အခန်း (၄)
Vol. 1 Ch. 4
🌹Chapter 4
ရှန်းဝမ်ချင်း မှင်သက်သွားခဲ့ပြီး ဓားကိုင်ထားသည့် သူ့လက်လည်း တွန့်ဆုတ်သွားခဲ့ရသည်။
သူ့ရှေ့က မိန်းမ ကျိန်းသေပေါက်လိမ်ညာနေတာဖြစ်သဖြင့် စိတ်ပျော့သွားလို့မဖြစ်ကြောင်း ဦးနှောက်က သတိ ပေးနေသည်။ သို့သော် နှလုံးသားကတော့ သူမကို မသတ် ဖြတ်ဖို့ရာ တားမြစ်နေသည်။
သူ့နားကို ရည်ရွယ်ချက်ရှိရှိ ချဉ်းကပ်ခဲ့တာ မှန်နေလျှင်တောင် နှစ် ၃၀ လုံးလုံး အတူတူနေထိုင်ခဲ့သည်ကလည်း အစစ်အမှန်ပင်။ သူတို့နှစ်ယောက် အတူတူဖြတ်သန်းခဲ့သည့် အခိုက်အတန့်တိုင်းကို သူ့မှတ်ဉာဏ်တွေထဲ ထင်ထင်ရှားရှားမှတ်မိနေပါသေးသည်။
ယန်ရုန်ရုန်၏ အပြုံးတိုင်း၊ အမူအရာတိုင်းက သူ့နှလုံးသားထဲမှာ အမြစ်တွယ်နေခဲ့လေပြီ။
သူမကို သတ်ပစ်ဖို့ဆိုတာ သူ့နှလုံးသားကို ဆွဲနှုတ်ပစ် လိုက်တာနှင့်အတူတူပင်။ နာကျင်မှုက သေတာထက်ပိုဆိုးရွားလိမ့်မည်။
ရှန်းဝမ်ချင်း၏တွန့်ဆုတ်မှုကို လင်းယွမ် သတိထားမိသွားပြီး ချက်ချင်းဖိအားပေးလိုက်သည်။
“မင်းသူ့ကို လွှတ်ပေးဖို့ စဉ်းစားနေတာတော့ မဟုတ်ပါဘူးနော်၊ မင်းကို သူဘယ်လိုလှည့်စားပြီး ကစားသွားခဲ့သလဲဆိုတာ မေ့သွားပြီလား”
ရှန်းဝမ်ချင်း မျက်လုံးများကို မှိတ်လိုက်ပြီး စိတ်အေးအေးထားဖို့ အတတ်နိုင်ဆုံးကြိုးစားခဲ့သည်။
သို့သော် သူ့ နှလုံးသားထဲမှာ မိစ္ဆာစိတ်များသောင်းကျန်းနေပြီး ဓားကိုချက်ချင်းထုတ်လျက် ယန်ရုန်ရုန်အား သတ် ဖြတ်ပစ်လိုက်ဖို့ တွန်းအားပေးနေခဲ့သည်။
ယန်ရုန်ရုန် သေဆုံးသွားသည့်အခါမှ သူ့ကို မလှည့်စားနိုင်တော့မှာဖြစ်ပါသည်။
သူ့လက်ထဲက ဝူနျန်ဓား အနည်းငယ်လှုပ်ခါသွားခဲ့ပြီး ဓားရိုးကို ကိုင်ထားသည့် သူ့လက်ချောင်းတွေလည်း ဖြူဆုပ်သွားခဲ့သည်။
ဓားလေပြင်းအရှိန်အဝါတွေ ထိန်းမနိုင်သိမ်းမရပေါ်ထွက်လာခဲ့ပြီး သူ့ဝတ်ရုံစတွေ လေထဲမှာ တဖျပ်ဖျပ်လွင့်မျောလာခဲ့သည်။
ဝူနျန်ဓားရိုးမှာ ချိတ်ဆွဲထားသည့် အနီရောင်ပန်းဖွားလေးလည်း ယိမ်းယိုင်လှုပ်ခါသွားခဲ့ပါသည်။
ရှန်းဝမ်ချင်း လက်ချောင်းများကို ထိုပန်းပွားလေးနူးနူညံ့ညံ့ လာပွတ်တိုက်သောအခါ ဒီပန်းပွားလေးကို သူ့တပည့်လေး စန်းချွမ်ကိုယ်တိုင်ဖန်တီးပေးခဲ့ပြီး လက်ဆောင်ပေးခဲ့ခြင်းဖြစ်မှန်း သတိရသွားခဲ့သည်။
အလွန်ကြည်လင်နေသည့် နှလုံးသားသဏ္ဌာန် ဝိညာဉ်ကျောက်တုံးလေးတစ်တုံးကလည်း ထိုပန်းပွားလေးမှ တွဲလျားကျနေသေးသည်။
ထိုကျောက်တုံးလေးကို ယန်ရုန်ရုန် ကိုယ်ပိုင်အစွမ်းအစဖြင့် ရရှိခဲ့သည့် ပထမဆုံးဝိညာဉ်ကျောက်တုံးမှ ခက်ခက်ခဲခဲထွင်းထုထားခဲ့ရခြင်းဖြစ်သည်။ ဝိညာဉ်ကျောက်တုံးဆိုတာ အလွန်မောကျောသဖြင့် လိုချင်သည့် သဏ္ဌာန်ပေါ်လာအောင် ထွင်းထုဖို့အတွက် သူမ လက်ချောင်းဆယ်ချောင်းလုံးသွေးခြည်ပင်ဥခဲ့ရသည်။
ထို့နောက် သူ့ထံအပြေးရောက်ရှိလာပြီး ပတ်တီးစီးထားသည့် သူမ လက်ကလေးများဖြင့် ထိုပန်းဖွားလေးကိုထုတ် ပြလိုက်ကာ သူ့ကို မျှော်လင့်တကြီးကြည့်ရင်း အပြုံးဖြင့် ပြောခဲ့ဖူးသည်။
“အရှင် မနက်ဖြန်အရှင့်မွေးနေ့လေ၊ ကျွန်မမှာ လက်ဆောင် ပေးစရာ တန်ဖိုးကြီးတာ ဘာမှမရှိလို့ ဒီပန်းဖွားလေးလုပ်ပေးထားတယ်”
နွေးထွေးသည့် အမှတ်တရများ သူ့အာရုံထဲပြန်လည်ဝင်ရောက်လာခဲ့ကာ သူ့ရင်ထဲသောင်းကျန်းနေသည့် မိစ္ဆာစိတ်များကို ဖိနှိပ်နိုင်ခဲ့သည်။
ရှန်းဝမ်ချင်း မျက်လုံးများကိုပြန်ဖွင့်လိုက်သောအခါ တိမ်ကင်းစင်နေသည့် ကောင်းကင်ပြင်ပမာကြည်လင်နေခဲ့သည်။
လေထဲမှာဝဲလွင့်နေသည့် ပန်းဖွားလေးကို ငုံ့ကြည့်လိုက်ပြီး ဒူးထောက်နေသည့် သူ့တပည့်လေးကိုကြည့်ကာ ဆုံးဖြတ် ချက်တစ်ခု ချခဲ့ပါသည်။
“စန်းချွမ်က ငါ့တပည့်ပဲ၊ သူအမှားလုပ်မိတယ်ဆိုရင် ဂိုဏ်းဆီပြန်ခေါ်သွားပြီး အပြစ်ပေးရမှာ ငါ့ တာဝန်ပဲ”
ဒါကိုကြားတော့ ယန်ရုန်ရုန် အလွန်စိတ်အေးသွားခဲ့သည်။ ရှန်းဝမ်ချင်း စိတ်ပျော့သွားပြီး သူ့အသက်ကို ချမ်းသာ ပေးတော့မည်ထင်သည်။
ယန်ရုန်ရုန် မျက်ရည်များဝဲလျက် ပျော်ရွှင်စွာ ပြောလိုက်သည်။
“ကျွန်မမှားမှန်း သိပါပြီ အရှင်၊ အခုချိန်ကစပြီး အရှင်ပြောသမျှကို နားထောင်ပါ့မယ်၊ အရှင်စေခိုင်းသမျှကို ကျွန်မ ဆောင်ရွက်ပေးပါ့မယ်၊ နောက်ဆို အရှင့်ကို ဘယ်တော့မှ မလိမ်ညာတော့ပါဘူး!”
ရှန်းဝမ်ချင်း ဘာမှ ပြန်မပြောခဲ့ပေ။
သူမကို သတ်ဖို့အစီအစဉ်မရှိတော့သော်လည်း အလွယ်တ ကူ ခွင့်လွှတ်ပေးနိုင်မည် မဟုတ်ပါ။
လိမ်ညာခြင်း၏အကျိုးဆက်ကို သိသွားစေဖို့ ဂိုဏ်းကို ပြန်ရောက်မှ သေသေချာချာဆုံးမပေးရမည်။
ရှန်းဝမ်ချင်း ဓားပေါ် ခုန်တက်လိုက်ပြီး ယန်ရုန်ရုန်ကိုခေါ်ဖို့ ကြံလိုက်စဉ် ဝိညာဉ်တစ္ဆေတစ်ကောင် ရုတ်တရက်ပြေးလာသည်ကို မြင်လိုက်ရသည်။
ရှန်းဝမ်ချင်း အမြန်လှုပ်ရှားလိုက်ပြီး သူ့ဓားဖြင့် ဝိညာဉ်တစ္ဆေကို ချက်ချင်းခုတ်ပိုင်းလိုက်လေသည်။
ထို့နောက် ရှန်းဝမ်ချင်း ခေါင်းမော့လိုက်ကာ ဝတ်ရုံနက်ခြုံထားသည့် ဝိညာဉ်ဧကရာဇ်လေးကိုစိုက်ကြည့်လိုက်သည်။
ရှုယင်လည်း အလစ်ဝင်တိုက်မှု လူမိသွားတာကို ရှက်ရွံ့ပုံမပေါ်ဘဲ တည်ငြိမ်စွာပြောလိုက်သည်။
“ယောင်ယောင်က ငါ့အပိုင်၊ သူ သေသည်ဖြစ်စေ ရှင်သည်ဖြစ်စေ ငါပဲ ဆုံးဖြတ်ရမယ်၊ ဘယ်သူမှ ဝင်ရှုပ်ခွင့်မရှိဘူး”
ထို့နောက် အငြှိုးကြီးသည့် ဝိညာဉ်တစ္ဆေတစ်ကောင်ကို ထိန်းချုပ်ကာ ယန်ရုန်ရုန်ထံသို့ ထပ်မံစေလွှတ်လိုက်သည်။
သို့သော် ယန်ရုန်ရုန်ကို ထိုဝိညာဉ်တစ္ဆေမထိနိုင်ခင် အလွန်အားကောင်းသည့် နတ်ဆိုးအရှိန်အဝါတစ်ခု၏ဟန့်တားခြင်းကို ခံလိုက်ရပြန်သည်။
နတ်ဆိုးအရှင်သခင် လင်းယွမ်ပြုံးလိုက်သည်။ စစ်မှန်သည့်အပြုံးဟု ထင်ရသော်လည်း သူ့မျက်ဝန်းတွေထဲ ခံစားချက်မရှိပေ။ ထို့နောက် အာဏာကြီးမားသည့် လေသံဖြင့် ဝင်ပြောလိုက်သည်။
“ရှောင်းရှောင်းက ငါနဲ့ စာချုပ်ချုပ်ပြီး ကတိပြုထားတာ၊ သူ့သေခြင်း ရှင်ခြင်းက ငါ့လက်ထဲမှာပဲ ရှိရမယ်”
ထို့နောက် နတ်ဆိုးစွမ်းအင်တွေကို အသုံးပြုပြီး ယန်ရုန်ရုန်အား အတင်းအဓမ္မဖမ်းခေါ်သွားဖို့ကြိုးစားလိုက်သည်။ သို့သော် မိစ္ဆာဘုရင်ကမူ ခုန်အုပ်ကာ ထိုနတ်ဆိုးစွမ်းအင်များကို ဖိနှိပ်လိုက်သည်။
ယန်ရုန်ရုန်ရှေ့သို့ ဧရာမသားရဲကြီးတစ်ကောင် ရောက်ရှိလာပြီး ၎င်း၏အမွေးထူထူအမြီးကြီးဖြင့် ယန်ရုန်ရုန်ကို ရစ်ပတ်ကာ ချုပ်နှောင်လိုက်လေသည်။
ထို့နောက် သွေးချင်နီနေသည့်မျက်လုံးများဖြင့် အစွယ်ထုတ်ပြကာ ဟိန်းဟောက်လိုက်သည်။
“ကျူးကျူး သေသေရှင်ရှင် ငါ့အပိုင်ပဲဖြစ်ရမယ်! ငါ့ဆီက လာလုရဲတဲ့သူမှန်သမျှ အကုန်သတ်ပစ်မယ်!”
မည်သူမှနောက်ဆုတ်ပေးမည့်ပုံမပေါ်ဘဲ အခြေအနေတွေ အလွန်တင်းမာနေခဲ့သည်။
တိုက်ပွဲကြီးတစ်ခု ဖြစ်ပွားတော့မှာ သေချာသလောက်ရှိနေသည်။
ယန်ရုန်ရုန် လိုချင်တာလည်း ဒါပဲဖြစ်ပါသည်။
သူ့စိတ်ထဲ ကြိတ်ပျော်နေပြီး ရင်တွေ တဒိတ်ဒိတ်ခုန်နေခဲ့သည်။
ချချ! ချကြစမ်း! အမြန်ချကြစမ်း!
သူတို့အချင်းချင်း စတင်တိုက်ခိုက်သည်နှင့် သူမကို ဂရုစိုက်အားရတော့မည်မဟုတ်သဖြင့် တိတ်တိတ်လေး လစ်ထွက်လာလို့ရသည်။
သို့သော် လက်တွေ့ကမူ စိတ်ကူးနှင့်ကွာခြားလွန်းလှသည်။
သူတို့လေးဦး အသေအကြေတိုက်ခိုက်ဖို့ ရည်ရွယ်ထားပြီး အနိုင်ရသူက ယန်ရုန်ရုန်ကို ခေါ်ဆောင်သွားနိုင်မှာဖြစ် သည်။
ယန်ရုန်ရုန်က လူရိုးမဟုတ်မှန်း သိကြသဖြင့် အချင်းချင်းမတိုက်ခိုက်ခင် လင်းယွမ်က နတ်ဘုရားတုတ်နှောင်ကြိုးကို အသုံးပြုပြီး သူမကို တင်းတင်းကြပ်ကြပ်စည်းနှောင်ထားလိုက်သည်။
နတ်ဘုရားတုတ်နှောင်ကြိုးက မြေကမ္ဘာအဆင့် မှော်လက် နက်ဖြစ်ပြီး ထိုကြိုးနှင့် စည်းနှောင်ခံရသူတိုင်းလွတ် မြောက်နိုင်ဖို့ လမ်းစမရှိပေ။ သတ်ဖြတ်ဖို့၊ သူခိုးဖမ်းဖို့နှင့် ခရီးနှင်စဉ်အသုံးပြုဖို့ အကောင်းဆုံးလက်နက်တစ်ခု ဖြစ်သည်။
ထို့အပြင် ရှန်းဝမ်ချင်းလည်း ယန်ရုန်ရုန့် ခန္ဓာကိုယ်ဘေးပတ်လည်မှာ အကာအရံတစ်ခုကိုဖန်တီးခဲ့သည်။
ဒါမှ တိုက်ပွဲပြင်းထန်သည့်အခါ သူမကို မထိခိုက်နိုင်မှာဖြစ်သည်။ ထို့အပြင် သူမ ထွက်ပြေးမှာကိုလည်း တားဆီးပြီးသားဖြစ်ကာ ခဲတစ်လုံးတည်းနှင့် ငှက်နှစ်ကောင်ပစ်သလို အကျိုးသက်ရောက်မှုရှိနေသည်။
နောက်ဆံတင်းစရာမရှိတော့သဖြင့် လေးယောက်သား အချိန်မဖြုန်းတော့ဘဲ ၎င်းတို့၏သက်ဆိုင်ရာ နတ်စွမ်းအင်များကို တိုက်ပွဲမှာစတင်ထုတ်သုံးကြလေတောာ့သည်။
ဓားလေပြင်းများ၊ မိစ္ဆာစွမ်းအင်များ၊ သားရဲဟိန်းသံများနှင့် ဝိညာဉ်တစ္ဆေရိပ်များ တစ်ခုနဲ့တစ်ခု ရိုက်ခတ်ရင်း ပေါက်ကွဲသံတွေ စီစီညံနေခဲ့လေသည်။
လေးယောက်စလုံး၏လှုပ်ရှားမှုများက မြန်ဆန်လွန်းသဖြင့် သာမန်မျက်စိဖြင့် မမြင်နိုင်တော့ပေ။ မျက်စိတစ်မှိတ် အချိန်အတွင်း ကောင်းကင်နှင့် ကမ္ဘာမြေမှောင်အတိကျသွားခဲ့ပြီး သဲတွေ၊ ကျောက်တုံးတွေ နေရာတိုင်းသို့ လွင့်စင်သွားခဲ့သည်။
တောင်ပေါ်မှာ နေထိုင်ကြသည့် ငှက်တွေ၊ သားရဲတိရိစ္ဆာန်တွေအားလုံး ထွက်ပြေးသွားကြပါပြီ။ အနီးနားမှာ ရှိနေသည့် ကျင့်ကြံသူတွေလည်း ကြောက်လန့်တကြားပုန်းခိုနေရလေပြီ။
ပြင်းထန်လှသည့် တိုက်ပွဲကို အရဲစွန့် ကြည့်ရှုချင်သည့် ကျင့်ကြံသူများကလည်း ခပ်ဝေးဝေးမှသာ စောင့်ကြည့်ရဲကြသည်။
ယန်ရုန်ရုန်ကမူ အကာအရံထဲမှာ ပိတ်လှောင်ခံထားရကာ ဓားလေပြင်းတွေ၊ နတ်ဆိုးစွမ်းအင်တွေ လွင့်စင်လာလျှင်တောင် အကာအရံက တားဆီးပေးထားသဖြင့် ဘာအန္တရာယ်မှမ ဖြစ်နိုင်ပါ။
သူမသည် ပွဲကြည့်ဖို့ အကောင်းဆုံးနေရာကို ရရှိထားခြင်းဖြစ်သည်။ ပုံမှန်အချိန်ဆို သူ ပျော်ပျော်ကြီး ကြည့်နေမိမှာ ဖြစ်သော်လည်း ယခုမူ ပုံမှန်အချိန်မဟုတ်ပေ။
သူမရဲ့သေရေးရှင်ရေးပြဿနာက မပြီးဆုံးသေးပါ။
ဒီလေးယောက်ထဲ ဘယ်သူက အသန်မာဆုံးလဲ ဆုံးဖြတ်ပြီး အောင်နိုင်သူက သူမနဲ့ စာရင်းလာရှင်းမည့် အချိန်ကိုသာ စောင့်နေရခြင်းဖြစ်သည်။
သူမကို သတ်ဖြတ်ဖို့ အစီအစဉ်မရှိလျှင်ပင် အလွယ်တကူ အလွတ်ပေးကြမည် မဟုတ်ပါ။
ထို့ကြောင့် သူမ အခွင့်အရေးကိုအရယူပြီး ထွက်ပြေးရပါမည်။
ကံကောင်းစွာဖြင့် စနစ်စတိုးဆိုင်မှ သက်ကယ်ပစ္စည်းတချို့ကို ယန်ရုန်ရုန်ဝယ်ယူထားခဲ့ဖူးသည်။ နေရာရွှေ့ ပြောင်းခြင်း အဆောင်ဟုခေါ်သည့် ပစ္စည်းတစ်ခုလည်း အပါအဝင်ဖြစ်သည်။
ထိုအဆောင်ကို ဆုတ်ဖြဲပစ်လိုက်ခြင်းအားဖြင့် နေရာရွှေ့ ပြောင်းခြင်း စက်ဝန်းတစ်ခုပေါ်လာပြီး သူမကို လုံခြုံသည့် နေရာတစ်နေရာသို့ ကျပန်းပို့ဆောင်ပေးနိုင်လိမ့်မည်။
ထို့အပြင် ဒီအဆောင်က ဘယ်လိုမြေစိုင်၊ အကာအရံမျိုးကိုမဆို ဖြတ်ကျော်နိုင်စွမ်းရှိပြီး ကောင်းကင်ဘုံအဆင့် မှော်လက်နက်နဲ့ ညီမျှသဖြင့် အလွန်စွမ်းအားကြီးသည်။
ဒီ နေရာရွှေ့ပြောင်းခြင်းအဆောင်ကို ပထမဆုံးမြင်ခဲ့ရစဉ် အရေးပေါ်အခြေအနေတွေမှာ အသုံးပြုနိုင်ဖို့အလွန်အသုံး ဝင်လိမ့်မည်ဟု ခံစားခဲ့ရသဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်သည်။
သို့သော် တန်ဖိုးကား အလွန်ကြီးမားလွန်းသည်။ သူမ စုဆောင်းထားသမျှနှင့် လဲလှယ်ဝယ်ယူခဲ့ရသည်။
ကံကောင်းစွာဖြင့် သူ ရင်းနှီးမြှုပ်နှံခဲ့တာတွေ အလကားမဖြစ်ခဲ့ပါ။ ယခု သူ့အသက်ကို ကယ်တင်နိုင်ဖို့ ဒီအဆောင်ကိုသာ အားကိုးရတော့မှာဖြစ်သည်။
ဘယ်သူမှ အာရုံစိုက်မနေသည့် အချိန်ကို အခွင့်ကောင်းယူပြီး သူ့ခန္ဓာကိုယ်ကို တွန့်ခါရုန်းကန်ရင်း ခါးမှာချိတ်ဆွဲထားသည့် ချန်ခွင်းအိတ်ထဲမှ နေရာရွှေ့ပြောင်းခြင်းအဆောင်ကိုထုတ်ယူလိုက်သည်။
လက်နှစ်ဖက်စလုံးကို နောက်ပစ်ကာ စည်းနှောင်ခံထားရခြင်းဖြစ်သဖြင့် အနောက်မှာ ဘာတွေဖြစ်နေသလဲ ယန်ရုန်ရုန်မမြင်ရပါ။ သို့သော် စိတ်အာရုံကိုပဲ အားကိုးပြီး အဆောင်ကို အစွန်းနှစ်ဖက်မှ မြဲအောင်ကိုင်ရင်း အားဖြင့် ဆုတ်ဖြဲလိုက်လေတော့သည်။
သူမ ခြေဖျားအောက်တွင် သေးငယ်သည့် မှော်စက်ဝန်းလေးတစ်ခု ချက်ချင်းဆိုသလိုပေါ်လာခဲ့ပြီး အဖြူရောင် အလင်းတန်းတွေ ထွက်လာခဲ့ပါသည်။
တိုက်ပွဲပြင်းထန်နေသည့် လူလေးဦးလည်း တစ်ခုခုမူမမှန်တာကို အာရုံရကာ တိုက်ပွဲကို ယာယီရပ်ဆိုင်းလိုက်ကြသည်။
ယန်ရုန်ရုန်အား ချုပ်နှောင်ထားခဲ့သည့်နေရာသို့ ပြန်လှည့်ကြည့်လိုက်သောအခါ ယန်ရုန်ရုန် မရှိတော့သညါကိုမြင်လိုက်ကြရသည်။ အကာအရံအလွတ်တစ်ခုနဲ့ တဖြည်း။ဖြည်းမှေးမှိန်ပျောက်ကွယ်နေသည့် နေရာရွှေ့ပြောင်းခြင်း စက်ဝန်းတစ်ခုသာ ကျန်ခဲ့လေသည်။
ရှန်းဝမ်ချင်း လက်ကိုဝှေ့ရမ်းကာ အကာအရံအားပယ် ဖျက်လိုက်သည်။ အခြားသုံးယောက်လည်း ထိုနေရာသို့ အမြန် ပျံသန်းသွားခဲ့ပါသည်။ သို့သော် နောက်ကျသွားခဲ့လေပြီ။
သူတို့မျက်စိရှေ့မှာပင် နေရာရွှေ့ပြောင်းခြင်းစက်ဝန်းက ပျောက်ခြင်းမလှ ပျောက်ကွယ်သွားခဲ့ပါပြီ။