← Chapters

အခန်း (၄၃၆-၄၃၈)

Vol. 30 Ch. 436-438

အခန်း (၄၃၆-၄၃၈)

Vol. 30 Ch. 436-438

အပိုင်း ( 436 )

လူသားဧကရာဇ် အမွေဆက်ခံမှု၊ ကြေးဝါစီရင်ချက် ၂

အားကောင်းပြီး ကြောက်မက်ဖွယ်ကောင်းသည့် ဖိအားတစ်ခု ပေါက်ထွက်လာခဲ့သည်။

ရှုကျိုး၏ ခွန်အား တိုးတက်လာသည်နှင့်အမျှ လူသားဧကရာဇ် စည်းတံဆိပ်၏ စွမ်းအားမှာလည်း လိုက်ပါ၍ အားကောင်းလာခဲ့သည်၊ ယခုလက်ရှိ သူ၏စွမ်းအားနှင့်ဆိုပါက ၎င်း၏ စွမ်းအားသည် ယခင်ကထပ် အဆပေါင်းများစွာသာလွန်နေခဲ့ပြီ ဖြစ်သည်။

သို့ရာ၌ ဤအချိန်တွင် ရှုကျိုးသည် ထိုကိစ္စများကို တွေးတောစဥ်းစားမနေဘဲ သူ့ဘေးနားရှိ ဓားမြှောင်ကိုသာ အာရုံစိုက်နေခဲ့သည်။

လူသားဧကရာဇ် စည်းတံဆိပ်ပေါ်လာခဲ့ပြီ ဖြစ်သော်လည်း၊ မထင်မှတ်ထားစွာဖြင့် ဓားမြှောင်ထံမှ မည်သည့်တုံ့ပြန်မှုမှ မရရှိခဲ့ပေ။

“ အဲ့တာများ …… “

ရှုကျိုး၏ စိတ်နှလုံးသား လှုပ်ခတ်သွားကာ၊ သူ၏ချီ-သွေးစွမ်းအင်များကို ဓားမြှောင်ထဲသို့ ပို့ဆောင်လိုက်သည်။

“ ဗွီ “

ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် ဓားမြှောင်ထံမှ အလင်းတန်းတစ်ခု ပေါ်ထွက်လာခဲ့သည်။

တောက်ပသော အလင်းတန်းအတွင်းတွင် ရှေးဟောင်းရုန်းများ ရွေ့လျားနေခဲ့သည်။ တစ်ချိန်တည်းမှာပင် ဧရာမ ရှေးဟောင်းသားရဲကြီးများ ပေါ်လာခဲ့ပြီး၊ ၎င်းတို့သည် အဆိုပါရုန်းများကို ဦးညွှတ်ပူဇော်နေလျက်ရှိသည်။

သို့သော် အဆိုပါ ရုန်းများသည် မြူထု၏ ဝိုင်းရံခြင်းကို ခံထားရပုံရပြီး၊ မကြည်လင် မရှင်းမလင်း ဖြစ်နေခဲ့သည်။

ထိုစဥ် လူသားဧကရာဇ် စည်းတံဆိပ်သည် ဆွဲအား တစ်ခုခုကြောင့် ဆွဲငင်ခံရသကဲ့သို့ ရုတ်တရက် တုန်ခါလာခဲ့ပြီး၊ ဓားမြှောင်ဆီသို့ ပျံသန်းလာခဲ့သည်။

“ ဝုန်းးး “

လူသားဧကရာဇ် စည်းတံဆိပ်သည် ဓားမြှောင်နှင့် တိုက်မိသွားကာ ကျယ်လောင်သော ပေါက်ကွဲသံတစ်ခုကို ထုတ်လွှတ်လာခဲ့သည်။

တစ်ချိန်တည်းမှာပင် စူးရှသော အဖြူရောင် အလင်းတန်း ပေါ်ထွက်လာခဲ့သည်။

ချက်ချင်းဆိုသလိုပင် ရှုကျိုး၏ အသိစိတ်သည် အမှောင်ထုထဲသို့ ရောက်ရှိသွားခဲ့သည်။

…

မျက်လုံးများ ပြန်ဖွင့်လာခဲ့သည့်အချိန်တွင် ရှုကျိုးသည် ယခင်က မြင်တွေ့ခဲ့ဖူးသည့် လူသားဧကရာဇ်က သူ့အရှေ့တွင် ရှိနေသည်ကို မြင်တွေ့သွားခဲ့သည်။

သို့ရာတွင် ယခုမြင်တွေ့နေရသည့် လူသားဧကရာဇ်ကမူ ဒဏ်ရာအပြင်းအထန် ရရှိထားပြီး၊ ရင်ဘတ်ပေါ်တွင် ကြောက်မက်ဖွယ် ဒဏ်ရာတစ်ခု ရှိနေကာ အနက်ရောင် မြူထုကို ထုတ်လွှင့်နေသဖြင့် ထူးဆန်းသော ခံစားချက်တစ်ခုကို ပေးစွမ်းနေလျက်ရှိသည်။

သူ၏ပုံရိပ်က မြင့်မားနေသော်လည်း ဒူးထောက်ကျနေခဲ့သည်၊ သို့သော် ဒဏ်ရာမှ ထွက်ပေါ်နေသည့် အနက်ရောင်မြူထုသည် ဤနေရာကို ညစ်နွမ်းစေပြီး၊ ဆိုးယုတ်သောအငွေ့အသက်များကို ဖြစ်ပေါ်သွားစေခဲ့သည်။

လူသားဧကရာဇ်ကို ထိုကဲ့သို့ မြင်တွေ့လိုက်ရသောအခါတွင် ရှုကျိုး ကျောချမ်းသွားတော့သည်။

လူသားဧကရာဇ်သည် သူ့ကို မော့ကြည့်လာခဲ့ပြီး၊ စိတ်ရှုပ်ထွေးသွားပုံရသည်။

ရှုကျိုးသည် လက်သီးဆုပ်၍ အရိုအသေပေးလိုက်သည် “ ကျွန်တော်က လူသားဧကရာဇ် စည်းတံဆိပ်ရဲ့ အမွေဆက်ခံမှုကို ဆက်လက်ခံယူဖို့ ရောက်လာခဲ့တာပါ “

“ အမွေဆက်ခံမှု …… “

လူသားဧကရာဇ်သည် ရှေးဟောင်းနတ်ဘုရားတစ်ပါးက တီးတိုးပြောဆိုနေသကဲ့သို့ ရေရွတ်ပြောဆိုနေတော့သည်။

တစ်ခဏခန့် အကြာတွင် တစ်စုံတစ်ခုကို မှတ်မိသွားပုံရပြီး၊ သူ၏ လက်ညှိုးကို ဖြည်းညှင်းစွာ မြှောက်လာခဲ့သည် “ သွား “

ရွှေရောင်အလင်းတန်းသည် သူ့လက်ချောင်းထိပ်မှ ထွက်လာခဲ့ပြီး၊ ရွှေရောင်မြစ်တစ်စင်းအဖြစ် ပြောင်းလဲသွားကာ၊ ရှုကျိုး၏စိတ်ထဲသို့ တိုးဝင်လာခဲ့သည်။

ချက်ချင်းဆိုသလိုပင် ရှုကျိုး၏ စိတ်မှာ တုန်ခါသွားခဲ့သည်။

သူ၏ အသိစိတ်က ဤနေရာမှ မပျောက်ကွယ်သွားခင် အချိန်တွင် ရှုကျိုးသည် လူသားဧကရာဇ်၏ တိုးညှင်းစွာပြောဆိုမှုကို ကြားလိုက်ရသည် “ ကမ္ဘာ့ကြယ်ကိုသွား …….. အမွေအနှစ်ကို ဆက်ရှာပါ “

…

ဗွီ

ရှုကျိုးသည် စိတ်ရှုပ်ထွေးနေသော အမူအရာဖြင့် လက်တွေ့ဘဝထဲသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။

တစ်ခဏခန့် အကြာတွင် များပြားလွန်းလှသော သတင်းအချက်အလက်လှိုင်းလုံးကြီးသည် သူ၏စိတ်ထဲသို့ တိုးဝင်လာခဲ့သည်။

ရှုကျိုးသည် သူ့ခေါင်းတွင် ဖြစ်ပေါ်နေသည့် နာကျင်မှုကိုပင် ဂရုမစိုက်နိုင်ဘဲ အပျော်လွန်သွားခဲ့သည်။

“ လူသားဧကရာဇ်ရဲ့ အမွေဆက်ခံမှု တကယ်ဖြစ်နေတာပဲ “

ယခု၌ သူသည် လူသားဧကရာဇ် စည်းတံဆိပ်အပေါ်တွင် ရှိနေသည့် သူ၏နားလည်မှုကိာ ပိုမိုနက်ရှိုင်းလာပြီဆိုသည်ကို ခံစားနေနိုင်ခဲ့သည်။

ထို့အပြင် ယခင်က မပြည့်မစုံ ဖြစ်နေခဲ့သည့် အမွေဆက်ခံမှုမှာလည်း ယခုတွင် ပို၍ပြည့်စုံလာခဲ့သည်။

ပို၍အရေးကြီးသော အရာမှာ အစပိုင်းတွင် လူသားဧကရာဇ် စည်းတံဆိပ်မှာ စည်းတံဆိပ် နည်းစနစ်တစ်ခုသာ ဖြစ်နေပုံရသော်လည်း၊ ယခုတွင် အမွေဆက်ခံမှုကို ဆက်လက်ပြုလုပ်နေရသောကြောင့် ပို၍အရေးကြီးသော အရာတစ်ခုခု ထပ်ရှိနေပုံရခြင်းပင် ဖြစ်သည်။

“ ဒီဓားမြှောင်က လူသားဧကရာဇ်စည်းတံဆိပ်နဲ့ ဆက်စပ်နေလိမ့်မယ်လို့ ဘယ်သူက ထင်ထားမိမှာလဲ “

ရှုကျိုးသည် ဓားမြှောင်ကို ကောက်ယူကာ တအံ့တဩဖြစ်နေလျက်ရှိသည်။

အစပိုင်းတွင် သူသည် စမ်းကြည့်လိုက်ရုံသာဖြစ်သည်၊ သို့သော် အမှန်တကယ် အောင်မြင်သွားခဲ့သည်၊ သူ၏ကံတရားမှာ အမှန်ပင် ထူးခြားနေပုံရသည်။

ဤဓားမြှောင်သည် လူသားဧကရာဇ်နှင့် ဆက်နွယ်မှုတစ်ခု ရှိနေခဲ့ပြီး၊ ၎င်းသည် သူ၏လက်နက်ပင် ဖြစ်နေနိုင်ပေသည်။

အကယ်၍ ၎င်းက သူ၏လက်နက် မဟုတ်ဘူးဆိုလျှင်တောင်မှ ၎င်းသည် အရေးကြီးသော တစ်စုံတစ်ခုကို သယ်ဆောင်ထားစဲဖြစ်သည်။

ထို့ကဲ့သို့ မဟုတ်ဘူးဆိုပါက လူသားဧကရာဇ်သည် မည်သည့်အတွက်ကြောင့် အမွေအနှစ်ဆက်ခံမှုကို ဤဓားမြှောင်ထဲတွင် ချန်ရစ်ထားခဲ့မည်နည်း

အရေးအကြီးဆုံး အရာမှာ ရှုကျိုးသည် ဤဓားမြှောင်နှင့် လူသားဧကရာဇ် စည်းတံဆိပ်ကို ပေါင်းစပ်အသုံးပြုမည်ဆိုပါက ကြောက်မက်ဖွယ် စွမ်းအား ထုတ်လွှတ်နိုင်ကြောင်းကို သင်ယူခဲ့ရခြင်းပင် ဖြစ်သည်။

“ ကြေးဝါဓား “

ရှုကျိုးသည် ဓား၏အမည်ကို အမှတ်ရသွားကာ ဇဝေဇဝါဖြစ်သွားခဲ့သည်။

လူသားဧကရာဇ်က ဘာလို့ ဒီနာမည်ကြီး ပေးခဲ့ရတာလဲဟ ဘာကိုဆိုလိုတာလဲ

“ လူသားဧကရာဇ် စည်းတံဆိပ်ရဲ့ ပုံစံအသစ်က ဘယ်လောက်တောင် စွမ်းနေမလဲဆိုတာကို ကြည့်လိုက်ကြတာပေါ့ကွာ “

ရှုကျိုးသည် ၎င်းကို သိရရန် အလွန်စိတ်အားထက်သန်သွားခဲ့သည်။

“ ဝှစ် “

ထို့နောက် စက္ကန့်ပိုင်းမျှ အကြာတွင် သူသည် စံအိမ်ထဲမှ ပျောက်ကွယ်သွားတော့သည်။

…

စက္ကန့်ပိုင်းမျှအကြာတွင် သူသည် ကွမ်ဟန်တက္ကသိုလ် အပြင်ဘက်ရှိ မြေပြန့်တောင်တန်းတစ်ခုတွင် ပြန်ပေါ်လာခဲ့သည်။

ရှုကျိုးမှ စည်းတံဆိပ်တစ်ခုကို ရေးဆွဲလိုက်ရာ၊ ရွှေရောင် စည်းတံဆိပ်တစ်ခု ဖြစ်တည်လာခဲ့သည်။

၎င်းသည် ယခင်ကဟာနှင့် တူနေပုံရသည်၊ သို့သော် နဂါးချီသုံးခုအစား နဂါးချီ ခုနစ်ခုသည် စည်းတံဆိပ်ကို ဝိုင်းရံနေခဲ့သည်။

တစ်ချိန်တည်းမှာပင် ယခင်ကထပ် အဆင့်ပေါင်းများစွာ ကျော်လွန်နေသည့် ဖိအားသည် စည်းတံဆိပ်ထံမှ ပေါ်ထွက်နေခဲ့သည်။

“ ဝူးးးးး “

အဆိုပါ ဖိအားသည် အပြင်ဘက်သို့ ပျံ့လွင့်သွားခဲ့သည်၊ မိုင်ရာနှင့်ချီသော ဧရိယာတစ်ဝိုက်ရှိ သတ္တဝါအားလုံးသည် ဒူးထောက်ကာ လေးစားမှုများ ပြသလာကြသည်။

၎င်းကို မြင်တွေ့လိုက်ရသောအခါတွင် ရှုကျိုးသည် အံ့ဩတကြီး ဖြစ်သွားခဲ့သည်။

ယခင်က လူသားဧကရာဇ် စည်းတံဆိပ်သည် ၎င်း၏နယ်မြေထဲတွင် ရှိနေသည့် အရာအားလုံးကို ဖိနှိပ်နေနိုင်ခဲ့သည်၊ သို့သော် ယခုတွင်ကား ၎င်းသည် ပို၍ အားကောင်းလာခဲ့သည်။

“ မပြီးသေးဘူး “

ရှုကျိုးသည် လက်ကိုဝေ့ယမ်းကာ ကြေးဝါဓားကို လူသားဧကရာဇ် စည်းတံဆိပ်ထံသို့ တိုက်ရိုက်ပျံသန်းသွားစေလိုက်သည်။

“ ဇွီ “

မထင်မှတ်ထားစွာဖြင့် ကြေးဝါဓားနှင့် လူသားဧကရာဇ် စည်းတံဆိပ်ထံတွင် မည်သည့်တွန်းကန်မှုမှ မဖြစ်ပေါ်လာခဲ့ဘဲ ချောမွေ့စွာ ပေါင်းစည်းသွားခဲ့သည်။

“ ဆွစ်ရှ် “

ချက်ချင်းဆိုသလိုပင် ရွှေရောင်အလင်းတန်းတစ်ခုသည် ကောင်းကင်ထက်သို့ ထောင်တက်လာခဲ့ပြီး၊ ဧရာမ ဓားကြီးတစ်လက်အဖြစ် ပြောင်းလဲသွားကာ တိမ်သားတိမ်စိုင်များကို ထိုးဖောက်သွားခဲ့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ၎င်းသည် တစ်ကီလိုမီတာ ရှည်လျားကာ မီတာ ၁၀၀ကျော် ကျယ်ဝန်းသည့် ခမ်းနားထည်းဝါသော ဓားတစ်လက်အဖြစ် ပြောင်းလဲသွားပြီး၊ ကောင်းကင်ဘုံနှင့် ကမ္ဘာမြေကြားတွင် အခိုင်အမာ ရပ်တည်ကာ သမုဒ္ဒရာကဲ့သို့ အားကောင်းလွန်းလှသည့် အရှိန်အဝါတစ်ခုကို ထုတ်လွှင့်နေခဲ့သည်။

၎င်းသည် လူသားဧကရာဇ် စည်းတံဆိပ်ဖြင့် အဆင့်မြှင့်တင်ထားသည့် ကြေးဝါဓားဖြစ်သည်။

တစ်ချိန်တည်းမှာပင် ၎င်းသည် ရှုကျိုး အမွေဆက်ခံထားသည့် လူသားဧကရာဇ် စည်းတံဆိပ် စွမ်းရည်များအနက် အစွမ်းအထက်ဆုံးနှင့် လွှမ်းမိုးမှုအရှိဆုံး နည်းစနစ်ဖြစ်သည်။

ကြေးဝါဓား ဆင်းသက်လျှင် အရာအားလုံး မျိုးပြုတ်မည်။

“ လာ “

လက်ကို အသာအယာ ဖိချလိုက်ရာ၊ ကြီးမားသော ကြေးဝါဓားသည် ကြောက်မက်ဖွယ် အားများဖြင့် မြေပြင်ပေါ်သို့ ထိုးဆင်းသွားတော့သည်။

“ ဘုမ်းးး “

ဧရာမ ဓားကြီးသည် ကမ္ဘာမြေနဲ့ တိုက်မိသွားကာ ကျယ်လောင်သော ပေါက်ကွဲသံကြီး ပေါ်ထွက်လာခဲ့သည်။

ဘုမ်း ဝုန်းးး ဘုမ်းးး ….

မီတာတစ်ရာစီမြင့်မားသည့် တောင်ထိပ်ငါးခုသည် ကြောက်မက်ဖွယ်ကောင်းသည့် တုန်ခါမှုလှိုင်းလုံးကြောင့် ထက်ဝက်ကွဲသွားခဲ့ကာ ဖုန်မှုန့်များအဖြစ် ဖျက်စီးခံလိုက်ရသည်။

တောင်ထိပ်ငါးခုစလုံးသည် အမြင့်တူညီလုနီးပါး ဖြစ်သွားခဲ့သည်။

ထို့အပြင် ဆယ်မိုင်အတွင်းရှိ မြေပြင်တွင် အက်ကွဲကြောင်းအမျိုးမျိုးဖြင့် ပြည့်နှက်နေလျက်ရှိပြီး၊ အဆိုးဝါးဆုံးမှာ မီတာ ၁၀၀နက်သည့် ကြီးမားသော အက်ကွဲကြောင်းကြီးပင် ဖြစ်သည်။

အဆိုပါ ဓားချက်သည် ဆယ်မိုင်အတွင်းရှိ ဂေဟစနစ်ကို ဖျက်ဆီးလုနီးပါး ဖြစ်သွားခဲ့သည်။

ကံကောင်းထောက်မစွာဖြင့် ဤနေရာသည် လူသူကင်းမဲ့သည့် နေရာတစ်ခု ဖြစ်နေခဲ့သည်၊ ထိုကဲ့သို့ မဟုတ်ဘူးဆိုပါက ရှုကျိုးသည် ဤကဲ့သို့သော အဖျက်စွမ်းအားမျိုးကို ထုတ်လွှတ်ရဲမည် မဟုတ်ပေ။

“ တော်တော်ကြီးကို စွမ်းတာပဲ “

အံ့ဖွယ်ကောင်းသည့် မြင်ကွင်းကို ကြည့်ရှုနေရင်းဖြင့် ရှုကျိုးသည် အလွန်တရာ စိတ်လှုပ်ရှားသွားခဲ့သည်။

၎င်းသည် လူသားဧကရာဇ် စည်းတံဆိပ်၏ အစွမ်းအထက်ဆုံး တိုက်ကွက် - ကြေးဝါစီရင်ချက်ဖြစ်သည်။

“ လူသားဧကရာဇ် စည်းတံဆိပ်ရဲ့ တကယ့်စွမ်းအားက သူ့ကိုယ်သူပေါ်မှာ မူတည်နေတာ မဟုတ်ဘူး၊ လူသားဧကရာဇ်ရဲ့ ပစ္စည်းတွေနဲ့ ပေါင်းစပ်အသုံးပြုလိုက်မှ ကြီးမားတဲ့ စွမ်းအားကို ထုတ်လွှတ်နိုင်တာ “

ဤတစ်ကြိမ် အမွေဆက်ခံမှုမှတစ်ဆင့် ရှုကျိုးသည် လူသားဧကရာဇ် စည်းတံဆိပ်၏ အစစ်အမှန် အသုံးဝင်မှုကို နားလည်သွားခဲ့သည်။

ကံဆိုးစွာဖြင့် သူသည် ကြေးဝါဓားကိုသာလျှင် ရရှိထားခဲ့သည်။

“ ဒါပင်မဲ့ ဒီတစ်ခါ ငါရခဲ့တဲ့ အမွေဆက်ခံမှုကလည်း မပြည့်စုံသေးဘူး “

ရှုကျိုးအတွေးနက်သွားတော့သည် “ မှတ်ဉာဏ်တွေအရဆိုရင် တကယ့်လူသားဧကရာဇ် စည်းတံဆိပ်က အခုငါလုပ်နေနိုင်တာထပ် ပိုပြီးတော့ အံ့ဩဖို့ကောင်းတယ် “

၎င်းကို တွေးတောနေရင်းဖြင့် သူသည် လူသားဧကရာဇ်၏ နောက်ဆုံးစကားကို ပြန်လည်အမှတ်ရသွားခဲ့သည် “ ကမ္ဘာ့ကြယ်ကို သွားပြီးတော့ အမွေအနှစ်ကို ဆက်ယူရမှာလား “

ကမ္ဘာ့ကြယ်ပေါ်တွင်လည်း လူသားဧကရာဇ်၏ အမွေအနှစ် တစ်စိတ်တစ်ပိုင်း ရှိနေခဲ့သည်။

လူသားဧကရာဇ်က ကမ္ဘာ့ကြယ်ပေါ်ကို ရောက်ဖူးတဲ့ပုံပဲ၊ လူသားဧကရာဇ်က ကမ္ဘာ့ကြယ်မှာ သေသွားတာများလား

ရှုကျိုးသည် ယခင်က မြင်တွေ့ခဲ့ရသည့် လူသားဧကရာဇ်၏ ဒဏ်ရာအပြင်းအထန် ရရှိထားပြီး၊ အမှောင်ထုဖြင့် ညစ်နွမ်းနေသည့် ဆိုးရွားသော အခြေအနေကို ပြန်လည်အမှတ်ရသွားခဲ့သည်။

လူသားဧကရာဇ်ကဲ့သို့သော အစွမ်းထက် တည်ရှိမှုတစ်ခုကပင် ထိုမျှ ဆိုးရွားပြင်းသော ဒဏ်ရာများကို ရရှိသွားခဲ့ပြီး၊ သူ၏သေခြင်း ရှင်ခြင်းမှာလည်း မရှင်းမလင်း ဖြစ်နေခဲ့သည်။

ရန်သူမှာ အလွန်တရာ အစွမ်းထက်နေခဲ့သည်။

“ လူသားဧကရာဇ်ရဲ့ ကိစ္စတွေကို ကောင်းကောင်းမှတ်တမ်းတင်ထားတာတွေ မရှိဘူး “ ရှုကျိုးမှ တွေးတောစဥ်းစားနေတော့သည်။

မကြာသေးခင်အချိန်ကမှ သူသည် အမွေဆက်ခံမှုကို ရှာဖွေရန်အတွက် ရှေးဟောင်းစာပေ၊ မှတ်တမ်းများကို လေ့လာဖတ်ရှုထားခဲ့သည်။

အဆိုပါစာများတွင် လူသားဧကရာဇ်၏ အကြောင်းက မပါသလောက်နီးပါး ဖြစ်နေခဲ့ပြီး၊ သူ၏တည်ရှိုမှုကို အတည်မပြုနိုင်ခဲ့ဘဲ တစ်ချို့သော ယုံကြည်ဖွယ်ရာမရှိသည့် ဒဏ္ဍာရီများနှင့်သာ ရောစပ်ပါဝင်နေခဲ့သည်။

သို့သော် အဆိုပါ မှတ်တမ်းများသည် လူသားဧကရာဇ်က အမှန်တကယ် မတည်ရှိဘူးဟုသာ တစ်ညီတစ်ညာတည်း ပြောဆိုထားကြသည်။

တစ်နည်းဆိုရသော် သူသေဆုံးသွားခြင်း(သို့) ပျောက်ကွယ်သွားခြင်းတို့ ဖြစ်နိုင်ပေသည်။

“ တကယ်လို့ လူသားဧကရာဇ်သာ သေသွားပြီဆိုရင် အဲ့ကိစ္စက အမှောင်နယ်မြေနဲ့ ဆိုင်ကိုဆိုင်နေလိမ့်မယ် “ ရှုကျိုးမှန်းဆလိုက်သည်။

မကြာခင်မှာပင် သူသည် ဦးခေါင်းကို ခါရမ်းနေတော့သည်။

အဆိုပါ ကိစ္စများသည် ယခုလက်ရှိသူနှင့် အတော်လေး အလှမ်းဝေးနေသေးသည့် ကိစ္စများဖြစ်သည်။

ကမ္ဘာ့ကြယ်တွင် အမွေအနှစ်သွားရှာရန် အတွက်မှာလည်း အတော်လေး အလှမ်းဝေးနေသေးသည်။ ယခုလက်ရှိ သူ၏ခွန်အားဖြင့်ဆိုပါက ကမ္ဘာ့ကြယ်ကို မဆိုထားနှင့်၊ ကွမ်ဟန်စစ်မြေပြင်တွင် အသက်ရှင်ရန်အတွက်ပင် ရုန်းကန်နေရဦးမည် ဖြစ်သည်။

၎င်းမှာ သေကြောင်းကြံနေခြင်းသာ ဖြစ်နေမည်ဖြစ်သည်။

“ ဒါပင်မဲ့ အခုလက်ရှိ ငါ့စွမ်းအားနဲ့ဆိုရင် ဒီလူသားဧကရာဇ် စည်းတံဆိပ်က တော်တော်လေးကို လုံလောက်နေပါပြီ “ ရှုကျိုးမှာ ပြုံးနေတော့လေသည်။

ဤတစ်ကြိမ် အမွေဆက်ခံမှုမှာလည်း မပြည့်မစုံသာ ဖြစ်နေခဲ့သည်၊ သို့သော် စွမ်းအားကမူ အနည်းဆုံးအနေဖြင့် သုံးဆမှ ငါးဆအထိ မြင့်တက်သွားခဲ့သည်။

အထူးသဖြင့် ကြေးဝါစီရင်ချက်ဖြစ်ပြီး၊ ၎င်းသည် သူ၏ အစွမ်းအထက်ဆုံး ဝှက်ဖဲတစ်ခုဖြစ်လာမည် ဖြစ်သည်။

ပဥ္စမအဆင့် ရန်သူများနှင့် ရင်ဆိုင်ရမည်ဆိုလျှင်တောင်မှ သူသည် ထိုတိုက်ကွက်ကို အသုံးပြုကာ ထိုလူများနှင့် ရင်ဆိုင်နိုင်မည် ဖြစ်သည်။

…………………………………………………………………………………………………………………………………………

အပိုင်း ( 437 )

အလယ်အလတ် စတုတ္ထအဆင့်

နိုင်ငံတော်အဆင့် ဖလှယ်မှု ပြိုင်ပွဲမှာ နိဂုံးချုပ်သွားခဲ့ပြီ ဖြစ်ပြီး၊ ပြိုင်ပွဲ၏ သက်ရောက်မှုမှာလည်း အလွန်မြန်ဆန်သော အမြန်နှုန်းဖြင့် နိုင်ငံတစ်ဝှမ်းလုံးအထိ ပျံ့နှံ့သွားကာ တစ်ခြားနိုင်ငံများအထိပင် ရောက်ရှိသွားခဲ့သည်။

ထိုကဲ့သို့သော ပြိုင်ပွဲမျိုးကို အမြဲလိုလို လျစ်လျူရှုထားခဲ့သည့် လူငယ်ပါရမီရှင်များမှာလည်း ၎င်းကို အာရုံစိုက်လာကြသည်။

အဘယ့်ကြောင့်ဆိုသော် ဤတစ်ကြိမ် ပြိုင်ပွဲတွင် လူငယ် မွန်းစတား ပါရမီရှင်တစ်ဦး ပေါ်ထွက်လာသောကြောင့် ဖြစ်သည်။

သူသည် အစောပိုင်း စတုတ္ထအဆင့်ဖြင့် နတ်စွမ်းရည်နှစ်မျိုးကို ကျင့်ကြံနိုင်ခဲ့သည်။

ထိုဖြစ်ရပ်၏ အကျိုးသက်ရောက်မှုသည် အလွန်မြန်ဆန်စွာ ကြီးထွားလာခဲ့ပြီး၊ နိုင်ငံတော်အဆင့် ခေါင်းစဥ်တစ်ခုအဖြစ်ပင် ပြောင်းလဲသွားခဲ့သည်။

ထိုအကြောင်းကို ကြားလိုက်ရသောအခါတွင် သိုင်းပညာတက္ကသိုလ်များမှ ရှုကျိုးကို သိရှိထားသည့် တစ်ချို့သော ပါရမီရှင်များကပင် အလွန်တရာ မှင်သက်သွားကြသည်။

သူတို့သည် ရှုကျိုးက အစွမ်းထက်သည်ဆိုသည်ကို သိထားကြသည်။

ဒါပင်မဲ့ ပြီးခဲ့တဲ့လပိုင်းလောက်တုန်းကမှ သူက ပထမအဆင့်နဲ့ ဒုတိယအဆင့်ပြိုင်ပွဲတွေမှာ ဝင်ပြိုင်ထားတာ မဟုတ်ဘူးလားဟ

လပိုင်းလေးအတွင်းမှာပဲ စတုတ္ထအဆင့်နယ်ပယ်ကို ရောက်လာပြီးတော့ တစ်ခါတည်း ပြိုင်ဘက်ကင်းသွားပြီလားဟ

…

အရှေ့ပိုင်းပြည်နယ်၏ အခန်းတစ်ခုအတွင်း၌

အလင်းမျက်နှာပြင်တစ်ခုသည် အစက်အပြောက်များ ရှိနေသည့် နံရံတစ်ခုပေါ်တွင် ပေါ်လာခဲ့သည်။

အလင်းမျက်နှာပြင်ပေါ်တွင် ရှေးဟောင်းရုန်းများကဲ့သို့ ဖြစ်နေသည့် အမည်များ တစ်ခုပြီးတစ်ခု ပေါ်ထွက်လာခဲ့သည်။

အကယ်၍ လူတစ်ဦးဦးကသာ ဤနေရာတွင် ရှိနေမည်ဆိုပါက အဆိုပါအမည်များမှာ အမျိုးမျိုးသော သိုင်းပညာ တက္ကသိုလ်များမှ အထူးချွန်အထက်မြက်ဆုံး ဖြစ်သည့် လူငယ်ပါရမီရှင်များဖြစ်ပြီး၊ အမည်တစ်ခုစီ၏ ဘေးတွင် သက်ဆိုင်ရာ ဈေးနှုန်းများ ရှိနေသည်ကို သိရှိသွားမည်ဖြစ်သည်။

အမည်အားလုံး ပေါ်လာသည့်အချိန်တွင် စာရင်းဇယားသည် ရုတ်တရက် လှုပ်ခါသွားခဲ့သည်။

၎င်း၏ ထိပ်ဆုံးနေရာတွင် အနီရောင် စကားလုံးကြီးဖြင့် ချယ်မှုန်းထားသည့် အမည်တစ်ခု ရုတ်တရက် ပေါ်ပေါက်လာခဲ့သည်။

[ ဆုလာဘ်စာရင်း၏ ထိပ်ဆုံး ]

[ ကွမ်ဟန်သိုင်းပညာ တက္ကသိုလ် - ရှုကျိုး - စတုတ္ထအဆင့် ] သတ်ဖြတ်ခြင်းအတွက် ဆုလာဘ် : နဂါးအကြေးခွံမြက်သုံးပင်၊ ကောင်းကင်ဘုံ ကံကြမ္မာ နတ်ဆေးလုံး

( ပဥ္စမအဆင့် အထွတ်အထိပ် (သို့) ထို့အထက်မှ လူများသာ ဤမစ်ရှင်ကို ယူသင့်သည် )

…

“ နဂါးအကြေးခွံမြက်နဲ့ ကောင်းကင်ဘုံ ကံကြမ္မာဆေးလုံးတွေ တကယ်ကြီး ပေးနေတာပဲဟ “

မှိန်ဖျော့ဖျော့ မြေအောက်အခန်းအတွင်းတွင် လောဘတကြီးဖြစ်နေသည့် မျက်ဝန်းတစ်စုံ တောက်ပလာခဲ့သည်။

အဆင့်၅ အထွတ်အထိပ်ကို ရောက်လာပြီးကတည်းက ဒီနေရာမှာပဲ ပိတ်ဆို့နေတာ အတော်လေး ကြာနေခဲ့ပြီ၊ ဘာတိုးတက်မှုမှ မရှိခဲ့လို့ လနတ်ဘုရားဂိုဏ်းရဲ့ ဌာနချုပ်ကနေတောင် ထွက်ခွာခဲ့ရတယ် “

“ တကယ်လို့ ငါကသာ အဲ့ပစ္စည်းနှစ်ခုကို ရနိုင်မယ်ဆိုရင် နတ်ဆေးလုံး ဖွဲ့စည်းပြီးတော့ အဆင့်၆ကို တက်သွားနိုင်ဖို့ ၇၀%အထိ အခွင့်အရေးရှိတယ်။ အဲ့တာဆိုရင် ဌာနချုပ်ကိုလည်း ပြန်သွားလို့ရပြီ “

“ ရှုကျိုး ……… ဒီကောင်လေးရဲ့ အသက်ကို ငါယူမယ် “

မျက်ဝန်းတစ်စုံသည် ဖြည်းဖြည်းချင်း မှိတ်သွားခဲ့သည်၊ သို့သော် ၎င်းထံတွင် အားကောင်းလွန်းလှသည့် သတ်ဖြတ်လိုစိတ်များ ရှိနေခဲ့သည်။

…

ခမ်းနားသော ခန်းမတစ်ခုအတွင်း၌

အနီရောင် ဝတ်စုံကို ဝတ်ဆင်ထားသည့် အလွန်လှပသော အမျိုးသမီးတစ်ဦး မတ်တပ်ရပ်နေလျက်ရှိပြီး၊ သူမ၏ အသွင်အပြင်သည် တစ်နိုင်ငံလုံးကိုပင် မှင်သက်သွားစေလောက်သည်။

သူမသည် သူမလက်ထဲတွင် ရှိနေသည့် စာကို ပြာအဖြစ် မီးရှို့လိုက်သည်၊ သူမ၏ တောက်ပသော မျက်ဝန်းတစ်စုံသည် နတ်ဆိုးတစ်ကောင်၏ မျက်လုံးများကဲ့သို့ ဖြစ်နေခဲ့သည်။

“ နဂါးအကြေးခွံမြက်နဲ့ ကောင်းကင်ဘုံ ကံကြမ္မာ နတ်ဆေးလုံးလား “

လှပသည့် အနီဝတ် အမျိုးသမီးမှ ရေရွတ်ပြောဆိုနေတော့သည် “ အဲ့တာတွေက အဆင့်၆ကို ရောက်သွားစေမဲ့ အစွမ်းဆုံး ရတနာတွေပဲ ……….. မဟာပညာရှင်/ဂရန်းမာစတာ တစ်ယောက်က ဒီလိုပစ္စည်းမျိုးတွေနဲ့ ကမ်းလှမ်းလာလိမ့်မယ်လို့ ငါမထင်ထားခဲ့မိဘူး။ ကြီးမားတဲ့ စွန့်လွှတ်မှုတစ်ခုပဲ “

ဆဌမအဆင့်သည် အမြင့်ပိုင်းအဆင့်သို့ ရောက်ရှိအောင် ကျော်ဖြတ်ရမည့် နောက်ဆုံးသော အတားအဆီးတစ်ခုဖြစ်သည်။ ၎င်းတွင် လူမည်မျှ ပိတ်ဆို့နေလဲဆိုသည်ကို မည်သူမှ သိနိုင်လိမ့်မည် မဟုတ်ပေ။

အဆိုပါ အတားအဆီးကို မချိုးဖျက်နိုင်ဘူးဆိုပါက တစ်သက်လုံး ထိုအတိုင်းသာ နေသွားရမည် ဖြစ်သည်။

နဂါးအကြေးခွံမြက်နှင့် ကောင်းကင်ဘုံ ကံကြမ္မာ နတ်ဆေးလုံးတို့သည် သဘာဝအလျောက် သန့်စင်သည့် ပစ္စည်းများဖြစ်သည်၊ အထူးသဖြင့် နတ်ဆေးလုံးဖြစ်ပြီး၊ ၎င်းသည် နှစ်တစ်ထောင် သက်တမ်းရှိသည့် ကောင်းကင်ဘုံ ကံကြမ္မာမြက်ကို အသုံးပြု၍ သန့်စင်ရသော ဆေးတစ်လုံးဖြစ်သည်။

ကြယ်ပြာဂြိုဟ်ပေါ်ရှိ နိုင်ငံအမျိုးမျိုး၏ အဆင့်မြင့်ပညာရှင်များကပင် ၎င်းကို မပိုင်ဆိုင်ထားဘဲ၊ လနတ်ဘုရားဂိုဏ်းတစ်ခုတည်းကသာလျှင် ၎င်းကို ပိုင်ဆိုင်ထားခဲ့သည်။

ထိုပစ္စည်းနှစ်ခုနှင့်ဆိုပါက ဆဌမအဆင့်ကို ရောက်ရှိနိုင်မည့် အခွင့်အရေးသည် အနည်းဆုံးအနေဖြင့် ၄၀%အထိ မြင့်တက်လာမည် ဖြစ်သည်။

“ မောင်ငယ်လေး၊ နင့်ကိုတွေ့ရဖို့ မမ မစောင့်နိုင်တော့ဘူး “

လှပသော အမျိုးသမီးသည် သူ၏နူးညံ့သော လျှာဖြင့် နှုတ်ခမ်းပါးလေးများကို သပ်ကာ သူမ၏မျက်လုံးများတွင်လည်း မျှော်လင့်ချက်များဖြင့် ပြည့်နှက်သွားခဲ့သည်။

…

ရန်ပြည်ထောင်၏ ဌာနတစ်ခုအတွင်း၌

ကြမ်းပြင်မှ မျက်နှာကျက်အထိ မြင့်မားသော ပြတင်းပေါက်ရှေ့တွင် ရပ်နေသည့် အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားသည့် အမျိုးသားတစ်ဦးသည် သူ့လက်အတွင်းရှိ စာကို ဖျက်ဆီးလိုက်သည်။

သူ၏မျက်လုံးများထဲတွင် ရုန်းကန်မှု အရိပ်အငွေ့များ တည်ရှိနေခဲ့သည်။

သို့ရာတွင် အဆိုပါ ရုန်းကျန်မှုများသည် လုံးဝပျောက်ကွယ်သွားခဲ့ပြီး၊ ဆုံးဖြတ်ချက်ခိုင်မာသွားသည့် အကြည့်များက အစားထိုး ဝင်ရောက်လာခဲ့သည်။

တစ်ခဏခန့် အကြာတွင် ထိုလူသည် ဖုန်းကို ထုတ်ယူ၍ နံပါတ်တစ်ခုကို နှိပ်ကာ ညွှန်ကြားနေတော့သည် “ အဲ့ကလေးရဲ့ တည်နေရာကို စစ်ဆေးကြည့်လိုက် “

…

ရှုကျိုးကမူ သူက ဆုကြေးအထုတ်ခံထားရပြီဆိုသည်ကို မသိချေ။

သို့ရာတွင် ဤပြိုင်ပွဲပြီးဆုံးသွားခဲ့သည့်နောက်တွင် ကြွက်တစ်ချို့က သူ့အား သေချာပေါက်မျက်စိကျလာမည်ဟု သူသံသယဝင်နေသည်မှာ အတော်ကြာနေခဲ့ပြီ ဖြစ်သည်။

ထို့ကြောင့်သာလျှင် သူက နတ်စွမ်းရည်နှစ်ခုတည်းကိုသာ ချပြခဲ့ခြင်းဖြစ်သည်။

လနတ်ဘုရား ဂိုဏ်းခွဲ ဝိုင်းရံခြင်းမစ်ရှင် ပြီးဆုံးသွားခဲ့သည့် အချိန်ကတည်းက ရှုကျိုးသည် ဘာကိုပင် လုပ်နေပါစေ ဝှက်ဖဲတစ်ခုတော့ ချန်ထားရမည်ဆိုသည်ကို သင်ယူခဲ့ရသည်။

ထိုနည်းလမ်းဖြင့်ဆိုပါက သေခြင်းရှင်ခြင်း အကြပ်အတည်းများကို ရင်ဆိုင်ရမည်ဆိုလျှင်တောင်မှ သူသည် သူ၏အသက်ကို ကောင်းစွာကာကွယ်နိုင်မည် ဖြစ်သည်။

လျူချင်းယွမ်နှင့် ရှန့်ဝမ်ချန်းတို့က သူ့အား တစ်ခဏခန့် ကာကွယ်နိုင်မည်ဖြစ်သော်လည်း၊ တစ်သက်လုံး ကာကွယ်ပေးနိုင်လိမ့်မည် မဟုတ်ပေ။

ထို့အပြင် သူစွမ်းအားကြီးလာသည်နှင့်အမျှ လျူချင်းယွမ်ကပင် သူ၏ပြဿနာများကို ဖြေရှင်းပေးနိုင်တော့မည် မဟုတ်ပေ။

ယခု၌ ရှုကျိုးသည် ကျောင်းဝန်းအတွင်းသို့ ပြန်၍ရောက်ရှိနေပြီ ဖြစ်သည်။

စံအိမ်သို့ မရောက်ခင် အချိန်မှာပင် သူ့ထံသို့ ချင်ဖုန်းရောက်ရှိလာခဲ့သည်။

“ ဟေး၊ ကောင်စုတ်လေး “

ချင်ဖုန်းသည် သူ့ကိုထိုး၍ ပြောလာခဲ့သည် “ မင်းက ဘာမှ မပြောဘဲနဲ့ ဒီလောက်အထိတောင် သန်မာနေပြီပေါ့ “

ရှုကျိုးသည် သူ့ကို ပြုံးပြလိုက်ပြီး၊ တစ်စုံတစ်ခုကို အာရုံခံမိသွားကာ ချင်ဖုန်း၏အနောက်ဘက်သို့ လှမ်းကြည့်လိုက်သည်။

ရှားဟောက်ချန်း၊ ရှားရှီယောက်၊ ကျန်းလန်၊ ချန်းရှင်နှင့် ရင်းနှီးသည့် တစ်ခြားလူများပါ ရောက်ရှိလာကြခြင်း ဖြစ်သည်။

“ စီနီယာ အစ်မ “ ရှုကျိုးသည် ချန်းရှင်ကို ခေါင်းငြိမ့်ပြလိုက်သည်။

ချန်းရှင်သည် နူးညံ့သော အကြည့်ဖြင့် ခေါင်းပြန်ငြိမ့်ပြလာခဲ့သည်။

“ ရန်ပြည်ထောင်ရဲ့ ထိပ်သီးပညာရှင်တစ်ယောက် ဖြစ်လာတဲ့အတွက် ဂုဏ်ယူပါတယ်၊ ရှုကျိုး “

ရှားဟောက်ချန်မှ အရင်ဦးဆုံး စကားပြောလာခဲ့သည် “ ငါတို့အားလုံးက မင်းရဲ့ပွဲကို စောင့်ကြည့်ခဲ့တယ်၊ တကယ်ကြီးကို ပြိုင်ဘက်ကင်းတဲ့ သူရဲကောင်းပဲဟ “

ထိုကဲ့သို့သော နိုင်ငံတော်အဆင့် ပြိုင်ပွဲကို တိုက်ရိုက်ထုတ်လွှင့်လေ့ရှိသောကြောင့် ကွင်းထဲတွင် မရှိခဲ့ရသော်လည်း လူများသည် ပြိုင်ပွဲတစ်ခုလုံးကို ကြည့်ရှုနေနိုင်စဲပင် ဖြစ်သည်။

ရှုကျိုးသည် သူ၏ဦးခေါင်းကို ခါရမ်းပြလိုက်သည် “ ငါက လူအိုကြီးတစ်စုကို အနိုင်ကျင့်နေရုံလေးပါပဲကွာ “

လူတစ်စုသည် ကူရာကယ်ရာမဲ့စွာဖြင့် ခေါင်းခါရမ်းနေတော့သည်၊ သူတို့အားလုံးသည် ရှုကျိုး၏ နှိမ့်ချတတ်သည့် စိတ်ထားကို သိရှိထားပြီးသား ဖြစ်သည်။

တစ်ဖက်ရှိ ရှားရှီယောက်မှာလည်း ကြယ်များကဲ့သို့ တလက်လက်တောက်ပနေသည့် မျက်လုံးများဖြင့် စကားဝင်ပြောလာခဲ့သည် “ အစ်ကိုရှုကျိုး၊ နတ်စွမ်းရည်တွေကို ဘယ်လိုလေ့ကျင့်လိုက်တာလဲဟင်၊ အဲ့တာတွေက တော်တော်မိုက်တယ်၊ ကျွန်မလည်း အဲ့တာတွေကို လိုချင်တယ် “

“ မင်းအဆင့်၄ကို ရောက်ရင် ငါသင်ပေးမယ်လေ “ ဟုရှုကျိုးမှ ပြောလိုက်သည်။

“ တကယ်လား ကျေးဇူးအများကြီးတင်ပါတယ် …… အစ်ကိုရှုကျိုး၊ နင်က အရမ်းကြင်နာတာပဲ “ ရှားရှီယောက်သည် ချက်ချင်း ပျော်ရွှင်သွားခဲ့ပြီး၊ မသိစိတ်အရ ရှုကျိုး၏ လက်မောင်းကို ဖက်ချင်သွားခဲ့သည်၊ သို့သော် မသင့်တော်ဘူးဟု တွေးမိသွားကာ ထိုအတွေးကို ချိုးနှိမ်လိုက်ပြီး၊ ကျေးဇူးတင်စိတ်ဖြင့် အရိုအသေပြုလာခဲ့သည်။

သူမဘေးနားရှိ ကျန်းလန်ကမူ စကားပြောရန် တွေဝေတုံ့ဆိုင်းနေခဲ့သည်၊ သူမ၏မျက်လုံးများထဲတွင် လေးစားမှု အရိပ်အငွေ့များ တည်ရှိနေသော်လည်း ၎င်းတို့သည် တိတ်တဆိတ် မှိန်ဖျော့သွားခဲ့ပြန်လေသည်။

………………………………………………………………………………………………………………………………………

အပိုင်း ( 438 )

အလယ်အလတ် စတုတ္ထအဆင့် ၂

သူမနှင့် ရှုကျိုးကြားထဲတွင် ရင်းနှီးပတ်သတ်မှုများ မရှိခဲ့ပေ၊ ကျောင်းကျိုးတွင် ရှိခဲ့စဥ်အချိန်က သူမသည် အဆိုပါ အခွင့်အရေးကို မဖမ်းဆုပ်နိုင်ခဲ့ပေ။

ယခုတွင်ကား ရှုကျိုးသည် ရန်ပြည်ထောင်၏ ထိပ်သီးပညာရှင်တစ်ဦး ဖြစ်လာခဲ့ပြီဖြစ်ကာ သူမနှင့် အတော်ပင် အလှမ်းဝေးနေခဲ့ပြီ ဖြစ်သည်။

သူမသည် သူ့ကို စကားပြောရန် ကြိုးစားရုံဖြင့်ပင် ရှက်ရွံ့မှုကို ခံစားနေခဲ့ရသည်။

ရှုကျိုးသည် တစ်ခြားလူများက် ငေးမောကြည့်ရှုကာ စကားဆက်ပြောလာခဲ့သည် “ ငါတို့အားလုံးက အစစ်အမှန် သိုင်းပညာဌာနရဲ့ လူတွေချည်းပါပဲ။ အဆင့်၄ကို ရောက်တဲ့အချိန်ကျရင် ငါ့ဆီကို လာခဲ့လို့ရတယ်။ နတ်စွမ်းရည် ဖွဲ့စည်းတဲ့နေရာမှာ မင်းတို့ အကိုးအကားပြုနိုင်ဖို့အတွက် အကြံဉာဏ်ပေးမယ် “

အဆုံးတွင် သူသည် ကျန်းလန်ကို ကြည့်လိုက်သည် “ မင်းရောပဲ “

ကျန်းလန်သည် အနည်းငယ် ပျော်ရွှင်သွားခဲ့ကာ ရှက်ရွံ့မှုကြောင့် ခေါင်းငုံ့၍ ပြန်ပြောလာခဲ့သည် “ ကျေး ….. ကျေးဇူးတင်ပါတယ် “

သူမသည် စိတ်ထဲတွင် ပို၍ပင် နောင်တရသွားခဲ့သည်။

အကယ်၍ ထိုအချိန်က သူမကသာ မာနကြီးမနေခဲ့ဘူးဆိုပါက ယခုသူနှင့် ရင်ဆိုင်ရသောအခါတွင် ဤကဲ့သို့ ရှက်နေရလိမ့်မည် မဟုတ်ပေ။

“ ဂျူနီယာညီလေးက တကယ် သဘောထားကြီးတာပဲ “ ချင်ဖုန်းသည် ရှုကျိုးကို ဖက်ကာ ပြုံးနေတော့သည်။

ရှုကျိုးမှ အပြုံးဖြင့် ထပ်ပြောလာခဲ့သည် “ မင်းတို့အားလုံး ပြန်ပြီးတော့ လေ့ကျင့်နေသင့်တယ်၊ အလယ်အလတ်အဆင့်ကို တတ်နိုင်သမျှ အမြန်ဆုံးရောက်လာအောင် ကြိုးစားကြ။ အထူးသဖြင့် မင်းပဲ၊ စီနီယာအစ်ကိုကြီး၊ မင်းက အဆင့်၃မှာပဲ ပိတ်မိနေတဲ့အချိန်မှာ ငါက အဆင့်၇ကို မရောက်သွားစေနဲ့ဦး “

“ မင်းက ပေါက်ကရတွေ လျှောက်ပြောနေတာပဲ၊ အဲ့တာက မဖြစ်နိုင်ဘူး “

ချင်ဖုန်၏ မျက်နှာသည် ချက်ချင်း နီရဲသွားကာ ပြန်လည်ချေပလာခဲ့သည် “ စောင့်နေလိုက်၊ ဒီနေ့ပဲ အဆင့်တက်ပြီးတော့ သုံးရက်လောက် မမြင်ခဲ့ရတဲ့လူတစ်ယောက်ရဲ့ ပြောင်းလဲမှုက ဘာကိုဆိုလိုတာလဲဆိုတာကို ပြမယ် “

ထိုစကားနှင့်အတူ သူလှည့်ထွက်သွားတော့သည်။

“ တာ့တာ၊ အစ်ကိုရှုကျိုး “ ရှားရှီယောက်သည် သူမ၏လက်လေးကို ဝေ့ယမ်းကာ သူမ အစ်ကိုနောက်သို့ ပြေးလိုက်သွားတော့သည်။

ကျန်းလန်ထွက်သွားခဲ့သည့်နောက်တွင် ရှုကျိုးသည် ချန်းရှင်ကို လှည့်ကြည့်လိုက်သည် “ စီနီယာအစ်မ၊ ကိစ္စတစ်ခုခု ရှိလို့လား “

ချန်းရှင်သည် ခေါင်းငြိမ့်ပြလာခဲ့ကာ ရှေ့တိုး၍ စကားပြောလာခဲ့သည် “ ဂျူနီယာမောင်လေး၊ နင်က ဒီပြိုင်ပွဲမှာ တော်တော်ကြီးကို တောက်ပနေခဲ့တယ်။ ခဏလောက် သိုသိုသိပ်သိပ် နေနေသင့်တယ်၊ ကျောင်းထဲမှာပဲနေ အပြင်လျှောက်မသွားနဲ့ “

“ လနတ်ဘုရားဂိုဏ်းက ကျွန်တော့်ကို လာရှာမှာကို စိုးရိမ်နေတာလား “ ရှုကျိုးမှ မေးမြန်းလိုက်သည်။

ချန်းရှင်သည် အသာအယာ ခေါင်းငြိမ့်ပြကာ လေသံတိုးတိုးလေးဖြင့် စကားပြောလာခဲ့သည် “ ငါ့အသက် ၁၂နှစ်တုန်းက ငါ့အစ်ကိုက အဲ့ပြိုင်ပွဲမှာ ဝင်ပြိုင်ပြီးတော့ ပထမရခဲ့တယ်။ ပြီးတော့ ဘာမှလည်းမကြာဘူး လနတ်ဘုရားဂိုဏ်းက ဖမ်းတာကို ခံလိုက်ရတယ် “

ရှုကျိုးသည် တစ်ခဏခန့် ငြိမ်သက်သွားကာ ချန်းရှင်၏အတိတ်ကို ပြန်၍ အမှတ်ရသွားတော့သည် ………. ငယ်ငယ်ရွယ်ရွယ်ဖြင့် မိဘများ ဆုံးရှုံးခဲ့ရပြီး၊ သူမကို ပျိုးထောင်ပေးခဲ့သည့် အစ်ကိုဖြစ်သူမှာလည်း ပျောက်ဆုံးသွားခဲ့ပြီး၊ သေသလား ရှင်သလားပင် မသိရတော့ချေ။

ထိုဖြစ်ရပ်အားလုံးသည် လနတ်ဘုရားဂိုဏ်းနှင့် သက်ဆိုင်နေခဲ့သည်။

လနတ်ဘုရားဂိုဏ်း၊ ကြယ်ပြာဂြိုဟ်ပေါ်ရှိ အကြီးမားဆုံး အမှောင်အဖွဲ့အစည်းသည် ယဇ်ပူဇော်မှုများပြုလုပ်ရုံတင် မဟုတ်ဘဲ၊ ထူးချွန်သော ပါရမီရှင် လူငယ်များကိုပါ ပစ်မှတ်ထား လုပ်ကြံသတ်ဖြတ်ခဲ့ကြသည်။

အဘယ့်ကြောင့်ဆိုသော် အဆိုပါ ပါရမီရှင်များ ကြီးပျင်းလာသည့် အချိန်တွင် သူတို့က လနတ်ဘုရားဂိုဏ်းအတွက် ပြဿနာကြီးတစ်ခု ဖြစ်လာမည် ဖြစ်သောကြောင့် ဖြစ်သည်။

အကယ်၍ သူတို့ကို ဘက်ပြောင်းလာအောင် လုပ်ဆောင်နိုင်ခြင်း မရှိဘူးဆိုပါက၊ ထိုကဲ့သို့သော ပါရမီရှင်များကို ကြိုတင်ဖယ်ရှားထားကြမည် ဖြစ်သည်။

ရှုကျိုးမှာလည်း ဆုကြေးထုတ်ခံထားရပြီ ဖြစ်သည်။

“ စိတ်မပူပါနဲ့ “ ရှုကျိုးမှ အပြုံးဖြင့် ပြောလိုက်သည် “ ကျွန်တော်က အဆင့်၄ ပညာရှင်တစ်ယောက်ပဲ ရှိပါသေးတယ်။ ကျွန်တော့်အထက်မှာ အဆင့်၅နဲ့ အဆင့်၆ ပါရမီရှင်တွေ တစ်ပုံကြီးရှိပါတယ်။ တကယ်လို့ ကျွန်တော်က ဆုကြေးအထုတ်ခံထားရမယ် ဆိုရင်တောင်မှ ထိပ်ဆုံးနေရာမှာ မရှိလောက်ပါဘူး “

ချန်းရှင်မှ ခေါင်းငြိမ့်ပြလာခဲ့သည် “ ဘာပဲဖြစ်ဖြစ်လေ၊ ဂရုစိုက်နော် “

ယခုလက်ရှိ အချိန်၌ ရှုကျိုးသည် အစစ်အမှန် သိုင်းပညာဌာန၏ အစွမ်းအထက်ဆုံး ကျောင်းသားဖြစ်နေပြီဖြစ်သောကြောင့် သူမသည် အကူအညီ များစွာမပေးနိုင်တော့ပေ။

“ ဂရုစိုက်ပါ့မယ် “ ရှုကျိုးမှ ခေါင်းငြိမ့်ပြလိုက်သည်။

…

စံအိမ်သို့ ပြန်ရောက်လာခဲ့ပြီးသည့်နောက်တွင် ရှုကျိုးသည် တင်ပျဥ်ခွေထိုင်နေတော့လေသည်။

“ ငါ့ရဲ့နယ်ပယ် တိုးတက်ဖို့ အာရုံစိုက်ရမယ်၊ အဆင့်၅ကို တတ်နိုင်သမျှ အမြန်ဆုံးရောက်အောင် သွားရမယ် “

ပဥ္စမအဆင့်သို့ ရောက်သွားသည်နှင့်တစ်ပြိုင်နက် သူသည် ဓာတ်ကြီးငါးပါးကို ပေါင်းစည်း၍ နတ်စွမ်းရည်ငါးမျိုးကို ရောစပ်ကာ အစစ်အမှန် ဒြပ်စင်ငါးပါး နတ်နည်းစနစ်ကို အသုံးပြုနိုင်မည် ဖြစ်သည်။

သူသည် ဒဏ္ဍာရီလာ ယင်ယန်နတ်စွမ်းအားကိုပင် ရရှိသွားနိုင်ပေသည်။

ထိုအချိန်တွင် သူ၏စွမ်းအားသည် အံ့ဖွယ်ကောင်းလောက်သည်အထိ မြင့်တက်သွားမည် ဖြစ်သည်။

သို့ရာတွင် ထိုကဲ့သို့ ဖြစ်လာရန်အတွက် ပဥ္စမအဆင့်သို့ ရောက်ရှိရန် လိုအပ်ပေသည်။

ပဥ္စမအဆင့်သို့ ရောက်သွားသည့်နှင့်တစ်ပြိုင်နက် သူသည် ကလီစာငါးခု နတ်သန္ဓေသားကို ကျင့်ကြံနိုင်မည်ဖြစ်ပြီး၊ ဓာတ်ကြီးငါးပါးကို ပေါင်းစပ်နိုင်မည် ဖြစ်သည်။

“ အဆင့်၄ကို ရောက်လာခဲ့ပြီးတဲ့နောက်မှာ အပြင်းအထန်မလေ့ကျင့်ဘဲ ကိုယ်ပွားဆီက ထောက်ပံ့မှုကိုပဲ စောင့်နေရတာကတော့ ကံကောင်းတယ်၊ ငါ့ရဲ့နယ်ပယ်က အလိုအလျောက်ကို တိုးနေပြီ “

ရှုကျိုးသည် အသာအယာ ပြုံးကာ စနစ်၏ မျက်နှာကို ဖွင့်ကြည့်လိုက်သည်။

ကိုယ်ပွား : အထွတ်အထိပ် နဂါးသားရဲ

အဆင့် : ပဥ္စမအဆင့် အဆင့်၆ ( ၈၀% )

အသားတင် အလေးချိန် : ၁၉၄၀၂၈.၅ ကီလိုဂရမ်

စွမ်းရည် : နေ့စဥ် ကီလိုဂရမ် တစ်သောင်း ရရှိခြင်း( အကန့်အသတ် )၊ အရာအားလုံး ဝါးမြိုနိုင်ခြင်း၊ ကိုက်ဖြတ်ဆုတ်ဖြဲခြင်း(ac)၊ ခုန်ဆင်းခြင်း(pas)၊ ဟင်းလင်းပြင်၊ အင်မော်တယ်၊ အသက်ရှုသံ ဖုံးကွယ်ခြင်း၊ သားရဲတစ်သောင်း တုပခြင်း ………

ဆင့်ကဲပြောင်းလဲမှု : အလေးချိန်က မျိုးစိတ်အကန့်အသတ်သို့ ရောက်ရှိသွားသောအခါတွင် ဆင့်ကဲပြောင်းလဲမည်

ကိုယ်ပိုင်ဟင်းလင်းပြင် နေရာလွတ် : ကုဗမီတာ ၁ဘီလီယံ

…

“ ဆယ်ရက်တာ ပြီးသွားတဲ့အချိန်မှာ ကိုယ်ပွားက တစ်ရက်ကို ကီလိုဂရမ် ၁သောင်းအထိ ပုံမှန်ကြီးထွားနေပြီးတော့ အဆင့်၅နယ်ပယ်ရဲ့ ပထမအဆင့်ကနေ ဆဌမအဆင့်အထိ ရောက်သွားပြီ “

“ အဆင့်သေး ငါးဆင့်တိတိ တိုးတက်လာခဲ့တယ် “

ရှုကျိုးသည် အသက်ကို ပြင်းပြင်းရှရှ ရှူသွင်းကာ တွေးတောစဥ်းစားနေတော့သည် “ ကိုယ်ပွားနဲ့ မူလကိုယ်ကြားထဲက ကွာဟချက်က ပိုကြီးလာပြီ …….. ဒါပင်မဲ့ ကိုယ်ပွားဆီက ရတဲ့ ထောက်ပံ့မှုကလည်း ပိုပြီးတော့ အားကောင်းလာတယ် “

ယခုတွင် ကိုယ်ပွားက စားသောက်သည့် အချိန်တိုင်းတွင် မူလကိုယ်မှာလည်း သိသာထင်ရှားသည့် တိုးတက်မှုများကို ရရှိနေခဲ့သည်။

ရှုကျိုးသည် ကိုယ်ပွားက နောက်တစ်နပ်ထပ်စားသည့် အချိန်တွင် သူ၏မူလကိုယ်က အလယ်အလတ် စတုတ္ထအဆင့်သို့ ချောချောမွေ့မွေ့ အဆင့်တက်သွားလိမ့်မည်ဟု ခံစားနေခဲ့ရသည်။

၎င်းကို တွေးမိသွားသောအခါတွင် ရှုကျိုးသည် အနည်းငယ် စိတ်မရှည်နိုင် ဖြစ်လာတော့သည်။

…

မျိုးနွယ်စုတစ်သောင်း တိုက်ပွဲနယ်မြေ၌

မီတာ ၃၀ကျော် မြင့်မားသည့် အထွတ်အထိပ် နဂါးသားရဲကြီးသည် တောင်ငယ်တစ်လုံးကဲ့သို့ မတ်တပ်ရပ်နေခဲ့သည်။

ဂွီ ဂွီ

“ စားဖို့ အချိန်ကျပြီ “

နဂါးသားရဲကြီးမှ ၎င်း၏ ကြီးမားသော လက်ကြီးကို ဝေ့ယမ်းကာ ကိုယ်ပိုင်ဟင်းလင်းပြင် နေရာလွတ်ထဲတွင် ထည့်ထားသည့် နတ်သားရဲအလောင်းတစ်လောင်းကို ထုတ်ယူလိုက်သည်။

အောင်းချန်ရှန်း၊ အောင်းဖီနှင့် တစ်ခြားလူများကို သတ်ဖြတ်ခဲ့ပြီးသည့်နောက်တွင် ၎င်း၏ အစာသိုလှောင်မှုသည် ပေါများကြွယ်ဝနေခဲ့ပြီး၊ ၎င်းတို့ထဲတွင် အဆင့်မြင့် အစစ်အမှန် နတ်သားရဲများပင် ပါဝင်နေခဲ့သည်။

ထို့ကြောင့်ပင် လွန်ခဲ့သော ဆယ်ရက်အတွင်းက အံ့ဖွယ်ကောင်းသော အမြန်နှုန်းဖြင့် တိုးတက်လာခဲ့ခြင်း ဖြစ်သည်။

“ ဒီနေ့တော့ အထွတ်အထိပ် အစစ်အမှန် နတ်သားရဲကောင်ရဲ့ အသားကို နည်းနည်းလောက် မြည်းကြည့်လိုက်တာပေါ့ကွာ “

မူလကိုယ်က အဆင့်တက်ချင်နေသောကြောင့် သူသည် ယနေ့တွင် ဗိုက်ဖောင်းသည်အထိ စားသောက်ရန် ဆုံးဖြတ်ချက်ချလိုက်သည်။

နဂါးသားရဲကြီးသည် အောင်းချန်ရှန်း၏ အသားများကို စတင်၍ စားသောက်နေတော့သည်။

“ ဇွစ် “

၎င်းသည် အသားတုံးကြီးတစ်တုံးကို ဆွဲဖြတ်ကာ အရသာခံနေတော့သည်။

“ ဂျွတ် ဂျွတ် …. အထွတ်အထိပ် အစစ်အမှန် နတ်သားရဲရဲ့ အသားဆိုတာက ဒီဟာလား ကျောက်တုံးကတောင် အဖေခေါ်လောက်တယ်ကွာ၊ မာကျောက်နေတာပဲ “

နဂါးသားရဲကြီးသည် အနည်းငယ် မကျေမနပ်ဖြစ်သွားတော့သည်။

အထွတ်အထိပ် အစစ်အမှန် နတ်သားရဲတစ်ကောင်ရဲ့အသားက အရသာ ရှယ်ရှိသင့်တာ မဟုတ်ဘူးလားဟ

သို့ရာတွင် အောင်းချန်ရှန်း၏ အသားကမူ ခြောက်ကပ်ကပ်ဖြင့် အရာသာကင်းမဲ့နေခဲ့သည်။

ကံကောင်းထောက်မစွာဖြင့် အထွတ်အထိပ် အစစ်အမှန် နတ်သားရဲတစ်ကောင်၏ အသားက အရသာမကောင်းသော်လည်း၊ ၎င်း၏ အာဟာရဓာတ်ကမူ သာမန် အစစ်အမှန် နတ်သားရဲတစ်ကောင်ထပ် များစွာသာလွန်နေခဲ့သည်။

…………………………………………………………………………………………………………………………………………..

All Chapters