← Chapters

အခန်း (၁၀)

Vol. 1 Ch. 10

အခန်း (၁၀)

Vol. 1 Ch. 10

🌹Chapter 10

အမှန်တော့ ယန်ရုန်ရုန်မှာ ဘာကူဆေးလုံးမှ မရှိခဲ့ပါ။ ကျန်းချွမ်နှင့် ကျိုးယွမ်တို့ကို ခြိမ်းခြောက်ပြီး သောက်ခိုင်းခဲ့သည့် ဆေးလုံးများက သူမကိုယ်တိုင် ဖန်တီးထားသည့် ပီကူးဆေးလုံးများသာ။

အစကတည်းက လေလုံးထွား လိမ်ညာခဲ့ခြင်းဖြစ်သည်။

အမှန်တရားကို မသိသည့် ကျန်းချွမ်နှင့် ကျိုးယွမ်တို့ကမူ လုံးဝ ယုံကြည်သွားခဲ့ကြသည်။ ယခုအထိပင် ယွင်ကျဲ စစ်ဆေးတာ မှားယွင်းနေပြီး သူတို့ဗိုက်ထဲမှာ ပိုးကောင်တွေအမှန်တကယ်ရှိနေသည်ဟု ယုံကြည်နေကြဆဲ ဖြစ် သည်။

ယွင်ကျဲကို ထပ်စစ်ဆေးကြည့်ဖို့အတွက် ကျန်းချွမ်တောင်းဆိုခဲ့ပါသည်။ သို့သော်လည်း ယွင်ကျဲ စိတ်မရှည်တော့ပါ။ သူတို့နှစ်ယောက်ကို အေးစက်စွာ ကြည့်ရင်း လေးနက်သောအသံဖြင့် ပြောလိုက်သည်။

“မင်းတို့အခုထိ အမှန်တရားကို ဝန်မခံကြသေးဘူးလား”

ကျန်းချွမ်တို့နှစ်ယောက် မျက်ရည်ကျလုနီးပါး ဖြစ်နေပါပြီ။

“ကျုပ်တို့ အမှန်တိုင်းပြောနေတာ!”

ယန်ရုန်ရုန်လည်း အချိန်ကိုက် ဝင်ပြောလိုက်သည်။

“နင်တို့နှစ်ယောက်စလုံးက မလိမ်ဘူးဆိုတာကို သေချာနေမှတော့ တာအိုနှလုံးသားကိုတိုင်တည်ပြီး သစ္စာဆိုလိုက်လေ”

ထိုစကားလုံးတွေကို ကြားလိုက်ရတာနဲ့တစ်ပြိုင်နက် ကျန်းချွမ်နှင့် ကျိုးယွမ်တို့ တိတ်ဆိတ်သွားခဲ့ကြသည်။

ကျင့်ကြံသူများအတွက် တာအိုနှလုံးသားက အလွန်မြင့် မြတ်ပြီး အရေးပါလွန်းသည်။ တာအိုနှလုံးသား ထိခိုက်သွားသည်နှင့် ကျင့်ကြံခြင်းခရီးစဉ် အဆုံးသတ်သွားပြီဟု ဆိုနိုင်ပါသည်။

ယွင်ကျဲ အေးစက်စွာ ပြောလိုက်သည်။

“အကြံကောင်းပဲ၊ မင်းတို့ စိတ်သန့်တယ်ဆိုရင် မင်းတို့ပြောလိုက်တဲ့ စကားလုံးတိုင်းက အမှန်တရားပါလို့ တာအိုနှလုံးသားကို တိုင်တည်ပြီး ကျိန်ဆိုလိုက်စမ်းပါ”

သူတို့ကျိန်ဆိုလို့ မဖြစ်ပါ။ သူတို့နှစ်ယောက်ပြောခဲ့သည့် စကားများက အမှန်တစ်ဝက်အလိမ်တစ်ဝက်ဖြစ်နေ သည်။ တာအိုနှလုံးသားကို တိုင်တည်ပြီး ကျိန်ဆိုပါက ပြဿနာတက်သွားနိုင်သည်။

မျက်နှာတွေ ကယောင်ချောက်ချားဖြစ်ကာ ဂနာမငြိမ်ဖြစ်နေသည့် သူတို့မျက်လုံးတွေကို မြင်ပြီး ယွင်ကျဲ အဖြေရသွားခဲ့ပါပြီ။ ထိုနှစ်ယောက်ကို အမြန်ဆုံးချုပ်နှောင်ပြီး ၎င်းတို့၏ ချန်ခွင်းအိတ်များကိုသိမ်းဆည်းဖို့ ယွင်ကျဲ အမိန့်ပေးလိုက်သည်။

ယန်ရုန်ရုန်လက်ထဲရှိ ဝူဝမ့်ဓားကိုမူ ယွင်ကျဲကိုယ်တိုင် သိမ်းဆည်းလိုက်ပါသည်။

ယွင်ကျဲမှ “ဒီဓားက ရှမ့်ယွင်ဂိုဏ်းပိုင်ဆိုင်တဲ့ ဓားတစ်လက်ပဲ၊ အဲ့တာကြောင့် ကျုပ်ပြန်ယူဆောင်သွားမှဖြစ်မယ်၊ တာအိုရောင်းရင်း နားလည်ပေးမယ်လို့ မျှော်လင့်ပါတယ်”

ထိုဓားကို ဆုံးရှုံးရမှာ နာကျင်စရာကောင်းသော်လည်း သူမအသက်က ထိုဓားထက် ပိုတန်ဖိုးရှိတာကို ယန်ရုန်ရုန် နားလည်ပါသည်။ ထို့ကြောင့် ရိုးရိုးရှင်းရှင်း ပြုံးပြကာ ပြန်ပြောလိုက်သည်။

“ရှင်တို့ အပိုင်ဆိုတော့လည်း ပြန်ယူသွားလိုက်ကြပါ၊ တခြားကိစ္စမရှိတော့ရင် ကျွန်မ သွားတော့မယ်နော်”

ဒီမိန်းကလေးက ပြောရဆိုရမခက်ဘဲ နားလည်မှုရှိသဖြင့် ယွင်ကျဲ ခေါင်းညိတ်လိုက်ပြီး သွားခွင့်ပြုလိုက်ပါသည်။ ယန်ရုန်ရုန်လည်း တိတ်တဆိတ် လှည့်ထွက်လာခဲ့သည်။ သို့သော် သူမ ခြေလှမ်းနှစ်လှမ်းသာ လှမ်းရသေးချိန် ယွင်ကျဲက လှမ်းအော်လိုက်ပါသည်။

“နေဦး!”

ယန်ရုန်ရုန် နှလုံးရပ်မတတ် ထိတ်လန့်သွားခဲ့သည်။ အနောက်ကို ဖြည်းညှင်းစွာ လှည့်လိုက်ပြီး အတတ်နိုင်ဆုံး စိတ်တည်ငြိမ်အောင်ထားဖို့ ကြိုးစားကာမေးလိုက်ပါသည်။။

“ဘာကိစ္စရှိသေးလို့လဲ”

“ကျုပ်က ရှမ့်ယွင်ဂိုဏ်းရဲ့ယွင်ကျဲပါ၊ ရောင်းရင်းရဲ့ နာမည်ကို မမေးရသေးဘူး‌”

“ဟွားကော်တောင်က စွန်းရှောင်ခုန်းပါ”

ယန်ရုန်ရုန် ပြန်ဖြေလိုက်သည်။

“ဒီနေ့ကိစ္စအတွက် ကျေးဇူးတင်ပါတယ် တာအိုရောင်းရင်းစွန်း၊ နောင်လည်း ရှမ့်ယွင်ဂိုဏ်းကို ဧည့်သည်အနေနဲ့ အချိန်မရွေး လာလည်နိုင်ပါတယ်”

ယန်ရုန်ရုန် ခေါင်းညိတ်လိုက်သည်။

“ကောင်းပါပြီ”

ထို့နောက် ယန်ရုန်ရုန် ဆက်လျှောက်လာခဲ့သည်။ ဒီတစ်ခါတော့ သူမကို ဘယ်သူမှ မတားကြတော့ပါ။ ရှမ့်ယွင်ဂိုဏ်းသားတွေ သူမမြင်ကွင်းမှ ပျောက်ကွယ်သွားသည်အထိ ယန်ရုန်ရုန် ဣန္ဒြေရရ လျှောက်လာခဲ့သည်။

သူတို့ကို မမြင်ရတော့ချိန်မှာတော့ ယန်ရုန်ရုန် သုတ်ခြေ တင် ပြေးလေတော့သည်။

-

ကျန်းချွမ်နှင့် ကျိုးယွင်တို့ တစ်နေ့လုံးနီးပါး စစ်ဆေးမေးမြန်းခံခဲ့ရသည်။ ပထမတော့ သူတို့ သည်းခံထားကြပါသေးသည်။

သို့သော် ပြင်းပြင်းထန်ထန် ရိုက်နှက်ဆုံးမခံရပြီး ကျင့်ကြံခြင်းအုတ်မြစ်ကို ဖျက်ဆီးပစ်မည်ဟု ခြိမ်းခြောက်ခံရသောအခါတွင်တော့ နှစ်ယောက်သား ထိတ်လန့်သွားကြပြီး အားလုံးကို အမှန်အတိုင်းဝန်ခံလိုက်လေတော့သည်။

“သူ့ကို သာမန် ကျင့်ကြံသူလို့ ထင်လို့ ကျုပ်တို့ ဝိညာဉ်ကျောက်တုံးတွေ၊ ရတနာတွေ ဓားပြတိုက်ဖို့ ကြိုးစားခဲ့တာပါ! သူအဲ့လောက်ထိ သန်မာမယ်လို့ ထင်မထားဘူး! ကျုပ်တို့နှစ်ယောက်ပေါင်းရင်တောင် သူ့ကို အနိုင်မယူနိုင်ဘူး! အစောကြီးကတည်းက ကြိုသိခဲ့ရင် သူ့ကို ရန်သွားမစခဲ့ပါဘူး… အီးဟီးဟီး…”

ကြမ်းပြင်ပေါ်မှာ ငိုယိုနေသည့် နှစ်ယောက်ကို ယွင်ကျဲ ခံစားချက်မဲ့စွာကြည့်လိုက်သည်။ အချိန်အတော်ကြာအောင် တိတ်ဆိတ်သွားပြီးနောက် သူမေးလိုက်ပါသည်။

“မင်းတို့ပြောတာ အမှန်ပဲလား”

ဒီတစ်ခါတော့ ကျန်းချွမ်နှင့် ကျိုးယွမ်တို့ မတွန့်ဆုတ်ကြတော့ပါ။ ညာဘက်လက်များကို ရင်ဘတ်ပေါ် ဖိလျက် တာအိုနှလုံးသားကို တိုင်တည်ပြီး ကျိန်ဆိုလိုက်ကြသည်။

ယွင်ကျဲလည်း သံသယဖြစ်စရာမလိုတော့ပေ။ သူ့လက်ထဲက ဝူဝမ့်ဓားကို ငုံ့ကြည့်လိုက်ပြီး ခုနက ခပ်ဝဝ ကျင့်ကြံသူလေး၏အပြုံးကို ပြန်မြင်ယောင်သွားခဲ့သည်။

သူမအပြုံးက ရိုးသားသည့် အပြုံးဟု ထင်ခဲ့ရသော်လည်း အခုတော့ လှောင်ပြုံးတစ်ခုအဖြစ်ပြောင်းလဲသွားခဲ့ပါပြီ။

ရုပ်သေးရုပ်လို ကစားခံလိုက်ရသည့်အတွက် ယွင်ကျဲရင်ထဲ ရှက်ရွံ့မှုများတလိမ့်လိမ့်တက်လာခဲ့သည်။ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ရာ သူ့လက်ဖမိုးပေါ်မှာ သွေးကြောများပင် ထောင်လာခဲ့ပါသည်။

ထိုမိန်းမကား အလိမ်အညာပညာကို တစ်ဖက်ကမ်းကပ်အောင်ထူးချွန်သည်။ ဦးလေးရှန်းကို လှည့်စားနိုင်ခဲ့ရုံတင်မကဘဲ သူ့ကိုပါ လှည့်စားသွားခဲ့သည်။ သူမကို လူကောင်းဟုထင်ပြီး ဂိုဏ်းထံ လာလည်ဖို့ပင် ဖိတ်ကြားခဲ့မိပါသည်။

‘ငါတကယ့် ငတုံးပဲ!’

တာအိုရောင်းရင်းများက ယွင်ကျဲ၏မှောင်မိုက်နေသည့် မျက်နှာထားကို သတိထားမိသွားကြသည်။

“ယွင်ကျဲ မင်းအဆင်ပြေရဲ့လား”

ယွင်ကျဲအသက်ဝဝရှူလိုက်ပြီး ဒေါသကိုချုပ်တည်းကာ ပြန်ဖြေလိုက်ပါသည်။

“ငါဘာမှမဖြစ်ဘူး သူတို့ကို စောင့်ကြည့်ထား၊ ငါပြန်လာခဲ့မယ်”

ထို့နောက် လူသူကင်းမဲ့သည့် နေရာတစ်နေရာသို့သွားကာ ဆက်သွယ်ရေးအဆောင်တစ်ခုကို ဆုတ်ဖြဲပစ်လိုက်သည်။ သိပ်မကြာလိုက်ဘဲ သူ့အာရုံထဲ ရှန်းဝမ်ချင်း၏ထူးခြားသည့် အေးတိအေးစက်လေသံ ထွက်ပေါ်လာခဲ့သည်။

“ဘာလဲ”

အဖြစ်အပျက်တစ်ခုလုံးကို ယွင်ကျဲ ပြန်ရှင်းပြလိုက်သည်။ သူစိတ်ကို တည်ငြိမ်အောင် ထိန်းချုပ်ထားသော်လည်း စန်းချွမ်ကို သူမှားယွင်းလွှတ်ပေးလိုက်တာဖြစ်ကြောင်း ဝန်ခံရချိန်မှာတော့ သူ့လေသံက စိတ်ပျက်အားလျော့မှုများဖြင့် ဖုံးလွှမ်းနေခဲ့ပါသည်။ သူ့အပေါ် သိုင်းဦးလေးရှန်း စိတ်ပျက်သွားမည်ကို စိုးရိမ်နေခြင်းဖြစ်သည်။

ရှန်းဝမ်ချင်း၏ အသံကတော့ ယခင်လို တည်ငြိမ်နေဆဲဖြစ်သည်။

“သူ ပြေးမလွတ်ပါဘူး”

“ကျွန်တော် ဘာဆက်လုပ်ရမလဲ”

ယွင်ကျဲ ကျိုးနွံစွာ မေးလိုက်သည်။

“သူ့ကို ဝူဝမ့်ဓား ငါကိုယ်တိုင် လက်ဆောင်ပေးခဲ့တာ”

ရှန်းဝမ်ချင်း ရှင်းပြလိုက်သည်။

“သခင်ဖြစ်သူကို ဝူဝမ့်ဓား မှတ်မိစေဖို့အတွက် သူ့နှလုံး သားသွေးစက်တစ်စက်ကို ဓားသွားပေါ်မှာ ရောစပ်ထားခဲ့တယ်၊ အဲ့တာကြောင့် ဝူဝမ့်ဓားနဲ့ သူနဲ့က ဝိညာဉ်ချင်း ချိတ်ဆက်နေတယ်၊ ငါပြောတဲ့အတိုင်းလုပ်မယ်ဆိုရင် အဲ့ဒီဓားကို အသုံးချပြီး သူ့ကို ရှာလို့ရနိုင်လိမ့်မယ်”

ယွင်ကျဲကို ရှန်းဝမ်ချင်း ဂါထာတစ်ပုဒ် သင်ပေးလိုက်သည်။ ယွင်ကျဲ ချက်ချင်း ကျက်မှတ်လိုက်သည်။ ထို့နောက် သူ့အဖွဲ့ဆီကို ပြန်သွားခဲ့ပြီး ဂါထာကို ရွတ်ဖတ်လိုက်လေသည်။

ဝူဝမ့်ဓားသွားက ချက်ချင်းဆိုသလို အဖြူရောင် တောက်လာခဲ့သည်။ ရုတ်တရက် အသက်ဝင်လာသကဲ့သို့ ယွင်ကျဲလက်ထဲမှ လွတ်ထွက်သွားပြီး ကောင်းကင်ပေါ် ပျံတက်ကာ အရှေ့တောင်ဘက်အရပ်သို့ ပျံသန်းသွားခဲ့ပါသည်။

ထိုဓားနောက် ယွင်ကျဲလိုက်ဖို့ ပြင်လိုက်စဉ် ဂိုဏ်းတူအစ် ကိုတစ်ယောက်က လှမ်းတားလိုက်သည်။

“နေဦး၊ ကျီရှောင်းဂိုဏ်းက ဒီနှစ်ယောက်ကို ဘာလုပ်လိုက်ရမလဲ”

ယွင်ကျဲ နောက်ပင်လှည့်မကြည့်ဘဲ အမိန့်ပေးလိုက်သည်။ “ကျင့်ကြံခြင်းတွေကို ဖျက်ဆီးပြီး လျှို့ဝှက်နယ်မြေထဲက မောင်းထုတ်လိုက်”

ကျန်းချွမ်နှင့် ကျိုးယွမ်တို့ မျက်နှာတွေဖြူဖပ်သွားခဲ့သည်။ သို့သော် ယွင်ကျဲကမူ အဝေးကို ရောက်ရှိသွားခဲ့ပါပြီ။

စန်းချွမ်ကို ဂိုဏ်းဆီရအောင် ဖမ်းခေါ်ပြီး သူအရှက်ရခဲ့တာတွေကို ဆေးကြောပစ်မည်ဟု ယွင်ကျဲရင်ထဲတိတ်တ ဆိတ် ကြုံးဝါးရင်း ဓားပျံနောက်သို့ လျှင်မြန်စွာလိုက်သွားခဲ့တော့သည်။

-

“ဟပ်ချိုး!”

ယန်ရုန်ရုန် ပြင်းပြင်းထန်ထန် နှာချေလိုက်သည်။ နှာခေါင်းကို ပွတ်ရင်း သူမ ညည်းညူလိုက်ပါသည်။

“ငါ့အကြောင်း ဘယ်ကောင် အတင်းပြောနေပြန်ပြီလဲမသိဘူး”

ခေါင်းနှစ်လုံး ရွှမ်နျောင်ငှက်ကို မျှားခေါ်ဖို့အတွက် ကျန်းချွမ်နှင့် ကျိုးယွမ်တို့ကို သူမ အသုံးချဖို့ကြိုးစားခဲ့သည်။ သို့သော် တကယ်တမ်း ရောက်ရှိလာသူက သူမရဲ့ မဟာရန်သူတော် ယွင်ကျဲ ဖြစ်နေပါသည်။ ကံကောင်းစွာဖြင့် သူမကို ယွင်ကျဲ မမှတ်မိခဲ့ပေ။

ယခု အစီအစဉ်အသစ်လိုအပ်နေပါပြီ။ ထို့ကြောင့် ချန့်ခွင်းအိတ်ထဲမှ အနက်ရောင်ပိုးအိတ်လေးတစ်လုံးကို ယန်ရုန်ရုန်ဆွဲထုတ်လိုက်သည်။

ထိုပိုးအိတ်လေးက စနစ်စတိုးဆိုင်မှ ဝယ်ယူထားသည့် ပစ္စည်းတစ်ခုဖြစ်ပြီး ‘အံ့ဖွယ်ပိုးအိတ်’ဟု အမည်ရသည်။ ထိုပိုးအိတ်လေးကို ကိုင်ပြီး ကိုယ်ကြုံတွေ့နေရသည့် ပြဿနာကို ရေရွတ်ပြလိုက်ပါက ပြဿနာဖြေရှင်းနိုင်မည့် ပစ္စည်းတစ်ခုခုကို ကျပန်း ဖန်ဆင်းပေးပါလိမ့်မည်။

သို့သော်လည်း တစ်ကြိမ်တည်း အသုံးပြုနိုင်မည့်ပစ္စည်းဖြစ်သလို အသွားနှစ်ဖက်ပါသည့် ဓားလည်းဖြစ်သည်။ တစ်ခါတလေ ပြဿနာကို ဖြေရှင်းပေးတတ်သော်လည်း တစ်ခါတလေမှာတော့ ပြဿနာကိုပိုကြီးမားသွားစေသည်။ ထို့ကြောင့် ယခုအချိန်ထိ ယန်ရုန်ရုန် အသုံးပြုဖို့ကြောက် ရွံ့နေခဲ့ခြင်းဖြစ်သည်။

ယန်ရုန်ရုန် ပိုးအိတ်လေးကို လက်နှစ်ဖက်ဖြင့်ကိုင်လိုက်ပြီး စိတ်နှစ်ကာ ဆုတောင်းလိုက်ပါသည်။

“ခေါင်းနှစ်လုံးရွှမ်နျောင်ငှက်ကို ကျွန်မ ရှာတွေ့ချင်ပါတယ်၊ ကျေးဇူးပြုပြီး ကူညီပေးပါ”

ပိုးအိတ်လေးထံမှ ခပ်မှိန်မှိန်အလင်းရောင်လေးထွက်လာပြီး တုန်ခါသွားခဲ့သည်။ ယန်ရုန်ရုန် ဂရုတစိုက် ဖွင့်ကြည့်လိုက်ရာ အမွေးပွပွ ငှက်ပေါက်လေးတစ်ကောင် ခေါင်းပြူထွက်လာခဲ့ပါသည်။ ထိုငှက်ပေါက်လေးက ယန်ရုန်ရုန်ကို အနက်ရောင် ပုတီးလုံးလို မျက်လုံးသေးသေးလေးများဖြင့် စိုက်ကြည့်နေခဲ့သည်။

တစ်ချိန်တည်းမှာပင် ဧရာမရေခဲလှိုဏ်ဂူကြီးတစ်ခုအတွင်း ခေါင်းနှစ်လုံးရွှမ်နျောင်ငှက် အသိုက်ထဲမှာ လုံလုံခြုံခြုံ ပျိုးထောင်ထားသည့် ငှက်ပေါက်လေး ရုတ်တရက် ပျောက်သွားတာကို မြင်လိုက်ရလေသည်။

ခေါင်းနှစ်လုံး ရွှမ်နျောင်ငှက် ချက်ချင်းဆိုသလို ဒေါသမီးတောက်လောင်သွားခဲ့ရသည်။

‘ငါတို့ကလေးကို ဘယ်သူခိုးသွားတာလဲ!!!’

All Chapters