အခန်း (၁၈၁)
Vol. 17 Ch. 181
📝အပိုင်း - ၁၈၁
ဘာသာပြန် - Na Gar🐉
ညစာစားပြီးနောက်..
ချန်ဆန်းရှီသည် သူ၏ အံ့ဖွယ်သံမဏိချပ်ဝတ်ကို ဝတ်ဆင်ကာ စစ်စခန်းသို့ တာဝန်ရှိရာ သတင်းပို့ရန် ထွက်လာခဲ့သည်။ ခန့်အပ်ခံရပြီးပြီးချင်းမှာပင် တစ်လကျော်ကြာ ခွင့်ယူထားခဲ့သည်မှာ တော်တော်လေး ကြာနေပြီဖြစ်၍ ဆက်ပြီး ပျက်ကွက်နေရန် မသင့်တော်တော့ချေ။
သူ၏ ဆရာနှင့် စီနီယာအစ်ကိုလေးတို့သည် လျန်ကျိုးမြို့မှ ထွက်ခွာသွားခဲ့သည်မှာ ကြာပြီဖြစ်သလို၊ တပ်စခန်းရှစ်ခုမှ အခြားသော အစ်ကိုကြီးများသည်လည်း တစ်ဦးပြီးတစ်ဦး ထွက်ခွာသွားကြပြီဖြစ်သည်။ ယခုအခါ လျန်ကျိုးမြို့ကို ဖေထျန်းနန်၊ သခင်ကြီးဟောက် နှင့် လူကျီ တို့၏ ပူးတွဲစီမံမှုအောက်တွင် ထားရှိသည်။
ဤတစ်လတာအတွင်း..
ချန်ဆန်းရှီ၏လက်အောက်ငယ်သားများမှာလည်း တိုးတက်မှုများ ရှိလာခဲ့သည်။ ကျူထုံ၊ ဝမ်လီ၊ ရွှီဘင်၊ ဝူတာ နှင့် အခြားသူများသည် တပ်စခန်းရှစ်ခုမှ ထောက်ပံ့ပေးသော ဆေးဝါးများ၏ အကူအညီဖြင့် အရိုးဖွဲ့စည်းခြင်းအဆင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ကြသည်။ ထိုအထဲတွင် ဝူတာမှာ အဆင့်မြင့်တက်လာသည်နှင့်အမျှ ထူးခြားသော ပါရမီကို စတင်ပြသလာရာ နောင်တွင် မဟာသွေးကြောအဆင့် သို့မဟုတ် ထိုထက်မက မြင့်မားသော အဆင့်များသို့ ရောက်ရှိနိုင်သည့် အခွင့်အလမ်းရှိနေသည်။
အတွင်းအားသန့်စင်ခြင်းအဆင့် တွင်မူ ဖုန်းယုံ နှင့် ကျောက်ကန်တို့ ရှိနေသည်။ ၎င်းတို့နှစ်ဦးစလုံးမှာ အရိုးဖွဲ့စည်းခြင်းအဆင့်တွင် ဆယ်စုနှစ်တစ်ခုမက ကြာမြင့်ခဲ့ပြီး သွေးချောင်းစီးသော တိုက်ပွဲများစွာမှ အသိဉာဏ်ပွင့်ခဲ့သူများ ဖြစ်ကြသည်။ လျန်ကျိုးသို့ ရောက်လာပြီးနောက် ရင်းမြစ်များ၏ အထောက်အပံ့နှင့် ချန်ဆန်းရှီ ကိုယ်တိုင်ပေးသော ဆေးဝါးများကြောင့် အတွင်းအားသန့်စင်ခြင်းအဆင့်သို့ ရောက်ရှိသွားခြင်းမှာ အံ့သြစရာမဟုတ်ပေ။ သူတို့၏ အခြေခံမှာ အနည်းငယ် မတည်ငြိမ်သေးသဖြင့် အဆင့်နိမ့် သိုင်းသမားများဟု ဆိုနိုင်သော်လည်း၊ လက်ရှိတွင် တပ်စုမှူး အဖြစ် တာဝန်ယူရန်မှာ လုံလောက်လှပြီ ဖြစ်သည်။
ကျူထုံနှင့် အခြားသူများမှာမူ ရာစုမှုး နေရာများကို ရရှိခဲ့ကြသည်။
နောက်ဆုံးတွင် ကျောက်ချောင် ကမူ သူ၏အသက်အရွယ်နှင့် ကျင့်ကြံမှု အခက်အခဲများကြောင့် ရွှီဝမ်ချိုင်နှင့်အတူ ထောက်ပို့ရေးကိစ္စရပ်များကို ကူညီရန် တာဝန်ယူခဲ့သည်။ သူသည် တည်ငြိမ်အေးဆေးပြီး အလုပ်ကြိုးစားသူ ဖြစ်သဖြင့် ထောက်ပို့ရေးနှင့် အလွန်ကိုက်ညီလှသည်။ ကျန်ရှိနေသော မြို့စောင့်တပ်အင်အားစုများထဲတွင် ဝေယွမ် ဟု အမည်ရသော တစ်ဦးမှာ ထင်ရှားသော်လည်း ကျန်ရှိသူများမှာ ပုံမှန်သာ ဖြစ်ကြသည်။
ဒါတွေကတော့ သူ့ရဲ့ လက်အောက်ငယ်သားတွေပါ။
ချန်ဆန်းရှီအတွက် တာဝန်ခံရသော ဒု-ဗိုလ်ချုပ်ကြီးမှာ ယွီစုန်ဖြစ်ပြီး သူသည် မဟာသွေးကြောအဆင့် ရှိသူ ဖြစ်သည်။သူ၏လုပ်ဖော်ကိုင်ဖက်များမှာ ပိုင်ထင်းကျီ၊ လူရှုဟွာ နှင့် ရှဲ့စီရှု တို့ ဖြစ်ကြပြီး အားလုံးမှာ တပ်မှူး(ထောင်စုမှုး)များ ဖြစ်ကြသည်။ ထိုအထဲမှ နှစ်ဦးမှာ ချန်ဆန်းရှီ၏ တပည့်ရင်း အဆင့်အတန်းကြောင့် ရရှိထားသော ရင်းမြစ်များကို ရယူလိုသဖြင့် ကျားတစ်ကောင်က သားကောင်ကို ချောင်းနေသလို သူ့ကို စောင့်ကြည့်နေကြသည်။
ထို့အပြင် ချောင်ဖန်မှာ ဟွာကျင်းအဆင့်သို့ ရောက်ရှိသွားပြီဖြစ်ရာ လူတိုင်းထဲတွင် အမြန်ဆုံး အဆင့်တက်မှုအဖြစ် မှတ်တမ်းဝင်သွားခဲ့သည်။
"တပ်မှုးချန်... မင်း နောက်ဆုံးတော့ လာနိုင်ပြီပဲ" ဒုတိယဗိုလ်ချုပ်ကြီး ယွီစုန်က သံခမောက်ကို ဆောင်းကာ အမိန့်ပေးသည်။ "ဒီနေ့ကစပြီး မင်းလည်း မြို့တွင်းက အပိုင်းတစ်ခုကို ကင်းလှည့်ဖို့ တာဝန်ယူရမယ်။ အဓိကကတော့ မိစ္စာဂိုဏ်းရှိတဲ့နေရာကို စုံစမ်းထောက်လှမ်းဖို့ပဲ"
ချန်ဆန်းရှီက "ဒု-ဗိုလ်ချုပ်ကြီး ယွီ... လောလောဆယ် ဘာသဲလွန်စများ ရှိပါသလဲ" ဟု မေးမြန်းလိုက်သည်။
"သဲလွန်စလေး နည်းနည်းတော့ ရထားတယ်"
ယွီစုန်က လျှို့ဝှက်ဆန်းကြယ်စွာ ဆိုသည် "ငါတို့ မကြာခင်မှာ ငါးကြီးတစ်ကောင်ကို ဖမ်းမိနိုင်ကောင်း ဖမ်းမိနိုင်လိမ့်မယ်။ တပ်မှုးချန်... မင်း အချိန်မရွေး အသင့်ပြင်ထားပါ။ ဒီလို ကိုယ့်အရည်အချင်းကို ပြနိုင်တဲ့ အခွင့်အရေးကောင်းကြီးကိုတော့ လက်လွှတ်မခံပါနဲ့"
"ကောင်းပါပြီ"
တာဝန်ကို လက်ခံရရှိပြီးနောက် ချန်ဆန်းရှီသည် သူ၏တပ်ဖွဲ့ကို ဦးဆောင်ကာ ကင်းလှည့်ထွက်ခဲ့သည်။ တစ်ဖွဲ့လျှင် ၁၀ ယောက်ဖြင့် စုစုပေါင်း အဖွဲ့ ၁၀၀ ခွဲကာ မြို့တွင်းမြို့ပြင် တာဝန်ယူရသည်။
သူသည် အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ကာ မြို့တောင်ပိုင်းသို့ သွားခဲ့သည်။ ယနေ့ တာဝန်ပြီးဆုံးချိန်တွင် စီယွင်ဘုရားကျောင်း သို့ သွားရန် သူ စီစဉ်ထားသည်။ ယနေ့သည် လစဉ်ကျင်းပမြဲဖြစ်သော တရားပွဲနေ့ ဖြစ်ပြီး လူစုလူဝေးကြီးမားလှသည်။
လျန်ကျိုးမြို့မှ ဖိတ်ကြားခံထားရသော သိုင်းသမားအားလုံး တက်ရောက်ကြမည်ဖြစ်ပြီး၊ အများစုမှာ ဂိုဏ်းအသီးသီးမှ ဂိုဏ်းချုပ်များ ဖြစ်ကြသည်။ အနိမ့်ဆုံးအဆင့်မှာပင် ဟွာကျင်းအဆင့်ရှိသူများ ဖြစ်ကြသည်။ ချန်ဆန်းရှီမှာမူ ရှောက်ယုကျင်၏ ဖိတ်ကြားချက်ကြောင့် ခြွင်းချက်အနေဖြင့် ပါဝင်ခွင့်ရခြင်း ဖြစ်သည်။
စိတ်ဝိညာဉ်အားဖြည့်ဆေးရည်တစ်ခုတည်းဖြင့် စစ်နတ်ဘုရားရဲ့ အရှိန်အဝါကို မထိန်းထားနိုင်တာ သေချာသည်။ ဒီလစဉ်တရားပွဲတွေမှာ တစ်ခုခုတော့ လျှို့ဝှက်ချက် ရှိရမည်။
ထို့အပြင်၊ ချန်ဆန်းရှီသည် အမွှေးနံ့သာများ၏ လျှို့ဝှက်ချက်ကိုလည်း စုံစမ်းလိုသည်။ လောကတွင် မန္တန်များ ကျင့်ကြံရန် လိုအပ်သော ဝိညာဉ်စွမ်းအင်များ မရှိတော့သဖြင့် ဤအမွှေးနံ့သာများကို အစားထိုး အသုံးပြုနိုင်မလားဆိုသည်ကို သူ သိလိုနေသည်။ အမွှေးနံ့သာတွေကို ခိုးယူနေတဲ့သူကရော ဒီအကြောင်းပြချက်ကြောင့်ပဲလား..
ဒါပေမဲ့ အခုထက်ထိတော့ ထူးခြားတဲ့ အငွေ့အသက်ရှိတဲ့ တာအိုဆရာတစ်ယောက်မှ မတွေ့သေးဘူး။ ဘုရားကျောင်းရဲ့ ကျောင်းထိုင်ကရော အပြင်မှာ လှည့်လည်သွားလာနေတာလား..
"မြို့စောင့်တပ်... မင်းတို့ အသုံးမကျတဲ့အကောင်တွေ"
ဂိုဏ်းတစ်ခု၏ တံခါးဝရှေ့မှ ဖြတ်သွားစဉ် တစ်စုံတစ်ယောက်က သူတို့ကို ဆဲဆိုတော့သည်။
"မင်းတို့တွေ မိစ္စာဂိုဏ်းကို ဘယ်တော့မှ ဖမ်းနိုင်မှာလဲ"
"ငါတို့ထဲက ဘယ်နှယောက် သေခဲ့ရပြီလဲ မင်းတို့ သိလား"
၎င်းမှာ ယွီယန်ဂိုဏ်း ဖြစ်သည်။ လျန်ကျိုးမြို့တွင် နှစ်ပေါင်း နှစ်ရာ သမိုင်းကြောင်းရှိသော ဒုတိယတန်းစားဂိုဏ်း ဖြစ်သော်လည်း၊ နောက်ဆုံး ဂိုဏ်းချုပ်နှစ်ဦးမှာ ဟွာကျင်းအဆင့်ကိုပင် ခက်ခဲစွာ တက်လှမ်းနိုင်သူများ ဖြစ်ကြသဖြင့် တတိယတန်းစားဂိုဏ်းများကြားတွင် အနိမ့်ဆုံးသို့ ရောက်ရှိနေသည်။ သူတို့မှာ သူတို့ပိုင်ဆိုင်သော မြစ်မှ ငါးဖမ်းသမားများဆီက အခွန်ကောက်ခြင်းဖြင့်သာ ရပ်တည်နေကြရသည်။
အကယ်၍ ကျန်းရှင်းသာ လျန်ကျိုးမှာ မွေးခဲ့ရင် ငါးဖမ်းတာတောင် ဒီလူတွေရဲ့ အမြတ်ထုတ်မှုကို ခံရဦးမှာပဲ။
ကျန်းရှင်းကို ပြန်ခေါ်ဖို့ ကြိုးစားရမယ်..
ချန်ဆန်းရှီ တွေးလိုက်သည်။ ယခုအခါ သူသည် အရာရှိတစ်ဦး ဖြစ်နေပြီဖြစ်ရာ ကျန်းရှင်းကို အလုပ်တစ်ခုခု ရှာပေးရန်မှာ မခက်ခဲလှပေ။ လျန်ကျိုးသို့ ခေါ်လာနိုင်လျှင် ကျန်းရှင်းက သူ့အတွက် အကူအညီဖြစ်လာပေလိမ့်မည်။
"ငါ မင်းတို့ကို ပြောနေတာလေ"
လှံတစ်စင်းကို ကိုင်ဆောင်ထားသော ဂိုဏ်းသားတစ်ဦးက သူတို့ဆီသို့ ပြေးဝင်လာသည်။
"သေချင်လို့လား"
ကျူထုံက ချက်ချင်းပင် ဒေါသထွက်ကာ သတ်ပစ်ရန် ပြင်လိုက်ပြီး ကျန်သော ညီအစ်ကိုများကလည်း ဓားများကို ဆွဲထုတ်ကာ ဝိုင်းလိုက်ကြသည်။
"နေဦး"
ချန်ဆန်းရှီက သူ့လူတွေကို တားလိုက်သည်။ သူသည် ဂိုဏ်းသားတွေကို မကြိုက်သော်လည်း အကြောင်းမဲ့ သတ်ဖြတ်ခြင်းကိုတော့ မပြုလိုပေ "ငါတို့ မိစ္စာဂိုဏ်းကို စုံစမ်းနေပါတယ်။ ရလာဒ်တစ်ခုခု ထွက်လာရင် မင်းတို့ကို အသိပေးပါ့မယ်"
"အလကားစကားတွေ ဘယ်လောက်တောင် ကြာနေပြီလဲ"
ထိုဂိုဏ်းသားက မလျှော့တမ်း ပြောဆိုသည် "ငါ့ကို မေးရင်တော့... ဒီကိစ္စတွေက မင်းတို့ တပ်စခန်းရှစ်ခုကလူတွေ လက်ချက်ဆိုတာတောင် အံ့သြစရာ မရှိဘူး"
"ဟုတ်တယ်... ဟုတ်တယ်" အခြားဂိုဏ်းသားများကလည်း ထောက်ခံကြသည်။ "ဒါကြောင့်ပဲ မင်းတို့ စစ်တပ်ထဲက လူတွေ တစ်ယောက်မှ မသေဘဲ ငါတို့ဂိုဏ်းသားတွေပဲ သေနေတာပေါ့"
ချန်ဆန်းရှီသည် စကားအရှည်ကြီး မပြောလိုတော့သဖြင့် သူ့လူများကို ခေါ်ကာ ထွက်လာခဲ့သည်။
ထိုနေ့ညနေတွင် သူသည် သူ၏ညီအစ်ကိုများအတွက် စားသောက်ဆိုင်တွင် ငွေသုံးကာ ကျွေးမွေးခဲ့ပြီး သူတစ်ဦးတည်း စီယွင်ဘုရားကျောင်းသို့ တရားပွဲတက်ရန် ထွက်လာခဲ့သည်။
"ဗိုလ်ချုပ်ချန်"
ဘုရားကျောင်း တံခါးဝတွင် ရှောက်ယုကျင် နှင့် ဝမ်ကျစ် တို့နှင့် ဆုံသည်။
"ဂိုဏ်းချုပ် ရှောက်... အိမ်တော်သခင် ဝမ်" ချန်ဆန်းရှီက နှုတ်ဆက်လိုက်သည်။
"မင်းလည်း ရောက်လာတာပဲလား" ဝမ်ကျစ်က တစ်ချက်ကြည့်ကာ "ရှောက်ကြီး... မင်း သူ့ကို ခေါ်လိုက်တာလား" ဟု မေးသည်။ ရှောက်ယုကျင်က ခေါင်းညိတ်ပြရာ ဝမ်ကျစ်သည် နှာခေါင်းတစ်ချက်ရှုံ့ကာ လှည့်ထွက်သွားတော့သည်။
"ဟဲဟဲ... စိတ်ထဲမထားပါနဲ့ ဗိုလ်ချုပ်ချန်။ တိုက်ပွဲက အသက်နဲ့ ရင်းရတယ်ဆိုပေမဲ့ သေသွားတဲ့သူက သူ့ရဲ့ ချစ်လှစွာသော သားဖြစ်နေလို့ ဝမ်ကြီးက ရန်ငြိုးရှိနေတာပါ" ရှောက်ယုကျင်က ရှေ့မှ ဦးဆောင်သွားရင်း "လာပါ... တရားပွဲ စတော့မယ်။ ငါဆိုရင် တရားနာပြီးတိုင်း အများကြီး သိမြင်လာရတယ်။ နောက်ထပ် ၃ နှစ်ကနေ ၅ နှစ်အတွင်းဆိုရင် ငါ တကယ်ပဲ အဆင့်တက်နိုင်ကောင်း တက်နိုင်လိမ့်မယ်" ဟု ဆိုသည်။
ချန်ဆန်းရှီက ယဉ်ကျေးစွာ ငြင်းပယ်လိုက်သည် "ဂိုဏ်းချုပ် ရှောက်... အရင်သွားနှင့်ပါ။ ကျွန်တော် အရင်ဆုံး ဘုရားဝတ်ပြုပြီး အမွှေးတိုင် ထွန်းချင်လို့ပါ"
"ဗိုလ်ချုပ်ချန်က တကယ်ကို ကြည်ညိုစိတ်ရှိတာပဲ" ရှောက်ယွီကျင်က အရင်ဝင်သွားသည်။
ချန်ဆန်းရှီသည် ပင်မဆောင်ပြင်ပသို့ ရောက်ရှိလာပြီး၊ ဝတ်ပြုသူများ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော ခရမ်းရောင် စွမ်းအင်အငွေ့အသက်များမှာ အမွှေးတိုင်အိုးအတွင်းသို့ စုပ်ယူခံနေရကာ ခရမ်းရောင်အငွေ့များက ဆွဲဆောင်မှုရှိစွာ ရစ်ဝဲနေသည်ကို နောက်တစ်ကြိမ် ထပ်မံ တွေ့မြင်လိုက်ရလေတော့သည်။