားမျှတမှု ပြန်မယူပေးရင် ယောက်ျား မဟုတ်တော့ဘူး။ ကောင်းပြီ... နောက်ဆိုရင် ဒီကိစ္စကို ငါ မမေးတော့ဘူး၊ ထျန်းဟောက် ဒီကောင်လေးကိုပဲ မေးတော့မယ်"
ရှောင်လင်းယွီ ခေါင်းညိတ်ဖို့ ပြင်လိုက်စဉ် အဘိုးကုန်း မျက်နှာထား ပြောင်းလဲသွားပြီး ဒေါသတကြီး ပြောလိုက်ပြန်သည်။ "ကုန်းထျန်းဟောက် ဒီကောင်လေး ဘာလုပ်နေတာလဲ။ မင်း ရေပုပ်ရေစပ် လောင်းချခံရတာ၊ အစွပ်စွဲခံရတာ၊ ဝမ်းနည်းစရာ ကောင်းတာတွေဖြစ်တာ ဒီလောက် ကြာနေပြီ၊ ဘာလို့ ချက်ချင်း မဖြေရှင်းပေးတာလဲ၊ အခုမှ လျန်မိသားစု ကောင်မလေး လုပ်တာဆိုတာ စုံစမ်းမိတာလား။ တကယ် အသုံးမကျဘူး"
ရှောင်လင်းယွီ "..." အဘိုး... အဲဒီလို မဟုတ်ပါရဘူး။
"မဖြစ်ဘူး... ငါ ကုန်းထျန်းဟောက်ကို ဖုန်းဆက်ပြီး သတိပေးမှ ဖြစ်မယ်၊ ဒီကောင်လေး သိပ်နှေးကွေးလွန်းတယ်၊ မိန်းမကို အွန်လိုင်းမှာ လူတွေအများကြီး ဝိုင်းဆဲတာ ခံနေရတာ၊ ကောင်းကောင်း မကာကွယ်ပေးဘူး၊ တာဝန်မဲ့လွန်းတယ်" အဘိုးကုန်း ဒေါသတကြီး ပြောလိုက်သည်။
ထို့နောက် အဘိုးကုန်းက ရှောင်ကျောက်ကို ဖုန်းယူခိုင်းလိုက်ပြီး ရှောင်လင်းယွီ ဘာမှ မတုံ့ပြန်ရသေးခင် ကုန်းထျန်းဟောက်ဆီ ဖုန်းဆက်လိုက်တယ်။
ဟိုဘက်က ကိုင်လိုက်တာနဲ့ အဘိုးကုန်း ဒေါသတကြီး ဆဲဆိုလိုက်သည်။ "ကုန်းထျန်းဟောက်... မင်း ဒီကောင်စုတ်၊ မင်းမိန်းမ ဒီလောက် မတရားမှုတွေ၊ ဝမ်းနည်းမှုတွေ ခံစားနေရတာ၊ မင်း ယောက်ျားတစ်ယောက် အနေနဲ့ ဘာလို့ ချက်ချင်း တရားမျှတမှု မယူပေးတာလဲ၊ သူ့ကို အွန်လိုင်းမှာ လူတွေအများကြီး ဝိုင်းဆဲခိုင်းထားတာ..."
ဖုန်းကိုင်လိုက်တဲ့ ကုန်းထျန်းဟောက် ဘာမှ မတုံ့ပြန်ရသေးခင် အဘိုးကုန်းရဲ့ တရစပ် ဆဲဆိုတာကို ခံလိုက်ရတယ်။
"အတိုချုပ် ပြောရရင် ဒီတစ်ခေါက် ငါ့အဖိုးတန်မြေးချွေးမလေး ဒီလောက် စော်ကားမှုတွေ၊ ဝမ်းနည်းမှုတွေ ခံစားရတာ၊ နောက်ကွယ်က ဘယ်သူပဲ ဖြစ်ဖြစ် မင်း မျက်နှာသာ ပေးစရာမလိုဘူး၊ ငါ့မြေးချွေးမလေးအတွက် တရားမျှတမှု ရအောင် ယူပေးရမယ်၊ မဟုတ်ရင် မင်းလို မြေးမျိုး ငါ့မှာ မရှိတော့ဘူး"
"..." ကုန်းထျန်းဟောက် ချက်ချင်း ပြန်ဖြေလိုက်သည်။ "အဘိုး... စိတ်ချပါ၊ ကျွန်တော် အဘိုးမြေးချွေးမလေးအတွက် တရားမျှတမှု သေချာပေါက် ရယူပေးပါ့မယ်။ အဘိုး... ဒေါသမထွက်ပါနဲ့၊ ဒေါသထွက်ရင် ကျန်းမာရေး ထိခိုက်လိမ့်မယ်"
အဘိုးကုန်း စိတ်မချသေးဘဲ ပြောလိုက်သည်။ "အင်း... မင်း မှတ်ထား၊ ဘယ်သူ့မျက်နှာကိုမှ မထောက်ဘဲ ငါ့မြေးချွေးမလေးအတွက် တရားမျှတမှု ရအောင် ယူပေး၊ သိလား"
ဟွန့်... သခင်ကြီးလျန်က အကာအကွယ် ပေးတတ်တယ် ဆိုရင် သူက အကာအကွယ် မပေးတတ်ဘူးလား။
ပြီးတော့ သူ့မြေးမလေးက အကြောင်းမဲ့ ပြဿနာရှာတာလေ။
ကုန်းထျန်းဟောက်ရဲ့ အကြိမ်ကြိမ် အာမခံချက်နဲ့ နှစ်သိမ့်မှုအောက်မှာ အဘိုးကုန်း ကျေနပ်စွာ ဖုန်းချလိုက်တယ်။
ခဏကြာတော့ ရှောင်လင်းယွီ ဖုန်းမြည်လာတယ်။
ရှောင်လင်းယွီ ကြည့်လိုက်ပြီး အဘိုးကုန်းကို ပြောလိုက်သည်။ "အဘိုး... သမီး ဖုန်းသွားပြောလိုက်ဦးမယ်၊ ခဏနေမှ လာအဖော်ပြုပေးမယ်"
အဘိုးကုန်းက အလုပ်ကိစ္စ ဖုန်းထင်ပြီး လက်ကာပြကာ ပြောလိုက်သည်။ "အင်း... သွားပါ၊ မင်း အလုပ်ရှုပ်ရင် သွားလုပ်ပါ၊ ငါ့ကို အဖော်ပြုစရာ မလိုပါဘူး။ ငါ အခု မင်းအဘိုးကို သွားရှာပြီး စကားပြောလိုက်ဦးမယ်"
ရှောင်လင်းယွီ ခေါင်းညိတ်လိုက်သည်။ "ဟုတ်ကဲ့... ဒါဆို သမီး အရင် ထွက်သွားလိုက်မယ်နော် အဘိုး"
ရှောင်လင်းယွီ ထွက်သွားတာနဲ့ ဖုန်းကိုင်လိုက်သည်။ "ဟယ်လို... လောင်ကုန်း"
ကုန်းထျန်းဟောက် မေးလိုက်သည်။ "မိန်းမ... စောစောက မင်း အဘိုးဘေးနားမှာ ရှိနေတာလား"
"အင်း... အဘိုးဘေးနားမှာ ရှိနေတာ" ရှောင်လင်းယွီ ဖုံးကွယ်မထားဘဲ ပြောလိုက်သည်။
"အဘိုး ဘာလို့ ရုတ်တရက်ကြီး ဒေါသထွက်နေရတာလဲ" ကုန်းထျန်းဟောက် သံသယဖြင့် မေးလိုက်သည်။
"သခင်ကြီးလျန်က အဘိုးဆီ ဖုန်းဆက်လာတာ၊ သူ့မြေးမလေးက ငယ်သေးလို့ နားမလည်ဘဲ သူများ သွေးထိုးတာခံရပြီး ကျွန်မခေါင်းပေါ် ရေပုပ်ရေစပ် လောင်းချမိတာပါ၊ ကျွန်မတို့ ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်၊ ပြီးတော့ ကုမ္ပဏီနှစ်ခု ပူးပေါင်းဆောင်ရွက်မှု ပြန်စချင်ပါတယ်တဲ့" ရှောင်လင်းယွီ ဖုံးကွယ်မထားဘဲ ပြောလိုက်သည်။
ကုန်းထျန်းဟောက် ကြားလိုက်ရတော့ မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။ "အခု လျန်မိသားစု ဘာဖြစ်နေတာလဲ။ ဒီသမီးကို အလိုလိုက်တာ အတိုင်းအဆ မရှိတော့ဘူးလား။ ဒါမှမဟုတ် ကိုယ့်မိန်းမ ခေါင်းပေါ် ရေပုပ်ရေစပ် လောင်းချပြီး စွပ်စွဲတဲ့ ကိစ္စကို စိတ်ထဲ မထားဘဲ အဘိုးဆီ ဖုန်းဆက်ပြီး ပေါ့ပေါ့ပါးပါး ကျော်ဖြတ်ချင်နေတာလား။ သူတို့က ကိုယ်တို့ ကုန်းမိသားစုနဲ့ ကုန်းထျန်းဟောက်ကို ဘာမှတ်နေလဲ၊ သစ်သီးပျော့တွေလား"
ဤနေရာသို့ ရောက်သောအခါ ကုန်းထျန်းဟောက် စိတ်ထဲတွင် ဒေါသထွက်မိသည်။
သူ ဆက်ပြောသည်။ " အဘိုး ဒီလောက် ဒေါသထွက်နေတာ မဆန်းတော့ပါဘူး။ သိထားရမှာက အဘိုးက ပုံမှန်ဆို မင်းကို အရမ်း ချစ်တာ၊ အခု မင်း အနိုင်ကျင့်ခံရတာ ကြားတော့၊ လျန်မိသားစုရဲ့ အနိုင်ကျင့်တာခံရတာ ကြားတော့ ဒေါသ မထွက်ဘဲ နေမလား။ ဟွန့်... အလိုလိုက်တယ်ဆိုရင် ဘယ်သူ မတတ်လို့လဲ" အဘိုးနဲ့မြေး စကားတူနေကြတယ်။
ရှောင်လင်းယွီ လျန်မိသားစုကို နားမလည်ဘူး၊ လျန်မိသားစုကို ဝေဖန်ရခက်ပေမဲ့ ဒီကိစ္စကိုကြည့်ရင် လျန်မိသားစုရဲ့ လုပ်ရပ်က သိပ်မကောင်းဘူး ဆိုတာ သိသာတယ်၊ သူမလို ကုန်းမိသားစု သခင်မကြီးကို ဗြောင်ကျကျ အနိုင်ကျင့်ပြီး အထင်သေးနေတာ။
တကယ်ပဲ သူမကို အွန်လိုင်းက ပြောသလို ကုန်းထျန်းဟောက် စွန့်ပစ်တော့မှာ၊ ကုန်းကတော် မဟုတ်တော့ဘူးလို့ ထင်နေကြတာလား။
ရှောင်လင်းယွီ ပြောလိုက်သည်။ "ထျန်းဟောက်... သခင်ကြီးလျန်က အဘိုးဆီ ဖုန်းဆက်လာပြီး..."
ကုန်းထျန်းဟောက်က မထီမဲ့မြင် ပြောလိုက်သည်။ "အဘိုးဆီ ဖုန်းဆက်တော့ရော ဘာဖြစ်လဲ၊ အဘိုးက မင်းဘက်ကပဲ ကာကွယ်ပေးမှာ မဟုတ်ဘူးလား။ ဒီသခင်ကြီးလျန်ကလည်း တကယ်ပဲ အသက်ကြီးလေ ငယ်မူပြန်လေ ဖြစ်နေတယ်။ နစ်နာသူကို လာပြီး ရိုးရိုးသားသား မတောင်းပန်ဘဲ မျက်နှာဟောင်းကြီးကို သုံးပြီး ဒီကိစ္စကို ပေါ့ပေါ့ပါးပါး ကျော်ဖြတ်ချင်နေတာ၊ တွေးတာ ရိုးရှင်းလွန်းတယ်"
ရှောင်လင်းယွီ "..." အဘိုးနဲ့မြေး စကားတွေက တစ်ပုံစံတည်းပဲ။
ကုန်းထျန်းဟောက်က ရှောင်လင်းယွီကို မှာကြားလိုက်သည်။ "ယွီအာ... အဘိုး ဒီကိစ္စ သိသွားပြီ ဆိုတော့ မင်း အဘိုးကို ကောင်းကောင်း နှစ်သိမ့်ပေးလိုက်၊ သူ့ကို အရမ်း စိတ်မပူစေနဲ့၊ ဒီကိစ္စကို ကိုယ် အမြန်ဆုံး ဖြေရှင်းလိုက်မယ်"
ရှောင်လင်းယွီ ရယ်မောရင်း ပြောလိုက်သည်။ "ကောင်းပြီ... ကျွန်မ သိပါပြီ"
"အင်း... ပေါင်ပေ့၊ ကိုယ် မင်းကို ချစ်တယ်၊ ဖုန်းချလိုက်တော့မယ်နော်" ကုန်းထျန်းဟောက် ချစ်ခင်စွာ ပြောလိုက်သည်။
"အင်း... လောင်ကုန်း၊ ကျွန်မလည်း ရှင့်ကို ချစ်တယ်" ရှောင်လင်းယွီလည်း မရှက်မကြောက်ဘဲ ဖွင့်ပြောလိုက်သည်။
…..
ဖုန်းချပြီးနောက် ရှောင်လင်းယွီ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ချိတ်ဆွဲထားဆဲပင်။
ထိုအချိန်တွင် ရှောင်လဲ့ထုန် ပြေးလာပြီး ခေါင်းလေး မော့ကာ ပျော်ရွှင်နေသော မိခင်ကို ကြည့်ပြီး ပြုံးစစဖြင့် နောက်ပြောင်လိုက်သည်။ "မားမား... ဒီလောက် ပျော်နေတာ ကြည့်ရတာ ပါပါးနဲ့ ဖုန်းပြောပြီးပြီ ထင်တယ်"
ရှောင်လင်းယွီ ထိုင်ချလိုက်ပြီး သူ့ခေါင်းလေးကို ပုတ်ကာ ရယ်မောရင်း ပြောလိုက်သည်။ "သားက မားမားနဲ့ ပါပါး စကားပြောတာ ခိုးနားထောင်နေတာလား"
ရှောင်လဲ့ထုန် ချက်ချင်း ခေါင်းခါလိုက်သည်။ "သား မနားထောင်ပါဘူး။ မားမားတို့ နှစ်ယောက်က တစ်ခါတလေ ပြောတဲ့ စကားတွေက ကြက်သီးထစရာ ကောင်းလိုက်တာ၊ အီစိမ့်နေတာပဲ၊ သား နားမထောင်ချင်ပါဘူး"
ပြောပြီးတာနဲ့ ပါးစပ် ချက်ချင်း ပိတ်လိုက်ပြီး "ပြဿနာပဲ" ဟု စိတ်ထဲ ရေရွတ်လိုက်သည်။
ရှောင်လင်းယွီ ကြားလိုက်ရတော့ မျက်နှာ ရဲသွားပြီး ရှက်ရွံ့သွားသော်လည်း ချက်ချင်း ပြန်လည် ထိန်းချုပ်လိုက်သည်။ သူမ သားဖြစ်သူရဲ့ ဖောင်းနေတဲ့ ပါးပြင်လေးကို ဆွဲပြီး ရယ်မောကာ ပြောလိုက်သည်။ "ခိုးနားမထောင်ဘူး ဟုတ်လား။ ခိုးနားမထောင်ရင် မားမားနဲ့ ပါပါး စကားတွေက ကြက်သီးထစရာ ကောင်းတယ်၊ အီစိမ့်နေတယ် ဆိုတာ သား ဘယ်လို သိလဲ"
ရှောင်လဲ့ထုန် ချက်ချင်း ကိုယ့်ကိုယ်ကိုယ် ကာကွယ်ပြောဆိုလိုက်သည်။ "သား... သားက တစ်ခါတလေပဲ ခိုးနားထောင်တာပါ"
ရှောင်လင်းယွီ သူ့ပါးကို ထပ်ဆွဲပြီး ရယ်မောကာ ပြောလိုက်သည်။ "ကောင်းပါပြီ... မားမား သားကို ယုံလိုက်မယ်။ ဒါပေမဲ့ နောက်ဆိုရင် မားမားနဲ့ ပါပါး စကားပြောတာ ခိုးနားမထောင်ရဘူးနော်၊ သိလား"
ရှောင်လဲ့ထုန် ခေါင်းညိတ်လိုက်သည်။ "အင်း... သိပါပြီ၊ နောက်ဆိုရင် လုံးဝ ခိုးနားမထောင်တော့ပါဘူး"
ခိုးနားမထောင်ဘဲ တစ်ခါတလေ ဗြောင်နားထောင်လို့ ရတာပဲ။
ဘာပဲပြောပြော သူ နားထောင်လား မနားထောင်ဘူးလား ဆိုတာ သူပဲ သိတာ။
ရှောင်လင်းယွီ သားဖြစ်သူ စိတ်ထဲက အကြံအစည်လေးကို မသိရှာပါဘူး၊ သူမ သားကို လွှတ်ပေးလိုက်ပြီး ရယ်မောကာ မေးလိုက်သည်။ "သားက အခု ဟက်ကာလုပ်ရတာ ပျော်နေတာ မဟုတ်လား၊ ဘာလို့ အခု မားမားဆီ လာရှာတာလဲ"
ရှောင်လဲ့ထုန် မျက်နှာထား ချက်ချင်း လေးနက်သွားပြီး ပြောလိုက်သည်။ "မားမား... ဝမ်ကျင်းကျင်း ဆိုတဲ့ မိန်းမက နောက်ထပ် ပြဿနာရှာချင်နေပြန်ပြီ"
ရှောင်လင်းယွီ မျက်မှောင် အနည်းငယ် ကြုတ်လိုက်ပြီး သံသယဖြင့် မေးလိုက်သည်။ "သူ ဘာပြဿနာ ရှာချင်တာလဲ" ရှာချင်တယ် ဆိုတာ အခု မရှာသေးဘူးဆိုတဲ့ သဘောပေ့ါ။
ရှောင်လဲ့ထုန် ဒေါသတကြီး ပြောလိုက်သည်။ "သူမက မေမေ့ကို တိုက်ရိုက် ခေါ်ထုတ်ပြီး ဆေးခပ်မယ်၊ ယောက်ျားတစ်ယောက်နဲ့ အိပ်ခိုင်းမယ်၊ ပြီးတော့ လူအများကြီးကို ဖမ်းခိုင်းမလို့ စီစဉ်ထားတာ"
ရှောင်လင်းယွီ "..." အဲ... ဒါက နန်းတွင်းဇာတ်လမ်း ရိုက်ချင်နေတာလား။ ဒါမှမဟုတ် ဝမ်ကျင်းကျင်း ဆိုတဲ့ မိန်းမက လီယွမ်ဟန် သူမရဲ့ စိတ်ကူးယဉ် အိပ်မက်တွေကို ဖျက်ဆီးပစ်လိုက်ကတည်းက ကုန်းထျန်းဟောက် တကယ် လက်တုံ့ပြန်မှာ ကြောက်ပြီး ကြက်ခေါင်းပျောက်သလို လုပ်ချင်နေတာလား။
ရှောင်လင်းယွီ နဖူးကို ပွတ်လိုက်ပြီး မေးလိုက်သည်။ "သား... သား ဘယ်လို သိတာလဲ"
ရှောင်လဲ့ထုန်က ပြောသည်။ "ဒီမိန်းမက သားတို့ အိမ်ကို ဖျက်ဆီးချင်နေမှန်း သိလိုက်ရကတည်းက သား သူမ ကွန်ပျူတာနဲ့ ဖုန်းကို ဟက်လိုက်တာ၊ ဒါကြောင့် သူ့ရဲ့ လှုပ်ရှားမှုတိုင်းကို သား ကောင်းကောင်း သိနေတာ"
ရှောင်လင်းယွီ "..." ကောင်းပါပြီ... သူမသားက ပါရမီရှင်တွေထဲက ပါရမီရှင်ပဲ။
ရှောင်လဲ့ထုန် ချက်ချင်း လေးနက်စွာ မေးလိုက်သည်။ "မားမား... တကယ်လို့ ဝမ်ကျင်းကျင်း လာချိန်းရင် မားမား တကယ် သဘောတူလိုက်မှာလား"
ရှောင်လင်းယွီ နှုတ်ခမ်းထောင့် စွန်းတက်ကာ ပြုံးပြီး မေးလိုက်သည်။ "ဘာလို့ မတူရမှာလဲ။ သား... မားမားရဲ့ လက်ရှိ ခန္ဓာကိုယ် အခြေအနေနဲ့ဆိုရင် ဆေးမိနိုင်မယ် ထင်လား။ ဟဟ... သူက အိပ်မက်မက်နေတုန်းပဲ၊ မားမားကို ဖျက်ဆီးချင်နေတုန်းပဲဆိုတော့ မားမားက သူ လုပ်သလို သူ့ကို ပြန်လုပ်ပေးလိုက်မှာပေါ့"
***