အခန်း (၁၈၇)
Vol. 17 Ch. 187
📝အပိုင်း - ၁၈၇
ဘာသာပြန် - Na Gar🐉
"ကျွန်တော်တို့မှာ အချိန် တစ်နာရီပဲ ကျန်တော့တယ်၊ ကံကောင်းလို့ ဗိုလ်ချုပ် အချိန်မီ ပြန်ရောက်လာတာ၊ မဟုတ်ရင် စစ်ဥပဒေနဲ့ အရေးယူခံရလိမ့်မယ်"
"ယွီယန်ဂိုဏ်း ဟုတ်လား"
ချန်ဆန်းရှီသည်သူ၏မြင်းဖြူ ကို လေချွန်၍ ခေါ်လိုက်ရင်း လမ်းခရီးတွင် အသေးစိတ်အချက်အလက်များကို မေးမြန်းခဲ့သည်။ သို့သော် ကျောက်ကန်မှာ သတင်းပို့ရသည့် တပ်ကြပ်တစ်ဦးသာ ဖြစ်သဖြင့် အသေးစိတ် အစီအစဉ်များကို သိခွင့်မရှိပေ။
"သွားစို့"
"ဟေ့——"
စစ်စခန်းသို့ အပြေးအလွှား သွားရောက်ခဲ့ရာ သိုင်းကွင်း တွင် လူပေါင်း လေးထောင်ကျော် စုရုံးရောက်ရှိနေပြီ ဖြစ်သည်။ အရံတပ်စခန်းတွင် စုစုပေါင်း လူအင်အား တစ်သောင်းနှစ်ထောင်ရှိပြီး ရှေ့၊ နောက်၊ ဝဲ၊ ယာဟူ၍ တပ်ခွဲ လေးခု ခွဲထားသည်။ ချန်ဆန်းရှီ၏ 'ဝဲတပ်ခွဲ' မှာ အားလုံး စုံလင်နေပြီဖြစ်ကာ ယနေ့ည တာဝန်အတွက် ဒု-ဗိုလ်ချုပ်ကြီး ရှာဝမ်လုံ ကိုယ်တိုင် ကွပ်ကဲပြီး ယွီစုန်က ကူညီရန် တာဝန်ပေးထားသည်။
တိုက်ပွဲဗျူဟာကို တပ်မှူးအဆင့်ရှိသူများသာ ဝင်ခွင့်ရသည့် စစ်တဲအတွင်း၌ ဆွေးနွေးကြသည်။ ပိုင်ထင်းကျီ၊ လူရှူဟွာနှင့် ရှဲ့စူးရှုတို့အားလုံး ရောက်နေကြသည်။ ထို့နောက် ချန်ဆန်းရှီသည် အရံတပ်စခန်း၏ ဗိုလ်ချုပ် ရှာဝမ်လုံနှင့် ပထမဆုံးအကြိမ် တွေ့ဆုံခဲ့သည်။
ရှာဝမ်လုံသည် ယိုပြည်နယ်မှ ပြောင်းရွှေ့လာသူဖြစ်ပြီး မူလက ဗိုလ်ချုပ်ကြီးကျင့် လက်အောက်မှ ကြမ်းတမ်းသော စစ်သည်တော်တစ်ဦး ဖြစ်သည်။ သူသည် ရုပ်ရည်ကြမ်းတမ်းပြီး တိုက်ပွဲတွင် မျက်လုံးတစ်ဖက် ဆုံးရှုံးထားသဖြင့် မျက်စိတစ်ဖက်ကို စည်းထားသည်။ သူ၏ လက်နက်မှာ နဂါးအကြေးခွံ ဓားမကြီးဖြစ်သည်။
သူ၏ အရှိန်အဝါမှာ ချောင်ဖန်ဘေးက အစေခံအိုကြီးထက်ပင် ပိုမိုအားကောင်းပြီး နက်နဲပုံရိပ်အဆင့်သို့ ရောက်ရှိနေသူ ဖြစ်ပုံရသည်။
သို့သော် ယွီယန်ဂိုဏ်းကို ဘာကြောင့် ရုတ်တရက် တိုက်ခိုက်ရသနည်းမိစ္စာဂိုဏ်း နှင့် ပတ်သက်နေ၍လား..
"ဒု-ဗိုလ်ချုပ်ကြီး ယွီ ခင်ဗျားပဲ ကြေညာလိုက်ပါ"
ပြောပြီးနောက် ရှာဝမ်လုံသည် သူ၏ ဓားမကြီးကို အမှီပြုကာ မျက်စိမှိတ်၍ နားနေလိုက်သည်။
"ဟုတ်ကဲ့"
ယွီစုန်က စတင်ပြောကြားသည်။
"မကြာသေးမီက မိစ္စာဂိုဏ်းဝင်တွေသောင်းကျန်းနေပေမယ့် သူတို့ရဲ့ ခြေရာလက်ရာကို ရှာမရခဲ့ဘူး။ အချို့ဂိုဏ်းတွေက မိစ္စာဂိုဏ်းနဲ့ ပူးပေါင်းနေတယ်လို့ သံသယရှိတာကြောင့် ဗိုလ်ချုပ်ရှာဟာ ဂိုဏ်းအချို့ထဲကို တပည့်တွေအဖြစ် သူလျှိုတွေ လျှို့ဝှက်လွှတ်ထားခဲ့ရာမှာ အခုတော့ ရလဒ်ထွက်လာပြီ။
"ယွီယန်ဂိုဏ်းရဲ့ အထဲက တပည့်တစ်ယောက်ရဲ့ ပြောကြားချက်အရ ဝတ်စုံနက်ဝတ်ထားတဲ့ လူတစ်ယောက်ဟာ ဝရဇိန်လက်နက် ကိုသုံးပြီး လူတစ်
ယောက်ကို သတ်ခဲ့တယ်၊ ပြီးတော့ တောင်ပေါ်ကနေ ပြန်မဆင်းဘဲ ယွီယန်
ဂိုဏ်းချုပ် ဟွမ်ထျန်းရုန်ရဲ့ နေအိမ်မှာ ပုန်းနေတယ်လို့ သိရတယ်။
"ဒါကြောင့် ဟွမ်ထျန်းရုန်ဟာ မိစ္စာဂိုဏ်းဝင်တွေနဲ့ ပူးပေါင်းနေတယ်၊ ဒါမှမဟုတ် သူကိုယ်တိုင်က ဂိုဏ်းဝင်တစ်ယောက် ဖြစ်နေတယ်လို့ ငါတို့ သံသယရှိတယ်။
"ယနေ့ည တာဝန်ကတော့ ဟွမ်ထျန်းရုန်ကို အရှင်ဖမ်းဖို့ဖြစ်ပြီး ယွီယန်ဂိုဏ်းတပည့်တွေထဲမှာ ဘယ်နှစ်ယောက် ပူးပေါင်းနေသလဲဆိုတာ အတည်မပြုနိုင်သေးခင်မှာ ဘယ်သူ့ကိုမှ လွတ်မြောက်ခွင့် မပေးရဘူး"
မိစ္စာဂိုဏ်းနဲ့ ပူးပေါင်းနေတာ ဟုတ်ပါ့မလား..
ချန်ဆန်းရှီသည် ယုံကြည်ရန် ခက်ခဲနေသည်။ လျန်ကျိုးတွင် တတိယတန်းစားဂိုဏ်းမျှသာဖြစ်ပြီး ဂိုဏ်းချုပ်ကိုယ်တိုင်က ဟွာကျင်းရဲ့အခြေခံအဆင့်မျှသာရှိသော ယွီယန်ဂိုဏ်းက မိစ္စာဂိုဏ်းနှင့် ပူးပေါင်းရဲပါ့မလား အရင်က အသတ်ခံလိုက်ရလုနီးပါးဖြစ်ခဲ့သော ကျောက်စိမ်းဂိုဏ်းပင်လျှင် ဂိုဏ်းချုပ်က မဟာသွေးကြောအဆင့်ရှိသော ဒုတိယတန်းစားဂိုဏ်း ဖြစ်သည်။
သူတို့မှာ အသက်ဘယ်နှစ်ချောင်း ရှိလို့လဲ..
ဒါမှမဟုတ် အရင် ရွှေခေါင်းလောင်းဘုရားကျောင်း တုန်းကလိုပဲ အဓမ္မ ခြိမ်းခြောက်ခံရပြီး ပုန်းအောင်းရာနေရာအဖြစ် အသုံးချခံနေရတာလည်း ဖြစ်နိုင်သည်။ အမှန်တရားကိုတော့ ထိုနေရာသို့ ရောက်မှသာ သိရပေလိမ့်မည်။
ပိုင်ထင်းကျီက ဝင်ပြောသည် "ဒု-ဗိုလ်ချုပ်ကြီး ယွီ၊ ကျွန်တော့်မှာ မေးခွန်းတစ်ခု ရှိပါတယ်"
ယွီစုန်သည် မြေပုံတစ်ခုကို စားပွဲပေါ်တွင် ဖြန့်လိုက်ရင်း ခေါင်းမဖော်ဘဲ ပြောသည် "ပြော"
"ယွီယန်ဂိုဏ်းရဲ့ တပည့်အတော်များများဟာ မကြာသေးခင်ကမှ ထူးဆန်းစွာ အသတ်ခံခဲ့ရတယ် မဟုတ်လား" ပိုင်ထင်းကျီက တည်ကြည်စွာ ဆိုသည်။ "အကယ်၍ သူတို့က မိစ္စာဂိုဏ်းနဲ့ တကယ်ပူးပေါင်းနေရင် ဘာလို့ သူတို့တပည့်တွေ အသတ်ခံနေရတာလဲ"
"ရှင်းနေတာပဲ"
လူရှူဟွာက သူ၏ ဓားကိုကိုင်ကာ ပြောသည်"ဒါက တခြားလူတွေကို လှည့်စားဖို့ လုပ်ကွက်တစ်ခုပဲ"
"ညီအစ်ကို လူ ပြောတာ မှန်တယ်"
ရှဲ့စူးရှုက ဝင်ထောက်ခံသည် "သူတို့က မိစ္စာဂိုဏ်းနဲ့ ပူးပေါင်းလေလေ၊ သူတို့ရဲ့ အပြစ်ကင်းစင်မှုကို သက်သေပြဖို့ ကိုယ့်လူကိုယ် ပိုပြီး ရက်ရက်စက်စက် သတ်ပြလေလေပဲ"
ပိုင်ထင်းကျီက တွေးတောစွာ ပြောသည်"ဒါဆိုရင်တော့ သူတို့က တကယ်ပဲ သေထိုက်တာပဲ"
"ဗိုလ်ချုပ်ရှာ"
ယွီစုန်သည် မြေပုံကို ညွှန်ပြကာ ရိုသေစွာ လျှောက်တင်သည်"ကျွန်တော့်ရဲ့ အစီရင်ခံစာ ပြီးပါပြီ၊ ဗိုလ်ချုပ် အမိန့်ပေးလို့ ရပါပြီ"
"ဗိုလ်ချုပ်ရှာ"
လူရှူဟွာက ချက်ချင်း တောင်းဆိုသည်"ကျွန်တော့်နဲ့ ကျွန်တော့်လူတွေကို အန္တရာယ်အရှိဆုံးနေရာမှာ တာဝန်ပေးပါ"
"ကျွန်တော်လည်း အတူတူပါပဲ"
ရှဲ့စူးရှုကလည်း နောက်ကလိုက်သည်"ကျွန်တော် အကြိမ်ကြိမ် သေဖို့ အသင့်ပြင်ထားပါတယ်"
"ပြောတာတော့ အထင်ကြီးစရာပဲ တကယ်တော့ စစ်မှုထမ်းကောင်းအဆင့် လိုချင်လို့ မဟုတ်လား" ပိုင်ထင်းကျီက ပွင့်ပွင့်လင်းလင်း ပြောချလိုက်သည်။
တပည့်ရင်း နေရာကို ယှဉ်ပြိုင်ရန်အတွက် လက်ရှိ တပည့်ရင်းများထက် ကျင့်စဉ်အဆင့် သာလွန်ရုံသာမက၊ စိန်ခေါ်ပွဲစတင်ရန်Bအဆင့် စစ်မှုထမ်းကောင်းမှတ်တမ်း တစ်ခု လိုအပ်သည်။
"ဗိုလ်ချုပ်မှာ သူ့အစီအစဉ်နဲ့သူ ရှိတယ်"
ယွီစုန်က ဟန့်တားလိုက်သည်"မင်းတို့ရဲ့ အလုပ်က အမိန့်ကို နာခံဖို့ပဲ"
ရှာဝမ်လုံသည် မျက်စိကို ဖြည်းညှင်းစွာ ဖွင့်လိုက်ပြီး မြေပုံနားသို့ လျှောက်လာကာ ဆိုသည် "ယွီယန်ဂိုဏ်းတပည့်အားလုံးက မိစ္စာဂိုဏ်းနဲ့ ပူးပေါင်းနေတာ မဟုတ်တဲ့အတွက် အပြစ်မဲ့သူတွေကို သတ်လို့ မရဘူး။ မဟုတ်ရင် တပ်စခန်းရှစ်ခုရဲ့ ဂုဏ်သိက္ခာကို ထိခိုက်လိမ့်မယ်။
"ဒါကြောင့် ယနေ့ညမှာ စစ်တပ်ရဲ့ အဓိကတာဝန်က ဝိုင်းရံဖို့ပဲ၊ သတ်ဖို့ မဟုတ်ဘူး။
"ဟွမ်ထျန်းရုန်ကို ကိုင်တွယ်ဖို့က မင်းတို့တာဝန်မဟုတ်ဘူး၊ ငါနဲ့ ဒု-ဗိုလ်ချုပ်ကြီး ယွီတို့ကပဲ ကိုယ်တိုင် လုပ်ဆောင်မယ်။"
"မင်းတို့ရဲ့ အဓိကတာဝန်က လူ ၂၀ စီကို ဦးဆောင်ပြီး ယွီယန်ဂိုဏ်းထဲကို ထိုးဖောက်ဝင်ရောက်ကာ ဒီနေရာတွေကို သီးခြားစီ သိမ်းပိုက်ဖို့ပဲ" ဟု မြေပုံပေါ်ရှိ နေရာအချို့ကို ညွှန်ပြသည်။
ယွီယန်ဂိုဏ်း၏ တည်ဆောက်ပုံ၊ လမ်းကြားလေးများအထိ အသေးစိတ် ဆွဲထားသည်ကို လူတိုင်း တွေ့လိုက်ရသည်။
"ဒီဝင်းတစ်ခုချင်းစီမှာ ဟွမ်ထျန်းရုန်ရဲ့ အမာခံတပည့်ဖြစ်တဲ့ အတွင်းအားသန့်စင်မှုအဆင့် တပည့်တွေ နေထိုင်ကြတယ်။
"သူတို့က ငြိမ်းငြိမ်းချမ်းချမ်း အညံ့ခံရင် ဖမ်းဆီးပြီး တောင်အောက်ကို ခေါ်လာခဲ့။ အကယ်၍ ခုခံရင်တော့ အပြတ်သတ်လိုက်"
"ဟွမ်ထျန်းရုန်နဲ့ ဒီလူအချို့ကို ဖမ်းမိပြီဆိုရင် ကျန်တဲ့ ယွီယန်ဂိုဏ်းတပည့်တွေက ထပ်ပြီး ခုခံရဲမှာ မဟုတ်တော့ဘူး။"
"အားလုံး နားလည်ကြလား"
"နားလည်ပါပြီ" လူတိုင်း တညီတညွတ်တည်း ဖြေကြားကြသည်။
"မိစ္စာဂိုဏ်းကိစ္စက အလွန်အရေးကြီးတယ်၊ ဒါကို မနှိမ်နင်းနိုင်ရင် မငြိမ်မသက်မှုတွေ ဖြစ်လာနိုင်တယ်။ တစ်ဖက်မှာလည်း ယွီယန်ဂိုဏ်းကတစ်ဆင့် နောက်ကွယ်က တကယ့် ကြိုးကိုင်သူတွေကို ဖော်ထုတ်နိုင်ရင် ငါတို့ အရံတပ်စခန်းအတွက် အောင်မြင်မှုကြီးတစ်ခုပဲ"
"ဒါ့အပြင် မိမိတို့ တာဝန်ကို ပြီးမြောက်အောင် ထမ်းဆောင်နိုင်ရင် တစ်ဦးချင်းစီကို Cအဆင့် စစ်မှုထမ်းကောင်းမှတ်တမ်း တစ်ခုစီ ပေးအပ်မယ်"