← Chapters

အခန်း (၁၇၉)

Vol. 17 Ch. 179

အခန်း (၁၇၉)

Vol. 17 Ch. 179

📝အပိုင်း - ၁၇၉

ဘာသာပြန် - Na Gar🐉

"အဲဒါကြောင့် ငါဟာငယ်စဉ်ကလေးဘဝကတည်းက ဆရာ့နောက်ကို လိုက်လာခဲ့တာ။ အကြီးဆုံးသခင်လေးထက်တောင် စောပြီး ဆွန်မိသားစုဆီ ရောက်ခဲ့တာပါ"

"ငါ့ဆရာကို ငါ့ရဲ့ ဖခင်အရင်းလိုပဲ တကယ် သဘောထားခဲ့တယ်"

"ဒါပေမဲ့ ဆရာက အိုမင်းလာပြီ..."

"အဲဒီနောက်မှာတော့ အကြီးဆုံးတပည့်၊ အစ်ကိုကြီးတစ်ယောက်အနေနဲ့

ဆွန်မိသားစုရဲ့ ကြီးမားတဲ့ တာဝန်တွေကို ငါ ပုခုံးထမ်းရတော့မယ်။ ဒါကြောင့် ငါ မဖြစ်မနေ လုပ်ဆောင်ရမယ့် အရာအချို့ ရှိလာခဲ့တယ်"

"အစ်ကိုကြီး ပြောတာ မှန်ပါတယ်"

အကြောင်းစုံကို အပြည့်အစုံ မသိသေးတဲ့ ချန်ဆန်းရှီဟာ ဘာမှတ်ချက်မှ မပေးဘဲ နေလိုက်တာက အမှားနည်းမယ်လို့ ယူဆပြီး နားထောင်ရုံသာ နားထောင်နေလိုက်တယ်။

လူကျီက သူ့အတွက် ဝိုင်ကို ကိုယ်တိုင်ငှဲ့ပေးပြီးနောက် လှည့်မေးလိုက်တယ်။ "ညီငယ်... မင်းဟာ ဆရာ့ရဲ့ နောက်ဆုံး တပည့်ရင်း ဖြစ်သွားပြီဆိုတာ သိလား"

ချန်ဆန်းရှီက "ဒါဟာ ကျွန်တော့်အတွက်တော့ ကြီးမားလှတဲ့ ဂုဏ်သရေပါပဲ" လို့ ပြန်ဖြေလိုက်တယ်။

"ဆရာက ဒီအရွယ်အထိ ရောက်နေပြီဖြစ်တာတောင် တပည့်တစ်ယောက်ကို ထပ်ပြီး လက်ခံခဲ့တယ်ဆိုတော့ သေချာပေါက်..."

လူကျီက ဟင်းပွဲတွေကို လှမ်းနှိုက်ရင်း မထူးခြားသလိုနဲ့ ဆက်မေးတယ်။ "ဆရာ လက်ဆင့်ကမ်းချင်တဲ့ လျှို့ဝှက်ကျင့်စဉ်တစ်ခုခု ရှိနေလို့လား"

ပရိယာယ်တွေ ပေါ်လာပြီ..

အစပိုင်းမှာ အခက်အခဲတွေအကြောင်း ပြောပြပြီး သံယောဇဉ်တွေ ပြခဲ့တာဟာ ဒီမေးခွန်းအတွက် ကြိုတင်ပြင်ဆင်မှုသက်သက်ပဲ ဖြစ်မယ်လို့ ချန်ဆန်းရှီ ရိပ်မိလိုက်တယ်။

ချန်ဆန်းရှီဟာ တစ်ခုခုတော့ ထူးဆန်းနေတယ်လို့ ခံစားမိတယ်။ ဆရာနဲ့ စတုတ္ထအစ်ကိုကြီးက မသေမျိုးကျင့်စဉ်အကြောင်းကို စတုတ္ထမြောက် လူတစ်ယောက်ကို လုံးဝ မသိစေနဲ့လို့ သတိပေးခဲ့တယ်။ အဲဒီထဲမှာ လူကျီလည်း ပါဝင်နေတာ သေချာတယ်။ ဒါပေမဲ့ အစ်ကိုကြီး လူကျီဟာ ဆရာ့ရဲ့ သားရင်းလိုတောင် ဖြစ်နေတာကို ဘာလို့ နှစ်ပေါင်း (၃၀) ကျော်ကြာတဲ့အထိ ဒီကျင့်စဥ်ပညာကို လက်ဆင့်မကမ်းခဲ့တာလဲ ဆိုတာကတော့ စဉ်းစားစရာပါပဲ။

"ဆရာက ကျွန်တော့်ကို အများကြီး သင်ပေးပါတယ်"

ချန်ဆန်းရှီက နံရံဘေးက ကုလားထိုင်ပေါ်မှာ တင်ထားတဲ့ ထုပ်ပိုးကြီးကို လက်ညှိုးညွှန်ပြရင်း "လျှို့ဝှက်ကျမ်းပေါင်း တစ်ရာကျော်ပဲ တစ်ခုချင်းစီက အဖိုးမဖြတ်နိုင်အောင် တန်ဖိုးရှိတာတွေပါ" လို့ ဆိုတယ်။

"အိုး.."

လူကျီက အထုပ်ကို တစ်ချက်ကြည့်ပြီးနောက် ဘာမှမပြောဘဲ ဝိုင်ကိုသာ ဆက်သောက်နေတယ်။

"အစ်ကိုကြီး... ကျွန်တော့်အတွက် တစ်ချက်လောက် ကြည့်ပေးလို့ ရမလား"

ချန်ဆန်းရှီက ကမ်းလှမ်းလိုက်တယ် "အစ်ကိုကြီးက စစ်နတ်ဘုရားအဆင့် ဖြစ်နေပြီဆိုတော့ ကျွန်တော့်ကို လမ်းညွှန်ပေးနိုင်မှာပါ"

"ကောင်းပြီ... ကောင်းပြီ... ညီငယ်လေးက ပြောမှတော့ ငါလည်း မငြင်းတော့ပါဘူး"

လူကျီက ဝိုင်ခွက်ကို ချလိုက်ပြီး ထုပ်ပိုးကို ဖွင့်ကြည့်တယ်။ အချိန်အနည်းငယ် ကြာလာတာနဲ့အမျှ သူ့မျက်လုံးထဲက မျှော်လင့်ချက်တွေဟာ မှေးမှိန်သွားပြီး စိတ်ပျက်ရိပ်တွေ ထင်ဟပ်လာတယ်။ နောက်ဆုံးမှာတော့ သူ သက်ပြင်းတစ်ချက်ချလိုက်ပြီး "ညီငယ်လေး... ဒီလက်ဝှေ့ကျင့်စဉ်က ငါလည်း လေ့ကျင့်ခဲ့ဖူးတာပဲ။ ဒါရဲ့ အဓိက သော့ချက်ကတော့..."

သူဟာ ကျင့်စဉ်ကျမ်း (၁၀) စောင်ကျော်လောက်ရဲ့ သဘောတရားတွေကို အကျဉ်းချုပ် ရှင်းပြပေးလိုက်တယ်။

ချန်ဆန်းရှီက လက်သီးစုပ်ပြီး "လမ်းညွှန်ပေးတာ ကျေးဇူးတင်ပါတယ် အစ်ကိုကြီး" လို့ ဆိုတယ်။

"အင်း"

လူကျီက စာအုပ်ကို ဖြည်းဖြည်းချင်း ချလိုက်ရင်း "ငါ့မှာ စစ်ရေးတာဝန်တွေ ရှိသေးလို့ အကြာကြီး မနေနိုင်တော့ဘူး နားလည်ပေးပါ" လို့ ပြောပြီး အခန်းထဲကနေ ဘေးတိုက်တိုးကာ ထွက်သွားတော့တယ်။

"ညီငယ်... နောက်မှ ဆုံကြတာပေါ့"

တတိယအစ်ကိုကြီး နယဲ့ယွမ်လည်း နောက်ကနေ အမြန်လိုက်သွားတယ်။

အနည်းငယ် ဝေးရာသို့ ရောက်သောအခါ နယဲ့ယွမ်က မေးလိုက်တယ်။ "အစ်ကိုကြီး... ဘယ်လိုလဲ"

"ဘာမှ မရှိဘူး"

လူကျီက ခေါင်းခါပြတယ် "အဲဒီကျမ်းတွေက တပည့်ရင်း တစ်ယောက်ဆိုရင် ဘယ်သူမဆို လေ့ကျင့်ခွင့်ရှိတဲ့ ပုံမှန်ကျမ်းတွေပဲ"

"ဒါဆိုရင်..."

နယဲ့ယွမ်က တွေးတောရင်း "ဆရာက တပည့်ရင်းအသစ် လက်ခံလိုက်တာဟာ လူအာရုံလွဲအောင် လုပ်တာလား၊ တကယ်တော့ မသေမျိုးကျင့်စဉ်ကို ပေးဖို့ ရည်ရွယ်ချက် မရှိဘူးလား"

"အခုမှ စဝင်တာလည်း ဖြစ်နိုင်တာပဲ"

လူကျီက ခြေလှမ်းကျဲကျဲနဲ့ လျှောက်ရင်း "ဘယ်သူက ပထမဆုံးနေ့မှာပဲ အရေးကြီးဆုံး လျှို့ဝှက်ချက်တွေကို ပေးမှာလဲ၊ စောင့်ကြည့်ရဦးမှာပဲ"

"ဒါဆိုရင် အစ်ကိုကြီး... ကျွန်တော် သူ့ကို စောင့်ကြည့်ပေးဖို့ လိုမလား၊ တစ်နေရာရာမှာ ဝှက်ထားတာမျိုး ဖြစ်နိုင်မလား"

"အင်း..."

...

"တကယ်ကိုပဲ... လူဆိုတာ သတိထားရမှာပဲ"

ချန်ဆန်းရှီဟာ တစ်ယောက်တည်း ကျန်ခဲ့ချိန်မှာ ပြန်ထိုင်လိုက်မိတယ်။ ညီညွတ်ခြင်းလှံသိုင်း ကို အပြင်ကို ပေါက်ကြားအောင် လုပ်ခဲ့တာဟာ အစ်ကိုကြီး လူကျီ ဖြစ်ဖို့ များနေပြီ။

"မောင်လေးရေ.."

သူ စဉ်းစားနေတုန်းမှာပဲ မွှေးပျံ့တဲ့ ရနံ့တစ်ခုနဲ့အတူ "အစ်မကြီးကို အိမ်ပြန်ပို့ပေးဦး" ဆိုတဲ့ အသံ ထွက်လာတယ်။

"အစ်မကြီး... ကျွန်တော် အစေခံတစ်ယောက် ခေါ်ပေးပါ့မယ်"

ချန်ဆန်းရှီက သူ့ကိုယ်ပေါ်ကို လာထိနေတဲ့ လက်တွေကို အသာဖယ်ပြီး သူ့ပစ္စည်းတွေကို သိမ်းကာ အခန်းထဲက ထွက်ခဲ့တယ်။

"ညီငယ်... စိတ်ထဲမထားပါနဲ့"

ဖန်ချင်းယွမ်ဟာ ဝှီးချဲပေါ်မှာ ထိုင်ရင်း လရောင်ကို ကြည့်ရင်း စောင့်နေတယ် "နဝမမြောက် ညီမလေးက မင်းကို စတာပါ သူက အမြဲတမ်း အဲဒီလိုပဲ"

"ကျွန်တော် သိပါတယ်"

ချန်ဆန်းရှီက မထူးခြားသလို ပြောလိုက်တယ် "အစ်ကိုကြီးတို့ အစ်မကြီးတို့က တော်တော်လေး ငယ်ကြသေးတာပဲ"

ဆွန်ဒူရှန်ဟာ အသက် (၉၀) ကျော်နေပြီဖြစ်ပေမဲ့ လူကျီအပါအဝင် သူ့တပည့်တွေက အသက် (၄၀) ဝန်းကျင်တွေသာ ရှိကြသေးတာကို သူ တွေးမိတယ်။

"ဆရာက တပည့်နောက်ကျမှ စလက်ခံလို့ပါ"

ဖန်ချင်းယွမ်က ရှင်းပြတယ် "စစ်တပ်အစပိုင်းမှာ ဆရာ့ရဲ့ စီနီယာတွေနဲ့အတူ စုဆောင်းခဲ့တာ။ နောက်တော့ စီနီယာတွေ သေကုန်ကြပြီး ညီအစ်ကိုတွေ ဖြစ်လာတယ် အဲဒီနောက်တော့ မျိုးဆက်သစ်တွေပေါ့။ ဆရာ အသက် ၆၀ ရောက်တော့မှ တပည့်ရင်း စတင်လက်ခံခဲ့တာ"

"ဆွန်ပုချီလည်း အပါအဝင်ပေါ့ ဆရာဟာ ဘဝရဲ့ ပထမတစ်ဝက်မှာ သိုင်းပညာနဲ့ စစ်ရေးအောင်မြင်မှုတွေနောက်ကိုပဲ အရူးအမူး လိုက်ခဲ့တာ။ အသက် ၆၀ ကျော်မှ သားသမီးရဖို့ စဉ်းစားခဲ့ပြီး ကလေး (၅) ယောက် ထွန်းကားခဲ့တာ။ အခုတော့ ဆွန်ပုချီနဲ့ ဆွန်လီ နှစ်ယောက်ပဲ ကျန်တော့တယ်"

"အသက် ၆၀ မှ အိမ်ထောင်ပြုတာလား"

ချန်ဆန်းရှီဟာ မယုံနိုင်အောင် ဖြစ်သွားတယ်။ သိုင်းသမားတွေဟာ ကျန်းမာသန်စွမ်းကြလို့ အဲဒီအရွယ်ဟာ ပြဿနာမဟုတ်ပေမဲ့ အသက် ၆၀ အထိ စိတ်ကို ထိန်းထားနိုင်တာဟာ တကယ့်ကို ထူးခြားတဲ့သူ ဖြစ်ရပါမယ်။

"ငါ ဒီမှာ စောင့်နေတာက မင်းကို ပြောစရာ ရှိလို့ပါ။ နောက်နှစ်ရက်နေရင် ငါနဲ့ ဆရာ မြို့တော်ကို ခရီးထွက်ကြတော့မယ်"

ဖန်ချင်းယွမ်က ဆက်ပြောတယ် "စစ်တပ်ကို တိုးချဲ့ဖို့ဆိုတာ လျှောက်လွှာတင်ရုံနဲ့ မရဘူး။ ဆရာကိုယ်တိုင် ဧကရာဇ်မင်းမြတ်ကို သွားတွေ့ပြီး နားချရမယ်"

ချန်ဆန်းရှီ နားလည်လိုက်တယ်။ စစ်သည် ၁ သိန်းခွဲ ဆိုတဲ့ ပမာဏဟာ အလွန်ကြီးမားတဲ့အတွက် ဧကရာဇ်တစ်ယောက်တည်း ဆုံးဖြတ်လို့ မရဘဲ နယ်ပယ်ပေါင်းစုံကနေ ဆွေးနွေးရမှာ ဖြစ်ပါတယ်။

"ကျန်တဲ့သူတွေကလည်း သူတို့ရဲ့ တပ်စခန်းအသီးသီးကို ပြန်ရတော့မယ်"

ဖန်ချင်းယွမ်က ဆိုတယ် "အစ်ကိုကြီးနဲ့ အစ်ကိုသုံးကတော့ လျန်ကျိုးမှာ ရှိနေလိမ့်မယ်။ ဒါပေမဲ့... နဝမမြောက် ညီမလေးလည်း မင်းအနီးအနားမှာ ရှိနေမှာပါ။ သူက ယုံကြည်ရတဲ့သူမို့လို့ တစ်ခုခု အကူအညီလိုရင် သူ့ဆီ သွားလိုက်ပါ"

"ဘယ်တော့ ပြန်လာမှာလဲ"

"ခြောက်လလား၊ တစ်နှစ်လားအဲဒါထက် ပိုကြာရင်လည်း ကြာနိုင်တယ်။ အလုပ်ကိစ္စပြီးမှ ပြန်လာကြမှာပါ"

ဖန်ချင်းယွမ်က ခန့်မှန်းပြတယ် "မြို့ထဲမှာလည်း မိစ္စာဂိုဏ်းက အနှောင့်အယှက် ပေးနေတုန်းပဲဆိုတော့ သတိထားပါ"

"မိစ္စာဂိုဏ်း..."

ချန်ဆန်းရှီက မေးလိုက်တယ် "အစ်ကိုကြီး... အဲဒီလူတွေ ဘယ်မှာ ပုန်းနေလဲဆိုတာ ကျွန်တော်တို့ တကယ်ပဲ ရှာလို့မရဘူးလား"

"အဲဒါက တော်တော် ထူးဆန်းတယ်"

ဖန်ချင်းယွမ်က ခေါင်းခါတယ် "မြို့စောင့်တပ်ကတော့ ဆက်ပြီး စုံစမ်းနေဦးမှာပဲ။ မင်းတို့ ကင်းထောက်တပ်ကလည်း ပါဝင်ရလိမ့်မယ်။ အဲဒီဂိုဏ်းသားတွေ ရှိတဲ့နေရာကို ရှာတွေ့တဲ့သူဟာ ကြီးမားတဲ့ ကုသိုလ်တစ်ခု ရမှာပဲ"

"ဒါဆိုရင် အစ်ကိုကြီး... နောက်မှ ဆုံကြတာပေါ့"

"နောက်မှ ဆုံကြမယ်"

ချန်ဆန်းရှီဟာ လက်သီးစုပ်နှုတ်ဆက်ပြီးနောက် ပစ္စည်းအထုပ်အပိုးတွေနဲ့အတူ မြို့တော်ဝန်အိမ်တော်ကနေ ထွက်လာခဲ့တယ်။ သူ အိမ်ပြန်ရောက်တဲ့အချိန်မှာတော့ သန်းခေါင်ကျော်နေပြီ ဖြစ်ပါတယ်။

All Chapters